ကျော့ဖျင်အန်း လိုအပ်နေသည့် ဆေးလုံး
Vol. 45 Ch. 616
“ မင်းက မိုဝူကျိလား …. ဂုဏ်ထူးဆောင် အဆင့် ၅ ဆေးလုံးဘုရင်လား ” ကျော့ဖျင်အန်းက မိုဝူကျိကို ကြည့်ကာ ပြောလိုက်သည်။ ဟန်လုံနှင့် တာ့ဟွမ်ကိုတော့ မမြင်သကဲ့သို့ ပြုမူထား၏။
မိုဝူကျိက လက်ကို မြှောက်ကာ ကျောက်ထိုင်ခုံနှစ်လုံး ထုတ်လိုက်ပြီး ဟန်လုံအား အရင်ဆုံး ပြောလိုက်သည်
“ ဟန်လုံ …. အရင်ထိုင်လိုက်ဦး …. အိမ်ရှင်က သူ့ဧည့်သည်တွေကို ဖော်ဖော်ရွေရွေ မရှိပေမဲ့ ကျုပ်တို့အနေနဲ့ လိုက်ခံစားနေလို့ မဖြစ်ဘူးလေ ”
“ ကျမ မတ်တတ်ရပ်နေလို့ အဆင်ပြေပါတယ် ” ဟန်လုံက မိုဝူကျိလောက် သတ္တိမရှိချေ။ ကျော့ဖျင်အန်းရှေ့၌ သူမက ဝင်မထိုင်ရဲပေ။
မိုဝူကျိက တကယ် ဂရုမစိုက်ပေ။ ကျော့ဖျင်အန်းသာ အင်အားသုံး၍ ဖိနှိပ်မထားသရွေ့ ဘာမှမခံစားရပေ။ ထို့ကြောင့် မိုဝူကျိက ထိုင်ဖို့ရာ တွေဝေမနေတော့ချေ။
မိုဝူကျိက ကိုယ့်ဘာသာ ထိုင်ချလိုက်သည်ကို မြင်ပြီး ကျော့ဖျင်အန်း မျက်လုံးထောင့်၌ မကျေမနပ် အရိပ်အယောင်တချို့ ဖြတ်ပြေးသွားလေ၏။ သူ့ရှေ့၌ ဤသို့ပြုမူရဲသည်မှာ မိုဝူကျိအနေဖြင့် သူ့အပေါ် ကျော့ဖျင်အန်း၏ အမြင်ကို တိုးတက်လာစေမည်ဟုများ ထင်နေတာလား။ သူက ကိုယ်ပိုင်ဧည့်သည်များပင် ခေါ်ဆောင်လာသေး၏။ သူ့ဆေးလုံးတာအိုအပြင် မိုဝူကျိက ဘာဆိုဘာမှ သိပုံ မပေါ်ပေ။
မိုဝူကျိအတွက် အင်မော်တယ်လောကကြီးမှာ ကျင့်ကြံခြင်းလောကနှင့် အတူတူပင် ဖြစ်၏။ အားကောင်းသူများသာ ပြောဆိုခွင့် ရမည် ဖြစ်ပေသည်။ ယခု သူ့တွင် တာ့ဟွမ် ရှိနေပြီ ဖြစ်ရာ တာ့ဟွမ်က ကျော့ဖျင်အန်းလောက် အားမကောင်းလျှင်ပင် တာ့ဟွမ်အနေနှင့် အရမ်းကွာခြားနေမည် မဟုတ်ကြောင်း ယုံကြည်၏။ ထို့အပြင် မိုဝူကျိက ကျော့ဖျင်အန်းလိုမျိုး နာမကျန်းဖြစ်နေသူက ရန်ကြွေးမရှိကာ အကူအညီပင် ဖြစ်နိုင်သေးသူအား တိုက်ခိုက်လိမ့်မည်ဟု မယုံပေ။ ဤသို့ဆိုလျှင် မိုဝူကျိက ကျော့ဖျင်အန်းနှင့် တန်းတူပြောဖို့ရာ အခွင့်အရေး ရှိနေသည် မဟုတ်ပါလော။
ထို့ကြောင့် မိုဝူကျိက ကျော့ဖျင်အန်း၏ အထင်သေးခြင်းကို လျစ်လျုရှုကာ
“ တာအိုရောင်းရင်းကျော့ရဲ့ စကားတစ်ဝက်လောက်က မှားနေတယ်။ ကျုပ်က မိုဝူကျိ ဟုတ်ပါတယ် ….. ဒါပေမဲ့ ကျုပ်က ဂုဏ်ထူးဆောင် အဆင့် ၅ ဆေးလုံး ဘုရင် မဟုတ်တော့ဘူး … ဂုဏ်ထူးဆောင် အဆင့် ၇ ဆေးလုံး ဧကရာဇ် ဖြစ်နေပြီ ”
“ မင်းပြောနေတာ အမှန်ပဲလား ” ကျော့ဖျင်အန်းက ရုတ်ချည်း ထရပ်ကာ မိုဝူကျိအား စိုက်ကြည့်ရင်း မေးလိုက်သည်။ ယခင် မိုဝူကျိ မလေးမစားလုပ်ခဲ့သည့် အပြုအမူများကို ဘေးဖယ်ထားပစ်နိုင်သည်။
မိုဝူကျိဆီမှ အဖြေကြားရသောအခါ သူက အင်မော်တယ်ဧကရာဇ် နောက်ပိုင်းအဆင့် ဖြစ်နေသော်လည်း တည်ငြိမ်မှုကို မထိန်းထားနိုင်ပေ။
မိုဝူကျိက ကျော့ဖျင်အန်းအား အေးအေးဆေးဆေး ပြန်ကြည့်ကာ ကျော့ဖျင်အန်းစကားများကို ပြန်မဖြေပေ။ သူက အင်အားမျှခြေညှိရန် အတိမ်းအစောင်းမခံနိုင်သည့် အချိန်ဖြစ်ကြောင်း သိပေသည်။ အင်အားသာ မျှခြေဖြစ်သွားပါက သူ့အနေနှင့် ညှိနှိုင်းဖို့ရာ ပို၍ လွယ်ကူသွားပေလိမ့်မည်။
“ ငြိမ်းချမ်းရေး ကျွန်းဆွယ်မှာနေပြီး ကျုပ်အတွက် ဆေးဖော်စပ်ပေး … မင်း လွန်ချိုက်ကို ရန်စခဲ့မိရင်တောင် သူ မင်းကို ထိရဲမှာ မဟုတ်ဘူး ” ကျော့ဖျင်အန်းက အင်မော်တယ်ဧကရာဇ် တစ်ယောက် ဖြစ်ပေသည်။ ထိုစဉ် သူက ဆုံးဖြတ်ချက် ချလိုက်သည်။ အဆင့် ၇ ဆေးလုံး ဧကရာဇ်တစ်ယောက်အနေနှင့် မိုဝူကျိက သူ့ရှေ့၌ မောက်မာပြဖိုရာ ထိုက်တန်ပေသည်။
မိုဝူကျိ ခေါ်ဆောင်လာသော မိန်းကလေးကိုလည်း လွှတ်ပေးဖို့ရာ ဆန္ဒရှိ၏။ ထိုအရာမှာ မိုဝူကျိ သူ့အတွက် ဆေးဖော်စပ်ပေးမည့် အခြေအနေများပေါ် မူတည်၍ ဖြစ်၏။
“ ခင်ဗျားအတွက် ဆေးလုံးဖော်စပ်ပေးနိုင်ပါတယ်။ ဒါပေမဲ့ တောင်းဆိုချက်တော့ ရှိလိမ့်မယ် …. ပြီးတော့ ကျုပ်က ငြိမ်းချမ်းရေး ကျွန်းဆွယ်မှာ မနေနိုင်ဘူး ” မိုဝူကျိ လေသံမှာ တည်ငြိမ်နေဆဲ ဖြစ်၏။
ကျော့ဖျင်အန်း မျက်လုံး၌ ရက်စက်သည့်အမူအယာတချို့ ရိပ်ခနဲ ပေါ်လာကာ မိုဝူကျိအား ဖိနှိပ်ထားသော စွမ်းအားပြင်းတစ်ခုလည်း ရောက်ရှိလာသည်။ သူ့ရှေ့တွင် ဘာမှမရှိသော်လည်း မိုဝူကျိအနေဖြင့် သူ့ရင်ဘတ်ဆီ လာထိရိုက်သလို ခံစားလိုက်ရကာ အသက်မရှုနိုင်သည့်အထိ ဖြစ်သွားလေ၏။ ထိုစွမ်းအားများက ရပ်တန့်မသွားဘဲ ပို၍ အားပြင်းလာနေသည်။
မိုဝူကျိဘေးတွင် ရပ်နေသည့် တာ့ဟွမ်က ထိုအင်မော်တယ် ဧကရာဇ် အရှိန်အဝါကို ခံစားမိဟန်ဖြင့် သူ့မျက်လုံးမှ အစိမ်းရောင်အလင်းတစ်ချက် လင်းလက်သွားလေ၏။ ထို့နောက် ကျော့ဖျင်အန်းထက် နောက်ကောက်မကျသည့် ပြင်းထန်သည့် အားတစ်ခု ထွက်ပေါ်လာသည်။
အားနှစ်ခု ထိပ်တိုက်တွေ့ဆုံသည့်အခါ သူတို့နှစ်ယောက်ကြားမှ နေရာက မတည်မငြိမ် ဖြစ်လာရသည်။
ကျော့ဖျင်အန်း မျက်ဝန်း၌ အံ့ဩမှုအရိပ်အယောင်တချို့ ဖြတ်ပြေးသွားကာ သူက ထိုအင်မော်တယ်အရုပ်ကို လျစ်လျုရှုထားမိကြောင်း သတိထားမိသွားသည်။ ထိုအင်မော်တယ်အရုပ်တွင် ပြင်းထန်သော တာအိုအငွေ့အသက်များ ရှိနေပြီး အမြင်နှင့်တင် အဆင့် ၉ အင်မော်တယ်အရုပ်ဖြစ်မှန်း သိသာလှသည်။
ကျော့ဖျင်အန်းက မိုဝူကျိအနေဖြင့် သူ့ရှေ့၌ သတ္တိရှိနေသည့် အကြောင်းအရင်းကို နားလည်သွားတော့သည်။ ထိုအင်မော်တယ်အရုပ်ကြောင့် ဖြစ်ပေ၏။ သူက စိတ်ထဲမှ သရော်ကာ အဆင့် ၉ အင်မော်တယ်အရုပ် ဖြစ်နေလျှင်ပင် သူ့ရှေ့၌ အသုံးမဝင်သေးချေ။
ကျော့ဖျင်အန်းက ထိုအတွေးဖြင့် ပိုပြင်းထန်သော အရှိန်အဝါများ ထုတ်လွှင့်လိုက်သည်။ ယခင် သူက မိုဝူကျိကို ဒဏ်ရာရဖို့ရာ မရည်ရွယ်ခဲ့ပေ။ သူ့ဆေးလုံးဆရာများကို ဒဏ်ရာမဖြစ်စေလိုရုံသာမက ဆေးလုံးဆရာ၏ အသက်ဓာတ်နည်းနည်းလေးမျှ အဆုံးရှုံးမခံနိုင်ပေ။
တာ့ဟွမ်၏ အငွေ့အသက်များကလည်း ပို၍ ကြီးထွားလာသည်။ တာအိုစွမ်းအားစက်ကွင်းပင် ဖြစ်စေ သို့မဟုတ် ဖိနှိပ်ထားသော အငွေ့အသက်များပင် ဖြစ်စေ တာ့ဟွမ်က ကျော့ဖျင်အန်းထက် မနိမ့်ကျပေ။ သူက ကျော့ဖျင်အန်း၏ အရှိန်အဝါများကိုပင် ဖိနှိပ်လာနိုင်သေး၏။
ကျော့ဖျင်အန်းက တုန်လှုပ်သွားကာ ထိုအရာမှာ သေချာပေါက် အဆင့် ၉ အင်မော်တယ်အရုပ်အဆင့်မျှ မကပေ။ သူက မိုဝူကျိအား ခြိမ်းခြောက်ရန် သူ့အရှိန်အဝါတစ်ခုတည်း မသုံးနိုင်တော့ကြောင်း သိလိုက်၏။
သူက လူကိုယ်တိုင် လှုပ်ရှားတော့မည့်အချိန်တွင် မိုဝူကျိက ရုတ်ချည်း ပြောလိုက်သည် “ ကျော့ဖျင်အန်း …. တကယ်လို့ ကျုပ်ကို လာထိရဲရင် ဒီငြိမ်းချမ်းရေး ကျွန်းဆွယ်ကနေ ချက်ချင်း ထွက်သွားမယ်။ ပူးပေါင်းတဲ့ ကိစ္စကိုတော့ ခင်ဗျားတစ်ယောက်တည်း အလိုရှိနေတာ မဟုတ်ဘူးလို့ ယုံတယ် ”
သူက မိုဝူကျိ စကားများ ကြားသောအခါ ကျော့ဖျင်အန်း စိတ်ထဲမှ သတ်ဖြတ်လိုစိတ်များ ထွက်ပေါ်လာလေ၏။ ပါးမွှားကျင့်ကြံသူလေးက သူ ကျော့ဖျင်အန်းအား ခြိမ်းခြောက်ရဲလေသည်။
“တာ့ဟွမ် တိုက်ဖို့ ပြင်ထား ” ကျော့ဖျင်အန်း၏ သတ်ဖြတ်လိုစိတ်များကို ခံစားမိပြီး မိုဝူကျိက မတ်တတ်ရပ်ကာ နောက်ဆုတ်လိုက်သည်။ သူလည်း တိုက်ဖို့ရာ ပြင်ဆင်ထားလေ၏။ ပုံမှန်အားဖြင့် ဟန်လုံလည်း မိုဝူကျိဘက်မှ ကူညီပေးမည် ဖြစ်ပေသည်။
မိုဝူကျိက သူ့ကျင့်ကြံဆင့်မှာ နိမ့်ကျနေသေးကြောင်း နားလည်သော်လည်း တာ့ဟွမ်ကို ကူညီပေးနိုင်သေး၏။ ထို့အပြင် သူက အာကာသ ချုပ်နှောင်မှုနှင့် သူ့စိတ်ဝိညာဉ် သိုလှောင်ရေး လမ်းကြောင်းကဲ့သို့သော လျို့ဝှက်ချက်များစွာ ရှိနေသေးသည် မဟုတ်ပါလော။
ထိုကိစ္စက ကျော့ဖျင်အန်းအတွက် ယားယံသလောက်သာ ရှိသော်လည်း အဆင့်မြင့် ကျင့်ကြံသူများကြား တိုက်ပွဲ၌ ထိုသို့မျိုး ယားယံမှုလောက်က တိုက်ပွဲ၏ ရလဒ်အပေါ် သိသိသာသာ အကျိုးသက်ရောက်မှု ရှိနိုင်သည်။
“ အရမ်းကောင်းတယ် ….. မင်းမှာ ငါနဲ့ ဆွေးနွေးဖို့ အခွင့်အရေး ရှိတယ် ” ကျော့ဖျင်အန်း၏ သတ်ဖြတ်လိုစိတ်များက ဖြည်းဖြည်းချင်း ပျောက်ကွယ်သွားပြီး မိုဝူကျိကို တည်တည်ငြိမ်ငြိမ် ကြည့်လိုက်သည်။
သူ့စိတ်ထဲ၌ မကျေမချမ်း ဖြစ်နေသေး၏။ ထိုစဉ် သူက အင်မော်တယ်အရုပ်အား တိုက်ခိုက်ပြီး သင်ခန်းစာ ပေးချင်နေမိသည်။
အင်မော်တယ်အရုပ်ကများ ဘယ်လိုလုပ် သူ့အရှိန်အဝါနဲ့ ထိပ်တိုက် လာရင်ဆိုင်ရဲရတာလဲ ….. သေချင်နေတာလား ….
သို့သော် သူက စိတ်ခံစားချက်များကို ချိုးနှိမ်ထားရုံမှအပ ရွေးချယ်စရာ မရှိချေ။ တခြားအကြောင်းအရင်း မရှိသော်လည်း မိုဝူကျိက ဂုဏ်ထူးဆောင် အဆင့် ၇ ဆေးလုံးဧကရာဇ် ဖြစ်နေသည့်အချက်ကြောင့် ဖြစ်၏။ မိုဝူကျိတွင် ဤသို့မျိုး အရုပ်ရှိနေခြင်းမှာ မိုဝူကျိအနေဖြင့် သူ့အား ကူညီပြီး ဆေးဖော်စပ်ပေးရန် လိုအပ်နေသည်တော့ မဟုတ်ပေ။
မိုဝူကျိက တကယ် ငယ်ရွယ်နေတော့ရော ဘာအရေးလဲ …. မိုဝူကျိ ဖော်စပ်ပေးလိုက်သော ဆေးလုံးမှာ သူ့ဖျားနာမှုကို ကုသပေးကောင်း ကုသပေးနိုင်လိမ့်မည်။
ကျော့ဖျင်အန်း တည်ငြိမ်သွားသည်ကို ကြည့်ပြီး မိုဝူကျိက တာ့ဟွမ်အား ရပ်ရန် အချက်ပြလိုက်သည်။
“ မင်းက တကယ်ကြီး ဂုဏ်ထူးဆောင် အဆင့် ၇ ဆေးလုံးဧကရာဇ်လား ” ကျော့ဖျင်အန်းက အသက်ပြင်းပြင်းရှုကာ မိုဝူကျိအား အလေးအနက် ထပ်မေးလိုက်သည်။
ဤတစ်ကြိမ်၌ မိုဝူကျိက တိတ်ဆိတ်မနေတော့ပေ။ သူက အသေအချာကို ပြန်ဖြေလိုက်၏
“ ဟုတ်တယ် … ကျုပ်က ဂုဏ်ထူးဆောင် အဆင့် ၇ ဆေးလုံးဧကရာဇ်ပါ။ လွန်ခဲ့တဲ့ လအနည်းငယ်လောက်က ဟန်လုံက မဟာလော့ရှန်းအဆင့်ပဲ ရှိသေးပေမဲ့ အခု ကျုပ် သူမအတွက် ဖော်စပ်ပေးလိုက်တဲ့ အင်မော်တယ်ဘုရင်ဆေးလုံးကြောင့် အင်မော်တယ်ဘုရင် ဖြစ်သွားပြီလေ ”
“ မင်းက အသက်တစ်ထောင်ကျော်ပြီလား ” ကျော့ဖျင်အန်းက မိုဝူကျိမှာ နှစ်တစ်ထောင် မကျော်သေးမှန်း ခန့်မှန်းမိသော်လည်း အတည်ပြုချင်သေး၏။
“ မကျော်သေးပါဘူး ” မိုဝူကျိက ရိုးရိုးတမ်းတမ်းသာ ပြန်ဖြေလိုက်လေ၏။ သူ့စိတ်ထဲ၌ တွေးမိနေသည်။ နှစ်တစ်ထောင်ကို အသာထား သူ့က အသက်တစ်ရာ ပြည့်ဖို့ရာပင် အလှမ်းကွာနေသေး၏။
ကျော့ဖျင်အန်းက ခေါင်းညိတ်ကာ မိုဝူကျိက ဂုဏ်ထူးဆောင် အဆင့် ၇ ဆေးလုံးဧကရာဇ် ဖြစ်မှန်း သိရှိပြီးနောက် အံ့ဩသွားသည့်သူ မဟုတ်သည့်အလား အမူအယာ ကင်းမဲ့နေသေး၏။
မိုဝူကျိက ကျော့ဖျင်အန်း၏ လိုအပ်ချက်များနှင့် ကိုက်ညီသွားကြောင်း ကိုယ်တိုင် သိလိုက်သည်။ ကျော့ဖျင်အန်းက ယခင်ကဲ့သို့ မအံ့ဩတော့သည့်အချက်မှာ ပုံမှန်သာ ဖြစ်ပေ၏။ ကျော့ဖျင်အန်းက မိုဝူကျိမှာ ခုခံနိုင်စွမ်း မရှိသည့် ငါးလေးတစ်ကောင်ကဲ့သို့ ထင်မှတ်ခဲ့မိသည်။ ထိုကြောင့် ကျော့ဖျင်အန်းက သူ့စိတ်ခံစားချက်များကို ဂရုမစိုက်တော့သည့် အကြောင်းအရင်း ဖြစ်ပေသည်။ သို့သော် ယခုတွင်မူ ကျော့ဖျင်အန်းက တာ့ဟွမ် မည်မျှ အားကောင်းကြောင်း သိရှိပြီးနောက် ညှိနှိုင်းမှု အဆုံးမသတ်ခင် ဘာခံစားချက်မှ မဖော်ပြပေ။
ကျော့ဖျင်အန်းက ခံစားချက်များကို ဖော်ပြသည်ဖြစ်စေ၊ မဖော်ပြသည် ဖြစ်စေ မိုဝူကျိအတွက် အရေးမပါပေ။ အကယ်၍ သူတို့သာ သဘောတူညီမှု မရလျှင် မေ့ထားလိုက်ရုံသာ ဖြစ်၏။
“ မင်းရဲ့ ဌက်က မဆိုးဘူးပဲ ” ကျော့ဖျင်အန်းက ရုတ်ချည်း ခေါင်းစဉ်ပြောင်းကာ ရွိုက်ကောပေါ် အာရုံစိုက်ထားရင်း ပြောလိုက်သည်။
မိုဝူကျိက ကျော့ဖျင်အန်း စကားနောက်မှ အဓိပ္ပါယ်ကို မသိပေ။ သူက တာ့ဟွမ်အကြောင်း ပြောသင့်သော်လည်း မျှော်လင့်မထားဘဲ ရွိုက်ကောကို ချီးကျူးလိုက်လေသည်။
တာ့ဟွမ်က မကျေမနပ်ဖြင့် တီးတိုးရေရွတ်လိုက်သည် “ အဲဒီဌက်က ခင်ဗျားကို တားလိုက်တယ်များ ထင်နေတာလား။ အဲဒါ ကျုပ် တာ့ဟွမ် တားလိုက်တာ ဟုတ်ပြီလား …. ခင်ဗျား စကားတွေက နားဝင်မချိုချက် …. ကျုပ် အင်အားသိရအောင် တစ်ပွဲလောက် နွဲမလား ”
“ တာ့ဟွမ် လျှောက်မပြောနဲ့တော့ …” မိုဝူကျိက တာ့ဟွမ်ကို ဆူလိုက်ရသည်။ တာ့ဟွမ်အား ကျော့ဖျင်အန်းနှင့် တကယ် မတိုက်စေလိုပေ။ အကြောင်းမှာ သူက ကျော့ဖျင်အန်းကို ကြောက်ရွံ့၍ မဟုတ်ဘဲ တာ့ဟွမ်က ပိုက်ဆံမီးရှို့နေသည့် စက်တစ်လုံး ဖြစ်နေသည် မဟုတ်ပါလော။ သူ့တွင် တာ့ဟွမ်အား စွမ်းအား ပေးနိုင်သည့် ကျောက်ငါးခုသာ ရှိပေသည်။
“ မင်းက စကားပြောနိုင်တာလား ” တာ့ဟွမ်က သူ့အရှိန်အဝါကို ပိတ်ဆို့ထားလိုက်နိုင်သော်လည်း ကျော့ဖျင်အန်းက များများစားစား ဂရုမစိုက်ချေ။ သို့သော် ယခု တာ့ဟွမ် စကားပြောလိုက်သောအခါ အမှန်ပင် အံ့ဩတုန်လှုပ်သွားလေ၏။
စကားပြောနေတဲ့ အင်မော်တယ်အရုပ် ……
ဆိုလိုသည်မှာ အင်မော်တယ်အရုပ်၌ ပစ္စည်းစိတ်ဝိညာဉ် ရှိပေလိမ့်မည်။ ပစ္စည်း စိတ်ဝိညာဉ်ရှိသော ပစ္စည်းတိုင်းမှာ ပထမတန်းစား အမျိုးအစား ဖြစ်ကြ၏။
အရုပ်တွင် ပစ္စည်း စိတ်ဝိညာဉ် ရှိနေသည်လား …..
တာ့ဟွမ်က နှုတ်ခမ်းကို စူကာ ပြန်မဖြေပေ။
ကျော့ဖျင်အန်းက ဆက်ပြောလိုက်သည် “ စောစောက စကားကို ပြန်ရုတ်သိမ်းပါတယ် …. မင်းလည်း မဆိုးပါဘူး ”
ထိုသို့ပြောပြီးနောက် မိုဝူကျိအား လေးလေးနက်နက်ကြည့်ကာ “ မင်း သင်္ကေတ ခုနှစ်သွယ် ပသာဒ ဆေးလုံးကို ကြားဖူးလား ”
မိုဝူကျိက ခေါင်းခါကာ “ အားနာပါတယ် … ကျုပ်က အဆင့် ၇ ဆေးလုံး ဧကရာဇ်ဆိုပေမဲ့ ဆေးဖော်စပ်နည်းတွေ သိပ်မသိသေးဘူး ”
ကျော့ဖျင်အန်းက ထူးဆန်းသည်ဟု မထင်ဘဲ ဆက်ပြောလိုက်သည် “ သင်္ကေတ ခုနှစ်သွယ် ပသာဒ ဆေးလုံးမှာ အဓိက ပါဝင်ပစ္စည်းသုံးမျိုး ရှိတယ် ။ ပထမဆုံးက ဆေးလုံးဆရာရဲ့ အသက်ဓာတ်ပဲ … ”
ထိုသို့ပြောပြီးနောက် ကျော့ဖျင်အန်းက မိုဝူကျိကို အာရုံစိုက်ထားလိုက်၏။ တကယ်တမ်း ထိုအရာမှာ ဖုံးကွယ်ထားနိုင်သည့် လျို့ဝှက်ချက် မဟုတ်ပေ။ ငြိမ်းချမ်းရေး ကျွန်းဆွယ်၌ တချို့လူများပင် သူလိုအပ်နေသော ဆေးလုံးများမှာ အသက်ဓာတ် လိုအပ်ကြောင်း သိကြပေသည်။
သူက မိုဝူကျိမှာ ထိုအကြောင်းကြားပြီးနောက် တုံ့ပြန်မှု မရှိကြောင်း မြင်သောအခါ ထိုအချက်ကိုသိပြီးသား ဖြစ်ကြောင်း သိလိုက်သည်။ သူက ကိုယ်ပိုင်အာဏာရှင်ဆန်သော်လည်း ကျော့ဖျင်အန်းက စိတ်သက်သာရာ သက်ပြင်းချလိုက်သည်။ အကယ်၍ ဤသို့မျိုး ဆုံတွေ့မှုမတိုင်ခင် ဆိုပါက ဤသို့မျိုးအရာက ဖြစ်ပျက်လာမည် မဟုတ်ပေ။
ကျော့ဖျင်အန်း ဆေးလုံးများကို လိုအပ်နေသည့်အခါ အသက်ဓာတ်ကို ဆိုမထားနှင့် အသက်များကို တောင်းဆိုလျှင်ပင် ဆေးလုံးဆရာက ပေးကြမည် ဖြစ်၏။
“ ဒုတိယအနေနဲ့ ဗောဓိစိမ်းပန်းပွင့် လိုတယ် ….” ကျော့ဖျင်အန်းက ဆက်ပြောလိုက်သည်။ ဗောဓိစိမ်ပန်းပွင့်အကြောင်း များများစားစား မရှိချေ။ ဈေးကြီးသော်လည်း ရရှိဖို့ရာ မခက်ခဲပေ။ ထိုဆေးပင်မှာ ထိပ်တန်း ကုသဆေးလုံး ဖြစ်သည့် ဗောဓိစိမ်းဆေးလုံး၏ အဓိက ပါဝင်ပစ္စည်းလည်း ဖြစ်ပေသည်။
“ တတိယအနေနဲ့ ကောင်းကင်သဘာဝမြက်ကို လိုအပ်တယ် ” ကျော့ဖျင်အန်းက ပြောလိုက်ပြီးနောက် သူ့မျက်လုံးများက မှိန်ကျသွားလေ၏။ ထိုကောင်းကင်သဘာဝမြက်မှာ သူ့အတွက် ရရှိဖို့ရာ ခက်ခဲလှပေသည်။
“ ကောင်းကင် သဘာဝမြက်ကို လိုတာလား ” မိုဝူကျီက တအံ့တဩ မေးလိုက်သည်။
ကျော့ဖျင်အန်းက ခေါင်းညိတ်ကာ
“ ဟုတ်တယ် … ဆေးလုံးဖော်စပ်နည်းထဲမှာ ပြောထားတာပဲ …. ကောင်းကင် သဘာဝမြက်က အဆင့် ၇ ဆေးပင်ဆိုပေမဲ့ ရဖို့ ခက်ခဲတယ်။ ဒီနှစ်တွေအတွင်းမှာ ကောင်းကင် အထီးကျန်မြက်ကိုပဲ ရှာတွေ့ခဲ့တယ်။ အဲဒီ အထီးကျန်မြက်က အဆင့် ၅ ပဲ ရှိတာ၊ အဆိုးဆုံးအပိုင်းက အထီးကျန်မြက်ကိုယ်တိုင်ကိုက သန့်စင်ဖို့ ခက်တယ်။ ဒီအချိန်တွေအထိ အကောင်းဆုံး ဆေးလုံး ဧကရာဇ်တွေတောင် သင်္ကေတ ခုနှစ်သွယ် ပသာဒ ဆေးလုံးမှာ သင်္ကေတ လေးသွယ်အထိပဲ ဖော်စပ်နိုင်ကြတာ ”
မိုဝူကျိက ဖြတ်မပြောပေ။ သူက ကောင်းကင်အထီးကျန်မြက်မှာ ကောင်းကင် သဘာဝမြက်၏ ရှေ့ပြေးပုံရိပ်သာ ဖြစ်ပေသည်။ သူတို့ကြားရှိ တစ်ခုတည်းသော ကွာခြားချက်မှာ သန့်စင်နှုန်းခြားနားမှုသာဖြစ်၏။
ကျော့ဖျင်အန်း ခေါ်လာသည့် ဆေးလုံးဧကရာဇ်များက ကောင်းကင် အထီးကျန်မြက်နှင့် ကောင်းကင် သဘာဝမြက်အကြောင်း နားမလည်ပေ။ သူတို့က သင်္ကေတ ခုနှစ်သွယ် ပသာဒ ဆေးလုံးကို မည်သို့များ ဖော်စပ်ကြမည်နည်း။