← Chapters

အမြုတေဖွဲ့စည်းခြင်းအဆင့်အား ဓားတစ်ချက်တည်းဖြင့် သတ်ဖြတ်ခြင်း

Vol. 12 Ch. 167

အမြုတေဖွဲ့စည်းခြင်းအဆင့်အား ဓားတစ်ချက်တည်းဖြင့် သတ်ဖြတ်ခြင်း

Vol. 12 Ch. 167

သည်လူများရောက်လာသော ရည်ရွယ်ချက်မှာ ရှရီနှင့် အံ့ဖွယ်နေမင်းကိုယ်ရံတော်များအား သတ်ဖြတ်ရန် ဖြစ်သည်။

အဓိက တိုက်ခိုက်သူများသည် ထိုနေရာသို့ ရောက်နေပြီးဖြစ်ကာ ယခု ရှိနေကြသော အနက်ရောင်ဝတ်လူများကား မျက်မြင်များနှင့် အနီးပတ်ဝန်းကျင်မှ သဲလွန်စများကို ဖျောက်ဖျက်ရန် တာဝန်ယူထားသူများ ဖြစ်ကြသည်။

ဓားထံမှ ဟန်မူယဲ့သည် အံ့ဖွယ်ကိုးပါးဓားဂိုဏ်းနှင့် ဆက်စပ်နေသော သတင်းများကိုလည်း သိလိုက်ရသည်။

ကျင့်ရှန်းဓားဂိုဏ်းနှင့် အဆက်အဆံရှိသော ဂိုဏ်းအတော်များများသည် ခြိမ်းခြောက်ခံရရာ မတတ်သာဘဲ ပါဝင်လှုပ်ရှားကြရသည်။

သည်တစ်ခေါက် ပုန်ကန်မှုကို ဦးဆောင်သူကား မိစ္ဆာကြီး ဟူထိုက်ရှန့် ဖြစ်သည်။

ယခင်က မီးတောက်မိစ္ဆာတောင်ကြားမှ ဟူထိုက်ရှန့်သည် ထို့ပါ့ချန် သတ်ဖြတ်လိုသောသူတစ်ဦးလည်း ဖြစ်သည်။

ဝုန်း…

အဝေး၌ တိုက်ပွဲအသံများကို ကြားရသည်။

ထိုနေရာသည် ဟန်မူယဲ့တို့ ရှရီနှင့် နောက်ဆုံးတွေ့ခဲ့သော နေရာလည်း ဖြစ်သည်။

ကျင်းရှန်းဓားဂိုဏ်းမှ ပညာရှင်များသည် ရှရီတို့အဖွဲ့အား စတင်တိုက်ခိုက်နေဟန်ရသည်။

ဟန်မူယဲ့က အနက်ရောင်ဝတ်လူများအား အေးစက်သော အမူအရာဖြင့် ကြည့်သည်။

ရှရီတို့အဖွဲ့ အနောက်ဘက်နယ်စပ်ကုန်းမြေ၌ ပြဿနာဖြစ်၍ မရပါ။

သူသည် အလယ်ပိုင်းကုန်းမြေမှ အံ့ဖွယ်နေမင်းကိုယ်ရံတော်များ၏အစွမ်းကို မြင်ဖူးသည်။

အကယ်၍ အလယ်ပိုင်းကုန်းမြေမှ အင်အားစုများသည်သာ အနောက်ဘက်ကုန်းမြေသို့ ခြေချပါက အခြေအနေမှာ ပို၍ ရှုပ်ထွေးလာပေလိမ့်မည်။

“စီနီယာအစ်ကိုကျောက်… လေ့ကျင့်ရေးမှူးလင်း… ဒါကို မြန်မြန်ဖြတ်ရအောင်…”

“ဟူထိုက်ရှန့်ဟာ ချောက်နက်တောင်ကြားမှာ ဂိုဏ်းတွေကို စုစည်းပြီး ပုန်ကန်ဖို့ လုပ်နေတယ်။ သူ့ကို သွားသတ်ရမယ်”

ဟန်မူယဲ့က တီးတိုးပြောကာ သူ့ထံမှ ဓားချီစွမ်းအားများ စတင်ထွက်ပေါ်လာသည်။

သူ့စကားကို ကြားလျှင် ကျောက်ဖူနှင့် လင်းရှန်တို့ထံမှလည်း ဓားအလင်းများ ပေါက်ကွဲထွက်လာ၏။

ဟူထိုက်ရှန့်။

သူ သတ်ဖြတ်လိုသော မိစ္ဆာ။

“သတ်…”

နှစ်ယောက်သား မာန်သွင်းအော်ဟစ်ကာ စတင်တိုက်ခိုက်ကြသည်။

ကျောက်ဖူ၏ဓားအလင်းသည် ဧရာမကျားဖြူအသွင်ဖြင့် တစ်ဘက်လူများထံသို့ တိုးဝင်သွား၏။ ၎င်းသည် ကောင်းကင်မှ အနက်ရောင်လူနှင့် ထိပ်တိုက်တွေ့သည်။

လင်းရှန်ကား ပို၍ပင် တည့်တိုးဆန်သည်။ သူ၏လက်မှ ဓားကျိုးသည် ပေတစ်ရာခန့် ရှည်လျားသော ဓားချီလှိုင်းအဖြစ် ပြောင်းလဲသွားသည်။ ဓားအလင်း ခုတ်ပိုင်းချလာလျှင် တစ်လောကလုံး တုန်ခါလာခဲ့သည်။

ကမ္ဘာမြေအဆင့် ၂ယောက်မှာ လင်းရှန်နှင့် ကျောက်ဖူတို့ကြောင့် နောက်ဆုတ်သွားရသည်။

“ဘယ်သူ့ကိုမှ အသက်မရှင်စေနဲ့…”

ခေါင်းဆောင်ဖြစ်ဟန်တူသူက အံကြိတ်ကာ အော်ဟစ်လိုက်သည်။ သူကလည်း ဓားကို ဆွဲကိုင်လျှက် ရှေ့ကို တက်လာ၏။

ဝုန်း…

အဝေးမှ ပေါက်ကွဲသံတစ်ခုကို ကြားရပြန်သည်။

“အံ့ဖွယ်ကိုးပါးဓားဂိုဏ်းက တာအိုရောင်းရင်းတို့… ကျုပ်တို့ကို ကူညီပါဦး…”

အဝေးမှ ရှရီ၏အသံ ပြန့်လွင့်လာသည်။

အလယ်ပိုင်းကုန်းမြေမှ အမြုတေဖွဲ့အစည်းခြင်းအဆင့် အံ့ဖွယ်နေမင်းကိုယ်ရံတော်တစ်ဦးသည် အမှန်တကယ် အကူအညီတောင်းနေရ၏။

ဟန်မူယဲ့က လေထဲကို ခုန်တက်လိုက်ကာ ပြောသည်။

“ကျုပ် အလယ်ပိုင်းကုန်းမြေက လူတွေကို သွားကယ်လိုက်မယ်”

လင်းရှန်က ခေါင်းညိတ်ကာ ဟန်မူယဲ့နောက်သို့ လိုက်ပါလိုသော လူများအား တားဆီးလိုက်သည်။

ဟန်မူယဲ့၏ အစွမ်း အစစ်အမှန်ကို သူ တစ်ခါမှ မမြင်ဖူးသော်လည်း သူသည် သေချာပေါက် အလွန်စွမ်းကြောင်း လင်းရှန် သိနားလည်သည်။

ရှေးဟောင်းကျင့်ကြံသူ၏ ဂူထဲ၌ ဟန်မူယဲ့က သူ့အား ကျောက်စိမ်းအရိုးများကို ပေးခဲ့ခြင်း ဖြစ်သည်။

ကျောက်ဖူက နောက်ပြန်ကြည့်ကာ တီးတိုးပြောသည်။

“ညီလေးဟန်… ဖြစ်ပါ့မလား”

လင်းရှန်က ပြုံးလိုက်သည်။

“သူ သေချာပေါက် လုပ်နိုင်တယ်”

ထို့နောက် သူက ရှေ့ကို ကြည့်ကာ တိုက်ခိုက်လိုစိတ်များ အဆမတန် ဖြစ်ပေါ်လာသည်။

“စီနီယာအစ်ကိုကျောက်… ကျုပ်တို့ ဘယ်သူက မြန်မြန် သတ်နိုင်မလဲ ကြည့်ရအောင်”

ကျောက်ဖူကလည်း ရယ်မောကာ ဟန်မူယဲ့ ပေးထားသော ကျားဖြူစာလိပ်အား ထုတ်ယူလိုက်သည်။

“ကောင်းပြီ… မင်း ပြောသလို လုပ်ကြမယ်”

ကျားဖြူစာလိပ်ကို ဖွင့်လိုက်လျှင် အဆုံးမဲ့သော ဓားချီများသည် ကျားဖြူပုံရိပ်အဖြစ် ပြောင်းလဲသွားကာ အနက်ရောင်ဝတ်လူများထံသို့ တိုးဝင်သွား၏။

ထို့နောက် သူက ဓားကို ဝှေ့ယမ်းကာ သူ့ရှေ့မှ ကမ္ဘာမြေအဆင့်ပညာရှင်အား တိုက်ခိုက်လိုက်၏။

“ဒါကို မြန်မြန်အဆုံးသတ်ရအောင်… ပြီးတော့ ချောက်နက်တောင်ကြားကို သွားပြီး ဟူထိုက်ရှန့်ကို သတ်ရမယ်”

လင်းရှန်ကလည်း လေထဲ ခုန်တက်ကာ အော်ဟစ်သည်။

“ဟူထိုက်ရှန့်ကို သတ်ရမယ်…”

…

ထိုအခိုက်တွင် ဟန်မူယဲ့သည် မိုင်အနည်းငယ်ခန့် ပြေးလွှားပြီးနောက် ကမ်းပါးတစ်ခုသို့ ရောက်လာသည်။

ကမ်းပါးအောက်တွင်ကား အနက်ရောင်ဝတ်လူတစ်ရာခန့်သည် ရှရီနှင့် လူငယ်ရှစ်ယောက်အား ဝန်းရံတိုက်ခိုက်နေကြ၏။

တိုက်ပွဲထဲတွင် ရှရီသည် ကမ္ဘာမြေအဆင့် လေးယောက်အား တစ်ယောက်တည်းဖြင့် ခုခံနေရ၏။

ဓားအလင်းများမှ တစ်ဆင့် သူတို့၏ကျင့်ကြံဆင့်မှာ ရှရီထက် မနိမ့်ကြောင်း တွေ့ရှိရသည်။ သူတို့အားလုံးမှာ အမြုတေဖွဲ့စည်းခြင်းအဆင့်များ ဖြစ်ကြ၏။

ရှရီက အသက်ကို ပဓာနမထားဘဲ အစွမ်းကုန်တိုက်ခိုက်နေ၍သာ ယခုထိ တောင့်ခံနိုင်ခြင်း ဖြစ်သည်။

“မိတ်ဆွေလေးဟန်… ကျေးဇူးပြုလို့ သူတို့ကို ခေါ်သွားပါ။ ကယ်လို့ရတဲ့သူကို ကယ်ပေးပါ”

အောက်မှ ရှရီက အော်ဟစ်လိုက်သည်။

ကျောက်ရီကျားတို့ လူငယ်တစ်သိုက်မှာလည်း အနက်ရောင်ဝတ်လူများ၏ ဝန်းရံတိုက်ခိုက်ခြင်းကို ခံနေရသည်။

သူတို့ရှစ်ယောက်သည် တိုက်ခိုက်ရေးဝင်္ကပါအား ဖွဲ့စည်းကာ အသက်ဘေးကင်းရန် မနည်းကြိုးစားနေကြရသည်။

ရှရီက အော်ဟစ်လိုက်သည်နှင့် အနက်ရောင်ဝတ် လူဆယ်ယောက်ခန့်သည် ဟန်မူယဲ့ထံသို့ ခုန်တက်လာကြကာ တိုက်ခိုက်ကြ၏။

ဤသည်ကား ကျင့်ကြံခြင်းလောက ဖြစ်သည်။

သေခြင်းရှင်ခြင်းသည် ဆံခြည်တစ်မျှင်သာ ခြား၏။

အနက်ရောင်ဝတ်လူများ တိုးဝင်လာသည်ကို မြင်လျှင် ဟန်မူယဲ့ကလည်း လက်ကို မြှောက်လိုက်သည်။

သူ၏ဘယ်လက်မှ ခရမ်းရောင်တစ်ချက် လင်းလက်သွား၏။

သူ၏ညာဘက်မှ အစိမ်းရောင်ကံကြမ္မာဓားသည်လည်း စူးရှလင်းလက်လာသည်။

ဓားနှစ်လက်ကို ကိုင်ထားရင်း ဓားချီများ သူ့ခန္ဓာကိုယ်တွင် စုစည်းလာသည်။

“ဒါက လူသတ်တာလောက်ပါပဲ”

သူက ဓားဖြင့် ခုတ်ချလိုက်သည်။

ကံကြမ္မာဓားသည် ပေ ၃၀ခန့် ဓားအလင်းဖြင့် ခုတ်ချလာ၏။

ဓားရွေ့လျားလျှင် လူလည်း ရောက်လာသည်။

ရှေ့ဆုံးမှ လူနှစ်ဦးမှာ ဟန်မူယဲ့၏ဓားအလင်း ထိုမျှ မြန်ဆန်မည်ဟု မထင်ထားခဲ့ကြပေ။ သူတို့က ဓားများကို မြှောက်ကာ ခုခံရန် ပြင်လိုက်စဉ်မှာပင် သူတို့၏ခန္ဓာကိုယ်မှာ ပြတ်တောက်သွားခဲ့ပြီ ဖြစ်သည်။

တခြားလူရှစ်ယောက်ယောက်သည်ကား ရပ်တန့်သွားခဲ့ကာ ဟန်မူယဲ့၏ဓားအလင်းများ ပျက်ပြယ်သွားသည်ကို မြင်ကြ၏။ သူတို့က တိုက်ပွဲဝင်ပုံစံဖြင့် ဝန်းရံထားပြီး ဖြစ်သည်။

ကလင်…

ခရမ်းမီးတောက်ဓားတိုသည် ထူးဆန်းသော အလင်းကွေးသဏ္ဍာန်ဖြင့် နောက်ပြန်ကွေ့ဝိုက်သွားခဲ့ကာ သွေးစက်များ လေထဲ စွန်းထင်းသွားသည်။

ဓားတစ်ချက်တည်းဖြင့် ချီစုစည်းခြင်းအဆင့်မှ လူရှစ်ယောက် သေဆုံးသွားခဲ့သည်။

စက္ကန့်ပိုင်းအတွင်း တိုက်ပွဲမှာ ပြီးဆုံးသွားခဲ့သည်။

“ဝိုး…”

“တော်လိုက်တာ…”

အောက်မှ လူတစ်ယောက်က အော်ဟစ်လိုက်သည်။

ချီစုစည်းခြင်းအဆင့်မှ လူဆယ်ယောက်အား ဓားနှစ်ချက်တည်းဖြင့် သတ်ဖြတ်ခဲ့ခြင်းသည် မည်သို့သော ပညာရှင် ဖြစ်သနည်း။

ဟန်မူယဲ့ အောက်သို့ ခုန်ဆင်းလာခဲ့၏။

ဟူး…

ကံကြမ္မာဓားတုန်ခါသွားခဲ့ကာ ဓားချီများ ပြန့်ကျဲသွားသည်။ ဟန်မူယဲ့သည် ကျောက်ရီကျား၏ရှေ့မှ အခြေခံအုတ်မြစ်အဆင့်ပညာရှင်တစဦး၏လက်ထဲမှ ဓားအား လွင့်စင်သွားစေသည်။

သူ၏ခြေလှမ်းများ ရပ်တန့်သွားခြင်း မရှိပေ။ သူ့ဓားက လျပ်တပြက် လင်းလက်သွား၏။

ခြေလှမ်းတချို့ဖြင့် သူသည် လူငယ်ရှစ်ယောက်အား ဝန်းရံထားသော အခြေခံအုတ်မြစ်အဆင့် ပညာရှင်များအား တစ်ယောက်ပြီးတစ်ယောက် လွင့်စင်သွားစေသည်။

ဟန်မူယဲ့အတွက်ကား ကျင်းရှန်းဓားဂိုဏ်းမှ လူများ၏ ဓားသိုင်းတွင် လျှို့ဝှက်ချက် မရှိတော့ပါ။ သူက ကျင်းရှန်းဓားဂိုဏ်းမှ ဓားသိုင်းများအားလုံး၏ ဟာကွက်များကို သိပေသည်။

ကလင်…

ဓားကို တစ်ချက် လှုပ်ယမ်းလိုက်ပြီး ဟန်မူယဲ့ အလယ်ပိုင်းကုန်းမြေမှ လူငယ်ရှစ်ယောက်၏အလယ်သို့ ရောက်လာသည်။

အလယ်ပိုင်းကုန်းမြေမှ လူငယ်ရှစ်ယောက် ဖြစ်စေ၊ အနက်ရောင်ဝတ်လူများဖြစ်စေ သူတို့အားလုံးက ဟန်မူယဲ့အား မျက်လုံးများ ပြူးကျယ်လျက် အကြီးအကျယ် ထိတ်လန့်စွာ ကြည့်နေကြသည်။

ဓားတစ်ချက်စီတိုင်းဖြင့် သူသည် အခြေခံအုတ်မြစ်ဆင့်တစ်ဦးစီတိုင်းကို သူက လွင့်စင်သွားစေ၏။

ဓားရှိလျင် လူလည်း ရှိသည်။ သူ၏ဓားကား အသက်ရှိနေသည့်အလား ထင်မှတ်ရ၏။

“ချီးပဲ… ဒီလောက် ကြမ်းတာလား”

ဟန်မူယဲ့နောက်တွင် အနက်ရောင်ဝတ် အမျိုးသမီးက မျက်နှာနီမြန်းလျှက် ပြောသည်။

တခြားလူငယ်များကလည်း အချင်းချင်း ကြည့်ကာ ခေါင်းညိတ်ကြ၏။

“ဝင်္ကပါနေရာ နှစ်၊ သုံး၊ သုံး… ဟယ်ကျင်း၊ ကျောက်ရီကျား… ငါ့ဓားနောက်က လိုက်…”

ဟန်မူယဲ့က သူ၏လက်မှ ဓားကို မြှောက်လိုက်ကာ အော်ပြောလိုက်သည်။

အလယ်ပိုင်းကုန်းမြေမှ လူငယ်များကလည်း တွန့်ဆုတ်ခြင်းမရှိဘဲ ဝင်္ကပါအား နေရာယူလိုက်ကြ၏။ ဓားတိုကို ကိုင်ထားသော ကျောက်ရီကျားသည် ဟန်မူယဲ့၏ဘယ်ဘက်၊ သံမဏိယပ်တောင်ကို ကိုင်ထားသော ဟယ်ကျင်းသည် ညာဘက်တို့တွင် ရပ်နေကြသည်။

ထိုအခိုက်တွင် သူတို့အားလုံး၏အမူအရာက လေးနက်နေ၏။

သူတို့၏အမြင်တွင် ဟန်မူယဲ့၏ဓားက အလွန်အံ့အားသင့်စရာ ကောင်းသော်လည်း ရန်သူ အရေအတွက်မှာ များပြားလှသည်။

သူတို့အား တားဆီးထားသူများတွင် ကမ္ဘာမြေအဆင့်ပညာရှင်တချို့လည်း ရှိနေသေး၏။

ယနေ့ သည်နေရာမှ ထွက်သွားရန် အလွန်ခက်ခဲပေလိမ့်မည်။

“ဟား… ဟား… မိတ်ဆွေလေးဟန်ရဲ့ဓားသိုင်းက ပြိုင်စံရှားပဲ။ မင်း အလယ်ပိုင်းကုန်းမြေကို ရောက်ရင် သေချာပေါက် ကျော်ကြားလိမ့်မယ်”

ရှရီကား သွေးများအလိမ်းလိမ်း ဖြစ်နေသော်လည်း ရယ်မောနိုင်ဆဲ ဖြစ်သည်။

“ကျုပ်ကို စိတ်မပူဘဲ ဖောက်ထွက်ကြပါ။ မင်းက သူတို့ထဲက တစ်ယောက်ကိုပဲ ကယ်နိုင်တယ်ဆိုရင်တောင် ကျုပ်တို့ အံ့ဖွယ်နေမင်းကိုယ်ရံတော်တွေက မင်းတို့ အံ့ဖွယ်ကိုးပါးဓားဂိုဏ်းကို ကျေးဇူးပြန်ဆပ်မယ်”

“မင်းတို့ဂိုဏ်း အနောက်ဘက်ကုန်းမြေမှာ နံပါတ် ၁ ဖြစ်လာအောင် ကူညီဖို့ ကျုပ်တို့အတွက် အလွယ်လေးပဲ”

ရှရီက အော်ဟစ်လိုက်လျက် သူ၏လက်ထဲမှ ဓားအလင်း စုစည်းလာသည်။

ဟန်မူယဲ့က ဘာမှ ပြန်မပြောသော်လည်း သူ၏လက်ထဲမှ ဓားများ လှုပ်ရှားသွားသည်။

ဟူး…

ကံကြမ္မာဓားသည် ပေ ၃၀ ခန့်ဓားအလင်းအသွင်ဖြင့် အလျားလိုက် ဖြတ်သန်းသွား၏။ ခရမ်းမီးတောက်ဓားသည် တိုးထွက်သွားကာ လခြမ်းကွေးဓားအလင်းအသွင်ဖြင့် ရေးဆွဲသွားသည်။

ဓားနှစ်လက်၊ ဓားနည်းစနစ်နှစ်မျိုး။

၎င်းတွင် ကြီးကျယ်ခမ်းနားခြင်းနှင့် ပေါ့ပါးသွက်လက်ခြင်း အငွေ့အသက်များကို ခံစားရနိုင်သည်။

ရှေ့မှ အနက်ရောင်လူသည် သူ့အား မတိုက်ခိုက်မီတွင်ပင် ခရမ်းရောင်ဓားအလင်းတွင် ဖြတ်တောက်ခံလိုက်ရ၏။

“သွားရအောင်…”

ဟန်မူယဲ့က တီးတိုးပြောလျက် သူ့ထံသို့ ပြန်လည်ရောက်ရှိလာသော ခရမ်းမီးတောက်ဓားအား ပြန်ဖမ်းယူလိုက်သည်။ သူက ရှေ့ကို လှမ်းသွားလိုက်သည်။

အလယ်ပိုင်းကုန်းမြေမှ လူငယ်ရှစ်ယောက်ကလည်း သူ့နောက်မှ ထပ်ချပ်မကွာ လိုက်ပါလာကြသည်။ သူတို့ကလည်း ဓားအလင်းများ ဖြန့်ကျက်လျှက် ရှေ့ကို တိုးဝင် တိုက်ခိုက်ကြ၏။

“သူတို့ကို တားစမ်း…”

ရှရီကို ဝန်းရံတိုက်ခိုက်နေသော အမြုတေဖွဲ့စည်းခြင်းအဆင့်လူများထဲမှ တစ်ယောက်က အော်ဟစ်သည်။

ကမ္ဘာမြေအဆင့်ကျင့်ကြံသူသုံးဦးက ဓားများကို ဆွဲထုတ်ကာ ဟန်မူယဲ့ရှေ့ကို လျပ်မပြတ် ရောက်လာကြသည်။

ကမ္ဘာမြေအဆင့်များ။

ဟန်မူယဲ့က သူ၏ဓားကို ရှေ့သို့ ချိန်ရွယ်လိုက်လျှင် သဘာဝစွမ်းအားများနှင့် သူ၏ခန္ဓာကိုယ်တွင် စုစည်းသော ဓားချီများ ပေါင်းစပ်သွားကြသည်။

သူက ဓားဖြင့် ထိုးသွင်းလိုက်ကာ အကွာအဝေးအား ခြေတစ်လှမ်းဖြင့် နီးကပ်စေသည်။

သုံးယောက်တစ်ယောက်၊ အဆင့်ကျော်ကာ ကမ္ဘာမြေအဆင့်ဖြင့် တိုက်ခိုက်ခြင်း။

ထိုအခိုက်တွင် ဟန်မူယဲ့၏အာရုံ၌ ပုံရိပ်များ ဖြစ်ပေါ်လာသည်။

သူသည် မိမိကိုယ်ကို တိုက်ခိုက်နေခြင်းအား ဘေးမှ ရပ်ကြည့်နေသည့်အလား မြင်နေရသည်။ သူသည် ဓားနှစ်လက်ကို ကိုင်ကာ ကမ္ဘာမြေအဆင့် သုံးဦးအား အနီးကပ်တိုက်ခိုက်နေသည်။

အနက်ရောင်ဝတ် သတ်လတ်ပိုင်းလူ သုံးနေသော ဓားနည်းစနစ်မှာ မိုးနှင့်လေဓားသိုင်း ဖြစ်သည်။

ထိုဓားသိုင်းသည် ဓားကို လေအလျင်လို၊ မိုးစက်မိုးပေါက်များလို တိုက်ခိုက်သော နည်းလမ်း ဖြစ်သည်။ ဓားဖြင့် ထိုးသွင်းလျှင် ထောင်ပေါင်းများစွာသော ဓားချီများ လိုက်ပါလာရသည်။ ဓားချီ ခန္ဓာကိုယ်ထဲကို ဝင်ပါက လူသေသည်။

ထိုဓားသိုင်းအား ချိုးဖျက်ရန် ဓားတစ်ချက် လိုပေသည်။

တိမ်ပျံဓားသိုင်း။

ဓားအလင်းထွက်ပါ်လာလျှင် တိမ်နှင့်လေများ ရပ်တန့်သွားဟန်ရသည်။

အဖိုးအိုသည် ကမ္ဘာမြေအဆင့်တွင် ဖြစ်သည်။ သူ၏လက်ထဲမှ ဓားသည်လည်း ဝိညာဉ်တစ်ဝက်ဓားတစ်လက် ဖြစ်သည်။

သူသာ ထိုလူအား သတ်ဖြတ်လိုပါက အနီးကပ်ခုတ်ပိုင်းမှ ဖြစ်ပေမည်။

သူက ရှေ့သို့ တစ်လှမ်းတိုးကာ ညာလက်မှ ဓားကို လွှတ်ချလိုက်သည်။

ခရမ်းရောင်အလင်းတန်းသည် သူ၏ရင်ဘတ်ကို ဖြတ်သန်းသွားကာ သွေးများ ပန်းထွက်လာခဲ့သည်။

သူက ဓားကို တဖန် ဖမ်းဆွဲကာ ခုတ်ပိုင်းလိုက်သည်။ ဓားနှစ်လက် ဖြတ်သန်းသွားပြီးနောက်တွင် သူ့ရှေ့၌ လူတစ်ယောက်သာ ကျန်တော့သည်။

အချိန်ကား စက္ကန့်တချို့သာ ကြာလိုက်၏။

ဟန်မူယဲ့က ဓားကို တဖန် ရှေ့သို့ ချိန်ရွယ်လိုက်၏။

ဝိညာဉ်နိုးထခြင်း ပထမအဆင့်မှ ကျင့်ကြံသူသည် ကြောက်လန့်တကြား နောက်ဆုတ်လိုက်သည်။

သူ့စိတ်နှလုံးကား တိုက်ခိုက်လိုစိတ်များ ကင်းမဲ့သွားပေပြီ။

ဤသည်ကား နတ်သိုင်း ဖြစ်သည်။

အကြောင်းပြချက်တစ်ချို့ကြောင့် အလယ်ပိုင်းကုန်းမြေမှ လူများ၏အတွေးထဲ၌ ထိုစကားလုံး ပေါ်လာသည်။

သူ၏ဓားသိုင်းသီးသန့်ဖြင့် လူတစ်ယောက်အား ဓားတစ်ချက်တည်းဖြင့် သတ်ဖြတ်နိုင်သည်။

၎င်းသည် နတ်ဓားသိုင်းမဟုတ်လျှင် မည်သည့်ပညာ ဖြစ်မည်နည်း။

“ငါ သူ့ကို သွားသတ်လိုက်မယ်…”

ရှရီကို ဝန်းရံတိုက်ခိုက်နေကြသူများထဲမှ တစ်ယောက်က ပြောသည်။ ထို့နောက် သူက ဟန်မူယဲ့ထံသို့ ဓားကို ဝှေ့ယမ်းလျှက် ခုန်ဝင်လာ၏။

သူ ရောက်မလာမီကပင် ဓားအလင်းသည် ပေတစ်ရာအလင်းတန်းအသွင်ဖြင့် ကျဆင်းလာ၏။

ဓားဆန္ဒတစ်ဝက်…

အမြုတေဖွဲ့စည်းခြင်း ဒုတိယအဆင့်၊ ဓားဆန္ဒတစ်ဝက်။

ထိုသို့သော ပညာရှင်အား အဆင့်တူမဟုတ်ဘဲ တိုက်ခိုက်နိုင်မည် မဟုတ်ပါ။

ဟန်မူယဲ့သည် ဓားဆန္ဒ၏ ဖိနှိပ်မှုကြောင့် လှုပ်ရှားနိုင်ခြင်းပင် မရှိတော့ချေ။

အဖိုးအိုက နှာခေါင်းရှုံ့ကာ ပြောသည်။

“မင်းက ပါရမီနည်းနည်းကောင်းတယ်။ မင်းကို သတ်တာ အံ့ဖွယ်ကိုးပါးဓားဂိုဏ်းသား ဆယ်ယောက်နဲ့ ညီမျှတယ်”

ချီစုစည်းခြင်းအဆင့်များသာဖြစ်သော ဟန်မူယဲ့နှင့် အလယ်ပိုင်းကုန်းမြေမှ လူငယ်များမှာ ဓားအလင်းကို ခုခံခြင်းငှာ မတတ်နိုင်ပါ။

ဟန်မူယဲ့ထံမှ ထူးဆန်းသော အငွေ့အသက်များ စတင်ထွက်ပေါ်လာသည်။

အဖိုးအို၏အမူအရာ ပြောင်းလဲသွားသည်။ သူ၏မျက်လုံးများ ပြူးကျယ်သွားပြီး သူ့ဓားအလင်းမှာလည်း ပိုမိုမြန်ဆန်လာသည်။

ဓားဆန္ဒ…

သည်နေရာတွင် မည်သို့ ဓားဆန္ဒ ရှိနေသနည်း။

ကမ္ဘာမြေအဆင့်သို့ မတက်လှမ်းပါဘဲ တစ်စုံတစ်ယောက်သည် ဓားဆန္ဒကို ဆင်ခြင်နားလည်နိုင်ခြင်း မရှိပါ။

အလယ်ပိုင်းကုန်းမြေမှ လူများဖြစ်စေ၊ အမြုတေဖွဲ့စည်းခြင်း ကျင့်ကြံသူများဖြစ်စေ သူတို့အားလုံးက မျက်လုံးများ ပြူးကျယ်လျှက် ဆန်းပြားနက်ရှိုင်းသော ဓားဆန္ဒကို လှမ်းကြည့်နေကြသည်။

ကလင်…

ဓားဆန္ဒဖြင့် ပေါင်းစပ်ထားသော ကံကြမ္မာဓားသည် အဖိုးအို၏ဓားကို အလွယ်တကူ ကာကွယ်သွားခဲ့သည်။ ထို့အတူ ခရမ်းမီးတောက်ဓားသည်လည်း ထူးဆန်းစွာ ပျောက်ကွယ်သွား၏။

ဓားသည် အဖိုးအို၏လည်ပင်း၌ ပြန်ပေါ်လာသည်။

သွေးများ နေရာအနှံ့သို့ ပြန့်ကျဲသွား၏။

ဓားဆန္ဒနှစ်ခု။

သူက အမြုတေဖွဲ့စည်းခြင်းအဆင့်ပညာရှင်အား ဓားတစ်ချက်တည်းဖြင့် သတ်ဖြတ်ခဲ့သည်။

ဓားကို လက်ထဲသို့ ပြန်လည်ဖမ်းယူလိုက်ပြီးနောက် ဟန်မူယဲ့က နောက်လှည့်ကာ ရှရီနှင့် အမြုတေဖွဲ့စည်းခြင်းအဆင့် သုံးယောက်ထံသို့ တဆက်တည်း ပြေးဝင်သွားသည်။

သူက အလယ်ပိုင်ကုန်းမြေမှ လူများအား ကယ်တင်ရန် ဆုံးဖြတ်ခဲ့မှတော့ အားလုံးကို ကယ်တင်ရပေမည်။

အမြုတေဖွဲ့အစည်းခြင်းအဆင့်တစ်ယောက်အား သတ်ဖြတ်နိုင်မှတော့ နောက်ထပ်သုံးယောက်ကို သတ်ဖြတ်ရန်မှာလည်း သိပ်မခက်ခဲတော့ပါ။

All Chapters