← Chapters

ပြိုင်စံရှားဓားသမား

Vol. 12 Ch. 168

ပြိုင်စံရှားဓားသမား

Vol. 12 Ch. 168

အပြောင်းအလဲက မြန်ဆန်လွန်းရာ တိုက်ပွဲများအားလုံး ရပ်တန့်သွားသည်။

အမြုတေဖွဲ့အစည်းခြင်းအဆင့်များသည် ပုံမှန်ဆိုပါက ဂိုဏ်းများ၌ အကြီးအကဲချုပ်များနှင့် ခေါင်းဆောင်များ ဖြစ်ကြသည်။

ဓားတစ်ချက်။

အသေသတ်ခြင်း။

အနောက်ဘက်နယ်စပ်ကုန်းမြေ၌ ကောင်းကင်ဘုံတစ်ဝက် ထိပ်သီးပညာရှင်များသည်ပင် အမြုတေဖွဲ့စည်းခြင်းအဆင့်များအား ဓားတစ်ချက်တည်းဖြင့် မသတ်ဖြတ်နိုင်ပါ။

ဟန်မူယဲ့ ပြေးဝင်လာတော့မှ ရှရီကို ဝန်းရံနေကြသူများ သတိဝင်လာကြသည်။

“ဒီလူ သေရမယ်”

ရှရီကို ဝန်းရံတိုက်ခိုက်နေသူများထဲမှ နှစ်ယောက်က အချင်းချင်း ကြည့်ကာ ဟန်မူယဲ့ထံသို့ ပြေးဝင်လာကြသည်။

ရှရီက သူတို့အား တားဆီးရန် ပြင်သော်လည်း နောက်ဆုံးကျန်ရစ်သော အမြုတေဖွဲ့စည်းခြင်း ကျင့်ကြံသူက ရှရီကို တိုက်ခိုက်လိုက်၏။

ဟန်မူယဲ့ရှေ့တွင် အမြုတေဖွဲ့စည်းခြင်းအဆင့်နှစ်ယောက် တိုက်ခိုက်လာကြသည်။

သူ့လက်ထဲမှ ဓားသည် သူ့ခန္ဓာကိုယ်မှ သွေးများအား ဆူပွက်စေသည်။

ထိုအခိုက်တွင် သူသည် ဓားသမားတစ်ဦး ဖြစ်ရခြင်း၏ ပျော်ရွှင်မှုအား ခံစားရသည်။

ဓားတစ်ချက်တည်းဖြင့် သတ်ဖြတ်ရခြင်းအား မည်သူက စိတ်မကြေနပ်ဘဲ နေမည်နည်း။

ကျင့်ကြံခြင်းနှင့် ဓားကိုင်ခြင်းတို့အားလုံးမှာ ထိုအခိုက်အတန့်အတွက် ဖြစ်သည်။

သူက ဓားကို လွှတ်လိုက်သည်တွင် ခရမ်းမီးတောက်ဓားသည် လခြမ်းကွေးအသွင်သို့ ပြောင်းလဲသွား၏။

ဟန်မူယဲ့က ဓားကို မြှောက်လိုက်၏။

သည်မတိုင်ခင် ကုန်ခမ်းသွားသော ဓားဆန္ဒနှစ်ခုသည် မရေမတွက်နိုင်သော ဓားချီများအဖြစ် အသွင်ပြောင်းလဲသွားကာ သူ၏ဓားနှစ်လက်အား ရစ်ပတ်သွားကြ၏။

“လစန္ဒဂိုဏ်းရဲ့ ဓားသိုင်း…”

မုတ်ဆိတ်တိုဖြင့် အဖိုးအိုက အသံတိုးတိုးဖြင့် အော်လိုက်သည်။ သူက လက်နှစ်ဖက်ဖြင့် ဓားကို ကိုင်ကာ ခုတ်လိုက်လျှင် ဓားအလင်းသည် ရေနဂါးအလား ခရမ်းမီးတောက်ဓားအား တားဆီးသည်။

ဓားများ ရင်ဆိုင်ထိတွေ့လျှင် အဖိုးအို၏အမူအရာ ထပ်မံ၍ ပြောင်းလဲသွားသည်။

ခရမ်းမီးတောက်ဓား၏စွမ်းအားသည် သူ့ဓားအောက် မလျော့ပါ။

ဓားဆန္ဒ…

ဓားသည် ဓားဆန္ဒဖြင့် ပေါင်းစပ်ထားခဲ့သည်။

ဝုန်း…

ရေနဂါးပေါက်ကွဲသွားကာ ခရမ်းမီးတောက်ဓားသည် စာငှက်အလား ကခုန်သည်။

ညာဘက်မှ အဖိုးအိုက သူ၏လက်မှ ပါးလျသော ဓားကို မြှောက်လိုက်သည်။ ဓားသည် မုန်တိုင်းအသွင်သို့ ပြောင်းလဲသွားကာ ဟန်မူယဲ့၏ကံကြမ္မာဓားနှင့် ထိပ်တိုက်တွေ့သည်။

ဒင်…

တိုးညင်းသော အသံနှင့်အတူ ဓားနှစ်လက် ပြန်ကွဲကွာသွားသည်။

“အံ့ဖွယ်ကိုးပါးဓားဂိုဏ်းရဲ့ ကြေးဓားနည်းစနစ်…”

အဖိုးအိုက မျက်မှောင်ကြုတ်ကာ ဟန်မူယဲ့အား ကြည့်သည်။

ခရမ်းမီးတောက်ဓား ပြန်လှည့်လာ၏။ ဟန်မူယဲ့က လက်နှစ်ဖက်ကို ဆန့်ထုတ်လိုက်ကာ ဓားနှစ်လက်ကို ပြန်လက်ခံလိုက်သည်။ သူသည် အမြုတေဖွဲ့စည်းခြင်းအဆင့် နှစ်ဦးအား တားဆီးခဲ့သည်။

“ပြိုင်စံရှားဓားသမားပဲ”

ဝန်းရံထားသည်မှ လွတ်လာပြီးနောက်တွင် အနက်ရောင်ဝတ်အမျိုးသမီးသည် ဟန်မူယဲ့အား လှမ်းကြည့်ကာ တီးတိုးရေရွက်သည်။

တခြားလူများကလည်း အနက်ရောင်ဝတ်လူများနှင့် တိုက်ခိုက်ရာမှ နောက်ဆုတ်ကာ ပါးစပ်အဟောင်းသားဖြင့် ဟန်မူယဲ့ကို ကြည့်နေကြ၏။

သူတို့က ဟန်မူယဲ့ တိုက်ခိုက်သည်ကို တွေ့မြင်လေ သူ့အား လေးစားအံ့အားသင့်ရလေ ဖြစ်သည်။

ထိုသို့သော ဓားနည်းစနစ်ကား အင်မော်တယ်တစ်ပါးထံ၌သာ ရှိပေလိမ့်မည်။

အမြုတေဖွဲ့စည်းခြင်းအဆင့် ၂ဦး၏အမူအရာကား သုန်မှုန်နေသည်။ သူတို့ထံမှ အရှိန်အဝါများ ပိုမိုစုစည်းလာခဲ့ကြကာ ဟန်မူယဲ့အား ဓားများဖြင့် ထပ်မံ၍ ခုတ်ပိုင်းကြ၏။

“ကျင့်ရှန်းဓားဂိုဏ်းရဲ့ တောင်ပြန်ဓားသိုင်း…”

ဟန်မူယဲ့က တီးတိုးရေရွက်လျှင် ကံကြမ္မာဓားကလည်း ပြေးထွက်သွားသည်။

ဟန်မူယဲ့၏စကားကြောင့် တစ်ဘက်အဖိုးအို၏မျက်နှာက ပျက်သွား၏။ သို့သော်လည်း သူ၏ဓားကွက်ကို ပြောင်းလဲရန် ခက်ခဲသွားပြီ ဖြစ်သည်။

ကလင်…

ဓားနှစ်လက် ထိပ်တိုက်တွေ့ကာ ဓားချီများ ပေါက်ကွဲသွားသည်။

ဟန်မူယဲ့က ရယ်မောလိုက်ကာ သူ၏ညာလက်မှ ခရမ်းမီးတောက်ဓားအား ဝှေ့ယမ်းလိုက်သည်။

“ကျုပ် ဘာလုပ်နိုင်လဲ ကြည့်ရအောင်…”

ထိုအခိုက်တွင် သူ၏ညာလက်သည် ကျင့်ရှန်းဓားဂိုဏ်း၏ တောင်ပြန်ဓားသိုင်းအား အသုံးပြုလုပ်ခြင်း ဖြစ်သည်။

ဓားအလင်းသည် တောင်ကုန်းအသွင်သို့ ပြောင်းလဲသွား၏။ ၎င်း ထွက်ပေါ်လာသည်နှင့် တောင်ကုန်းသည် တက်လှမ်းရန် မဖြစ်နိုင်သော ခံစားချက်ကို ပေးသည်။

ခုနက် ထိုသိုင်းကွက်အား သုံးခဲ့သော အမြုတေဖွဲ့စည်းခြင်းကျင့်ကြံသူနှင့် နှိုင်းယှဉ်ပါက ဟန်မူယဲ့၏သိုင်းကွက်သည် ပိုမိုနက်ရှိုင်း ကောင်းမွန်နေသေးသည်။

ထိုသိုင်းကွက် ပေါ်လာသည်နှင့် ကျင့်ရှန်းဓားဂိုဏ်းမှ အမြုတေဖွဲ့စည်းခြင်းအဆင့်နှစ်ဦးသည် မျက်လုံးများ ပြူးသွားကြ၏။

“မင်းက ဘယ်သူလဲ”

မုတ်ဆိတ်တိုဖြင့် အဖိုးအိုက အံကြိတ်လိုက်သည်။ သူ၏လက်မှ ဓားသည် ဓားချီများဖြင့် တောက်ပနေကာ ဟန်မူယဲ့အား ဒေါသတကြီး ကြည့်သည်။

သူသည် ယခုအဆင့်အား ရရှိရန် နှစ်တစ်ရာခန့် ထိုဓားသိုင်းအား လေ့ကျင့်ခဲ့ရသည်။

သည်လူက ကျင့်ရှန်းဓားဂိုဏ်း၏ ဘိုးဘေးတစ်ဦး ဝင်စားသည်များလား။

မဟုတ်လျှင် ထိုသို့ ဓားသိုင်းစနစ်ကို သုံးနိုင်သူ မည်သို့ ရှိမည်နည်း။

ဝုန်း…

တောင်ကုန်း ပေါက်ကွဲထွက်သွားကာ အမြုတေဖွဲ့စည်းခြင်းကျင့်ကြံသူအား နောက်ဆုတ်သွားစေသည်။

ဟန်မူယဲ့က လေထဲတွင် သိန်းငှက်အလား ဖြန့်ကျက်ကာ တိုးဝင်သွားသည်။

ထိုဓားနှစ်လက်သည် တစ်ဘက်ရန်သူ၏အာရုံကို ထွေပြားစေလိုခြင်းသာ ဖြစ်သည်။

ယခု ဓားချက်သည်သာ အစစ်အမှန် သတ်ဖြတ်ရန် ဖြစ်သည်။

သူ၏ဓားထံမှ အပူလှိုင်းများ စတင်ဖြစ်ပေါ်လာသည်။

မီးလောင်ပြင်ဓားသိုင်း။

မီးလောင်ပြင်ဓားသိုင်းသည် ယခင်က ဓားစံအိမ်အကြီးအကဲနှင့် ခေါင်းဆောင်တောက်ရင်တို့ ပူးပေါင်းသုံးစွဲရသော နည်းစနစ်ဖြစ်သည်။

ဓားအလင်းနှစ်ခု ပေါင်းစပ်ကာ လေနှင့်မီးဓာတ်တို့အား ရောနှောစေသည်။

ထိုဓားသိုင်းသည် ကောင်းကင်ဘုံတစ်ဝက်အဆင့်၏လက်ထဲတွင် ကောင်းကင်ဘုံအဆင့်ပညာရှင်အား ယှဉ်ပြိုင်တိုက်ခိုက်နိုင်၏။

မီးနဂါး ဖြစ်ပေါ်လာသည်တွင် မုတ်ဆိတ်ဖြူအဖိုးအို၏အမူအရာ ကြီးစွာ ပြောင်းလဲသွား၏။

ထိုသို့သော ဓားနည်းစနစ်တွင် ဝိညာဉ်ရှိကာ စွမ်းအားသည် အဆမတန် ကြီးမား၏။

၎င်းသည် ဓားမာန်ဟုန်ဖြစ်တည်ရန် ခက်ခဲသေးသော်လည်း ဓားမာန်ဟုန်၏အငွေ့အသက်များ ရှိနေပြီ ဖြစ်သည်။

ထိုသို့သော ဓားသိုင်းမှာ တားဆီးရန် မဖြစ်နိုင်ပါ။

“ဂျူနီယာညီလေးဟောက်… မင်း မြန်မြန်ထွက်သွားတော့…”

သူက အော်ဟစ်လိုက်ကာ သူ၏လက်မှ ဓားအလင်း ပေါက်ကွဲထွက်လာသည်။ သူ့ခန္ဓာကိုယ်တွင် အရိပ်သဏ္ဍာန်တစ်ခု ဖြစ်ပေါ်လာကာ ဓားအလင်းသည် မီးနဂါးထံသို့ တိုးဝင်သွား၏။

အင်အားကို အင်အားဖြင့် တုန့်ပြန်ခြင်း။

အင်အားကို အမြုတေဖွဲ့စည်းခြင်းစွမ်းအားဖြင့် ဖိနှိပ်ခြင်း။

ဟန်မူယဲ့က ခေါင်းယမ်းသည်။

သူသာ သူ၏ကိုယ်ပိုင်ခွန်အားဖြင့် တိုက်ခိုက်ခြင်း ဆိုပါက သူ၏ချီစုစည်းခြင်းအဆင့်ဖြင့် အမှန်တကယ်ပင် အမြုတေဖွဲ့စည်းခြင်းစွမ်းအားကို မယှဉ်နိုင်ပါ။

သို့သော်လည်း မီးလောင်ပြင်ဓားသိုင်းသည် ဓားဆန္ဒ၏လက်ကျန်စွမ်းအားဖြင့် အသုံးပြုခဲ့ခြင်း ဖြစ်သည်။

ဓားဆန္ဒသည် လေနှင့်မီးဓာတ်တို့ဖြင့် ပေါင်းစပ်ထား၏။ ၎င်းအား တားဆီးမရနိုင်ပါ။

ဂါး…

မူလက ဆယ်ပေခန့်သာ ရှည်လျားသော မီးနဂါးသည် တမုဟုချင်း ပေ ၃၀၀ ခန့်အထိ ကြီးမားလာခဲ့ကာ မုတ်ဆိတ်ဖြူအဖိုးအိုအား ဝါးမျိုသွားသည်။ ကောင်းကင်တွင် မီးနဂါးသည် လောကတခွင်အား တုန်ခါသွားစေ၏။

မီးနဂါးသည် ကောင်းကင်တွင် မာန်ဖီကာ မြေပြင်သို့ ပြေးလွှားသွားသော အမြုတေဖွဲ့စည်းခြင်းကျင့်ကြံသူအား အမြီးဖြင့် ရိုက်နှက်ကာ တခြားအနက်ရောင်ဝတ်ကျင့်ကြံသူများအား မီးလျှံများဖြင့် မှုတ်ထုတ်လိုက်သည်။ ထို့နောက်တွင်မှ ၎င်းသည် လုံးဝ ပျောက်ကွယ်သွား၏။

မီးနဂါး၏ဝါးမျိုခြင်းခံရသော အမြုတေဖွဲ့စည်းခြင်းအဆင့်ကျင့်ကြံသူမှာလည်း ပျောက်ကွယ်သွား၏။

၎င်းသည် မီးလောင်ပြင်ဓားသိုင်း ဖြစ်သည်။

အံ့ဖွယ်ကိုးပါးဓားဂိုဏ်း၊ မီးဓာတ်မျိုးဆက်ဓားသိုင်း၏အရှိန်အဝါကား ကြီးမားလွန်းလှသည်။

မီးနဂါးပျက်ပြယ်သွားလျှင် ဟန်မူယဲ့သည် သူ၏ဓားဖြင့် ရပ်နေသည်။ သူ့ပတ်ပတ်လည်မှ ပေတစ်ထောင်ခန့်မှာ အရာအားလုံး လောင်ကျွမ်းသွားပြီး ဖြစ်သည်။

သူနှင့် တိုက်ခိုက်သော အမြုတေဖွဲ့စည်းခြင်းပညာရှင်နှစ်ဦး၌ တစ်ဦးမှာ သေဆုံးသွားကာ နောက်တစ်ဦးမှာ မြေပြင်ပေါ်သို့ ကျသွားသည်။ သူ သေသည်ရှင်သည် မသိရသေးပေ။

သူ၏ဓားတာအိုက မည်မျှ အားကောင်းသနည်း။

ဓားသမားတစ်ဦးသည် ထက်ရှသော ဓားတစ်လက်အား အလိုရှိသည်။

သူ၏လက်မှ ဓားသည် ဓားကောင်းတစ်လက်မဟုတ်ပါက သူသည် ကောင်းကင်အား မည်သို့ အံတုန့်ရမည်နည်း။

ဟန်မူယဲ့က ရှရီအား အမြုတေဖြိုဖျက်၍ အစွမ်းကုန်တိုက်ခိုက်နေသော လူအား လှမ်းကြည့်သည်။

ထိုအခိုက်တွင် အဖိုးအို၏မျက်လုံးများမှာ နီရဲနေပြီး ရူးသွပ်နေသည့်အလား ထင်မှတ်ရသည်။

“မင်းတို့အားလုံး သေကြ… သေကြစမ်း…”

သူက အရူးတစ်ယောက်ပမာ အော်ဟစ်ကာ တိုက်ခိုက်နေ၏။

မိမိကိုယ်ကို ဖြိုဖျက်တိုက်ခိုက်ခြင်း။

အမြုတေဖြိုဖျက်ခြင်း၏စွမ်းအားသည် ကြီးမားလွန်းရကား ကောင်းကင်ဘုံတစ်ဝက်အဆင့်များပင် ခေါင်းကိုက်ရပေသည်။

ရှရီ၏အမူအရာ ပြောင်းလဲသွားကာ အော်ဟစ်လိုက်သည်။

“မိတ်ဆွေလေးဟန်… နောက်ဆုတ်ပါ”

အကယ်၍ အမြုတေသာ ပြိုပျက်သွားပါက ဆယ်မိုင်ပတ်လည်မှ အရာအားလုံး ထိခိုက်ဒဏ်ရာရနိုင်၏။

ဟန်မူယဲ့တို့သာ နောက်မဆုတ်ပါက သူတို့သည်လည်း သေဆုံးသွားနိုင်ချေရှိသည်။

ရှရီက အံ့ဖွယ်နေမင်းဓားကို မြှောက်ကာ သူ၏ခန္ဓာကိုယ်မှ စွမ်းအားများကို စုစည်းသည်။

“အံ့ဖွယ်နေမင်းကိုယ်ရံတော်… တရားမျှတခြင်းကို ကိုယ်စားပြုတယ်”

သူက အော်ဟစ်လိုက်ကာ သူ့ဓားမှ စွမ်းအားများသည် အလင်းအရံအတားအဖြစ် ပြောင်းလဲကာ ရှေ့ကို တိုးဝင်သွား၏။

ဟန်မူယဲ့က ခေါင်းယမ်းသည်။

ထိုနည်းလမ်းမှာ အလုပ်မဖြစ်ပါ။

သူက ကောင်းကင်ဘုံအဆင့်တစ်ဝက်မဟုတ်ဘဲ အမြုတေဖြိုဖျက်ခြင်း၏စွမ်းအားကို မည်သို့ တားဆီးမည်နည်း။

ဟန်မူယဲ့က သူ၏ဓားကို ရှေသို့ ချိန်ရွယ်လိုက်သည်။

ဝှစ်…

လေခွင်းသံတစ်ချက်နှင့်အတူ အလင်းတန်းတစ်ခု ဖြစ်ပေါ်လာသည်။

၎င်းအလင်းတန်းသည် မြန်ဆန်လွန်းရကား သာမန်မျက်လုံးဖြင့် ကြည့်ရန်ပင် ခက်ခဲသည်။

မူလက အမြုတေကို ဖြိုဖျက်ရန် ပြင်နေသော အဖိုးအိုမှာ မျက်လုံးပြူးသွားသည်။ သူက အမြုတေကို ဖြိုဖျက်လိုက်သော်လည်း ၎င်းစွမ်းအားကို ထိန်းချုပ်ကာ အဖျက်စွမ်းအားအဖြစ် မပြောင်းလဲရသေးမီတွင်ပင် သူ့ခန္ဓာကိုယ်အား တစ်စုံတစ်ခု ထွင်းဖောက်သွားသည်။

“ဓားဆေးလုံး…”

ရှရီက ဟန်မူယဲ့ ပြန်လည်ဖမ်းယူသိမ်းဆည်းလိုက်သော ဓားဆေးလုံးအား ကြည့်ကာ ရေရွက်သည်။

“စွမ်းလှချည်လား…”

“ဒါက အနောက်ဘက်နယ်စပ်ကုန်းမြေရော ဟုတ်ရဲ့လား”

အဝေးတွင် အလယ်ပိုင်းကုန်းမြေမှ လူငယ်ရှစ်ဦးက တီးတိုးပြောကြသည်။

အလယ်ပိုင်းကုန်းမြေတွင်ပင် ထိုသို့သောသူမှာ အလွန်ရှားပါး၏။

အနောက်ဘက်နယ်စပ်ကုန်းမြေ၏ဓားအမွေအနှစ်များမှာ ထိုမျှ စွမ်းအားကြီးသည်များလား။

ဟန်မူယဲ့က ကျောက်တုံးတစ်တုံးပေါ်သို့ ကျဆင်းလာကာ ပတ်ပတ်လည်အား ကြည့်သည်။

အနက်ရောင်ဝတ်လူများအားလုံးမှာ တုန်ယင်နေကြသည်။

ကမ္ဘာမြေအဆင့်တန်ခိုးရှင်နှစ်ဦးမှာလည်း ကြောက်လန့်တကြား ကြည့်နေကြ၏။

အမြုတေဖွဲ့စည်းခြင်းအဆင့်များပင် မခုခံနိုင်ပါက သူတို့က ဘာများ တတ်နိုင်မည်နည်း။

ဝုန်း…

ထိုအခိုက်တွင် ကမ်းပါးထံမှ ကျယ်လောင်သံတစ်ချက် ကြားရ၏။ မရေမတွက်နိုင်သော အစိမ်းရောင်ကျောက်တုံးများ ကျဆင်းလာသည်။

ကမ်းပါးတစ်ခုလုံး လှုပ်ယမ်းလာ၏။

စွမ်းအင်လှိုင်းတစ်ခု သူတို့အား ရိုက်ခတ်လာသည်။

ရှရီ၏အမူအရာက ပြောင်းလဲသွားသည်။

“ဒါက မိစ္ဆာပဲ”

၎င်းသည် ပြီးပြည့်စုံသော ကမ္ဘာမြေအဆင့် ဖြစ်သည်။ ဆိုလိုသည်က ထိုမိစ္ဆာသည် ကောင်းကင်ဘုံတစ်ဝက်အဆင့်၌ ရှိနေ၏။

အနက်ရောင်ဝတ်လူများ ကြောက်လန့်တကြား ထွက်ပြေးကြသည်။

ဝှစ်… ဝှစ်… ဝှစ်…

သိပ်မဝေးသောနေရာမှ အစိမ်းရောင်နွယ်ပင်များ ဖြစ်ပေါ်လာကာ ထိုအနက်ရောင်ဝတ်လူများအား ဆွဲငင်ယူသွားသည်။ ထို့နောက် မြေကြီးထဲသို့ နှစ်မြုတ်ကာ ဝါးမျိုသွား၏။

ဤသည်ကား အလွန်အစွမ်းကြီးသော သစ်သားမိစ္ဆာဖြစ်သည်။

အလယ်ပိုင်းကုန်းမြေမှ လူငယ်များလည်း ကြောက်လန့်တကြား ရှရီ၏ဘေးသို့ ရောက်လာကြသည်။

ရှရီက ကမ်းပါးမှ အဆက်မပြတ် ကျဆင်းလာသော နွယ်ပင်များအား ကြည့်ကာ အသံတိုးတိုးဖြင့် ပြောသည်။

“ဒီမိစ္ဆာဟာ ကောင်းကင်ဘုံတစ်ဝက်အဆင့်ရှိတယ်။ ငါတို့ ဒီနေရာက ထွက်သွားဖို့ လွယ်ကူမှာ မဟုတ်ဘူး”

ဟန်မူယဲ့က ကမ်းပါးကို လှမ်းကြည့်သည်။

သူ့ကြောင့် ဒဏ်ရာရသွားသော အမြုတေဖွဲ့စည်းခြင်းအဆင့်သည်ပင် နွယ်ပင်များ၏ဆွဲငင်ယူဆောင်မှုကို ခံလိုက်ရပြီ ဖြစ်သည်။

“မိတ်ဆွေလေး… ကျုပ်က အမြုတေကို ဖြိုဖျက်ပြီးတော့ သူ့ကို တားကြည့်မယ်။ မင်းတို့ ထွက်ပြေးဖို့ အချိန်ခဏတော့ ရမှာပါ”

ဓားကို ကိုင်ထားရင်း သူက ဟန်မူယဲ့ကို ပြောသည်။

သူ့စကားကို ကြားလျှင် ဟန်မူယဲ့ ခေါင်းယမ်းသည်။

သူက သက်ပြင်းတစ်ချက်ရှိုက်ကာ ကမ်းပါးကို ကြည့်သည်။

သူ့ရှေ့၌ ဓားဆေးလုံးတစ်ခု လေထဲ အဆက်မပြတ် လည်ပတ်ကာ ပေါ်လာသည်။

ဓားပျံ၊ ဓားချီဖြင့် ကောင်းကင်ကို လွန်ဆန်ခြင်း။

သူသည် လေထဲကို မြောက်တက်လာလျှင် ဓားအင်မော်တယ်တစ်ပါးနှင့်ဆင်တူလှသည်။

ဟန်မူယဲ့ထံ၌ ဓားအငွေ့အသက်များ ပြင်းထန်စွာ ဖြစ်ပေါ်လာသည်။

“ဒီသိုင်းကွက်နာမည်က ‘ဓား ၁၀၀၀၀ တို့အိမ်အပြန်’ လို့ခေါ်တယ်။ ဒီက စီနီယာအနေနဲ့ကျုပ်ကို အနည်းငယ် လမ်းညွှန်စေချင်တယ်”

All Chapters