မိုဝူကျိ၏ အခြေအနေ
Vol. 45 Ch. 617
“ ခင်ဗျားက သင်္ကေတ ခုနှစ်သွယ် ပသာဒ ဆေးလုံးကို ဖော်စပ်ဖို့ တောင်းဆိုနေတာလား ..” မိုဝူကျိက ကျော့ဖျင်အန်းစကားအဆုံးတွင် မေးလိုက်သည်။
ကျော့ဖျင်အန်း၏ နှုတ်ခမ်းများက အနည်းငယ် တွန့်ချိုးသွားလေ၏။ သူက ထိပ်တန်း အင်မော်တယ်ဧကရာဇ် တစ်ယောက် ဖြစ်ပေရာ အင်မော်တယ်ဘုရင်အဆင့်ပင် မရောက်သေးသည့် ဆေးလုံးဆရာတစ်ယောက်ဆီ “ တောင်းဆို” ဆိုသည့် စကားလုံးကို သုံးရမည်လား။
သို့သော်လည်း မိုဝူကျိက သူ့ကို မျက်လုံးထဲ မထည့်ထားသည့်အတွက် ဘာမှမတတ်နိုင်ချေ။ တစ်ဖက်လူ၏ ကျင့်ကြံဆင့်က မမြင့်သော်လည်း ဆေးလုံးဧကရာဇ်တစ်ယောက်အနေနှင့် မိုဝူကျိက “ တောင်းဆို” ဆိုသည့် စကားလုံးကို သုံးဖို့ရာ အရည်အချင်း ရှိပေသည်။ ထိုအတွေးဖြင့် ကျော့ဖျင်အန်းက တည်ငြိမ်သွားပြီး သူ့လေသံမှာ အေးအေးဆေးဆေး ဖြစ်သွားကာ “ ဟုတ်တယ် … ကျုပ်အတွက် သင်္ကေတ ခုနှစ်သွယ် ပသာဒဆေးလုံးကို ဖော်စပ်ဖို့ တောင်းဆိုနေတာပါ ”
“တောင်းဆို” ဆိုသည့် စကားလုံးကို ပြောလိုက်ပုံမှာ နားထဲ ထော်လော်ကန့်လန့်နိုင်လှသည်။
မိုဝူကျိက ကျော့ဖျင်အန်း သဘောထားကို စိတ်ထဲ မထားပေ။ အင်မော်တယ်ဧကရာဇ်မှာ ထိပ်တန်း တည်ရှိုမှုမျိုး ဖြစ်ပေသည်။ သို့သော်လည်း တခြားသော အင်မော်တယ်ဧကရာဇ်များစွာ ရှိနေသေးရာ တစ်ဖက်တွင် မိုဝူကျိက ဝိညာဉ်ကြောမရှိသည့် တစ်ဦးတည်းသော ကျင့်ကြံသူ ဖြစ်၏။ သူ့တည်ရှိမှုမှာလည်း အင်မော်တယ်ဧကရာဇ်ထက် ထူးခြားမှု မနည်းချေ။ ထို့အပြင် သူက ဂုဏ်ထူးဆောင် အဆင့် 7 ဆေးလုံး ဧကရာဇ် ဖြစ်နေသေး၏။ အင်မော်တယ်ဧကရာဇ်တစ်ယောက်ထက်ပင် ရှားပါးသော တည်ရှိမှုမျိုး ဖြစ်ပေသည်။
“ ဘာလို့ ခင်ဗျားအတွက် ဆေးလုံးဖော်စပ်ပေးရမှာလဲ ” မိုဝူကျိက မျက်မှောင်အနည်းငယ် ကျုတ်ကာ မေးလိုက်သည်။ သူက ဤမေးခွန်းမေးသင့်သူ မဖြစ်သင့်ပေ။ ကျော့ဖျင်အန်းအနေဖြင့် အရင်ဦးစွာ ဝန်ဆောင်ခအကြောင်း ပြောသည့်အခါမှ ညှိနှိုုင်း၍ ရမည် မဟုတ်လား။
သို့သော်လည်း သူက ထိုလူ အရေထူလိမ့်မည်ဟု မတွေးမိဖူးပေ။ သူ့ဝန်ဆောင်ခအကြောင်းကို တစ်စက်လေးမျှ မဟပေ။ ထိုလူက သူ့လို မဟာဧကရာဇ်တစ်ယောက်အတွက် ဆေးဖော်စပ်ပေးရသည်မှာ မိုဝူကျိအတွက် ဂုဏ်ယူစရာဟုများ တွေးထင်နေသလား။ မိုဝူကျိအနေဖြင့် ထိုသို့ သုံးစားမရသည့် ဂုဏ်ယူမှုမျိုး မလိုအပ်ပေ။
သူက မိုဝူကျိ စကားများ ကြားသောအခါ ကျော့ဖျင်အန်း မျက်နှာမှာ သုန်မှုန်သွားကာ သူ့စိတ်ထဲမှ သတ်ဖြတ်လိုစိတ်များက နောက်တဖန် ထွက်ပေါ်လာပြန်သည်။ မိုဝူကျိ မျှော်လင့်ထားသည့်အတိုင်း သူက မိုဝူကျိကို ဘယ်ဝန်ဆောင်ခမှ ပေးရန် မရည်ရွယ်ထားပေ။ အများဆုံး မိုဝူကျိကို သူ့နာမည် အသုံးပြုခွင့် ပြုနိုင်ရုံသာ ဖြစ်၏။
“ တာ့ဟွမ် တိုက်ဖို့ပြင် … ငါတို့တွေ ထွက်သွားကြမယ် ….” မိုဝူကျိက ကျော့ဖျင်အန်း၏ ဒေါသကို အာရုံခံမိသည်နှင့် တန်းပြောလိုက်သည်။
သူက ကျော့ဖျင်အန်းအား ကျေနပ်စေရန် ဤနေရာသို့ ရောက်လာခြင်း မဟုတ်ဘဲ ညှိနှိုင်းဆွေးနွေးရန် ရောက်လာခြင်း ဖြစ်၏။ ပြောရလျှင် သူက အကူအညီပေးရန် ရောက်လာခြင်း ဖြစ်ပေသည်။ သို့သော် ဤလူအိုကြီးက သူ့အား အင်အားသုံး၍ ခြိမ်းခြောက်လိုနေသည်။ မိုဝူကျိပ၏ စိတ်ရှည်မှု ကန့်သတ်ချက်ကား ကျော်လွန်သွားလေပြီ။
“ ဆေးလုံးဆရာမို … ဘာကို ပြောချင်တာလဲ ….ကျုပ်အတွက် ဘာလို့ ဆေးမဖော်စပ်ပေးချင်ရတာလဲ ” ကျော့ဖျင်အန်းက လက်တစ်ချက် ဝှေ့လိုက်သည့်အခါ ခေါက်ယပ်တောင်လေးက သူ့လက်ထဲ ရောက်ရှိလာသည်။ တစ်ချိန်တည်းတွင် သူ့စွမ်းအားစက်ကွင်းမှာ စတင်၍ ထွက်ပေါ်လာသည်။ သို့သော်လည်း သူက စွမ်းအားစက်ကွင်းနှင့် အရှိန်အဝါမျှ သုံးထားခြင်း မဟုတ်ဘဲ သူ့ပြင်းထန်လှသော သတ်ဖြတ်ငွေ့များက မိုဝူကျိဆီ ရောက်ရှိသွားလေသည်။
မဟာဧကရာဇ်တစ်ယောက်တွင် မဟာဧကရာဇ်၏ မာန ရှိပေသည်။
ဒီပါးမွှားလေးက သူ့ဆီမှာ အင်မော်တယ်အရုပ်ရှိရုံနဲ့ တော်လှပြီ အောက်မေ့နေတာလား
ယနေ့ သူ ကျော့ဖျင်အန်း၏ စိတ်ရှည်မှုမှာလည်း ကန့်သတ်ချက် ရောက်ရှိသွားလေပြီ။ ပါးမွှားလေးတစ်ယောက်အား ဤမျှစိတ်ရှည်လက်ရှည် ပြောပေးနေသည်မှာ ပထမဆုံးအကြိမ် ဖြစ်၏။ သို့သော် ထိုသူက အင်မော်တယ်အရုပ်တစ်ရုပ်ကြောင့် တစ်လောကလုံး ထိပ်ဆုံး ရောက်ရှိနေကြောင်း ထင်နေလိမ့်မည်ဟု မမျှော်လင့်မိခဲ့ပေ။
မိုဝူကျိက လှေကေားထိပ်ထိ နောက်ဆုတ်ကာ အေးစက်စွာ ပြောလိုက်သည် “ ခင်ဗျားကို ခင်ဗျား ဘယ်သူထင်နေတာလဲ ။ ခင်ဗျားအတွက် ဘာလို့များ ဆေးဖော်စပ်ပေးနေရမှာလဲ … တာ့ဟွမ် တိုက်တော့ ….. ”
ကျော့ဖျင်အန်းက မိုဝူကျိအပေါ် ဖိနှိပ်ထားချင်ရုံမျှ ဖြစ်ပေသည်။ သူက မိုဝူကျိသည် သူ့ကို မကြောက်ရွံ့ဘဲ အရင်ဦးစွာ တိုက်ခိုက်ရဲလိမ့်မည်ဟု မထင်ထားခဲ့ပေ။
တာ့ဟွမ်က လက်သီးချက် ပစ်ခွင်းလိုက်ပြီ ဖြစ်၍ ဘေးပတ်လည်နေရာ၌ အက်ကြောင်းအသေးလေးများ ပေါ်လာလေသည်။ အင်မော်တယ် သဘာဝစွမ်းအားများက ပြင်းထန်စွာ ပေါက်ကွဲထွက်သွားကာ အခန်းကို ကာရံပေးထားသည့် ကာကွယ်ရေး အစီအရင်လည်း အသံများ ထွက်ပေါ်လာသည်။
လက်သီးတစ်ချက်က ဤနေရာကို လွှမ်းခြုံသွားလေ၏။
ကူညီပေးချင်သည့် ဟန်လုံက အသက်ရှုဖို့ရာပင် ခက်ခဲလာမိသည်။ သူမက စိုးရိမ်တကြီး နောက်ပြန်ဆုတ်လိုက်ပြီး သူမ နှလုံးသားလည်း လေးလံနေသည်။ အင်မော်တယ်ဘုရင် တစ်ယောက်အနေနှင့် အနည်းငယ် ကူညီပေးနိုင်လိမ့်မည်ဟု မျှော်လင့်မိခဲ့သော်လည်း တာ့ဟွမ်၏ လက်သီးချက် ထွက်ပေါ်လာသည်နှင့် အင်မော်တယ်ဧကရာဇ်များကြားမှ တိုက်ပွဲမှာ သူမအနေနှင့် ဝင်ပါ၍ မဖြစ်ကြောင်း နားလည်လိုက်သည်။
သို့သော်လည်း နောက်မြင်ကွင်းက ဟန်လုံအား ကြောင်အမ်းသွားစေသည်။ သူမအနေနှင့် ဝင်ပါခွင့် မရှိလျှင် မိုဝူကျိအတွက် ပို၍ပင် အခွင့်အလမ်း နည်းပါးဦးမည် မဟုတ်ပါလော။ သို့သော်လည်း မိုဝူကျိက တာ့ဟွမ်ဘေး၌ ရပ်နေလေ၏။ ထိုမျှတင် မကဘဲ သူက ဓားမော့ကို ထုတ်ကာ ကျော့ဖျင်အန်းကို ပိုင်းဖြတ်ချလိုက်သည်။
မိုဝူကျိ၏ ကျင့်ကြံဆင့်မှာ သူမထက် အဆင့်နိမ့်ကြောင်း သေချာနေသော်လည်း မိုဝူကျိက အဆင့် 6 ဆေးလုံးဘုရင်အဖြစ်မှ အဆင့် 7 ဆေးလုံးဧကရာဇ်အဖြစ် တစ်နှစ်အတွင်း တက်လှမ်းသွားပြီး သူမအတွက် ထူးခြားသည့် အင်မော်တယ်ဘုရင်ဆေးလုံး ဖော်စပ်ပေးသည့် အကြောင်းကို တွေးမိလိုက်သောအခါ ဟန်လုံက နားလည်သွားတော့သည်။ မိုဝူကျိကဲ့သို့သော လူမျိုးမှာ အပေါ်ယံကြည့်၍ ဆုံးဖြတ်၍ မရပေ။
မိုဝူကျိက အဆင့် 7 ဆေးလုံး ဧကရာဇ်အဖြစ် ဤမျှအချိန်တိုလေးအတွင်း ရောက်ရှိသွားသည့်အကြောင်းကို ထည့်မပြောလျှင်ပင် မိုဝူကျိက ကျော့ဖျင်အန်းကဲ့သို့ အင်အားကြီးရှေ့၌ အေးဆေးတည်ငြိမ်နေဆဲ ဖြစ်နေသည်မှာ သူမအနေဖြင့် လုပ်နိုင်သည့်အရာ မဟုတ်ချေ။
အကယ်၍ ဟန်လုံ၏ နှလုံးသားက အံ့ဩမှုကြောင့် ခုန်နေသည်ဆိုလျှင် ကျော့ဖျင်အန်း၏ နှလုံးသားမှာ တုန်လှုပ်မှုကြောင့် ပဲ့တင်ရိုက်နေလေ၏။
ဟန်လုံက မိုဝူကျိ ဓားချက်ကို မြင်လိုက်မိသော်လည်း မိုဝူကျိ၏ စွမ်းအားစက်ကွင်းမှာ တာ့ဟွမ်၏ စွမ်းအားစက်ကွင်းနှင့် ပေါင်းစပ်နိုင်စွမ်း ရှိပြီး ကျော့ဖျင်အန်း၏ စွမ်းအာစက်ကွင်းကို ဖိနှိပ်ထားနိုင်ကြောင်း သူမ မသိပေ။
ပို၍ အရေးကြီးသည်မှာ မိုဝူကျိ၏ ဓားချက်မှာ ကောင်းကင်ဘုံမှ မြစ်တစ်စင်း ဆင်းသက်လာသည့်အလား ဖြစ်၏။ ထိုသို့ပြိုင်ဖက်ကင်း တိုက်ကွက်မှာ ကျော့ဖျင်အန်းအပေါ် အမြင်ကောင်းချန်ထားနိုင်ခဲ့သည်။ ထိုဓားချက်မှာ သူ့အတွက် ခြိမ်းခြောက်မှုတစ်ရပ် မဖြစ်သော်ငြား ထိုဓားချက် ဆက်လက်ကြီးထွားလာပါက သူ့အနေနှင့် ထိုဓားချက်ကို မကာကွယ်နိုင်တော့မည့် နေ့ရက် ရောက်ရှိလာပေလိမ့်မည်။ ထိုဓားချက်တွင် သတ်ဖြတ်ငွေ့များကို ချိုးနှိမ်ထားပြီး အမြင်နှင့်တင် အင်အားပြင်း ရိုက်ချက်၏ ရှေးပြေးနမိတ် ဖြစ်ပေ၏။
ကျော့ဖျင်အန်း ခေါင်းထဲ ထိုအတွေး ပေါ်လာလေ၏။ သူက ယပ်တောင်ကို တစ်ဝက်ဖွင့်လိုက်သည့်အခါ ကောင်းကင်ဘုံအား လှုပ်ကိုင်နိုင်သော အားတစ်ခုက တာ့ဟွမ် လက်သီးချက်ဆီ ရောက်ရှိလာသည်။ မိုဝူကျိ ဓားချက်အတွက် သူက ဂရုမစိုက်ပေ။ ထိုဓားချက်မှာ အားပြင်းသော်လည်း နောင်အခါမှ သူ့အား ထိနိုင်လိမ့်မည်။ ယခုတွင်မူ ထိုဓားချက်က သူ့အတွက် ဘာအန္တရာယ်မှ မရှိချေ။
“ ဘုန်း ” အဆောက်အဦးအသေးလေးအတွင်း သဘာဝစွမ်းအားနှစ်ခုက အပြင်းအထန် ထိပ်တိုက်တွေ့ဆုံသွားကြသည်။ သူတို့နှစ်ယောက်ကြား၌ တည်နေရာ အက်ကွဲကြောင်းများ ဖြစ်ပေါ်လာသည်။ အခန်းအတွင်း မီးပန်းများ ပေါက်ကွဲသွားသည့်အလား အခန်းမှာလည်း စတင်၍ ပြိုကျလာသည်။ ကျော့ဖျင်အန်းက မိုဝူကျိ၏ ဓားချက်မှာ ပင်လယ်ကြီးကဲ့သို့သာ ဖြစ်ပြီး ဂယက်ရိုက်မှု မဖြစ်လာစေကြောင်း ခန့်မှန်းထားခဲ့သည်။
ကျော့ဖျင်အန်းက သူ့ယပ်တောင်ကို အသာဝှေ့လိုက်ပြီး မကြာခင်တွင် အခန်းအတွင်း ပေါက်ကွဲမှု မဖြစ်ခဲ့သည့်အလား နဂိုအခြေအနေ ပြန်ဖြစ်သွားသည်။
“ တာ့ဟွမ် သွားကြစို့ ” တာ့ဟွမ်က တိုက်ဖို့ရာ စိတ်အားထက်သန်နေသော်လည်း မိုဝူကျိက လက်ကို မြှောက်ကာ တားလိုက်ရသည်။ သူက တာ့ဟွမ်မှာ ကျော့ဖျင်အန်းထက် အနည်းငယ် အားနည်းကြောင်း ပြောနိုင်ပေ၏။ အကယ်၍ ကျော့ဖျင်အန်းသာ အမှန်တကယ် တိုက်ခိုက်လျှင် သူ့အနေနှင့် ထွက်ပြေးနိုင်ဦးမည် ဖြစ်သော်လည်း တာ့ဟွမ်မှာ သေချာပေါက် အပိုင်းပိုင်း အစစ ဖြစ်သွားပေလိမ့်မည်။
ကျော့ဖျင်အန်းက ဆက်မတိုက်တော့ပေ။ သူက အင်မော်တယ်အရုပ်ရှိနေလျှင် မိုဝူကျိကို ခေါ်ထားရန် မဖြစ်နိုင်ကြောင်း သိထား၏။ တစ်ခုတည်းသော ဖြစ်နိုင်ချေမှာ တာ့ဟွမ်ကို ဖျက်စီးလိုက်သည့်အခါ မိုဝူကျိက ထိုအခွင့်အရေးကို အသုံးချ၍ ထွက်ပြေးပေလိမ့်မည်။
သူ့အတွက် အကျိုးလုံးဝ မရှိချေ။ မိုဝူကျိ၏ အနာဂတ်မှာ တောက်ပကာ အဆုံးအစမဲ့ကြောင်း ပြောနေဖို့ရာ မလိုအပ်ပေ။ ဤသို့သော အလားအလာကောင်းသည့်သူကို ရန်စမိလျှင် သူ့အနေနှင့် အရှုံးသာ ရှိပေလိမ့်မည်။ ထို့အပြင် သူ ရှာနိုင်သမျှအထဲ မိုဝူကျိက အဆင့် 7 ဆေးလုံးဧကရာဇ် ဖြစ်ပေသည်။
“ ဆေးလုံးဆရာမို ကျုပ် မဆင်မခြင် လုပ်မိသွားတယ် … ကျုပ် ကျော့ဖျင်အန်းက တောင်းပန်ချင်ပါတယ် ” ကျော့ဖျင်အန်းက မာနကို ဘေးချိတ်ကာ မိုဝူကျိထံ လက်နှစ်ဖက် ယှက်၍ ပြောလိုက်သည်။
အကယ်၍ တာ့ဟွမ်က ကျော့ဖျင်အန်းကို ဖိနှိမ်ထားနိုင်သူ ဖြစ်လျှင် မိုဝူကျိက ကျော့ဖျင်အန်း တောင်းပန်လျှင်ပင် တုံ့ဆိုင်းခြင်းမရှိ ထွက်သွားမည် ဖြစ်၏။ သို့သော် လက်တွေ့၌ ထိပ်တိုက်ရင်ဆိုင်စဉ် သူက ကူညီခဲ့သော်လည်း တာ့ဟွမ်အနေနှင့် အရေးနိမ့်နေသေး၏။
အကယ်၍ သူသာ ထွက်သွားလျှင် ကျော့ဖျင်အန်းအနေနှင့် ဆက်တားမည် မဟုတ်သော်လည်း လွန်ချိုက်နှင့် မည်သို့များ ရင်ဆိုင်ရမည်နည်း။ အကယ်၍ တာ့ဟွမ်က ကျော့ဖျင်အန်းကို အနိုင်မယူနိုင်လျှင် လွန်ချိုက်ကို အနိုင်ယူနိုင်မည် မဟုတ်ချေ။ မိုဝူကျိက လွန်ချိုက်လက်ထဲ တာ့ဟွမ် ပျက်စီးသွားမည်ကို အလိုမရှိပေ။ ထို့ကြောင့် ကျော့ဖျင်အန်း တောင်းပန်လိုက်ပြီးနောက် မိုဝူကျိက ရပ်တန့်လိုက်သည်။ သူက လက်နှစ်ဖက် ပြန်ဆုပ်ကာ “ တာအိုရောင်းရင်းကျော့က အလေးအနက်ကြီး တွေးလွန်းနေပါပြီ။ ကျုပ်က တာအိုရောင်းရင်းကျော့ကို လာကူပေးတာလေ … တာအိုရောင်းရင်းကျော့က ကျုပ်ကို အထင်သေးလိမ့်မယ်ဆိုတာ ဘယ်လိုလုပ် သိပါ့မလဲ …. ”
ကျော့ဖျင်အန်းလို ဉာဏ်များသည့်သူက မိုဝူကျိက သူ့အကာအကွယ်ရယူရန် ရောက်လာကြောင်း မည်သို့ မသိဘဲ နေမည်နည်း။ သူ့နဂိုရည်ရွယ်ချက်မှာ မိုဝူကျိအား သူ့နာမည် ဌားပေးရန် ကြံရွယ်ထားလေ၏။ သို့သော် ယခုတွင် သူက မိုဝူကျိကို ထိန်းမထားနိုင်ကြောင်း သိ၍ “ ဆေးလုံးဆရာမို …. ရှင်းရှင်းလင်းလင်း ပြောကြတာပေါ့။ ကျုပ်ဆီမှာ သင်္ကေတ ခုနှစ်သွယ် ပသာဒဆေးဖော်စပ်နည်း ရှိတယ် … ဆေးလုံးဆရာမို ဖော်စပ်နိုင်မလားဆိုတာ တစ်ချက်လောက် ကြည့်ပေးပါ ”
ကျော့ဖျင်အန်းက ကျောက်စိမ်းပေလွှာ တစ်ခုကို ထုတ်ကာ မိုဝူကျိအား ပေးလိုက်သည်။
မိုဝူကျိက လက်ကာပြကာ “ ဆေးဖော်စပ်နည်းအကြောင်း မပြောနဲ့ဦး …. အဆင့် 7 ဆေးလုံးဆိုရင် ကျုပ် သေချာပေါက် ဖော်စပ်နိုင်တယ်။ တကယ်လို့ တာအိုရောင်းရင်းကျော့က ကျုပ်ကို မယုံရင် ဒီဗောဓိစိမ်းဆေးလုံးကို တစ်ချက် ကြည့်ကြည့်ပါ ”
သူ့စကားအဆုံးတွင် မိုဝူကျိက ဗောဓိစိမ်းဆေးလုံးကို ထုတ်ကာ ကျော့ဖျင်အန်းအား လှမ်းပေးလိုက်သည်။ အကယ်၍ သူက ဆေးဖော်စပ်နည်းကို ကြည့်လိုက်ပြီး ကျော့ဖျင်အန်းနှင့် သဘောတူညီမှု ညှိနှိုင်း၍ မရခဲ့လျှင် ကိစ္စများက ဆိုးရွားသွားနိုင်သည်။
ကျော့ဖျင်အန်း လက်ထဲ ရောက်ရှိသွားသည်နှင့် သူ့မျက်နှာပေါ် စိတ်လှုပ်ရှားမှု အရိပ်အယောင်လေး ပေါ်လာလေ၏။ ဗောဓိစိမ်းဆေးလုံးမှာ မကြာခဏ အသုံးပြုရသည့် ဆေးလုံး ဖြစ်ပေသည်။ မိုဝူကျိ ထုတ်ယူလိုက်သည့် ဆေးလုံးမှာ ပြီးပြည့်စုံနေပြီး ဤသို့မျိုး ပြိုင်ဖက်ကင်း ဗောဓိစိမ်းဆေးလုံးကို ပထမဆုံးအကြိမ် မြင်တွေ့ဖူးခြင်း ဖြစ်၏။
ကျော့ဖျင်အန်းက မိုဝူကျိဆီ ဆေးလုံး ပြန်ပေးကာ အသံနိမ့်၍ မေးလိုက်သည် “ ဆေးလုံးဆရာမိုဆီမှာ ညှိနှိုင်းစရာရှိရင် ပြောပါ။ ကျုပ် ကျော့ဖျင်အန်း လုပ်ပေးနိုင်တာဆိုရင် သေချာပေါက် ကူညီပေးပါ့မယ် ”
မိုဝူကျိက ခေါင်းညိတ်လိုက်၏။
အစကတည်းက ဒီလိုသာဆိုရင် ကိစ္စက မြန်ဆန်မသွားပေဘူးလား ………
“ အရင်ဆုံး ကျုပ်လုပ်နိုင်တာ ပြောပါ့မယ် … အရင်ဆုံး ကျုပ်က သင်္ကေတ လေးသွယ် ပသာဒ ဆေးလုံးကို သေချာပေါက် ဖော်စပ်နိုင်တယ်။ ဒါပေမဲ့ ကျုပ် တကယ်ဖော်စပ်နိုင်တာက သင်္ကေတ ငါးသွယ် ပသာဒဆေးလုံးလည်း ဖြစ်နိုင်တယ်။ ဒုတိယအနေနဲ့ နောက်နှစ်နှစ်ဆယ်ကြာရင် တာအိုရောင်းရင်းကျော့အတွက် အစစ်အမှန် သင်္ကေတ ခုနှစ်သွယ် ပသာဒဆေးလုံးကို ဖော်စပ်ပေးနိုင်လိမ့်မယ် ”
သူက သင်္ကေတ ခုနှစ်သွယ် ပသာဒဆေးလုံးကို မမြင်ရသေးသော်လည်း ကောင်းကင် အထီးကျန်မြက်နှင့် ကောင်းကင် သဘာဝ မြက်အကြောင်း သေချာသိပေသည်။ ကောင်းကင်အထီးကျန် မြက်မှာ သန့်စင်ဖို့ရာ အင်မတန် ခက်ခဲသော်လည်း အခြားသော ဆေးလုံးဆရာများမှာ ကောင်းကင် သဘာဝမြက်အထိ ရအောင် သေချာပေါက် သန့်စင်နိုင်ကြမည် မဟုတ်ပေ။ တစ်ချိန်တည်းတွင် မိုဝူကျိက သူ့ကိုယ်ပိုင်ဆေးလုံးတာအို၌ ယုံကြည်ချက် အပြည့်အဝ ရှိပေသည်။ သူက တခြားသော ဆေးလုံး ဧကရာဇ်များက သင်္ကေတ လေးသွယ် ပသာဒဆေးလုံးကို ဖော်စပ်နိုင်လျှင် သူလည်း သေချာပေါက် ဖော်စပ်နိုင်ပေလိမ့်မည်။
သူက သင်္ကေတ ငါးသွယ် ပသာဒဆေးလုံးကို ဖော်စပ်နိုင်လိမ့်မည်ဟု ခန့်မှန်းမိခြင်းမှာ မိုဝူကျိက ထိုဆေးလုံးဆရာများမှာ သင်္ကေတ လေးသွယ် ပသာဒဆေးလုံးသာ ဖော်စပ်နိုင်၍ မဟုတ်ဘဲ ကောင်းကင် အထီးကျန်မြက်ကို သန့်စင်နှုန်း ၉၀ ရာခိုင်နှုန်းနှင့်အထက် မသန့်စင်နိုင်ကြ၍သာ ဖြစ်ပေလိမ့်မည်။ ကောင်းကင်အထီးကျန်မြက်ကို ၉၀ ရာခိုင်နှုန်းအထက် သန့်စင်နိုင်ပါက ကောင်းကင် သဘာဝမြက် ဖြစ်လာလိမ့်မည်။
“ နောက်နှစ် ၂၀ ကြာရင် သင်္ကေတ ခုနှစ်သွယ် ပသာဒဆေးလုံးကို တကယ် ဖော်စပ်နိုင်မှာလား ” ကျော့ဖျင်အန်းက အမှန်တကယ် စိတ်လှုပ်ရှားနေမိသည်။ အကယ်၍ မိုဝူကျိသာ နှစ် ၂၀အတွင်း အစစ်အမှန် သင်္ကေတ ခုနှစ်သွယ် ပသာဒဆေးလုံးကို ဖော်စပ်နိုင်မည်ဆိုလျှင် သူက ဘာမဆို ကတိပေးရန် ဆန္ဒရှိပေသည်။
မဟုတ်သေးဘူး …. နှစ် ၂၀ ကို မပြောနှင့် ရာစုနှစ်တစ်ခု၊ နှစ်ခုဆိုလျှင်ပင် စောင့်ဆိုင်းရန် လိုလားပေသည်။
မိုဝူကျိက အေးအေးဆေးဆေး ပြောလိုက်သည် “ အမှန်ပဲ …. ကျုပ်က နောက်နှစ် ၂၀ နေရင် အဲဒီ သင်္ကေတ ခုနှစ်သွယ် ပသာဒ ဆေးလုံးကို ဖော်စပ်မယ်ဆိုတာ သေချာတယ်။ ညှိနှိုင်းချက်က ကျုပ်နောက်ကို ခင်ဗျား နှစ် ၂၀ လိုက်ပေးရမယ် …. တကယ်လို့ ကျုပ်ကို တစ်ယောက်ယောက်က တစ်ခုခု လုပ်ရင် ကျုပ်ကိုကူပြီးတော့ အဲဒီသူကို ပညာပေးပေးရမယ် ”
ကျော့ဖျင်အန်းက တုံ့ဆိုင်းခြင်းမရှိ ပြောလိုက်သည် “ မင်းသာ အခု သင်္ကေတ လေးသွယ် ပသာဒ ဆေးလုံးနဲ့အထက်ကို ဖော်စပ်ပြနိုင်ရင် နောင်နှစ် ၂၀ ကျ မင်းအနေနဲ့ သင်္ကေတ ခုနှစ်သွယ် ပသာဒဆေးလုံးကို ဖော်စပ်နိုင်မယ်ဆိုတာ ယုံပေးလိုက်မယ်။ ကျုပ် ကျော့ဖျင်အန်းက မင်းနောက် နောက် နှစ် ၂၀ လိုက်ပေးမယ် ဒါပေမဲ့ ကျုပ်က လက်စားချေတာတော့ မလုပ်ပေးနိုင်ဘူး။ တစ်ယောက်ယောက်က မင်းအပေါ် ရန်ပြုတဲ့အခါ ကျုပ် ပေါ်လာပေးမယ် ….. ပြီးတော့ မင်းက အကြောင်းပြချက် ရေရေရာရာ မရှိဘဲ ရန်စနေရင်တော့ ကျုပ် ကူညီပေးမှာ မဟုတ်ဘူး ”
ကျော့ဖျင်အန်းက အင်မော်တယ်ဧကရာဇ်တစ်ယောက် ဖြစ်ပေရာ သူ့ကိုယ်ပိုင် စည်းမျည်းများ ရှိပေ၏။ အကယ်၍ မိုဝူကျိက နေရာတိုင်း၌ လိုက်ရန်စနေမိလျှင် သူ ကျော့ဖျင်အန်းအနေနှင့် ရန်သူမည်မျှ တိုးပွားလာလိုက်မည်နည်း။ သူက နောက်နှစ် ၂၀ ကျ သင်္ကေတ ခုနှစ်သွယ် ပသာဒဆေးလုံးကို ရလျှင်ပင် အရှုံး ဖြစ်ပေလိမ့်မည်။ ထို့ကြောင့် အရင်ဦးစွာ ရှင်းလင်းအောင် ပြောထားပေရမည်။
မိုဝူကျိက ရယ်မောကာ “ တကယ်လို့ ကျုပ်က လက်စားချေချင်ရင် ခင်ဗျား ဝင်ပါဖို့ မလိုပါဘူး။ ခင်ဗျား လုပ်နိုင်လားဆိုတာပဲ သိချင်တာ … တကယ်လို့ ကျုပ်ကို ဒီနှစ် ၂၀အတွင်း ဘယ်သူကမှ ရန်လာမစလို့ ခင်ဗျားအနေနဲ့ ဘာမှ လုပ်ဖို့မလိုရင် ကျုပ်တို့ အပေးအယူက အဆုံးသတ်မှာပဲ ”
“ ကောင်းပြီလေ ..” ကျော့ဖျင်အန်းက လက်ကို မြှောက်ကာ လေထုအတွင်း စိတ်ဝိညာဉ် အမှတ်အသား ပေါ်လာလေ၏။ ထို့နောက် သူက မိုဝူကျိကို စိုက်ကြည့်လိုက်သည်။
မိုဝူကျိက သူ့ကိုယ်ပိုင် အမှတ်အသားကို မထုတ်ဘဲ လက်ကို မြှောက်ကာ ကျော့ဖျင်အန်း၏ စိတ်ဝိညာဉ်အမှတ်အသားကို ဖယ်ရှားကာ အေးအေးဆေးဆေး ပြောလိုက်သည် “ လူကြီးလူကောင်းတွေရဲ့ သဘောတူညီချက်က ရေလိုပဲ ကြည်လင်ပြတ်သားတယ်။ ကျုပ်က တာအိုရောင်းရင်းကျော့ကို ယုံတယ်။ တာအိုရောင်းရင်းကျော့လည်း ကျုပ်ကို ယုံရမယ် ”
“ ဟားဟား အဲဆို ကျုပ် ကျော့ဖျင်အန်း မင်းကို တစ်ခါတော့ ယုံကြည်လိုက်မယ် ”
“ ဒီလိုဆိုမှတော့ တာအိုရောင်းရင်းကျော့က ဆေးဖော်စပ်နည်း ထုတ်လိုက်ပါ … ကျုပ် အခု ဆေးဖော်စပ်ကြည့်လိုက်မယ် ” မိုဝူကျိက နေရာမှာတင် ပြောလိုက်သည်။