← Chapters

အသေးလေး

Vol. 4 Ch. 31

အသေးလေး

Vol. 4 Ch. 31

အခန်း (၃၁)

အသေးလေး

လပ်တစ်ယောက် စကြာဝဠာအဖွဲ့အစည်းအတွင်း အုပ်ချုပ်ရေးဖွဲ့၏ ဗိုလ်ကြီးရာထူးကို ရရှိခဲ့လေပြီ။

အားလုံးကို နှုတ်ဆက်ပြီးနောက် လပ်တစ်ယောက် သူရရှိလာသော သိုလှောင်ပတ်ပတ်ကို ပတ်လိုက်ပြီး အပေါ်မှ ကွန်ပျူတာ စနစ်ကို လက်ဗွေဖြင့် ဖွင့်လိုက်လေသည်။

“ တီ တီ ”

ရုတ်တရက် ခြောက်လက်မခန့်ရှိသော လူသေးလေး၏ပုံရိပ် ထွက်ပေါ်လာသည်။

တီရှပ်သေးသေးလေးနှင့် ဘောင်းဘီအတိုကို ဝတ်ဆင်ထားလေသည်။ ဆံပင်မှာ အလယ်ခွဲထားကာ မျက်နှာက ကလေးတစ်ယောက်၏မျက်နှာလေးနှင့်ဖြစ်သည်။

“ ဟလို မင်္ဂလာပါ ကျွန်တော်က မစ္စတာလပ်အတွက် အထူးပြုလုပ်ပေးထားသော A.I သက်ရှိဖြစ်ပါ တယ်၊ မစ္စတာလပ်အနေဖြင့် ကျွန်တော့်ရင်ဘတ်မှာရှိတဲ့ လေးထောင့်ကွက်အတွင်းကို သွေးတစ်စက် ချလိုက်ပါ ”

လပ်လည်း ကလေးလေး၏ပုံရိပ်ကိုကြည့်ပြီး သဘောကျစွာ ရယ်မောလိုက်သည်။

“ ဟား ဟား ဟား အေးပါကွာ ”

ထို့နောက် မိမိ၏လက်မကို ဓားတိုဖြင့် လှီးလိုက်လေသည်။

ထို့နောက် A.I ကလေးငယ်၏ ရင်ဘတ်ရှိ လေးထောင့်ကွက်အတွင်း လက်မကို ဖိကပ်ပေးလိုက်သည်။

“ စွပ် ကလစ်

တွင် ”

သွေးစက်မှာ A.I လေး၏ ရင်ဘတ်အတွင်း ဖျက်ကနဲဝင်ရောက်သွားပြီးနောက် သက်ရှိ A.I လေးမှ အသံထွက် လာသည်။

“ မင်္ဂလာပါ ဆရာ၊ အခုကစပြီး ကျွန်တော်က ဆရာ့ရဲ့ ကိုယ်ပွားတစ်ခုဖြစ်ပါတယ်၊ ဆရာပိုင်ဆိုင်သော အသိညာဏ်များနှင့် စွမ်းရည်များကို လုပ်ဆောင်ရာတွင် အစားထိုး ကူညီပေးနိုင်ပါတယ်၊ လေ့လာဆန်းစစ်ခြင်း၊ မောင်းနှင်ခြင်း၊ သင်ယူခြင်း၊ ဂဏန်းများတွက်ချက်ခြင်း၊ အရောင်းအဝယ်နဲ့ ဆရာ မလုပ်ချင်သော ကိစ္စရပ်များကို လည်း ကျနော်က တာဝန်ယူ ဆောင်ရွက်ပေးလို့ ရပါပြီ ”

“ အိုကေ မင်းကို အသေးလေးလို့ နာမည်ပေးမယ် ”

အသေးလေးမှာ လပ်ကို တစ်ချက်ကြည့်လိုက်ပြီး ပြောလိုက်သည်။

“ ဆရာလပ်အနေနဲ့ ပထမဦးဆုံး ဒဏ်ရာများကို ပျောက်ကင်းရန် ကုသဖို့ လိုအပ်ပါတယ် ”

ထို့နောက် အသေးလေးက လေထဲကို လက်ဖြင့် တို့လိုက်ရာ ဆေးရည်ပုလင်းပုံစံတစ်ခု ပေါ်လာလေသည်။

“ ဒီဆေးရည်က ဆရာ့ကို အခုရရှိထားတဲ့ ဒဏ်ရာများမှ တစ်လအတွင်း ပျောက်ကင်းသွားစေနိုင်မှာ ဖြစ်ပါတယ်၊ ကုန်ကျငွေက UM ငါးသိန်းကျမှာ ဖြစ်ပါတယ်၊ ဆရာ့မှာ UM ဆယ်သန်းနဲ့ ခုနစ်ထောင်ကျော် ရှိပါတယ်၊ ဝယ်ယူမှာလာပါလားဆရာ ”

“ အေး ဝယ်မယ်ဟေ့ ”

လပ်ကြည့်လိုက်တော့ လပ်၏ပစ္စည်းများအဝယ်စာရင်းတွင် ဒဏ်ရာပျောက်ဆေးရည် ဝယ်ယူပြီး ဖြစ်နေပြီ။

ငွေစာရင်းအတွင်းမှလည်း ငါးသိန်းလျော့သွားလေပြီ။

“ ဝယ်ယူမှု ပြီးပါပြီ ဆရာ၊ ညနေ ခြောက်နာရီ အိမ်ကို ဆေးရည်ရောက်လာပါလိမ့်မယ် ”

“ တီ…. ဆက်လက်ပြီး ဆရာ့ကို အကြံပေးချင်တာကတော့ မကြာခင်က ထွက်ရှိထားတဲ့ Skin Care၊ မျက်မှန်နဲ့ အင်္ကျီအဝတ်အစားတစ်ချို့ကို အထူးဈေးနှုန်းချိုသာစွာဖြင့် Online မှာ တွေ့ရှိထားပါတယ်ဆရာ၊ ဝယ်ယူရန် စိတ်ဝင်စားပါသလား ”

လပ် အမြန်ပြောလိုက်သည်။

“ စိတ်မဝင်စားဘူး ဟေ့ရောင်၊ မင်းက ပိုက်ဆံဖြုန်းမယ့်အကောင်ပဲ ” လပ်က အော်ဟစ်လိုက်သည်။ အသေးလေးက ပြန်ပြောလေသည်။

“ ဆရာရဲ့ လိုအပ်ချက်တွေကို စီမံခန့်ခွဲပေးရမှာက ကျွန်တော့်တာဝန်ပါ ”

“ မလိုဘူးဟေ့ရောင် ဘာ Skin Care လဲ၊ ငါက ဒီလောက် ချောမောနေပြီးသားကွ ဟင်း ဟင်း ဟင်း ”

“ ဆရာအနေနဲ့ ကမ္ဘာတစ်ခုနှင့်တစ်ခုအကြား သွားလာရန် S3 အဆင့် ယာဉ်ပျံတစ်စီး ရှိထားဖို့လိုပါတယ်၊ ဝယ်ယူရန် ရှာဖွေမလား ”

လပ် အမြန်အော်ဟစ်လိုက်သည်။

“ မရှာဘူး တော်လိုက်တော့၊ မင်းက ငါ့ A.I လား၊ ဈေးကွက်ကုမ္ပဏီက မားကတ်တင်းစက်ရုပ်လားဟ ”

“ ကျွန်တော်က ဆရာ့ရဲ့ အစေခံလေးပါဆရာ ” ကာတွန်းသံလေးဖြင့် လပ်ကို ပြန်ပြောလေသည်။

“ လခွမ်းပဲ ဟေ့ရောင် မင်းအခု အထဲကို ပြန်ဝင်နေလိုက်တော့ ”

“ တီ ” A.I အသေးလေးမှ ရုတ်တရက် ပျောက်ကွယ်သွားလေသည်။

လပ် တစ်ချက်စဉ်းစားပြီးနောက် လက်ပတ်ကို စိုက်ကြည့်ပြီး ပြောလိုက်လေသည်။

“ မင်း အခု စိမ်းပြာဂြိုလ်နဲ့ ကမ္ဘာဂြိုလ်ပေါ်က UM နှစ်သန်းတန် ကွန်ဒိုတွေကို လိုက်စုံစမ်းထားလိုက်၊ သုံးရက်အတွင်း ငါ သိချင်တယ် ”

“ ပြီးတော့ ယာဉ်ပျံ S3 S4 အဆင့်ကို ဈေးသက်သက်သာသာရနိုင်မယ့် အရောင်းဈေးကွက်တွေ ရှာထားလိုက် ကြားလား ”

“ တွီ ဟုတ်ကဲ့ ဆရာ ”

လပ်တစ်ယောက် သက်ပြင်းချလိုက်သည်။

“ အင်းလေ လိုအပ်တာကတော့ ဝယ်ရမှာပဲ ”

ဟု ရေရွတ်လိုက်သည်။ စကြာဝဠာအတွင်း သွားလာရန်အတွက် S4 အဆင့်ရှိသူများအတွက်က လွယ်ကူသော်လည်း မည်သူမျှ ခရီးဝေးကို ပျံသန်းမသွားကြပေ။

ဂြိုလ်များနှင့် ဥက္ကာခဲများကို ရှောင်တိမ်းရန်နှင့် အခြား သဘာဝဘေးဒဏ်များကို ခံနိုင်ရန် S3 အဆင့် ယာဉ်ပျံများကို အသုံးပြုကြလေသည်။ S3 အဆင့် ယာဉ်ပျံများသည် လွန်စွာ ခိုင်ခံတောင့်တင်းပြီး ဂြိုလ်များနှင့် ဝင်တိုက်မိသော်လည်း အစင်းရာလေးပင် မထင်သည်အထိ မာကျောလေ သည်။

ထို့ပြင် ထိုယာဉ်ပျံများတွင် အစီအရင်များလည်း ပါရှိပြီး S3 အဆင့် အစီအရင်များကြောင့် သားရဲများနှင့် ရန်သူများ အနီးသို့ ဝင်ရောက်လာ၍ မရပေ။

လေဆာလက်နက်များ၊ အမြောက်များ တပ်ဆင်ထားသောကြောင့် ကွန်ပြူတာစနစ်ကို အသက်သွင်းလိုက်သည်နှင့် အလိုလို ပစ်ခတ်သွားမှာဖြစ်သောကြောင့် ဓားပြများနှင့် အခြား အကြမ်းဖက်များရန်ကို ကြောက်စရာမလိုတော့ပေ။

ထို့ကြောင့်လည်း စကြာဝဠာအတွင်းတွင် ထို့ကဲ့သို့ S3 S4 အဆင့် ယာဉ်ပျံများဖြင့် အရေးကြီးပုဂ္ဂိုလ်များ၊ သူဌေးများက သွားလာလျက်ရှိလေသည်။

ညနေပိုင်းရောက်သောအခါ ဒရုန်းယာဉ်ပျံတစ်ခုက လပ်၏ တိုက်ခန်းနားကို ရောက်ရှိလာပြီး ဝရန်တာတွင် ဆင်းသက်လိုက်လေသည်။

ဒရုန်းမှ မကြာမီ စကားသံတစ်ခု ထွက်ပေါ်လာလေသည်။

“ လူကြီးမင်း ဝယ်ယူထားသော ဆေးရည်ရောက်ရှိပါပြီ ကျေးဇူးပြုပြီး မျက်နှာပြင်ပေါ်တွင် လက်ဗွေ နှိပ်ပေးပါ ”

လပ်လည်း နှိပ်ပြီး ဆေးရည်ကို ထုတ်ယူလိုက်သည်။

“ အင်း ဒီဆေးရည်နဲ့ တစ်လကျော် အနားယူရမယ်၊ လေ့ကျင့်ရမယ် ” လပ် ရေရွတ်လိုက်သည်။

All Chapters