သာမာန်မဟုတ်သော ဆေးလုံးဧကရာဇ်
Vol. 45 Ch. 618
ကျော့ဖျင်အန်းက ဘာမှ ဆက်မပြောတော့ပေ။ သူက သိုလှောင်လက်စွပ်တစ်ကွင်းထုတ်ကာ မိုဝူကျိအား ပေးလိုက်ပြီး
“ ဆေးလုံးဆရာမို … အထဲမှာ သင်္ကေတ ခုနှစ်သွယ် ပသာဒ ဆေးလုံးအတွက် ဆေးပင်တွေ ပါတယ် ပြီးတော့ ဆေးဖော်စပ်နည်းလည်း ပါတယ် ။ ကျုပ် ဒီနေရာမှာပဲ စောင့်နေပါ့မယ် ”
မိုဝူကျိက ကျော့ဖျင်အန်း လက်စွပ်ကို ပေးလိုက်စဉ် ကျော့ဖျင်အန်းက အခန်းပတ်လည်ကို အစီအရင်ချလိုက်မှန်း သိလိုက်သည်။ သို့သော်လည်း သူက မစိုးရိမ်မိပေ။ အများဆုံး တာ့ဟွမ်နှင့် သူက ကျော့ဖျင်အန်းကို လက်ဦးမှု ယူလိုက်ရုံ ဖြစ်၏။ ဘာမှကြောက်နေစရာ မလိုပေ။
သိုလှောင်လက်စွပ်ကို ချိတ်ပိတ်မထားပေ။ မိုဝူကျိ သူ့စိတ်စွမ်းအား ပို့လွှတ်လိုက်သည်နှင့် အင်မော်တယ်ဆေးပင် ရာကျော်ကို မြင်လိုက်ရပြီး အများစုမှာ အဆင့် 7 အင်မော်တယ်ဆေးပင်များ ဖြစ်ကြသည်။ ဆေးပင်တစ်ရာကျော် လိုအပ်သော ဆေးလုံးကို အတော်လေး ခက်ခဲသည့်ဆေးလုံးအဖြစ် သတ်မှတ်၍ ရပေသည်။
အင်မော်တယ်ဆေးပင်များက ကောင်းကောင်း ကျန်ရှိနေသေး၏။ အမြင်နှင့်တင် ကျော့ဖျင်အန်းက ဆေးလုံးဆရာများကို ရှာဖွေနေရင်း သူ့တွင် အင်မော်တယ်ဆေးပင်များကို မူလအခြေအနေအတိုင်း ထိန်းသိမ်းထားနိုင်သည့် အရည်အချင်းတော့ ရှိရမည်။
မိုဝူကျိက လက်စွပ်မှ ဆေးပင်များကို ထုတ်ကာ ဘေးတွင် ထားထားလိုက်သည်။ ထို့နောက် သူက လက်စွပ်အတွင်းမှ ကျောက်စိမ်းပေလွှာကို ထုတ်လိုက်လေ၏။ သူ့စိတ်စွမ်းအားက ကျောက်စိမ်းပေလွှာဆီ ရောက်ရှိသွားသောအခါ အထဲရှိ ဆေးဖော်စပ်နည်းကို မြင်တွေ့လိုက်ရသည်။ ဆေးဖော်စပ်နည်းမှာ အင်မတန် အသေးစိတ်ရေးသားထားပြီး တခြားသော ဆေးလုံးဧကရာဇ်များ ဆေးဖော်စပ်စဉ်အတွင်း လေ့လာမှုတချို့လည်း ပါဝင်နေသည်။
ဤဆေးဖော်စပ်နည်းမှာ ပြီးပြည့်စုံသည့် ဆေးဖော်စပ်နည်းဟု ယူဆ၍ ရပေသည်။ သို့သော် မိုဝူကျိက ထိုဆေးဖော်စပ်နည်းကို မြင်သည့်အခါ ကောင်းကင် အထီးကျန်မြက်နှင့် ကောင်းကင် သဘာဝမြက်အကြောင်း ဘာမှမဖော်ပြထားသဖြင့် လစ်ဟာနေမှန်း သိလိုက်၏။
ကျော့ဖျင်အန်း ပေးလိုက်သည့် ဆေးပင်များမှာ ဆေးဖော်စပ်နည်းအတိုင်း ကွက်တိဖြစ်ပြီး တစ်ပင်မှ လိုအပ်မနေချေ။
မိုဝူကျိက ဆေးဖော်စပ်နည်းကို ချထားလိုက်သော်လည်း တန်း၍ ဆေးမဖော်စပ်သေးပေ။ သူက မျက်လုံးကို ပိတ်ထားပြီး စိတ်ထဲ၌ လုပ်ဆောင်ရမည့် ဖြစ်စဉ်ကို အပြန်ပြန် သုံးသပ်ကြည့်နေလိုက်သည်။ ကျော့ဖျင်အန်းက သူ့အား ဆေးတစ်သုတ်စာအတွက်သာ ပေးထားခြင်း ဖြစ်ရာ သူက အဆင့် ၇ ဆေးလုံး ဧကရာဇ်တစ်ယောက် ဖြစ်သော်လည်း သူက ဆေးလုံးအသစ် ဖော်စပ်ကြည့်ဖို့ မကြိုးစားခင် အရင်ပြင်ဆင်ထားဖို့ လိုအပ်နေသေး၏။
ကျော့ဖျင်အန်းက မစိုးရိမ်ဘဲ ဘေးမှ တိတ်တဆိတ် စောင့်ဆိုင်းနေလေ၏။ မိုဝူကျိ၏ အပြုအမူများက သူ့ကို စိတ်မေးသွားစေသည်။ သူက ဆေးဖော်စပ်နည်း ရပြီးနောက် တန်း၍ ဆေးဖော်စပ်ကြသည့် ဆေးလုံးဧကရာဇ်များစွာကို တွေ့ဖူးပြီးလေပြီ။ သို့သော် အများစုက ကျရှုံးမှုနှင့်သာ ကြုံတွေ့ကြရသည်။ သူတို့အောင်မြင်လျှင်ပင် သူတို့အနေဖြင့် သင်္ကေတ နှစ်သွယ် ပသာဒဆေးလုံးသာ ဖော်စပ်နိုင်ကြလေသည်။ သူ့အတွက် သင်္ကေတ နှစ်သွယ် ပသာဒဆေးလုံးလောက်ဖြင့် မလုံလောက်ပေ။ သူ့အင်မော်တယ်ဆေးပင်များကို တာဝန်မသိတတ်သည့် သူမျိုးအတွက် အဆင့် ၇ ဆေးလုံးဧကရာဇ် ဖြစ်နေလျှင်ပင် သူက ပိုင်းဖြတ်ပစ်ဦးမည် ဖြစ်၏။
သူက မဟာဧကရာဇ် ဖြစ်နေသည့် အချက်ကို ရိုးရိုးတမ်းတမ်း မကြည့်သင့်ပေ။ သူ့အတွက် ကောင်းကင် အထီးကျန်မြက်ကို ရှာဖို့ရာ မလွယ်ကူလှချေ။ သူက ဆေးပင် တစ်ပင်၊ နှစ်ပင် လိုအပ်ခြင်း မဟုတ်လေရာ လတ်တလောအတွင်း သူက ကောင်းကင်အထီးကျန်မြက်မှာ ရှာဖို့ရာ ပို၍ ခက်ခဲလာကြောင်း သိရှိလာမိသည်။ ဤသို့မျိုးအင်မော်တယ်ဆေးပင်မျိုးက စိုက်ပျိုးမွေးမြူ၍ မရပေ။
ဆေးဖော်စပ်ဖို့ရာ အလောမကြီးဘဲ သေချာအချိန်ယူကာ လေ့လာဆန်းစစ်ကြသည့် ဆေးလုံးဧကရာဇ်များက ပို၍ စိတ်ချယုံကြည်ရလေသည်။ သူတို့ ပြန်လည်သုံးသပ်မှု ကြာမြင့်လေလေ ဆေးဖော်စပ်ခြင်း၌ အောင်မြင်နိုင်နှုန်း ပိုမြင့်လေလေ ဖြစ်ကာ သင်္ကေတများများလည်း ပေါ်လေလေ ဖြစ်၏။ ဆေးလုံးဧကရာဇ်အများစုက ဆေးဖော်စပ်နည်းကို လေ့လာဖို့ရာ နှစ်ဝက်မှ တစ်နှစ်ခန့် အချိန်ယူတတ်ကြပြီး နှစ်ဝက်အတွင်း ပြီးဆုံးသွားသည့်သူများက ပို၍ ရှားပါးပေသည်။
ကျော့ဖျင်အန်းကို စိတ်ပျက်သွားစေသည်က မိုဝူကျိက ဆေးမဖော်စပ်ခင် လေ့လာဖို့ရာ တစ်ရက်ခန့်သာ အသုံးပြုခဲ့ခြင်း ဖြစ်၏။ အရိုးသားဆုံးပြောရလျှင် တစ်ရက်တာ လေ့လာမှုက ဘာမှမလုပ်ခြင်းနှင့် ညီမျှပေသည်။ သို့သော်လည်း မိုဝူကျိနှင့် သဘောတူညီမှု ယူထား၍ ကတိဖျက်၍ မရပေ။
မိုဝူကျိက ဆေးမီးဖိုကို ထုတ်ယူပြီးနောက် ပညာရှင်နှလုံးသားကို လောင်မြိုက်စေလိုက်သည်။
ပညာရှင်နှလုံးသားမှာ အဆင့် 7 အင်မော်တယ်မီးတောက် ဖြစ်ပြီး မီးတောက်ပေါ်လာသည်နှင့် ကျော့ဖျင်အန်း မျက်လုံးတို့က လင်းလက်လာလေ၏။ ကျော့ဖျင်အန်းကို ထည့်ပြောဖို့ရာ မလိုအပ်ပေ။ ဟန်လုံပင် နှလုံးခုန်နှုန်း မြန်လာလေ၏။ သူတို့က မိုဝူကျိတွင် ပစ္စည်းကောင်း ရှိနေလိမ့်မည်ဟု မထင်ထားကြပေ။
မိုဝူကျိက ဘာကိုမှ မဖုံးကွယ်ထားသည့်အကြောင်းအရင်းမှာ ကျော့ဖျင်အန်းအား သူ့ဆေးလုံးတာအိုအပေါ် စိတ်ချစေလို၍ ဖြစ်သည်။ ဤနည်းလမ်းဖြင့် ကျော့ဖျင်အန်းက သူ့ကို ကာကွယ်ပေးသည့်အခါ ပို၍ အားစိုက်ထုတ်လိမ့်မည် ဖြစ်ပေသည်။ တစ်ချိန်တည်းတွင် မိုဝူကျိက ယခု သူ့တွင် တာ့ဟွမ် ရှိနေပြီ ဖြစ်၍ အမြီးကို ဝှက်၍ အင်အားကို ဝှက်ထားစရာ မလိုတော့ပေ။ လော့ကျမ်းစာရွက်နှင့် ဟုန်မုန့်စွမ်းအင်ကဲ့သို့သော ပစ္စည်းမျိုးမှ လွဲ၍ သူ့အတွက် စွမ်းဆောင်ရည်ကို ထုတ်ပြသည်က အကျိုးသက်ရောက်မှု များများစားစား ရှိမည် မဟုတ်ချေ။
သူ့ဆေးမီးဖိုကို အကြိမ်များစွာ သန့်ရှင်းပြီးနောက် အင်မော်တယ်ဆေးပင်များကို ပစ်ထည့်လိုက်သည်။
ကျော့ဖျင်အန်းက သင်္ကေတ ခုနှစ်သွယ် ပသာဒဆေးလုံးကို ဖော်စပ်ပေးသည့် ဆေးလုံး ဧကရာဇ်များစွာကို တွေ့ဖူးလေ၏။ ယခု သူပင် ဆေးဖော်စပ်နည်းနှင့် အတော်အတန် ရင်းနှီးနေလေပြီ။ ဤဆေးလုံးကို ပထမဆုံးဖော်စပ်မည့် အဆင့်ကား ကောင်းကင်အထီးကျန် မြက်ကို သန့်စင်ဖို့ရာ ဖြစ်ပေသည်။ သင်္ကေတ ခုနှစ်သွယ် ပသာဒဆေးလုံး ဖော်စပ်ဖို့ရာ ခက်ခဲလှသည့် အဓိက အကြောင်းအရင်းမှာ ကောင်းကင် အထီးကျန်မြက်ကြောင့်သာ ဖြစ်ပေ၏။ ထို့ကြောင့် ကောင်းကင်အထီးကျန်မြက်ကို အရင်ဦးစွာ သန့်စင်ပေးရခြင်း ဖြစ်၏။ အကယ်၍ တခြားဆေးပင်များ အရင်သန့်စင်လိုက်လျှင် ကောင်းကင် အထီးကျန်မြက်ကို သေချာမသန့်စင်နိုင်တော့ဘဲ ဆေးအဆီအနှစ်မှာ အညစ်အကြေးများစွာ ပါရှိသွားပြီး ဆေးဖော်စပ်မှုကား ကျရှုံးသွားပေလိမ့်မည်။ တကယ်တမ်းတွင် ဆေးဖော်စပ်နည်းအရ ကောင်းကင်အထီးကျန်မြက်ကို အရင်ဦးစွာ ထည့်ခြင်း ဖြစ်ပေ၏။
ယနေ့ သူက ဆေးမီးဖိုထဲသို့ ကောင်းကင်အထီးကျန်မြက် မဟုတ်ဘဲ တခြားသော ဆေးပင်များကို အရင်ထည့်သည့် ဆေးလုံး ဆရာကို ပထမဆုံးအကြိမ် မြင်တွေ့ဖူးခြင်း ဖြစ်၏။ ကောင်းကင်အထီးကျန်မြက်အစား သူက သက်တံ့မူဘယ်ရီအပင်ကို ထည့်လိုက်၏။
မိုဝူကျိ ထည့်လိုက်သည့် ပထမဆုံး ဆေးပင်မှာ သက်တံမူဘယ်ရီအပင် ဖြစ်ကြောင်း မြင်သောအခါ ကျော့ဖျင်အန်း မျက်နှာမှာ သုန်မှုန်သွားလေ၏။ သူက မိုဝူကျိသည် အရင်က လေလုံးထွားနေတာလားဟု သံသယဝင်မိသွားသည်။ ထို့အပြင် မိုဝူကျိက အရမ်းငယ်ရွယ်နေသေး၏။ ဆေးလုံးတာအိုပင် ဖြစ်စေ၊ ပန်းပဲတာအိုပင် ဖြစ်စေ အတွေ့အကြုံများစွာ လိုအပ်ပေသည်။
မိုဝူကျိက နှစ်တစ်ထောင်ပင် မပြည့်သေးသည့်အတွက် တကယ်ရော အဆင့် ၇ ဆေးလုံးဧကရာဇ် ဟုတ်ရဲ့လား ……
သူက ထိုအတွေးဖြင့် နှစ်မျှောနေစဉ် မိုဝူကျိက ကျန်ရှိနေသော ဆေးပင်များကို ဆေးမီးဖိုထဲ ထည့်လိုက်လေသည်။ ထိုစဉ် ဆေးအညစ်အကြေးများက ဆေးမီးဖိုမှ ထွက်ပေါ်လာပြီး မိုဝူကျိ၏ သန့်စင်နှုန်းမှာ မည်မျှ မြန်ဆန်ကြောင်း သိသာနေလေ၏။ ကျော့ဖျင်အန်း မှတ်ဉာဏ်ထဲ၌ အခြားသော ဆေးလုံးဧကရာဇ်များက အခြားသော ဆေးပင်များမထည့်ခင် ကောင်းကင်အထီးကျန်မြက်ကို သန့်စင်ဖို့ရာ နှစ်နာရီမျှ အနည်းဆုံးကြာတတ်ပေသည်။ ထို့နောက် သူတို့က ဆေးအညစ်အကြေးများ ထွက်လာဖို့ရာ နောက်ထပ် လေးနာရီမျှ အချိန်ထပ်ယူရသေး၏။ သူတို့အမြန်နှုန်းမှာ မိုဝူကျိလောက် အထင်ကြီးဖွယ် မရှိပေ။
သူက မိုဝူကျိသည် အင်မော်တယ်လောက တစ်ခုလုံး၏ နံပါတ်တစ် ဆေးပင် သန့်စင်နိုင်သူဟု ဆို၍ ရမှန်း မသိခဲ့ပေ။ မိုဝူကျိအတွက် သူက သက်တံမူဘယ်ရီအပင်ကို အရင်ဦးစွာ ထည့်ခဲ့သည့် အကြောင်းအရင်းမှာ သမာရိုးကျမှ ကွဲထွက်လို၍ မဟုတ်ပေ။ သူက ကောင်းကင်အထီးကျန်မြက် သန့်စင်ရာ၌ ခက်ခဲမှုအား တခြားသော ဆေးလုံးဆရာများထက် ပိုသိပေသည်။ ကောင်းကင်အထီးကျန်မြက်ဟု ခေါ်ဆိုသည့် အကြောင်းအရင်းမှာ ဆေးအဆီအနှစ်များမှ အညစ်အကြေးများနှင့် ရောယှက်သွားတတ်၍ ဖြစ်ပေသည်။ သူတို့က အားကောင်းစွာ ရောစပ်နေသောကြောင့် နောက်ဆုံးအချိန်အထိ ရှိနေတတ်ပေ၏။ ကောင်းကင်အထီးကျန်မြက်ကို အပြည့်အဝ မသန့်စင်နိုင်ပေ။
မသန့်စင်နိုင်သည့်အတွက် ဆေးဖော်စပ်ခြင်းကား မည်သို့ ဖြစ်လာမည်နည်း …..
ထို့ကြောင့် သာမာန်ဆေးလုံးဆရာများမှာ ကောင်းကင်အထီးကျန်မြက်ကို ဆေးလုံးအတွက် အသုံးမပြုနိုင်ကြချေ။ အဆင့် ၇ ဆေးလုံးဧကရာဇ်နှင့် အထက်သာ ကောင်းကင်အထီးကျန်မြက်ကို ဆေးလုံး၌ နှမြောတသဖြင့် အသုံးပြုနိုင်ကြလေသည်။ သို့သော် သူတို့က တခြားသောလူများကို လိမ်ညာခြင်းလား၊ ကိုယ်တိုင် လိမ်ညာခြင်းလားကိုတော့ ဆေးလုံးဧကရာဇ်များ ကိုယ်တိုင်သာ သိကြလိမ့်မည်။
ယခင် မိုဝူကျိက ကောင်းကင်အထီးကျန်မြက်ကို သန့်စင်ဖို့ရာ ကြိုးစားကြည့်ဖူး၍ မည်မျှခက်ခဲကြောင်း အတိအကျ သိပေသည်။ သို့သော်လည်း ထိုစဉ်အချိန်အခါက မိုဝူကျိအနေဖြင့် အဆင့် ၄ ဆေးလုံးဘုရင်အဆင့်သာ ရှိသေးလေ၏။ ယခု သူက အဆင့် ၇ ဆေးလုံးဧကရာဇ်အဆင့် ရောက်လာပြီး သူ့ကျင့်ကြံဆင့်မှာလည်း ယခင်ကထက် များစွာမြင့်မားလာလေပြီ။ ထို့ကြောင့် မိုဝူကျိက ကောင်းကင်အထီးကျန်မြက်ကို အနည်းဆုံး ၉၀ ရာခိုင်နှုန်းအထိ သန့်စင်နိုင်လိမ့်မည်ဟု ယုံကြည်ထား၏။
သူက သက်တံမူဘယ်ရီအပင်ကို ထည့်လိုက်ခြင်းမှာ သက်တံမူဘယ်ရီအပင် အဆီအနှစ်မှာ မီးအေးအေးနှင့် ပေးထားဖို့ရာ လိုအပ်ပြီး အချိန်ကြာသည့်အတွက် ထိုအပင်၏ ဝိညာဉ်စွမ်းအားမှာ မပျောက်ဆုံးသွားပေ။ ဆေးလုံးဖော်စပ်နေစဉ်အတွင်း ဤအဆင့်လေးမှာ အနည်းအကျဉ်းမျှသာ သက်ရောက်မှု ရှိလေသည်။ သို့သော်လည်း ပြီးပြည့်စုံသည့် သင်္ကေတ ခုနှစ်သွယ် ပသာဒဆေးလုံးကို ဖော်စပ်နိုင်ဖို့ရာ မိုဝူကျိက ထိုအသေးစိတ်ကအစ သေချာဂရုစိုက်ထား၏။
လေးနာရီကုန်ဆုံးသွားပြီးနောက် မိုဝူကျိက သန့်စင်မှု ပြီးဆုံးသွားလေ၏။ သူ မျှော်လင့်ထားသည့်အတိုင်း သူ့ဆေးလုံးတာအိုမှာ တိုးတက်လာကာ သူ့ကျင့်ကြံဆင့်လည်း မြင့်မားလာသောကြောင့် ကောင်းကင်အထီးကျန်မြက်ကို သန့်စင်ရာကား ပို၍ ရိုးရှင်းလာပေသည်။ သူ ရပ်တန့်လိုက်သည့် အကြောင်းအရင်းမှာ သူ့အနေနှင့် ကောင်းကင် အထီးကျန်မြက်ကို ၉၀ ရာခိုင်နှုန်းအထိ သန့်စင်ပြီးပြီ ဖြစ်ကြောင်း ခံစားမိလိုက်၍ ဖြစ်သည်။ အကယ်၍ သူ ဆက်လက် သန့်စင်နေပါက ၉၉ ရာခိုင်နှုန်းအထိ ရောက်ရှိသွားပေလိမ့်မည်။ ထိုသို့ဖြစ်လာပါက ကောင်းကင် သဘာဝမြက် ဖြစ်လာလိမ့်မည်။
သို့သော်လည်း မိုဝူကျိက သူ့အနေနှင့် ရောက်ရှိနိုင်ကြောင်း သေချာနေလေ၏။ သူက လုပ်နိုင်သည် ဖြစ်စေ၊ မလုပ်နိုင်ဘူး ဖြစ်စေ သူက ယခုကြိုးစားကြည့်မည် မဟုတ်ပေ။ ယခု သူက သင်္ကေတ ခုနှစ်သွယ် ပသာဒဆေးလုံးကို ဖော်စပ်ရန် မရည်ရွယ်ထားပေ။ ထို့ကြောင့် ကောင်းကင်အထီးကျန်မြက်ကို ကောင်းကင် သဘာဝမြက်ဖြစ်လာအောင် လုပ်မည် မဟုတ်ချေ။
ကျော့ဖျင်အန်းက ဆေးအညစ်အကြေးများကို ဆက်တိုက်ဖယ်ရှားနေသော မိုဝူကျိ၏ ရှုပ်ထွေးလှသော လက်ဟန်များကို ကြည့်ကာ သူက မိုဝူကျိမှာ ဆေးလုံးဧကရာဇ် အစစ်အမှန် ဖြစ်ပြီးတော့ ယခင် ဆေးလုံးဧကရာဇ်များမှာ ရမ်းကုတွေများလားဟု သံသယဝင်လာမိသည်။
လက်တွေ့၌ သင်္ကေတ ခုနှစ်သွယ် ပသာဒဆေးလုံး၏ ခက်ခဲမှုမှာ ဖော်စပ်ခြင်း၌ မဟုတ်ဘဲ ပထမခက်ခဲမှုမှာ ကောင်းကင်အထီးကျန်မြက်ကို သန့်စင်ရာ၌ ဖြစ်ပြီး ဒုတိယခက်ခဲမှုမှာ ဆေးလုံးအတွင်း အသက်ဓာတ် ထည့်သွင်းချိန် ဖြစ်ပေသည်။
သို့သော်လည်း ထိုနှစ်ချက်မှာ မိုဝူကျိအတွက် ပြဿနာ မဟုတ်ချေ။ သူ့အသက်ဓာတ် လမ်းကြောင်းမှ အသက်ဓာတ်တချို့မှာ ဆေးမီးဖိုထဲ အသံမဲ့ တိတ်တဆိတ် စီးဝင်သွားပြီးပြီ ဖြစ်၏။
မည်သို့ပင် ဆိုစေကာမူ မိုဝူကျိက ကျော့ဖျင်အန်း၏ ဆေးလုံးအတွက် ကိုယ်ခန္ဓာမှ အသက်ဓာတ်ကို အသုံးပြုမည် မဟုတ်ပေ။
အသက်ဓာတ် ဆေးမီးဖိုထဲ ဝင်သွားသည်နှင့် အင်မော်တယ်ဆေးပင်များ၏ မြင့်မားသော သန့်စင်နှုန်းကြောင့် ဆေးဖော်စပ်ခြင်းကား အလွန်ရိုးရှင်းလာပေသည်။
နောက်ထပ် လေးနာရီအတွင်း မိုဝူကျိက လက်ဝှေ့လိုက်သည့်အခါ အစိမ်းရောင်မှိန်ဖျော့ဖျော့ ဆေးလုံးခြောက်လုံးက မိုဝူကျိ ပြင်ဆင်ထားသော ကျောက်စိမ်းပုလင်းထဲ ဝင်သွားတော့သည်။
ထိုဆေးခြောက်လုံး၌ မှိန်ဖျော့ဖျော့ မီးခိုရောင် သင်္ကေတ ငါးခု ပါကာ အသက်ဓာတ်ဖြင့် တောက်ပနေလေ၏။
“ မင်း တကယ်အောင်မြင်ခဲ့တာလား … ပြီးတော့ ပြိုင်ဖက်ကင်း သင်္ကေတ ငါးသွယ် ပသာဒဆေးလုံးတဲ့လား ” ကျော့ဖျင်အန်း စိတ်လှုပ်ရှားစွာ ထရပ်ရင်း မိုဝူကျိ လက်ထဲမှ ကျောက်စိမ်းပုလင်းကို စိုက်ကြည့်ကာ ပြောလိုက်သည်။
အကယ်၍ တခြားသောဆေးလုံးဆရာဖြစ်ပါက သူက ဆေးလုံးကိုယူကာ ကြိုးးစားကြည့်မည် ဖြစ်သော်လည်း သူက မိုဝူကျိကို အနည်းငယ် နားလည်ထားလေ၏။ မိုဝူကျိက သူ့လို မဟာဧကရာဇ်ကိုပင် အကြောက်တရား မရှိပေ။ မိုဝူကျိက စွမ်းဆောင်ရည် အစစ်အမှန်နှင့် တစ်စုံတစ်ယောက် ဖြစ်ပေသည်။
“တာအိုရောင်းရင်းကျော့ … မှားပြန်ပြီ။ ဒီဆေးလုံးတွေက ပြိုင်ဖက်ကင်းအဆင့်နဲ့ တူပေမဲ့ ထိပ်တန်းအဆင့်လို့ခေါ်လို့ ရရုံလောက်ပဲ … သူတို့က အလယ်အလတ်အဆင့်လောက်ပဲ ရှိသေးတာ ” မိုဝူကျိက ရှင်းပြလိုက်သည်။
သူက သင်္ကေတ ခုနှစ်သွယ် ပသာဒဆေးလုံး တစ်သုတ်စာကို ဖော်စပ်ခဲ့သော်လည်း ဤဆေးလုံးအပေါ် နားလည်နိုင်စွမ်းမှာ ကျော့ဖျင်အန်းထက် သာလွန်ပေသည်။ အကယ်၍ သူက သင်္ကေတ ခုနှစ်သွယ် ပသာဒဆေးလုံးကို သင်္ကေတ ခုနှစ်ခုဖြင့် မဖော်စပ်နိုင်လျှင် ပြိုင်ဖက်ကင်းအဆင့် မည်သို့ဖြစ်နိုင်မည်နည်း။ သူ့သင်္ကေတ ငါးသွယ် ပသာဒဆေးလုံးကို အလယ်အလတ်အဆင့်အဖြစ်သာ သတ်မှတ်ရပေလိမ့်မည်။ ကျော့ဖျင်အန်း ပြောသော သင်္ကေ လေးသွယ် ပသာဒဆေးလုံးမှာ အဆင့်နိမ့်ဆေးလုံးများဖြစ်ကြောင်း ခန့်မှန်းမိလိုက်၏။
“ ဆေးလုံးဆရာမို … ကျုပ် စမ်းသောက်ကြည့်လို့ ရမလား ” ကျော့ဖျင်အန်းက လက်ဟန်ပြကာ မေးလိုက်သည်။ သူ့မျက်ဝန်း၌ လိုချင်တပ်မက်စိတ် အရိပ်အယောင် ဖြတ်ခနဲ ဖြတ်ပြေးသွားလေ၏။ ယခင် မောက်မာကာ ခြိမ်းခြောက်ပြခဲ့သည့် မဟာဧကရာဇ် ပုံစံကား ပျောက်ကွယ်သွားလေပြီ။
မိုဝူကျိက ဆေးခြောက်လုံးကို ပေးကာ “ ခင်ဗျားအတွက် ဖော်စပ်ပေးထားတာပဲလေ …. စမ်းကြည့်ပေါ့ …. ”
ကျော့ဖျင်အန်းက စိတ်အားထက်သန်စွာ ဆေးတစ်လုံး ယူကာ သောက်ပစ်လိုက်သည်။ အသက်ရှုကြိမ်အနည်းငယ်လေးအတွင်း သူ့မျက်ဝန်း၌ မယုံကြည်နိုင်သည့် အမူအယာ ပေါ်လာလေ၏။
ချက်ချင်းဆိုသလို သူ့ဖြူဖျော့ဖျော့ အသားရည်မှာ သွေးရောင်သမ်းလာလေ၏။ ဟန်လုံပင် ကျော့ဖျင်အန်း၏ အသက်ဓာတ် တိုးပွားလာသည်ကို ခံစားမိပေသည်။ ထို့အပြင် ကျော့ဖျင်အန်း၏ အသက်ဓာတ် တည်ငြိမ်လာသည့်အတွင်း တစ်စုံတစ်ခု ရှိနေဟန် ပေါ်သည်။
“ဆေးကောင်းပဲ … ဆေးလုံးဧကရာဇ်မို ကျုပ် အရင်က မျက်စိကန်းနေခဲ့ပြီးတော့ ဒီအခွင့်အရေးကို လက်လွတ်ရတော့မလို ဖြစ်ခဲ့မိတယ်၊ ဆေးလုံးဧကရာဇ်မိုအနေနဲ့ ကျုပ်ကို ခွင့်လွတ်ပေးဖို့ မျှော်လင့်ပါတယ် ….”
မဟာ ဧကရာဇ်တစ်ယောက်အတွက် ဤမျှပွင့်ပွင့်လင်းလင်း ရှိလိမ့်မည်ဟု မထင်ထားပေ။ ထို့အပြင် ကျော့ဖျင်အန်းက ဤအခိုက်အတန်းလေး၌ အမှန်တကယ်ကို ကျေနပ်တင်းတိမ်နေမိသည်။ နောက်ဆုံး၌ သူ့အတွက် ဆေးဖော်စပ်ပေးနိင်မည့် ဆေးလုံးဆရာကို ရှာတွေ့ခဲ့ပြီ ဖြစ်ရာ သူ့ကျန်းမာရေးအတွက် မျှော်လင့်ချက် အမျှင်လေး ဆွဲကိုင်မိပြီ ဖြစ်၏။
မိုဝူကျိက ခေါင်းညိတ်ပြလိုက်သည်။ ကျော့ဖျင်အန်း တည်ငြိမ်သွားပြီးနောက် မိုဝူကျိက မောပန်းနေဟန်ဖြင့်
“ တာအိုရောင်းရင်းကျော့ …. အဲဒီသင်္ကေတ ခုနှစ်သွယ် ပသာဒဆေးလုံး ဖော်စပ်ပေးတာက ကျုပ်အသက်ပေါ် အများကြီး သက်ရောက်မှု ရှိတယ်။ အခု နည်းနည်း ပင်ပန်းနေပြီ။ ကျုပ် နောက်တစ်သုတ် ဖော်စပ်ဖို့ အချိန်ယူရလိမ့်မယ် ”