← Chapters

ဖင်းဖန်

Vol. 45 Ch. 619

ဖင်းဖန်

Vol. 45 Ch. 619

ကျော့ဖျင်အန်းက ကြက်ပေါက်စလေးကဲ့သို့ ခေါင်းတညိတ်ညိတ်လုပ်ကာ

“ ဒါပေါ့ ဒါပေါ့ … ကျုပ်တို့တွေ ဆေးလုံးဆရာရဲ့ စကားအတိုင်း လိုက်လုပ်ပေးမှာပေါ့။ ပြီးတော့ ဒီဆေးခြောက်လုံးက ကျုပ်အတွက် နှစ်အတော်ကြာ လုံလောက်ပါသေးတယ် ”

ကျော့ဖျင်အန်းက မိုဝူကျိ ဟန်ဆောင်နေမှန်း မသိပေ။ အကြောင်းမှာ  သင်္ကေတ ခုနှစ်သွယ် ပသာဒဆေးလုံးကား  ဆေးလုံးဆရာ၏ အသက်ဓာတ် လိုအပ်မှန်း သိပေသည်။ ထို့ကြောင့် မိုဝူကျိနောက် နှစ် ၂၀ လိုက်ကာ  ဝန်ဆောင်ခအဖြစ် ပေးရန် ဆန္ဒရှိနေခြင်း မဟုတ်ပါလော။ ထို့အပြင် မိုဝူကျိက သူ့အတွက် နောင်နှစ် နှစ်ဆယ်ကြာသည့်အခါ သင်္ကေတ ခုနှစ်သွယ် ပသာဒဆေးလုံးကို ဖော်စပ်ပေးမည် ဖြစ်၏။

“ တာအိုရောင်းရင်းကျော့မှာ ဘာကိစ္စ မှ  မရှိရင်  ကျုပ်နဲ့ အင်မော်တယ်နယ်မြေတွေဆီ အတူတူ လိုက်ခဲ့ပါ့လား ” မိုဝူကျိက သူ့ဆေးလုံးအကျိုးသက်ရောက်မှု ရှိကြောင်း နှင့် ကျော့ဖျင်အန်း၏ သဘောထားကို  မြင်တွေ့ပြီးနောက်  ဤသို့တောင်းဆိုလျှင်ပင် ပြဿနာမရှိကြောင်း သိလိုက်သည်။

မိုဝူကျိက သူ့ဆေးလုံးအဆင့်အတန်းအပြင်   ကျော့ဖျင်းအန်း၏ သင်္ကေတ ခုနှစ်သွယ် ပသာဒဆေးလုံးအပေါ်  လိုလားမှုတို့ကို ထည့်တွက်လျှင် ဤလူအား နှစ်တစ်ရာလောက် အတူတူ ခေါ်သွားလျှင်ပင် ထိုလူက လိုလားနေဦးမည် ဖြစ်ကြောင်း ယုံကြည်သည်။

သို့သော်လည်း မိုဝူကျိက ထိုသို့ မလုပ်ချင်ပေ။ အင်မော်တယ်လမ်းစဉ်မှာ ရေစီးကြောင်းကို ဆန်၍ ရွက်လွှင့်ရသည်နှင့် တူပေရာ  ကံတရားနှင့် အပြောင်းအလဲများကို လက်သင့်ခံနိုင်စွမ်းတို့ကား  လိုအပ်ပေသည်။ အကယ်၍  ဤသို့မျိုး ထိပ်တန်း အဆင့်မြင့် ကျင့်ကြံသူနှစ်ယောက် သူ့ဘေး၌ ရှိနေလျှင် ဘာအန္တရာယ်၊ စိမ်ခေါ်မှုမှမရှိဘဲ အရာအားလုံးကို  ရရှိနိုင်ပေလိမ့်မည်။ ဤသို့ဖြင့် သူက အင်မော်တယ် ဧကရာဇ် ဖြစ်လာလျှင်ပင် သာမာန်တစ်ယောက်သာ ဖြစ်နေပေလိမ့်မည်။

အခက်အခဲ ဒုက္ခများကို ဖြတ်ကျော်ပြီး  စိမ်ခေါ်မှု အမျိုးမျိုးကို ရင်ဆိုင်ခြင်းကသာ တိုးတက်လာစေလိမ့်မည်။  အန္တရာယ်နှင့် အခက်အခဲ စိမ်ခေါ်မှုများကြား သူက သေခြင်းတရားနှင့်လည်း ကြုံတွေ့နိုင်သေး၏။ သို့သော် ကျင့်ကြံခြင်း လမ်းကို ရွေးချယ်ပြီးလိုက်ပြီ ဖြစ်၍ ဤအရာမှာ လိုအပ်ကြောင်း သိထား၏။

ကျော့ဖျင်အန်းကို သူ့သက်တော်စောင့်အဖြစ် ရခြင်းက သူကိုယ်သူ ကာကွယ်လိုရုံမှကြောင့် မဟုတ်ဘဲ ချိန်စုယင်ကို ရှာရန်နှင့် စူးခရာအင်မော်တယ်မြို့ဟောင်းသို့ တစ်ခေါက်ပြန်သွားလို၍ ဖြစ်သည်။ ဤနှစ်နေရာအတွက် သူက မကွယ်မဝှက် သွားလာဖို့ရာ လိုအပ်၏။ သူ့နောက်တွင် အဆင့်မြင့်  ကျင့်ကြံသူ မပါရှိလျှင် သေချာပေါက် အသတ်ခံရလိမ့်မည်။

အကယ်၍  သူက တစ်ယောက်တည်းဖြစ်နေလျှင်  လွန်ချိုက်ကို  ရှောင်ရှားသွားဖို့ရာ နည်းလမ်းအချို့ ရှိပေ၏။

“ ကျုပ်မှာ လုပ်စရာ မရှိပါဘူး။ တာအိုရောင်းရင်းမိုက နတ်ဘုရားအင်မော်တယ်နယ်မြေဆီ သွားဖို့ စဉ်းစားနေတာလား ” ကျော့ဖျင်အန်းက တုံ့ဆိုင်းခြင်းမရှိ ပြောလိုက်သည်။ သူက ငြိမ်းချမ်းရေး ကျွန်းဆွယ်မှာ ရှိမနေလျှင်ပင် သူ့အင်မော်တယ်ကျောက်များက ဆက်တိုက် ဝင်နေဦးမည် ဖြစ်၏။

မိုဝူကျိက သူ့အား  လိုက်မစေလိုလျှင်ပင် သူက မိုဝူကျိနောက် အနီးကပ်လိုက်ဦးမည် ဖြစ်၏။ အကယ်၍ ဤသို့  နတ်ဘုရားကဲ့သို့သော ဆေးလုံး ဧကရာဇ်နှင့် အဆက်အသွယ်ပြတ်သွားခဲ့မည်ဆိုလျှင် လက်ရှိ သူ့ဘဝအား   နောင်တ  တရားများနှင့် ဆက်မရှင်သန်လိုပေ။ သူက မိုဝူကျိဘေးနား နောက် နှစ် ၂၀ လိုက်ကပ်နေမည် ဖြစ်၏။

မိုဝူကျိက ခေါင်းခါကာ  “ ကျုပ်က လွန်ချိုက်နဲ့ ဖြေရှင်းဖို့ ခင်ဗျား အကူအညီ မလိုပါဘူး ။ အချိန်ကျလာရင် ကျုပ်ဘာသာ သွားဖြေရှင်းမှာပါ …. ”

မိုဝူကျိက ကျော့ဖျင်အန်းအနေနှင့် နတ်ဘုရားအင်မော်တယ်နယ်မြေအကြောင်း မေးမြန်းခြင်းမှာ သူ လွန်ချိုက်အား သွားရှာမည်ကို စိုးရိမ်၍ ဖြစ်ကြောင်း ထင်မှတ်မိလိုက်သည်။ သို့သော်လည်း  ဟန်လုံက  ကျော့ဖျင်အန်းက ထိုအရာကို စိုးရိမ်နေခြင်း မဟုတ်ကြောင်း သိနေ၏။ သူမက မြန်မြန် ဝင်ပြောလိုက်သည်

“ စီနီယာ ကျော့ က နတ်ဘုရားအင်မော်တယ်နယ်မြေထဲက  နတ်ဘုရားမျှော်စင်အကြောင်းကို ပြောတာပါ။  အဲဒီသွားမလားဆိုတာ မေးနေတာ  … ”

မိုဝူကျိက အံ့အားသင့်သွားပြီး မြန်မြန် မေးလိုက်လေ၏

“ ဟန်လုံ …. နတ်ဘုရားအင်မော်တယ်နယ်မြေထဲက  နတ်ဘုရားမျှော်စင်က မကြာခင် ဖွင့်တော့မယ်လို့ ပြောတာလား ”

မိုဝူကျိက သူ့တွင် အမှတ်အသားပြား နှစ်ခု ရှိပေသည်။ တစ်ခုမှာ ကောင်းကင်ဖွေရှာအမှတ်အသားပြား ဖြစ်ပြီး နောက်တစ်ခုမှာ လောကထိပ်သီး အမှတ်အသားပြား ဖြစ်ပေ၏။ သူ ဤအမှတ်အသားပြားနှစ်ခု သိမ်းဆည်းထားရသည့် အကြောင်းအရင်းမှာ ကောင်းကင်ဖွေရှာနန်းတော်တွင် ရှိစဉ်အခါက သူ့အနေဖြင့် မုတ်ဆိတ်ဖြူ ငါးဖမ်းသမား အကြီးအကဲကို  ထိုအမှတ်အသားပြားနှစ်ခုယူကာ အင်မော်တယ်ပိတ်လှောင်ရေး အစီအရင်မှ ကျီလီအား ကယ်ပေးရန် ကတိပေးခဲ့၍ ဖြစ်သည်။

သူက ထိုကတိကဝတ်ပြုထားသောကြောင့်  မိုဝူကျိက  ကတိပျက်ရန် အကြံအစည်မရှိပေ။ ယခု နတ်ဘုရားမျှော်စင်မှာ နတ်ဘုရားအင်မော်တယ်နယ်မြေအတွင်း ရှိပြီး မကြာခင် ဖွင့်တော့မည် ဖြစ်ကြောင်း  သိရပြီ ဖြစ်၍  မိုဝူကျိက  နတ်ဘုရားအင်မော်တယ်နယ်မြေသို့ တစ်ခေါက်သွားရဦးမည်မှန်း ခံစားမိ၏။

“  နတ်ဘုရားမျှော်စင်ဖွင့်ဖို့  ၂နှစ်၊ ၃ နှစ်လောက်တော့ လိုသေးတယ်။ ကြားတာတော့ နတ်ဘုရားမျှော်စင်ကို ဝင်ဖို့ အရမ်းခက်တယ်  …. ဝင်ဖို့ဆိုရင်  နတ်ဘုရားအမှတ်အသားပြား ရှိမှ ရမှာတဲ့  …..

နတ်ဘုရားမျှော်စင်က ရှေးဟောင်းနတ်ဘုရားတွေရဲ့ တိုက်ပွဲကွင်းလို့တောင် သတင်းတွေ ထွက်ဖူးသေးတယ်။  အဲကြောင့် အထဲမှာ ရတနာတွေအများကြီး ရှိနေတာ  ….  နတ်ဘုရားမျှော်စင်ကို ဝင်ဖို့ နေရာတစ်နေရာစာက  အတော်လေး အဖိုးတန်တယ်။ နတ်ဘုရားအင်မော်တယ်နယ်မြေထဲက  ဂိုဏ်းအကြီးကြီးတွေက ဘယ်သူဝင်ရမလဲဆိုတာ ဆုံးဖြတ်ပေးကြတာ  …. ”

မိုဝူကျိက ဟန်လုံ၏ ရှင်းပြချက်ကို ကြာသောအခါ လုံးဝ တုံ့ဆိုင်းမနေဘဲ ပြောလိုက်သည်

“ ကျုပ်တို့တွေ ကိစ္စအချို့ကို အရင်ဖြေရှင်းကြတာပေါ့။  ပြီးရင် နတ်ဘုရားမျှော်စင်ဆီ သွားပြီး လေလံပွဲ ကျင်းပကြမယ်။ ကျုပ်လိုမျိုး ဂုဏ်ထူးဆောင် အဆင့် ၇ ဆေးလုံးဧကရာဇ်က နတ်ဘုရားအမှတ်အသားပြား မရနိုင်ဘူးဆိုတာ မယုံဘူး  ”

ဘေးတွင် ရပ်နေသည့် ကျော့ဖျင်အန်းက အနက်ရောင် အမှတ်အသားပြားနှစ်ခုကို ထုတ်ပေးရင်း သက်ပြင်းချကာ

“ ကျုပ်ဆီမှာ နတ်ဘုရားအမှတ်အသားပြား နှစ်ခု ရှိတယ်။ ကျုပ်က နတ်ဘုရားမျှော်စင်ထဲ ရောက်ဖူးတယ် … အဲထဲမှာ တကယ်ကို ရတနာတွေအများကြီးရှိတယ်။  ဒါပေမဲ့ အလွယ်တကူ အသက်ပျောက်သွားနိုင်တဲ့ အန္တရာယ်တွေနဲ့လည်း ပြည့်နေတာ  …. ကျုပ် ဒီအမှတ်သားပြားတွေကို  ခင်ဗျားဆီ ပေးလိုက်မယ်။ လေလံပွဲကတော့ လုပ်နေစရာ မလိုတော့ပါဘူး  ”

ကျော့ဖျင်အန်း စိတ်ထဲ၌ မိုဝူကျိ မသွားဖို့ရာ မျှော်လင့်နေမိသည်။ သို့သော်လည်း  မိုဝူကျိက သူ့အဆင့်အတန်းနှင့်  ပြိုင်ဖက်ကင်း အဆင့် ၇ ဆေးလုံးများကို ဖော်စပ်နိုင်ကြောင်း ထုတ်ဖော်လိုက်လျှင် မိုဝူကျိအနေနှင့် နတ်ဘုရားအမှတ်အသားပြား ရဖို့ရာ အမှန်တကယ် ခက်ခဲမည် မဟုတ်ချေ။

ဤသို့ဆိုမှတော့ သူ့အနေနှင့် နတ်ဘုရားအမှတ်အသားပြားကို ဝှက်ထားစရာ မလိုတော့ပေ။ သူက  မိုဝူကျိ ၏ ဆေးလုံးတာအိုအကြောင်း ကြေညာမည်ကို မလိုချင်ပေ။ အကယ်၍ တခြားသူများက မိုဝူကျိသည် ဂုဏ်ထူးဆောင် အဆင့် ၇ ဆေးလုံးဧကရာဇ်မှန်း သိသွားကြလျှင် မိုဝူကျိအား ဆေးလုံးတောင်းဆိုမည့်လူများစွာ ရှိလာလိမ့်မည်။ ထို့သို့ ဖြစ်လာခြင်းက သူ့အတွက် မကောင်းပေ။

မိုဝူကျိက  ကျော့ဖျင်အန်းစိတ်ထဲမှ အကြောင်းအရာများကို သေသေချာချာ သိရာ  များများစားစား ဂရုမစိုက်ချေ။ ယခု ကျော့ဖျင်အန်းက အမှတ်အသားပြားများ ထုတ်ပေးလိုက်သောကြောင့်  စိတ်ပေါ့ပါးစွာ ပြောလိုက်သည်

“ အင်မော်တယ်ဧကရာဇ်တစ်ယောက် ရှိတာ အကျိုးအများကြီးရှိတာပဲ။ ဒီလိုမျိုး အဖိုးတန်အမှတ်အသားပြားကိုတောင် ဒီလို ထုတ်ပေးနေပါ့လား …. ဟန်လုံ မင်းကို တစ်ခု ပေးမယ် …. ”

“ ဝူကျိ ကျေးဇူးပါ …” ဟန်လုံက စိတ်လှုပ်ရှားစွာ အမှတ်အသားပြားကို လက်ခံလိုက်လေ၏။ သူမအနေဖြင့် နတ်ဘုရားအမှတ်အသားပြား ရရှိလာမည့် နေ့ရက်ရောက်လာလိမ့်မည်ဟု တစ်ခါမှ မတွေးမိပေ။ ထိုအရာမှာ လုံးဝ မယုံကြည်နိုင်ဖွယ် ဖြစ်၏။ ဤသို့သောအရာမှာ ထိပ်သီးဂိုဏ်းများမှ ထိပ်သီးပါရမီရှင်များသာ ရရှိနိုင်ခြင်း ဖြစ်ပေသည်။

“ တစ်ယောက်နဲ့ တစ်ယောက် ယဉ်ကျေးနေစရာ မလိုပါဘူး။  ကျုပ်တို့တွေ အရင်ဆုံး နတ်ဆိုးစန္ဒာ အင်မော်တယ်ကျောင်းတော်ဆီ သွားပြီးတော့  စူးခရာအင်မော်တယ်မြို့ဟောင်းဆီ ဝင်ကြမယ်။ နောက်ဆုံးပန်းတိုင်နေရာက နတ်ဘုရားမျှော်စင်ပဲ  ….” မိုဝူကျိက ဟန်လုံအား လက်ကာပြကာ ပြောလိုက်သည်။

“ ဝူကျိ .. နတ်ဘုရားမျှော်စင် ဖွင့်လာရင်  အားကောင်းတဲ့ ဂိုဏ်းတွေအများကြီး ရောက်လာကြလိမ့်မယ်။ ရှင်က ပါရမီထူးတဲ့   အဆင့် ၇ ဆေးလုံး ဧကရာဇ်တစ်ယောက်ဆိုတော့  အားကောင်းတဲ့ဂိုဏ်းဆီ ဝင်ဖို့ အကြံပေးချင်တယ် ။ အဲလိုဆိုရင် အင်မော်တယ် ဧကရာဇ် လွန်ချိုက်လည်း ဘာမှလုပ်လို့ ရမှာ မဟုတ်တော့ဘူး  ” ဟန်လုံက နတ်ဘုရားအမှတ်အသားပြားကို သိမ်းကာ ပြောလိုက်သည်။

သူမက မိုဝူကျိ မည်မျှပါရမီကောင်းမှန်း အသေအချာ သိထားလေရာ ဤသို့မျိုး ကျင့်ကြံသူတစ်ယောက်က အကြောင်းပြချက်ရေရေရာရာ မရှိဘဲ အသတ်ခံရမည်ကို မလိုချင်ပေ။

ကျော့ဖျင်အန်းက အမှန်တကယ် အားကောင်းသော်လည်း  ကျော့ဖျင်အန်းက မိုဝူကျိအား နှစ် ၂၀အထိသာ ကာကွယ်ပေးနိုင်လိမ့်မည်။ အင်မော်တယ်တစ်ယောက်အတွက် နှစ် ၂၀ မှာ မျက်စိတစ်မှိတ်မျှသာ ဖြစ်၏။ နှစ် ၂၀ နောက်ပိုင်းတွင် မိုဝူကျိက  အင်မော်တယ် ဧကရာဇ်၏ ကာကွယ်မှု ရှိတော့မည် မဟုတ်ပေ။

ထိုအခါကျ ဘာလုပ်ရမည်နည်း။

ဟန်လုံ စကားများကို ကြားသောအခါ ကျော့ဖျင်အန်းက ချက်ချင်း မျက်မှောင်ကျုတ်မိသွား၏။  ဤသို့အကြံဆိုးမျိုး ထွက်လာသည့် မိန်းကလေးကို အလွန်ပင် မုန်းတီးနေမိသည်။

ဂိုဏ်းကို ဝင်တာ ဘာကောင်းလို့လဲ …. အချုပ်အနှောင်မရှိဘဲ လွတ်လပ်ခွင့်က ပို၍ သာပေသည်။

“ အချုပ်အနှောင်မရှိဘဲ လွတ်လပ်တာက ပိုကောင်းတာ မဟုတ်ဘူးလား  …. ဂိုဏ်းကို ဝင်လိုက်တာနဲ့ တားမြစ်တာတွေ ဘာတွေ ရှိလာလိမ့်မယ်။  ဂိုဏ်းကို ဝင်တာက ဘာမှ ကောင်းတာ မဟုတ်ဘူး  ” ကျော့ဖျင်အန်းအနေနှင့် မိုဝူကျိအား ဂိုဏ်းကို မဝင်စေလိုပေ။

မိုဝူကျိတွင် အင်မော်တယ်အရုပ် ရှိနေသောကြောင့် နတ်ဘုရားမျှော်စင်၌ အန္တရာယ်များများစားစား ရှိမည် မဟုတ်ပေ။ သို့သော် မိုဝူကျိ ဂိုဏ်းထဲ ဝင်လိုက်သည်နှင့်  ဂိုဏ်းက သူနှင့် ပတ်သတ်မှုအား လာရောက်စွက်ဖက်ပေလိမ့်မည်။ သူ့အတွက် ဘာမှမကောင်းနိုင်ပေ။

မိုဝူကျိက ချက်ချင်း မတုံ့ပြန်ချေ။ ထို့အစား သူက လွန်းပျံယာဉ်ကို ထုတ်ကာ ပြောလိုက်၏  “ အားလုံး ….  ကျုပ်ရဲ့  လွန်းပျံယာဉ်ဆီ တက်ကြပါ …. ”

ကျော့ဖျင်အန်းက လွန်းပျံယာဉ်ဆီ တက်ပြီးနောက်  လက်ကို ဝှေ့ကာ   ကျွန်း ကာကွယ်ရေး အစီအရင်လမ်းကြောင်းအား ဖွင့်ပေးလိုက်၏ ထို့နောက် သူက ပြောလိုက်သည်

“ ကျုပ်တို့တွေ တန်းပျံထွက်လို့ ရတယ် ”

ဟန်လုံ လွန်းပျံယာဉ်ထဲ  ‌ရောက်ရှိပြီးနောက်  မိုဝူကျိက  လွန်းပျံယာဉ်ကို ထိန်းချုပ်ကာ  ငြိမ်းချမ်းရေး ကျွန်းဆွယ်မှ ထွက်လာလိုက်သည်။ ထိုအခါမှ သူက လေးလေးနက်နက် ပြောလိုက်သည်

“ ကျုပ်က ဂိုဏ်းထဲ ဝင်ဖို့ အစီအစဉ် မရှိဘူး ။ ကျုပ် ကိုယ်ပိုင်ဂိုဏ်းကို တည်ထောင်မှာ  … ဂိုဏ်းနာမည်က တျန်းဂျီဂိုဏ်း ဖြစ်သင့်ပေမဲ့လည်း  အခုတော့  ဖင်းဖန်လို့ ခေါ်မယ် ….  တျန်းဂျီဂိုဏ်းက ကျုပ် ဖင်းဖန် ဂိုဏ်းရဲ့  ဂိုဏ်းခွဲ ဖြစ်လာလိမ့်မယ် …. ”

မိုဝူကျိက တျန်းဂျီဂိုဏ်းကို ပြန်လည်တည်ဆောက်လိုလေ၏။ သို့သော် ယခုတွင်  ဆေးလုံးတာအို၌ အောင်အောင်မြင်မြင် ဖြစ်လာသည့်အပြင် သူ့ခန္ဓာကိုယ်လည်း လေ့ကျင့်နိုင်ခဲ့ပြီး မဟာလော့ရှန်းအဆင့်သို့လည်း ရောက်ရှိလာခဲ့သည်။ သူ့ကိုယ်ပိုင်ကျင့်စဉ်မှာ တိုးတက်လာပြီး တပည့်တချို့ပင် လက်ခံပြီးသည့်နောက် မိုဝူကျိ၏ အတွေးကား ပြောင်းလဲသွားတော့သည်။ သူက ဂိုဏ်း တည်ထောင်သူ မဖြစ်လျှင်ပင် သူ့အမွေအနှစ်များအား လျစ်လျူရှုမထားနိုင်ပေ။ သူ လက်ဆင့်ကမ်းမည့် အမွေအနှစ်များမှာ  တျန်းဂျီဂိုဏ်းနှင့် သက်ဆိုင်မှု မရှိပေ။

သူ့သဘောထား ပြောင်းလဲပြီးနောက် မိုဝူကျိက ကိစ္စများကို ရှင်းရှင်းလင်းလင်း မြင်လာလေ၏။ သူက တျန်းဂျီဂိုဏ်းကို ပြန်လည်တည်ဆောက်လိုလျှင်ပင် တျန်းဂျီဂိုဏ်းသားတိုင်းက သူ့အား ကျေးဇူးတင်ကြမည်တော့ မဟုတ်ချေ။ ထို့အပြင်  သူက ကိုယ်ပိုင်အမွေအနှစ်ဖြစ်သည့်  အင်မော်တယ် မော်တယ် အမွေအနှစ်ကို  လက်ဆင့်ကမ်းပေးလို၏။

သူ့အမွေအနှစ်မှာ တျန်းဂျီဂိုဏ်းနှင့် မသက်ဆိုင်သောကြောင့်  သူ မရှိတော့လျှင် သူ့တပည့်များက တျန်းဂျီဂိုဏ်းကို ဆက်ခံရမည်လား  သို့မဟုတ်  သူ့အင်မော်တယ်မော်တယ် ကျင့်စဉ်ကို ဆက်ခံရမည်လား။ အကြောက်စရာအကောင်းဆုံး အပိုင်းမှာ တျန်းဂျီဂိုဏ်း၌ ယွမ်ဂူကဲ့သို့သော ဂိုဏ်းချုပ်မျိုး ပေါ်လာလျှင် အင်မော်တယ် မော်တယ် ကျင့်စဉ်မှာ ပျောက်ပျက်သွားနိုင်ပေသည်။

အများအမြင်ရ ဖြစ်စေ၊ ကိုယ်ပိုင် အမြင်ကြောင့် ဖြစ်စေ  ကိုယ်ပိုင် ဂိုဏ်းကိုတည်ထောင်ဖို့ရာ လိုအပ်ပေသည်။ တျန်းဂျီဂိုဏ်းအတွက် သူ့ဖင်းဖန်ဂိုဏ်းခွဲအဖြစ် သတ်မှတ်၍ ရပေ၏။

အကယ်၍ တျန်းဂျီဂိုဏ်းသားများက သဘောမတူညီလျှင် ထိုဂိုဏ်းခွဲအား ရေစက်  ဖြတ်တောက်ပစ်ရုံသာ ဖြစ်ပေသည်။

“ မဆိုးဘူး … မဆိုးဘူး  … ကိုယ်ပိုင်ဂိုဏ်းကို တည်ထောင်တာက   တခြားလူရဲ့အိမ်ဆီမှာ  ဧည့်သည်သွားလုပ်ရတာထက် အပုံကြီးသာတယ်။

ဆေးလုံးဆရာမို …. ခင်ဗျားရဲ့ဆုံးဖြတ်ချက်ကို  ကျုပ်တော့ ထောက်ခံအားပေးတယ်။  အချိန်ကျလာရင် ကျုပ် ကျော့ဖျင်အန်းလည်း  လာပံ့ပိုးပေးပါ့မယ်။ သာမာန်ဆိုတဲ့  နာမည်က  သဘောသဘာဝတွေ ပြည့်ဝနေတယ်  ….. ”

မိုဝူကျိက ကိုယ်ပိုင်ဂိုဏ်း တည်ထောင်လိုကြောင်း ကြားသောအခါ  ကျော့ဖျင်အန်းက  အားပေးကြောင်း ပြသဖို့ရာ တုံ့ဆိုင်းမနေပေ။

“ သာမာန်တဲ့လား ” ဟန်လုံက မိုဝူကျိအား နားမလည်စွာ ကြည့်လိုက်သည်။

ဘယ်လိုဂိုဏ်းမျိုးကို ဒီလိုနာမည် ပေးကြလို့လဲ  …..

မိုဝူကျိက ခေါင်းခါကာ  “ သာမာန် မဟုတ်ပါဘူး  …. ဖင်းဖန်ထဲက ဖန်က ရှေးဟောင်းစာထဲကပါ ”

(မှတ်ချက် - ဖင်းဖန် - တရုတ် စကားအရ သာမာန် အဓိပ္ပါယ်ရပါတယ်။ မိုဝူကျိ ပေးလိုက်တဲ့  ဖင်းဖန်ထဲက ဖန်ကို   အိန္ဒိယ- ဉရောပ ဘာသာစကားထဲက ယူသုံးထားတားပါ )

“ ဗုဒ္ဓဘာသာနဲ့များ ဆက်နွယ်နေတာလား  ..” ဟန်လုံက ပို၍ နားမလည် ဖြစ်လာမိသည်။  မိုဝူကျိအပေါ် သူမ နားလည်စွမ်းအရ မိုဝူကျိအနေဖြင့်   သူ့တိုက်ကွက်များ၌ ဗုဒ္ဓတာအို လျို့ဝှက်တိုက်ကွက်များ ရှိနေပုံတော့ မပေါ်ပေ။

မိုဝူကျိက ရယ်မောကာ

“ တကယ်တော့ သာမာန် ဆိုတဲ့ အဓိပ္ပါယ်ပါပဲ  ….  ဒါပေမဲ့ သာမာန်ဆိုတာက စိတ်ဝင်စားစရာ မကောင်းလို့ ဖင်းဖန်လို့ ပြောင်းလိုက်တာ  …. ကျုပ် ကျင့်ကြံတဲ့  ကျင့်စဉ်ကလည်း သာမာန်ပဲလေ  …အဲကြောင့် အဲဒီနာမည်ကို ရွေးလိုက်တာ  ”

ကျော့ဖျင်အန်း  ရှက်ရွံ့စွာ ရယ်မောလိုက်ပြီး လက်ခုပ်တီးကာ

“ ကောင်းတယ် … ကောင်းတယ် … ဖင်းဖန်နာမည်က ပိုပြီး ကြီးကျယ်တယ်။ မိုးနဲ့မြေရဲ့ ကြီးကျယ်တဲ့ သွင်ပြင်သဘာတရားမျိုး ရှိနေတယ် …. ”

ဤတစ်ကြိမ်၌ ရွိုက်ကောက  မျက်လုံးများ ဝေ့ကြည့်ကာ

“ တာအိုရောင်းရင်းဖျင်အန်းရဲ့ ကပ်ဖားလျက်ဖား အရည်အချင်းက နည်းနည်း ပိုလွန်းမနေဘူးလား …. တာ့ဟွမ်တောင် ခင်ဗျားထက် ပိုကောင်းသေးတယ် ”

တာ့ဟွမ်က ရွိုက်ကော စကားသံကြားသည့်အခါ ချက်ချင်း ပခုံးတွန့်ကာ  ရွိုက်ကောအား ခါချလိုက်သည်။ ထို့နောက်  ခပ်ပြတ်ပြတ် ပြောလိုက်၏

“ဒီနေရာမှာ ကပ်ပြီး  အဖားဆုံးက မင်းလေ …. ငါ တာ့ဟွမ်က  အဲလိုအရာမျိုး မလုပ်ဘူး။ ငါ့ရဲ့ အရည်အချင်းပေါ်ပဲ မှီခိုတယ် ….. ”

ဟန်လုံက မိုဝူကျိ စကားများကြားသောအခါ  မိုဝူကျိ ဖော်စပ်ခဲ့သော အင်မော်တယ်ဘုရင်ဆေးလုံးကို ချက်ချင်း အမှတ်ရလိုက်သည်။ ထိုဆေးလုံးမှာ   မိုဝူကျိ ပြောခဲ့သည့်အတိုင်း   တာအိုအငွေ့အသက်များ မရှိသလို  ဆေးရနံ့လည်း မရှိသော သာမာန်ဆေးလုံးသာ   ဖြစ်ပေသည်။ သို့သော်လည်း အကျိုးသက်ရောက်မှုများက  အတူတူပင် ဖြစ်၏။ ပါးစပ်ထဲ ဝင်သွားသည်နှင့် သာမာန်ဆေးလုံးကဲ့သို့ ဖြစ်ဟန်ပေါ်သော်လည်း  ထူးခြားသည့်အကျိုးအာနိသင်များကို ပြသနိုင်ခဲ့ပေသည်။

ဟန်လုံက တွေးမိကာ ပြုံးလိုက်ပြီး “ ဆေးလုံးဆရာမို …. တကယ်လို့ ကျမ  နောင် ဘယ်မှ သွားစရာ မရှိတော့ရင် ရှင်ရဲ့ ဖင်းဖန်ဂိုဏ်းဆီ  ဝင်လို့ ရမလား  .... ”

All Chapters