← Chapters

လွန်ချိုက် ထွက်လာအောင် ဖြားယောင်းခြင်း

Vol. 45 Ch. 620

လွန်ချိုက် ထွက်လာအောင် ဖြားယောင်းခြင်း

Vol. 45 Ch. 620

နတ်ဆိုးစန္ဒာ အင်မော်တယ်ကျောင်းတော်မှာ လမ်းစဉ်ခြောက်သွယ် အင်မော်တယ်နယ်မြေ၌ ဂိုဏ်းကြီးတစ်ခုအဖြစ် ယူဆ၍  ရပေသည်။ ထိပ်တန်းဂိုဏ်း မဟုတ်သော်လည်း  အင်မော်တယ်ဧကရာဇ် ရှိသော  ဂိုဏ်း ဖြစ်ပေသည်။

မိုဝူကျိတို့  နတ်ဆိုးစန္ဒာအင်မော်တယ်ကျောင်းတော်ဆီ ရောက်ရှိလာသည့်အခါ ဂိုဏ်းကြီးဟု ယူဆရသည့် သွင်ပြင်လက္ခဏာပင် မရှိတော့ချေ။ ဂိုဏ်း ကာကွယ်ရေး အစီအရင်ကို ပြန်မပြင်ရသေးရုံ သာမက အဝင်ဝ၌  အစောင့်တပည့် တစ်ယောက်သာ ရှိပေသည်။ သူ ရပ်နေသည့်သွင်ပြင်က  ရှုံးနိမ့်ထားကြောင်း အမြင်များ ပေးနေလေ၏။

“ ဒီမှာ ဘာကိစ္စများ ရှိလို့လဲဗျ …..” အစောင့်က မိုဝူကျိတို့ကို မြင်သောအခါ  မြန်မြန် ဦးညွှတ်ကာ ရိုးရိုးကုတ်ကုတ် မေးလိုက်လေ၏။

မိုဝူကျိက ရပ်တန့်ကာ  “  စန္ဒာဖွေရှာတောင်ထိပ်သခင်  ရှီဂူလန်ကို လာတွေ့တာပါ …. ကျေးဇူးပြုပြီး အကြောင်းကြားပေးပါဦး ”

“ စီနီယာ … စန္ဒာဖွေရှာတောင်ထိပ်က နတ်ဆိုးစန္ဒာအင်မော်တယ်ကျောင်းတော်မှာ မရှိတော့တာ ကြာပြီဗျ။ ပြီးတော့ တောင်ထိပ်သခင် ရှီဂူလန်လည်း  အစအနမရှိ ပျောက်ဆုံးနေတာ ကြာလှပြီ ..”  ထိုအစောင့်က မိုဝူကျိသည်  စန္ဒာဖွေရှာတောင်ထိပ်သခင် ရှီဂူလန်အကြောင်း မေးသည်ကို ကြားသောအခါ  သူလေသံမှာ ပို၍ တိုးသွားလေ၏။

“ အဲဆို လင်းဂူ ရှိလား ” မိုဝူကျိက ဆက်မေးလိုက်သည်။

အစောင့်က ပြန်ဖြေလိုက်လေ၏

“ စီနီယာအစ်မ လင်းဂူလည်း ထွက်သွားတာ အတော်ကြာနေပြီ။  စန္ဒာဖွေရှာတောင်ထိပ် မဖျက်စီးခံရသေးခင် ကတည်းက ကျောင်းတော်ထဲ မရှိတော့တာ  …. ”

လင်းဂူ ပြန်မလာကြောင်း ကြားသောအခါ မိုဝူကျိ စိတ်နှလုံးကား အနည်းငယ် ပေါ့ပါးသွားလေ၏။ အစောင့်၏ ပြောစကားအရ  လင်းဂူမှာ သူတို့စိတ်ဝိညာဉ်ဖွဲ့စည်းခြင်း ရေကန်ဆီ သွားပြီးနောက်ပိုင်း ပြန်ရောက်မလာခြင်းသာ ဖြစ်ပေလိမ့်မည်။

မိုဝူကျိက ထိုအတွေးဖြင့် ကျော့ဖျင်အန်းဘက် လှည့်ကာ

“  ကျုပ် လမ်းစဉ်ခြောက်သွယ် မြို့ပျက်ဆီ သွားချင်တယ်။ ကျုပ်တို့တွေ မသွားခင် စိတ်ဝိညာဉ်ဖွဲ့စည်းခြင်း ရေကန်ဆီ ဝင်ဖို့ နေရာ လိုလိမ့်မယ် … ”

ကျော့ဖျင်အန်းက  မိုဝူကျိအနေဖြင့် စိတ်ဝိညာဉ်ဖွဲ့စည်းခြင်း ရေကန်ဆီ အဘယ်ကြောင့် သွားလိုမှန်း မသိသော်ငြား  မိုဝူကျိက ဝင်ခွင့်နေရာအကြောင်း ပြောသည်ကို ကြားသည့်အခါ  ဂုဏ်ယူစွာ ပြန်ဖြေပေးလိုက်၏

“ မလိုပါဘူး .. ကျုပ်ဆီမှာ စိတ်ဝိညာဉ်ဖွဲ့စည်းခြင်း ရေကန်ဆီ ဝင်ခွင့်နေရာတွေ အများကြီး ရှိတယ်။ ဒီအတိုင်း တန်းသွားကြစို့  …. ”

မိုဝူကျိက ချိန်စုယင်အကြောင်း မကြားမိသော်လည်း  ဤမဟာဧကရာဇ်များ ရှိနေသည့် အချက်များကိုတော့ မအံ့ဩဘဲ မနေနိုင်ချေ။ သူတို့ကား နေရာတိုင်း၌ ဝင်ခွင့်များ ရှိနေလေ၏။ ယခင် သူက နတ်ဘုရားမျှော်စင်ဆီ သွားချင်သည့်အခါ ကျော့ဖျင်အန်းက  နေရာနှစ်နေရာစာ ထုတ်ပေးလေသည်။ ယခု သူက စိတ်ဝိညာဉ်ဖွဲ့စည်းခြင်း ရေကန်ဆီ သွားလိုသည့်အခါ  ကျော့ဖျင်အန်း၌ နေရာများစွာ ရှိကြောင်း သိရပြန်သည်။ အမြင်နှင့်တင် သူ အားကောင်းလာသည့်အခါ ထိုနေရာများအား သိမ်းဆည်းထားရုံမျှသာ လိုအပ်တော့သည်။ ဤနည်းဖြင့် တကယ်လိုအပ်လာသည့်အခါ  သူ့အနေနှင့် တစ်ခုချင်းစီ ပြန်ရှာနေရန် မလိုအပ်တော့ပေ။

…………………..…

သုံးလအကြာတွင် အဖွဲ့က  ကြယ်တာရာ တည်ချက် အင်မော်တယ်မြို့၌ အကြီးမားဆုံး တည်းခိုဆောင် ဖြစ်သော ကြယ်တာရာတည်ချက် တည်းခိုဆောင်  သီးသန့်အခန်းသို့ ရောက်ရှိလာကြသည်။

လက်ရှိတွင် လူ  သုံးယောက် ရှိနေသည့်အပြင် တာ့ဟွမ်မှာ မိုဝူကျိနောက် ရပ်နေလေ၏။ လေပေါတတ်သော ရွိုက်ကောပင် စကားတစ်ခွန်းမျှ မဟရဲပေ။

အားလုံးက မိုဝူကျိ စိတ်အခြေအနေ ဆိုးရွားနေကြောင်း ပြောနိုင်လေ၏။ ကြယ်တာရာတည်ချက် တည်းခိုဆောင်၏ အင်မော်တယ်သေရည်က  ကောင်းမွန်သော်လည်း  မိုဝူကျိက တစ်စက်လေးမျှ မထိပေ။

ကျော့ဖျင်အန်းလည်း တိတ်ဆိတ်နေလေ၏။ သူက မိုဝူကျိအနေဖြင့်   စိတ်ဝိညာဉ်ဖွဲ့စည်းခြင်းရေကန်၌  သူ ရှာဖွေနေသည့်သူကို မတွေ့ခဲ့ကြောင်း သိပေသည်။ သူ့အမြင်အရ ဤကိစ္စမှာ  အရမ်းအရေးမကြီးပေ။ အကယ်၍ သူတို့နှစ်ယောက်သာ သဘောတူညီမှု မယူထားပါက  သူ့အနေနှင့် ဤသို့သော စိတ်ခံစားချက်များနေသည့် ဆေးလုံးဧကရာဇ်ကို အထင်သေးမိလိမ့်မည်။

ဟန်လုံက  မိုဝူကျိ ရှာနေသော သူမှာ ချိန်စုယင်ဟု ခေါ်ကြောင်း သိထား၏။ သူမက လေထုမှာ အနည်းငယ် ထိုင်းမှိုင်းနေသည်ကို မြင်၍  သက်ပြင်းချကာ ပြောလိုက်သည်

“ ဝူကျိ …… စုယင်က စိတ်ဝိညာဉ်ဖွဲ့စည်းခြင်းရေကန်ကနေ ထွက်သွားလို့ နေမှာပါ။ နောင်ကျ  ရှင် ဂိုဏ်းကို တည်ထောင်တဲ့အခါကျ သူမလည်း သတင်းကြားပြီးတော့  ရှင့်ဖင်းဖန်ဂိုဏ်းကို လာရှာမှာပါ ”

မိုဝူကျိက သူမကို ဖင်းဖန်ဂိုဏ်းထဲ ဝင်လို့ရသည့် အကြောင်း ပြောထား၍ သူမက သူ့မဂိုဏ်းကဲ့သို့ ဆက်ဆံမိခြင်း ဖြစ်၏။

ကျော့ဖျင်အန်းက စိတ်ထဲမှ ပြောမိလိုက်၏။ မိုဝူကျိက  စိတ်ဝိညာဉ်ဖွဲ့စည်းခြင်း ရေကန်မှ အထိခိုက်ဒဏ်ရာ မရရှိဘဲ မည်သို့ ထွက်လာနိုင်သည်ကို မသိသော်လည်း  မိုဝူကျိတွင် ထူးခြားသော နည်းလမ်းများ ရှိကြောင်း သေချာသိနေသည်။ သို့သော်လည်း  တချို့သာ မိုဝူကျိကဲ့သို့  နည်းလမ်းများ ရှိပေလိမ့်မည်။ သို့သော်ငြား  ချိန်စုယင်နှင့်လင်းဂူတို့မှာ  စိတ်ဝိညာဉ်ဖွဲ့စည်းခြင်း ရေကန်အနက်ပိုင်း၌ မြှပ်နှံပြီးသား ဖြစ်နေလောက်လေပြီ။ အကယ်၍ သူသာ ဤသို့မျိုး နေရာသို့ ကျရောက်သွားပါက သူ့အနေနှင့်  ၁၂၀ ရာခိုင်နှုန်းလောက် အားထုတ်ကြိုးစားရလိမ့်မည်။  ထိုအခါ သေခြင်းတရားနှင့် ကြုံတွေ့ရဦးမည် ဖြစ်ပေသည်။ သို့သော်လည်း မိုဝူကျိကို ဤစကားများပြောပြဖို့ရာ စိတ်မပါပေ။

မိုဝူကျိက ခေါင်းညိတ်ကာ

“ မှန်တယ် …. ဒီလိုဆိုမှတော့  နတ်ဘုရားအင်မော်တယ်နယ်မြေဆီ သွားကြစို့ … ပြီးရင်  ကျုပ်တို့ ဖင်းဖန်ဂိုဏ်း ထောင်ဖို့ သင့်တော်မဲ့  တည်နေရာ လိုက်ရှာရအောင် ”

မိုဝူကျိက  စူးခရာအင်မော်တယ်မြို့ဟောင်းဆီ သွားဖို့ရာ  ရည်ရွယ်ထားသော်လည်း  စိတ်ဝိညာဉ်ဖွဲ့စည်းခြင်း ရေကန်သို့ သွားပြီးနောက်  သူ့အတွက် အသုံးမဝင်ကြောင်း ခံစားမိလာသည်။ တျန်းဂျီဂိုဏ်း၏ ကံကောင်းပြီး ရှင်ကျန်ရစ်သူ ရှိလိမ့်မည် မဟုတ်လောက်ချေ။

“ ကောင်းတယ် … ဆေးလုံးဆရာမိုက  လိုက်လျောညီထွေ နေနိုင်တဲ့သူပါ။ ကြယ်တာရာတည်ချက်မြို့မှာ   ကူးသန်းရေး အစီအရင်တွေအများကြီး ရှိတယ်။ နတ်ဘုရားအင်မော်တယ်နယ်မြေဆီ သွားတာလည်း ရှိတယ် … ကျုပ်တို့ သွားချင်တဲ့အချိန် သွားလို့ ရတယ် ” ကျော့ဖျင်အန်းက  “ကောင်းတယ်” ဆိုသော စကားကို ရည်ရွယ်ချက်ရှိရှိ ညှပ်သုံးလိုက်ခြင်း ဖြစ်၏။

ဤတစ်ကြိမ်၌ တာ့ဟွမ်ပင်  ကျော့ဖျင်အန်းကို မကျေမနပ် ကြည့်လိုက်လေသည်။ ရွိုက်ကောနှင့် ဆက်ဆံပြီးနောက် တာ့ဟွမ်က  စကားနှင့် ပတ်သတ်လာလျှင် ငေါ့တော့တော့ ပြောတတ်လာသည်။ ကျော့ဖျင်အန်း၏ ကပ်ဖားရပ်ဖားလုပ်မှုအား အမှန်တကယ် မြင်တွေ့လိုက်ရသည်။

မိုဝူကျိက  ထရပ်ကာ  “ ဒီလိုဆိုမှတော့  ကျုပ်တို့တွေ အခုပဲ သွားကြ …..  ”

“ ဘုန်း ” မိုဝူကျိ စကားမဆုံးခင် သူတို့အခန်းပတ်လည်မှ အစီအရင်ကား တစစီ ဖြစ်သွားလေ၏။

မျက်နှာစိမ်း အမျိုးသားတစ်ယောက်က  အခန်းရှေ့ ပေါ်လာသည်။ သူက မိုဝူကျိကို အေးစက်စွာ ကြည့်ပြီးနောက် ကျော့ဖျင်အန်းနှင့် ဟန်လုံတို့ကို ကြည့်လိုက်သည်။ အင်မော်တယ်အရုပ်နှင့်  ရွိုက်ကောတို့ကိုတော့ လျစ်လျူရှုထားလေ၏။

သူက ကျော့ဖျင်အန်း၏ နာမကျန်းသွင်ပြင်ကို ကြည့်ကာ  စိတ်ထဲမှ ဖယ်လိုက်သည်။ ဟန်လုံ၏ အင်မော်တယ်ဘုရင် အငွေ့အသက်များက သူ့အား အနည်းငယ် အံ့ဩတုန်လှုပ်စေမိသည်။

“ ဟန်လုံရေ ကြည့်ရတာ တစ်ယောက်ယောက်က ကျုပ်တို့ကို နတ်ဘုရားအင်မော်တယ်နယ်မြေဆီ မသွားစေချင်တဲ့ပုံပဲ  …..” မိုဝူကျိက ထိုလူ၏ ကျင့်ကြံဆင့်မှာ အင်မော်တယ်ဘုရင်တွင် ရှိကြောင်း မြင်လိုက်ရကာ  သူ့ကျင့်ကြံဆင့်မှာ  ဟန်လုံထက် အနည်းငယ်သာ ပိုမြင့်ပေ၏။

မျက်နှာစိမ်း အမျိုးသားက  မိုဝူကျိကို ကြည့်ကာ အေးစက်စက် ပြောလိုက်သည်

“  မင်း ဘယ်မှ သွားလို့ မရဘူး။ ငါနဲ့အတူတူ အနှောင်အဖွဲ့ကင်းနန်းတော်ဆိ လိုက်ခဲ့ရမယ် … မှတ်ထား ငါ့နာမည် လိုင်ယီပဲ  … ”

“ ခင်ဗျားက လွန်ချိုက်ရဲ့  လက်ပါးစေ မလား  ” မိုဝူကျိက အနှောင်အဖွဲ့ကင်းနန်းတော်အကြောင်း ကြားသည်နှင့် ချက်ချင်း နားလည်သွား၏။

“ သေချင်နေတာပဲ …  မဟာဧကရာဇ်ကို ဘယ်လို မလေးမစားလုပ်ရဲရတာလဲ … ” မိုဝူကျိ စကားများ ကြားသောအခါ လိုင်ယီက ချက်ချင်း‌ ဒေါသူပုန် ထလာသည်။

မိုဝူကျိက ထိုလူမှာ လွန်ချိုက်၏ လက်ပါးစေ ဖြစ်ကြောင်း ကြားလိုက်ရသည့်အခါ အဘယ်ကြောင့်များ ယဉ်ကျေးနေရမည်နည်း။ လိုင်ယီ စကားမဆုံးခင် သူက ရှေ့တက်ကာ ခုတ်ချလိုက်သည်။

လိုင်ယီ မျက်ဝန်း၌ ဒေါသရိပ်များ ဖုံးလွှမ်းလာကာ  မိုဝူကျိက ရွမ်ရှန်းအဆင့်မျှသာ ရှိသေးကြောင်း ကြားထားသော်လည်း ဤရွမ်ရှန်းအဆင့် ကျင့်ကြံသူက သူ့လို အင်မော်တယ်ဘုရင်အား တိုက်ခိုက်ရဲသည်လား။ မဟာဧကရာဇ်၏ ကိုယ်လုပ်တောင်အား ကုသပေးရန် လိုအပ်နေသည့် အချက်ကြောင့်သာ မဟုတ်လျှင် သူက မိုဝူကျိ ဦးနှောက်အား တစစီ ခြေမွပစ်လိုက်လေပြီ။

မိုဝူကျိ၏ ဓားချက်မှာ မထက်ရှလှချေ။ အကြောင်းမှာ  လျို့ဝှက်တာအိုစွမ်းအားများ မပါဝင်ဘဲ သတ်ဖြတ်ငွေ့တစ်မျိုးတည်းသာ ပါဝင်ပေ၏။

လိုင်ယီက အနည်းငယ်မျှသာ နာကြင်မိ၏။ လိုင်ယီ နှုတ်ခမ်းများက တွန့်ချိုးသွားပြီး သူက တစ်ကွက်မှ ပြန်မတိုက်ဘဲ မိုဝူကျိအား  သူ့အရှိန်အဝါဖြင့် ဖိနှိပ်ရန် ပြင်လိုက်သည်။

သူ့အကြံကား ကောင်းမွန်သော်လည်း လိုင်ယီက သူ့အင်မော်တယ် သဘာဝစွမ်းအားများကို ထုတ်ဖော်လိုက်စဉ်  ကြီးကျယ်ခမ်းနားကာ အဆုံးမဲ့လှသော အရှိန်အဝါတစ်ခု၏ ပိတ်ဆို့ကာဆီးခံထားရသည်ကို သတိပြုမိလိုက်၏။ သူက မဟာဧကရာဇ်  လွန်ချိုက်ဘေး နှစ်များစွာ ခစားလာသူ ဖြစ်ပေရာ ထိုအရှိန်အဝါက အင်မော်တယ် ဧကရာဇ်တစ်ယောက်၏ အရှိန်အဝါ ဖြစ်မှန်း မည်သို့ မသိဘဲ နေမည်နည်း။

လိုင်ယီက မတုံ့ပြန်ခင် မိုဝူကျိ၏ ဓားမော့အလင်းက သူ့ဦးခေါင်းဆီ ဖောက်သွားကာ အပိုင်းပိုင်း အစစ ဖြစ်သွားတော့သည်။ ထို့နောက် သူ့အပေါ် လျှပ်စီးချက်များ ပစ်လွှတ်လိုက်၏။ လိုင်ယီ၏ ကမ္ဘာဦး စိတ်ဝိညာဉ်မှာ ထွက်မလာနိုင်ဘဲ လျှပ်စီးချက်ကြောင့် ပေါက်ကွဲသွားသည်။

မိုဝူကျိက  ကျော့ဖျင်အန်းအား ခေါင်းညိတ်ပြလိုက်သည်။ သူက ရုတ်ချည်း ထလှုပ်ရှားလိုက်ခြင်းမှာ ကျော့ဖျင်အန်းအနေနှင့် သူ့အား ကူညီဖို့ရာ အဆင့်သင့်ဖြစ်နေလားဟု စစ်ဆေးလို၍ ဖြစ်သည်။ ကျော့ဖျင်အန်းက သူ့အား စိတ်မပျက်စေခဲ့ပေ။ သူက ဓားမော့ကို ထုတ်လိုက်သည်နှင့် ကျော့ဖျင်အန်း၏ အင်မော်တယ် ဧကရာဇ် စွမ်းအားစက်ကွင်းက လိုင်ယီကို ချုပ်နှောင်ထားလိုက်၏ ဤနည်းဖြင့် မိုဝူကျိ၏ ဓားမော့မှာ လိုင်ယီအား အလွယ်တကူ သတ်ပစ်နိုင်လိုက်ခြင်း ဖြစ်ပေသည်။

“ ရွပ် ….” လိုင်ယီကို သတ်ဖြတ်ပြီးနောက် မိုဝူကျိက  ဓားချက်များအား တည်းခိုဆောင်အနှံ့ ပစ်လွှတ်လိုက်သည်။ တည်းခိုဆောင်၏ အစီအရင်မှာ တစစီ ဖြစ်သွားလေတော့သည်။ ဒုတိယထပ်မှာ ပြိုကျလာကာ တတိယထပ်လည်း လိုက်ပါလာသည်။

ဟန်လုံက ခေါင်းကို ငုံ့ထား၏။ သူမအနေဖြင့် မိုဝူကျိက ရည်ရွယ်ချက်ရှိရှိ လုပ်နေမှန်း သေချာသိပေသည်။

မိုဝူကျိက အမှန်တကယ် ရည်ရွယ်ချက်ရှိရှိ တမင် လုပ်နေခြင်း ဖြစ်၏။ သူက တည်းခိုဆောင်ထဲ ဝင်လာခါစ ဖြစ်ကာ လိုင်ယီက သူ့နောက် လိုက်လာနိုင်လေ၏။ ပုံမှန်အားဖြင့် တည်းခိုဆောင်ရှိ တစ်ယောက်ယောက်က  သတင်းပေးလိုက်လေလားဟု ကောက်ချက်ချမိမည် ဖြစ်၏။

မိုဝူကျိ  အရမ်းစိတ်ဆိုးသွားသည့် အဓိက အကြောင်းအရင်း မဟုတ်သေးပေ။ အကြောင်းအရင်းမှာ လိုင်ယီက သူ့သီးသန့်အခန်းကိုပါ ရှာတွေ့သွားခြင်း ဖြစ်၏။

တစ်ခုကို အတည်ပြုရမည်ဆိုလျှင် တည်းခိုဆောင်က  သူ့နေရာအကြောင်း ပြောပြလိုက်ပြီး လိုင်ယီနှင့်တိုက်ပွဲဖြစ်ရန် ခွင့်ပြုလိုက်ခြင်းသာ ဖြစ်လိမ့်မည်။

သဘောတရားအရာဆိုလျှင် သူတို့က တည်းခိုဆောင်၏ ဧည့်သည်များ ဖြစ်၏။ အကယ်၍ တစ်ယောက်ယောက်က သူတို့အား လာရှာလျှင်ပင် တည်းခိုဆောင်အနေနှင့် တစ်ဖက်လူကို မရပ်တန့်နိုင်လျှင်ပင် အနည်းဆုံးတော့ သူတို့အား လာအကြောင်းကြားပေးသင့်သည်။

“ မိတ်ဆွေ … ကျုပ် ကြယ်တာရာတည်ချက် တည်းခိုဆောင်ကို ဘာလို့ တမင်ဖျက်စီးနေရတာလဲ  ….” လူလတ်အရွယ် အမျိုးသားက မိုဝူကျိတို့ရှေ့ ရောက်လာကာ မေးလိုက်သည်။ ကြမ်းပေါ်တွင် လဲလျောင်းနေသည့် လိုင်ယီ၏ အလောင်းကို သတိပြုမိကာ  နွေးနွေးထွေးထွေးလေသံဖြင့် ပြောလိုက်၏။

ကြယ်တာရာတည်ချက် တည်းခိုဆောင်၏ ဒုတိယထပ်နှင့် တတိယထပ်မှာ ပြိုကျသွားလေပြီ။ မိုဝူကျိအပါအဝင် အားလုံးက ပထမထပ်သို့ ရောက်ရှိနေကြသည်။

ကြယ်တာရာတည်ချက် တည်းခိုဆောင်မှာ  ကြယ်တာရာတည်ချက် အင်မော်တယ်မြို့၌ အကောင်းဆုံးတည်းခိုဆောင်ထဲအနက် တစ်ခု ဖြစ်ပေသည်။ ဤသို့မျိုး တည်းခိုဆောင်အနေနှင့် နောက်ခံကောင်းကောင်း ရှိသည်မှာ ပုံမှန်သာ ဖြစ်၏။ မိုဝူကျိက ဤသို့သော တည်းခိုဆောင်၏ ဒုတိယထပ်နှင့် တတိယထပ်ကို ဖျက်စီးပစ်ခဲ့သည်။ ထို့ကြောင့် ပထမထပ်ရှိ ကျင့်ကြံသူများက မည်သူများ  ထိုသို့ရမ်းကားရဲတာလဲဟု ထွက်ကြည့်ကုန်ကြသည်။

မိုဝူကျိက သူ့ဓားမော့ကို နောက်ကျောဆီ ပြန်ထားလိုက်ပြီး

“ ခင်ဗျားစကားတွေက မှားနေတယ်။ ကျုပ်က တည်းခိုဆောင်  ဖျက်စီးနေတာကို ခင်ဗျားရဲ့ ဘယ်မျက်စိနဲ့များ မြင်လိုက်တာတုန်း … အခုလေးတင် လွန်ချိုက်ရဲ့ လက်ပါးစေက ကျုပ်ကို တိုက်ဖို့ ကြိုးစားလို့  ပြန်ခုခံရုံအပြင် မတတ်နိုင်ဘူးလေ …

အဲကြောင့် အုတ်နည်းနည်း၊ တိုင်နည်းနည်း မတော်တဆ ဖျက်စီးမိသွားတာ  …..  အဲဒီလူက အင်မော်တယ်ဘုရင်အဆင့်လေ။

ကျုပ် ဘာဖြစ်ဖြစ် ခင်ဗျားတို့ကို လျော်ကြေးပေးသင့်တယ်ဆိုတော့ သူ့အလောင်းကို ချန်ထားခဲ့လိုက်မယ်လေ …. ”

မိုဝူကျိ စကားအဆုံးတွင် လိုင်ယီ၏ သိုလှောင်လက်စွပ်က  သူ့လက်ထဲ ရောက်ရှိလာသည်။

လွန်ချိုက်ရဲ့ လက်ပါးစေလား …..

သူတို့က ထိုစကားများကြားသည့်အခါ အင်မော်တယ်အများစုက နောက်ဆုတ်သွားကြပြီး တည်းခိုဆောင်မှ တိတ်တဆိတ် ထွက်သွားကြသည်။ ဤသို့သော ပြဿနာ၌ ဝင်မပါသည်က အကောင်းဆုံး ဖြစ်ပေသည်။ လွန်ချိုက်က ရူးနေသည့်သူမှန်း မည်သူက မသိဘဲ နေမည်နည်း။ သူတို့က ဤနေရာ မတော်တဆ ရောက်နေခဲ့ခြင်းဟု ဆိုလျှင်ပင် လွန်ချိုက်က ရုတ်ချည်း ပေါ်လာကာ  တစ်ယောက်ချင်းစီကို သတ်ပစ်နိုင်၏။

ဤလူက ပြဿနာ ရှာနေခြင်းသာ ဖြစ်၏။ လူလတ်အရွယ်အမျိုးသား၏ မျက်ဆံများက ကျဉ်းမြောင်းလာကာ  လွန်ချိုက်အား ပြဿနာရှာရဲသူမှာ  သူတို့ ကြယ်တာရာတည်ချက်တည်းခိုဆောင်အနေနှင့် ရန်စလို့ ရမည့်သူ မဟုတ်ချေ။

မိုဝူကျိက အမှန်ပင် ပြဿနာ ရှာနေခြင်း ဖြစ်ပေသည်။ သူက ဤနေရာ၌ လွန်ချိုက်ကို စောင့်နေမည် ဖြစ်၏။ လွန်ချိုက်က အနီးအနား၌ ရှိနေလျှင် ထိုသတင်းအား ချက်ချင်း သိသွားကာ  ရောက်လာပေလိမ့်မည်။ ဤနေရာမှာ လွန်ချိုက်နှင့် တိုက်ဖို့ရာ နေရာကောင်းတစ်ခု ဖြစ်၏။ သူက လွန်ချိုက် ထွက်မလာမည်ကို စိုးရိမ်နေမိသေး၏။

သူက လွန်ချိုက်နှင့် မည်သိုပင် ဖြစ်စေ ရင်ဆိုင်ရမည် ဖြစ်ရာ လွန်ချိုက် ရောက်မလာလျှင် ဤတိုက်ပွဲမှာ နတ်ဘုရားအင်မော်တယ်နယ်မြေအထိ တုံ့ဆိုင်းသွားပေလိမ့်မည်။ သို့သော် လွန်ချိုက်က နတ်ဘုရားအင်မော်တယ်နယ်မြေ၌ အင်အားကြီးသူ ဖြစ်ပေရာ ထိုနေရာတွင် တိုက်ခိုက်ခြင်းက သူ့အတွက် အရေးနိမ့်ပေလိမ့်မည်။

“ မင်းက  သတ္တိကောင်းနေတယ်ပေါ့ … ငါ လွန်ချိုက်ရဲ့လူကိုတောင် သတ်ရဲတယ်ပေါ့ …. ဒီနေ့ ဒီဧကရာဇ်က မင်းရဲ့ ဝိညာဉ် ဘယ်လောက် အားကောင်းလဲဆိုတာ ကြည့်ရသေးတာပေါ့ ”

ခပ်တိုးတိုးအသံတစ်သံက  အဝေးတစ်နေရာမှ ထွက်ပေါ်လာည်။ ထိုအသံထွက်ပေါ်လာသည်နှင့်  သရဖူဆောင်းထားသည့်  ပိန်ပါးပါး အမျိုးသားက လေထဲမှ သူတို့ထံ လျှောက်လှမ်းလာသည်။

All Chapters