← Chapters

နတ်ဘုရား ကောင်းကင် ချောက်နက်

Vol. 45 Ch. 621

နတ်ဘုရား ကောင်းကင် ချောက်နက်

Vol. 45 Ch. 621

မဟာဧကရာဇ် လွန်ချိုက် ပေါ်လာသည်နှင့်  ဘေးနားမှ ရပ်ကြည့်နေကြသော ကျင့်ကြံသူများက ထွက်သွားကြတော့သည်။ အင်မော်တယ် ဧကရာဇ် တစ်ယောက် ဒေါသထွက်လာသည့်အခါ ဤနေရာ၌ သေခြင်းတရားကို ထိုင်စောင့်နေရမည်လား။ ထို့အပြင် ဤအင်မော်တယ် ဧကရာဇ်မှာ ထူးဆန်းသည့် ဒေါသကြောင့် လူသိများသော မဟာဧကရာဇ် လွန်ချိုက် ဖြစ်နေသေး၏။

“ တာ့ဟွမ် ငါပြောတာကို မှတ်ထား … အချိန်ကျလာရင် အဲဒီလူကို တစ်ချက်တော့  ထိုးရမယ် ” မိုဝူကျိက တာ့ဟွမ်ကို သတင်းပို့ပြီးနောက်  မဟာဧကရာဇ်  လွန်ချိုက်ထံ ဓားချက် ပစ်ခွင်းလိုက်သည်။

ထိုဓားချက်မှာ ငါးမီတာအထိ မြင့်တက်လာသွားကာ မီတာဆယ်ချီ ကျယ်ပြန့်လာလေ၏။

“ ဟားဟား  …. ငါ ပထမဆုံး မြင်ဖူးတာပဲ  … ” မိုဝူကျိ၏ ဓားမော့အလင်းကို မြင်ကာ လွန်ချိုက်က အားရပါးရ ရယ်မောလိုက်သည်။ သူ့အား တိုက်ခိုက်ရဲသည့် ပါးမွှားကို ပထမဆုံးအကြိမ် မြင်တွေ့ဖူးခြင်း ဖြစ်ပေသည်။

သို့သော်လည်း သူ့စကားမဆုံးခင် စကားများကို ပြန်မျိုချကာ  ထိန်းချုပ်လိုက်ရ၏။ အကြောင်းမှာ တစ်ချိန်တည်း၌ သူ့အား လာဖိနှိပ်နေသော ပြင်းထန်သည့် အရှိန်အဝါတစ်ခုကိုပါ ခံစားမိလိုက်၍ ဖြစ်သည်။ သူ့စွမ်းအားစက်ကွင်းကို တိုက်ရိုက် ချိုးနှိမ်ထားပြီး  သူ့ဦးခေါင်းထက်၌ ယပ်တောင်တစ်ချောင်း ဝှေ့ယမ်းနေပြီး  များပြားစွာသော လှံများ ပြောင်းလဲလာကာ သူတို့နှစ်ယောက်ကြားက ကြားကွက်လပ်ကို  ခြားထားစေရင်း  လွန်ချိုက်ထံ၌ ပေါက်ကွဲထွက်ကုန်သည်။

ယပ်တောင်အရိုးတစ်ခုချင်းစီက  ကြောက်မက်ဖွယ်ရှေးဟောင်းသားရဲ အော်သံကို ထုတ်လွှင့်နေရင်း မိုးနှင့်မြေကို ဝါးမျိုတော့မည့်အလား  လွန်ချိုက်ပင် ထိုအောက်၌ သစ်ရွက်လေးမျှသာ ဖြစ်နေသည်။

လွန်ချိုက် ပေါ်လာသည့်အခါ မိုဝူကျိ မရှိလျှင်ပင် ကျော့ဖျင်အန်းက တိုက်ခိုက်မည် ဖြစ်၏။ ထိုခွေးကောင်က သူ့ငြိမ်းချမ်းရေး ကျွန်းဆွယ်ကို ဖျက်စီးကာ လူများကို သတ်သွားခဲ့သောကြောင့် သူ့အနေနှင့် မျက်နှာပျက်ခဲ့ရသည်။ ထို့ကြောင့် ယနေ့ ပြန်ပေးဆပ်ရမည်။

“ ခင်ဗျားကိုး ….” ကျော့ဖျင်အန်း လှုပ်ရှားလိုက်သည်နှင့် လွန်ချိုက်က  ထိုနာမကျန်း ပညာရှင်ပုံစံ အား ချက်ချင်း မှတ်မိလိုက်သည်။ သူ့ထက် အားမနည်းသည့် မဟာဧကရာဇ် ဖြစ်ပေသည်။

ကျော့ဖျင်အန်းကို မြင်လိုက်ပြီးနောက် လွန်ချိုက် စိတ်ထဲ လေးလံမိသွားသည်။ မိုဝူကျိက ကျော့ဖျင်အန်း၏ အကာအကွယ် ရထားလျှင် သူ့အနေဖြင့်  မိုဝူကျိအား ခေါ်ဆောင်သွားဖို့ရာ တကယ်မလွယ်ချေ။

သူက မိုဝူကျိအား ခေါ်ဆောင်သွားနိုင်သည် ဖြစ်စေ၊ မသွားနိုင်ဘူး ဖြစ်စေ တစ်ယောက်ယောက်က လှုပ်ရှားလာခဲ့လျှင် လွန်ချိုက်အနေနှင့် သေဆုံးသွားနိုင်သည်။ ကျော့ဖျင်အန်းက မည်မျှ အံ့ဩဖို့ကောင်းစေကာမူ သူက ငြိမ်းချမ်းရေး ကျွန်းဆွယ်၌သာ ပုန်းနေနိုင်လိမ့်မည်။

ခြစ်ခြစ်တောက် တုတ်လုံးကို  မြှောက်လိုက်သည့်အခါ ပေါက်ကွဲမှုက ဖြစ်ပွားလာကာ မီးတောက်များနှင့် ပြည့်နှက်လာစေပြီး  တည်နေရာအက်ကြောင်းများပင် ဖြစ်ပေါ်လာစေသည်။ မီးပင်လယ်က  ကြယ်တာရာတည်ချက် အင်မော်တယ်မြို့ ကောင်းကင်တစ်ခုလုံးကို လွှမ်းခြုံသွားလေ၏။ များပြားစွာသော အဆောက်အဦးများက  ခြစ်ခြစ်တောက်တုတ်လုံး၏ သက်ရောက်မှုအောက်တွင် အမှုန့်ဖြစ်ကုန်ကြသည်။

မြို့တစ်မြိုးလုံး တုန်ဟီးသွားပြီး ကျော့ဖျင်အန်း၏ ယပ်တောင်ရိုးက မီးပင်လယ်နှင့် တွေ့ဆုံသည့်အခါ ဆက်လက်၍ ပေါက်ကွဲထွက်သွားပြန်သည်။

ဤသို့သော တိုက်ခိုက်မှုမျိုး၌ အစပိုင်းတိုက်ခိုက်မှုမှလွဲလျှင် မိုဝူကျိက ဝင်မပါသေးပေ။ ဟန်လုံလည်း တစ်ဖက်၌ အကာအကွယ်  ယူထားလေ၏။

နှစ်ယောက်လုံး နောက်ဆုတ်ပြီးနောက် တာ့ဟွမ်က  ရှေ့တက်လာသည်။ ပြင်းထန်လှသော စွမ်းအားများက သူ့ခန္ဓာပတ်လည် ဆက်တိုက် ပေါက်ကွဲနေကြပြီး  ခြစ်ခြစ်တောက်တုတ်လုံးက သူ့ခန္ဓာကို ဖြတ်သွားသော်လည်း  သူ့အတွက် အယားပြေရုံ အပြင် မပိုပေ။

သူက မိုဝူကျိ စကားများကို စိတ်ထဲ မှတ်သားထား၏ “ အချိန်ကျလာရင်  အဲဒီလူကို ထိထိမိမိ တစ်ချက် ချလိုက်  ”

“ ကျော့ဖျင်အန်း  … ခင်ဗျား  ဘာလိုချင်တာလဲ  … ” ခြစ်ခြစ်တောက်တုတ်လုံးက  ကြယ်တာရာတည်ချက် အင်မော်တယ်မြို့တစ်ခုလုံးကို လွှမ်းခြုံထားသော်လည်း  ကျော့ဖျင်အန်း၏ ယပ်တောင်မှာ ပြောင်းလဲမှု မရှိသေးပေ။

လွန်ချိုက်က ဤအခြေအနေမှာ သူ့ဖက် အရေးမသာကြောင်း သိထားလေ၏။ အရေးသာနေလျင်ပင် သူ့အနေနှင့် ကျော့ဖျင်အန်းကို မသတ်နိုင်ချေ။ ကျော့ဖျင်အန်းနှင့် တစ်ခါရင်ဆိုင်တွေ့ဖူး၍   ဤတိုက်ပွဲကို တိုက်သည် ဖြစ်စေ၊ မတိုက်သည် ဖြစ်စေ  ကွာခြားချက် များများစားစား မရှိပေ။

သို့သော်လည်း  ကျော့ဖျင်အန်းက ဝင်မပြောပေ။  သူက မိုဝူကျိ ပုံစံကို သိလိုက်သည်။ အကယ်၍ ဤအခွင့်အရေးကို အသုံးချ၍  လွန်ချိုက်ကို မတိုက်လျှင် သူ့အနေနှင့် လွန်ချိုက်ကို တစ်ယောက်တည်း  အနိုင်ယူနိုင်မည် မဟုတ်ပေ။

ကျော့ဖျင်အန်း ခန့်မှန်းချက်ကား ကွက်တိ ဖြစ်၏။  လွန်ချိုက်က သူ့ဆီ လာနေသော  အဆုံးမဲ့ အင်မော်တယ် သဘာဝစွမ်းအားများကို ခံစားမိလိုက်ရ၍ တစ်ဝက်တစ်ပျက် ရပ်လိုက်၏။

 မဟုတ်သေးဘူး  ……  ဤသဘာဝစွမ်းအားများက အင်မော်တယ် သဘာဝစွမ်းအားများထက် ပို၍ အားကောင်းနေသည်။

ကျော့ဖျင်အန်းတွင် ဤသို့မျိုး ကြောက်မက်ဖွယ် အားကို ဖန်တီးနိုင်စွမ်း မရှိပေ။

နောက်ထပ် မဟာဧကရာဇ်တစ်ယောက် များလား ….

တုံ့ပြန်သည့်အနေဖြင့် လွန်ချိုက်က သူ့ပေါ်မှ အတားအဆီးများကို ဖျက်စီးပစ်လိုက်သော်လည်း  သူက မည်မျှပင် ကြိုးစားစေကာမူ အနည်းငယ် နောက်ကျသွားလေပြီ။

“ ဘုန်း ” တာ့ဟွမ်၏ လက်သီးချက်က လွန်ချိုက် ရင်ဘတ်ပေါ် ကျရောက်လာကာ  သွေးချိုင့်ကြီး ဖြစ်ပေါ်လာစေသည်။ လွန်ချိုက်က သွေးတစ်ပွက် အန်ထုတ်လိုက်ရပြီး သူ့ခန္ဓာကိုယ်မှာ လေထဲ နှစ်ပတ်၊ သုံးပတ် လွှင့်စင်ကာ ပျောက်ကွယ်သွားလေ၏။

လွန်ချိုက် ပျောက်ကွယ်သွား၍ ခြစ်ခြစ်တောက်တုတ်လုံးလည်း ပျောက်ကွယ်သွားတော့သည်။

အကယ်၍  အဆောက်အဦးများ ပျက်စီးနေသည့် မြင်ကွင်းကြောင့်သာ မဟုတ်လျှင် အားလုံးက ဘာမှမဖြစ်ခဲ့သည့်အလား တွေးမိကြလိမ့်မည်။ သူတို့က ရောက်ရောက်ချင်း ပြန်ထွက်သွားကြသည်။

“  သွားကြစို့ ….. ကျုပ်တို့တွေ ဒီက  ကူးသန်းရေး အစီအရင်ကို သုံးလို့ မရတော့ဘူး။ အားလုံး ကျုပ် သင်္ဘောပျံပေါ် တက်ကြပါ …. နတ်ဘုရားအင်မော်တယ်နယ်မြေဆီ တန်းသွားကြတာပေါ့ ….” ကျော့ဖျင်အန်းက  မြေပြင်ပေါ် ပြန်ရောက်လာသည့်အခါ မျက်နှာမှာ ပို၍ ဖြူဖျော့နေလေ၏။

“ ဟုတ်ပြီ …” မိုဝူကျိက ပြန်ဖြေလိုက်လေ၏။  သူတို့က လွန်ချိုက်ကို မသတ်နိုင်ခဲ့သော်လည်း  အနည်းဆုံးတော့  ဒဏ်ရာအပြင်းအထန် ရသွားလေပြီ။  နောင်၌ ဤလူက သူ့အား ထိပ်တိုက်ရင်ဆိုင်ရဲလိမ့်မည် မဟုတ်ပေ။ မိုဝူကျိက  ဤအခွင့်အရေးကို အသုံးချကာ လွန်ချိုက်အား  လက်စားချေလိုသော်လည်း  ဤအချိန်မှာ အချိန်မှန် မဟုတ်သေးကြောင်း သိနေသည်။

…………………

ကောင်းကင်ချောက်ကမ်းပါး မြို့

နတ်ဘုရားအင်မော်တယ်နယ်မြေ တစ်ခုလုံး၌ အကျော်ကြားဆုံးမြို့ ဖြစ်ပေသည်။

ကောင်းကင်ချောက်ကမ်းပါးမြို့မှာ ကျော်ကြားရုံသာမက  ကြီးမားကျယ်ဝန်းပေသည်။ အကြောင်းမှာ  အင်မော်တယ်လောက၏ နံပါတ်တစ် ကောင်းကင်ချောက်နက် ဖြစ်သည့် နတ်ဘုရားကောင်းကင်ချောက်နက်နှင့် နီးကပ်နေ၍ ဖြစ်သည်။ ထိုကောင်းကင်ချောက်နက်မှာ  နတ်ဘုရားစစ်ပွဲအပြီး ကျန်ရှိခဲ့သည့် နေရာဖြစ်ကြောင်း ကောလဟာလများ ရှိ၏။ ထိုချောက်နက်ကြီး မည်မျှကျယ်ဝန်းပြီး ရှည်လျားသည်ကို မည်သူမျှ မသိကြပေ။  အားလုံးသိကြသည်မှာ ထိုချောက်နက်မှာ နတ်ဘုရားအင်မော်တယ်နယ်မြေကို ဖြတ်ပြီး   အဆုံးမဲ့ အာကာပြင်အထိ  ဆက်နွယ်နေခြင်း ဖြစ်၏။

အကျယ်အဝန်းအားဖြင့် မည်သူကမှ ထိုချောက်နက်ကို တစ်ခါမှ မဖြတ်ဖူးကြလေရာ မည်သူမှ တစ်ဖက်တွင် ဘာရှိကြောင်း မသိကြပေ။ အားလုံးသိထားကြသည်မှာ  ချောက်တစ်ဖက်ကမ်းတွင် နတ်ဘုရားအင်မော်တယ်နယ်မြေသို့ ထိပ်တန်း အဆင့်  ပန်းပဲပစ္စည်းများနှင့် အင်မော်တယ်ဆေးပင်များကို ဆောင်ယူလာပေးသော  အာကာပြင် အနှောင့်အယှက်များ ရှိတတ်၏။

ထို့အပြင် နတ်ဘုရားကောင်းကင် ချောက်နက်အတွင်း မျှောနေသော ကုန်းမြေတချို့ ရှိကာ  ပစ္စည်းကောင်းများ ရှိတတ်ပေသည်။

ရလဒ်အနေနှင့် လူအများစုက ကံစမ်းရန်နှင့်  အင်မော်တယ်ဆေးပင်များ၊ ပစ္စည်းများ ဝယ်ယူရန် သွားရောက်ကြသည်။

ပုံမှန်အားဖြင့် ကောင်းကင်ချောက်ကမ်းပါးမြို့မှာ  လှုပ်ရှားသက်ဝင်နေသော်လည်း ထိုအရာက မြို့၏ ကျော်ကြားမှုကို ဖြစ်တည်လာစေခြင်း မဟုတ်ပေ။ အင်မော်တယ်အများစုက  နတ်ဘုရား  ကောင်းကင်ချောက်နက်အလယ်တွင် ရှိနေသည့်  နတ်ဘုရားမျှော်စင်အတွက် ရောက်လာကြခြင်းကြောင့် ဖြစ်ပေသည်။

နတ်ဘုရားမျှော်စင် မဖွင့်ခင်  ဘေးပတ်လည်မှာ  မှုန်ဝါးနေပြီး ဖွင့်ပြီးနောက်ပိုင်းမှသာ အရာအားလုံးကို ရှင်းရှင်းလင်းလင်း မြင်ရခြင်း ဖြစ်၏။

မိုဝူကျိတို့ ကောင်းကင် ချောက်ကမ်းပါးမြို့အပြင်သို့ ရောက်လာပြီး ပထမဆုံးမြင်တွေ့လိုက်ရသည့်  အရာမှာ  မြို့အပြင်ဘက် ဧရာမ ပြသရေး အစီအရင် ဖြစ်ပေသည်။

“ ဖိတ်ကြားချက်” ဟူသော စာလုံးက ထိပ်ဆုံးတွင် ရှိနေကာ  အောက်ပိုင်းရှိ အကြောင်းအရာမှာ

“ နတ်ဘုရားမျှော်စင်က ဖွင့်လှစ်တော့မှာပါ ……  ကောင်းကင်ချောက်ကမ်းပါး တည်းခိုဆောင်မှ နတ်ဘုရားအင်မော်တယ်နယ်မြေကို လာရောက်ကြသော အင်မော်တယ် မိတ်ဆွေအားလုံးကို ကြိုဆိပါတယ်။

နတ်ဘုရားမျှော်စင် မဖွင့်ခင် သုံးနှစ်အလိုမှာ   ကိုးလပိုင်းအကုန် ကောင်းကင်ချောက်ကမ်းပါး တည်းခိုဆောင်ရဲ့ ထိပ်ဆုံးအလွှာမှာ ကူးသန်းလဲလှယ်ရေးပွဲကြီး တစ်ခု ကျင်းပပါ့မယ်။ ကောင်းကင်ချောက်ကမ်းပါး တည်းခိုဆောင်မှာ နေနေသရွေ့ အလကား ဝင်ရောက်ခွင့် ရပါ့မယ် …. ”

“ နတ်ဘုရားအင်မော်တယ်နယ်မြေက တကယ်ကို ရက်ရောတာပဲ …. ကျုပ်တို့တွေ ဘယ်လိုအခြေအနေဆိုတာမျိုးဆိုတာပဲ မသိရသေးတာ  ….” မိုဝူကျိက ပြသရေး အစီအရင်တွင် ပြထားသော စကားလုံးများကို ချီးကျူးလိုက်မိ၏။

သူက ဤသို့မျိုး အခြေအနေကို ကောင်းကောင်း သိပေသည်။ တည်းခိုဆောင်များမှာ  အကျိုးမြတ်အများဆုံး ရမည် ဖြစ်ရာ  တစ်ချက်တည်းဖြင့် ချမ်းသာသွားနိုင်သည်။ ကျိုးပျက်ကမ္ဘာ၏ တတိယအလွှာ၊ ယုံရင်အင်မော်တယ်နယ်မြေ၏ ဆေးပညာပြိုင်ပွဲကြီး အစရှိသဖြင့်  ယခင် လျို့ဝှက်နယ်မြေများ ဖွင့်စဉ် ဈေးအကြီးဆုံးအရာမှာ နေထိုင်စရိတ်သာ ဖြစ်ပေ၏။

“ ဟားဟား ရက်ရောတယ်တဲ့လား  …… အထဲဝင်ပြီးတဲ့အထိ စောင့်ပါဦး ။ အဲဒီအခါကျမှ  ကောင်းကင်ချောက်ကမ်းပါး တည်းခိုဆောင် ဘယ်လိုအလုပ်လုပ်လဲဆိုတာ သိလာလိမ့်မယ်။  မင်း ပြောပုံအရတော့  သူတို့အလုပ်လုပ်တဲ့ပုံက  ချီးကျူးဖို့ ကောင်းပါတယ်။

မဟုတ်ရင် ဒီလိုအချိန်မျိုးမှာ နေစရာ ရှာဖို့ မလွယ်ဘူးလေ။ ပြီးတော့  ကောင်းကင် ချောက်ကမ်းပါး တည်းခိုဆောင်က နံပါတ်တစ် တည်းခိုဆောင်ဆိုတော့  အပိုပြောနေတာတော့ မဟုတ်လောက်ဘူး …. ”  ကျော့ဖျင်အန်းက ဝင်ပြောလိုက်သည်။

မိုဝူကျိလည်း  ကျော့ဖျင်အန်း၏ မှတ်ချက်ကို သဘောတူလေ၏။ လူအများကြီး ဝင်လိုက်ထွက်လိုက် လုပ်နေကြစဉ်  ဤသို့မျိုးအခါ၌  သာမာန်တည်းခိုဆောင်၌ပင် နေစရာရှာဖို့ရာ ခက်ခဲပေလိမ့်မည်။

…………….…

ကောင်းကင်ချောက်ကမ်းပါး တည်းခိုဆောင်မှာ အပိုပြောနေခြင်း မဟုတ်ပေ။ မိုဝူကျိတို့ တည်းခိုဆောင်ထဲ ဝင်လာသည်နှင့် သိပ်သည်းလှသော အင်မော်တယ် ဝိညာဉ်စွမ်းအားများကို ခံစားမိလိုက်သည်။ တည်းခိုဆောင်တစ်ခုလုံးကား ကြီးကျယ်ကာ ကျယ်ဝန်းလှ၏။

“ တာအိုရောင်းရင်းတို့ ….လတ်တလော  ကောင်းကင်ချောက်ကမ်းပါး တည်းခိုဆောင်က နတ်ဘုရား အမှတ်အသားပြား ရှိတဲ့သူတွေကိုပဲ လက်ခံပါတယ်ခင်ဗျ …. အဲဒါကြောင့်များ …. ” မိုဝူကျိတို့ ဝင်လာသည်နှင့်  ဝန်ထမ်းတစ်ဦးက တားကာ မေးလိုက်လေ၏။

ထိုလူ စကားမဆုံးခင် မိုဝူကျိက သူ့နတ်ဘုရားအမှတ်အသားပြားကို ထုတ်ပြကာ ပြောလိုက်သည်  “ ကျုပ်တို့က နတ်ဘုရားအမှတ်အသားပြား ရှိတဲ့ ဧည့်သည်တွေပါ .. အခန်းသုံးခန်း ပေးပါ ….. ”

ဝန်ထမ်းဆီမှ ဘာမှဆက်မပြောခင်  ဟန်လုံက သူမ၏ နတ်ဘုရား အမှတ်အသားပြားကို ထုတ်လိုက်စဉ် ကျော့ဖျင်အန်းက  အနက်ရောင် ကတ်ပြားကို ထုတ်ပြလိုက်သည်။ ဝန်ထမ်းက အနက်ရောင်ကတ်ပြား မြင်သည့်အခါ ပို၍ပင် လေးစားရိုကျိုးလာ၏။  သူက သုံးယောက်လုံး၏  နတ်ဘုရားအမှတ်အသားပြားများ စစ်ဆေးပြီးနောက် အပေါ်ထပ်သို့ ခေါ်ဆောင်သွားတော့သည်။

“ အခန်းက တော်တော်ကောင်းတာပဲ  …” မိုဝူကျိ အခန်းထဲ ဝင်လိုက်သည်နှင့် ခေါင်းညိတ်ကာ ချီးကျူးလိုက်သည်။ အခန်းကား သိပ်သည်းသော  အင်မော်တယ်ဝိညာဉ်စွမ်းအားများ ရှိရုံသာမက  ကျင့်ကြံဖို့ အခန်းအမျိုးမျိုးလည်း ရှိပေသည်။

ဝန်ထမ်းက ပြုံးကာ

“ ဒါက ကျတော်တို့ တည်းခိုဆောင်ရဲ့ အထူးသီးသန့်အခန်းပါ။ သုံးယောက်လုံးက အရေးကြီးပုဂ္ဂိုလ်တွေဆိုတော့  အထူးသီးသန့်အခန်းကို ရတာ ပုံမှန်ပါပဲ။  ကျတော် သွားလိုက်ပါဦးမယ် ခင်ဗျ ….  လိုအပ်တာရှိရင် ခေါ်လိုက်ပါ ခင်ဗျ … ”

ဝန်ထမ်း ထွက်သွားသည်နှင့် မိုဝူကျိက ရယ်မောကာ

“ အင်မော်တယ် ဧကရာဇ်တစ်ယောက်နဲ့ ခရီးသွားတာက အတော်ကောင်းတာပဲ … ကျုပ်တို့တွေ အထူးသီးသန့်အခန်းကိုတောင် အလကား ရတယ် …. ”

ကျော့ဖျင်အန်းက ပြန်ဖြေလိုက်လေ၏

“ နောက်လက ကိုးလပိုင်း ဖြစ်လိမ့်မယ်။ အဲဒီအခါ  လဲလှယ်ရေးပွဲကျ  ပစ္စည်းကောင်းတွေ အများကြီး ရှိလိမ့်မယ်။ အဆင့် ၇ အင်မော်တယ်ဆေးလုံးတချို့ ဖော်စပ်ထားတာ ပိုကောင်းလိမ့်မယ်။ မဟုတ်ရင်  လိုချင်တာ မလဲလှယ်နိုင်ဘဲ နေလိမ့်မယ် …. ”

မိုဝူကျိက ထိုအခွင့်အရေး လက်လွတ်ခံမည် မဟုတ်ကြောင်း သိထား၍ ကျော့ဖျင်အန်းက  အရိပ်အမြွက်တချို့ ထုတ်ပြလိုက်သည်။

ကျော့ဖျင်အန်း မပြောလျှင်ပင် မိုဝူကျိက ထိုပွဲကို တက်ရောက်ရန် ကြံစည်ထားလေ၏။ ကောင်းကင်ချောက်ကမ်းပါး တည်းခိုဆောင်၌ နေကြသူများမှာ  သာမာန်လူများ မဟုတ်ချေ။ အကယ်၍ သူတို့သာ အင်မော်တယ် ဧကရာဇ် ဖြစ်မနေလျှင်  သူတို့အနေနှင့် သူတို့ကိုယ်ပိုင်နယ်ပယ်၌  ခေါင်းဆောင်တော့ ဖြစ်လိမ့်မည်။ ဤသို့မျိုး လူများ၌ ထိပ်တန်းပစ္စည်းများ ရှိပေလိမ့်မည်။ သူက မဟာယီရှန်းအဆင့်တွင် ဖြစ်သောကြောင့် သူ လိုအပ်နေသော ကျင့်ကြံရေး အထောက်အပံ့များမှာ ပို၍ အဆင့်မြင့်လာလေ၏။ ထို့ကြောင့် သာမာန်လဲလှယ်ရေးပွဲများ တက်လို့ အကျိုးမရှိချေ။

ထို့အပြင် သူက သူ့ကိုယ်သူ ဂုဏ်ထူးဆောင် အဆင့် ၇ ဆေးလုံးဧကရာဇ်မှန်း  ကြေညာချင်သေး၏။ အကယ်၍ သူ တစ်ယောက်တည်း ဖြစ်နေလျှင် သူ့ဂုဏ်သတင်းများက ဆိုးသည်၊ ကောင်းသည် ဂရုစိုက်မည် မဟုတ်သော်လည်း  သူက ဂိုဏ်းကို တည်ထောင်မည် ဖြစ်ကာ  စကားချည်းဖြင့် လုပ်ဆောင်၍ ရသည် မဟုတ်ပေ။ သူ့တွင် သေချာသော အဆင့်အတန်းတစ်ခု ရှိဖို့ လိုအပ်ပြီး  သင့်တော်သော  ဆက်သွယ်မှုများလည်း လိုအပ်ပေသည်။

သူ့အဆင့်အတန်းအတွက် သူက  လွန်ချိုက်ကိုပင်  မကြောက်ပေ။ အဆက်အသွယ်များအတွက် သူ့အဆင့်အတန်း ဂုဏ်ထူးဆောင် အဆင့် ၇ ဆေးလုံးဧကရာဇ် အပေါ် မှီခိုထားရုံ ဖြစ်၏။

All Chapters