ထွက်သွားစမ်း
Vol. 45 Ch. 622
အဆင့် ၇ ဆေးလုံး ဧကရာဇ် တစ်ယောက်အနေနှင့် သူက အဆင့် ၇ ဆေးလုံးများ ဖော်စပ်ရာ၌ ကျွမ်းကျင်ပေ၏။ ရက်ပိုင်းလေးအတွင်း သူက အင်မော်တယ်ဘုရင်ဆေးလုံး၊ သုံးဆုံလည် သွေးဆေးလုံး၊ ဗောဓိစိမ်းဆေးလုံးအပြင် အခြားသော အဖိုးတန် အဆင့် ၇ ဆေးလုံးများစွာ ဖော်စပ်ခဲ့သည်။ ဆေးလုံးတိုင်းမှာ ပြိုင်ဖက်ကင်းအဆင့် ဖြစ်ကြ၏။
ကိုးလပိုင်း မကုန်ခင် လဝက်ခန့်မျှ အချိန်ရသေးကာ သူက အဆင့် ၇ ဆေးလုံးများ မဖော်စပ်တော့ဘဲ အဆင့် ၈ ဆေးလုံးကို စတင်ကြိုးစားကြည့်တော့မည့်ဆဲဆဲတွင် နားထဲ အသံတစ်သံ ရုတ်ချည်း ထွက်ပေါ်လာသည်
“ ကောင်းကင်ချောက်ကမ်းပါး တည်းခိုဆောင်မြို့ရဲ့ မြို့စား ကူကျူးက ကောင်းကင်ချောက်ကမ်းပါးမြို့ကို လာရောက်ကြတဲ့ အင်မော်တယ် ရောင်းရင်းများအားလုံးကို ကြိုဆိုပါတယ် ….
ကောင်းကင်ချောက်ကမ်းပါး တည်းခိုဆောင်ရဲ့ လဲလှယ်ပွဲကို ဒီလကုန်မှာ ကျင်းပမှာ ဆိုပေမဲ့ ဆရာကြီးရှုက တံခါးပိတ် ကျင့်ကြံတာကနေ ထွက်လာပြီ ဖြစ်ပြီးတော့ အဆင့် ၉ ပန်းပဲဧကရာဇ်အဖြစ် အောင်အောင်မြင်မြင် တက်လှမ်းနိုင်ခဲ့ပါပြီ။ ဆရာကြီးရှုက အလွန်အရေးပါတဲ့ မှော်ရတနာကို ပြုလုပ်ပေးဖို့ ရည်ရွယ်ထားပြီးတော့ ဒီ ကျုပ်တို့ ကောင်းကင်ချောက်ကမ်းပါးမြို့ဆီ ဧည့်သည်အဖြစ် လာရောက်ပါ့မယ်တဲ့ဗျာ …. သူ့ကို ကြိုဆိုဖို့ ကောင်းကင်ချောက်ကမ်းပါး တည်းခိုဆောင်မှာ နေနေတဲ့ အင်မော်တယ်ရောင်းရင်းတို့ လဲလှယ်ရေးပွဲကို ဒီည ရွေ့ထားပါတယ် ….
ကောင်းကင်ချောက်ကမ်းပါး တည်းခိုဆောင်မှာ နေနေတဲ့ အင်မော်တယ်ရောင်းရင်းတွေအပြင် တခြားလူတွေလည်း ပါဝင်တက်ရောက်ခွင့် ရှိပါတယ်။ ဒီအထိ ရောက်လာကြတဲ့ လူအားလုံး စိတ် ကျေကျေနပ်နပ် ထွက်သွားနိုင်ဖို့ပဲ မျှော်လင့်မိပါတယ် ….. ”
လဲလှယ်ရေးပွဲ ကျင်းပမည့်အချိန်က မည်သို့ပင် ဖြစ်စေကာမူ မိုဝူကျိက ဂရုမစိုက်ပေ။ သူက အဆင့် ၉ ပန်းပဲဧကရာဇ်ဖြစ်သည့် ဆရာကြီးရှုကို စိတ်ဝင်စားမိ၏။ ဆရာကြီးရှုက အဆင့် ၉ အင်မော်တယ် ပစ္စည်းမျိုးကို ထုလုပ်နိုင်ပြီဟု ဆိုလိုခြင်း မဟုတ်ပါလော။ သူက ပန်းပဲပညာကို သင်ယူခါစ ဖြစ်သော်လည်း အကောင်းဆုံးအနေဖြင့် အဆင့် ၂ ပစ္စည်းသာ ထုဆစ်နိုင်သေး၏။
အဆင့် ၉ အင်မော်တယ် ပစ္စည်းများကို ထုဆစ်နိုင်သည့် ပန်းပဲ ဧကရာဇ်က မည်မျှ လေးစားဖို့ကောင်းလိုက်မည်နည်း။ မိုဝူကျိက တွေးကြည့်၍ ရပေသည်။ ဤပန်းပဲဧကရာဇ် တစ်ယောက်အတွက် ကောင်းကင်ချောက်ကမ်းပါး တည်းခိုဆောင်က လဲလှယ်ရေးပွဲကိုပင် ရှေ့တိုးကျင်းပကာ ကောင်းကင်ချောက်ကမ်းပါးမြို့ရှိ အဆင့်မြင့် ကျင့်ကြံသူအားလုံးကို ဖိတ်ကြားလိုက်သေး၏။ ထိုအရာမှာ အဓိပ္ပါယ် ရှိပေသည်။
မိုဝူကျိအတွက် ဆရာကြီးရှုနှင့်သာ သိကျွမ်းခွင့် ရပါက သူ့အတွက် အကျိုးများစွာ ထူးပေလိမ့်မည်။
ဤခဲနက်ရောင် ဓားမော့မှာ သူ့အတွက် မလုံလောက်ပေ။ ယခု လခြမ်းကွေး ပုဆိန်လှံရှည်နှင့် တျန်းဂျီတုတ်တို့ ရှိကာ ထိုနှစ်ခုကို ပေါင်းစပ်လိုက်ပါက အကောင်းဆုံး ရလဒ် ရလာနိုင်ပေသည်။
သူ့ဓားမော့လျို့ဝှက်ပညာရပ်များ ဖြစ်သည့် မဟာသဲန္တာရ ဓားချက်၊ လေဟုန်ဆန် ဓားချက်နှင့် နေဝင်ဓားချက်တို့ကို ပုဆိန်လှံရှည်နှင့် ထုတ်လွှင့်သည့်အခါ ပို၍ ကြီးမားသည့် ဖိနှိပ်အားကို ဖြစ်စေလိမ့်မည်။ ထို့အပြင် ပုဆိန်လှံရှည်မှာ တိုက်ပွဲအတွင်း ဘုရင်အစစ်အမှန် ဖြစ်၏။
မိုဝူကျိက ထိုအတွေးဖြင့် ဆေးမီးဖိုကို သိမ်းကာ အဝတ်အစား လဲလှယ်လိုက်ပြီး လဲလှယ်ရေးပွဲ တည်နေရာအား သွားရန် ဆုံးဖြတ်လိုက်တော့သည်။
“ ဆေးလုံးဆရာမို ….. လဲလှယ်ရေးပွဲဆီ သွားတော့မလို့လား ” မိုဝူကျိက သူ့အခန်းမှ ထွက်လာသည်နှင့် ကျော့ဖျင်အန်းက အပေါက်ဝရှေ့၌ ရပ်ကာ မေးလိုက်သည်။
သူက ခေါင်းညိတ်ကာ “ ဟုတ်တယ် တာအိုရောင်းရင်းကျော့ အတူတူ သွားကြရအောင်လေ ”
သို့သော်လည်း ကျော့ဖျင်အန်းက ခေါင်းခါကာ
“ ကျုပ် မသွားတော့ဘူး။ လဲလှယ်ရေးပွဲက ကျုပ်အတွက် တန်ဖိုးရှိတာ သိပ်မရှိဘူး။ ပြီးတော့ ဒီလိုလဲလှယ်ရေးပွဲက အတော်လေး ဘေးကင်းတယ်ဆိုတော့ တာ့ဟွမ်ကို ခေါ်မသွားရင်တောင် ဘယ်သူမှ ဘာမှ လုပ်ရဲမှာ မဟုတ်ပါဘူး ။
ကျုပ်က တစ်ခုပဲ သတိပေးချင်တာ …. မင်း ဘာပဲ လုပ်လုပ် ရှုစုရန်ကိုတော့ ရန်မစမိစေနဲ့ …. ”
“ ရှုစုရန်လား ” မိုဝူကျိက နားမလည်စွာ ရေရွတ်လိုက်သည်။
ကျော့ဖျင်အန်းက ခေါင်းညိတ်ကာ
“ ရှုစုရန်က အဆင့် ၉ ပန်းပဲဧကရာဇ် ဆရာကြီးရှုလေ။ ကျုပ်ပြောတာ မှတ်ထားဖို့ လိုတယ်။ သူ့ကို လွန်ချိုက်နဲ့ နှိုင်းလို့ ရမဘူး။ လွန်ချိုက်ကို ရန်စထားပြီးပြီဆိုတော့ ထားလိုက်တော့ … ရှုစုရန်ကို ရန်စမိရင် ဒီနတ်ဘုရားအင်မော်တယ်နယ်မြေကနေ ထွက်သွားဖို့ ခက်ခဲလိမ့်မယ် … ”
“ တာအိုရောင်းရင်းကျော့ စိတ်မပူပါနဲ့ … ကျုပ်က သူနဲ့ မိတ်ဆွေဖွဲ့ဖို့ ရည်ရွယ်ထားတာပါ ဘယ်လိုလုပ် ရန်စရမှာလဲ ….” မိုဝူကျိက ချက်ချင်း ပြန်ဖြေလိုက်လေ၏။ အကယ်၍ ကျောဖျင်အန်းအပြောသာ အမှန်ဖြစ်လျှင် ဆရာကြီးရှုနှင့် ပိုမို ရင်းနှီးကျွမ်းဝင်သင့်ပေသည်။ သူက ဤသို့မျိုး အားကောင်းတဲ့ ပန်းပဲဧကရာဇ်တစ်ယောက်ကို အဘယ်ကြောင့် ရန်စမရမည်နည်း။ ထိုလူနာမည် ခံစားရသည်မှာ သာမာန် ဖြစ်နေကာ အမှန်တကယ် ရှုစုရန် ဖြစ်နေသည်။
( မှတ်ချက် - ရှုစုရန်ထဲက စုရန်မှာ သာမာန်လူဟု အဓိပ္ပါယ် ရ၏)
“ ဝူကျိ ….. စီနီယာကျော့က မသွားမှတော့ ကျမတို့တွေ အတူတူ သွားရအောင်လေ။ ဒီနေ့ လူတော်တော်စုံလောက်တယ်။ ကျမတို့တွေ နောက်ကျနေရင် ထောင့်မှာ ထိုင်နေရလိမ့်မယ် ” ဟန်လုံက သူတို့ဆီ ရောက်လာကာ ပြောလိုက်သည်။ ဤသို့မျိုး လဲလှယ်ရေးပွဲ၌ ဟန်လုံက ပစ္စည်းများ လဲလှယ်ချင်၍ မဟုတ်ဘဲ တစ်ခေါက်လောက် သွားကြည့်ချင်၍ ဖြစ်သည်။
ဤသို့ပွဲမျိုး တက်ရောက်သူများမှာ အင်မော်တယ်နယ်မြေအသီးသီးမှ ထိပ်တန်းပါရမီရှင်များ သို့မဟုတ် သူတို့ သက်ဆိုင်ရာ အဖွဲ့အစည်းများ၏ ခေါင်းဆောင်များ ဖြစ်ကြပေသည်။
“ ကောင်းပြီလေ …. တာ့ဟွမ် သွားကြစို့ ” မိုဝူကျိက သူ့ဘေးမှ တာ့ဟွမ်ကို ပုတ်ကာ ဟန်လုံနှင့်အတူတူ ထိပ်ဆုံးအလွှာသို့ သွားလိုက်သည်။
ဘေးကင်းသည်ဆိုလျှင်ပင် တာ့ဟွမ်အား သူ့ဘေးမှ ထွက်သွားခွင့် မပေးနိုင်ပေ။ ရွိုက်ကောအတွက် ဤသို့မျိုး လုပ်ဆောင်ဖို့ရာ မလိုသည့်အတွက် ထာဝရ ကမ္ဘာထဲသာ ထည့်ထားလိုက်သည်။
…………………
ကောင်းကင်ချောက်ကမ်းပါး တည်းခိုဆောင်၏ ထိပ်ဆုံးအလွှာ တံခါးများမှာ ဖွင့်ထားပြီးပြီ ဖြစ်ရာ ရွမ်ရှန်းအဆင့်နှင့်အထက် မိန်းမလှလေး ဆယ်ဦးက ဘေးတစ်ဖက် တစ်ချက်စီတွင် တန်းစီရပ်နေသည်။ ထိုအင်မော်တယ် အမျိုးသမီးကို သေချာရွေးချယ်ထားခြင်း ဖြစ်၏။ အကယ်၍ ထိုမိန်းကလေးထဲမှ ကြုံရာကျပန်းတစ်ယောက်ကို ရွေးလိုက်လျင်ပင် ထိုအမျိုးသမီးက ဟန်လုံထက်ပင် ချောမောနေလိမ့်ဦးမည် ဖြစ်၏။
မိုဝူကျိက ဟန်လုံနှင့်အတူ ရှေ့တံခါးမှ ဝင်လာကာ မည်သူကမှ အမှတ်အသားပြားများကို စစ်ဆေးမနေပေ။ လက်တွေ့၌ ကောင်းကင်ချောက်ကမ်းပါး တည်းခိုဆောင်တွင် နေနိုင်သရွေ့ ဤလဲလှယ်ရေးပွဲအား တက်ရောက်ရန် အရည်အချင်း ပြည့်မှီပေသည်။
လဲလှယ်ရေးပွဲ ကျင်းပရာ အတွင်းပိုင်းကား ဒယ်အိုးဝိုင်းသဏ္ဍာန် ဖြစ်ပြီး အလယ်၌ သုံးမီတာ ကျယ်ဝန်းသော ကျောက်စိမ်းဖြူ အပိုင်းကြီး ရှိနေလေသည်။ ထိုင်ခုံနေရာများမှာ ထိုကျောက်စိမ်းဖြူကို ဝန်းရံထားကြပြီး တစ်တန်းနှင့် တစ်တန်း အနိမ့်မှ အမြင့် စီရီထား၏။
ပထမနှစ်တန်းမှ လွဲ၍ ကျန်နေရာများမှာ ငါးတန်းမြောက်အထိ ပြည့်နေလေပြီ။ ထို့ကြောင့် မိုဝူကျိက ဟန်လုံအား မြန်မြန် ခေါ်လိုက်ပြီး ငါးတန်းမြောက်၌ နေရာကောင်းကောင်းကို ရှာလိုက်သည်။
ဤနေရာတွင် နေရာများစွာ ရှိသော်လည်း အခန်းအတွင်းမှ အကျယ်အဝန်းမှာ လုံလောက်ပေ၏။ ထို့အပြင် ထိုင်ခုံအားလုံးရှေ့၌ ကျောက်စိမ်းဖြူ စားပွဲတစ်လုံးစီ ရှိ၏။ အင်မော်တယ်မိန်းမလှလေးများက တစ်တန်းဝင် တစ်တန်းထွက် အခါးရည်နှင့် ရေများကို လိုက်လံ ဝန်ဆောင်မှု ပေးနေသည်။ ဤသို့မျိုး နေရာကျယ်ကျယ် ပတ်ဝန်းကျင်၌ လွတ်လွတ်လပ်လပ် သွားလာလိုလျှင်ပင် ပြဿနာ မရှိချေ။
ဤလဲလှယ်ရေးပွဲမှာ မိတ်ဆက်ပွဲများကဲ့သို့ မဟုတ်ဘဲ နေရာကျယ်ကျယ်နှင့်အတူ ဝန်ဆောင်မှုများ ပေးထားသော်လည်း များစွာ ကွာခြားလှချည်တော့ မဟုတ်ပေ။ အင်မော်တယ်အများစုက သေရည်ခွက်များကိုပင် ယူလာကြပြီး တခြားသူများနှင့် စကားစမြည် ပြောဆိုနေကြသေး၏။
မိုဝူကျိနှင့် ဟန်လုံတို့ ထိုင်ချလိုက်သည်နှင့် မျက်လုံးပေါင်းများစွာက သူတို့ဆီ ရောက်ရှိလာကြသည်။
အခန်းအတွင်း လစ်ဟာနေသည့် ထိုင်ခုံများ ကျန်ရှိနေသောကြောင့် ငါးတန်းမြောက်မှာ ရှေ့တန်းအဖြစ် ယူဆ၍ ရလေရာ စောစောစီးစီး ရောက်လာလျှင်ပင် ထိုင်နိုင်သော နေရာ မဟုတ်ချေ။ ဟန်လုံ၏ ကျင့်ကြံဆင့်မှာ မြို့အသေးလေးများ၌သာ အင်အားရှိသော အင်မော်တယ်ဘုရင်အဆင့်မျှသာ ဖြစ်ကာ ဤနေရာ၌ ဘာဆိုဘာမှ မဟုတ်သေးချေ။ ဤနေရာတွင် အင်မော်တယ် အုပ်စိုးသူများနှင့် အင်မော်တယ်ဘုရင်များစွာ ရှိနေ၏။ အင်မော်တယ် ဧကရာဇ်များပင် အချိန်နှင့်အမျှ ရောက်ရှိလာနိုင်သေး၏။
“ မင်္ဂလာပါ …. ကျုပ်နာမည် ယန်ဝေပါ။ ကျုပ်က လော့လင်အင်မော်တယ်နယ်မြေရဲ့ ရေတံခွန်အင်မော်တယ်ဂိုဏ်းက လာတာပါ။ ဒီက တာအိုရောင်းရင်းကို ဘယ်လိုများ ခေါ်ရမလဲ …. ပြီးတော့ ဘယ်ကများ လာကြတာလဲ …” မိုဝူကျိက ကြာကြာမထိုင်ရသေးခင် လူငယ်လေးတစ်ဦးက အရင်ဦးစွာ မေးခွန်းများမေးရင်း ယဉ်ယဉ်ကျေးကျေး လာဦးညွှတ်ကာ နှုတ်ဆက်လေ၏။
ထိုလူမှာ အင်မော်တယ်ဘုရင် ဖြစ်ရာ မိုဝူကျိအနေဖြင့် နည်းနည်း အံ့ဩမိသွားသည်။ ယန်ဝေမှာ ပါရမီထူးချွန်သည့် လူနှင့် မတူပေ။ ဝိညာဉ်စွမ်းအား အရိပ်အယောင်များ မရှိသော်လည်း အင်မော်တယ်ဘုရင် ဖြစ်နေသေး၏။ ကြည့်ရသည်မှာ ယန်ဝေမှာ ဟန်လုံထက်ပင် အနည်းငယ် ငယ်ရွယ်ပေလောက်သည်။
မိုဝူကျိက ပြန်ဦးညွှတ်ကာ “ ကျုပ်နာမည် မိုဝူကျိပါ ။ နယ်လှည့်ကျင့်ကြံသူ တစ်ဦးပေါ့ ….. ဒါက ကျုပ် မိတ်ဆွေ ဟန်လုံ … ”
မိုဝူကျိအနေဖြင့် ရေတံခွန်အင်မော်တယ်ဂိုဏ်းကို ယခင်က ကြားဖူးလေသည်။ သူတို့ဂိုဏ်းချုပ် အင်မော်တယ် ဧကရာဇ် ဝမ်လန်၏ တာအိုမှာ ရေတံခွန်မှာ ဖန်တီးထားခြင်း ဖြစ်ရာ အင်မော်တယ် ဧကရာဇ်အဆင့် ရောက်ရှိပြီးနောက် ရေတံခွန်အင်မော်တယ်ဂိုဏ်းကို တည်ထောင်ခဲ့ခြင်း ဖြစ်ပေသည်။ ဂိုဏ်းသေးလေးတစ်ခုတော့ မဟုတ်ချေ။
တစ်ချိန်တည်းတွင် ဟန်လုံက ယန်ဝေ၏ အင်အားမှာ သူမထက် သာနေကြောင်း ခံစားမိလိုက်ကာ ပြန်၍ ဦးညွှတ်ကာ နှုတ်ဆက်လိုက်သည်။
“ တာအိုရောင်းရင်းမိုက နယ်လှည့်ကျင့်ကြံသူလား ….” မိုဝူကျိက နယ်လှည့်ကျင့်ကြံသူဖြစ်ကြောင်းကို ကြားပြီး ယန်ဝေက ခဏတာ ကြောင်အမ်းသွားမိ၏။
နယ်လှည့်ကျင့်ကြံသူ တစ်ဦးက ငါးတန်းမြောက်မှ နေရာကို ဝင်ထိုင်ရဲသည်လား ….
သူက အင်မော်တယ်ဘုရင်အဆင့် ဖြစ်ကာ သူ့ရေတံခွန်အင်မော်တယ်ဂိုဏ်းမှာ အင်မော်တယ်ဧကရာဇ်တစ်ယောက် ရှိထားသော ဂိုဏ်းကြီး ဖြစ်သော်လည်း သူ့အနေနှင့် ခြောက်တန်းမြောက်၌သာ ဝင်ထိုင်ရဲလေသည်။ ထို့အပြင် ဂိုဏ်းကို တည်ထောင်ထားသူမှာ အင်မော်တယ်နယ်မြေ ခုနှစ်ခု၌ ကျော်ကြားလှသော အင်မော်တယ် ဧကရာဇ်များအနက် တစ်ယောက် ဖြစ်သည့် ဝမ်လန် ဖြစ်ပေ၏။
“ ဟုတ်ပါတယ် ကျုပ်က နယ်လှည့်ကျင့်ကြံသူပါ ….” မိုဝူကျိက ပြန်ဖြေလိုက်လေ၏။
ထိုအရာက ယန်ဝေ အမူအယာကို အနည်းငယ် ပြောင်းလဲသွားစေသည်။ သူက အသံတိုးတိုးဖြင့် ပြောလိုက်၏
“ တာအိုရောင်းရင်းမို ကျုပ်ကို ယုံတယ်ဆိုရင် တာအိုရောင်းရင်းဟန်နဲ့ ခင်ဗျားတို့ ဆယ်တန်းမြောက်ကို ထိုင်သင့်တယ် ထင်တယ် …. ”
မိုဝူကျိက လှည့်ကြည့်လိုက်သည့်အခါ ပထမဆယ်တန်းမြောက်မှာ နေရာအပြည့် ဖြစ်နေလေပြီ။ အဝေးတွင် ထိုင်ခြင်းက သူ လုပ်ချင်သည့်အရာ မဟုတ်ချေ။ သူက ဤနေရာကို ရောက်လာခြင်းမှာ သူ့ဂိုဏ်းအသစ်အတွက် အထောက်အကူဖြစ်စေရန် ဖြစ်၏။
အကယ်၍ သူက ရိုးရိုကုတ်ကုတ် နှိမ့်ချနေနေလျှင် ဘယ်ဂိုဏ်းကို တည်ထောင်ရတော့မည်နည်း။
မိုဝူကျိက လက်ရှိနေရာမှာ အဆင်ပြေကြောင်း ပြောတော့မည့်ဆဲဆဲတွင် ညင်သာသည့် အသံတစ်သံကို ကြားလိုက်ရ၏ “ မိတ်ဆွေတို့ …. ကျုပ်အတွက် ဒီထိုင်ခုံနေရာ နှစ်နေရာကို ဖယ်ပေးရင် စိတ်မပျက်စေရပါဘူး ”
အနည်းငယ် ဖြူဖျော့နေသည့် လူငယ်လေးက မိုဝူကျိရှေ့ ရပ်ကာ ပြုံးရင်း ပြောလိုက်သည်။ ထိုလူငယ်လေး ဘေးတွင် အစိမ်းဖျော့ဝတ်ဆင်ထားသော မိန်းမပျိုလေး တစ်ဦး ရှိပေသည်။
ထိုလူ၏ စကားများကို ကြားပြီးနောက် မိုဝူကျိက ယန်ဝေ ပြောလိုက်သည့် စကားများကို ထိုလူ ကြားသွားခြင်းသာ ဖြစ်မှန်း သိလိုက်သည်။ မဟုတ်လျှင် သူ့အနေနှင့် နေရာဖယ်ခိုင်းရဲမည် မဟုတ်ပေ။ သူက ဖယ်ခိုင်းလိုလျှင်ပင် မိုဝူကျိ၏ နောက်ခံကို အရင်မေးမြန်းကြည့်ပေလိမ့်မည်။
တစ်ဖက်တွင် မိန်းမပျိုလေးက အလွန်လှပပြီး မိုဝူကျိ ခန့်မှန်းချက်အရ သူမက ချိန်စုယင်ထက် နောက်ကောက်ကျ ကျန်နေမည် မဟုတ်ပေ။ လူငယ်လေးက ဤမိန်းမပျိုလေးအတွက် ရှေ့တန်းထိုင်ခုံကို အလိုရှိနေဟန် ပေါ်၏။
မိုဝူကျိ ပြန်မဖြေသည်ကို မြင်ပြီး လူငယ်လေးက မျက်မှောင်ကျုတ်ကာ နောက်တစ်ကြိမ် လေးလေးစားစား ထပ်မေးလိုက်သည်
“ ကျုပ်က နတ်ဘုရားအင်မော်တယ်နယ်မြေရဲ့ တာအိုဖွေရှာနန်းတော်က ယန်ကျန်းကျန်းပါ။ ဒါက စိမ်းစို အင်မော်တယ်အိမ်တော်ရဲ့ မိုရှန်းမိုပါ ….. တကယ်လို့ ကျုပ်ကို မျက်နှာသာပေးရင် သေချာမှတ်သားထားပါ့မယ် … ”
“ တာအိုရောင်းရင်းမို ….. တာအိုဖွေရှာနန်းတော်က နတ်ဘုရားအင်မော်တယ်နယ်မြေမှာ ဂိုဏ်းကြီးတွေထဲက တစ်ခုပါ။ အင်အားကလည်း ပြိုင်ဖက်ကင်းတယ် ….
တကယ်လို့ ကျုပ်တို့တွေ တာအိုဖွေရှာနန်းတော်ကို ရန်စမိရင် နယ်လှည့်ကျင့်ကြံသူအနေနဲ့ နတ်ဘုရားအင်မော်တယ်နယ်မြေကနေ ထွက်သွားနိုင်ဖို့ ခက်လိမ့်မယ်။ စိမ်းစိုအင်မော်တယ်အိမ်တော်က ပိုပြီးတော့ အဆက်အသွယ်ကောင်းသေးတယ်။ တာအိုဖွေရှာနန်းတော်ထက်တောင် ပိုပြီးတော့ လွှမ်းမိုးမှု ကြီးသေးတယ်။
အဲဒီ မိုရှန်းမိုက စိမ်းစိုအင်မော်တယ်အိမ်တော်ရဲ့အင်မော်တယ် မိန်းမပျို ခုနှစ်ဦးထဲက တစ်ယောက်ပဲ …” ယန်ဝေက မိုဝူကျိထံ သတင်းစကားပို့ကာ ပြောလိုက်သည်။
မိုရှန်းမိုကို စိုက်ကြည့်လိုက်ပြီး မိုဝူကျိအနေဖြင့် မျိုးနွယ်တူမှ တစ်ယောက်ကို ရှာတွေ့လိမ့်မည်ဟု မယုံကြည်နိုင်ပေ။
သို့သော် သူမက မိုဝူကျိ ကြည့်နေသည်ကို မြင်သောအခါ အနည်းငယ် မျက်မှောင်ကျုတ်လိုက်ပြီး မျက်ဝန်း၌ မကျေမနပ် အရိပ်အယောင်များ ပေါ်လာလေ၏။
မိုဝူကျိက မိုရှန်းမို၏ မကျေမနပ်ရုပ်ကို ဂရုမစိုက်ပေ။ ထိုအရာမှာ မျိုးရိုးနာမည်တစ်ခုသာ ဖြစ်ပြီး ထိုအမျိုးသမီးမှာ သူစိမ်းတစ်ယောက်သာ ဖြစ်ပေသည်။ ထို့ကြောင့် သူက ပြန်ဖြေလိုက်၏
“ အားနာပါတယ် …. ကျုပ်က ဖယ်ပေးဖို့ အစီအစဉ် မရှိဘူး။ နှစ်ယောက်လုံး တခြားနေရာမှာ သွားထိုင်လိုက်ပါ ”
“ ကံကို လာစမ်းမနေနဲ့ ….” ယန်ကျန်းကျန်းက ပြောလိုက်သည်။ သို့သော်လည်း မိုဝူကျိ၏ အနေအထားမှာ မပြောင်းလဲသွားဘဲ အမူအယာသာ ချက်ချင်း ပြောင်းလဲသွား၏။ သူက စိမ်းစို အင်မော်တယ်အိမ်တော်မှ အင်မော်တယ်မိန်းမပျို ခုနှစ်ဦးထဲမှ တစ်ဦးကို ဖိတ်ကြားဖို့ အရမ်းကြိုးစားထားရကာ ဤလဲလှယ်ရေးပွဲ၌ သူမနှင့် ရင်းနှီးကျွမ်းဝင်ရန် ရည်ရွယ်ထား၏။
နယ်လှည့်ကျင့်ကြံသူ တစ်ဦးက သူ့အတွက် နေရာ လက်လျော့မပေးကြောင်း မည်သူက သိထားမည်နည်း။
သူ့နဂိုအကြံအစည်အရ တာအိုဖွေရှာနန်းတော်၏ အဖွဲ့ဝင်တစ်ဦးက နယ်လှည့်ကျင့်ကြံသူတစ်ဦးအား ထိုင်ခုံနေရာ ဖယ်ပေးရန် ပြောသည့်အခါ ထိုသူက ပျော်ရွင်စွာဖြင့် လေးလေးစားစား ဖယ်ပေးလိမ့်မည် ဖြစ်၏။ သို့သော် ထိုလူက မလေးမစားရုံသာမက မျက်နှာအား ဖြတ်ရိုက်နေသေး၏။
“ ထွက်သွားစမ်း …” မိုဝူကျိက တိုက်ရိုက် အော်ပြောလိုက်သည်။ သူက ယန်ကျန်းကျန်းကို လုံးဝ မကြည့်ပေ။ သူအာရုံမှာ အဝေးတစ်နေရာမှ လာနေသော လွန်ချိုက်အပေါ်တွင်သာ ရှိ၏။ တစ်ချိန်တည်းတွင် တာ့ဟွမ်က တိုက်ခိုက်ရန် ပြင်ဆင်လိုက်သည်။ သူက ယန်ကျန်းကျန်းကို လျစ်လျူရှုထားနိုင်သော်လည်း လွန်ချိုက်ကိုတော့ မဟုတ်ပေ။
ထိုစိတ်မနှံ့သည့်သူက သူ့အား ဤနေရာ၌ တိုက်ခိုက်လာနိုင်သည်ကို မည်သူက သိမည်နည်း။