မိုမို
Vol. 4 Ch. 33
အခန်း (၃၃)
မိုမို
လပ်တစ်ယောက် ကွန်ပျူတာမျက်နှာပြင်တွင်ရှိသော ဝရမ်းပြေးများစာရင်းနှင့် ဆိတ်သိုးကို ယှဉ်ကြည့်လိုက် သည်။ ထို့နောက် ဝမ်းသာအားရ အော်ဟစ်လိုက်သည်။
“ ဟား ဟား ဟား ကွက်တိပဲ ဒါ ဆိတ်သိုးပဲ ”
အသေးလေးမှ စကားပြောလာသည်။
“ ဟုတ်တယ်ဆရာ ဆိတ်သိုးအမှန်ပဲ ”
“ ကျွန်တော်တို့ ဆုငွေ UM လေးသောင်း ရပြီဆရာ ”
“ အိုကေ အသေးလေး ဆိတ်သိုးက အစီအရင်ထဲမှာ ခုနစ်ရက်မေ့နေမှာဆိုတော့ သူ့ကို လွှဲပြောင်းပေးဖို့ ဒီဂြိုလ်မှာ တယ်လီပို့ရှိလား စုံစမ်းလိုက်ပါအုံး ” လပ်က ပြောလိုက်လေသည်။
ငါးမိနစ်ခန့်ကြာပြီးနောက်
“ ဒီနေရာနဲ့ နှစ်မိုင်အကွာမှာ စိမ်းပြာဂြိုလ်ကို တယ်လီပို့နိုင်တဲ့ လေဆာအစီအရင် တစ်ခု ရှိတယ်ဆရာ ” အသေးလေးက အမြန်ပြောလိုက်သည်။
“ ဒါပေမယ့်ဆရာ အသုံးပြုခ UM တစ်သောင်းကုန်မှာ ”
လပ်က “ ဈေးကြီးလိုက်တာ အေးလေ ဘာပဲဖြစ်ဖြစ် ဒီကောင့်ဆုငွေက လေးသောင်းဆိုတော့ သုံးသောင်း မြတ်သေးတာပဲ ”
“ အဲဒီအစီအရင်နဲ့ ချိတ်ဆက်ပြီး စိမ်းပြာဂြိုလ်က တာဝန်ရှိသူတွေလက်ထဲကို ဆိတ်သိုးကို လွှဲပေးလိုက်”
“ ဟုတ်ကဲ့ဆရာ ”
အသေးလေးမှာ သီချင်းတစ်ပုဒ်ငြီးပြီး ထွက်သွားလေသည်။
လပ်လည်း ယာဉ်ပျံဆင်းသက်ရာကွင်းဆီသို့ အမြန်ပြန်ခဲ့လေသည်။ ဤရေခဲဂြိုလ်ပေါ်ရှိ အနောက်ဘက်ပိုင်း ဒေသကို ဘူဇွာဟု ခေါ်တွင်လေသည်။
သို့သော် ရပ်ကွက်အတွင်းတွင် ဆင်းရဲသားများ၊ ဝရမ်းပြေးများ၊ ကလေကချေများ စုပြုံနေထိုင်ရာ ဒေသဖြစ်လေသည်။
လွန်ခဲ့သော နှစ်နှစ်ရာခန့်က ဘူဇွာရပ်ကွက်အတွင်း နေထိုင်သူတစ်ဦးမှာ ရှေးဟောင်းသတ္တုကြောတစ်ခုကို မမျှော်လင့်ဘဲ ရှာဖွေတွေ့ရှိသွားပြီးနောက် လွန်စွာချမ်းသာသွားပြီး သူဌေးတစ်ဦးဖြစ်သွားသောကြောင့် ဘူဇွာဟု ခေါ်တွင်ခဲ့ခြင်း ဖြစ်လေသည်။
ဘူဇွာရပ်ကွက်၏ တောင်ပိုင်းဒေသမှာ ကြီးမားသော ရေခဲတောင်ကြီးများနှင့် ဆက်စပ်လျက်ရှိလေသည်။ ထိုရေခဲတောင်ကြောများပေါ်တွင် ရှားပါးသတ္တုများ ရှာဖွေနေကြသောသူများ ရှိလေ သည်။
ဆိုးရွားသော ရာသီဥတုဒဏ်ကို ကြံံ့ကြံ့ခံ၍ ကံတရားအား လာရောက်စမ်းသပ်နေကြသူများမှာ တဖွဲဖွဲ ရောက်လာနေကြဆဲပင် ဖြစ်သည်။
လပ်က သူ၏ယာဉ်ပျံရပ်ထားသောနေရာကို ပြန်ရောက်ရှိလေပြီ။ သို့ရာတွင် ယာဉ်ပျံအနီးတွင် ညစ်ပတ်ပေရေနေ သော ကလေးငယ်တစ်ချို့မှာ ယာဉ်ပျံကြီးအနီး ဝိုင်းပတ်၍ ဆော့ကစားနေကြလေသည်။
လပ်တစ်ယောက် သက် ပြင်းချလိုက်လေသည်။
ခေတ်များစွာ ပြောင်းလဲလာသော်လည်း ဆင်းရဲနွမ်းပါးမှုနှင့် ကြီးနိုင်ငယ်ညှင်းလောကကြီးကို မည်သူမျှ မပြောင်းလဲနိုင်ကြသေးပေ။
စက်ပစ္စည်းများ၊ နည်းပညာများ တိုးတက်ထွန်းကားလာခဲ့သော်လည်း ရာစုနှစ်များစွာ ကြာသည့်တိုင် ငွေကြေးရရှိရန်အတွက် အသက်သွေးများ၊ ကလေးငယ်များက တန်ဖိုးပေးဆပ်နေရဆဲ ဖြစ်လေ သည်။ လပ်တစ်ယောက် အိတ်ထဲမှ UM ငွေပြား တစ်ထောင်ကျော်ကို ထုတ်ယူလိုက်လေသည်။ ပြီးနောက် ကလေးများအား တစ်ယောက်ကို တစ်ရာစီ ခွဲဝေကာ ပေးလေသည်။
“ ဟေ့ ဟေ့ မလုနဲ့နော် တန်းစီကြနော် လုရင် မပေးဘူး ” လပ်က အော်ဟစ်လိုက်သည်။
“ ဟေးးး ဒါမှ တို့ဦးဦးကွ ”
“ ကျေးဇူးတင်ပါတယ် ” ကလေးငယ်များမှာ ဝမ်းသာစွာ အော်ဟစ်နေကြလေသည်။
UM တစ်ရာဆို သည်မှာ မိသားစုငါးယောက် တစ်လခန့် မပူမပင် စားသောက်နိုင်လေသည်။
နှပ်ချေးများ ပေပွနေသော ကလေးငယ်တစ်ဦးကို လပ် သတိထားမိလိုက်သည်။ ထိုကလေးငယ်မှာ ရှစ်နှစ်ခန့်သာ ရှိဦးမည်ဖြစ်ပြီး လွန်စွာ ပိန်လှီသော်လည်း သူ၏အဝတ်အစားမှာ လျော်ဖွပ်ထားပုံ ရလေသည်။
လပ်က ထိုကလေးငယ်လေးအား လှမ်းခေါ်လိုက်သည်။
“ ဟေ့ သားလေး ဒီကို လာပါအုံးကွ ”
ထိုကလေးငယ်မှာ ခပ်သွက်သွက် သူ့အနားရောက်လာပြီး စကားပြောလိုက်သည်။
“ ဦးဦး သမီးက မိုမိုပါ ”
“ အမ် ” လပ်တစ်ယောက် ကြောင်အမ်းအမ်းဖြစ်သွားသည်။ “ အိုး သူက မိန်းကလေးပဲ ပိန်လွန်းအားကြီးပြီး ညစ်ပတ်လွန်းအားကြီးတာကြောင့် ငါက ယောက်ကျားလေးလို့ ထင်နေတာ ” လပ်တစ်ယောက် ကလေးမလေးကို ဆွဲခေါ်လိုက်ပြီး လက်ထဲသို့ UM တစ်ရာ ထည့်ပေးလိုက်သည်။
“ ကျေးဇူးတင်ပါတယ် ဦးဦး ”
“ ဦးဦးကျေးဇူးကို တစ်ချိန်ကျရင် မိုမို ပြန်ဆပ်မှာပါ ”
မိုမို၏အပြောကို ကြားတဲ့ လပ်တစ်ယောက် ခဏတာ တိတ်ဆိတ်သွားလေသည်။ ထို့နောက် လပ်က ပြောလိုက် သည်။
“ သမီးရယ် ဆပ်စရာမလိုပါဘူးနော် ”
“ သမီးစာကြိုးစားရမယ်နော် ”
“ ဟုတ်ကဲ့ ” မိုမိုက မျက်လုံးတောက်တောက်လေးနှင့် ပြန်ဖြေရှာလေသည်။
“ သမီးက ဘယ်သူနဲ့ နေလဲ ” လပ်က မေးလိုက်သည်။
“ သမီးအဖေနဲ့ နှစ်ယောက်ထဲ နေတာ အခု အဖေက ဟိုးတောင်တန်းပေါ် တက်သွားတယ် ” ဟု ပြောရင်း အဝေးရှိ ရေခဲတောင်တန်းပေါ်ကို လက်ညှိုးထိုးပြလေသည်။
ကလေးငယ်များကို အားပေးစကားပြောပြီးနောက် လပ် ယာဉ်ပျံပေါ်တက်လိုက်လေသည်။ လပ်တစ်ယောက် မိဘမရှိဘဲ ကြီးပြင်းလာခဲ့ရသောကြောင့် ကလေးငယ်များကို လွန်စွာ သနားမိလေသည်။ သို့သော်လည်း လူတိုင်း ကို သူ မကယ်တင်နိုင်ပေ။ ထို့ကြောင့် သက်ပြင်းရှည်ကြီးတစ်ချက်ကို ချလိုက်လေသည်။
“ ဟူးးး ”
ဆယ့်ငါးမိနစ်ခန့်ကြာပြီးနောက် အဝေးမှ ပြန်ရောက်လာသော A.I အသေးလေးကို လပ် မြင်လိုက်သည်။
“ အံမယ် အသေးလေးမျက်နှာက ပြုံးရွှင်လို့ပါလား ” လပ်က လှမ်း စလိုက်သည်။
“ ဟဲ ဟဲ ဟဲ ဆရာ ကျွန်တော်တို့ ဆိတ်သိုးကို လွှဲပြီးပြီ၊ ငွေစာရင်းထဲလည်း သုံးသောင်း ရောက်လာပြီ ဆရာ ”
“ ဆရာ ကျွန်တော့်ကို အခုပေါ်တဲ့ နွေရာသီဝတ်စုံ ဝယ်ပေးရမယ်နော် ”
“ အမ် မင်းဟာက ဘယ်လောက်တောင်လဲ ” လပ်က အမြန် မေးလိုက်သည်။
“ ဆရာ အသစ်ဝမ်းဆက်က UM ခုနစ်ထောင်ပဲ ရှိတယ် ” လပ် မျက်နှာရှုံ့မဲ့သွားလေသည်။
“ မင်းဝတ်စုံက ဆိုင်ခန်းတစ်ခု ဝယ်လို့ရတယ်ကွ လဒလေးရဲ့ ငါ့ပိုက်ဆံတွေ ကုန်တော့မှာပဲ ” လပ် ငြီးတွားရေရွတ်လိုက်သည်။
အသေးလေး အမြန် လပ်ကို ပြောလိုက်သည်။
“ ဆရာပဲ ကျနော့်ကို ကတိပေးထားတာလေ ”
လပ်က “ အေးပါ အေးပါ ငါပြောပြီးသားဆိုတော့ မင်း ဝယ်လိုက်တော့၊ နောက်တစ်ခါ မင်း ဘယ်လိုစွမ်းဆောင် နိုင်မလဲ ငါစောင့်ကြည့်ဦးမယ် ”
လပ်တို့စကားပြောနေစဉ်အတွင်း ယာဉ်ပျံနှင့်ရပ်နားရာကွင်းကြီးမှာ ရုတ်တရက် တုန်ခါလာလေသည်။
“ ဝုန်း ဝုန်း ”
လပ်အမြန်ပြောလိုက်သည်။
“ အသေးလေး စစ်ဆေးစမ်း ဘာတွေဖြစ်နေတာလဲဆိုတာ ”
အသေးလေးက ယာဉ်ပျံအတွင်းမှ စက်တစ်ချို့ကို နှိပ်၍ စစ်ဆေးလိုက်သည်။
“ တွင် တွင် ”
ယာဉ်ပျံအတွင်းရှိ TV မျက်နှာပြင်တွင် ပုံရိပ်တစ်ချို့ ပေါ်လာသည်။ မိုင်ရှစ်ဆယ်အကွာတွင် တောင်ကြောတစ်ခု ရှိလေသည်။
ကြည့်နေရင်း ထိုရေခဲတောင်ကြောမှာ လှုပ်ရှားလာပြီး ရေခဲများ ပြိုကျလာသည်။ ထို့နောက် မဲနက် နေသော မျော့ပုံသဏ္ဍာန် ရှည်ရှည်မျောမျော သတ္တဝါကြီးများ တောင်အက်ကွဲကြောင်းကြားမှ ထွက်ပေါ်လာသည် ကို လပ်တို့ မြင်တွေ့လိုက်ရသည်။
“ ဆရာ ဒီကောင်တွေက ရေခဲမျော့တွေပဲ ”
အသေးလေးက သတိပေးလိုက်သည်။
ရေခဲမျော့များသည် နက်ရှိုင်းသော ရေခဲတောင်များအောက်တွင် နေထိုင် ပြီး တစ်ကောင်လျှင် မိုင်ဝက်နီးပါးရှည်လျားကာ လူနံ့ရလျှင် ထွက်လာတတ်လေသည်။ သွေးစုတ်သတ္တဝါများဖြစ် ကြသည်။ လပ် အမြန်ပြောလိုက်သည်။
“ အမ် အဲဒီတောင်တန်းပေါ်မှာ လူတွေရှိနေတာပဲ၊ အသေးလေး အမြန်မောင်းစမ်း၊ အဲဒီမျော့တွေကို ငါတို့ သွားရှင်းကြမယ် ”
“ ဟုတ်ကဲ့ဆရာ ” အသေးလေးမှာ လပ် ညွှန်ကြားချက်အတိုင်း ယာဉ်ပျံကို ထိန်းချုပ်၍ ရေခဲတောင် ကြောဘက်ကို အမြန်မောင်းနှင်လေတော့သည်။
ငါးမိနစ်ခန့်ကြာပြီးနောက် လပ်တို့ ရေခဲမျော့တွေရှိရာဘက်ကို ရောက်လာသည်။ ရေခဲမျော့များက ပစ်ချွဲချွဲအရည်တစ်ချို့ဖြင့် ယာဉ်ပျံကို ပစ်လွှတ်နေကြသည်။
“ ဝှစ် ဝှစ် ကလစ် ”
ဒါပေမယ့် ယာဉ်ပျံ၏အကာအကွယ်ကို မထိုးဖောက်နိုင်ပေ။ လပ်၏ ယာဉ်ပျံမှာ S4 အဆင့်ရှိပြီး UM ခုနစ်သန်း ကျော်ပေး၍ ဝယ်ယူထားခြင်းဖြစ်သည်။
“ S4 လက်နက် 300H တော်ပီဒို သုံးလုံးပစ်မယ် အသေးလေး ” လပ် အမြန် အမိန့်ပေးလိုက်သည်။
“ ဟုတ်ကဲ့ဆရာ 80 ဒီကရီ 95 ဒီကရီ 102 ဒီကရီ သုံးနေရာဆက်တိုက် ပစ်လွှတ်လိုက်ပါပြီ ”
“ ရွှီး ရွှီး ရွှီး ဒုန်း ဝုန်း ဝုန်း ”
တော်ပီဒိုသုံးခု၏ ပစ်ခွင်းချက်ကြောင့် ရေခဲတောင်ကြောတစ်လျှောက် ပေါက်ကွဲမှုများ၊ ပြိုကျမှုများ ဖြစ်သွားလေ သည်။
တစ်မိနစ်ခန့် မြင်ကွင်းများ ၀ေဝါးသွားပြီးနောက် တောင်ကြောပေါ်တွင် ရေခဲမျော့များ၏ အစိတ်အပိုင်းများ ပျံ့ကြဲနေလေပြီ။
“ တွီ တွီ ” အသေးလေးမှ တင်ပြချက်ပေးလေ၏။
“ ဆရာ အားလုံးကွက်တိမှန်ပါတယ် အားလုံးသေကုန်ပါပြီ ”
“ ဟား ဟား ဟား မအိမ်လုံးတွေ သေပြီ ဟား ဟား ဟား ”
လပ်က အော်ဟစ်ရယ်မောလိုက်သည်။ ရုတ်တရက် မျက်နှာရှုံ့မဲ့သွားပြီး
“ အံမလေး ငါ့ S4 အဆင့် ဒုံးကျည်တွေတော့ ကုန်ပါပြီ ” ဟု ရေရွတ်လိုက်လေတော့သည်။