← Chapters

အသိုက်

Vol. 6 Ch. Chapter 28

အသိုက်

Vol. 6 Ch. Chapter 28

ငါက သူရဲကောင်းဖြစ်ချင်ရုံပါ

V6 Chapter 28 - အသိုက်

"ဒီတော့ အနီးအနားရွာတွေကလူတွေ ဒီတောင်ခြေကို ဒီအတိုင်းလမ်းလျှောက်ထွက်လာပြီး ပျောက်ကုန်တယ်လို့ ဆိုလိုချင်တာလား။" ဖရာလီတာက ယာဥ်ပျံပေါ်ကနေ ဆင်းလာပြီး တောင်ခြေပတ်ပတ်လည်ကို ကြည့်လိုက်တယ်။

အယ်လိုဟင်ကတော့ မြေပြင်မှာခြောက်သွေ့ပြီးသေနေတဲ့ မြက်ပင်တွေထဲက တစ်ခုကို အသာလေးဆွဲနှုတ်ကြည့်လိုက်တယ်။ မြက်ပင်က အမြစ်ကနေ ချက်ချင်းကျွတ်ပါလာပါတယ်။ အယ်လိုဟင်က ဖရာလီတာကို သူ့လက်ထဲက မြက်ပင်ကို မြှောက်ပြတယ်။

"သခင်မလေး၊ ဒီတောင်ခြေက ​မြေဆီလွှာတွေက ပုံမှန်မဟုတ်ဘူး။ ပွစာကျဲနေပြီး အပင်တွေတောင် မြေဩဇာမရလို့ သေကုန်ပြီ။"

ဖရာလီတာ၊ ဥစာကီနဲ့ တခြားသူတွေအားလုံး အယ်လိုဟင်ရှာတွေ့ထားတဲ့နေရာကို လာကြည့်ကြတယ်။ တကယ်ပဲ ပုံမှန်မဟုတ်ဘူး။ ဆိုက်ဘေးရီးယားဒေသက အမြဲအေးခဲနေလို့ စိုက်ပျိုးလို့မကောင်းပေမဲ့ နွေဦးကာလမှာတော့ ပန်းပင်တွေနဲ့မြက်ပင်တွေ မြန်မြန်ကြီးထွားနိုင်စွမ်းရှိတယ်။ ဒါပေမဲ့ ဒီနေရာက အခုလိုဖြစ်မနေဘူး။

"ဒီနေရာက မြေကြီးတွေမှာ ကြွက်အကြီးကြီးတွေ သွားလာထားသလိုမျိုး ကလိုဏ်တွင်းတွေရှိနေတာပဲ။"

အယ်လိုဟင်က အပေါ်ယံမြေပြင်ကို လက်သီးနဲ့ထိုးချလိုက်တယ်။ အပေါ်ယံမြေကြီးတွေက ကျွံကျသွားပြီး ရှုပ်ထွေးလှတဲ့ မြေအောက်ကလိုဏ်တွေကို သူတို့စမြင်လာရတယ်။

ဖရာလီတာက မီးကျည်တစ်ခုကို မီးညှိလိုက်ပြီး ကလိုဏ်တွင်းထဲကို ပစ်ချလိုက်တယ်။ လူတစ်​ယောက် ခေါင်းငုံပြီးသွားရင် အခက်အခဲမရှိဆက်သွားလို့ရအောင်ကျယ်တဲ့ တွင်းတွေက မြေအောက်အနက်ပိုင်းကို ဦးတည်သွားနေပါတယ်။

နဖူးမှာပတ်တီးစည်းထားတဲ့ ဒရုန်းဇုန်လည်း တွင်းဝမှာ ငုတ်တုပ်ထိုင်ပြီး အောက်ကိုငုံကြည့်တယ်။ ပြီးတဲ့နောက် သူတွေးမိတဲ့အတွေးတစ်ခုကို ထုတ်ပြောကြည့်တယ်။

"အနီးအနားရွာက လူတွေအကုန်လုံး မြေအောက်ထဲကို တွင်းတွေတူးပြီး သွားနေကြတာလား။" ဒါပေမဲ့ အယ်လိုဟင်က ပိုကြောက်ဖို့ကောင်းတဲ့ ဖြစ်နိုင်ခြေကို ပြောလိုက်တယ်။

"ဒါမှမဟုတ် တောင်အောက်မှာ မြေတွင်းတူးနေတဲ့ အမည်မသိသက်ရှိတွေက ရွာသားတွေကို ဖမ်းခေါ်သွားတာလား။"

မဟာမိတ်အဖွဲ့သားတွေ တစ်ယောက်မျက်နှာတစ်ယောက် ကြည့်လိုက်ကြတယ်။ အခုဖြစ်နေတဲ့ကိစ္စက သိပ်လွယ်မယ့်ပုံမပေါ်ဘူး။ ဒါပေမဲ့ သူတို့ဒီကိစ္စကို စုံစမ်းရမှဖြစ်မယ်။ အဆိုးဆုံးဖြစ်နိုင်ခြေကို သူတို့ကြိုသိထားကြပြီးသား။ အခုရင်မဆိုင်ဘဲနေမယ်ဆိုရင် နေလို့ရပေမဲ့ တကယ်ဖြစ်လာရင် အားလုံးနောက်ကျကုန်လိမ့်မယ်။

ဖရာလီတာက လက်ကိုနောက်ပစ်ပြီး ဘာမှမသိသလိုမျိုး ရပ်နေတဲ့ ကိုင်းတိုကိုကြည့်ပြီး မေးလိုက်တယ်။ "ဟေး၊ ခေါင်းနီအဖိုးကြီး။ ရှင်ဒါမျိုးမြင်ဖူးသေးလား။ ဒါမှမဟုတ် ရှင်မေ့နေတာထဲက တစ်ခုခုလား။"

ကိုင်းတိုက ပခုံးတွန့်ပြလိုက်တယ်။ အဲဒီနောက် ပုံမှန်လေသံနဲ့ ပြန်ဖြေပါတယ်။ "ငါ့ဦးနောက်က မေ့တတ်လွန်းတာမှန်ပေမဲ့ ငါ့တစ်ဘဝလုံး ဒါမျိုးမမြင်ဖူးတာ သေချာတယ်။"

ဒရုန်းဇုန်လည်း စိတ်ညစ်ညစ်နဲ့ကောင်းကင်ပေါ်ကို မော့ကြည့်လိုက်တယ်။ "ဘုရားရေ၊ အာကိုင်းဂါမီတောင် မမြင်ဖူးဘူးဆိုရင် ကောင်းတဲ့နိမိတ်မဟုတ်တာ သေချာတယ်။"

အယ်လိုဟင်က ဒရုန်းဇုန်ရဲ့စကားကြောင့် ရယ်မောလိုက်ပြီး ကျန်တဲ့သူတွေကို ရှင်းပြလိုက်တယ်။ "ဒီကလေးမက မဟာမိတ်အတွက် အန္တရာယ်အဆင့်သတ်မှတ်ပုံစနစ်တစ်ခု ဖန်တီးဖို့ကြိုးစားနေတာ။ ကိုင်းတို အေးအေးချမ်းချမ်းဖြစ်နေတယ်ဆိုရင် ပုံမှန်အဆင့် ဒါမှမဟုတ် မြို့ပြအဆင့်အန္တရာယ်၊ ကိုင်းတိုမေ့နေတာတစ်ခုခုဆိုရင် နိုင်ငံအဆင့်နဲ့ ကိုင်းတိုမသိတာဆိုရင် ကမ္ဘာပျက်နိုင်တဲ့ပြဿနာတဲ့။"

အယ်လိုဟင်ပြောပြတဲ့ ကိုင်းတိုအန္တရာယ်ယူနစ်အကြောင်း အားလုံးနားထောင်ပြီး ပြုံးစိစိဖြစ်ကုန်ကြတယ်။ ကိုင်းတိုကတော့ ဒဇုန်းဇုန်ကို မျက်နှာသေနဲ့ကြည့်လိုက်တယ်။ ဒဇုန်းကုန်က ကိုင်းတိုကိုပြန်ပြုံးပြတယ်။ ကိုင်းတိုကတော့ မင်သေသေမျက်နှာထားနဲ့ ပြန်ပြောလိုက်လေရဲ့။

"နောက်တစ်ခါ မင်းငါ့ဘုရားကျောင်းကိုလာရင် အဆောင်မပေးတော့ဘူး။"

ဒရုန်းဇုန်က အာကိုင်းဂါမီဘုရားကျောင်းကိုရောက်တိုင်း အလျှူငွေထည့်ပြီး အမွှေးအိတ်အဆောင်လေးတွေ ယူနေကျ။ ဒါပေမဲ့ ဘုရားကျောင်းရဲ့နတ်ဘုရားကိုင်းတိုက အဆောင်မပေးတော့ဘူးလို့ ဆုံးဖြတ်လိုက်တဲ့အတွက် ဒရုန်းဇုန်ရဲ့မျက်နှာ ချက်ချင်းမဲ့ရွဲ့သွားပြီး ငိုချတော့မလိုဖြစ်သွားတယ်။

"ဥစာကီရေ၊ ငါ့ကို ကိုင်းတို-ဆမ တကယ်စိတ်နာသွားပြီဟ။" ဒရုန်းဇုန်ငိုမဲ့မဲ့နဲ့ပြောလိုက်တော့ ဥစာကီလည်း ဒရုန်းဇုန်ကို ကျောပုတ်ပေးလိုက်ပြီး ကိုင်းတိုကို ထသတ်တော့မယ့်အကြည့်နဲ့ကြည့်လိုက်တယ်။

"ရှင်လို ယောက်ျားကြီးက မိန်းကလေးတစ်ယောက်ကို စိတ်ကောက်စရာလား။"

ကိုင်းတို "......"

"ကဲကဲ... မယောင်ရာဆီလူးနေတာ တော်ကြာတော့။ ငါတို့မှာ အချိန်တွေပေါနေတာမဟုတ်ဘူး။ ဒီနေရာမှာငါတို့အကြာကြီးရပ်နေလို့မကောင်းဘူး။"

ဖရာလီတာက စကားဖြတ်ပြောလိုက်တယ်။ သူတို့က မြူတန့်မဟာမိတ်ကို ရိုက်ထုတ်လိုက်နိုင်ပေမဲ့ ရုရှားက ရန်သူ့ပိုင်နက်ဖြစ်နေဆဲပါ။ ဒီနေရာမှာ မကျိန်းသေတာတွေ များလွန်းတယ်။ ဒါကြောင့် အချိန်မဖြုန်းဘဲ အလုပ်ကိုအလုပ်လိုလုပ်ရမယ်။

ဖရာလီတာက အယ်လိုဟင်နဲ့အတူ မြေအောက်က လိုဏ်ခေါင်းတွေကို ကြည့်နေတာရပ်လိုက်ပြီး ပြန်ထရပ်လိုက်တယ်။ အဲဒီနောက် သူ့ဂါဝန်အနားမှာပေကျံနေတဲ့ မြေမှုန်တွေနဲ့ လက်နဲ့ရိုက်ပုတ်ဖယ်လိုက်ပြီး ခေါင်းညိတ်လိုက်တယ်။

"ငါတို့အောက်ဆင်းကြည့်ရင်တော့ တစ်ခုခုသိရမှာပါ။ ဒါပေမဲ့ စိတ်ချရမချရသိရအောင်လို့ စက်ရုပ်တွေနဲ့ အရင်စမ်းကြတာပါ။"

အားလုံးရဲ့အကြည့်တွေက ပြန်တည်ကြည်လေးနက်သွားတယ်။ ဖရာလီတာက သူ့လက်ထဲမှာကိုင်ထားတဲ့ စက်လုံးကိုနှိပ်လိုက်တယ်။ လေပေါ်မှာရပ်ထားတဲ့ သင်္ဘောပျံဝမ်းဗိုက်က ပွင့်သွားပြီး စစ်နတ်သမီးစက်ရုပ်တပ်စုက မြေပြင်ပေါ်ကို ရောက်လာတယ်။

"ငါတို့ ဒီစက်ရုပ်တပ်စုကို မြေအောက်ထဲအရင်လွှတ်လိုက်မယ်။ အောက်ဆင်းပြီး သူတို့ပျက်စီးတာ ဒါမှမဟုတ် အဆက်အသွယ်ပြတ်သွားတာမျိုးရှိရင် အန္တရာယ်ရှိတဲ့ အဓိပ္ပါယ်ပဲ။ ဒါဆိုရင် ငါတို့ကိုယ်တိုင် တိုက်ပွဲအတွက်ပြင်ဆင်ပြီး ဆင်းရမယ်။"

ပိုးကောင်ကျူးကျော်မှုရှိနိုင်တဲ့အကြောင်း ဆိုဖီယာဆီကနေ သိထားကြပြီးသားမလို့ အခုလိုထူးဆန်းတဲ့အရာတစ်ခု ကမ္ဘာမြေပြင်ပေါ်မှာရှိနေတာကို သူတို့လွယ်လွယ်ကူကူ သဘောမထားရဲပါဘူး။ ဒီတော့ သူတို့ မဖြစ်မနေလေ့လာရမယ်။

ဖရာလီတာက ချက်ချင်းပဲ ခေါင်းဆောင်ကောင်းတစ်ယောက်ရဲ့အမူအရာမျိုးပြောင်းသွားပြီး အမိန့်တွေစပေးတယ်။ "ဒရုန်းဇုန်နဲ့အယ်လိုဟင်က ယာဥ်ပျံပေါ်ပြန်ပြီး စက်ရုပ်တွေရဲ့ကင်မရာက ထောက်လှမ်းမိတဲ့ အချက်တွေကို ငါတို့ဆီပြန်တင်ပြရမယ်။ နင်တို့နှစ်ယောက်က မြေပေါ်ကိုဆင်းစရာမလိုဘူး။"

အယ်လိုဟင်နဲ့ဒရုန်းဇုန်နဲ့က ခေါင်းညိတ်လိုက်တယ်။ သူတို့နှစ်ယောက်ရဲ့စွမ်းအားက ရှေ့တန်းမှာတာဝန်ထမ်းဆောင်ဖို့ မလုံလောက်သေးပါဘူး။ ဖရာလီတာက ဥစာကီ၊ ကိုင်းတိုနဲ့ အိခဲဒကိုကြည့်လိုက်တယ်။

"ကျန်တဲ့သူတွေကတော့ ထုံးစံအတိုင်း မစ်ရှင်အဖွဲ့ပေါ့။ ဒါပေမဲ့ ကိုင်းတို၊ ဟိုကြောင်ကို ကျွန်မတို့နဲ့လိုက်မလိုက် သွားမေးကြည့်ဦး။ ကျွန်မဒီတွင်းတွေနဲ့ပတ်သက်ပြီး မကောင်းတဲ့ခံစားချက်တွေရနေတယ်။ ရနိုင်သမျှ အကူအညီယူမှဖြစ်မယ်။"

ကိုင်းတိုက ခေါင်းညိတ်လိုက်ပေမဲ့ သိပ်သေချာပုံမရဘူး။ သူက ဖရာလီတာကို ခွန်းတုံ့ပြန်တယ်။

"ကျားဖြူက ငါတို့လေးယောက်ထဲမှာ ပြောရဆိုရအခက်ဆုံးပဲ။ သူလိုက်မလိုက်တော့ ငါမပြောနိုင်ဘူး။ ဒါပေမဲ့ ကြိုးစားကြည့်ပေးမယ်။"

"ကောင်းပြီ။" ဖရာလီတာက ခေါင်းညိတ်ပြလိုက်တယ်။ ကိုင်းတိုက သင်္ဘောပျံပေါ်တက်သွားတယ်။ လိပ်နက်ဝင်ပူးခံခဲ့ရပြီး သိပ်ခွန်အားမပြည့်သေးတဲ့ ဖရန့်နဲ့ ကြောင်နက်တို့က သင်္ဘောပျံပေါ်မှာပါ။ ကိုင်းတိုနဲ့ ဒရုန်းဇုန်တို့လည်းလိုက်သွားတယ်။

ဖရာလီတာကတော့ ဝါးဖရန်ထဲ ပြန်ဝင်လိုက်ပြီး စက်ရုပ်တွေ မြေတွင်းဆီချဥ်းကပ်နေတာကို ကြည့်နေတယ်။ သူနဲ့အတူဥစာကီနဲ့ အိခဲဒတို့လည်း အတူရှိနေပါတယ်။ စစ်နတ်သမီးစက်ရုပ်တွေက မြေကြီးတွေကို ထူးထုတ်လိုက်ပြီး သူတို့အဆင်ပြေပြေဝင်နိုင်မယ့် ဝင်ပေါက်တစ်ခုကို ဖန်တီးလိုက်တယ်။ အဲဒီနောက် မြေတွင်းတွေထဲကို ဖြည်းဖြည်းချင်းဆင်းသွားလိုက်ကြတယ်။

နာရီဝက်လောက်ကြာတဲ့အထိ စက်ရုပ်တွေက ကလိုဏ်ခေါင်းတွေအတိုင်း ဆက်ဆင်းနေကြပြီး ယာဥ်ပျံပေါ်ကနေ ဒရုန်းဇုန်က အခြေအနေကိုစောင့်ကြည့်ကာ ဖရာလီတာကို အမြဲမပြတ်သတင်းပို့ပေးနေပါတယ်။ မြင်ကွင်းတွေက ဖရာလီတာနဲ့လည်း မျှဝေပေးနေတာကြောင့် ဖရာလီတာကလည်း စက်ရုပ်တွေက ကင်မရာမှတ်တမ်းတွေကို လက်ခံရရှိနေပါတယ်။

"လိုဏ်ခေါင်းတွေက မြေအောက်သုံးမိုင်အနက်ထိကို ဆက်ရှိနေတယ်။ ဒီတောင်ခြေတစ်ခုလုံးက ဟောင်းလောင်းပေါက်ကြီးဖြစ်နေတယ်ထင်တယ်။"

စက်ရုပ်တွေက မြေအောက်မှာ စစ်တပ်တစ်ခုလိုမျိုး စနစ်တကျချီတက်နေကြတယ်။ ငါးယောက်တစ်စုဖြစ်ပြီး မျိုးစုံတဲ့လက်နက်တွေကို ကိုင်ဆောင်ထားတဲ့ ဒီတပ်ဖွဲ့ဝင်တွေက တော်ရုံအန္တရာယ်တွေကို မကြောက်ပါဘူး။

"လူခြေရာတွေတွေ့တယ်၊ ဒါပေမဲ့ လူမဟုတ်တဲ့ခြေရာတွေလည်း ရှိနေတယ်။" ဒရုန်းဇုန်က စက်ရုပ်တစ်ရုပ်ကို ထိန်းချုပ်လိုက်ပြီး လိုဏ်ခေါင်းကမြေပြင်ကို ဒူးထောက်ပြီးအနီးကပ်ကြည့်စေတယ်။

"ဉာဏ်ရည်တုကိုသုံးပြီး သတ္တဝါအမျိုးအစားကို စီစစ်မယ်။" ဖရာလီတာက အမိန့်ပေးလိုက်တယ်။ ဒရုန်းဇုန်ကလည်း ခေါင်းညိတ်လိုက်ပြီး ကီးဘုတ်နဲ့ စာတချို့ရိုက်ထည့်လိုက်တယ်။ မကြာခင်မှာပဲ သင်္ဘောပျံ စူပါကွန်ပျူတာနယ်ဆင်က အဖြေထုတ်ပေးလာတယ်။

"ထူးဆန်းပေမဲ့ ခြေရာတွေက နကျယ်ကောင်ခြေရာတွေ၊ ဒါပေမဲ့ ဘာကြောင့်မှန်းမသိဘဲ အရွယ်ကလူခြေရာနဲ့အတူတူလောက်ဖြစ်နေတယ်။"

ကွန်ပျူတာကအဖြေကို ဖရာလီတာက ကျန်တဲ့သူတွေနဲ့ မျှဝေလိုက်တယ်။ ဥစာကီကလည်း မေးကိုလက်ထောက်ပြီး သူတတ်နိုင်သလောက် စဥ်းစားကြည့်တယ်။

"ဆုဗာနာမှာ မြူတန့်ပုရွက်ဆိတ်သိုက်ရှိလို့ လူအရွယ်ရှိတဲ့ အင်းဆက်မြူတန့်တွေ ရုရှားမှာကျက်စားနေတာ ဖြစ်နိုင်ပေမဲ့ အခုဟာက မထူးဆန်းဘူးလား။ အရင်က ဒီအကြောင်းကို ငါတို့ဘယ်မှာမှမကြားဖူးဘူး။"

ဖရာလီတာလည်း ခေါင်းညိတ်ပြီး ဥစာကီရဲ့စကားမှန်ကြောင်း ထောက်ခံလိုက်တယ်။ နောက်တော့ သူသိထားတဲ့ သတင်းအချက်အလက်တချို့ကိုပါ ထုတ်ပြောတယ်။

"အမှန်ပဲ၊ မှောင်ခိုသတင်းကွန်ယက်တွေမှာတောင် မြူတန့်နားကျယ်ကောင်သိုက်ရှိနေတာမျိုး မကြားဖူးဘူး။ ကြည့်ရတာ ရုရှားအစိုးရတောင် ဆိုက်ဘေးရီးယားက နကျယ်ကောင်သိုက်ကို သတိမထားမိဘူးထင်တယ်။"

အားလုံး မျက်မှောင်ကြုတ်လိုက်ကြတယ်။ ဖရာလီတာကတော့ နားကျယ်ကောင်နဲ့တူတဲ့ ခြေရာကိစ္စကို ဆက်ပြီးစဥ်းစားနေတုန်းပဲ။

"နားကျယ်ကောင်မျိုးစိတ်တချို့က မြေတွင်းတူးနေတယ် ကြားဖူးပေမဲ့ တောင်ကြီးတစ်ခုလုံးကို ကလိုဏ်လုပ်ထားတာတော့ ခုမှတွေ့ဖူးတာပဲ။ နားကျယ်ကောင်တွေက ပုရွက်ဆိတ်လည်းမဟုတ် ပျားလည်းမဟုတ်တဲ့ အင်းဆက်တွေပဲ။ မဟုတ်ဘူး.. အင်းဆက်ဆိုတာထက် ကပ်ပါးကောင်တစ်မျိုးလို့ ပြောရမလား။ သားလောင်းတွေက တခြားသက်ရှိရဲ့ခန္ဓာကိုယ်ထဲမှာ ကပ်တွယ်နေပြီး..."

ဘုန်း....။

ဒါပေမဲ့ ဖရာလီတာစကားမဆုံးသေးခင်မှာပဲ မြေပြင်က လှုပ်ခါသွားတယ်။ မြေမှုန်တွေ ပြန့်ကျဲကုန်ပြီး လိုဏ်ခေါင်းတချို့ ပြိုကျကုန်တယ်။ ဒါပေမဲ့ ဖရာလီတာတို့ ရပ်နေတဲ့မြေပြင်ကတော့ ပြိုမကျသေးဘူး။

"ဒရုန်းဇုန်၊ ဘာဖြစ်နေတာလဲ နင်သိလား။" ဖရာလီတာက ချက်ချင်းမေးလိုက်တယ်။ ဒရုန်းဇုန်ကလည်း မဆိုင်းမတွပြန်ဖြေတယ်။

"စစ်နတ်သမီးတွေ တစ်ခုခုမြင်လိုက်တယ်ထင်တယ်။ သူတို့ထဲက တစ်​ယောက်က မြေပြင်ကို အမြောက်နဲ့လှမ်းပစ်တာ။ ဘာလဲဆိုတာတော့ မသိရသေးဘူး။"

"သူတို့အမြောက်တွေကို မသုံးခိုင်းနဲ့၊ မြေတွင်းတွေ ပြိုကျကုန်လိမ့်မယ်။" ဖရာလီတာက ဒရုန်းဇုန်ကို လှန်းသတိပေးပေမဲ့ နောက်ကျသွားပြီ။

ဘုန်း....။ ဝေါဖလော...

နောက်တစ်ခါ မြေပြင်က လှုပ်ခါသွားပြီး ဖရာလီတာရပ်နေတဲ့မြေပြင်က ရုတ်တရက်နိမ့်ဆင်းသွားတယ်။ ဥစာကီနဲ့အိခဲဒတို့အတွက်လည်း အတူတူပဲ။ အခုသူတို့သုံးယောက်လုံး ရင်ထဲမှာ အေးခနဲခံစားလိုက်ရပြီး မြင်ကွင်းတွေက ချက်ချင်းပြောင်းလဲသွားတယ်။

...

"ငါတို့ဘယ်ရောက်နေတာလဲ။" ဥစာကီက ဘေးမှာကျနေတဲ့ ကာတာနာကို ကောက်လိုက်ပြီး မေးတယ်။ သူတို့မြေအောက်ကို စရောက်တာနဲ့ လိုဏ်ခေါင်းတွေကြားထဲမှာ လျှောစီးသလိုမျိုး လျောပါကုန်ကြတာ။ ဖရာလီတာကတော့ ဝါးဖရိန်ရဲ့အလေးချိန်ကြောင့် မြေလမ်းကြောင်းတွေ အကုန်လုံးကို ဖျက်ဆီးပစ်လိုက်မိပေမဲ့ပေါ့။

"ငါလည်းမသိဘူး၊ ဒါပေမဲ့ မြေအောက် တော်တော်နက်နက်ကိုရောက်နေတာ။" ဝါးဖရိန်ထဲကနေတစ်ဆင့် ဖရာလီတာက ဥစာကီကို ပြောလိုက်တယ်။ ဥစာကီကတော့ သူ့ဟီးရိုးဝတ်စုံမှာပေကျံနေတဲ့ မြေစာမှုန့်တချို့ကို ဖယ်ထုတ်လိုက်ပြီး ပါးစပ်ထဲဝင်နေတဲ့ မြေကြီးတွေကို ထွေးထုတ်တယ်။

"ငါ့အဖိုးကို တွေ့မိသေးလား။" သူတို့ အနီးအနားကို ပတ်ကြည့်ပေမဲ့ အိခဲဒကိုမတွေ့ဘူး။ ဖရာလီတာက ခေါင်းခါပြပေမဲ့ ဝါးဖရိန်ထဲမှာမလို့ ဥစာကီမမြင်ဘူး။

"စိတ်မပူနဲ့၊ သူက ငါတို့ထက်အတွေ့အကြုံများလို့ အဆင်ပြေမှာပါ။ လောလောဆယ် အပေါ်ပြန်တက်ဖို့ကြံရအောင်။"

ဒါပေမဲ့ ဖရာလီတာကတော့ တွင်းအပေါက်ဝကြီးကို မော့ကြည့်လိုက်ပြီး ဆွံအသွားတယ်။ တွင်းဝကသူတို့အတွက် အမြင့်ကြီးဖြစ်နေပြီး အလင်းရောင်ဝင်နေတဲ့ အပေါက်သေးသေးလေးကိုသာ မြင်ရပါတယ်။

"ငါတို့ ပျံတက်ကြည့်ရင်တော့ ရမယ်ထင်တယ်။" ဖရာလီတာက ပြောပြောဆိုဆိုနဲ့ ဂျက်အတောင်ကိုဖွင့်လိုက်ပေမဲ့ အတောင်တစ်ဖက်က ညပ်ပြီးပွင့်မလာဘူး။ ဥစာကီလည်း ဆွဲဖြန့်ပေးဖို့လုပ်ပေမဲ့ အသုံးမဝင်ဘူး။

"ပြုတ်ကျလာတုန်းက ဆားကစ်နည်းနည်းထိသွားတာဖြစ်မယ်။ ဒါပေမဲ့ ငါချက်ချင်းပြင်လိုက်လို့ရတယ်။"

ဖရာလီတာက စိတ်မပူဖို့ပြောလိုက်ပေမဲ့ ဥစာကီကတော့ ဖရာလီတာနဲ့ အမြင်တူပုံမပေါ်ဘဲ ကာတာနာလက်ကိုင်ပေါ် ဓားတင်လိုက်ပြီး သူတို့ပတ်ပတ်လည်က အမှောင်ထုကို စောင့်ကြည့်နေတယ်။

"ဖရာလီတာရေ၊ ငါ့အထင်တော့ ဒီအောက်မှာ နင်ဝတ်စုံထဲကထွက်ပြီး စက်ပြင်ဖို့အချိန်ရမယ်မထင်ဘူး။"

ဖရာလီတာလည်း ဝါးဖရိန်က မီးအလင်းရောင်ကိုသုံးပြီး အမှောင်ထုထဲကို ထောက်လှမ်းကြည့်လိုက်တယ်။ ဒါပေမဲ့ မကြာခင်မှာပဲ အဲဒီလိုလုပ်မိတာကို လုံးဝ နောင်တရသွားမိတယ်။ မပျက်စီးသေးတဲ့ လိုဏ်ခေါင်းတွေကြားထဲမှာ သူတို့ကိုတိတ်တဆိတ်စောင့်ကြည့်နေတဲ့ ထောင်ချီနေတဲ့လူတွေရှိနေတယ်။

မဟုတ်ဘူး၊ ဒီလူတွေကို လူတွေလို့ပြောလို့မရတော့ဘူး။ သူတို့ဆံပင်တွေ ဦးရေဖျားကနေ ကျွတ်ထွက်ကွာကျနေပြီး အနက်ရောင်ဦးမျှင်နှစ်ခုက ပြူထွက်နေတယ်။ ပိုပြီးကြောက်ဖို့ကောင်းတဲ့အချက်က သူတို့မျက်လုံးတွေနေရာမှာ သာမန်မျက်လုံးတွေအစား ပျားတွေရဲ့မျက်လုံးလိုမျိုး အနက်ရောင်ပေါင်းစပ်မျက်လုံးနှစ်စုံပဲရှိတော့တယ်။ ပါးစပ်ကနေလည်း အစွယ်နှစ်ချောင်းပြူထွက်နေသေးပြီး တချို့လူတွေရဲ့လက်တွေက လူလက်အတိုင်းရှိနေသေးပေမဲ့ တချို့လူတွေရဲ့လက်တွေကတော့ အင်းဆက်လက်တွေဖြစ်နေကြပြီ။ တချို့ကတော့ ကျောကုန်းအရေပြားကို ဖောက်ပြီးအတောင်တွေထွက်နေတယ်။

"ဒါတွေက ဘာတွေလဲ။ လူတွေလား၊ နားကျယ်ကောင်တွေလား။" ဖရာလီတာလည်း မနေနိုင်တော့ဘဲ မသတီစွာနဲ့အော်ဟစ်လိုက်မိတယ်။ ဒါပေမဲ့ ဥစာကီကတော့ ဓားကိုဆွဲထုတ်ပြီးနေပါပြီ။

"နင်ပဲပြောခဲ့တယ်မလား၊ နားကျယ်ကောင်တွေက ကပ်ပါးတွေဆို။ နားကျယ်ကောင်မိခင်က ရွာသားတွေရဲ့ကိုယ်ထဲမှာ ဥချထားခဲ့ပြီး ဒီမှာအုပ်စုလိုက်ဥလာပေါက်နေတာ​ဖြစ်မှာပေါ့။"

ဝီ....ဝီ... ဝီ...

မကြာခင်မှာပဲ လူတစ်ပိုင်းနားကျယ်ကောင်အုပ်ထဲကနေ အတောင်ခတ်သံတွေကိုစကြားရတယ်။ သူတို့တွေ ချောင်းတိုက်ဖို့ ကျရှုံးသွားပြီးနောက်မှ အင်အားသုံးအနိုင်ယူဖို့ ဆုံးဖြတ်လိုက်ကြပြီ။

"ချီးထဲမှပဲ၊ ဒီကောင်တွေကိုဖောက်ထွက်ပြီး အပေါ်တက်မယ့်လမ်းရှာရအောင်။" ဖရာလီတာက စုံလည်စက်သေနတ်ကိုဖွင့်လိုက်ရင်းပြောလိုက်တယ်။ ဒီနေရာက မြေအောက်မှာဖြစ်လို့ ပေါက်ကွဲစေတဲ့လက်နက်တွေက အလုပ်မဖြစ်ပါဘူး။

....

အပေါ်မှာတော့ မြေပြင်ကအဖွဲ့နဲ့ အဆက်အသွယ်ပြတ်သွားလို့ မစ်ရှင်အဖွဲ့တစ်ခုလုံး ပြောင်းဆန်နေပါ

ပြီ။ အယ်လိုဟင်က ဒရုန်းဇုန်ကိုကြည့်ပြီး မေးလိုက်တယ်။

"အခုအဆက်အသွယ်ရပြီလား။" ဒရုန်းဇုန်က ချက်ချင်းခေါင်းခါပြတယ်။

"မရသေးဘူး၊ သူတို့ပြုတ်ကျသွားတဲ့အနက်က အခုစစ်နတ်သမီးတွေရှိနေတဲ့နေရာထက် အများကြီးပိုနက်တယ်။ အဲဒီမှာနယ်ဆင်သင်္ဘောပျံရဲ့အချက်ပြလိုင်းတွေတောင် အလုပ်မလုပ်တော့ဘူး။"

သူတို့စကားပြောနေချိန်မှာ သင်္ဘောပျံရဲ့ဖန်သားပြင်မှာတော့ စစ်နတ်သမီးတွေရဲ့တိုက်ပွဲကိုပြသနေပါတယ်။ မျိုးစိတ်တူတဲ့ နားကျယ်ကောင်တွေက ကျူးကျော်ဝင်လာတဲ့ စစ်နတ်သမီးတွေကို အပြင်းအထန်တိုက်ခိုက်နေကြတယ်။

နားကျယ်ကောင်တွေက ဒီလောက်ကြီးမသန်မာဘဲ သာမန်လူတွေထက် နည်းနည်းပဲ ပိုသန်မာတဲ့အတွက်စစ်နတ်သမီးတွေက ဗျူဟာကျကျနဲ့ သူတို့ကိုကိုင်တွယ်နေနိုင်သေးတယ်။ ဒါပေမဲ့ အရေအတွက်များလွန်းလို့ စစ်နတ်သမီးတွေ စီးနင်းခံနေရပြီးတော့ တစ်မိနစ်ကုန်ဆုံးသွားတိုင်းမှာ တစ်ယောက်နှုန်းနဲ့ဖျက်ဆီးခံနေရတယ်။

အယ်လိုဟင်ကိုယ်တိုင်လည်း အဲဒီမြင်ကွင်းကိုကြည့်ရင်း သွေးပျက်နေပြီ။ သူ့သခင်မလေးက အသိုက်ရဲ့အနက်ရှိုင်းဆုံးအပိုင်းအထိ ကျဆင်းသွားတာပါ။ စစ်နတ်သမီးတွေ အခြေအနေမကောင်းရင် သူ့သခင်မလေးလည်း အလားတူပဲ အန္တရာယ်နဲ့ကြုံနေရမှာ။

"ဒီတော့ ငါတို့တွေလိုက်ဆင်းရုံအပြင် တခြားရွေးစရာမရှိတော့ဘူးပေါ့။" အယ်လိုဟင်က ထိန်းချုပ်ခန်းတစ်နေရာကို သွားလိုက်ပြီး လက်ဗွေပြားပေါ် သူ့လက်တင်လိုက်တယ်။ ဖရာလီတာထွင်ပေးထားတဲ့ ဝတ်စုံသစ်နဲ့ စနိုက်ပါသေနတ်က ချက်ချင်းထွက်လာတယ်။

"ကျွန်မကရော..."

"မင်းကတော့ ဒီမှာနေခဲ့၊ ငါနဲ့တခြားသူတွေ ပြန်မလာနိုင်ရင် မက်ဒါနာကိုသတင်းပို့။" အယ်လိုဟင်က စကားဆုံးတာနဲ့ တံခါးကိုဆွဲဖွင့်လိုက်တယ်။ မစ်ရှင် တရားဝင်မစရသေးတာကြောင့် အစည်းအဝေးခန်းထဲမှာ ထိုင်နေတဲ့ ကိုင်းတိုနဲ့ကြောင်နက်လည်း သူတို့ကိုကြည့်လိုက်တယ်။

"သခင်မလေးက ငါတို့ကိုဆင်းမလာခိုင်းသေးပေမဲ့ ငါတို့အခုဆင်းလိုက်မှဖြစ်တော့မယ်။"

All Chapters