အားလုံး လိုချင်နေသည့်အရာ
Vol. 45 Ch. 626
စုရှုရန်က မတ်တတ်ရပ်လိုက်ရင်း အားလုံးကို လက်နှစ်ဖက် ယှက်၍ နှုတ်ဆက်ကာ နွေးနွေးထွေးထွေး ပြောလိုက်သည်
“ ကျုပ် နောက်ကျမှ ရောက်လာပေမဲ့ အရင်ဆုံး အလဲအလှယ် လုပ်ခွင့်ပေးတာ အားလုံးကို ကျေးဇူးတင်ပါတယ်။ ကျုပ်က လက်နက်ပစ္စည်းနည်းနည်းပဲ ရှိတဲ့ လူဆိုတော့ အရမ်းများများစားစားတော့ မရှိဘူး။ ကျုပ်ဆီမှာ အဆင့် ၈ နဲ့ ၉ အင်မော်တယ် ပစ္စည်းတွေပဲ ပါပါတယ် ”
ခန်းမတစ်ခုလုံး အားလုံးက အသက်ပြင်းပြင်း ရှုလိုက်ကြသည်။ ပစ္စည်း များများစားစား မဟုတ်သော်လည်း အဆင့် ၈ နဲ့ ၉ အင်မော်တယ် ပစ္စည်းများ ဖြစ်ပေသည်။
“ ကျုပ်ရဲ့အင်မော်တယ် ပစ္စည်းတွေမှာ ကာကွယ်ရေး၊ တိုက်ခိုက်ရေးနဲ့ ပျံသန်းရေး ပစ္စည်းတွေ ပါတယ်။ အဲဒါအပြင် ခင်ဗျားတို့ရဲ့ တောင်းဆိုမှုအလိုက် လိုချင်တာ လုပ်ပေးနိုင်သေးတယ် ”
ရှုစုရန်က ဆက်မပြောခင် ခဏ ရပ်လိုက်ပြီး “ ပြီးတော့ ကျုပ်ဆီမှာ ရှေးဦးမူလ သစ်သားကျောက် ရှိသေးတယ် ”
လူတော်တော်များများက မိုဝူကျိကဲ့သို့ ရှေးဦးမူလသစ်သားကျောက်ကို မသိကြသော်လည်း မိုဝူကျိက ရှုစုရန် ပြောလိုက်သည့်အခါ ပထမတန်းရှိ အင်မော်တယ်ဧကရာဇ်များက လိုချင်ဆန္ဒများ ထွက်ပေါ်လာသည်ကို ခံစားမိလိုက်သည်။ အင်မော်တယ် ဧကရာဇ်များပင် စိတ်ဝင်စားလေရာ မည်သို့ပစ္စည်းများ ဖြစ်မည်နည်း။
ရှုစုရန်က ရယ်မောကာ
“ အင်မော်တယ်ရောင်းရင်းအများစုက ရှေးဦးမူလသစ်သားကျောက်ကို မသိကြတော့ အားလုံးကို ရှင်းပြပါ့မယ်။ ရှေးဦးမူလသစ်သားကျောက်က သစ်သား ဝိညာဉ်ကြောကို အားဖြည့်ပေးနိုင်တဲ့ ရတနာတစ်ခုပါ။ အချိန်လုံလုံလောက်လောက် ရလာရင် အဲဒီကနေ သစ်သားဓာတ် သဘာဝ အမြုတေ ရရှိလာလိမ့်မယ် ”
မိုဝူကျိက ထိုအရာကို ကြားသောအခါ နှလုံးခုန်ပင် မြန်သွားမိသည်။ သူ့ဆီ ရှိနေသော မီးနီကျောက် ၁၁ ခုကို သတိရလိုက်၏။ မီးနီကျောက် တစ်ခုတည်းက သူ့ပညာရှင်နှလုံးသားအား အဆင့် ၇ အင်မော်တယ်မီးတောက်အဖြစ် ပြောင်းလဲပေးနိုင်လေရာ ထိုမီးနီကျောက်မှာ မရိုးရှင်းကြောင်း သိသာလှသည်။
ထို့အပြင် မိုဝူကျိက သူ့မီးနီကျောက်များမှာ မီးဓာတ် သဘာဝ အမြုတေ မွေးထုတ်ပေးနိုင်ကြောင်း သေချာလေရာ သူ့မီးနီကျောက်က ရှေးဦးမူလမီးကျောက်များ ဖြစ်နေမလား ….
“ ကျုပ် လဲချင်တဲ့ ပစ္စည်းက သတ္တုနှစ်မျိုးနဲ့ ရတနာတစ်ခုပဲ ။ ပထမသတ္တုအမျိုးအစားက အပလောက တာအိုကြိုးမျှင်၊ ဒုတိယအမျိုးအစားက ကိုးဝတ်လွှာ မီးတောက်နှလုံးသားကျောက်တုံး နဲ့ တတိယပစ္စည်းက ရှေးဦးမူလမီးကျောက် ….
ကျုပ်ရဲ့ ရှေးဦးမူလသစ်သားကျောက်ကို ရှေးဦးမူလမီးကျောက်နဲ့ လဲလှယ်မှာပေါ့ … ”
ရှုစုရန်၏ စကားများက ဆွေးနွေးမှုများကို ဖြစ်ပေါ်လာစေကာ မိုဝူကျိက ကိုးဝတ်လွှာ မီးတောက်နှလုံးသားကျောက်တုံးကိုသာ သိပြီး အပလောက တာအိုကြိုးမျှင်အကြောင်း မသိချေ။
မိုဝူကျိက သူ့ဆီ ရှိနေသော မီးနီကျောက်များမှာ ရှေးဦးမူလမီးကျောက်များ ဖြစ်နိုင်ချေ ရှိကြောင်း သိလိုက်၏။
နေရာတစ်ခုလုံးမှာ တိတ်ဆိတ်သွားပြီး ပထမ အလဲအလှယ်မှာ အကျပ်ရိုက်နေကြပြီး မည်သူမှ ပြန်မဖြေကြပေ။ မည်သူကမှ ရှုစုရန် လိုချင်သည့်ရတနာများကို ထုတ်မပြနိုင်ကြချေ။ သို့မဟုတ် သာမာန်လူက ထိုသို့တန်ဖိုးကြီး ရတနာများကို ပိုင်ဆိုင်ထားလျှင် ပွင့်လင်းမြင်သာ လဲလှယ်ရဲမည် မဟုတ်ပေ။
ရှုုစုရန် ထိုရလဒ်ကို တွေးထားမိသည့်အလား ပြုံးကာ
“ ကျုပ်က ကောင်းကင်ချောက်ကမ်းပါး တည်းခိုဆောင် ကိုးလွှာ ၁၉ (က)မှာ ခဏနေဦးမှာ ဆိုတော့ နောက်သုံးလအတွင်း မည်သူမဆို လာရှာလို့ ရပါတယ်။ အခု ကြာသွားတာ အားနာပါတယ် … အားလုံး ဆက်ကျင်းပကြပါ …. ”
ရှုစုရန်လည်း သူ လိုအပ်နေသော ပစ္စည်းများမှာ အလွန်အဖိုးတန်ကြောင်း သေချာသိနေ၏။ ဤသို့မျိုး အလဲအလှယ်ပွဲကြီး၌ မေးမြန်းလျှင်ပင် သူ လိုချင်တာ မရနိုင်သေးပေ။
ရှုစုရန် စကားအဆုံးတွင် ပထမတန်းရှိ အမှတ်အသားပြား ဆယ်ခုကျော် မြှောက်လာလေ၏။ အဝေးမှ ကျင့်ကြံသူများက သူတို့အလှည့် မဟုတ်ကြောင်း ကောင်းကောင်း သိလိုက်ကြသည်။
“ ရှေ့ဆုံးတန်းက နံပါတ် ၁၆ ကို အလဲအလှယ်အတွက် ဖိတ်ကြားပါရစေ ….” စက္ကန့်ပိုင်းလေးအတွင်း ရွေးချယ်ခံရသူ ကျင့်ကြံသူက အလဲအလှယ်အတွက် ပစ္စည်းကို ယူကာ ရှေ့တက်လာသည်။
“ အဲဒါ ရှောင်လီရှီပဲ ….” ဟန်လုံက မိုဝူကျိနား ကပ်ပြောလိုက်သည်။
ဟန်လုံ၏ သတိပေးမှု မပါလျှင်ပင် မိုဝူကျိက ရှောင်လီရှီမှာ နံပါတ် ၁၆ နေရာတွင် ထိုင်နေကြောင်း သတိပြုမိ၏။ ထိုအရာမှာ ဆေးလုံးတာအိုအင်မော်တယ် မဟာမိတ်အဖွဲ့အနေအထားမှာ အတော်လေး ကောင်းမွန်နေခြင်း မဟုတ်ပါလော။
ရှောင်လီရှီက ကျောက်စိမ်းပုလင်းကို ထုတ်ကာ
“ ဒါက မဟာပကတိ အုပ်စိုးသူဆေးလုံး အဆင့်မြင့် ဆေး ၂ လုံးနဲ့ အလယ်အလတ်အဆင့် ဆေး ၂လုံး ပါ …. ကျုပ် လိုအပ်တာက ထာဝရ တော်ဝင်ဝါး ဒါမှမဟုတ် ထာဝရ တော်ဝင်ဝါးနဲ့ ဂုဏ်သတ္တိတူတဲ့ အင်မော်တယ်ဆေးပင်ဆိုရင် ရပါပြီ။ မဟာပကတိ အုပ်စိုးသူ ဆေးလုံးကို မလိုတဲ့သူအတွက်လည်း ကျုပ်ဆီ စိတ်ကြိုက် တောင်းဆိုလို့ ရပါတယ် ”
သူ့တွင် ရှိနေသော အရာဖြစ်၏။ မိုဝူကျိက သူ့တွင် ထာဝရတော်ဝင်ဝါး တစ်ပင်မက ရှိသော်လည်း ရှောင်လီရှီနှင့် သေချာပေါက် လဲလှယ်မည် မဟုတ်ပေ။
မဟာပကတိအုပ်စိုးသူ ဆေးလုံးကို အဆင့် ၈ အင်မော်တယ်ဆေးလုံးအဖြစ် ယူဆ၍ ရကာ အင်မော်တယ်အုပ်စိုးသူအဆင့်အတွက် ကျင့်ကြံရာ၌ အသုံးပြုဖို့ရာ ဖြစ်ပေသည်။ အင်မော်တယ် အုပ်စိုးသူများကို အတားအဆီး ကျော်ဖြတ်စေနိုင်၏။ နမူနာအားဖြင့် အစောပိုင်းအဆင့်မှ အလယ်အလတ်အဆင့်၊ အလယ်အလတ်အဆင့်မှ အဆင့်မြင့် အထိ ရောက်ရှိသွားနိုင်သည်။
သာမာန်အင်မော်တယ်အုပ်စိုးသူ တစ်ယောက်အတွက် အလွန်အသုံးဝင်သော်လည်း မိုဝူကျိအတွက် အမှိုက်သရိုက်တစ်ခုမျှသာ ဖြစ်၏။ သူက အဆင့် ၈ ဆေးလုံးကို မဖော်စပ်နိုင်သေးသော်လည်း ယခု ဖော်စပ်ရန်လည်း မလိုအပ်သေးချေ။ အမှန်တိုင်းပြောရလျှင် မိုဝူကျိက ဆေးလုံးကို အလောတကြီး လိုအပ်နေလျှင်ပင် ရှောင်လီရှီနှင့် လဲလှယ်မည်တော့ မဟုတ်ပေ။
ထာဝရ တော်ဝင်ဝါးပင်မှာ အလွယ်တကူ ရရှိနိုင်သည့်အရာ မဟုတ်သည့်အတွက် ရှိနေလျှင်ပင် လဲလှယ်လိုကြမည် မဟုတ်ပေ။ ရှောင်လီရှီအနေဖြင့် အလဲအလှယ် မဖြစ်မြောက်လိုက်ပေ။
အလဲအလှယ်လုပ်မည့် တတိယလူမှာ ခန္ဓာကိုယ် ထောင်ထောင်မောင်းမောင်းနှင့် အမျိုးသားတစ်ဦး ဖြစ်ကာ ကျောက်စိမ်းဖြူစားပွဲပေါ်၌ မည်းနက်နေသည့် ကျောက်တုံးကို ချက်ချင်း တင်လိုက်သည်။ ထိုသံတုံးကြီးက တစ်မီတာထုလောက် ရှိပြီး ဘေးပတ်လည်တွင် အစီအရင်အမျိုးမျိုးဖြင့် လွှမ်းခြုံထားလေ၏။ အားလုံးက ထိုကျောက်တုံးကြီး စားပွဲပေါ် ရောက်လာသည်နှင့် လေးလံမှုကို ခံစားလိုက်ကြရသည်။
“ လေးလံအမြစ်မဲ့ရွေလား ” တအံ့တဩ ရေရွတ်သံက ထွက်ပေါ်လာသည်။
တစ်ချိန်တည်းတွင် မိုဝူကျိက ထိုလေးလံအမြစ်မဲ့ရွေကို မှတ်မိလိုက်၏။ လက်သီးဆုပ်လောက်ရှိသည့် လေးလံအမြစ်မဲ့ရွှေမှာ တန်ဖိုးမဖြတ်နိုင်လောက်သည့် ရတနာမျိုး ဖြစ်နေလေပြီ။ ဤသို့ အတုံးကြီးကို ပြောဖို့ရာပင် မလိုအပ်တော့ပေ။
ရှုစုရန်၏ ပစ္စည်းများက ဤထက် တန်သော်လည်း အားလုံးက ရှေးဦးမူလသစ်သားကျောက်အတွက် လဲလှယ်ရန် မဖြစ်ကြောင်း သိထားကြသည်။ သို့သော်လည်း ဤလေးလံအမြစ်မဲ့ရွေမှာ အားလုံးက ရရှိနိုင်လိမ့်မည်ဟု ယုံကြည်ထားကြသည်။ တချို့လူများက ထိုအဆင့် ၉ အင်မော်တယ် ပစ္စည်းကို စိုက်ကြည့်နေရင်း မျက်လုံးများပင် နီနေလေပြီ။ အင်မော်တယ်လောက၌ ဤပစ္စည်းမှာ အဆင့် ၉ အင်မော်တယ် ပစ္စည်းကို ကျော်လွန်ကြောင်း မှတ်ယူ၍ ရပေသည်။ ဤသို့မျိုး သတ္တုမျိုးကို တိုက်ခိုက်ရေး အင်မော်တယ် လက်နက်အဖြစ် ထုဆစ်ပါက တန်ဖိုးမှာ တိုင်းတာ၍ပင် မရနိုင်လောက်ချေ။
“ ဟုတ်ပါတယ် ဒီဟာက လေးလံအမြစ်မဲ့ရွေပါ ။ ကျုပ်က ဒီလေးလံအမြစ်မဲ့ရွေနဲ့ တန်ဖိုးတူတဲ့ ပစ္စည်းနဲ့ လဲလှယ်ချင်ပါတယ် …. အဲဒီပစ္စည်းက ကျုပ်အတွက် အင်မော်တယ် ဧကရာဇ်အဆင့် တက်လှမ်းဖို့လည်း အကျိုးရှိရမယ် …..
တကယ်လို့ အဲဒီတောင်းဆိုချက် နှစ်ခုကို မဖြည့်ဆည်းပေးနိုင်ရင် ကြိုးစားကြည့်မနေကြပါနဲ့။ စိတ်ဝင်စားတဲ့ အင်မော်တယ်ရောင်းရင်းတွေက ကျုပ် လေ့လာဖို့ ပစ္စည်းကို ပို့ပေးပါ …. တကယ်လို့ ကျုပ် သင့်တော်တယ်လို့ ထင်ရင် ချက်ချင်း အလဲအလှယ်လုပ်ပါ့မယ် ” အမျိုးသားက လက်နှစ်ဖက် ယှက်ကာ ပြောလိုက်သည်။
ထိုသို့ပြောပြီးနောက် မီးအလင်း ငါးခု၊ ခြောက်ခုလောက် လင်းလက်လာကြသည်။
မိုဝူကျိက ထိုအရာကို အလောတကြီး လိုအပ်နေသောကြောင့် အမှန်တကယ် စိတ်ဝင်စားပေ၏။ ရှုစုရန် ကောင်းကင်ချောက်ကမ်းပါးမြို့တွင် ရှိနေစဉ် ဤသတ္တုကို သူ့လက်ဝယ်ထဲ ရရှိသရွေ့ ဤသတ္တုဖြင့် ရှုစုရန်အား သူ့လခြမ်းကွေး ပုဆိန်လှံရှည်ကို ပြန်လည် ထုလုပ်ပြီး အစစ်အမှန် လခြမ်းကွေး ပုဆိန်လှံရှည် ရရှိလာလိမ့်မည်။
မူလက မိုဝူကျိက တျန်းဂျီတုတ်ကို အရည်ဖျော်၍ လခြမ်းကွေး ပုဆိန်လှံရှည်ကို ပြန်လည် ပြုပြင်ရန် ရည်ရွယ်ထားသော်လည်း ဤလေးလံအမြစ်မဲ့ရွေ ပေါ်လာ၍ သူ့အနေနှင့် တျန်းဂျီတုတ်ကို အရည်ဖျော်ရန် မလိုတော့ပေ။
သူက ရွေးချယ်စရာ ရှိနေလျှင် သူ့အနေနှင့် တျန်းဂျီဂိုဏ်း၏ ရတနာကို အရည်မဖျော်ပစ်လိုပေ။ ထို့အပြင် စုရိုအာက တျန်းဂျီတုတ်မှာ လျို့ဝှက်ချက်အကြီးကြီးနှင့်ဆက်နွယ်နေကြောင်း ပြောဖူး၏။
သို့သော်လည်း မိုဝူကျိက လေးလံအမြစ်မဲ့ရွေနှင့် တန်ဖိုးတူ ပစ္စည်းများများစားစား မရှိချေ။ ရှေးဦးမူလမီးကျောက်ကို ထုတ်၍ ရသော်လည်း ရှေးဦးမူလမီးကျောက်၏ တန်ဖိုးမှာ များစွာ ပိုနေလေသည်။ ထို့ကြောင့် မိုဝူကျိက မလုပ်ချင်ပေ။ ထို့အပြင် ဤရှေးဦးမူလမီးကျောက်က ထိုသူ့အတွက် အင်မော်တယ် ဧကရာဇ်အဆင့် တက်လှမ်းရာ၌ အထောက်အကူများစွာ ဖြစ်မည် မဟုတ်ပေ။ ဟုန်မုန့်စွမ်းအင်မှာ သူ အလိုချင်ဆုံး သဘာဝငါးမျိုးအမြုတေ မဟုတ်သရွေ့ လုံးဝ ထိမည် မဟုတ်ချေ။
သူ့ဆီ ဧကရာဇ်တာအိုအသီး ရှိနေသေး၏။
ဧကရာဇ်တာအိုအသီး၏ တန်ဖိုးမှာ မနိမ့်သော်လည်း တစ်ဖက်လူ၏ လေးလံအမြစ်မဲ့ရွေမှာ ကြီးမားလွန်းနေပြီး သူ့တွင် ဧကရာဇ်တာအိုအသီး တစ်သီးသာ ရှိပေရာ သူ့တန်ဖိုးကား အနည်းငယ် နိမ့်နေပေဦးမည်။
သူက ထိုလူပတ်လည်မှ စွမ်းအားများကို အာရုံခံစားမိပြီးနောက် ထိုလူမှာ အင်မော်တယ် အုပ်စိုးသူ ပြီးပြည့်စုံခြင်းအဆင့်တွင် ရှိကြောင်း အတည်ပြုလိုက်၏။ ထိုလူက သူနှင့် အနည်းငယ် ဆင်တူနေသေး၏။ သူ့စွမ်းအားများမှာ တည်ငြိမ်ပြီး သာမာန်အင်မော်တယ် အုပ်စိုးသူများ ရှိသင့်သည့် မည်သည့်အငွေ့အသက်များမှ ထုတ်လွှင့်မနေချေ။ မိုဝူကျိ၏ ရုပ်ခန္ဓာကျင့်စဉ်မှာ အင်မော်တယ်ရုပ်ခန္ဓာအဆင့် ရောက်လုနီးပါး ဖြစ်နေပြီ ဖြစ်ရာ ထိုလူမှာ ရုပ်ခန္ဓာလေ့ကျင့်ထားသည့်သူမှန်း သတိပြုမိဖို့ရာ စက္ကန့်ပိုင်းမျှသာ ကြာမြင့်ပေ၏၊ သူက အင်မော်တယ် အုပ်စိုးသူ အဆင့်ဖြစ်သော်လည်း ရှေ့ဆုံးတန်း၌ ထိုင်နေသည်မှာ အံ့ဩစရာ မဟုတ်တော့ပေ။
ယခု ထိုလူက ခန္ဓာကိုယ် လေ့ကျင့်ထားသည့်သူမှန်း ကောင်းကောင်း သိပြီးနောက် ကိစ္စများက ပို၍ ရှင်းလင်း သွားပေ၏။ မိုဝူကျိက ကျောက်စိမ်းသေတ္တာ နှစ်ခုကို ထုတ်ကာ ဧကရာဇ်တာအိုအသီးနှင့် ထာဝရ တော်ဝင်ဝါးပင်ကို ထည့်လိုက်ပြီး အချက်ပြအလင်းကို နှိပ်လိုက်သည်။
မိုဝူကျိက အလင်းကို နှိပ်လိုက်သည်နှင့် သူ့ဘေးပတ်လည်မှ လူအများ၏ အာရုံကို ဆွဲဆောင်လိုက်သလို ဖြစ်သွား၏။
မည်သူက လေးလံအမြစ်မဲ့ရွေကို မလိုချင်ဘဲ နေမည်နည်း။ သို့သော် အားလုံးက တန်ဖိုးကို မလိုက်နိုင်ခြင်း ဖြစ်၏။
မိုဝူကျိက ဤသို့သော လေးလံအမြစ်မဲ့ရွေ အပိုင်းကြီးကို လဲလှယ်နိုင်လိမ့်မည်ဟု ထင်နေသော ပါးမွှားလေး ဖြစ်၏။ ထိုစကားအတိုင်း ဖြစ်ပေသည်
“ အသိတရားမရှိသူက အကြောက်တရား ကင်းမဲ့တယ်”
ဤပစ္စည်းကို အမှိုက်သရိုက် ပစ္စည်းများနှင့် လဲလှယ်နိုင်လျှင် ကံစမ်းကြမည့် လူများမှာ ငါးယောက်တည်း ဖြစ်နေမည် မဟုတ်ပေ။
ယွမ်ယီပင် မိုဝူကျိက ကံစမ်းကြည့်နေသည်ကို တွေ့သောအခါ ခေါင်းခါလိုက်မိသည်။ စောစောလေးက မိုဝူကျိအား လာနှုတ်ဆက်ကြသော လူအများစုမှာ သူ့ဂုဏ်ထူးဆောင် အဆင့် ၇ ဆေးလုံးဧကရာဇ်မှန်း သိကြ၍သာ ဖြစ်ပြီး သူ့ကျင့်ကြံဆင့်ကို သိ၍ မဟုတ်ပေ။
အားလုံး၏ အမြင်၌ မိုဝူကျိ၏ အပြုအမူမှာ ကမ္ဘာကြီးကို မမြင်တွေ့ဖူးသည့်လူအလား ထင်မှတ်စေ၏။ သူက ပစ္စည်းကောင်းကို မြင်သောအခါ ချက်ချင်း လိုချင်လာမိ၏။ ထိုအရာမှာ သူ့စရိုက် ပြဿနာ တစ်ရပ်သာ ဖြစ်ရမည်။ ဒုတိယအနေနှင့် လေးလံအမြစ်မဲ့ရွေကို ပိုင်ဆိုင်သူ အမျိုးသားအား ကောင်းကောင်း သိထား၏။ သူ နီဖုန်းနျဲ့က ရုပ်ခန္ဓာလေ့ကျင့်ရေး ဂိုဏ်းဖြစ်သည့် လေးလံလွန်းအင်မော်တယ် ဂိုဏ်း၏ နံပါတ်တစ် ပါရမီရှင် ဖြစ်ပေသည်။ အင်မော်တယ် အုပ်စိုးသူအဆင့်တွင် ရှိစဉ် အင်မော်တယ်ဧကရာဇ်များနှင့် ယှဉ်ပြိုင်နိုင်သူမှာ များများစား မရှိချေ။ မိုဝူကျိက ဤသို့မျိုး လူအားဒေါသထွက်အောင် လုပ်မိလျှင် မိမိဘာသာ ပြဿနာ လက်ယက်ခေါ်နေသလို ဖြစ်နေလိမ့်မည်။ မိုဝူကျိနှင့် မိတ်ဆွေလာဖွဲ့ကြသော သူများအထဲ မည်သူကမှ သူ့အား ကယ်တင်မည် မဟုတ်ကြောင်း သူမ သိထား၏။
“ ဝူကျိ …. ကျမ အဲဒီလူအကြောင်း ကြားဖူးတယ်။ သူက လေးလံလွန်းအင်မော်တယ်ဂိုဏ်းက နီဖုန်းနျဲ့လေ …. ကြားတာတော့ အဲဒီဂိုဏ်းက နံပါတ်တစ် ရုပ်ခန္ဓာ လေ့ကျင့်ရေးဂိုဏ်းတဲ့ ။ တကယ်လို့ သူ့ကို ဒေါသထွက်အောင် လုပ်မိရင် ကျမတို့တွေ …. ” ဟန်လုံက မိုဝူကျိ အလဲအလှယ်တွင် ပါဝင်လိုက်ကြောင်း မြင်သောအခါ သတင်းလှမ်းပို့လိုက်သည်။
မိုဝူကျိက ခေါင်းခါကာ “ စိတ်မပူပါနဲ့ …. ကျုပ် ပေးတာက လုံလောက်ပါတယ် …. တကယ်လို့ တခြားနည်း တွေးမိရင်တောင် သူက လဲလှယ်ဦးမှာပါ ”
နီဖုန်းနျဲ့က သူ့ဆီ ပို့လိုက်သော ပစ္စည်းငါးမျိုးလုံးကို ကြည့်ပြီနောက် အလွန်စိတ်ပျက်နေဆဲ ဖြစ်သည်။ ဘယ်ရတနာကမှ သူ့လေးလံအမြစ်မဲ့ရွေနှင့် မယှဉ်နိုင်ပေ။ ခြားနားချက်မှာ အတော်လေး ကြီးမားနေသေး၏။ ထို့အပြင် ထိုပစ္စည်းများက သူ့အတွက် အင်မော်တယ် ဧကရာဇ် တက်လှမ်းရာ၌ အထောက်အကူပြုနိုင်မည် မဟုတ်ပေ။
သူက ငါးခုလုံးကို ပြန်ပို့ပြီးနောက် ငြင်းပယ်လိုက်သည်။ နေက်ထပ် ပစ္စည်းတစ်ခုကျန်နေတာကို တွေ့ပြီး မျက်လုံးများက လင်းလက်သွား၏။ ထို့နောက် မိုဝူကျိ၏ ထိုင်ခုံနေရာမှ အလင်းမှာ လင်းနေဆဲ ဖြစ်ကြောင်း သတိပြုမိလိုက်သည်။
အကယ်၍ သူက မိုဝူကျိကို မမြင်လျှင် ယုံကြည်ချက် အပြည့်ရှိဦးမည် ဖြစ်သော်လည်း မိုဝူကျိက အင်မော်တယ်ဘုရင်အဆင့်မျှပင် မရှိသေးကြောင်း မြင်သောအခါ စင်ပေါ်မှ ဒေါသတကြီး ဆင်းလာသည်။
အားလုံးက သူ နီဖုန်းနျဲ့ကို အရမ်းသဘောကောင်းတယ်များ ထင်နေကြတာလား ….. သူ့ပစ္စည်းများကို အမှိုက်များနှင့် လာလဲနေကြသည်။