အားလုံး အားကျရသည့် အလဲအလှယ်
Vol. 46 Ch. 627
“ ကျုပ်နာမည်က နီဖုန်းနျဲ့ ….. လေးလံလွန်းအင်မော်တယ်ဂိုဏ်းကပဲ။ တကယ်လို့ ခင်ဗျားရဲ့ ပစ္စည်းက ကျုပ်လေးလံအမြစ်မဲ့ရွေထက် တန်ဖိုးနည်းနေပြီးတော့ ကျုပ် အချိန်ကို ဖြုန်းတီးနေတယ်ဆိုရင် ခင်ဗျား ပစ္စည်းတွေကို နေရာမှာတင် ဖျက်စီးပစ်မယ် ….
တကယ်လို့ မကျေနပ်ရင် လေးလံလွန်းအင်မော်တယ်ဂိုဏ်းကို လာရှာလို့ ရတယ်။ ကျုပ် နီဖုန်းနျဲ့က ခင်ဗျားဆီက စိမ်ခေါ်မှုကို လက်ခံပေးမယ်။ လေးလံအမြစ်မဲ့ရွေလိုမျိုး တန်ဖိုးကြီးပစ္စည်းကို လိုချင်တဲ့သူတိုင်း ရနိုင်ကြတာ မဟုတ်ဘူး …” နီဖုန်းနျဲ့ဆီ ကျောက်စိမ်းသေတ္တာ နှစ်လုံး ရောက်ရှိလာကာ မဖွင့်ရသေးသော်လည်း မိုဝူကျိကို စိုက်ကြည့်ကာ ထိုသို့ ပြောလိုက်၏။
လူအုပ်ကြီးက မိုဝူကျိကို ကြည့်နေကြပြီး တချို့က လှောင်ပြောနေကြသလို ၊ တချို့ကလည်း ပြောစရာ ရှာမတွေ့ ဖြစ်နေကြသည်။ မိုဝူကျိကို အဆင့် ၇ ဆေးလုံးဧကရာဇ်မှန်း သိသူများမှာ အချင်းချင်း ဆွေးနွေးနေကြပြီး မသိသူများမှာ မိုဝူကျိအား အထင်သေး အမြင်သေး ကြည့်နေကြလေ၏။ မိုဝူကျိက ကူကျူးနှင့် သိကျွမ်းပြီး ပထမတန်း မည်သို့ ရလာသည်ကို မသိကြသော်လည်း အကယ်၍ နီဖုန်းနျဲ့သာ မိုဝူကျိ၏ ပစ္စည်းများကို ဖျက်စီးပစ်လျှင် ကူကျူးပင် မိုဝူကျိအတွက် တရားမျှတအောင် ဝင်ပြောပေးနိုင်မည် မဟုတ်ပေ။
မိုဝူကျိက ပြန်ပြောလိုက်၏
“ သတ္တိရှိရင် ကျုပ် ပစ္စည်းတွေကို ဖျက်စီးကြည့်လိုက်ပေါ့ … တကယ်လို့ ကျုပ် ပစ္စည်းတွေကို ဖျက်စီးပစ်ပြီးတော့ ကောင်းကင်ချောက်ကမ်းပါးမြို့ကနေ အသက်ရှင်ရက် ထွက်သွားနိုင်မယ်ဆိုရင်တော့ ကျုပ်ထိုက်တဲ့ ကျုပ်ကံပေါ့။ ဒါပေမဲ့ ခင်ဗျားရဲ့ လေးလံအမြစ်မဲ့ရွေကို ပေးလိုက်တာနဲ့ အဲဒီပစ္စည်းတွေကို စိတ်ကြိုက် ဖျက်စီးပစ်လို့ ရတယ် …. ”
မိုဝူကျိက ဧကရာဇ်လွန်ချိုက်တို့၊ ရှောင်လီရှီတို့ကိုပင် မကြောက်ရွံ့လေရာ အင်မော်တယ် အုပ်စိုးသူ တစ်ယောက်၏ ခြိမ်းခြောက်မှုလောက်ကို အဘယ်ကြောင့် ကြောက်ရွံ့နေရမည်နည်း။ သူက ရုပ်ခန္ဓာလေ့ကျင့်ထားသော အင်မော်တယ် အုပ်စိုးသူ ဖြစ်နေလျှင်ပင် အင်မော်တယ် အုပ်စိုးသူအဆင့်သာ ဖြစ်၏။
သူ့ဧကရာဇ်တာအိုအသီးနှင့် ထာဝရ တော်ဝင်ဝါးပင်တို့က လေးလံအမြစ်မဲ့ရွေထက် တန်ဖိုးနည်းသော်လည်း မိုဝူကျိက ခြားနားချက်မှာ သိပ်မရှိကြောင်း ယုံကြည်ထားသည်။ ပို၍ အရေးကြီးသည်မှာ နီဖုန်းနျဲ့သာ အင်မော်တယ်ဧကရာဇ်အဖြစ် တက်လှမ်းလိုပါက အသုံးဝင်ပေလိမ့်မည်။ သူ့ဧကရာဇ်တာအိုအသီးမှာ အင်မော်တယ် ဧကရာဇ်ဖြစ်လာစေဖို့ရာ ကူညီပေးနိုင်ပြီး ထာဝရ တော်ဝင်ဝါးပင်မှာ သူ့ရုပ်ခန္ဓာကျင့်စဉ်အတွက် အထောက်အကူပြုပေသည်။
အကယ်၍ မိုဝူကျိသာ နီဖုန်းနျဲ့အမြင်အရ ကြည့်မည်ဆိုလျှင် မိုဝူကျိ၏ ပစ္စည်း တစ်ခုစီမှာ တန်ဖိုးနည်းနေခြင်း မဟုတ်ဘဲ သူ့လေးလံအမြစ်မဲ့ရွေမှာ ပို၍ တန်ဖိုးများနေခြင်းသာ ဖြစ်ပေသည်။ သို့သော်လည်း မိုဝူကျိက တစ်ဖက်လူကို အခွင့်အရေး မယူလိုသည့်အတွက် ပစ္စည်းနှစ်ခုဖြင့် အလဲအလှယ်လုပ်ရန် ဆုံးဖြတ်ခဲ့ခြင်း ဖြစ်၏။
ထိုပစ္စည်းနှစ်ခုကို ထုတ်ယူလိုက်သည်နှင့် နီဖုန်းနျဲ့က လဲဖို့ရာ ဆန္ဒမရှိလျှင်ပင် သူ့ပစ္စည်းများကို ဖျက်စီးပစ်ဖို့ရာ အရည်အချင်းမပြည့်မှီပေ။ သူ မလဲချင်လျှင် သူ့ပစ္စည်းများကို သူ့ဆီ ပြန်ပို့ပေးလိုက်ရုံ ဖြစ်၏။ သို့သော်လည်း နီဖုန်းနျဲ့က သူ့ပစ္စည်းများကို ဖျက်စီးပစ်ရဲပါက ပထမဆုံး သူလုပ်မည့်အရာမှာ ကူကျူးထံ သွား၍ ကောင်းကင်ချောက်ကမ်းပါး တည်းခိုဆောင်အနေနှင့် ဝင်ပါမည်လား မေးမြန်းမည်။ အကယ်၍ ကူကျူးက ဝင်မပါကြောင်း ပြောလျှင် နီဖုန်းနျဲ့ကို ချက်ချင်း တိုက်ခိုက်မည် ဖြစ်၏။ ထို့နောက် နီဖုန်းနျဲ့ ကောင်းကင်ချောက်ကမ်းပါးမြို့မှ ထွက်မသွားစေရန် ကျော့ဖျင်အန်းဆီ သတင်းလှမ်းပို့၍ တားခိုင်းမည်။ အကယ်၍ မဟာဧကရာဇ်နှစ်ဦးက အင်မော်တယ် အုပ်စိုးသူ တစ်ယောက်ကို မတားဆီးနိုင်လျှင် မိုဝူကျိအနေနှင့် ထိုသို့ ခံရဖို့ ထိုက်တန်ပေသည်။
“ ဟားဟား …” နီဖုန်းနျဲ့က ကျယ်ကျယ်လောင်လောင် ရယ်မောလိုက်ပြီး
“ ခင်ဗျား နည်းလမ်းက ခင်ဗျားလေလုံးလောက် အားကောင်းမလားဆိုတာ မြင်ချင်မိသား ….. ကျုပ် ခင်ဗျားရဲ့ ပစ္စည်းတွေကို ဖျက်စီးပစ်ပြီးရင် ကျုပ် ဒီကောင်းကင်ချောက်ကမ်းပါး မြို့ကနေ ထွက်သွားမှာ တားဆီးနိုင်မလား ကြည့်ရသေးတာပေါ့ ”
မိုဝူကျိနှင့် လွန်ချိုက်တို့ စကားဝိုင်းကို အားလုံး သတိမပြုမိလိုက်ကြပေ။ ထိုအထဲ နီဖုန်းနျဲ့လည်း အပါအဝင် ဖြစ်၏။ သူသာ မြင်တွေ့လိုက်ပါက မိုဝူကျိကို မြင့်မြင့်မတွေးထားလျှင်ပင် ထိုသို့စကားမျိုး ပြောထွက်မည် မဟုတ်ပေ။
လွန်ချိုက်က စိတ်ထဲမှ သရော်လိုက်မိသည်။ သူ သရော်လိုက်သူမှာ နီဖုန်းနျဲ့ကို ဖြစ်ပေသည်။ သူက ရုပ်ခန္ဓာလေ့ကျင့်သော အင်မော်တယ်များကို အထင်မကြီးပေ။ သူတို့ကား ရိုးရှင်းသော လူများဟု အမြဲတွေးမိ၍ ဖြစ်၏။ တခြားလူများက မိုဝူကျိသည် နီဖုန်းနျဲ့ ကောင်းကင်ချောက်ကမ်းပါး မြို့မှ ထွက်သွားမည်ကို တားဆီးနိုင်လိမ့်မည် မဟုတ်ကြောင်း ထင်နေကြစဉ် သူ လွန်ချိုက်က မိုဝူကျိအနေဖြင့် ကောင်းကင်ချောက်ကမ်းပါးမြို့အတွင်း နီဖုန်းနျဲ့ကို သတ်ချင်လျှင်ပင် ပုရွက်ဆိတ် လက်ဖျစ်သတ်သလောက် လွယ်ကူမည်မှန်း သိထား၏။
“ ကျုပ် နီဖုန်းနျဲ့က အနိုင်ကျင့်ရတာကို မကြိုက်တဲ့သူဆိုတော့ ဒီကျောက်စိမ်းသေတ္တာတွေကို အားလုံးမြင်အောင် ပြပါ့မယ် ….” နီဖုန်းနျဲ့ စကားဆုံးသည်နှင့် ပထမကျောက်စိမ်းသေတ္တာကို ဖွင့်လိုက်သည်။
မိုဝူကျိက ရယ်မောလိုက်သည်။
အနိုင်ကျင့်တာတဲ့လား …
အင်မော်တယ် အုပ်စိုးသူက သူ့ကို အနိုင်ကျင့်သလို ဖြစ်မည်ဟု လာပြောနေသေး၏။ သူ့နား ကျော့ဖျင်အန်း မရှိလျှင်ပင် တာ့ဟွမ် ရှိနေသေးပေသည်။
နီဖုန်းနျဲ့က ကြောင်အမ်းသွားမိ၏။ သူ တစ်ယောက်တည်းတင် မကဘဲ အခန်းအတွင်းမှ အားလုံးလည်း ကြောင်အမ်းကုန်ကြသည်။ မိုဝူကျိ၏ ပထမ ပစ္စည်းမှာ လေးလံအမြစ်မဲ့ရွှေလောက် တန်ဖိုးမရှိသော်လည်း အမှိုက်သရိုက်တော့ မဟုတ်ချေ။ ထိုအရာမှာ ဆေးလုံးတာအိုအင်မော်တယ် မဟာမိတ်အဖွဲ့ခေါင်းဆောင် ရှောင်လီရှီ အလိုရှိနေခဲ့သည့် ထာဝရ တော်ဝင်ဝါးပင် ဖြစ်နေ၏။
အစပိုင်း ဆူညံနေသော ခန်းမကြီးမှာ ပို၍ တိတ်ဆိတ်လာကာ ထာဝရ တော်ဝင်ဝါးပင်မှာ ဤလေးလံအမြစ်မဲ့ရွေ အတုံးကြီးကို လဲလှယ်ဖို့ရာ မလုံလောက်သေးသော်လည်း နီဖုန်းနျဲ့သာ ထိုထာဝရ တော်ဝင်ဝါးပင်ကို ဖျက်စီးပစ်ရဲပါက အမှန်တကယ် အနိုင်ကျင့်နေခြင်း ဖြစ်ပေလိမ့်မည်။ ထိုသို့မျိုးအရာမှာ လဲလှယ်ဖို့ စိတ်မဝင်စားလျှင်ပင် ပြန်ပေးရမည့်အရာမျိုး ဖြစ်၏။
နီဖုန်းနျဲ့၏ အမူအယာမှာ ပျက်ယွင်းလာလေ၏။ သူက ထိုထာဝရ တော်ဝင်ဝါးပင်ကို လိုအပ်နေ၍ ဖြစ်သည်။ သူ့လေးလံအမြစ်မဲ့ရွေနှင့် လဲလှယ်ဖို့ရာ မလုံလောက်သေးသော်လည်း ဖျက်စီးမပစ်လျှင် သူ့ကို အားနည်းသူအဖြစ် မြင်ကြပေလိမ့်မည်။
အမူအယာ အပျက်ယွင်းဆုံးသူမှာ ရှောင်လီရှီ ဖြစ်ပေသည်။ ထိုထာဝရ တော်ဝင်ဝါးပင်က သူ အမှန်တကယ် လိုချင်နေသည့်အရာ ဖြစ်၏။ စောစောလေးက တောင်းဆိုခဲ့သော်လည်း မိုဝူကျိက ဘာဆိုဘာမှ ဝင်မပြောခဲ့ပေ။ ကြည့်ရသည်မှာ ထိုထာဝရ တော်ဝင်ဝါးပင်မှာ သူ့အတွက် အမှန်တကယ် အသုံးဝင်နေသည့်အတွက် မိုဝူကျိကို ထပ်သွားရှာရလိမ့်မည်။
ပထမကျောက်စိမ်းသေတ္တာမှာ ထာဝရ ဝါးပင် ဖြစ်နေပေရာ ဒုတိယ ကျောက်စိမ်းသေတ္တာမှာ ထာဝရ တော်ဝင်ဝါးပင်လောက် တန်ဖိုးမရှိလျှင်ပင် ဆိုးရွားမည်တော့ မဟုတ်ချေ။ အားလုံးက မိုဝူကျိသည် ကံစမ်းကြည့်နေခြင်း မဟုတ်ဘဲ အမှန်တကယ် ပစ္စည်းကောင်းများ ရှိနေကြောင်း စတင်တွေးမိလာကြသည်။ ထိုစဉ် အားလုံးက နီဖုန်းနျဲ့ လက်ထဲမှ ဒုတိယကျောက်စိမ်းသေတ္တာအပေါ် အာရုံစိုက်ထားကြပြီး မိုဝူကျိက ထာဝရ တော်ဝင်ဝါးပင်အပြင် ဘာကို ထုတ်ပြထားကြောင်း သိချင်နေကြသည်။
အားလုံးရှေမှောက်၌ နီဖုန်းနျဲ့က ဒုတိယကျောက်စိမ်းသေတ္တာကို ဖွင့်လိုက်သည်။
မီးခိုရောင်အသီးက ကျောက်စိမ်းသေတ္တာအလယ်တွင် ရှိနေပြီး အခန်းတစ်ခုလုံး အပ်ကျသံ ကြားရလောက်သည့်အထိ တိတ်ဆိတ်သွားလေ၏။ ထိုအသီးကို မြောက်များစွာသော သင်္ကေတများဖြင့် ချိတ်ပိတ်ထားသော်လည်း အားလုံးက ထိုသေတ္တာမှ ထွက်ပေါ်နေသော မိုးမြေတာအိုစွမ်းအားများကို ခံစားမိကြသည်။
အင်မော်တယ်အုပ်စိုးသူတချို့က စင်မြင့်ဆီ အပြေးအလွှားသွားကာ လုယူချင်စိတ်ကို မနည်းထိန်းချုပ်ထားရသည်။
မိုဝူကျိက စိတ်ထဲမှ ထိုလူ၏ တုံးအပုံအား ကျိန်ဆဲနေမိ၏။ အားလုံးကို ဤသို့ဧကရာဇ်တာအိုအသီးမျိုးကဲ့သို့သော အဖိုးတန်အသီးကို ပြလိုက်ခြင်းက ကိုယ့်သေတွင်းကို တူးနေခြင်းနှင့် တူပေသည်။
သို့သော်လည်း နီဖုန်းနျဲ့က ကိုယ့်သေတွင်းကို တူးနေခြင်းမှာ သူနှင့် ပတ်သတ်မှု မရှိပေ။ ဧကရာဇ်တာအိုအသီးမှာ အင်မတန် ရှားပါးပြီး အသီး တစ်သီးကို ရှာတွေလျှင် အင်မတန် ထူးခြားဆန်းကြယ်နေပြီ ဖြစ်၏။
နီဖုန်းနျဲ့က ဧကရာဇ်တာအိုအသီး ထုတ်ပြလိုက်သည်နှင့်အားလုံးက မိုဝူကျိတွင် ဒုတိယအသီး ရှိနေလိမ့်မည်ဟု မထင်ကြတော့ပေ။ မိုဝူကျိတွင်လည်း အမှန်တကယ် ဒုတိယအသီး မရှိချေ။
“ ဧကရာဇ်တာအိုအသီး ….” အားလုံး၏ အသက်ရှုနှုန်များကိုပင် ကြားနေရသည်။ အားလုံးက ထိုဒုတိယပစ္စည်းမှာ ထာဝရ ဝါးပင်အပြင် အပိုဟုသာ ထင်မှတ်ထားခဲ့ကြသည်။
တန်ဖိုးအားဖြင့် ဧကရာဇ်တာအိုအသီးမှာ ရှေးဦးမူလသစ်သားကျောက်လောက် တန်ဖိုးမရှိသော်လည်း လက်တွေ့ဆန်ဆန်ပြောရလျှင် ဧကရာဇ်တာအိုအသီးမှာ အားလုံး လိုချင်နေသည့်အရာ ဖြစ်ပေသည်။
အကယ်၍ ရှေးဦးမူလသစ်သားကျောက်နှင့် ဧကရာဇ်တာအိုအသီးတို့ကို အင်မော်တယ် အုပ်စိုးသူရှေ့၌ အတူတူချထားပါက ထိုသူမှာ ဧကရာဇ်တာအိုအသီးကိုသာ သေချာပေါက် ကောက်ယူပေလိမ့်မည်။
လူအများစုက မိုဝူကျိကို စိတ်ထဲမှ ရယ်မောနေကြသည်။ အကြောင်းမှာ မိုဝူကျိက ထိုသို့မျိုး ရတနာကို လဲလှယ်ဖို့ရာ အမှန်တကယ် ထုတ်ပေးလိမ့်မည်ဟု မယုံကြည်နိုင်ကြ၍ ဖြစ်သည်။ ထိုမျှတင် မက သူက ထာဝရ တော်ဝင်ဝါးပင်ကို ထပ်ထည့်ပေးလိုက်သေး၏။
ဧကရာဇ်တာအိုအသီးကို လေးလံအမြစ်မဲ့ရွေနှင့် လဲလှယ်၍ ရကြောင်း သိသင့်ပေသည်။ အကယ်၍ မလုံလောက်လျှင်ပင် ခြားနားမှုမှာ အသေးအဖွဲ့ ဖြစ်၏။ ထို့အပြင် နီဖုန်းနျဲ့က သူ့အား အင်မော်တယ်ဧကရာဇ် တက်လှမ်းရန် ကူညီပေးလိုသော ရတနာကို လိုချင်ကြောင်း ထည့်ပြောခဲ့လေရာ မိုဝူကျိက ထာဝရ တော်ဝင် ဝါးပင်ကို မထည့်လျှင်ပင် နီဖုန်းနျဲ့က အလဲအလှယ် လုပ်ဖို့ရာ သေချာပေါက် သဘောတူပေလိမ့်မည်။
“ ဘုန်း ” နီဖုန်းနျဲ့က ကျောက်စိမ်းသေတ္တာကို ချက်ချင်း ပိတ်ကာ စားပွဲကို ဗုန်းခနဲ ထုရိုက်ကာ မိုဝူကျိဆီ လေးလံအမြစ်မဲ့ရွှေကို ပေးလိုက်သည်။
ထိုသို့လုပ်ပြီးနောက် မိုဝူကျိဘက် လှည့်ကာ ဦးညွှတ်လိုက်ပြီး
“ ကျုပ် နီဖုန်းနျဲ့က အမှားလုပ်မိလိုက်ပါတယ်။ ဒီက တာအိုရောင်းရင်းက တကယ်ကို ရက်ရောတဲ့သူပါ။ အရိုးဆုံးပြောရရင် ဧကရာဇ်တာအိုအသီးက ကျုပ်ရဲ့ လေးလံအမြစ်မဲ့ရွေနဲ့ လဲလှယ်ဖို့ လုံလောက်ပါတယ်။ တာအိုရောင်းရင်းက ထာဝရ တော်ဝင်ဝါးကိုတောင် ထည့်ပေးထားတာ တာအိုရောင်းရင်းက တကယ်ကို ဖြောင့်မတ်တဲ့သူပါ။ ကျုပ် နီဖုန်းနျဲ့က ဒီက တာအိုရောင်းရင်းရဲ့ ခွှင့်လွတ်မှုကို တောင်းခံချင်ပါတယ် ….
ဒါပေမဲ့ ဒီထာဝရ တော်ဝင်ဝါးပင်က ကျုပ်အတွက် အရမ်းအသုံးဝင်တော့ အရှက်မဲ့စွာနဲ့ပဲ လက်ခံလိုက်ပါ့မယ်။ ကျုပ် နီဖုန်းနျဲ့က ခင်ဗျားအပေါ် ကျေးဇူးကြွေးတင်သွားပါပြီ … ကျုပ်ရဲ့ လေးလံလွန်းအင်မော်တယ်ဂိုဏ်းက ရုပ်ခန္ဓာလေ့ကျင့်ဖို့အတွက် အတော်လေးကောင်းတဲ့ ဂိုဏ်းပါ။ တကယ်လို့ နောင်ကျ တာအိုရောင်းရင်းက ရုပ်ခန္ဓာလေ့ကျင့်ဖို့ နေရာရှာနေတယ်ဆိုရင် ကျုပ်တို့ လေးလံလွန်းအင်မော်တယ်ဂိုဏ်းမှာ လာရှာလို့ ရပါတယ် …. ”
မိုဝူကျိ၏ စိတ်နှလုံးသားကား ဖြားယောင်းခံလိုက်ရ၏။ အကြောင်းမှာ သူကိုယ်တိုင်မှာ ရုပ်ခန္ဓာ လေ့ကျင့်သည့် ကျင့်ကြံသူ ဖြစ်ပေသည်။ လေးလံလွန်းအင်မော်တယ်ဂိုဏ်းမှာ ရုပ်ခန္ဓာလေ့ကျင့်ရေး နံပါတ်တစ်ဂိုဏ်း ဖြစ်ပေရာ မိုဝူကျိအတွက် နောင်၌ အသုံးဝင်လာနိုင်သည်။ ဤနီဖုန်းနျဲ့မှာ ဖြောင့်မတ်ကာ ဉာဏ်ကောင်းသူ ဖြစ်ပြီး အမှားကို ဝန်ခံရာ၌ တုံ့ဆိုင်းနေခြင်း မရှိပေ။ ထိုအတွေးဖြင့် မိုဝူကျိက လက်နှစ်ဖက် ယှက်ကာ
“ ကျုပ် မိုဝူကျိ လိုတဲ့အခါ သေချာပေါက် လာရှာပါ့မယ် …. ”
နီဖုန်းနျဲ့က လက်နှစ်ဖက် ဆုပ်ကာ နှုတ်ဆက်လိုက်လေ၏။ ယခု သူ လိုချင်တာ ရပြီးပြီ ဖြစ်၍ ဆက်နေဖို့ရာ မလိုတော့ပေ။
ဧကရာဇ်တာအိုအသီးကို လိုချင်သူ များပြားလှလေရာ သူ့လက်ထဲတွင် ရှိနေပြီ ဖြစ်၍ သူ့မိုးကြိုးစမ်းသပ်ချက်အား မြန်မြန် နှိုးဆွခေါ်ဆောင်ရမည် ဖြစ်၏။
“ ဒီဆေးလုံးဆရာမိုက ဧကရာဇ်တာအိုအသီးအပြင် ထာဝရ တော်ဝင်ဝါးပင်ကိုတောင် ထပ်ထည့်လိုက်သေးတာဆိုတော့ အမှန်တကယ် ရူးတာပဲ ….” နီဖုန်းနျဲ့ ထွက်သွားပြီးနောက် မိုဝူကျိ နောက် ထိုင်နေသည့် စုရှီက ယွမ်ယီဆီ စိတ်ဖြင့် ဆက်သွယ်ကာ ပြောလိုက်သည်။
ယွမ်ယီက ကျန်လူများကဲ့သို့ မိုဝူကျိအနေဖြင့် လေးလံအမြစ်မဲ့ရွေကဲ့သို့သော ရတနာနှင့် အလဲအလှယ်လုပ်နိင်သည့် ပစ္စည်းရှိလိမ့်မည်ဟု မထင်ထားပေ။ သို့သော် စုရှီ စကားကို ကြားပြီးနောက် တစ်ခုခုကို တွေးမိသွားသည်
“ စုရှီ … တစ်ခါတစ်လေကျ အရှုံးခံလိုက်တာလည်း မဆိုးဘူးလေ။ ဒီ မိုဝူကျိက ရိုးရှင်းတဲ့လူ မဟုတ်ဘူး … နောက်တစ်ခါ တွေ့ရင် သေချာပေါက် လေးလေးစားစား ဆက်ဆံရမယ်နော် ”
ယွမ်ယီက အင်မော်တယ် ဧကရာဇ် တစ်ယောက် ဖြစ်ပြီး နီဖုန်းနျဲ့နှင့် မိုဝူကျိတို့ အလဲအလှယ်အပြီးတွင် အားလုံးက မိုဝူကျိကို လေးစားလာကြကြောင်း ခံစားမိ၏။ အရှုံးခံဖို့ရာ ဆန္ဒရှိသူအနေဖြင့် ဘေးနားလူများဆီမှ လေးစားမှုများ ရတတ်ကြပေသည်။ အားလုံးက ထိုသို့မျိုးလူမျိုးနှင့် ပို၍ ရင်းနှီးလိုကြ၏။
ဤနေရာ၌ ထိုင်နေကြသူများထဲ အရူး ဘယ်လောက် ပါမည်နည်း။
မိုဝူကျိ၏ ထာဝရ တော်ဝင်ဝါးပင် ထည့်ပေးလိုက်ခြင်းမှာ လူအများစု၏ လေးစားမှုကို ရယူနိုင်ရုံ သာမက နီဖုန်းနျဲ့၏ မိတ်ဆွေအဖြစ် သတ်မှတ်မှုနှင့် ကျေးဇူးတင်မှုကိုလည်း လက်ခံရရှိလိုက်ပေသည်။ သူက မိုဝူကျိအား လေးလံလွန်းအင်မော်တယ်ဂိုဏ်းကိုပင် ဖိတ်ကြားလိုက်သေး၏။