လခြမ်းကွေး ပုဆိန်လှံရှည်
Vol. 46 Ch. 629
“ မြို့စားကူကျူးကို ကျေးဇူတင်ပါတယ် …. ကျုပ် နောက်ထပ် ကြေညာချင်တာလေး ရှိပါသေးတယ်။ နောက်ဆယ်နှစ်နေရင် ကျုပ်ကိုယ်ပိုင် ဂိုဏ်းကို တည်ထောင်မှာဆိုတော့ အင်မော်တယ်လောကအနှံ့က အင်မော်တယ်ရောင်းရင်းတို့ကို အဲဒီအချိန်ကျ ထောက်ခံအားပေးဖို့ ပြောချင်လို့ပါ။ အဲဒီအချိန်ကျလာရင် အားလုံးအတွက် သုံးလလုံးလုံး ဆေးဖော်စပ်ပေးမှာပါ …..
ဖင်းဖန်ဂိုဏ်းမှာ တျန်းဂျီဂိုဏ်းခွဲ တစ်ခုရှိပြီးတော့ ကျန်ရှိနေတဲ့ တျန်းဂျီဂိုဏ်းသားအားလုံးကို ရောက်တဲ့နေရာကနေ ပြန်လာဖို့ ဖိတ်ခေါ်ချင်ပါတယ်။
ဒီနေ့ကစပြီးတော့ တျန်းဂျီဂိုဏ်းသားတွေရဲ့ ရန်သူက ကျုပ် မိုဝူကျိရဲ့ ရန်သူ ဖြစ်လာလိမ့်မယ် … ” မိုဝူကျိက အခွင့်အရေးကို အပြည့်အဝ အသုံးချကာ ဖင်းဖန်ဂိုဏ်း တည်ထောင်သည့် ကိစ္စအား ကြေညာလိုက်၏။
မိုဝူကျိက တျန်းဂျီဂိုဏ်းအကြောင်း ညွှန်းဆိုလိုက်ခြင်းမှာ ယခု သူ့အနေနှင့် တျန်းဂျီဂိုဏ်းသားများကို ကာကွယ်နိုင်စွမ်း ရှိနေပြီ ဖြစ်၍ ဖြစ်သည်။ လက်တလော သူက တျန်းဂျီဂိုဏ်းသားများကို အနိုင်ကျင့်သူများကို ပြန်လည် ပညာပေးချင်နေမိသည်။
ထိုအကြောင်းအရာများ ကြေညာပြီးနောက် မိုဝူကျိက တာ့ဟွမ်ကို ခေါ်ကာ လဲလှယ်ရေးပွဲမှ ထွက်လာလိုက်သည်။ ဟန်လုံက သူမတွင် အရေးကြီးကိစ္စမရှိသည့်အတွက် မိုဝူကျိနောက်မှ လိုက်ပါမလာပေ။
မိုဝူကျိ လဲလှယ်ရေးပွဲမှ ထွက်လာသည်နှင့် သူ့အခန်းဆီ ပြန်မသွားဘဲ ကိုးလွှာမှ ၁၉ (က) သို့ သွားလိုက်သည်။
မိုဝူကျိက အဝင်ဝမှ အစီအရင်ကို မထိခင် ညင်သာသည့် အသံ တစ်သံထွက်ပေါ်လာကာ “ ရောက်လာမှတော့ အထဲကို ဝင်ခဲ့ပါ …. ”
တံခါးကား ပွင့်လာပြီး မိုဝူကျိ ပထမဆုံး မြင်လိုက်ရသည့်အရာမှာ မိုဝူကျိ တစ်ခါမှ မမြင်ဖူးသည့် ပစ္စည်းများနှင့် အလုပ်ရှုပ်နေသော ရှုစုရန်ကို ဖြစ်၏။
တံခါးပေါ်မှ အတားအဆီးများမှာ ပြန်လည်တင်းကျပ်သွားပြီး ရှုစုရန်က မိုဝူကျိ ဝင်လာသည်ကို မြင်သောအခါ အပြီးသတ်ထားကာစ ပစ္စည်းကို ဘေးချထားလိုက်သည်။
“ နယ်လှည့်ကျင့်ကြံသူ မိုဝူကျိက စီနီယာရှုကို နှုတ်ဆက်ပါတယ် …” မိုဝူကျိက လက်နှစ်ဖက် ဆုပ်ကာ ယဉ်ယဉ်ကျေးကျေး လေးလေးစားစား နှုတ်ဆက်လိုက်သည်။
“ အင်မော်တယ်ရောင်းရင်းမို ထိုင်ပါဦး။ ခင်ဗျားက ဂုဏ်ထူးဆောင် အဆင့် ၇ ဆေးလုံးဧကရာဇ်ဆိုတော့ အချိန်ကျလာရင် ခင်ဗျားရဲ့ ဂုဏ်ပုဒ်က ကျုပ်ထက် နိမ့်ကျမှာ မဟုတ်ပါဘူး။ အဲဒါမလို့ ကျုပ်တို့ကြားမှာ လောကဝတ်တွေ မလိုပါဘူး …” ရှုစုရန်က ခေါင်းညိတ်ကာ ပြောလိုက်သည်။
သူက စောစော ထွက်လာသော်လည်း မိုဝူကျိက ဂုဏ်ထူးဆောင် အဆင့် ၇ ဆေးလုံးဧကရာဇ် ဖြစ်ကြောင်း သိသေးသည်မှာ တစ်ယောက်ယောက်က သူ့ဆီ လှမ်းအကြောင်းကြားထား၍ ဖြစ်ပေသည်။
မိုဝူကျိက လောကွတ်ချော်မနေတော့ချေ။ အင်မော်တယ်လောကကြီး၌ အင်အားရှိသူကိုသာ လေးစားကြခြင်း ဖြစ်၏။ သို့သော်လည်း မိုဝူကျိက ရှုစုရန်ကို လေးစားခြင်းမှာ သူက အဆင့် ၉ ပန်းပဲဧကရာဇ် ဖြစ်နေ၍ မဟုတ်ဘဲ သူ့စရိုက်ကြောင့် ဖြစ်၏။ လဲလှယ်ရေးပွဲထဲ ရှုစုရန် ဝင်လာပြီး ထွက်သွားသည့်အထိ မိုဝူကျိက ထိုသူမှာ တခြားသူများကို အရှိန်အဝါသုံး၍ ဖိအားပေးခြင်းများ မရှိခဲ့ပေ။ မိုဝူကျိက ရှုစုရန်၏ အားလုံးအပေါ် ယဉ်ယဉ်ကျေးကျေး အပြုအမူများမှာ အတုအယောင် မဟုတ်ကြောင်း သိ၏။
နောက်ထပ် အရေးကြီးသည့်အချက်မှာ သူက အင်မော်တယ်မော်တယ် ကျင့်စဉ်ကို ကျင့်ကြံ၍ ရှုစုရန်လည်း သူ့ကဲ့သို့ တူညီသည့် စွမ်းအင်မျိုး ရှိနေသည်ကို ခံစားမိနေသည်။
မိုဝူကျိ ထိုင်ပြီးနောက် ရှုစုရန်က မိုဝူကျိနောက်မှ အင်မော်တယ်အရုပ်ကို သတိပြုမိကာ ပြောလိုက်၏
“ ဒီအင်မော်တယ်အရုပ်က ကျုပ် မသွန်းလုပ်နိုင်လောက်တဲ့အထိ အားအရမ်းကောင်းတယ်။ တကယ်လို့ ကျုပ် ခန့်မှန်းချက်သာ မမှားရင် သူက အင်မော်တယ်လောက က မဟုတ်လောက်ဘူး ”
“ အမှန်ပါပဲ …. တာ့ဟွမ်က ကျုပ် မတော်တဆ ရလာတဲ့ သူငယ်ချင်းပါ …. ” မိုဝူကျိက ပြန်ဖြေလိုက်၏။ မိုဝူကျိက ရှုစုရန်သာ တာ့ဟွမ်ကို လေ့လာကြည့်ဖို့ တောင်းဆိုလာလျှင် ခွင့်ပြုပေးဖို့ ပြင်ဆင်ထားမိ၏။ ရှုစုရန်လို ပန်းပဲဧကရာဇ်တစ်ယောက်အတွက် တာ့ဟွမ်ကို မြင်ပြီး မသိချင်မှသာ ပို၍ ထူးဆန်းနေပေလိမ့်မည်။
မိုဝူကျိက အင်မော်တယ်အရုပ်ကို မိတ်ဆွေသူငယ်ချင်းအဖြစ် ဆက်ဆံသည်ကို ကြည့်ကာ ရှုစုရန် မျက်လုံးများက လင်းလက်သွားပြီး မိုဝူကျိကို ပို၍ပင် နှစ်သက်လာမိသည်။ သူက အင်မော်တယ်အရုပ်အကြောင်း ဆက်မပြောသလို မိုဝူကျိဆိမှ တာ့ဟွမ်အား ကြည့်ရှုခွင့်လည်း မတောင်းချေ။ ထို့အစား သူက အရင်ဦးစွာဖြင့်
“အင်မော်တယ်ရောင်းရင်းမိုက ကျုပ်ကို ဘာလို့များ ရှာနေတာလဲ သိပါရစေ …. ”
မိုဝူကျိက လေးလံအမြစ်မဲ့ရွေနှင့် လခြမ်းကွေး ပုဆိန်လှံရှည်ကို ထုတ်ကာ ပြောလိုက်သည်
“ ဂျုနီယာလေးကို ဒီဟာတွေနဲ့ ပုဆိန်လှံရှည်အသစ်တစ်ချောင်း ရအောင် ကူညီပေးစေချင်ပါတယ် ”
“ ပစ္စည်းကောင်းတွေပဲ ….” မိုဝူကျိ ထုတ်လိုက်သည့် ပစ္စည်း နှစ်ခုကို ကြည့်ကာ ရှုစုရန်က ချီးမကျူးဘဲ မနေနိုင်ချေ။
ရှုစုရန် ပထမဆုံ ဆွဲယူလိုက်သည်မှာ လေးလံအမြစ်မဲ့ရွှေ မဟုတ်ဘဲ မပြီးပြည့်စုံသေးသည့် လခြမ်းကွေး ပုဆိန်လှံရှည် ဖြစ်ပေသည်။ ပုဆိန်လှံရှည်ကို အပြန်ပြန်အလှန်လှန် လှည့်ကြည့်ပြီးနောက် စားပွဲပေါ်တင်ကာ ဘာမှ မပြောပေ။
မိုဝူကျိက ထရပ်ကာ လက်နှစ်ဖက် ဆုပ်ထားရင်း “စီနီယာရှု …. ကျုပ် .. ”
မိုဝူကျိက အစစ်အမှန် ကောင်းမွန်သည့် မှော်ရတနာ လိုအပ်နေလေရာ ရှုစုရန်၏ အကူအညီအတွက် ရှေးဦးမူလမီးကျောက်ကို ပေးရန် ရည်ရွယ်ထားလေ၏။ ပုံမှန်အားဖြင့် ရှေးဦးမူလမီးကျောက်၏ တန်ဖိုးမှာ လက်နက်ပြုလုပ်ခိုင်းသည့် အကူအညီထက် များစွာ ပိုနေပေရာ မိုဝူကျိက ရှုစုရန်ဆီမှ အဆင့် ၉ ပျံသန်းရေး ရတနာတစ်ခု တောင်းဆိုရန် တွေးနေမိသည်။
မိုဝူကျိ မျှော်လင့်မထားသည်က သူ့စကားမဆုံးခင် ရှုစုရန်က သူ့စကားကို ဖြတ်ပြောလိုက်ခြင်း ဖြစ်၏
“ ဆေးလုံးဆရာမိုက အင်မော်တယ်မော်တယ် ကျင့်စဉ်ကို ကျင့်ကြံတာလား ”
ရှုစုရန် စကားများကို ကြားပြီး မိုဝူကျိက ရှုစုရန်လည်း ထိုကျင့်စဉ်ကို ကျင့်ကြံကြောင်း သိလိုက်ရာ ခေါင်းညိတ်လိုက်ရင်း
“ ဟုတ်ပါတယ်။ ကျုပ်က အင်မော်တယ် မော်တယ်ကျင့်စဉ်ကို ကျင့်ကြံတာပါ။ စီနီယာရဲ့ ကျင့်စဉ်ကလည်း ကျုပ်နဲ့ အတူတူပဲလား ”
မိုဝူကျိက အင်မော်တယ် မော်တယ်ကျင့်စဉ်ကို အမှန်တကယ် ကျင့်ကြံနေခြင်း ဖြစ်သော်လည်း ရှုစုရန် တွေးထားသည့် အင်မော်တယ် မော်တယ် ကျင့်စဉ် မဟုတ်ချေ။ သူက သူ့ကိုယ်တိုင် မွမ်းမံပြင်ဆင်ထားသည့် အင်မော်တယ် မော်တယ် ကျင့်စဉ်ကို ကျင့်ကြံနေခြင်း ဖြစ်၏။ ပြောရလျှင် လုံးဝ ပြောင်းပြန် ဖြစ်ပေ၏။ အကြောင်းမှာ သူ့မွမ်းမံကျင့်စဉ်မှာ ပြောင်းပြန် အင်မော်တယ် မော်တယ် ကျင့်စဉ် ဖြစ်သည်။
ရှုစုရန်က မိုဝူကျိ၏ မေးခွန်းကို ပြန်မဖြေဘဲ ဆက်ပြောလိုက်သည်
“ ဆေးလုံးဆရာမို ဒီမှာ ခဏစောင့်ပေးပါဦး။ ကျုပ် ဒီမှော်ရတနာကို သွန်းလုပ်ဖို့ ငါးရက်လောက် လိုလိမ့်မယ်။ ပန်းပဲလုပ်နေတုန်း ကျုပ် ခင်ဗျားရဲ့ သွေးနည်းနည်းလည်း လိုလိမ့်မယ် …. အဲဒါမှ ဒီမှော်ရတနာက ခင်ဗျားနဲ့ လုံးဝ ပေါင်းစပ်သွားမှာ ”
မိုဝူကျိက အံ့အားသင့်သွားသည်မှာ ရှုစုရန်က ဈေးနှုန်းအကြောင်း နှင့် အင်မော်တယ် မော်တယ်ကျင့်စဉ်ကို ကျင့်ကြံသည့်အကြောင်း ဘာဆိုဘာမှ ပြန်မပြော၍ ဖြစ်သည်။
သူက ဒီလိုပဲ ကူညီပေးဖို့ သဘောတူလိုက်တာလား …..
အဆင့် ၉ အင်မော်တယ်ပစ္စည်းကို သွန်းလုပ်ရမည့် ဈေးနှုန်းနှင့် အားစိုက်မှုများမှာ အင်မတန် များပြားကြောင်း သိသင့်ပေသည်။
ရှုစုရန်ရဲ့ အပြုအမူများက ဘာများလဲ ….
ထိုစဉ် ရှုစုရန်က ပုဆိန်လှံရှည်ကို အပြည့်အဝ အာရုံစိုက်ထားရာ မိုဝူကျိအနေနှင့် စိတ်ရှည်ရှည် စောင့်နေရုံသာ တတ်နိုင်ပေသည်။ ရှုစုရန်က တောင်းဆိုမည့်အရာကို သူ့အနေနှင့် ပေးနိုင်စွမ်း ရှိသေး၏။
ရှုစုရန်က ပုဆိန်လှံရှည်ကို လေးနာရီကြာ လေ့လာပြီးနောက် သူ့လက်ထဲမှ မီးတောက်တစ်ခု ထွက်ပေါ်လာသည်။
ကြောက်မက်ဖွယ် အပူချိန်ကို ခံစားလိုက်ရပြီး မိုဝူကျိက ထိုမီးတောက်နှင့် ဝေးရာ ဆုတ်လိုက်မိ၏။ ထိုခရမ်းရောင် မီးတောက်ပန်းပွင့်အတွင်း အနီရောင်လေး သမ်းကာ ရှိနေပြီး ထိုမီးတောက်အတွင်း မိုဝူကျိက မှိန်ဖျဖျ ကိုးဝတ်လွှာကို မြင်လိုက်သည်။
အဆင့် ၉ မီးတောက်လား …..
မိုဝူကျိက သူ့တွင် ရှေးဦးမူလမီးကျောက်များ ရှိမနေလျှင် သူ့ပညာရှင်နှလုံးသားလေး အဆင့် ၉ မည်သည့်အချိန်မှ ရောက်လာမည်ကို မသိသည့်အတွက် ပြောစရာ ရှာမတွေ့ ဖြစ်သွားလေ၏။
ခရမ်းရောင်မီးတောက်မှာ အမှန်တကယ် အဆင့် ၉ မီးတောက် ဖြစ်ပြီး မိုဝူကျိက မည်သည့် မီးတောက်အမျိုးအစား ဖြစ်ကြောင်း မသိပေ။ သူက ရှုစုရန်သည် အဆင့် ၉ မီးတောက် ရရှိရက်ထားနှင့် အဘယ်ကြောင့် ရှေးဦးမူလမီးကျောက် လိုချင်နေသည်ကို နားမလည်ပေ။
ပို၍ တုန်လှုပ်စရာ အကောင်းဆုံးအရာမှာ ရှုစုရန်က မိုဝူကျိ၏ လခြမ်းကွေး ပုဆိန်လှံရှည်ကို ထိုမီးတောက်ထဲ ပစ်ထည့်လိုက်ခြင်း ဖြစ်၏။
လခြမ်းကွေး ပုဆိန်လှံရှည်မှာ ထိပ်တန်း ရတနာတစ်ခု ဖြစ်သော်လည်း အတားအဆီးများ ကျိုးပျက်သွားသည်နှင့် ပုဆိန်လှံရှည်၏ သတ္တုက မည်မျှမာကြောစေကာမူ အဆင့် ၉ မီးတောက်အောက်တွင် အရည်ပျော်သွားပေလိမ့်မည်။
သူက လေးလံအမြစ်မဲ့ရွှေနှင့် လခြမ်းကွေး ပုဆိန်လှံရှည်တို့ကို ပေါင်းစပ်ကာ ပုဆိန်လှံရှည် အသစ်အဖြစ် ဖန်တီးရမည် မဟုတ်ဘူးလား ….
သူက လခြမ်းကွေး ပုဆိန်လှံရှည်မှ ပုဆိန်လှံရှည်အသစ်တစ်ချောင်းကို ထုတ်လုပ်လိုက်လျှင် အသစ် မှော်ရတနာက လခြမ်းကွေး ပုဆိန်လှံရှည်နှင့် ပတ်သတ်မှု ရှိနေဆဲ ဖြစ်မည်လား။
အသစ်စက်စက် ပုဆိန်လှံရှည် ဖြစ်မသွားပေဘူးလား ….
ရှုစုရန်က လက်ကို မြန်မြန်ဆန်ဆန် လှုပ်ရှားကာ ပုဆိန်လှံရှည် အရည်ပျောက်သွားပြီးနောက် လေးလံအမြစ်မဲ့ရွေကို မီးတောက်ထဲ ထည့်လိုက်သည်။
အဆင့် ၉ မီးတောက်အပူချိန်အောက်၌ လေးလံအမြစ်မဲ့ရွေ အရည်ပျော်နှုန်းမှာ အင်မတန် မြန်ဆန်ပေသည်။
နေ့ဝက်အတွင်း အရည်ပျော်သွားသော ပစ္စည်းများမှာ ပုံပျက်သွားသည့် အရည်များအဖြစ် ပြောင်းလဲသွားတော့သည်။ ရှုစုရန်က လက်ဟန်သင်္ကေတအမျိုးမျိုး လုပ်ဆောင်လိုက်သည့်အခါ များပြားစွာသော မသန့်စင်မှုများက ထွက်လာလေ၏။
မိုဝူကျိက အဆင့် ၅ အင်မော်တယ် အစီအရင်ဆရာ တစ်ယောက် ဖြစ်သည့်အတွက် အတားအဆီးများနှင့် အစီအရင်များအကြောင်း ကျွမ်းကျင်နှံ့စပ်သော်လည်း သူ့ရှေ့တွင် ရှိနေသော ရှုစုရန်နှင့် ယှဉ်လျှင် များစွာ လိုအပ်နေကြောင်း သတိပြုမိလိုက်သည်။
သူက ပန်းပဲပညာရှင်တိုင်းမှာ ထိပ်တန်း အစီအရင် ပညာရှင်တစ်ယောက် ဖြစ်နိုင်ကြောင်း ပြောသည်မှာ အံ့ဩစရာတော့ မရှိချေ။ မိုဝူကျိက ရှုစုရန် ပန်းပဲပညာရပ်တွင် မည်မျှကောင်းကြောင်း မသိသော်လည်း ရှုစုရန်က သေချာပေါက် ထိပ်တန်း အစီအရင်ပညာရှင် တစ်ဦး ဖြစ်ပေသည်။
ရှုစုရန်၏ လက်ဟန်များအပြီးတွင် သဏ္ဍာန်မဲ့ ပုဆိန်လှံရှည်မှာ ထက်ရှကာ သတ်ဖြတ်တော့မည့် အငွေ့အသက်များ စတင်ထွက်ပေါ်လာ၏။
“ သွေးစက်ချလိုက်တော့ …” ထိုစဉ် ရှုစုရန်က မိုဝူကျိအား အော်ကာ ပြောလိုက်သည်။
မိုဝူကျိက ပစ္စည်း တာအိုနှင့် ထိတွေ့မှု ရှိကာ အဆင့် ၂ အင်မော်တယ်ပစ္စည်းကို ထုတ်လုပ်နိုင်စွမ်း ရှိသည့်အတွက် ရှုစုရန်က သူ့အား အော်ပြောလိုက်သည်နှင့် ချက်ချင်းဆိုသလို နားလည်လိုက်သည်။ တုံ့ဆိုင်းနေခြင်း မရှိဘဲ ပစ္စည်း ဖြစ်တည်စအဆင့်မှာ သွေးစက်များ ချပေးလိုက်သည်။
မိုဝူကျိက သွေးစက်များ ချပြီးနောက် ပုဆိန်လှံရှည်မှာ အသက်ဝင်လာဟန် ပေါ်သည်။ ထိုအသက်ဝင်လာမှုမှာ မိုဝူကျိ၏ စိတ်ဆန္ဒနှင့် မှိန်ဖျဖျ ဆက်နွယ်မှုလေး ရှိနေ၏။
“ ထပ်ပြီး သွေးစက်ချဦး ….” ရှုစုရန်၏ မျက်နှာမှာ ဖြူဖျော့လာရင်း သူ့လက်ဟန်များမှာလည်း ပို၍ မြန်ဆန်လာသည်။ ထိုစဉ် သူက ပစ္စည်းဖြစ်တည်စအဆင့်မှ အစီအရင်အမျိုးမျိုးကို ဆွဲထုတ်လိုက်သည်။
မိုဝူကျိက အချိန်ဆက်မဖြုန်းရဲဘဲ သွေးများထပ်ချလိုက်သည်။
ပုံမှန်အခြေအနေမျိုးအောက်တွင် သွေးနှစ်လုတ်ခန့်က လုံလောက်သော်လည်း မိုဝူကျိက အစပိုင်း ဖြစ်ကြောင်း မသိပေ။ ရှုစုရန်၏ ညွှန်ကြားချက်များအရ မိုဝူကျိက ဆက်တိုက် သွေးများကို ချပေးနေလေ၏။
ရက်များစွာ ကုန်ဆုံးသွားပြီးနောက် ဖြစ်တည်စ ပစ္စည်းလေးမှာ ထက်ရှရှ ပုဆိန်လှံရှည်တစ်ချောင်း ဖြစ်ပေါ်လာလေပြီ။ မိုဝူကျိ၏ မျက်နှာမှာလည်း ပို၍ ပို၍ ဖြူဖျော့လာနေ၏။
အကယ်၍ သူ့အသက်ဓာတ် လမ်းကြောင်းကြောင့်သာ မဟုတ်လျှင် မိုဝူကျိက ကြာကြာတောင့်ခံနိုင်လိမ့်မည် မဟုတ်ကြောင်း မှန်းဆမိ၏။
တာ့ဟွမ်ပင် မသက်မသာ ခံစားလာရသည့်အချိန်၌ ရှုစုရန်က အော်ပြောလိုက်သည် “ သိမ်းလိုက်တော့ ”
“ ဘုန်း ” နောက်စက္ကန့်ပိုင်းလေး၌ အသံတစ်သံကို ကြားလိုက်ရသည်။ မိုဝူကျိက ပုဆိန်လှံရှည်အပေါ် အာရုံစိုက်ထားသောကြောင့် သိပ်အာရုံမရှိလိုက်ပေ။
“ ဒင်း ….” နှစ်မီတာ ရှည်လျားသော ပုဆိန်လှံရှည်ကို မိုဝူကျိရှေ့ ဆန့်ထုတ်လိုက်သည့်အခါ ကြည်ကြည်လင်လင် အသံတစ်သံ ထွက်ပေါ်လာ၏။ ထိုပုဆိန်လှံရှည်၏ ကိုယ်ထည်မှာ အရောင်အားဖြင့် အစိမ်းဖျော့ဖျော့လေး ဖြစ်နေသည်။
သို့သော်လည်း ထိုအစိမ်းရောင်မှာ မခမ်းနား မကြီးကျယ်ရုံသာမက အနည်းငယ် ပုံဆိုးနေသေး၏။ အကြောင်းမှာ ရေညှိတက်နေခြင်းနှင့် တူနေ၍ ဖြစ်သည်။ ပုဆိန်လှံရှည်၏ သုံးပုံတစ်ပုံမှာ လခြမ်းကွေး သဏ္ဍာန် ရှိနေပြီး အရမ်း ခမ်းနားထည်ဝါခြင်း မရှိပေ။
သူက မည်မျှပင် ကြည့်စေကာမူ ထိုပုဆိန်လှံရှည်မှာ သာမာန် မှော်ရတနာနှင့် အရမ်း တူနေပေ၏။
သူက ထိုပုဆိန်လှံရှည်ကို ဆွဲကိုင်လိုက်သော်လည်း မိုဝူကျိက ထိုပုဆိန်လှံရှည်နှင့် သူ့နှလုံးသားကြား ဆက်သွယ်မှုရှိကြောင်း ခံစားမိလေသည်။ မိုဝူကျိက လက်ကို ဖွင့်လိုက်သည့်အခါ ပုဆိန်လှံရှည်က သူ့လက်ထဲ အလိုလို ရောက်ရှိလာသည်။
အင်မတန် ထက်ရှသော အငွေ့အသက်များနှင့် အံ့ဖွယ် စွမ်းအားများက မိုဝူကျိ၏ ရင်ဘတ်အတွင်း တဟုန်ထိုး ဖြစ်တည်လာသော မောက်မာဟန်များ ထွက်ပေါ်လာသည်။ သူသာ အလိုရှိလျှင် ထိုပုဆိန်လှံရှည်ဖြင့် အရာအားလုံးကို ပိုင်းဖြတ်ပစ်နိုင်ကြောင်း ခံစားနေရသည်။
ဘယ်လောက်တောင် ပြင်းထန်လိုက်တဲ့ ခံစားချက်လဲ ….
မိုဝူကျိ၏ အင်မော်တယ်စွမ်းအားများ စတင် လှည့်ပတ်လိုက်သည့်အခါ သူ့လက်ထဲရှိ ပုဆိန်လှံရှည်မှာ သတ်ဖြတ်ငွေ့များ ပြည့်နေသည့် အစိမ်းရောင်အလင်းများ ထွက်ပေါ်လာ၏။
မိုဝူကျိက အင်မော်တယ် စွမ်းအားများကို မြန်မြန် ရုတ်သိမ်းလိုက်ပြီး ရှုစုရန်အား မြန်မြန် ဦးညွှတ်ကာ
“ ဒီလို အံ့မခန်း မှော်ရတနာမျိုးကို ဖန်တီးပေးတဲ့အတွက် စီနီယာရှုကို ကျေးဇူးအများကြီးတင်ပါတယ် …. ”
ထိုပုဆိန်လှံရှည်မှာ သာမာန်နှင့် တူသော်လည်း မိုဝူကျိက သူ့လက်ထဲ ရောက်ရှိလာသည်နှင့် မည်မျှထူးခြားကြောင်း ကောင်းကောင်း သိလိုက်သည်။ ထိုအရာမှာ အဆင့် ၉ တည်ရှိမှုကိုပင် ကျော်လွန်နိုင်လောက်သည့် အင်မော်တယ် ပစ္စည်းမျိုး ဖြစ်၏။
သူ နားမလည်သည့်အချက်မှာ ထိုပုဆိန်လှံရှည်ကို သူ့ကိုယ်တိုင် မွန်းမံသန့်စင်ဖို့ရာ မလိုအပ်ဘူးလား …..
“ ခင်ဗျားရဲ့ သွေးကို ပုဆိန်လှံရှည်ထဲ ထည့်ထားလို့ မွမ်းမံစရာ မလိုတော့ဘူး ။ ပြီးတော့ ဘယ်သူမှလည်း လုယူနိုင်မှာ မဟုတ်ဘူး။ ဒါက ခင်ဗျား တစ်ယောက်တည်း ပိုင်တဲ့ ပုဆိန်လှံရှည်ပဲ … အဲကြောင့် နာမည်ပေးသင့်တယ် …..” မောပန်းနွမ်းလျှနေသည့် ရှုစုရန် ပေါ်လာပြီး မိုဝူကျိစိတ်ကို ဖတ်နိုင်သည့်အလား ရှင်းပြလိုက်သည်။
“ အဲဆို လခြမ်းကွေး ပုဆိန်လှံရှည်လို့ ခေါ်မယ် ….” မိုဝူကျိက ပုံမှန်အတိုင်းသာ ရွေးလိုက်သည်။ သူက ပို၍ ဖန်တီးနိုင်စွမ်း ရှိသည့် နာမည် ပေးနိုင်သော်လည်း သာမာန်နာမည်မျိုးကို ပို၍ နှစ်သက်ကာ သူ့ပုဆိန်လှံရှည်နှင့် ပို၍ သင့်တော်ကြောင်း ခံစားမိ၏။