← Chapters

လျှပ်စီးဂိုဏ်းမှ လူများနှင့် ကတောက်ကဆ

Vol. 46 Ch. 632

လျှပ်စီးဂိုဏ်းမှ လူများနှင့် ကတောက်ကဆ

Vol. 46 Ch. 632

ယွမ်ယီ သေဆုံးသွားသည့်အခါ စုရှီက စတင်၍ ကုန်းအော်ကာ ငိုကြွေးတော့သည်။ သူမ မှတ်မိစဉ်ကတည်းမှ အမြဲတမ်း ဆရာနှင့်အတူတူ ရှိခဲ့ခြင်း ဖြစ်ရာ  သူတို့ လုပ်သည့်အရာမှာလည်း ကျင့်ကြံခြင်းသာ ဖြစ်၏။ အကယ်၍ သူမဆရာသာ တရားသူတော်စင်ကျောင်း၏ အမွေအနှစ်ရတနာ ပေါ်လာမည် ဖြစ်ကြောင်း ကောက်ချက်မချမိခဲ့လျှင် တရားသူတော်စင်ကျောင်းမှ ထွက်လာကြမည် မဟုတ်ပေ။

သူမဆရာနှင့် ရှိနေစဉ် ဘဝက မည်မျှ သာယာဖွယ် ကောင်းကြောင်း သတိပြုမိလိုက်၏။ သူမတွင် စိုးရိမ်စရာ ဘာမှ မရှိဘဲ  သူမအနေနှင့် လုပ်ဖို့ လိုအပ်သည်မှာ ကြိုးကြိုးစားစားဖြင့် ကျင့်ကြံရုံသာ ဖြစ်၏။ သို့သော် သူမ ဆရာ သေဆုံးသွားပြီ ဖြစ်ရာ အင်မော်တယ်လောကကြီးမှာ ကျယ်ပြောသော်လည်း သူမအနေဖြင့်  ဘယ်ဆက်သွားရမှန်း မသိတော့ချေ။

မိုဝူကျိက  အော်ကာ ငိုကြွေးနေသော စုရှီကို ဂရုမစိုက်ဘဲ ချီကျွင်းယီကိုသာ စိုက်ကြည့်လိုက်သည်။

ချီကျွင်းယီက ဒဏ်ရာအပြင်းအထန် ရနေဟန် ပေါ်သော်လည်း ယွမ်ယီထက် အခြေအနေ ကောင်းပေသည်။ သို့သော် မိုဝူကျိ၏ စိတ်စွမ်းအားက ချီကျွင်းယီ ခန္ဓာပေါ် ကျရောက်သွားသည့်အခါ သူ့အနေဖြင့် ယွမ်ယီ၏ စွမ်းဆောင်ရည်ကို အထင်သေးမိသွားကြောင်း  ချက်ချင်း  သတိပြုမိလိုက်၏။

ချီကျွင်းယီမှာ ယွမ်ယီထက် မနည်းပါးပေ။ သူ့ဒဏ်ရာများကို ဖိနှိပ်ထားရန် ထိပ်တန်း ကုသဆေးလုံးများကို သောက်သုံးထား၍ ဖြစ်၏။

မိုဝူကျိ၏ စိတ်စွမ်းအားက ယွမ်ယီ အလောင်းဆီ ရောက်ရှိသွား၏။ ယွမ်ယီခန္ဓာပေါ်မှ သေစေလောက်သည့် စွမ်းအားကို မြင်လိုက်ရသည့်အခါ နားလည်သွားတော့သည်။

ယွမ်ယီနှင့် ချီကျွင်းယီတို့ တိုက်ပွဲဖြစ်သည့်အချိန် ချီကျွင်းယီမှာ ယွမ်ယီအတွက် ပြိုင်ဖက် မဟုတ်ပေ။ နှစ်ဖက်လုံးက တစ်ယောက်နှင့် တစ်ယောက် ဒဏ်ရာရစေခဲ့ရာ  ချီကျွင်းယီ၏ ဒဏ်ရာများက ပို၍ ပြင်းထန်ပေ၏။ မမျှော်လင့်ထားသည့်အရာသာ မဖြစ်ခဲ့လျှင် ယွမ်ယီက ချီကျွင်းယီကို အနိုင်ယူကာ  ချီကျွင်းယီ၏ မီးစာကို ယူသွားနိုင်လိမ့်မည်။

သို့သော် ထိုအချိန်လေး၌ မမျှော်လင့်ထားသည့်အရာ ဖြစ်လာခဲ့ပြီး လျှပ်စီးဂိုဏ်းသားများ ရောက်ရှိလာကာ ကူညီပေးခဲ့ကြသည်။  ချီကျွင်းယီအား ကူညီပေးခဲ့သူများမှာ  အင်မော်တယ်အုပ်စိုးသူ၊ အင်မော်တယ်ဘုရင်နှင့် မဟာလော့ရှန်းအဆင့်တို့ ဖြစ်ပေသည်။ တစ်ဖက်တွင် စုရှီ၏ ကျင့်ကြံဆင့်မှာ အရမ်းနိမ့်နေပြီး သူမက အတွေ့အကြုံလည်း မရှိသည့်အတွက်  အကူအညီ မဖြစ်ချေ။

ဤသို့သော အခြေအနေမျိုးအောက်၌ ယွမ်ယီက စုရှီနှင့်အတူတူ ထွက်ပြေးလာနိုင်ပြီး ကောင်းကင်ချောက်ကမ်းပါးမြို့အထိ ရောက်ရှိလာလေသည်။ ထိုအရာမှ  ယွမ်ယီမှာ မည်မျှအံ့ဩဖို့ ကောင်းကြောင်း သိသာနေသည် မဟုတ်ပါလော။

ပုံမှန်အရ ဤမျှဒဏ်ရာအပြင်းအထန်ဖြင့်  ချီကျွင်းယီက ယွမ်ယီနောက် လိုလ်လာသင့်သည် မဟုတ်ပေ။ သို့သော် လိုက်လာရုံ သာမက သူ့အပေါင်းအဖော်များပင် ပါလာသေး၏။ တစ်ခုတည်းသော ရှင်းပြချက်မှာ ချီကျွင်းယီက မီးစာခွက်ကို အရမယူနိုင်သေးသလို သူ့လူများကို ယူလာပေးဖို့ ပြောရင်လည်း စိတ်မအေး၍ ဖြစ်သည်။ ထို့ကြောင့် သူ့ကိုယ်တိုင် ရောက်လာခြင်း ဖြစ်ပေသည်။

ထိုအတွေးဖြင့် မိုဝူကျိ၏ သတ်ဖြတ်ငွေ့များလည်း ချက်ချင်း ထွက်ပေါ်လာ၏။ ကျိုးပျက်မြို့ပျက်တွင် ရှိစဉ်ကတည်းက  လျှပ်စီးဂိုဏ်းနှင့် ရန်ကြွေးရှိထားခြင်း ဖြစ်ရာ  လော့ကျမ်းစာရွက် ခုနှစ်ရွက်ကြောင့်  လျှပ်စီးဂိုဏ်း၏ ချန်းကျူရှန်းနှင့် ပဋိပက္ခ ဖြစ်ခဲ့သည်။ ထိုလျှပ်စီးဂိုဏ်းလည်း လော့စာရွက်အကြောင်းကို သိလိမ့်မည်မှန်း သေချာသော်လည်း   သူတို့က သူ့အား ရှာမတွေ့ခဲ့ခြင်းသာ ဖြစ်လိမ့်မည်။ အကယ်၍ လျှပ်စီးဂိုဏ်းသာ သူ့တည်နေရာ သိပါက  သေချာပေါက် မုရုန်ရှန်းယွီက သူ့ကို လော့ကျမ်းစာရွက်  ပေးလိုက်လား၊ မပေးလိုက်လား အတင်းကျပ် လာမေးကြလိမ့်မည်။

ယွမ်ယီ ဆရာတပည့် ပြဿနာနှင့် ပတ်သတ်မှု မရှိလျှင်ပင် သူနှင့် လျှပ်စီးဂိုဏ်းကား မိတ်ဆွေ ဖြစ်လာမည် မဟုတ်ပေ။ အကယ်၍ သူ့တွင် စွမ်းဆောင်ရည်မရှိလျှင် လျှပ်စီးဂိုဏ်း၏ တိတ်တဆိတ် လုပ်ကြံသတ်ဖြတ်မှုကို ခံရလောက်ပေသည်။ ယခု ချီကျွင်းယီ ဤသို့ ဖြစ်နေစဉ် အခွင့်ကောင်းယူ၍ ရိုက်ချရမည်။

မိုဝူကျိက ချီကျွင်းယီအား မျက်နှာသာ မပေးဘဲ အေးစက်စွာ ပြောလိုက်သည်

“ ကျုပ်က ယွမ်ယီ ဆရာတပည့်နဲ့ ပတ်သတ်မှု ရှိတယ်။ ဒီနေ့ကိစ္စကို  ဒီမှာပဲ အဆုံးသတ်ကြတာပေါ့ … ကျေးဇူးပြုပြီး ထွက်သွားပေးပါ ”

“ ဆေးလုံးဆရာမို  ကျုပ်တို့ရဲ့ လျှပ်စီးဂိုဏ်းကို ဆန့်ကျင်လို့ ဖြစ်လာမဲ့ အကျိုးဆက်တွေကို တွေးပြီးပြီလား …” မိုဝူကျိက မျက်နှာသာ မပေးမှန်း သိသည်နှင့် ချီကျွင်းယီ မျက်နှာမှာ မှုန်ကုပ်သွားလေ၏။

အကယ်၍ မဟာခွန်ဗုဒ္ဓ မီးအိမ်ကြောင့်သာ မဟုတ်လျှင် မိုဝူကျိကို အဘယ်ကြောင့် ဤသို့ ပြောမိမည်နည်း။

“ လျှပ်စီးဂိုဏ်းက အရမ်းကို အံ့ဩဖို့ ကောင်းနေလို့လား။ အဲဆိုရင်တော့ ခင်ဗျားတို့ လျှပ်စီးဂိုဏ်းက ကျုပ်ကို လာရှာကြည်ပေါ့ ….

အကျိုးဆက်က ဘယ်လိုဖြစ်ဖြစ် ကျုပ် မိုဝူကျိက စောင့်နေမယ်။  လုပ်လိုက်စမ်းပါ …. ဂျုနီယာညီမလေး စုရှီ အထဲဝင်လာခဲ့လေ….”  မိုဝူကျိက ချီကျွင်းယီ၏ ခြိမ်းခြောက်မှုကို ပြန်လည်ချေပဖို့ တုံ့ဆိုင်းမနေပေ။ သူက ချီကျွင်းယီ၏ အသက်ကို အလိုရှိနေသေးရာ အဘယ်ကြောင့် ယဉ်ကျေးနေရဦးမည်နည်း။

ချီကျွင်းယီ၏ မျက်နှာက သတ်ဖြတ်ငွေ့များဖြင့် မှုန်သုန်သွားလေ၏။ သူက အင်မော်တယ် အုပ်စိုးသူကို ကြည့်လိုက်၏။ သူက ကောင်းကင်ချောက်ကမ်းပါးမြို့ကို တောင်းပန်မှု ဖြစ်ဖြစ်၊ လျော်ကြေးဖြစ်ဖြစ် ပေးရမည်ဆိုလျှင်ပင် မဟာခွန်ဗုဒ္ဓ မီးအိမ်အား  လက်လွတ်မပေးနိုင်ပေ။

အင်မော်တယ် အုပ်စိုးသူက ချီကျွင်းယီ အကြည့်ကို သတိပြုမိသည့်အခါ သူက စုရှီလက်ထဲမှ သိုလှောင်လက်စွပ်ကို ဆွဲယူလိုက်သည်။ သူတို့က မိုဝူကျိကို သတ်ဖို့ရာ အလျှင်မလိုပေ။ ပစ္စည်းရဖို့က ဦးစားပေး ဖြစ်၏။

အင်မော်တယ် အုပ်စိုးသူ လက်ဆန့်ထုတ်လိုက်သည်နှင့် မိုဝူကျိက သူ့ရင်ဘတ်ဆီ တစ်ချက် ထိုးလွှတ်လိုက်သည်။

ပါးမွှားလေးက သူ့အား ရင်ဆိုင်ရဲသည်လား  …

အင်မော်တယ်အုပ်စိုးသူက ထိုအတွေးဖြင့်  နှာခေါင်းရှုံ့လိုက်လေသည်။ သူက ပြန်လည်တိုက်ခိုက်ရန် ပြင်ဆင်လိုက်ချိန်  သူ့အား လွှမ်းခြုံလာသော အဆုံးမဲ့အရှိန်အဝါများကို ရုတ်ချည်း ခံစားမိလိုက်၏။ ထိုစဉ် သူ့ဘေးပတ်လည်မှာ ပိတ်လှောင်သွားပြီး  သူ လှုပ်ရှားချင်လျှင်ပင် မလှုပ်ရှားနိုင်တော့ချေ။

“ ဘုန်း ” ရှုံးနိမ့်ခြင်းမရှိ မိုဝူကျိ၏ လက်သီးချက်က အင်မော်တယ် အုပ်စိုးသူ၏ ရင်ဘတ်ပေါ် ရောက်ရှိသွားသည်။ သူ့ပြင်းထန်သော အင်မော်တယ် သဘာဝစွမ်းအားများက  ထိုအင်မော်တယ် အုပ်စိုးသူ ခန္ဓာကိုယ်အတွင်း ပေါက်ကွဲထွက်လာသည်။ အင်မော်တယ် အုပ်စိုးသူ ပါးစပ်မှ သွေးများ စီးကျလာသည်။

ဘေးမှ ကျင့်ကြံသူများက ရိုးရိုးလက်သီးချက်သာ မြင်တွေ့လိုက်ရသည်။ မိုဝူကျိ၏ လက်သီးချက်မှာ သူ့တာအိုအခြေခံ အုတ်မြစ်ကို ဖျက်စီးသွားပြီး  သူ့ဝိညာဉ်လမ်းကြောင်းများကို ခြေမွဖျက်စီးသွားကြောင်း  အင်မော်တယ်အုပ်စိုးသူ ကိုယ်တိုင်သာ သိပေ၏။

ဘယ်လိုတောင် ရက်စက်ရတာလဲ  …..

ထိုအင်မော်တယ်  အုပ်စိုးသူ၏ မျက်နှာမှာ  ဖြူဖျော့သွားကာ မိုဝူကျိအား မုန်းတီးစွာ စိုက်ကြည့်လိုက်သည်။ သူ့တွင် နောင်အနာဂတ် မရှိတော့ကြောင်း စိတ်ထဲ၌  ရှင်းရှင်းလင်းလင်း သိလိုက်သည်။

တာ့ဟွမ်အကြောင်း မသိသေးသည့် တချို့ကျင့်ကြံသူများက  မိုဝူကျိ၏ ကိုယ်ပိုင်အင်အားဟု တွေးမိကုန်ကာ  စိတ်ထဲ၌ ကြောက်ရွံ့ကုန်ကြသည်။ သူက အင်မော်တယ် အုပ်စိုးသူ တစ်ယောက်ကိုပင် လက်သီးတစ်ချက်တည်းဖြင့်  ဒဏ်ရာပေးနိုင်စွမ်း ရှိနေလေရာ မည်မျှ အားကောင်းနေလိုက်မည်နည်း။

“ ကောင်းတယ် ကောင်းတယ် …” ချီကျွင်းယီ၏ မျက်နှာမှာ ထိုစကားများ ရေရွတ်ရင် ပုတ်သိုးနေလေ၏။ သူက လှမ်းအကြောင်းကြားတော့မည့်ဆဲဆဲတွင်  နီညိုရောင်ရင့်ရင့် ဝတ်ဆင်ထားသော အမျိုးသားနှစ်ဦးက လျှောက်လှမ်းလာသည်။

ရှေ့မှ အမျိုးသားမှာ  ခန္ဓာကိုယ်အနေအထားမှာ ပုံမှန် ဖြစ်၏။ သူက လေးနက်သော သွင်ပြင်နှင့် မုတ်ဆိတ်များကို ပွတ်လိုက်သည်။ နောက်မှ အမျိုးသားမှာ  အနည်းငယ် အရပ်ပိုရှည်ပြီး ကွေးညွှတ်နေသော မျက်ခုံးများ ရှိ၏။ သူ့ပုံစံမှာ  ဖြတ်သွားဖြတ်လောက်သာ ပေါ်နေ၏။

“ ကျုပ်တို့ ကောင်းကင်ချောက်ကမ်းပါးမြို့က ရန်ပွဲတွေ၊ တိုက်ခိုက်တာတွေ  တားမြစ်ထားတယ် …. ” ပြောလိုက်သူမှာ  ရှေ့မှ လူလတ်အမျိုးသား ဖြစ်ပေသည်။

ထိုလူနှစ်ယောက်မှာ အင်မော်တယ်ဘုရင်အဆင့် ဖြစ်ပြီး သူတို့အင်အားမှာ နိမ့်ကျပုံ မပေါ်ပေ။ သူတို့မှာ ကောင်းကင်ချောက်ကမ်းပါးမြို့၏ ထိန်းသိမ်းစောင့်ရှောက်သူများ ဖြစ်ကြ၏။ မိုဝူကျိက စိတ်ထဲမှ ကျိန်ဆဲမိလိုက်သည်။ ကူကျူးအနေဖြင့် သူ့အား မျက်နှာသာပေးပါ့မလားဟု တွေးမိလိုက်သည်။ အကယ်၍ ကူကျူးက မျက်နှာသာ မပေးလျှင် သူ့အနေဖြင့်  ကောင်းကင်ချောက်ကမ်းပါးမြို့မှ ထွက်သွားရုံသာ ဖြစ်၏။

ချီကျွင်းယီက ထိုလူကို မြင်သောအခါ သက်ပြင်းချလိုက်သည်။ အရိုးသားဆုံးပြောရလျှင် သူ့တွင် အင်အားသိပ်မကျန်ရှိတော့ပေ။ သူက အနိုင်နိုင်ရပ်နေရ၏။  တစ်ယောက်ယောက်က  မဟာခွန် ဗုဒ္ဓမီးအိမ်ကို ယူသွားပါက သူ့အနေနှင့် စိတ်အေးနိုင်မည် မဟုတ်ပေ။ အကယ်၍ ထိုသူက သူ့ဂိုဏ်းမှ ဖြစ်နေလျှင်ပင် သူ့အနေနှင့် စိတ်မအေးပေ။

မိုဝူကျိ ပေါ်လာလိမ့်မည်ဟု မထင်ထားခဲ့ပေ။ မိုဝူကျိဘေးရှိ အင်မော်တယ်အရုပ်မှာ အင်မော်တယ် ဧကရာဇ်တစ်ယောက်၏ အင်အားရှိဟန် ပေါ်၏။ ထိုကလေးက လေးလံလွန်းအင်မော်တယ်ဂိုဏ်း၏ နီဖုန်းနျဲ့ကို စိမ်ခေါ်ရဲသည်မှာ အံ့ဩစရာ မရှိတော့ပေ။

“ ဒီက တာအိုအင်မော်တယ် ထိန်းသိမ်းစောင့်ရှောက်သူတို့ … ဒီလူတွေက ကောင်းကင်ချောက်ကမ်းပါး မြို့ရဲ့ အစီအရင်ကို ချိုးဖျက်ပြီး ဝင်လာတာလည်း သူတို့ပါ။ ပြီးတော့  ဆေးလုံးဆရာမိုက ကျုပ်တို့ လျှပ်စီးဂိုဏ်းက  အင်မော်တယ် အုပ်စိုးသူကို ဒဏ်ရာရစေခဲ့ပါတယ်။

အင်မော်တယ် ထိန်းသိမ်းစောင့်ရှောက်သူတို့အနေနဲ့  ဒီကိစ္စကို မြို့စားကူကျူးဆီ တင်ပြပေးဖို့ ရပ်ခံပါတယ် … ” ချီကျွင်းယီက သူတို့ရောက်လာသည့် အကြောင်းအရင်းကို မပြောပေ။ သူက ကောင်းကင်ချောက်ကမ်းပါးမြို့၏ အစီအရင် ဖျက်စီးလိုက်သူမှာ ယွမ်ယီ ဖြစ်ကြောင်းနှင့် မိုဝူကျိ၏ တိုက်ခိုက်မှုကိုသာ တင်ပြလိုက်၏။

မိုဝူကျိက နှာခေါင်းရှုံမိလိုက်သည်။ ပြောရလျှင် “ သူခိုးက လူပြန်ဟစ်” ဆိုသည့်စကားအတိုင်း  ဖြစ်၏။ အကယ်၍ အဆင့်အတန်း တစ်ခုသာ  မရှိနေလျှင် လက်ညိုးအထိုးခံရသူမှာ ပြန်လည်ချေပခွင့်ပင် ရလိုက်မည် မဟုတ်ပေ။ သို့သော်လည်း မိုဝူကျိက နယ်မြေပိုင် အရှင်နှင့် မယှဉ်နိုင်သော်လည်း မြင့်မားသည့်အဆင့်အတန်းတော့ ရှိပေသည်။ ထိုသို့မျိုးစကားများအတွက် ကြောက်နေရမည့် အကြောင်းအရင်း မရှိပေ။

ထိုအင်မော်တယ် ထိန်းသိမ်းစောင့်ရှောက်သူများက  ချီကျွင်းယီအား လက်နှစ်ဖက် ဆုပ်ကာ နှုတ်ဆက်ပြီးနောက် မိုဝူကျိဘက် လှည့်ကာ နှုတ်ဆက်လိုက်သည်

“ ဆေးလံးဆရာမိုက ဂုဏ်သရေရှိ အဆင့်အတန်းရှိတယ်ဆိုပေမဲ့  ကျုပ်တို့ ကောင်းကင်ချောက်ကမ်းပါး မြို့မှာ တိုက်ခိုက်တာကို တားမြစ်ထားတော့  တိုက်ခိုက်သူက အပြစ်ပေးခံရနိုင်သလို သေဒဏ်လည်း ချမှတ်ခံရနိုင်တယ် … ”

မိုဝူကျိက လက်နှစ်ဖက် ဆုပ်ကာ

“အင်မော်တယ် ထိန်းသိမ်းစောင့်ရှောက်သူတို့ …. ဒီနေရာက လူတော်တော်များများလည်း အဖြစ်အပျက်ကို မြင်လိုက်ကြပါတယ်။ ကျုပ်က ဂုဏ်သရေရှိ ဂုဏ်ထူးဆောင် အဆင့် ၇ ဆေးလုံးဧကရာဇ် တစ်ယောက်ဆိုပေမဲ့ ဒီအင်မော်တယ် အုပ်စိုးသူက ကျုပ်ကို ကိုယ်ထိလက်ရောက် လာစော်ကားဖို့ ကြိုးစားတယ်လေ ….. ကျုပ်က ကိုယ့်ဘာသာ ကာကွယ်တဲ့အနေနဲ့  အပြင်ပန်းဒဏ်ရာပဲ ပေးလိုက်တာပါ။

ပြီးတော့ အခုက ကောင်းကင်ချောက်ကမ်းပါးမြို့ထဲ ဖြစ်နေလို့  သူ့အပေါ် အလျော့ပေးလိုက်တာပါ … မဟုတ်လို့ကတော့  ဒီအတိုင်း လွယ်လွယ်နဲ့  ပြီးမသွားနိုင်ဘူး  ”

မိုဝူကျိ  စကားများကို ကြားပြီး အင်မော်တယ် အုပ်စိုးသူက သွေးမအန်ဘဲ မနေနိုင်တော့ချေ။

ငါ့ တာအိုအုတ်မြစ်နဲ့ ဝိညာဉ်လမ်းကြောင်းတွေကိုတောင် ဖျက်စီးသွားတာလေ  …. အဲဒါ လျော့ပေးတာတဲ့လား …..

အဲဆို  ဒဏ်ရာအပြင်းအထန် ရတာကို ဘယ်လိုများ သတ်မှတ်ထားတာလဲ မေးပါရစေဦး….

ငါ  ကိုယ်ထိလက်ရောက် လုပ်ဖို့ ကြိုးစားတာက သူတော်စင်ပေါက်စလေးကို မဟုတ်ဘူးလား ….

အင်မော်တယ်အုပ်စိုးသူက ထိုအတွေးဖြင့် တစ်ခုခုကို ပြန်လည် အမှတ်ရသွား၏။ အကယ်၍ မိုဝူကျိသာ  ပါးမွှားလေး ဖြစ်နေပါက မိုဝူကျိက သူ့တာအိုအုတ်မြစ်ကို မည်သို့ ဖျက်စီးပစ်နိုင်မည်နည်း။ အကယ်၍ တစ်ခြားတစ်ယောက် ဖြစ်နေလျှင် အင်မော်တယ် ဧကရာဇ်တစ်ယောက်၏ ဖိနှိပ်ခြင်းကို ခံလိုက်ရလျှင်ပင် သူ့တာအိုအုတ်မြစ်မှာ အလွယ်တကူ ဖျက်စီးခံလိုက်ရမှာလား …..

လူတိုင်း၏ တာအိုအုတ်မြစ်နှင့် ဝိညာဉ်လမ်းကြောင်းများမှာ ခြားနားကြောင်း သိသင့်ပေသည်။ မိုဝူကျိက သူ့တာအိုအုတ်မြစ်၏ တည်နေရာနှင့် ဝိညာဉ်လမ်းကြောင်းများအကြောင်း မည်သို့များ အတိအကျ သိနေရတာလဲ …..

သူ့ကို  ကူညီပေးလိုက်သူမှာ အင်မော်တယ် အရုပ် မဟုတ်ဘဲ   ဒီဆေးလုံးဆရာကိုယ်တိုင်က  အဆင့်နိမ့် အင်မော်တယ်အစား အင်မော်တယ် ဧကရာဇ်တစ်ယောက် ဖြစ်နေတာလား …..

အင်မော်တယ် အုပ်စိုးသူက ထိုအတွေးဖြင့် တုန်လှုပ်လာမိသည်။

“ အဖြစ်အပျက်က  ဒီလိုလား ” အင်မော်တယ် ထိန်းသိမ်းစောင့်ရှောက်သူက  ဒဏ်ရာရနေသည့် လျှပ်စီးဂိုဏ်းမှ အင်မော်တယ် အုပ်စိုးသူကို ကြည့်လိုက်သည်။

အင်မော်တယ် အုပ်စိုးသူက စိုးရိမ်နေမိရာ မိုဝူကျိသာ  အစစ်အမှန် အင်မော်တယ် ဧကရာဇ် ဖြစ်နေပါက သူက လျှပ်စီးဂိုဏ်းကို အလွတ်ပေးပါ့မလား …..

သူက ထိုအတွေးများဖြင့် နှစ်မျှောနေသောကြောင့်  ထိန်းသိမ်းစောင့်ရှောက်သူ၏ မေးခွန်းကို သတိမပြုမိလိုက်ပေ။

ထိန်းသိမ်းစောင့်ရှောက်သူက အဖြေပြန်မရသည့်အခါ  တိုက်ရိုက်သာ ပြန်ပြောလိုက်၏

“ ဒီလိုက အမှန်ပဲကိုး ….. ဒီလိုဆိုမှတော့  မှားတဲ့သူက ဆေးလုံးဆရာမို မဟုတ်ပါဘူး။ နောက်ထပ် ပြဿနာ ရှိသေးတယ်။ တစ်ယောက်ယောက်က ကျုပ်တို့ ကောင်းကင်ချောက်ကမ်းပါးမြို့ရဲ့ အစီအရင်ကို ဖျက်စီးသွားတယ် …. အဲဒီအကြောင်းကိုရော ဆေးလုံးဆရာမို သိပါသလား …. ”

ချီကျွင်းယီက စိတ်ထဲမှ သက်ပြင်းချလိုက်သည်။ မိုဝူကျိက အမှန်အတိုင်း ပြောနေခြင်းသာ ဖြစ်၏။ လျှပ်စီးဂိုဏ်းက အရင်လှုပ်ရှားခဲ့မိခြင်း ဖြစ်ပေသည်။ သို့သော်လည်း  သူတို့ တိုက်ခိုက်လိုက်သူမှာ မိုဝူကျိ မဟုတ်ဘဲ သူတော်စင်ပေါက်စလေးကို ဖြစ်၏။

ကံမကောင်းစွာ သူက ထိုအကြောင်း မပြောရဲပေ။ အကယ်၍ သူ ပြောလိုက်လျှင်  အရူးပင် ထိုသူတော်စင်ပေါက်စလေး လက်စွပ်၌ အဖိုးတန်ပစ္စည်းရှိနေကြောင်း သိသွားပေလိမ့်မည်။ ထို့အပြင်  သူတော်စင်ပေါက်စလေးအပေါ် တိုက်လိုက်ခြင်းမှာ အရင်ဦးစွာ လှုပ်ရှားလိုက်ခြင်းသာ ဖြစ်ပေသည်။

မိုဝူကျိက သက်ပြင်းချကာ

“ ဒီကိစ္စက အမှန်ပါပဲ …. ယွမ်ယီ အသက်ရှင်နေသေးရင် သူမကို ဖြောင့်ဖြပြီးတော့ မြို့စားကူဆီ လာတောင်းပန်ခိုင်းလိုက်မှာပါ။ ပြီးတော့  ကောင်းကင်ချောက်ကမ်းပါးမြို့မှာ ဖြစ်သွားတဲ့ အပျက်အစီးတွေအတွက်လည်း ပြန်လည် လျော်ကြေးပေးခိုင်းမှာ ဆိုပေမဲ့  ယွမ်ယီက  …… ဟူး …  ”

သူက ထိုနားရောက်သည့်အခါ သက်ပြင်းသာ ချလိုက်တော့သည်။ ထို့နောက် လက်နှစ်ဖက် ယှက်ကာ

“ ယွမ်ယီက မရှိတော့ဘူးဆိုပေမဲ့လည်း တောင်းပန်တာကတော့ လုပ်သင့်တယ်လေ။  ကျုပ် မိုဝူကျိက ယွမ်ယီအစား တောင်းပန်ပါတယ်။ ဒီကိစ္စတွေ ပြီးဆုံးသွားရင် ကျုပ်ကိုယ်တိုင် မြို့စားကူဆီ သွားတွေ့ပြီးတော့  တောင်းပန်လိုက်ပါ့မယ် …. ”

ထိန်းသိမ်းစောင့်ရှောက်သူများ  ထွက်မလာခင် ကူကျူး၏ ညွှန်ကြားချက်များကို လက်ခံထားလေရာ သူတို့အနေဖြင့် ကူကျူး၏ ရည်ရွယ်ချက်ကို သိပေသည်။ သူတို့က မိုဝူကျိ စကားမှ လေးနက်မှုနှင့် ကောင်းကင်ချောက်ကမ်းပါးမြို့၏ ဂုဏ်သတင်းကို အလေးထားကြောင်း ကြားသိရသည့်အခါ ခေါင်းညိတ်လိုက်ပြီး

“ ဒီကိစ္စကို ဖြစ်စေတဲ့သူက သေဆုံးသွားပြီဆိုတော့  ကျန်တဲ့ ကိစ္စတွေကို ထားလိုက်ပါ့မယ် …. ”

ထို့နောက် သူက ချီကျွင်းယီဘက် လှည့်ကာ

“ အကြီးအကဲချီ … ဒီလျှပ်စီးဂိုဏ်းက အင်မော်တယ် အုပ်စိုးသူရဲ့ အပြူအမူတွေကြောင့်  ဒဏ်ရာပြန်ရခဲ့ရတာဆိုတော့ ကျုပ်တို့တွေ ဒီကိစ္စကို ဒီမှာပဲ အဆုံးသတ်လိုက်မယ်။ အားလုံး  ဒီကိစ္စကို ဆက်ပြောချင်ရင် ကျုပ်တို့ ကောင်းကင်ချောက်ကမ်းပါးမြို့အပြင်ကို ထွက်ပြီး ပြောကြပါ ….. ”

“ သဘာဝကျပါတယ် ….” မိုဝူကျိက လက်နှစ်ဖက် ဆုပ်လိုက်ပြီး  လောကွတ်ချော်ကာ ပြောလိုက်သည်။  ထို့နောက်  သူက စုရှီကို ကောင်းကင်ချောက်ကမ်းပါး တည်းခိုဆောင်ထဲ ခေါ်လာလိုက်သည်။

သူက မိုဝူကျိ နောက်ကျောကို ကြည့်ကာ  ချီကျွင်းယီက သတ်ဖြတ်ငွေ့များနှင့် ပြည့်နှက်နေသည်။ အချိန်ခဏအကြာတွင် သူက သက်ပြင်းအရှည်ကြီး ချလိုက်ပြီး

“ သွားကြစို့ ”

ကောင်းကင်ချောက်ကမ်းပါးမြို့၌ သူက မိုဝူကျိကို မယှဉ်နိုင်ချေ။ သူက လျှပ်စီးဂိုဏ်းကို အရင်ပြန်၍ နောက်ထပ် အကြံအစည်တစ်ခု ထပ်ဆွဲရမည်။

မိုဝူကျိက သူ့အခန်းဆီ ပြန်မလာခင်  ကျော့ဖျင်အန်းဆီ လှမ်းအကြောင်းကြားလိုက်သည်။ ကျော့ဖျင်အန်းအား ကောင်းကင်ချောက်ကမ်းပါးမြို့မှ ထွက်ကာ ချီကျွင်းယီ အပါအဝင်  လျှပ်စီးဂိုဏ်းမှ လူများကို  အဆုံးသတ်ခိုင်းလိုက်ခြင်း ဖြစ်၏။

All Chapters