အခန်း (၆၃၃)
Vol. 46 Ch. 633
မိုဝူကျိအတွက် လျှပ်စီးဂိုဏ်းနှင့် ပြန်လည် သင့်မြတ်ရန် မဖြစ်နိုင်ချေ။ ထိုသို့ဆိုမှတော့ သူ့အနေဖြင့် သူတို့၏ အင်မော်တယ် ဧကရာဇ်တစ်ယောက် အင်အားကို ဖြတ်တောက်လိုက်သည်က ပို၍ ကောင်းသည် မဟုတ်ပါလော။ ထို့အပြင် သူက ချီကျွှင်းယီမှာ လျှပ်စီးဂိုဏ်း၏ အားအကောင်းဆုံး အင်မော်တယ် ဧကရာဇ် ဖြစ်ကြောင်း ကြားထား၏။ သူ့ကို သတ်ပြီးသည့်နောက် လျှပ်စီးဂိုဏ်းအနေဖြင့် သေချာပေါက် ခေါင်းကိုက်စရာ ဖြစ်လာလိမ့်မည်။
သို့သော် ချီကျွင်းယီ သူ့ကို သတ်နိုင်ရန် ပြန်ကောင်းလာသည့်အထိ စောင့်ဆိုင်းနေရမည်လား ….. သူက ထိုမျှ နုံ့အမနေပေ။
မိုဝူကျိက မီးအိမ်အကြောင်း သေချာမသိသေးသော်လည်း ချီကျွင်းယီက ထိုအတွက် ဒဏ်ရာများစွာကို လျစ်လျူရှုထားသည်ကို မြင်သောအခါ ထိုမီးအိမ်မှာ ထိုမျှမရိုးရှင်းကြောင်း သိလိုက်၏။
ယခု မီးအိမ်က ချီကျွင်းယီ လက်ထဲ အဆုံးသတ်မသွား၍ ချီကျွင်းယီအနေဖြင့် ထိုကိစ္စကို လက်လျော့မည်ဆိုမှသာ ထူးဆန်းနေလိမ့်မည်။ အကယ်၍ ချီကျွင်းယီသာ ပြန်ကောင်းလာလျှင် မိုဝူကျိကို သေချာပေါက် သတ်ပစ်ဖို့ နည်းလမ်းများ ရှာဖွေလိမ့်မည်။
ယခု သူ့တွင် အင်အားရှိလာပြီ ဖြစ်သော်လည်း ထိုအင်အားမှာ သူ့အပိုင် မဟုတ်ချေ။ တစ်ချို့တစ်ဝက်မှာ တာ့ဟွမ်ဆီက ဖြစ်ပြီး နောက်ထပ် တစ်ချို့မှာ ကျော့ဖျင်အန်းဆီမှ ဖြစ်၏။ ဤသို့မျိုး အခြေအနေအောက်တွင် သူ့ကိုယ်သူ ချီကျွှင်းယီ၏ အမဲလိုက်စာရင်းထဲ အရောက်ခံ၍ မဖြစ်ပေ။
……………..…
“ မဟာအကြီးအကဲ … မိုဝူကျိက အဲလောက်တောင် အားကောင်းတာလား။ အကြီးအကဲမင်က အင်မော်တယ် အုပ်စိုးသူ ဆိုပေမဲ့ တစ်ချက်တည်းနဲ့ ဒဏ်ရာအပြင်းအထန်ကို ရသွားတယ်လေ … ” ကောင်းကင်ချောက်ကမ်းပါးမြို့မှ ထွက်လာပြီးနောက် ထိုမိန်းကလေးက ကြောက်ရွံ့စွာဖြင့် မေးလိုက်သည်။ သူမက ပျံသန်းရေး ရတနာ ထိန်းချုပ်နေသူ ဖြစ်၏။
ဘေးတွင် ချီကျွင်းယီ မျက်နှာကား မသာမယာ ဖြစ်နေသေး၏။ သူက ထိုစကားများကို ကြားသောအခါ နှာခေါင်းရှုံ့လိုက်ပြီး
“ မိုဝူကျိက ဘယ်လိုလုပ် အဲလောက် အားကောင်းနိုင်မှာတုန်း …. အင်မော်တယ်အရုပ် အဲလောက် အားကောင်းလိမ့်မယ်လို့ ထင်မထားမိဘူး။ ကြည့်ရတာ အင်မော်တယ် ဧကရာဇ်အဆင့်နဲ့ အတူတူပဲ ။ ကျုပ် ဒဏ်ရာတွေ ပြန်ကောင်းသွားတာနဲ့ ဒီအကြွေးကို သေချာပေါက် ပြန်ပေးဆပ်ရမယ် ….. ”
အကယ်၍ သူက ဒဏ်ရာများကို လျှင်မြန်စွာ ပြန်ကောင်းလာလိုလျှင် လျှပ်စီးဂိုဏ်း၏ လျှပ်စီးရေကန်သို့ ပြန်လိုက်ရုံသာ ဖြစ်၏။ ထို့ကြောင့် ကောင်းကင်ချောက်ကမ်းပါးမြို့မှ မြန်မြန် ထွက်သွားလိုနေခြင်း ဖြစ်ပေသည်။
“ မဟာအကြီးအကဲ …. မိုဝူကျိက ကျတော်တို့နောက် လိုက်ပြီးတော့ ရှင်းမပစ်ဘူးလား ” မဟာလော့ရှန်းအဆင့် ကျင့်ကြံသူက အနည်းငယ် စိုးရိမ်နေမိသည်။
ချီကျွင်းယီက နှာခေါင်းရှုံ့ကာ “ သူက သတ္တိမရှိပါဘူး … သူ့အင်မော်တယ်အရုပ်လေးကို မှီခိုနေရတာကို … ”
သူက မိုဝူကျိ လိုက်လာမည်ကို မကြောက်ပေ။ အရင်ဦးစွာ အင်မော်တယ်အရုပ်၏ ဝိညာဉ် အသိဉာဏ်ကို ထည့်မပြောလျှင်ပင် အမြန်နှုန်းအားဖြင့် အင်မော်တယ်အရုပ်က ဤပျံသန်းရေး ရတနာကို မမှီချေ။ အကယ်၍ မိုဝူကျိက သူတို့နောက် လိုက်လာလိုလျှင် မိုဝူကျိ ကောင်းကင်ချောက်ကမ်းပါးမြို့သို့ ပြန်မရောက်စေရန် နည်းလမ်းမျိုးစုံ သုံးပြီး ကြိုးစားထားလိုက်ရုံ ဖြစ်၏။
အင်မော်တယ် ဧကရာဇ် အင်အားရှိနေသော အရုပ်မှာ အရုပ်သာလျှင် ဖြစ်၏။ ဉာဏ်ရည်မရှိသည့် အရာက သူ ချီကျွင်းယီ အား ရပ်တန့်နိုင်မည် မဟုတ်ပေ။ ထိုမျှဒဏ်ရာများစွာ ရှိနေသော်လည်း သူ ချီကျွင်းယီမှာ အင်မော်တယ် ဧကရာဇ် ဖြစ်နေဆဲ ဖြစ်သည်။
“ မှားနေပြီ … သူက သတ္တိရှိတာပေါ့ … မဟုတ်ရင် ငါ ဒီနေရာ ရောက်နေမှာတောင် မဟုတ်ဘူး ” နွေးထွေးညင်သာသည့် အသံကို ကြားလိုက်ရသည်။ ထို့နောက် လူပုံရိပ်တစ်ခုက သင်္ဘောပျံရှေ့ ပေါ်လာသည်။ သင်္ဘောပျံမှာ အားကောင်းသည့် စွမ်းအားစက်ကွင်းအတွင်း ပိတ်မိသွားပြီး ကျွီခနဲ ရပ်တန့်သွားတော့သည်။
“ ဘယ်သူလဲ ….” ချီကျွင်းယီက ရုတ်တရက် ထရပ်လိုက်သည်။ သူက ဖြူဖျော့ဖျော့ ပညာရှင်ကို ကြည့်ကာ သူ့နှလုံးသားကား တုန်လှုပ်မှုဖြင့် တဒုန်းဒုန်း အခုန်မြန်လာသည်။
သူက သင်္ဘောပျံ ထိန်းချုပ်နေခြင်း မဟုတ်သော်လည်း အင်မော်တယ် ဘုရင်မောင်းနှင်နေသော သင်္ဘောပျံကို ရပ်တန့်သွားဖို့ အလွယ်တကူ ထိန်းချုပ်ထားနိုင်လေရာ သေချာပေါက် အင်မော်တယ် ဧကရာဇ်သာ ဖြစ်လိမ့်မည်။ ထို့အပြင် ဤလူ၏ အရှိန်အဝါမှာ သူ ဒဏ်ရာမရခင် အခြေအနေထက်ပင် ပို၍ အားကောင်းနေသေး၏။
ဆိုလိုသည်မှာ သူ ဒဏ်ရာ ရမနေလျှင်ပင် ဤလူ၏ ပြိုင်ဖက် မဟုတ်ပေ။
ကျော့ဖျင်အန်း မဖြေခင် ချီကျွင်းယီစိတ်ထဲ နာမည် တစ်ခု ပေါ်လာလေ၏။ ထို့ကြောင့် သူက အလေးအနက် မေးလိုက်သည်
“ ဒီက အင်မော်တယ် ရောင်းရင်းက ငြိမ်းချမ်းရေး ကျွန်းဆွယ်ရဲ့ ကျော့ဖျင်အန်းလား ”
ကျော့ဖျင်အန်းက ချီကျွင်းယီ၏ သင်္ဘောပျံ ကုန်းပတ်ပေါ် အလွယ်လေး ရောက်လာ၏။ သင်္ဘောပေါ်ရှိ အတားအဆီးများမှာ သူ့အတွက် မရှိသည့်လေအလား ဖြစ်၏။
“ ငြိမ်းချမ်းရေး ကျွန်းဆွယ်အပြင်မှာ ငါ့ကို မှတ်မိတဲ့သူ ရှိလိမ့်မယ်လို့ ထင်မထားဘူး ” ကျော့ဖျင်အန်း၏ ခြေလှမ်းများက အတော်လေး နှေးကွေးပေသည်။ သူက ပျင်းရိစွာ ပြောနေကာ အထီးကျန်နေသည့်ဟန် ပေါ်နေသည်။
“ အင်မော်တယ်ရောင်းရင်းကျော့ … ကျုပ်တို့ လျှပ်စီးဂိုဏ်းက ခင်ဗျားနဲ့ ရန်ကြွေး မရှိပါဘူး။ ဒါပေမဲ့ အင်မော်တယ်ရောင်းရင်းကျော့က ကျုပ်တို့လမ်းကို လာတားဆီးနေတယ်။ အဲဒါက ဘာအဓိပ္ပါယ်များလဲ …..” ချီကျွင်းယီက အရူး မဟုတ်ပေ။ သူက ကျော့ဖျင်အန်း၏ သတ်ဖြတ်ငွေ့များကို ခံစားမိ၏။ ကျော့ဖျင်အန်း ရုတ်ချည်း ပေါ်ပေါက်လာမှုမှာ စကားစမြည် ပြောဖို့ရာ မဟုတ်ဘဲ သူ့ကို သတ်ဖို့ရာ ဖြစ်ပေသည်။
“ ကျုပ်က အမိန့်အောက်မှာ လှုပ်ရှားနေတာလေ …. ခင်ဗျားတို့ကို မိုဝူကျိဆီ ရန်သွားစလို့ ဘယ်သူကများ ပြောလို့လဲ …. သူက ခင်ဗျားတို့ အားလုံးကို သတ်ဖို့ ပြောမှတော့ ကျုပ် ထွက်လာရတာပေါ့။ ကျုပ်က အခု တခြားသူအတွက် အလုပ်လုပ်ပေးနေတာလေ …” ကျော့ဖျင်အန်းက သက်ပြင်းချလိုက်ရင်း ဖြည်းဖြည်းချင်း လက်ကို မြှောက်လိုက်သည်။
“ ဘာ ….” ချီကျွင်းယီက ကျော့ဖျင်အန်းကို မယုံနိုင်စွာ စိုက်ကြည့်လိုက်သည်။ သူက မိုဝူကျိသည် ကျော့ဖျင်အန်းကို သူလက်အောက် ခေါ်ထားနိုင်လိမ့်မည်ဟု မယုံကြည်နိုင်ပေ။
ကျော့ဖျင်အန်းဖြင့် လျှပ်စီးဂိုဏ်းတစ်ခုလုံးပင် မိုဝူကျိကို လက်စားချေဖို့ အခွင့်အရေး မရှိတော့ပေ။ သူက ကျော့ဖျင်အန်း၏ သတ်ဖြတ်ငွေ့များကို ရှင်းရှင်းလင်းလင်း ခံစားမိနေသည်။ သူ့စိတ်ထဲ ရေခဲပုံး လောင်းချခံထားသည့်အလား အေးစက်တုန်ယင်နေသည်။ အကယ်၍ သူသာ အချိန်နောက်ပြန်ဆုတ်နိုင်ပါက မဟာခွန် ဗုဒ္ဓမီးအိမ်၏ မီးစာကို သွားပြနေမည် မဟုတ်ပေ။
………..
“ ဂျုနီယာညီမလေး စုရှီ ဘာတွေ ဖြစ်ခဲ့တာတုန်း ” သူတို့အခန်းပြန်ရောက်လာသည့်အခါ မိုဝူကျိ ပထမဆုံး လုပ်သည့်အရာမှာ အတားအဆီးများ ချမှတ်ပြီးနောက် ထိုမေးခွန်းကို မေးလိုက်ခြင်း ဖြစ်၏။
သူတော်စင်ပေါက်စလေးက ယွမ်ယီကို ဂရုတစိုက် ချလိုက်ပြီးနောက် မျက်ရည်များကို သုတ်ကာ
“ အဲဒါ လျှပ်စီးဂိုဏ်းရဲ့ ချီကျွင်းယီက ကြံစည်ထားတာ … သူက ညီမဆရာကို ကောင်းကင်ချောက်ကမ်းပါးမြို့ အပြင်ဘက်ကို မျှားခေါ်သွားတာ … ဆရာက မီးစာကို လဲလှယ်ဖို့အတွက် ချီကျွင်းယီ အလိုချင်ဆုံး ပစ္စည်းကိုတောင် ပေးခဲ့တယ်။ ချီကျွင်းယီက အဲဒီပစ္စည်းကို ယူပြီးသွားတော့ စကားကိုတော့ ပြန်မရုတ်သိမ်းပါဘူး။ မီးစာကို ပစ်ပေးလိုက်တယ် ….
ဒါပေမဲ့ ဆရာက မီးစာကို ဖမ်းလိုက်တဲ့အချိန် ချီကျွင်းယီက ရုတ်တရက် ထတိုက်ခိုက်လိုက်တယ် …
ဆရာက ပစ္စည်းကို မြန်မြန်သိမ်းပြီးတော့ သူနဲ့ တိုက်ခိုက်လိုက်ရတယ်။ နောက်ပိုင်းကျ နှစ်ယောက်လုံး ဆက်တိုက် တိုက်ခိုက်နေရတာ …. ညီမက ဆရာကို ထွက်သွားဖို့ ခေါ်မလို့ လုပ်တုန်း သူက လျှပ်စီးဂိုဏ်းသားတွေကို လှမ်းခေါ်လိုက်တယ်။ ဆရာက သူ့အသက်ကို စတေးပြီးတာ့ ကောင်းကင်ချောက်ကမ်းပါးမြို့အထိ ထွက်ပြေးလာလိုက်တာ ”
နောက်ပိုင်း ကိစ္စရပ်များက ပြောဖို့ရာ မလိုတော့ပေ။ မိုဝူကျိက အားလုံးကို သိထားပြီးသား ဖြစ်၏။
“ အဲဒီ မီးအိမ်က အရမ်း အရေးကြီးတာလား … မင်းဆရာက ချီကျွင်းယီရဲ့ အကြံကို မသိဘူးမလား ” မိုဝူကျိ မျှော်လင့်မထားသည့် တစ်ခုတည်းသောအရာမှာ ယွမ်ယီက ချီကျွင်းယီကို ဖိနှိပ်ထားနိုင်လောက်အောင်အထိ အားကောင်းနေခြင်း ဖြစ်၏။ အကယ်၍ တခြားနည်းဖြင့်ပြောလျှင် ယွမ်ယီသာ ချီကျွင်းယီ၏ လုပ်ကြံတိုက်ခိုက်မှုကို ဖြစ်စေသည့် အလဲအလှယ်အတွင်း အရမ်း စိတ်မလှုပ်ရှားနေမိလျှင် အလဲအလှယ်ကား ချောချောမွေ့မွေ့ ပြီးဆုံးသွားလိမ့်မည်။
စုရှီက ခေါင်းညိတ်လိုက်ပြီး
“ အဲဒါက မဟာခွန်ဗုဒ္ဓ မီးအိမ်လေ။ ညီမတို့ တရားသူတော်စင်ကျောင်းရဲ့ အဓိက ရတနာထဲက တစ်ခုပေါ့။ အရင်တုန်းက ဆရာက တစ်ခါ ပြောပြဖူးတယ် …. တရားသူတော်စင်ကျောင်းက အင်မော်တယ်လောကတစ်ခုလုံးမှာ နံပါတ်တစ် ဗုဒ္ဓဂိုဏ်းတဲ့ ။ ဒါပေမဲ့ မဟာခွန် ဗုဒ္ဓမီးအိမ်ရဲ့ မီးစာက ပျောက်ဆုံးသွားလို့ တရားသူတော်စင်ကျောင်းက တဖြည်းဖြည်း ယုတ်လျော့လာတော့ နောက်ပိုင်းကျ ဘယ်သူမှ မရှိတဲ့ အမွေအနှစ်ဂိုဏ်းတစ်ခု ဖြစ်လာတာ …. ”
“ အခု မင်းဆရာက သေပြီဆိုတော့ တရားသူတော်စင်ကျောင်းမှာ မင်းတစ်ယောက်တည်း ကျန်တော့တာလား ” မိုဝူကျိက မရေမရာ မေးလိုက်သည်။
စုရှီက ခေါင်းညိတ်ပြလိုက်ပြီးနောက် ခေါင်းခါပြလိုက်သည်။ သူမဆရာ သေဆုံးပြီးနောက် သူမအနေဖြင့် မည်သည့်နေရာ သွားရမည်မှန်း မသိတော့ပေ။ သို့သော်လည်း မည်သို့ပင် ဖြစ်လာစေကာမူ တရားသူတော်စင်ကျောင်းတော်အား အဆုံးသတ်သွားစေ၍ မဖြစ်မှန်း သိ၏။
“ ပြောစရာ ရှိနေတဲ့ပုံပဲ ….” မိုဝူကျိက စုရှီ၏ စိတ်ရှုပ်ထွေးသော အပြုအမူများကို သတိပြုမိပြီးနောက် မြန်မြန် မေးလိုက်သည်။
စုရှီက မပြောခင် ခဏတာ တွေဝေနေပြီးနောက်
“ တကယ်တော့ တရားသူတော်စင်ကျောင်းတော်မှာ နောက်ထပ် အခွဲတစ်ခု ရှိသေးတယ်။ မဟာခွန် ဗုဒ္ဒဂိုဏ်းတဲ့ …. ”
“ မဟုတ်သေးပါဘူး … တရားသူတော်စင်ကျောင်းရဲ့ အဓိက ရတနာက မဟာခွန်ဗုဒ္ဓ မီးအိမ်ဆို … အဲဆို အဲဒီမဟာခွန် ဗုဒ္ဓဂိုဏ်းက ပင်မဂိုဏ်းလား ….” မိုဝူကျိက စုရှီ၏ စကားများထဲမှ လိုအပ်ချက်ကို ထောက်ကာ ပြောလိုက်သည်။
စုရှီက ခေါင်းခါကာ
“ အဲလို မဟုတ်ဘူး။ မဟာခွန်ဗုဒ္ဓဂိုဏ်းက မဟာခွန်ဗုဒ္ဓ မီးအိမ် ပျောက်ဆုံးသွားပြီးတဲ့နောက်ပိုင်း တရားသူတော်စင်ကျောင်းက ထွက်သွားတဲ့ တပည့်တချို့ တည်ထောင်ထားတာပါ … အဲဒီနှစ်တွေတုန်းက တိုက်ပွဲကြီး ဖြစ်ပွားခဲ့တယ်တဲ့။
အဲဒီတိုက်ပွဲအတွင်းမှာ တရားသူတော်စင်ကျောင်းက စတင်ပြီး ပြိုကွဲလာတာ … အဲဒီအချိန်တုန်းက မဟာခွန်ဗုဒ္ဓမီးအိမ်လည်း ပျောက်ဆုံးသွားတယ် …. ”
“ အဲဆို မဟာခွန်ဗုဒ္ဓ မီးအိမ်ရဲ့ မီးစာခွက်က မင်း ဆရာဆီမှာ ရှိတာလား ” မိုဝူကျိက ဆက်ကာ မေးလိုက်သည်။
စုရှီက စာရွက်ဖြူလေးကဲ့သို့ ဖြူစင်လှလေရာ အကြံအစည်များ၊ အကောက်ကြံမှုများအကြောင်း သိမည် မဟုတ်ပေ။ မိုဝူကျိက သူမကို မေးလိုက်သည်နှင့် သူမက စိတ်ထင့်နေခြင်း မရှိဘဲ ပြန်ဖြေလိုက်၏
“ ဟုတ်တယ် …. အဲဒီမီးစာခွက်က တကယ်ကို အံ့မခန်းပဲ။ အဲဒီမီးစာခွက်ကြောင့် ဆရာက မီးစာရှိတဲ့နေရာကို သိတာလေ။ ဆရာက ညီမကို ခေါ်ပြီး ကောင်းကင်ချောက်ကမ်းပါးမြို့ဆီ ရောက်လာတာက အဲဒီမီးစာခွက်နဲ့ မီးအိမ်ကို ပေါင်းစပ်နိုင်အောင်လို့လေ …. ”
“ အဲဆို မဟာခွန်ဗုဒ္ဓ ဂိုဏ်းက အဲဒီမီးစာခွက်က တရားသူတော်စင်ကျောင်းမှာ ရှိတာ သိတယ်လား …” မိုဝူကျိက မေးခွန်းများ တစ်ခုပြီးတစ်ခု မေးမြန်းနေသည်။
“ သူတို့ မသိသေးဘူး။ ဆရာ ပြောတာတော့ သူတို့သိလို့ မဖြစ်ဘူးတဲ့ …. သူတို့သိသွားရင် တရားသူတော်စင်ကျောင်းကို အလွတ်ပေးမှာ မဟုတ်ဘူး ”
စုရှီ စကားများကို ကြားသောအခါ မိုဝူကျိ စိတ်ထဲ လေးလံမိသွားသည်။ အမြင်နှင့်တင် သူက စုရှီကို ကယ်တင်လိုက်သည့်အတွက် လျှပ်စီးဂိုဏ်းနှင့် ရန်ကြွေး ပိုနက်ရှိင်းသွားရုံသာမက ရန်သူအသစ် ရလိုက်ဟန် ပေါ်သည်။
မိုဝူကျိက ထိုအတွေးဖြင့် ခေါင်းပင် ကိုက်လာမိသည်။ အကယ်၍ ဤသို့မျိုး စာရွက်ဖြူလေးကဲ့သို့ ဖြူစင်လှသော မိန်းကလးကို သူ့ဘာသာ ထားလိုက်ပါက သေခိုင်းသလို ဖြစ်နေပေလိမ့်မည်။ သူမကို ခေါ်ထားပြန်လျှင်လည်း ရန်သူများ ပိုများလာပေလိမ့်မည်။
စုရှီက မဟာခွန်ဗုဒ္ဓမီးအိမ်ကို လက်လျော့လျှင် ထိုပြဿနာများ ဖြစ်လာမည် မဟုတ်သော်လည်း မဟာခွန်ဗုဒ္ဓမီးအိမ်မှာ ယွမ်ယီ အသက်လဲထားရသည့် ပစ္စည်း ဖြစ်ပေရာ စုရှီက အသာအယာ ထုတ်ပေးမည်လား။
“ တကယ်လို့ မဟာခွန်ဗုဒ္ဓဂိုဏ်းက ဒီ မဟာခွန်ဗုဒ္ဓ မီးအိမ် လာရှာရင် ဘယ်လိုလုပ်မှာလဲ ….” မိုဝူကျိက ထိုမေးခွန်းကို ဆုံးဖြတ်နေဆဲ ဖြစ်ရာ ထိုသို့ကိစ္စရပ်မျိုးကား ထိပ်တိုက်ရင်ဆိုင်ရန် လိုအပ်ပေသည်။
စုရှီက တွေဝေသွားပြီး ထိုပစ္စည်းကို လျှပ်စီးဂိုဏ်းတစ်ခုတည်းက အလိုရှိနေမှန်း မဟုတ်ကြောင်း မဟာခွန်ဗုဒ္ဓ ဂိုဏ်းလည်း ပါဝင်နေကြောင်း ရိပ်မိလာတော့သည်။
မကြာခင် သူမက ပြတ်ပြတ်သားသား အဖြေပေးလိုက်၏
“ ဒါက ဆရာရဲ့ အသက်နဲ့ လဲထားရတာ …. ညီမ မသေမချင်း သူတို့ဆီ လုံးဝ မပေးနိုင်ဘူး ”
မိုဝူကျိက စိတ်ထဲမှ သက်ပြင်းချကာ ပြောလိုက်သည်
“ မင်းက အတွေ့အကြုံ မရှိသေးဘူး။ နောင်ကျ တစ်ယောက်ယောက်က မင်းကို မဟာခွန်ဗုဒ္ဓ မီးအိမ်အကြောင်း မေးလာရင် အဲအကြောင်း ဘာမှ မသိဘူး လို့ ဖြေရမယ် ….. ”
စုရှီက မိုဝူကျိအား ကြောင်တောင်တောင် ကြည့်လိုက်သည်။ သူမက အချိန်အတော်ကြာမှ ခေါင်းညိတ်ပြလေ၏။
“ အဲဆို အခန်းထဲ သွားပြီး နားတော့ … အခြားကိစ္စတွေကို ကူညီပေးမယ်။ လူတစ်ယောက် သေသွားရင် သူ့ကို ပြန်ခေါ်လို့ မရတော့ဘူး။ မင်းလုပ်ဖို့ လိုအပ်နေတာက မင်း ကျင့်ကြံဆင့် တိုးမြင့်ဖို့ပဲ ….” မိုဝူကျိက ဖြောင့်ဖြလိုက်၏။
စုရှီနှင့် သူ ပထမဆုံး တွေ့စဉ်က သူမက စနောက်ခဲ့သေး၏။ သူမက ရိုးသားဖြူစင်ကာ အပြစ်ကင်းစင်ပြီး ဘဝ၏ အဖြစ်အပျက်ဆိုးများနှင့် မကြုံတွေ့ဖူးပေ။ ဤသို့အရာမျိုး တွေ့ဆုံပြီးနောက် မိုဝူကျိက စုရှီ၏ မျက်ဝန်းအတွင်း ဇဝေဇဝါဖြစ်မှုကို မြင်ခဲ့ရသည်။
တစ်ခါတစ်ရံ၌ ရင့်ကျက်လာမှုမှာ အမှောင်ထုနှင့်အတူ ဖြစ်ပေါ်လာခြင်း ဖြစ်၏။ စုရှီက ဤညစ်ညမ်းနေသည့် ကမ္ဘာကြီးထဲ ဖြည်းဖြည်းချင်း ဝင်ရောက်လာတော့မည် ဖြစ်ကာ သူ့အနေနှင့် တားရမည့် နည်းလမ်း မရှိချေ။ သူ တစ်ခုတည်း မျှော်လင့်နိုင်သည်က သူမ စိတ်နှလုံးသား ဖြူစင်နေဆဲ ကျန်ရှိနေဖို့ရာ ဖြစ်ပေသည်။
စုရှိက မိုဝူကျိအား ဦးညွှတ်ကာ ဆရာကို သယ်ရင်း တခြားအခန်းထဲ ဝင်သွားလိုက်သည်။
မိုဝူကျိက တံခါးမှ အတားအဆီးကို ဖြေလျော့လိုက်သည့်အခါ ကျော့ဖျင်အန်းက ဝင်လာသည်။ သူက စုရှီအခန်းကို ကြည့်ကာ သက်ပြင်းချလိုက်ပြီး
“ မင်းတော့ နောက်ထပ် ပြဿနာအကြီးကြီး သယ်လာပြန်ပြီ … ”
မိုဝူကျိက ဆံပင်မျာကို ဖွလိုက်သည်။ သူ့အနေဖြင့် ပြဿနာကြား ကျရောက်သွားကြောင်း မည်သို့မသိဘဲ နေမည်နည်း။ တရားသူတော်စင်ဂိုဏ်းမှာ လူသူမရှိသည့် ဂိုဏ်း ဖြစ်လာသော်လည်း ယွမ်ယီကဲ့သို့ အဆင့်မြင့် ကျင့်ကြံသူ ရှိသေး၏။ မဟာခွန်ဗုဒ္ဓ ဂိုဏ်းမှာ တရားသူတော်စင်ကျောင်း၏ အခွဲ ဖြစ်သောကြောင့် မည်သို့ ရိုးရှင်းနိုင်မည်နည်း။
သို့သော် စုရှီကို လက်လွတ်လိုက်ရမည်လား ….
သူက စုရှီကို ကောင်းကင်ချောက်ကမ်းပါးမြို့အပြင် ခြေချခွင့် ပြုလိုက်သည်နှင့် သူမ ခန္ဓာကိုယ်မှာ အလောင်းကောင် ဖြစ်သွားပေလိမ့်မည်။
မိုဝူကျိက ထိုသို့အရာမျိုး မဖြစ်စေချင်ပေ။ တစ်ခါတစ်ရံ၌ သူက အင်မော်တယ်လောက၏ ရက်စက်မှုများနှင့် အသားကျနေပြီဟု ထင်မှတ်မိသော်လည်း သူက သာမာန်နှလုံးသားနှင့် သာမာန်လူသားဖြစ်နေဆဲ ဖြစ်ကြောင်း တွေ့ရှိလိုက်ရသည်။ သူက အသက်များ၏ မွန်မြတ်သန့်စင်မှုကို လျစ်ရှုရှုမထားနိုင်ပေ။ သူက မဟာယီရှန်းအဆင့် ဖြစ်ပြီး အဆင့် ၇ ဆေးလုံးဧကရာဇ် ဖြစ်သော်လည်း ဤသာမာန်ဖြစ်မှုမှ မကျော်လွန်နိုင်သေးပေ။ သို့သော်လည်း သူက ထိုသာမာန်ဖြစ်မှုအား ကျော်လွန်မသွားချင်ပေ။