အချိန်တန်ရင် ဖြစ်လာမှာပဲ
Vol. 46 Ch. 634
“မဟာခွန်ဗုဒ္ဓဂိုဏ်းက အတော်လေး အားကောင်းတယ်။ မင်းက ဒီအရှုပ်ကြား ရောက်ပြီးပြီဆိုတော့ စုရှီကို ရှာပြီးတော့ မဟာခွန်ဗုဒ္ဓမီးအိမ်အကြောင်း မေးသင့်တယ်။ အဲဒါမှ မင်းအတွက် အသုံးဝင်လာနိုင်မှာ ….” ကျော့ဖျင်အန်း ဝင်လာသည်နှင့် လက်စွပ်များကို ချကာ ထိုစကားများကို ပြောပြီးနောက် ခေါင်းတခါခါဖြင့် မိုဝူကျိ၏ အခန်းမှ ပြန်ထွက်သွားတော့သည်။
မိုဝူကျိက လက်စွပ်များကို သိမ်းထားလိုက်သည်။ သူက ကျော့ဖျင်အန်းကို အနည်းငယ် ကျေးဇူးတင်မိ၏။ ထိုလက်စွပ်များကြား အင်မော်တယ် ဧကရာဇ်၏ လက်စွပ် ပါဝင်နေပေရာ သေချာပေါက် ပစ္စည်းကောင်းများ ရှိနေပေလိမ့်မည်။ ကျော့ဖျင်အန်းက ထိုအရာအားလုံးကို သူ့အား ပေးခဲ့ခြင်း ဖြစ်၏။ ထို့အပြင် ထိုလက်စွပ်များရှိ အတားအဆီးများမှာ မထိရသေးကြောင်း သေချာ၏။ ကျော့ဖျင်အန်းက ဖြောင့်မတ်သည့် လူ ဖြစ်ကြောင်း သိသာသည်။
မိုဝူကျိက ကျော့ဖျင်အန်း အပြုအမူများနောက်မှ အဓိပ္ပါယ်ကို ကောင်းကောင်း သိ၏။ အကယ်၍ လျှပ်စီးဂိုဏ်းက သူ့နောက် လိုက်ကြလျှင် မိုဝူကျိအနေဖြင့် ထိုလျှပ်စီးဂိုဏ်းသားများကို ရှင်းပစ်လိုက်ခြင်းအပေါ် အပြည့်အဝ တာဝန်ယူရမည် ဖြစ်၏။
မိုဝူကျိက ဤကျေးဇူးကို စိတ်ထဲ မှတ်သားထားလိုက်သည်။ ကျော့ဖျင်အန်းက ထိုပစ္စည်းများ မပေးလျှင်ပင် သူ့အနေနှင့် ပါဝင်ပတ်သတ်နေမှုအား ငြင်းဆိုနေမည် မဟုတ်ချေ။ လက်တွေ့၌ သူက လျှပ်စီးဂိုဏ်းသားများကို သတ်ပစ်လိုက်ကြောင်း ဦးနှောက်ရှိသူတိုင်း သိပေလိမ့်မည်။
မည်သူက လျှပ်စီးဂိုဏ်းနှင့် ရန်သူဖြစ်ဖို့ရာ အလိုရှိဦးမည်နည်း။
မိုဝူကျိက စုရှီကို မဟာခွန်ဗုဒ္ဓမီးအိမ်အကြောင်း ချက်ချင်း မမေးပေ။ စုရှီက စိတ်နှင့်ကိုယ်နှင့် မကပ် ဖြစ်နေသေးကြောင်း သိထား၏။ ဤသူတော်စင်ပေါက်စလေးအား အချိန်တစ်ခုအထိ ပေးချင်သည်။
သူ့အခန်းသို့ ပြန်လာကာ အစီအရင်များ ခင်းကျင်းပြီးနောက် မိုဝူကျိ ပထမဆုံး လုပ်သည့်အရာမှာ ချီကျွင်းယီ၏ လက်စွပ်ကို ထုတ်ယူခြင်း ဖြစ်၏။ ချီကျွင်းယီက သေဆုံးသွားပြီ ဖြစ်ရာ သူ့လက်စွပ်ကို အလွယ်တကူ ဖွင့်လို့ ရလေ၏။
မိုဝူကျိက ချီကျွင်းယီ လက်စွပ်အတွင်းမှ ပစ္စည်းများကို မြင်သည့်အခါ နောက်ဆုံးတွင် ကျော့ဖျင်အန်းက မည်မျှ အားကောင်းကြောင်း သတိပြုမိလိုက်သည်။
အဆင့်မြင့်အင်မော်တယ် ကျောက်များက သန်းထောင်ချီ ရှိနေပြီး အတိအကျပြောရလျှင် သန်းတစ်ထောင်ကျော် ရှိနေသည်။ ထိုအရာမှာ အစိတ်အပိုင်း တစ်ခုမျှသာ ဖြစ်ပြီး အင်မော်တယ်ဆေးပင်များနှင့် ပန်းပဲပစ္စည်းများမှာ အနည်းဆုံး အဆင့် ၅ ရှိကာ အများစုမှာ အဆင့် ၇နှင့်အထက် ဖြစ်၏။
အင်မော်တယ် ပစ္စည်းများ၊ ဆေးလုံးများ၊ အဆောင်များမှာ အပုံလိုက် ရှိနေသေး၏။ မိုဝူကျိက ထိုသူမှာ ဂိုဏ်း၏ ရတနာတိုက်များလားဟုပင် ထင်မှတ်လာမိသည်။
ထို့နောက် ကျင့်စဉ်များ အလှည့်၌ မိုဝူကျိက စိတ်စွမ်းအားဖြင့် အကြမ်းဖျင်း ကြည့်လိုက်သည့်အခါ လျို့ဝှက်ပညာရပ်များနှင့် ကျင့်စဉ်များ ဖြစ်ကြ၏။
ထိုလူက ရွေ့လျားနေသည့် ဆိုင်ကြီးတစ်ခုနှင့် တူပေသည်။ မိုဝူကျိက ပိုပြီး ကြည့်မိလေလေ ပိုပြီး တူလာလေလေ ဖြစ်ကာ ပို၍ စိတ်လှုပ်ရှားမိ၏။ သူက လျှပ်စီးကျောက်တချို့ကိုပင် တွေ့လိုက်ရသေးရာ ထိုလျှပ်စီးကျောက်များက လျှပ်စီးသဘာဝ ကျင့်ကြံသူများ ကျင့်ကြံသည့်အခါ အသုံးပြုကြသော ကျောက်များ ဖြစ်ပြီး လျှပ်စီးမှော်ရတနာ အမျိုးအစား ဖန်တီး၍ ရပေသည်။ အဖိုးမဖြတ်နိုင်သော အဆင့် ၉ ပန်းပဲသတ္တုပစ္စည်း ဖြစ်၏။
နောက်ဆုံးတွင် မိုဝူကျိက အစိမ်းရောင်ပုလဲကို တွေ့သွားသည်။ သူ့စိတ်စွမ်းအား ထိုးဖောက်ဝင်ရောက်လိုက်သည့်အခါ ရွေ့လျား ဆေးဥယျာဉ်ဖြစ်နေကြောင်း တွေ့ရှိလိုက်ရ၏။
အင်မော်တယ်ဆေးဥယျာဉ်တွင် သဘာဝ ငါးမျိုး ပါရှိပြီး အလင်းနှင့် အမှောင် သဘာဝဓာတ် များပင် ပါရှိ၏။ အထဲရှိ အမျိုးမျိုးသော အင်မော်တယ်ဆေးပင်များကို ထည့်မပြောလျှင်ပင် ထိုဥယျာဉ်တစ်ခုတည်းဖြင့် အဖိုးမဖြတ်နိင်ချေ။
သို့သော်လည်း ထိုအရာများမှာ များများစားစား မဟုတ်သေးချေ။ အကြောင်းမှာ ဤဆေးဥယျာဉ်အတွင်း ဧရာမ အင်မော်တယ် စိတ်ဝိညာဉ်သွေးကြောနှစ်ခုကို တွေ့လိုက်၍ ဖြစ်သည်။ မိုဝူကျိက အဆင့်မြင့် အင်မော်တယ် စိတ်ဝိညာဉ်သွေးကြောရှိကြောင်း သိရန် ခံစားမိဖို့ လိုအပ်ရုံမျှ ဖြစ်၏။
သူက အင်မော်တယ် ဧကရာဇ် ကျင့်ကြံသူ အစစ်အမှန် ဖြစ်ပေသည်။ သူက အရမ်းကြွယ်ဝချမ်းသာလွန်း၏။ မိုဝူကျိက သူ့ကိုယ်သူ ချမ်းသာသည်ဟု ခံစားမိသော်လည်း ဟုန်မုန့်စွမ်းအင်နှင့် ရှေးဦးမူလမီးကျောက်များမှ လွဲ၍ ကျန်အရာများမှာ ချီကျွင်းယီ လက်စွပ်ထဲမှ ကြုံရာကျပန်းအရာနှင့် မယှဉ်နိုင်ချေ။
အခြားသော ကျင့်ကြံသူများအတွက် သူတို့က ချမ်းသာကြွယ်ဝကြသော်လည်း ချီကျွင်းယီနှင့် မယှဉ်နိုင်ချေ။
မိုဝူကျိက ပစ္စည်းများအားလုံးကို သေချာစီစဉ်ထားလိုက်ပြီး ထာဝရ ကမ္ဘာထဲ ပစ်ထည့်ထားလိုက်သည်။ ထို့နောက် သူက အင်မော်တယ်ကျောက် အပုံလိုက်ကို သိုလှောင်လက်စွပ်ထဲ ထည့်လိုက်တော့သည်။
မူလက အဆင့် ၈ ဆေးလုံးများကို လေ့ကျင့်ချင်သော်လည်း ယခု အင်မော်တယ်ကျောက် များစွာ ရှိနေလေရာ စိတ်ပြောင်းရန် ဆုံးဖြတ်လိုက်၏။
အင်မော်တယ်ကျောက်အများအပြားဖြင့် ကျင့်ကြံခြင်းကား သဘာဝ ကျပေသည်။ ဆေးလုံးတာအိုမှာ ကျင့်ကြံခြင်းလမ်းစဉ်ပေါ်၌ ဒုတိယအနေနှင့်သာ ဖြစ်၏။
အင်မော်တယ်ကျောက် အပုံလိုက်ကို ထုတ်လိုက်ပြီး ထိုအင်မော်တယ်ကျောက်များဖြင့် ထိပ်တန်း စိတ်စွမ်းအား စုစည်းရေး အစီအရင်ကို ခင်းကျင်းလိုက်သည်။
မိုဝူကျိက သူ့ကျင့်စဉ်မှာ တခြားသူနှင့် ခြားနားကြောင်း သိထားရာ အင်မော်တယ်ကျောက်များစွာ လိုအပ်ပေ၏။ အကယ်၍ ဤနေရာ၌ ထာဝရ ကမ္ဘာထဲ ဝင်ဖို့ရာ အဆင်မပြေခြင်းကြောင့်သာ မဟုတ်လျှင် အင်မော်တယ် စိတ်ဝိညာဉ်သွေးကြောကို သုံးမိလောက်ပေသည်။
အင်မော်တယ်ကျောက်သန်းပေါင်းများစွာကို အစီအရင်ထဲ ပုံထားလိုက်ပြီး တဝီဝီမြည်ပြီးနောက် အစီအရင်မှာ အသက်ဝင်လာတော့သည်။ ထိုစဉ် မိုဝူကျိ၏ ချီသွေးကြောများက စတင်၍ ပြောင်းပြန်လှည့်ပတ်နေကြပြီ ဖြစ်၏။
အင်မော်တယ် ဝိညာဉ်စွမ်းအားများစွာက ကျောက်များမှ ထွက်ပေါ်လာကာ အချိန်တိုလေးအတွင်း အင်မော်တယ် ဝိညာဉ်စွမ်းအားများ သိပ်သည်းနေသော မြူများ မိုဝူကျိ ဘေးပတ်လည်၌ ဖြစ်ပေါ်လာသည်။
တစ်နာရီအတွင်း မိုဝူကျိ၏ ဘေးအခန်းများက မိုဝူကျိ ကျင့်ကြံနေကြောင်း သိရှိသွားကြသည်။ မိုဝူကျိ၏ ကျင့်ကြံခြင်းမှာ အမှန်တကယ် အနှောင့်အယှက် ဖြစ်စေ၏။ ကောင်းကင်ချောက်ကမ်းပါးမြို့ရှိ ဤသို့သော နေရာ၌ပင် သူက အင်မော်တယ် ဝိညာဉ်စွမ်းအားများကို ဝဲကတော့ ဖြစ်လာအောင် ကျင့်ကြံနိုင်ပေသည်။
မိုဝူကျိ၏ ဘေးချင်းကပ်လျက် အခန်းပိုင်ရှင်များမှာ ကျော့ဖျင်အန်းနှင့် ဟန်လုံတို့ ဖြစ်၍ ကံကောင်းပေတော့သည်။ သူတို့နှစ်ယောက်လုံးက မိုဝူကျိ၏ ထူးခြားချက်ကို သိရှိကြ၍ မိုဝူကျိ၏ ကျင့်စဉ်ကို အသားကျနေလေပြီ။
စုရှီအတွက် သူမ ဆရာနှင့်အတူတူ ရှိနေစဉ်က ကဲ့သို့ ညတစ်ည ဖြစ်ဟန် ပေါ်၏။ မိုဝူကျိက တံခါးပိတ် ကျင့်ကြံနေသည်ကိ သိရှိပြီးနောက် သူမလည်း ဆရာ၏ ပစ္စည်းများကို အသေအချာ စီစဉ်ကာ စတင် ကျင့်ကြံလိုက်တော့သည်။
……….…
နှစ်လတာမှာ မျက်စိတစ်မှိတ်အတွင်း ကုန်ဆုံးသွား၏။ အင်မော်တယ်ကျောက် အပုံလိုက်မှာ မိုဝူကျိ၏ အရူးအမူး စုပ်ယူမှုနှုန်းကြောင့် အမှုန့်ဖြစ်ကုန်သည်။ သူ့ကျင့်ကြံနှုန်းမှာ မြင့်မားသော်လည်း အလယ်အလတ် မဟာယီရှန်းအဆင့်နှင့် အလှမ်းကွာနေသေး၏။
မိုဝူကျိက ကျင့်ကြံခြင်းမှာ ကြိုးစားအားထုတ်မှု၏ အထွတ်အထိပ် ဖြစ်ကြောင်း သိ၏။ ဤသို့မျိုး အံ့ဩဖွယ် ပါရမီဖြင့် ကံကောင်းသည့် အဖြစ်အပျက်များနှင့် မတွေ့လျှင် တစ်ကြိမ်၌ တစ်ခါသာ တိုးတက်နိုင်ပေသည်။ တစ်ခါတစ်ရံ၌ ကံကောင်းမှုများနှင့် ကြုံတွေ့လျှင် အခြေခိုင်မာသည့် အုတ်မြစ်တည်ဆောက်ရန် လိုအပ်သေး၏။ အားလုံးအတွက် ကျင့်ကြံခြင်းမှာ ကောင်းကင်ဘုံကို တစ်လှမ်းတည်းဖြင့် ရောက်နိုင်သည့် ရိုးရှင်းသော ကိစ္စ မဟုတ်ချေ။
မိုဝူကျိက ခန္ဓာကျင့်စဉ်ကို ကျင့်ရန် ရွေးချယ်လိုက်သည်။ အကြောင်းအရင်းတစ်ခုမှာ သူ့၏ အားကောင်းသော မိုးကြိုးစမ်းသပ်ချက် ကြောင့် ဖြစ်ပြီး နောက်တစ်ခုမှာ သူ့ကျင့်ကြံဆင့်က သူ့ခန္ဓာ ခံနိုင်ရည် ရှိသည်ထက် ပိုမြန်ဆန်နေမည်ကို စိုးရိမ်၍ ဖြစ်၏။
နတ်ဘုရားမျှော်စင်ဖွင့်ရန် အချိန်တချို့ လိုအပ်သေး၏။ မိုဝူကျိက ကျင့်ကြံခြင်းအပေါ်၌ စိတ်ရောကိုယ်ပါ နှစ်မြှပ်ထားရန် ဆုံးဖြတ်လိုက်တော့သည်။ အကြောင်းမှာ ကျော့ဖျင်အန်းနှင့် ဟန်လုံတို့က ဤအချိန်လေးအတွင်း လာနှောင့်ယှက်မည် မဟုတ်ကြောင်း ကောင်းကောင်း သိနေ၏။
မိုဝူကျိကို အံ့ဩသွားစေသည်မှာ ဟန်လုံက သူ တံခါးပိတ် ကျင့်ကြံနေမှန်း သိလျက်နှင့် ကောင်းကင်ချောက်ကမ်းပါးမြို့စား ကူကျူးဆီမှ ဖိတ်ကြားလွှာအကြောင်း သတင်းပို့လာလေ၏။
အကယ်၍ တခြားလူ ဖြစ်နေပါက မိုဝူကျိက လျစ်လျူရှုထားလိုက်မည် ဖြစ်သော်လည်း ကူကျူးကိုတော့ ထိုသို့ မလုပ်နိုင်ချေ။ ကောင်းကင်ချောက်ကမ်းပါး တည်းခိုဆောင် လဲလှယ်ရေးပွဲ၌ သူ့အနေနှင့် ကူကျူး ထောက်ခံမှုကို အများအပြား ရခဲ့ခြင်းကို ထည့်မပြောလျှင်ပင် ကူကျူးက စုရှီတို့ ပဋိပက္ခ ဖြစ်ပွားစဉ် သူ့ဖက်မှ ရပ်တည်ပေးခဲ့သေး၏။
ကူကျူးက သူ့အား ခဏတိုင်း ကူညီပေးနေသော်လည်း ကျေးဇူးတင်ရန် တစ်ခါမှ သွားမတွေ့ရသေးပေ။ ယခု ကူးကျူးက သူ့အား ဖိတ်ကြားနေပြီ ဖြစ်ရာ ငြင်းပယ်နေ၍ မဖြစ်ပေ။
“အစ်ကိုကြီးမို အပြင်သွားမလို့လား ” မိုဝူကျိ အခန်းမှ ထွက်လာသည်နှင့် စုရှီက အာရုံခံမိပြီး မြန်မြန် ထွက်လာသည်။
နှစ်လတာ အချိန်ယူ၍ သူမဘာသာ ထိန်းညှိပြီးနောက် လက်ရှိအခြေအနေကို ကောင်းစွာ သဘောပေါက်သွားပြီ ဖြစ်၏။ မိုဝူကျိနောက် လိုက်ခြင်းအပြင် ကျန်နည်းလမ်းများကား သေခြင်းတရားကို ဦးတည်နေခြင်း ဖြစ်၏။
မိုဝူကျိက စုရှီကို ကြည့်ကာ သက်ပြင်းချလိုက်၏။ ဖြူစင်ရိုးသားလှသော သူတော်စင်လေးက ပျောက်ကွယ်သွားပြီ ဖြစ်ရာ သူမ မျက်ဝန်းတို့မှာ ယခင်ကဲ့သို့ မကြည်လင်နေတော့ပေ။ ထို့အစား အမုန်းတရား အရိပ်အယောင်များ ရှိနေဟန် ပေါ်၏။
သူမက သူ့အား စီနီယာအစ်ကိုမှ အစ်ကိုကြီးသို့ ပြောင်းကာ ခေါ်လိုက်သည်။
စာရွက်ဖြူလေးမှာ နှစ်များစွာ ဖြူဖြူစင်စင် သန့်ရှင်းနေနိုင်သော်လည်း စွန်းထင်ဖို့ရာ တစ်ခဏတာမျှသာ လိုအပ်ပေ၏။
မိုဝူကျိက ခေါင်းညိတ်ကာ
“ စုရှီ … ဒီမှာနေပြီးတော့ ကျင့်ကြံနေလေ။ မင်းရဲ့ ကျင့်ကြံဆင့် တိုးတက်အောင် ကြိုးစား …. ဒီမှာ ဘယ်သူမှ မင်းကို ဘာမှ မလုပ်ရဲဘူး။ အဲဒါက မင်း အပြင်မထွက်တဲ့အပေါ်လည်း မူတည်တာပေါ့ …. ”
ကျော့ဖျင်အန်းလည်း ရှိနေလေရာ မိုဝူကျိက မည်သူကမှ သူတို့နေရာသို့ အကြံဆိုးဖြင့် လာရဲလိမ့်မည် မဟုတ်ကြောင်း ယုံကြည်၏။
“ ဟုတ် အစ်ကိုကြီးမို … ညီမ ဒီမှာပဲ နေပါ့မယ် … ” စုရှီက လေးလေးစားစား ဦးညွှတ်လိုက်သည်။
…………..…
ကောင်းကင်ချောက်ကမ်းပါး ကန်တော်ကြီး
ထိုအရာမှာ အင်မော်တယ် ကန်တစ်ခု မဟုတ်ဘဲ ပန်းခြံ တစ်ခု ဖြစ်၏။
ဤနေရာတွင် အင်မော်တယ်လောက တစ်ခုလုံး၏ အကောင်းဆုံး သေရည်နှင့် အရသာအရှိဆုံး အသီးကို မြည်းစမ်းနိုင်လေသည်။ တစ်ချိန်တည်းတွင် ထိုနေရာမှာ စုဝေးပွဲများ လုပ်ဖို့ ကောင်းသည့် နေရာတစ်ခု ဖြစ်၏။
ကောင်းကင်ချောက်ကမ်းပါးမြို့စား ကူကျူး၏ ဂုဏ်အယူရဆုံးမှာ ကောင်းကင်ချောက်ကမ်းပါးမြို့ မဟုတ်ဘဲ ကောင်းကင်ချောက်ကမ်းပါး ကန်တော်ကြီး ဖြစ်ပေသည်။
မိုဝူကျိက ကောင်းကင်ချောက်ကမ်းပါး ကန်တော်ကြီး အဝင်ဝသို့ ရောက်သည့်အခါ ဧည်ခံသူ မိန်းမပျိုလေးက လျှောက်လှမ်းလာကာ
“ ဆေးလုံးဆရာမိုကို ကြိုဆိုပါတယ်ရှင် .. ”
“ ခင်ဗျားက ဆေးလုံးဆရာမိုလား …. ကျုပ်တို့ဂိုဏ်းက ယွမ်ယီရဲ့ တပည့်လေးကို ကယ်ပေးလိုက်တဲ့ လူနဲ့ အတူတူပဲလား ” နွေးထွေးဖော်ရွေသော အသံတစ်သံ ထွက်ပေါ်လာသည်။
အသက်တစ်ရှိုက်စာအတွင်း ကိုယ်တော်တစ်ပါးနှင့် သူတော်စင် တစ်ယောက်တို့ မိုဝူကျိရှေ့ ပေါ်လာလေ၏။
ကိုယ်တော်က ခန္ဓာကိုယ်အနေအထား အလယ်အလတ် ဖြစ်ပြီး ကွမ်ယူနှင့် တူကာ သူရဲကောင်းဆန်ဆန် ခန့်ညားပေ၏။ သို့သော်လည်း ထိုအရာက မိုဝူကျိ၏ အာရုံကို ဖမ်းစားသွားခြင်း မဟုတ်ဘဲ ထိုကိုယ်တော်၏ မျက်လုံးများက အဝေးတစ်နေရာကို ကြည့်နေပြီး အပြစ်အနာဆာကင်းကြောင်း သတိပြုမိလိုက်၍ ဖြစ်သည်။ ထိုသူမှာ အစောပိုင်းအဆင့်လား ၊ နောက်ဆုံးအဆင့်လား မသိနိုင်သော်ငြား သေချာပေါက် အင်မော်တယ် ဧကရာဇ် တစ်ယောက် ဖြစ်ပေလိမ့်မည်။
သူတော်စင်က အနည်းငယ် အသက်ပိုကြီးရင့်၏။ သူမ၏ တာအိုဝတ်စုံ ခပ်လျော့လျော့က သူမ၏ ကောက်ကြောင်း သွင်ပြင်ကို မမြင်နိုင်အောင် တားဆီးနေသည်။ မိုဝူကျိက ထိုသူတော်စင်၏ ကျင့်ကြံဆင့်မှာလည်း မနိမ့်ကြောင်း ကောက်ချက်ချလိုက်သည်။ ပြောရမည်ဆိုလျှင် ကွေ့ဖုန်းယွင်ထက်ပင် နိမ့်ကျမည် မဟုတ်ပေ။ မိုဝူကျိက ကွေ့ဖုန်းယွင်မှာ ဧကရာဇ်တပိုင်းအဆင့် ဖြစ်၍ ဤသူတော်စင်လည်း ဧကရာဇ် တပိုင်းအဆင့် ဖြစ်ပေလိမ့်မည်။
အချိန်တန်လျှင် ဖြစ်လာမည် ဆိုသည့်အတိုင်း မိုဝူကျိက သက်ပြင်းသာ ချလိုက်ကာ ပြန်နှုတ်ဆက်သည့်အနေဖြင့် လက်နှစ်ဖက် ယှက်ကာ
“ ဟုတ်ပါတယ် … ကျုပ်က မိုဝူကျိပါ။ ခင်ဗျားတို့ နှစ်ယောက်က ….. ”
မိုဝူကျိက ထိုလူနှစ်ယောက်ကို မကြောက်ပေ။ သူ့ဘေးတွင် တာ့ဟွမ် ရှိ၏။ သူက လွန်ချိုက်ကိုပင် မကြောက်လေရာ ဤကိုယ်တော်နှင့် သူတော်စင်ကို အဘယ်ကြောင့် ကြောက်ရမည်နည်း။
ကိုယ်တော်က လက်နှစ်ဖက် ကပ်ထားကာ နွေးနွေးထွေးထွေး ပြောလိုက်၏
“ ဒီကိုယ်တော်က မဟာခွန်ဗုဒ္ဓဂိုဏ်းရဲ့ ကွမ်းနဉ် ပါ ….. ဒီက ကိုယ်တော်တို့ မဟာခွန်ဗုဒ္ဓဂိုဏ်းရဲ့ ကာကွယ်သူ ထိုက်ရှားပါ … ”
သူတော်စင်လေးက ဗုဒ္ဓဘာသာဟန် လက်နှစ်ဖက် ကပ်ကာ နှုတ်ဆက်၏။
“ ဟားဟား …. ခင်ဗျားတို့ မဟာခွန်ဗုဒ္ဓဂိုဏ်းက ဒီလောက် ချမ်းသာမယ်လို့ ထင်မထားဘူး။ ခင်ဗျားတို့ မဟာခွန်ဗုဒ္ဓဂိုဏ်းရဲ့ ဆေးတောင်ကြားမှာ ထိပ်တန်းဆေးပင်တွေ ပိုလျှံနေတယ်ဆို … ” အားရပါးရ ရယ်မောသံတစ်ခု ထွက်ပေါ်လာသည်။ ထို့နောက် ထက်မြက်သည့် သွင်ပြင်ဖြင့် ပိန်ပါးပါးအမျိုးသား တစ်ယောက် လျှောက်လှမ်းလာသည်။
ဤအမျိုးသားမှာ တိမ်ကြား နှစ်ဝင်နေသည့်အလား မိုဝူကျိက သူ့ကျင့်ကြံဆင့်ကို ကောင်းကောင်း မခွဲခြားနိုင်ပေ။ သူ့အသံတစ်ခုတည်းဖြင့် လေးလံဖိနှိပ်သော အရှိန်အဝါ ထုတ်လွှင့်နေပေသည်။ ထိုလူက မည်မျှ အံ့ဩဖို့ကောင်းကြောင်း သိသင့်ပေသည်။ မိုဝူကျိက မျက်မှောင်ကျုတ်ကြည့်လိုက်ကာ ထိုလူ၏ အင်အားမှာ ကျော့ဖျင်အန်းထက် သာကြောင်း သေချာသွား၏။
ထိုလူ့နောက်တွင် အနီရောင်ဝတ်စုံနှင့် မိန်းလှလေး ရှိနေသည်။ မိန်းကလေးက အလွန်ငယ်ရွယ်ကာ သူမ၏ ရှည်လျားတောက်ပနေသော ဆံပင်ကို ဆံထုံးအဖြစ် ထုံးဖွဲ့ထားသောကြောင့် သူမ၏ အလှတရားမှာ ပန်းချီကားချပ်ထဲမှ ထွက်ပေါ်လာသည့်အလား တူ၏။ သူမက ရွှန်းစိုတောက်ပသော အလှပဂေးလေး တစ်ဦး ဖြစ်ပေသည်။
ကွမ်းနဉ်က အနည်းငယ် ရယ်မောလိုက်ရင်း သူ့လက်ကို အတူတူ ပူးကပ်ထားကာ ဦးညွှတ်လိုက်ပြီး
“ မဟာခွန်ဗုဒ္ဓဂိုဏ်းရဲ့ ကွမ်းနဉ်က ကောင်းကင်ဧကရာဇ်ကို နှုတ်ဆက်ပါတယ်။ ကောင်းကင် ဧကရာဇ်ရဲ့ လျို့ဝှက်ပညာရပ်တွေက ကျယ်ပြောပြီးတော့ အဆုံးအစမဲ့ပါတယ် …. ကျုပ် ယှဉ်နိုင်တဲ့အရာ မဟုတ်ရပါဘူး ”
ကောင်းကင်ဧကရာဇ်တဲ့လား ….
မိုဝူကျိက နှလုံးခုန်မြန်လာမိသည်။ ကောင်းကင်ဧကရာဇ်မှာ ကျင့်ကြံဆင့် မဟုတ်ဘဲ အင်မော်တယ်နယ်မြေတစ်ခု၏ ဘုရင်ကို ခေါ်ဝေါ်ခြင်း ဖြစ်၏။ ကွမ်းနဉ်က ထိုအမျိုးသားအား ကောင်းကင်ဧကရာဇ်ဟု ခေါ်ဆိုလိုက်ရာ ထိုသူက မည်သည့်အင်မော်တယ်နယ်မြေ၏ ကောင်းကင်ဧကရာဇ် ဖြစ်မည်နည်း။
“ ကောင်းတယ် .. ကောင်းတယ် … ကိုယ်တော်ကွမ်း အဲဆို ကိုယ့်လမ်းကို သွားပါ။ ကျုပ် ဆေးလုံးဆရာမိုနဲ့ ပြောစရာလေး ရှိသေးလို့ ” အမျိုးသားက ပုံမှန်အတိုင်း ပြောလိုက်သည်။
ကွမ်းနဉ်က မိုဝူကျိနှင့် စကားဆက်ပြောလိုသော်လည်း ဤအချိန်၌ သူ့အနေဖြင့် မတတ်နိုင်တော့ပေ
“ ဒီလိုဆိုမှတော့ ဒီကိုယ်တော်က ဆေးလုံးဆရာမိုနဲ့ စကားစမြည်ပြောဖို့ နောက်မှ လာရှာပါ့မယ် …. ”
ထိုသို့ပြောပြီး ကွမ်းနဉ်က ကာကွယ်သူ ထိုက်ရှားကိုလည်း ကောင်းကင်ချောက်ကမ်းပါး ကန်တော်ကြီးအတွင်းသို့ ခေါ်သွားတော့သည်။