← Chapters

ဤနေရာ၌ ရန်သူ တစ်ယောက် ရှိနေခြင်း

Vol. 46 Ch. 635

ဤနေရာ၌ ရန်သူ တစ်ယောက် ရှိနေခြင်း

Vol. 46 Ch. 635

“ ဆေးလုံးဆရာမို  …. အခုလေးတင် တစ်ခု ကူညီပေးလိုက်တယ်နော် ” ကွမ်းနဉ်နှင့် ထိုက်ရှားတို့ အထဲ ဝင်သွားသည့်အခါ ထိုအမျိုးသားက ပြုံးကာ ပြောလိုက်သည်။

မိုဝူကျိက  ဤလူ၏ ရည်ရွယ်ချက်ကို သိသော်လည်း မသိဟန်ဖြင့် ပြောလိုက်သည်  “ ဒီအင်မော်တယ်ရောင်းရင်း ပြောနေတာကို ကျုပ် တကယ်နားမလည်ဘူးဗျ .. ”

“ ဟားဟား  ….” မိုဝူကျိ စကားများကို ကြားပြီး ထိုလူက အားရပါးရ ရယ်မောလိုက်၏။ သို့သော်လည်း ချက်ချင်းဆိုသလို

“ ဆေးလုံးဆရာမို … ကျုပ် ကိုင်အောင်းက တာအိုထဲ ရောက်ပြီးတဲ့နောက်ပိုင်း မဟာယီရှန်းအဆင့် ကျင့်ကြံသူ တစ်ယောက်က  အင်မော်တယ်ရောင်းရင်းလို့ ခေါ်တာ ပထမဆုံး ကြားရတာပဲ ”

ကိုင်အောင်းလား …

မိုဝူကျိ စိတ်ထဲ အတွေးတစ်ခု ပေါ်လာကာ  ထိုလူက မည်သူမှန်း ချက်ချင်း သိလိုက်သည်။

သူက ကိုင်အောင်းကို တစ်ခါမှ မမြင်တွေ့ဖူးသော်လည်း  နာမည်တော့ ကြားဖူးပေသည်။ လင်းဂူက သူ့အား  ပြောပြခဲ့ခြင်း ဖြစ်ရာ ကိုင်အောင်းမှာ  လမ်းစဉ်ခြောက်သွယ် အင်မော်တယ်နယ်မြေ၏ ကောင်းကင်ဧကရာဇ် ဖြစ်၏။ သူ့သမီးကို ကယ်တင်ဖို့ရာ စိတ်ဝိညာဉ်ဖွဲ့စည်းခြင်း ရေကန်ဆီ  သွားခဲ့သည့် သူ ဖြစ်ပေ၏။ ထို့ကြောင့် လင်းဂူအနေဖြင့် စိတ်ဝိညာဉ်ဖွဲ့စည်းခြင်းရေကန်ကို သုံးပြီး  တစ်ယောက်ယောက်ကို ပြန်ခေါ်၍ ရကြောင်းကို ကိုင်အောင်း၏ အခြေအနေမှ သိခဲ့ခြင်း ဖြစ်ပေသည်။

အကယ်၍ သူ့ရှေ့မှ လူက ကိုင်အောင်း ဖြစ်နေလျှင် ထိုလူ၏ ကျင့်ကြံဆင့်မှာလည်း ထူးခြားသာလွန်ပေလိမ့်မည်။ အမြင်နှင့်တင် အနီရောင်ဝတ်စုံနှင့် မိန်းမလှလေးက ကိုင်အောင်း၏ သမီးဖြစ်သူ ကိုင်ဖေးယန်သာ ဖြစ်လိမ့်မည်။

“ မိုဝူကျိက  ကောင်းကင်ဧကရာဇ်ကိုင်ကို နှုတ်ဆက်ပါတယ်။ ကျုပ်ရဲ့ အတွေ့အကြုံမကြွယ်ဝမှုကြောင့် ကောင်းကင်ဧကရာဇ်မှန်း သတိမပြုမိခဲ့တာပါ။ ကောင်းကင်ဧကရာဇ်ရဲ့ ခွင့်လွတ်မှုကို  တောင်းခံပါတယ် … ” မိုဝူကျိက လက်နှစ်ဖက် ဆုပ်ကာ  တောင်းတောင်းပန်ပန် ပြောလိုက်သည်။

သူက ကိုင်အောင်းနှင့် ရန်ကြွေးမရှိသည့်အတွက်  ကိုင်အောင်းက သူ့အား ပြဿနာရှာမည် မဟုတ်ပေ။ ကိုင်အောင်းလို လူစားမျိုးမှာ သူ့ကဲ့သို့ မဟာယီရှန်းအဆင့်လေးဖြင့် မည့်သည့်ဆက်ဆံရေးမျိုးမှ မဖွဲ့ချင်မှန်း သိသာလှသည်။ သူက စုရှုရန်ကို စီနီယာဟု ခေါ်သော်လည်း  ကိုင်အောင်းကို တူညီစွာ ခေါ်ဝေါ်ရန် မလိုအပ်ပေ။ ကျင့်ကြံခြင်းအားဖြင့် သူက ကိုင်အောင်းအား စီနီယာဟု ခေါ်ဝေါ်ရမည် ဖြစ်၏။ သို့သော် အမြင်အမျိုးမျိုးမှ ကြည့်လျှင် သူက ဧကရာဇ်အဆင့် ပုဂ္ဂိုလ်တစ်ဦး ဖြစ်ပေသည်။ ဆေးလုံးဧကရာဇ်ကို အင်မော်တယ်ဧကရာဇ်နှင့် နှိုင်းယှဉ်လျှင် သူက ကိုင်အောင်းနှင့်  ဝါစဉ်အတူတူ ဖြစ်၏။

ဝါစဉ်တူနေသည် ဖြစ်ရာ အဘယ်ကြောင့် သူ့ကိုယ်သူ အောက်ကျခံရမည်နည်း။

စုရှုရန်မှာ အင်မော်တယ် ဧကရာဇ် ဖြစ်ရုံသာမက ပန်းပဲပညာရပ်၌ အောင်မြင်မှုမှာ သူ့ဆေးလုံးတာအိုအထက်တွင် ရှိ၏။ ထို့အပြင်  ရှုစုရန်က အင်မော်တယ် မော်တယ်ကျင့်စဉ် ကျင့်ကြံသောကြောင့် ရှုစုရန်ကို စီနီယာဟု ခေါ်ဝေါ်ခြင်းက အလွန်သင့်တော်ပေသည်။

“ ရှင်က တကယ်  အဆင့် ၇ ဆေးလုံးဧကရာဇ်လား  ” အနီရောင်ဝတ်စုံနှင့် မိန်းလှလေးက ရုတ်တရက် သိချင်စွာ ထမေးလိုက်သည်။

မိုဝူကျိက နောက်တဖန် လက်နှစ်ဖက်ဆုပ်ကာ “ မိုဝူကျိက စီနီယာအစ်မကို နှုတ်ဆက်ပါတယ်။ ကျုပ်က အဆင့် ၇ ဆေးလုံးဧကရာဇ်ဆိုတာ အမှန်ပါပဲ … ”

“ ဒါက ငါ့သမီး ကိုင်ဖေးယန်လေ ….” ကိုင်အောင်းက ရယ်မောကာ ပြောလိုက်သည်။

မိုဝူကျိက ရုတ်တရက် လန့်ဖြတ်သွား၏။ သူက ချက်ချင်းဆိုသလို ကိုင်အောင်း စကား၏ အဓိပ္ပါယ်ကို သိလိုက်၏။

မင်းက ငါ့သမီးကို စီနီယာအစ်မလို့ ခေါ်မှတော့  မင်း ခေါ်ခေါ်၊ မခေါ်ခေါ် ငါက မင်းရဲ့ စီနီယာပါကွာ ….

သူက ကိုင်အောင်း စကားများ ကြားသောအခါ သူ့အပေါ်  မိုဝူကျိ၏ အမြင်မှာ  တိုးတက်လာသည်။ သူက ချက်ချင်း ပြောလိုက်သည်

“ ကောင်းကင်ဧကရာဇ်ရဲ့ သမီးအပေါ် ထားတဲ့ ချစ်ခြင်းမေတ္တာတွေက အင်မော်တယ်လောကတစ်ခွင် နာမည်ကြီးပါတယ်။ မိုဝူကျိကလည်း နက်နက်ရှိုင်းရှိုင်း လေးစားမိပါတယ်… ”

“ ဟားဟား …” ကိုင်အောင်းက  တဖန် ထပ်ရယ်မောလိုက်ပြန်သည်

“ မင်းလိုမျိုး ဆေးလုံးဧကရာဇ်ရဲ့ လေးစားမှုကို ခံရဖို့ လွယ်တာ မဟုတ်ဘူး။ ဒီတစ်ခါ ကောင်းကင်ချောက်ကမ်းပါးမြို့ကို လာတာ လျှပ်စီးဂိုဏ်းကို ဆန့်ကျင်ရဲတဲ့  ဆေးလုံးဧကရာဇ်ကို လာကြည့်တာ …. သူက မိတ်ဆွေကို ကယ်ဖို့အတွက်နဲ့ စိတ်ဝိညာဉ်ဖွဲ့စည်းခြင်း ရေကန်ထဲတောင် သွားရဲတယ်ဆိုပဲ …. ”

မိုဝူကျိက ကိုင်အောင်း  စကားပြောနေစဉ် ကိုင်ဖေးယန်၏ မျက်လုံးလှလှလေးများက သူ့အား စိုက်ကြည့်ကာ အသိအမှတ်ပြုသည့် ခံစားချက်မျိုး ပေးနေသည်ကို သတိပြုမိလိုက်သည်။

“ ကောင်းကင်ဧကရာဇ်က နောက်နေတာများလား။ ကျုပ်က ကောင်းကင်ဧကရာဇ်လိုမျိုး မဆင်မခြင်ပြုမူမိတဲ့ အပြုအမူလေးက ကိုယ့်ဘာသာ အဟုတ်ကြီး မှတ်နေတယ်ဆိုတဲ့ ပုံစံ ဖြစ်သွားစေတာလား ” မိုဝူကျိက ထိုနှစ်ယောက်၏ ရည်ရွယ်ချက်ကို မသိရသေးသောကြောင့် ပုံမှန်အတိုင်းသာ ပြန်ဖြေလိုက်၏။

ကိုင်အောင်း၏ မျက်နှာမှာ လေးနက်တည်ကြည်လာပြီး  အသံက အစပြောင်းလဲလာကာ

“ စိတ်ဝိညာဉ်ဖွဲ့စည်းခြင်း ရေကန်ထဲ မင်းကို အသက်ရှင်စေခဲ့တဲ့ ရတနာကို မသိပေမဲ့ မင်းက  ယုံရင်ဆေးပညာပြိုင်ပွဲမှာ စတေးပြီး ဝင်ပြိုင်ပြီးတော့  မြေအောက်ကမ္ဘာ နှလုံးသားပန်းပွင့်ကို ရလာခဲ့တယ်။ အဲဒီနောက်ပိုင်းကျ စိတ်ဝိညာဉ်ဖွဲ့စည်းခြင်းရေကန်ဆီ သွားပြီးတော့ ကယ်ပေးခဲ့တယ်။

မင်းက တော်စပ်မှုတွေ၊ မိတ်ဆွေ ဆက်ဆံရေးတွေကို တန်ဖိုးထားတဲ့သူဆိုတာ သိလိုက်တယ် …. ဒီနေ့  ကွမ်းနဉ် ဒီကို လာတာက မင်းဆီကနေ မဟာခွန်ဗုဒ္ဓမီးအိမ်ကို လာတောင်းတာပဲ  … ငါက မင်းကို အဲပြဿနာကြားကနေ ကူညီပေးလိုက်တာ … ”

မိုဝူကျိက သက်ပြင်းချလိုက်၏။ အားလုံးက မဟာခွန်ဗုဒ္ဓမီးအိမ်အကြောင်း သိနေကြပေသည်။ အကယ်၍ ကောင်းကင်ဧကရာဇ်က  မဟာခွန်ဗုဒ္ဓမီးအိမ်ကို အလိုရှိနေလျှင် သူ့အနေနှင့် ကာကွယ်နိုင်စွမ်း မရှိချေ။

“ အာ ” မိုဝူကျိက တမင် အံ့ဩဟန်  ပြုမူလိုက်သည်။

“ မင်း ဟန်ဆောင်နေတာ ဖြစ်ဖြစ်၊ မသိတာပဲ ဖြစ်ဖြစ် ငါတို့တွေ အထဲရောက်မှ အသေးစိတ် ပြောကြတာပေါ့။ ဘာဖြစ်ဖြစ် မင်းကို တစ်ခုတော့ ပြောစရာ ရှိတယ် …

ငါ မင်းကို တကယ်လေးစားမိတယ် ” ကိုင်အောင်းက ကျိတ်ရယ်ပြီးနောက် ကောင်းကင်ချောက်ကမ်းပါး ကန်တော်ကြီးအတွင်း ဝင်ရောက်သွားတော့သည်။

မိုဝူကျိက ကိုင်ဖေးယန် သူ့အား စောင့်ဆိုင်းနေသည်ကို မြင်ပြီး မြန်မြန် ပြောလိုက်ရသည်

“ စီနီယာအစ်မဖေးယန် … အရင်ဝင်နှင့်ပါ … ကျုပ် နောက်မှ လိုက်ခဲ့ပါ့မယ် ”

ကိုင်ဖေးယန်၏ မျက်နှာမှာ အနည်းငယ် အနီရောင်သမ်းသွားရင်း  ခေါင်းလေးကို ငုံ့ထားကာ  “ အွန်း” တစ်လုံးသာ ပြန်ဖြေပြီး  အထဲ ဝင်သွားလေ၏။

မိုဝူကျိ၏ ပေါင်းသင်းဆက်ဆံရေး အရည်အချင်းမှာ ၂၅၀ ထက် နိမ့်ကျမည် မဟုတ်ပေ။ ကိုင်ဖေးယန်၏ အမူအယာများကို မြင်လိုက်ရသည့်အခါ သူ့အနေနှင့် အနည်းငယ် အံ့အားသင့်မိသွားသည်။ စိတ်ထဲ၌လည်း တွေးနေမိ၏။

 တစ်ခုခုတော့ လွဲမှားနေသလိုလို ……

သူက ကိုင်ဖေးယန်နှင့် မတွေ့ဖူးသည့်အတွက် ဤသို့မျိုး အမူအယာနှင့် သဘောထားရှိဖို့ရာ လိုအပ်လို့လား …..

ကိုင်ဖေးယန်မှာ မဟာလော့ရှန်း ပြီးပြည့်စုံခြင်းအဆင့် ရောက်ရှိနေပြီ ဖြစ်ရာ သူ့ထက်များစွာ အဆင့်မြင့်ပေသည်။ သူ့တွင်  ချောမောခန့်ညားသည့် သွင်ပြင် ရှိနေသည်ဟုလည်း မထင်မိပေ။ အကြည့်တစ်ချက်တည်းနှင့် မိန်းမလှလေးကို ဆွဲဆောင်နိုင်ဖို့ရာ ပို၍ပင် မဖြစ်နိုင်သေး၏။

ဧည့်ခံသူ အမျိုးသမီးက ဧည့်သည်များကို  နှုတ်ဆက်နေပြီး   ကိုင်အဖေနှင့် သမီးတို့  ဝင်သွားသည့်အခါ သူမက မြန်မြန် ပြောလိုက်သည်

“ ဆေးလုံးဆရာမို …. မြို့စားကူက ရှင့်ကို ဂရုစိုက်ဖို့ မှာထားတယ် … ဒီနေရာမှာ ရှိနေတဲ့  လူအကုန်လုံးက အားကောင်းတဲ့သူတွေဆိုတော့ သူ့အနေနဲ့ ကူညီပေးနိုင်မှာ မဟုတ်ဘူး ”

မိုဝူကျိက ခေါင်းညိတ်လိုက်ပြီး  ကျေးဇူးတင်ကြောင်း ပြောလိုက်သည်။ ထို့နောက် သူက ကောင်းကင်ချောက်ကမ်းပါး ကန်တော်ကြီးအတွင်းသို့ ဝင်ရောက်သွားကာ တစ်ဖက်လူက ကိုင်အောင်းအဆင့် မဟုတ်သရွေ့ သူ့ဖက်တွင်  တာ့ဟွမ်  ရှိနေ၏။ သူ့ကိုယ်သူ ကာကွယ်နိုင်လိမ့်မည်ဟု ယုံကြည်ချက် ရှိ၏။

ကောင်းကင်ချောက်ကမ်းပါး ကန်တော်ကြီးထဲ ဝင်လာသည်နှင့်  သိပ်သည်းလှသော အင်မော်တယ် ဝိညာဉ်စွမ်းအားများ စီးဆင်းလာကြောင်း ခံစားမိလိုက်သည်။ အမည်မသိ ဇာစ်မြစ်မှ ရေတံခွန်က စီးကျနေပြီး ပန်းရေကန်ကြီး ဖြစ်ပေါ်နေကာ  အင်မော်တယ်ကြိုးကြာများက လေထဲ ဝဲကာ ပျံသန်းနေကြသည်။ ကြာကန်မှ ကြာပန်းရနံ့များက လေထုအထွင်း ထိုးဖောက်လာကာ အိမ်မက်ဆန်ဆန် သုခဘုံထဲ ရောက်နေသည့်အလား ထင်မှတ်ရစေသည်။

တံတားတချို့နှင့် လေသာဆောင်အချို့က လေထဲ တည်ရှိနေပြီး အိမ်မက်ဆန်ဆန် နေရာအား ပို၍  ဆန်းကျယ်စေ၏။

အင်မော်တယ်သေရည်များနှင့် အင်မော်တယ် အသီးများက လေအတွင်း မျှောလွှင့်နေပြီး နေရာအနှံ့ တည်ရှိနေသည်။ မည်သူမဆို စားသုံးနိုင်လေသည်။ မနီးမဝေး လေသာဆောင်အတွင်း၌ အင်မော်တယ် မိန်းမပျိုလေးအချို့က ကြော့ရှင်းလှပစွာ ကပြဖျော်ဖြေနေကြသည်။

အင်မော်တယ်အများစုမှာ ကိုယ့်စကားဝိုင်းနှင့်ကိုယ် ဖြစ်နေကြပြီး  ရံဖန်ရံခါ အင်မော်တယ်သေရည်များ သောက်သုံးနေကြသည်။ မိုဝူကျိက ဤနေရာရှိ လူအများစုကို မသိပေ။ သူ့အနေနှင့် တစ်ခါမှလည်း မမြင်ဖူးပေ။ သို့သော်လည်း မိုဝူကျိ သိရှိသည့် တစ်ခုတည်းသောအရာမှာ ဤနေရာ ရောက်ရှိနေကြသော ဧည့်သည်တော်များမှာ အဆင့်အတန်းမြင့်မားကြပေသည်။ နောက်ထပ် မဟာယီရှန်းအဆင့် ကျင့်ကြံသူ မရှိပေ။ ရှိနေလျှင်ပင် စီနီယာတစ်ဦးဦးအား အဖော်ပြုကာ လိုက်လာပေးခြင်းသာ ဖြစ်လိမ့်မည်။

မိုဝူကျိက သေရည်တစ်ခွက် ဆွဲကာ သောက်ကြည့်လိုက်သည်။ အေးစက်စက် မွေးပျံသည့် သေရည်ရနံ့လေးက ပါးစပ်အတွင်း ဝင်ရောက်လာကာ  အကြောဖြေလန်းဆန်းသွားစေည့်  ခံစားချက်က ချီသွေးကြောများအတွင်းထိ စီးဝင်သွား၏။ မိုဝူကျိက မကျင့်ကြံနေသော်လည်း သူ့ကျင့်ကြံဆင့် တိုးမြင့်လာသည်ကို ခံစားမိပေသည်။

သေရည် ကောင်းလေးပဲ ….

မိုဝူကျိက စိတ်ထဲမှ ချီးကျူးမိလိုက်၏။ ထိုစဉ် သူက ဆေးလုံးများ ဆက်တိုက် စားလာပြီး အင်မော်တယ်ကျောက်များ၊ အင်မော်တယ် အဆီအနှစ်များကို အသုံးပြုခဲ့ရသော်လည်း သေရည်တစ်ခွက်တည်းဖြင့် ဤမျှအကျိုးကျေးဇူးထူးကြောင်း ပထမဆုံးအကြိမ် ခံစားမိခြင်း ဖြစ်၏။

အမြင်နှင့်တင် သူက အင်မော်တယ်လောက၌ သက်တောင့်သက်သာ နေနေရပေသည်။ ဤသို့မျိုးသေရည် သောက်ရလိမ့်မည်ဟု တစ်ခါမှ မတွေးထားဖူးပေ။ ထိုအတွေးဖြင့် မိုဝူကျိက နောက်တစ်ခွက် ထပ်ယူလိုက်သည်။

အရသာကွဲသည့် သေရည် ခံစားချက်က သူ့ခန္ဓာအနှံ့ ပြန့်နှံ့သွားသည်။ မိုဝူကျိက ချွေးပေါက်များအထထိ တစ်ကိုယ်လုံးကား သက်တောင့်သက်သာ ဖြစ်သွားပြီး ကျင့်ကြံဆင့်လည်း တိုးမြင့်လာသည်ကို ခံစားမိလိုက်ပြန်သည်။

နောက်တစ်ခွက် ….

မိုဝူကျိက အခွင့်အရေးကောင်းကို လက်လွတ်ခံမည်လား …..  တတိယ တစ်ခွက်ကို ထပ်သောက်လိုက်ပြန်၏။

သေရည်  သုံးခွက်လုံးမှာ အရသာ ကွဲပြားပေသည်။

မိုဝူကျိက တုံ့ဆိုင်းမနေဘဲ လေးခွက်မြောက်ကို ထပ်ယူလိုက်သည်။ ဤနေရာရှိ ခွက်တိုင်း၌ အရသာကွဲနေတာလားဟု သိချင်လာမိ၏။

သူ့ကျင့်ကြံဆင့်ကိုရော တိုးလာစေတာလား  …..

“ ဒီလို တေလေ ကြမ်းပိုးက  ဘယ်နေရာက ရောက်လာတာလဲ ” အသံတစ်သံ ထွက်ပေါ်လာကာ  မျက်လုံးမှိတ်ကာ အရသာခံစားနေသည့် မိုဝူကျိပင် မျက်လုံးဖွင့်ကြည့်လိုက်ရသည်။

မိုဝူကျိက  လှောင်ပြောင်လိုက်သူကို အေးစက်စွာ စိုက်ကြည့်လိုက်၏။ ထိုသူမှာ အရပ်ရှည်ရှည်၊ တောင့်တောင်းတင်းတင်း ခြေဗလာနှင့် အမျိုးသား ဖြစ်ပေသည်။ သူ၏ အာရုံစိုက် အခံရဆုံး အပိုင်းမှာ   ဆံပင် အရှည် ဖြစ်ပြီး  ရှည်လျားနေ၍ မဟုတ်ဘဲ ရွေရောင်ရှိနေ၍ ဖြစ်သည်။

မိုးထိုးနေသည့် သွင်ပြင်ကြောင့် သူ့နောက်ကျောရှိ လှံရှည်မှာ ထော်လော်ကန့်လန့် ဖြစ်မနေပေ။

ထိုလူ၏ ကျင့်ကြံဆင့်မှာ  သိပ်မမြင့်မားရာ   မဟာလော့ရှန်းအဆင့်မျှသာ ရှိသေး၏။ သို့သော်လည်း သူ့သတ်ဖြတ်ငွေ့များက  ခန္ဓာကိုယ်မှ ထွက်ပေါ်နေပြီး  သွေးပင်လယ်ထဲမှ ထွက်လာသည့် ခံစားချက်ကို ပေးစွမ်းနေ၏။

“နီဂျူ အဲဒါက တေလေကြမ်းပိုး မဟုတ်ဘူး။ အကုန်လုံးနဲ့  မိတ်ဆက်ပေးပါ့မယ် …. အဲဒါက ဂုဏ်ထူးဆောင် အဆင့် ၇ ဆေးလုံးဧကရာဇ်ပါ ” နူးညံ့သည့် အသံလေး ထွက်ပေါ်လာပြီးနောက် မိန်းမပျိုလေး သုံးဦး လျှောက်လှမ်းလာသည်။

ရှေ့ဆုံးက သူမှာ  လှကကျက်သရေရှိသော အမျိုးသမီးကြီး ဖြစ်ကာ တစ်ချက်တည်းကြည့်ရုံဖြင့် ထိုအမျိုးသမီးကြီးမှာ အသက်ရှုမှားလောက်ဖွယ် မဟုတ်သော်လည်း ပိုပိုကြည့်မိလေလေ ဆွဲဆောင်မှုကို ပိုသိလေလေ ဖြစ်၏။ သူမက အခြားအမျိုးသမီးများနှင့် ကွဲပြားပေသည်။ လူများစွာက ပြင်ပန်းသွင်ပြင်နှင့် ဆွဲဆောင်ကြသော်လည်း ဤကျက်သရေရှိလှသော အမျိုးသမီးကြီး၏ ဆွဲဆောင်မှုမှာ အတွင်းပိုင်းမှ ဖြစ်တည်လာခြင်း ဖြစ်၏။ သူမတွင် ကြည့်လေ လှလေ အလှတရားမျိုးကို ပိုင်ဆိုင်ထားပေသည်။

သူမနောက်တွင် ပါလာသော အမျိုးသမီးနှစ်ယောက်အနက် တစ်ယောက်ကို မိုဝူကျိ သတိပြုမိလိုက်သည်။ သူမက မိုရှန်းမို ဖြစ်ပြီး ယန်ကျန်းကျန်းက သူ့ရှေ့ လာမောက်မာပြစဉ်က အတူတူပါလာသော အမျိုးသမီး ဖြစ်၏။

နောက်ထပ် မိန်းမပျိုလေးမှာ မိုရှန်းမိုထက် ပိုမိုလှပပြီး ကျက်သရေရှိသော အမျိုးသမီးကြီးနှင့် ပုံစံတူပေသည်။ ပို ကြည့်လေလေ ပို လှလာလေလေ ဖြစ်၏။ သူမက စိတ်ကူးယှဉ်ဆန်သည့် အလှတရားကို ပေးစွမ်းပေ၏။

ထိုသုံးယောက်မှာ မရိုးရှင်းပေ။ အထူးသဖြင့် ကျက်သရေရှိ အမျိုးသမီးကြီး ဖြစ်၏။ သူမက  ထူးခြားသော ကျင့်စဉ်ကြောင့် ဤသို့ထူးခြားသော ပင်ကိုယ်လက္ခဏာ ရှိနေခြင်း ဖြစ်လိမ့်မည်ဟု  မိုဝူကျိ ထင်မှတ်မိသည်။ ထိုမျှတင် မက သူမ၏ ကျင့်ကြံဆင့်မှာ မနိမ့်ကျချေ။ မိုဝူကျိ၏ အမြင်အရ သူမမှာ အင်မော်တယ် ဧကရာဇ် တပိုင်းအဆင့် ရောက်ရှိနေပေလောက်၏။

ထိုမိန်းမပျိုလေး သုံးယောက်လုံးက စိမ်းစိုအင်မော်တယ်အိမ်တော်ကလား  ….

“နီဂျူက စီနီယာချင်းယန်ကို နှုတ်ဆက်ပါတယ် …” ခြေဗလာနှင့် အမျိုးသားက အမျိုးသမီးကြီးကို မြင်သည့်အခါ ဦးညွှတ်ကာ နှုတ်ဆက်လိုက်သည်။

ဦးညွှတ်ပြီးနောက် မိုဝူကျိကို အေးစက်စွာ စိုက်ကြည့်ကာ

“ ဪ …. မင်းက မိုဝူကျိကိုး …  တျန်းဂျီဂိုဏ်းသားတွေကို သတ်ရင်  မင်းရန်သူ ဖြစ်လာမယ်ဆိုပြီး ပြောခဲ့တဲ့ တစ်ယောက် မလား။

ဒါနဲ့ သိပ်မကြာသေးခင်တုန်းက ငါ  တျန်းဂျီဂိုဏ်းသားတချို့ကို သတ်ပစ်လိုက်သေးတယ်။ ခဏနေပါဦး  ဘယ်လောက် သတ်မိလိုက်ပါလိမ့် ….. မှတ်မိပြီ မှတ်မိပြီ ….  သူတို့ကို အရေခွာပြီးတော့ အင်မော်တယ်မြို့ဆီ ဆွဲခေါ်သွားလိုက်တာပဲ ….

ဟုတ်တယ် အဲလို လုပ်လိုက်တာပဲ  ….. တကယ်တော့ တျန်းဂျီဂိုဏ်းသားကို တွေ့တိုင်း အဲလိုလုပ်ပြီး သတ်ပစ်တာ  ”

မိုဝူကျိ စိတ်အတွင်းမှ သတ်ဖြတ်ငွေ့များက အားကောင်းစွာ ထွက်ပေါ်လာ၏။ ကျန်းရှင်းတွင် ရှိစဉ် သူက တျန်းဂျီဂိုဏ်းချုပ် ဖြစ်ပေသည်။

ဒီခွေးသားက တျန်းဂျီဂိုဏ်းသားတွေကို ဒီလို လူမဆန်တဲ့ နည်းလမ်းနဲ့ သတ်ပြီးတော့  သေသွားတော့လည်း  စော်ကားသေးတယ် ….  

သူက ဤရန်ကြွေးကို မရှင်းနိုင်လျှင် ဂိုဏ်းချုပ် ဖြစ်ဖို့ရာ မထိုက်တန်ပေ။

မိုဝူကျိဆီမှ သတ်ဖြတ်ငွေ့များကို ခံစားမိပြီး ကျက်သရေရှိ အမျိုးသမီးကြီးက ပြောလိုက်သည်

“ ဆေးလုံးဆရာမိုကို မိတ်ဆက်ပေးပါ့မယ်။ နီဂျုက မဟာဓားလမ်းစဉ်ဂိုဏ်း အကြီးအကဲဆာကျန်းရဲ့ တပည့်လေ … အကြီးအကဲဆာကျန်းက အင်မော်တယ် အုပ်စိုးသူ နောက်ပိုင်းအဆင့်ကို ရောက်သွားပြီလို့ ကြားထားတယ် …. ”

မဟာဓားလမ်းစဉ်ဂိုဏ်းရဲ့ ဆာကျန်းလား ….

မိုဝူကျိက ချက်ချင်း သတိရလိုက်သည်။ တျန်းဂျီဂိုဏ်း ဖျက်စီးခံလိုက်ရသည်မှာ ဆာကျန်းကြောင့် ဖြစ်၏။ ထိုလူတွင် ဟွမ်ရှားဟု အမည်ရသည့် တပည့်တစ်ယောက် ရှိပြီး  ဟွမ်ရှားမှာ ယုံရင်အင်မော်တယ်နယ်မြေသို့ တက်လှမ်းလာသူ ဖြစ်သော်လည်း  ယုံရင်အင်မော်တယ်နယ်မြေ၏ ပါရမီရှင် ၃၁၇ ယောက်ကို သတ်ဖြတ်ခဲ့ပြီးနောက် မဟာဓားလမ်းစဉ်ဂိုဏ်းသို့ ဝင်သွားခြင်း ဖြစ်၏။

မိုဝူကျိက သတ်ဖြတ်လိုစိတ်များကို အတင်းကျပ်ချိုးနှိမ်ကာ ကျက်သရေရှိ အမျိုးသမီးကြီးဘက် လှည့်ကာ လက်နှစ်ဖက် ယှက်ရင်း

“ ဒီက အင်မော်တယ်ရောင်းရင်းကို ဘယ်လိုခေါ်ရမလဲ …. ”

All Chapters