← Chapters

ဝိညာဉ်အက်ကွဲကြောင်းတပ်ရင်း

Vol. 57 Ch. 789

ဝိညာဉ်အက်ကွဲကြောင်းတပ်ရင်း

Vol. 57 Ch. 789

" အဆင့်မြှင့်ထားတဲ့ အပြင်ခန္ဓာကိုယ်၊ အားကောင်းတဲ့ အငွေ့အသက်တွေနဲ့ အစွမ်းထက် ဝိညာဉ်တုန်ခါမှုလှိုင်းတွေပဲ... ဒီ လုံနန်ကျစ်ဆိုတဲ့ကောင် နဂါးနက်တပ်ရင်းတစ်ရင်းလုံးကို အထိနာသွားအောင်လုပ်နိုင်ခဲ့တာ မထူးဆန်းပါဘူး။ သူက လိမ္မာပါးနပ်မှုရှိသလို အလျှော့အတင်းလုပ်တဲ့နေရာမှာလည်း ကျွမ်းသားပဲ။ ပြီးတော့ သူက ဖြတ်ထိုးဉာဏ်ကောင်းတဲ့အပြင် အဆောင်ပစ္စည်းသန့်စင်ခြင်းအပိုင်းမှာလည်း ဘယ်သူနဲ့မှ မတူလောက်ကို ပါရမီ ပါနေသေးတယ် " ဝန်ကြီးချုပ်ရှုမှာ ခေါင်းမော့လာပြီးနောက် ဝမ်ပေါင်လဲ့အား လှမ်းကြည့်လိုက်၏။ သူ၏ မျက်ဝန်းများထဲတွင် လေးစားမှု အရိပ်အယောင်များ ပထမဆုံးအကြိမ်အဖြစ် ပေါ်ပေါက်လာပြီဖြစ်သည်။

သူသည် လုံနန်ကျစ်နှင့် စကားအများကြီး မပြောဖူးသည့်တိုင်အောင် ဤ အချိန်တိုလေးအတွင်းတွင် သူ့ဆီ၌ စံထားလောက်သည့် အရည်အချင်းများစွာရှိကြောင်း မြင်တွေ့ခဲ့ရပြီးဖြစ်သည်။ ထို့ကြောင့် သူသည် ဝမ်ပေါင်လဲ့အား လေးစားသွားရသလို လင်ယို၏ လူကဲခတ်နိုင်စွမ်းမှာလည်း မညံ့ကြောင်း မှတ်ယူမိလိုက်တော့သည်။

" ကြည့်ရတာ ဒီကောင်လေးနဲ့ လင်ယိုရဲ့ကြားမှာ ဇာတ်လမ်းလေး‌တွေ ရှိလာနိုင်တဲ့ပုံပဲ " ဝန်ကြီးချုပ်ရှုမှာ ထိုသို့တွေးလိုက်ပြီးနောက် ဝမ်ပေါင်လဲ့အား ထပ်၍ အကဲခတ်လိုက်ပြန်သည်။

ထို့နောက် ဝန်ကြီးချုပ်ရှုသည် အသက်ဝိညာဉ်များ စုပ်ယူခံနေရသည့် သတ္တဝါကြီးများ၏ အော်ဟစ်မြည်တမ်းသံများမှာ အလွန်အင်မတန်မှ ဆူညံလာပြီဖြစ်ကြောင်း ခံစားလိုက်ရသဖြင့် သူ၏ညာဘက်လက်ကို မြှောက်ကာ အားပါပါ ဝှေ့ယမ်းလိုက်တော့သည်။ ထိုအခါ ထိုချိုင့်ခွက်ကြီးမှာ တုန်ရီသွားပြီး ထို သတ္တဝါကြီး ကိုးကောင်အား ချုပ်နှောင်ထားသည့် သံကြိုးကြီးများမှာလည်း ချက်ချင်းဆိုသလိုပင် တင်းကျပ်သွားကြ၏။ ထို့နောက် ၎င်းတို့မှာ ထို ထာဝရဝိညာဉ်ထိပ်ဆုံးအဆင့် သတ္တဝါကြီးကိုးကောင်အား ၎င်းတို့၏ ဂူများထဲသို့ ပြန်၍ဆွဲခေါ်သွားတော့သည်။

ထိုအခါ သံကြိုးများ၏ ရိုက်ခတ်သံများနှင့် ထိုသတ္တဝါကြီးများ၏ အော်ဟစ်မြည်တမ်းသံများမှာ တဖြည်းဖြည်းနှင့် ပျောက်ကွယ်သွားကြသည်။ ကောင်းကင်ယံထဲရှိ သွေးနီရောင်လမင်းကြီး ပုံမှန်အနေအထားသို့ ပြန်ရောက်သွားသောအခါ လေထဲတွင် ရပ်နေသည့် ဝမ်ပေါင်လဲ့မှာ မျက်ဝန်းများ အရောင်တောက်ပသွားတော့သည်။ သူသည် သူ၏ ကျင့်ကြံခြင်းစွမ်းအားများကို အာရုံခံကြည့်လိုက်ပြီးနောက် အလွန်အင်မတန်မှ စိတ်လှုပ်ရှားသွားရ၏။

၎င်းမှာ မတူညီသည့် အဆင့်နှစ်ခုတွင်ရှိနေသည့် လူမှုအဖွဲ့အစည်းနှစ်ခုကြားမှ ခြားနားချက်ဖြစ်ပေသည်။ ဝမ်ပေါင်လဲ့မှာ ပြည်ထောင်စုထဲတွင်သာ ရှိနေမည်ဆိုပါက မည်မျှပင် ကြိုးစားစေကာမူ ယွမ်ယင်ထိပ်ဆုံးအဆင့်အထိသာ တက်လှမ်းနိုင်မည်ဖြစ်သည်။ သို့သော် သူသည် နတ်မျက်လုံး လူမှုအဖွဲ့စည်းထဲသို့ ရောက်ရှိလာခဲ့သည်မှာ သိပ်မကြာသေးပါသော်လည်း ကျင့်ကြံခြင်းအဆင့် ဖောက်ထွက်သွားနိုင်ခဲ့ရုံသာမက နှောင်းပိုင်းဝိညာဉ်ကြားခံနယ်အဆင့်အထိ တက်လှမ်းနိုင်သွားခဲ့ပြီ မဟုတ်ပါလော။

သူသည် ထာဝရဝိညာဉ်အဆင့်သို့ပင် တက်လှမ်းနိုင်တော့မည် ဖြစ်သည်။ ကျင့်ကြံခြင်းအဆင့် တိုးတက်လာမှုကြောင့် တိုက်ရည်ခိုက်ရည်စွမ်းအားများမှာလည်း သိသိသာသာ တိုးတက်လာမည်သာ ဖြစ်သည်။ ဝမ်ပေါင်လဲ့မှာ လက်ရှိတွင် သူ၏စွမ်းအားများကို စမ်းသပ်ခွင့်မရှိသေးပါသော်လည်း အကယ်၍ ယခုတွင် နဂါးနက်တပ်ရင်းမှ ထာဝရဝိညာဉ်တစ်ပိုင်းအဆင့် ခေါင်းဆောင်ကြီးနှင့် ထပ်၍ရင်ဆိုင်ကြုံတွေ့လိုက်ရမည်ဆိုပါက သူ၏ ဒိုင်းကာကိုပင် သုံးနေစရာမလိုပဲ သူ၏ တိုက်ရည်ခိုက်ရည်စွမ်းအား တစ်မျိုးတည်းနှင့် သူမအား ရင်ဆိုင်နိုင်လိမ့်မည်ဖြစ်ကြောင်း ခံစားနေရသည်။

အဘယ်ကြောင့်ဆိုသော် ဝမ်ပေါင်လဲ့၏ အပြင်ခန္ဓာကိုယ်မှာ ယခင်တုန်းကနှင့် မတူတော့သောကြောင့်ပင်။ တစ်ချိန်ထဲမှာပင် ဝမ်ပေါင်လဲ့မှာ အကယ်၍ သူသာ သူ၏ ကိုယ်ပွားအား သူ၏ခန္ဓာကိုယ်အစစ်နှင့် ပေါင်းစည်းနိုင်သွားမည်ဆိုပါက နှောင်းပိုင်း ဝိညာဉ်ကြားခံနယ်အဆင့်တွင်သာ ရှိနေလျှင်တောင် ထာဝရဝိညာဉ်တစ်ပိုင်းအဆင့် ကျင့်ကြံသူများကို သတ်ဖြတ်နိုင်ရန်မှာ ခက်ခဲနေတော့မည်မဟုတ်ဟု ယုံကြည်နေ၏။

" ကျေးဇူးတင်ပါတယ် လူကြီးမင်းရှု " ဝမ်ပေါင်လဲ့မှာ ထိုသို့ စဉ်းစားတွေတောလိုက်ပြီးနောက် အသက်ပြင်းပြင်းရှူကာ ဝန်ကြီးချုပ်ရှုအား ဦးညွှတ် အရိုအသေပေးလိုက်၏။ သူသည် ဝန်ကြီးချုပ်ရှု သူ့အား မတားဆီးခဲ့သည့်အတွက် အလွန်အင်မတန်မှ ကျေးဇူးတင်နေ၏။ အကယ်၍ သူသာ တားဆီးခဲ့မည်ဆိုပါက သူသည် ယခုလောက် စိတ်ကျေနပ်မှုများ ရရှိနေမည်မဟုတ်ပေ။

" ငါ့ကို ကျေးဇူးတင်နေစရာ မလိုပါဘူး။ ဟိုကလေးမလေး လင်ယိုကိုသာ ကျေးဇူးတင်လိုက်ပါ " ဝန်ကြီးချုပ်ရှုမှာ ပြုံးကာ ပြန်ပြောလိုက်၏။ သူသည် ခင်မင်ရင်းနှီးသည့်ပုံ ပေါက်အောင် အစွမ်းကုန် ကြိုးစားနေသည့်တိုင်အောင် သူ၏ ကျောချမ်းဖွယ်ရာ အပြုံးကြီးမှာ ကြောက်မက်ဖွယ်ရာ ကောင်းနေဆဲပင်။

ဝမ်ပေါင်လဲ့မှာ သူ၏အပြုံးကို မြင်လိုက်ရသောအခါ အနည်းငယ်ခန့် တုန်လှုပ်သွားရပြီး တစ်ခုခုမှာ ထူးဆန်းနေကြောင်း ခံစားလိုက်ရ၏။ ထို့ကြောင့် သူသည် ညာလက်သီးပေါ် ဘယ်လက်ဝါးတင်ကာ နောက်ထပ်တစ်ကြိမ်ထပ်၍ အလျင်အမြန် ဂါရဝပြုလိုက်ပြီးနောက် ဝန်ကြီးချုပ်ရှုနှင့်အတူ တားမြစ်နယ်မြေထဲမှ ထွက်ခွာလာတော့သည်။

ဝမ်ပေါင်လဲ့မှာ ရေခဲဖီးနစ်ငှက်တပ်ရင်း စစ်သင်္ဘောကြီးရှိရာသို့ ပြန်သည့်လမ်းတစ်လျှောက်တွင် ဝန်ကြီးချုပ်ရှုသည် သူ နားမလည်နိုင်သည့် မျက်ဝန်းများဖြင့် သူ့အား ကြည့်နေခဲ့ကြောင်း သတိထားမိခဲ့၏။ ထို့အပြင် သူသည် ဝမ်ပေါင်လဲ့အား သူ၏အတိတ်အကြောင်းနှင့် ပတ်သတ်၍လည်း မေးမြန်းခဲ့သေးသည် မဟုတ်ပါလော။

ထို့ကြောင့် ဝမ်ပေါင်လဲ့မှာ သတိကြီးကြီး ထားမိသွားရ၏။ သူသည် ဝန်ကြီးချုပ်ရှုမှာ သူ၏ သရုပ်မှန်ကို သံသယဝင်နေသည်လော‌ဟု ‌တွေးနေမိတော့သည်... ထိုသို့ဖြင့် ဝမ်ပေါင်လဲ့မှာ သူတို့နှစ်ယောက် စစ်သင်္ဘောကြီးဆီသို့ ပြန်လည်ရောက်ရှိသွားပြီး ဝန်ကြီးချုပ်ရှု ထွက်ခွာသွားသောအချိန်မှသာ စိတ်အေးသွားရပြီး သက်ပြင်းချနိုင်တော့သည်။ ထို့နောက် သူသည် ခေါင်းငုံ့ကာ သူ၏လက်ထဲမှ အပြာရောင် အသိအမှတ်ပြု တံဆိပ်ပြားအား ကြည့်လိုက်၏။

၎င်းမှာ ဝန်ကြီးချုပ်ရှု ထွက်ခွာမသွားခင် သူ့အား ပေးခဲ့သည့် စစ်တပ်ဖွဲ့စည်းခွင့် အသိအမှတ်ပြု တံဆိပ်ပြား ဖြစ်ပေသည်။ သူသည် ၎င်းထဲသို့ သူ၏ ဝိညာဉ်ချီများကို ထည့်သွင်းလိုက်ရုံနှင့် တံဆိပ်တစ်ခု ပြုလုပ်နိုင်သွားမည် ဖြစ်သည်။ ထို့နောက် သူသည် သူ၏စစ်တပ်တံဆိပ်အား နတ်ဧကရာဇ် တရားမျှတမှုဂိုဏ်း၏ အတွင်းပိုင်း မန္တန်အစီအရင်ကြီးထဲသို့ ထည်သွင်းလိုက်ရုံပင်။ ထိုအခါ ထိုတံဆိပ်အပေါ် မူတည်၍ သူ့အတွက် စခန်းတစ်ခု စီစဉ်ပေးမည်ဖြစ်သည်။

ဝမ်ပေါင်လဲ့မှာ သူ၏လက်ထဲမှ တံဆိပ်ပြားကို သိမ်းဆည်းလိုက်ပြီးနောက် စိတ်ဓာတ်တက်ကြွစွာဖြင့် ရေခဲဖီးနစ်ငှက်တပ်ရင်းဆီသို့ ပြန်သွားလိုက်၏။ ထို့ကြောင့် စစ်သင်္ဘောကြီးမှာလည်း ဧကရာဇ်ဂြိုဟ်ပေါ်မှ ထွက်ခွာသွားတော့သည်။

ယခုအကြိမ်တွင်မူ သူ၏ ရာထူးအဆင့်အတန်းမှာ ပြောင်းလဲသွားပြီ ဖြစ်သည်။ သူသည် ရေခဲဖီးနစ်ငှက်တပ်ရင်း၏ အဖွဲ့ဝင်တစ်ယောက် မဟုတ်တော့ဘဲ သစ္စာခံတစ်ယောက် ဖြစ်နေပြီ ဖြစ်သည်။ တစ်ချိန်ထဲမှာပင် သူသည် နတ်သမီးလင်ယိုထက် အဆင့်နိမ့်နေသေးပါသော်လည်း စစ်တပ်ခေါင်းဆောင်ကြီးတစ်ယောက် ဖြစ်နေပြီ ဖြစ်သည်။

ထို့ကြောင့် စစ်သင်္ဘောကြီး မြေပြင်ပေါ်သို့ဆင်းသက်သွားချိန်တွင် ရေခဲဖီးနစ်ငှက်တပ်ရင်းမှာ သူ့အတွက် ကြိုဆိုပွဲတစ်ခု ကျင်းပပေးလိုက်၏။ ထိုကြိုဆိုပွဲသို့ နတ်သမီးလင်ယိုသာမက သူမ၏ ဝိညာဉ်ကြားခံနယ် ထိပ်ဆုံးအဆင့် လက်အောက်ငယ်သားများအားလုံးပါ တက်ရောက်ကြသည်။

ထိုကြိုဆိုပွဲမှာ အလွန်အင်မတန်မှ ကြီးကျယ်ခမ်းနား၏။ ဝမ်ပေါင်လဲ့မှာ ယခုကဲ့သို့သော အခါသမယများနှင့် ပတ်သတ်လာလျှင် အတွေ့အကြုံရှိထားပြီးသားဖြစ်ရာ မည်သည့်အခက်အခဲနှင့်မှ ကြုံတွေ့နေရခြင်း မရှိပေ။ သူသည် လူတိုင်းနှင့် အလာပသလ္လာပစကားများ ပြောဆိုလိုက်ပြီးနောက် နတ်သမီးလင်ယိုကိုလည်း ကျေးဇူးတင်စကား ဆိုလိုက်ပြီး သူတို့၏ သဘောတူညီချက်ကို လက်ခံကြောင်း အသိပေးလိုက်သည်။

နောက်ဆုံးတွင် နတ်သမီးလင်ယို၏ တောင်းဆိုချက်အရ ဝမ်ပေါင်လဲ့မှာ မိုးကောင်းကင်နတ်ဘုရား တရားမျှတမှုဒိုင်းကာအားလုံး ဖန်တီးပေးပြီးမှ ထွက်ခွာသွားရန် သဘောတူလိုက်တော့သည်။

ထိုကြိုဆိုပွဲ ပြီးဆုံးသွားသောအခါ ဝမ်ပေါင်လဲ့မှာ သူ၏ ဘေးပတ်ပတ်လည်ရှိ အမျိုးသမီး ကျင့်ကြံသူများအားလုံး ဣန္ဒြေအပြည့် ရှိနေကြဆဲဖြစ်ကြောင်း မြင်လိုက်ရသဖြင့် စိတ်မကောင်းဖြစ်သွားရ၏။ သူတို့မှာ မျက်ဝန်းများ တောက်ပနေကြသည့်တိုင်အောင် မည်သူကမှ သူ့အား မြှူဆွယ်ရန် ကြိုးစားနေကြခြင်းမရှိ‌ပေ။ ထို့ကြောင့် ဝမ်ပေါင်လဲ့မှာ သက်ပြင်းချမိသွားရ၏။ သူသည် ညဉ့်နက်သန်းခေါင်ယံအချိန်၌ သူ၏နေအိမ်သို့ ပြန်ရောက်လာပြီးနောက် နှုတ်ဆိတ်ကာ ငိုင်တိုင်တိုင်နှင့် ထိုင်နေမိတော့သည်။

" ထားလိုက်ပါတော့လေ။ သူတို့တွေ ငါ့ကို လာပြီးတော့ မြှူဆွယ်နေမယ်ဆိုရင်တောင် ငါက လက်ခံမှာ မဟုတ်ပါဘူး " ဝမ်ပေါင်လဲ့မှာ နှာမှုတ်ကာ ထို အတွေးများကို မေ့ပျောက်လိုက်ပြီးနောက် မျက်လုံးများ မှေးသွားတော့သည်။

" ငါ့ရဲ့ မိုးကောင်းကင်နတ်ဘုရား တရားမျှတမှုဒိုင်းကာက အသိမ်းခံလိုက်ရပြီဆိုတော့ ပိုကောင်းတဲ့ ဒိုင်းကာတစ်ခုကို အမြန်ဆုံးဖန်တီးမှဖြစ်မယ်။ အဲလိုမှ မဟုတ်ရင် ငါ ရေခဲဖီးနစ်ငှက်တပ်ရင်းထဲက ထွက်သွားလို့ အန္တရာယ်နဲ့ ကြုံရတဲ့အချိန်ကျ ဒုက္ခလှလှတွေ့လိမ့်မယ် " ဝမ်ပေါင်လဲ့မှာ ထိုသို့တွေးတောလိုက်ပြီးနောက် သူ စဉ်းစားမိထားသည့် မိုးကောင်းကင်နတ်ဘုရား တရားမျှတမှုဒိုင်းကာအား အဆင့်မြှင့်တင်နိုင်မည့် နည်းလမ်းအား ပြန်လည်သုံးသပ်နေလိုက်တော့သည်။

ထို နည်းလမ်းထဲတွင် အရေးအကြီးဆုံး အပိုင်းမှာ ဝူလေး သူ့အား ပေးထားသည့် နတ်ဘုရားလက်နက် ဖန်တီးသန့်စင်နည်းထဲ၌ မှတ်တမ်းတင်ထားသည့် အဆောင်ပစ္စည်းသန့်စင်ခြင်း ပညာရပ် ဖြစ်ပေသည်။

" တစ်စစီဖြုတ်ပြီး ပြန်တပ်ရမယ်... တခြားနည်းနဲ့ ပြောရမယ်ဆိုရင် တစ်စစီဖြုတ်ပြီး အသစ်ပြန်လည်တည်ဆောက်ရမယ့် နည်းလမ်းပဲ " ဝမ်ပေါင်လဲ့မှာ ထိုသို့တွေးကာ သူ၏ သိုလှောင်အိတ်အား ဖွင့်လိုက်ပြီး ကြိုဆိုပွဲထဲတွင် ရှိနေခဲ့စဉ်တုန်းက နတ်သမီးလင်ယို သူ့အား ပေးခဲ့သည့် ကုန်ကြမ်းပစ္စည်းများကို ထုတ်ယူလိုက်သည်။ ထိုကုန်ကြမ်းပစ္စည်းများထဲတွင် စိန်ခေါ်မှုပြိုင်ပွဲထဲ၌ သူ ဆုံးရှုံးခဲ့ရသည့် ပစ္စည်းများအတွက် နစ်နာကြေးအနေဖြင့် ပြန်ပေးသည့် ကုန်ကြမ်းပစ္စည်းများလည်း ပါပေသည်။ ထို့ကြောင့် ၎င်းတို့မှာ သူ့အတွက် လုံလောက်မှုရှိနေသဖြင့် သူသည် ပစ္စည်းများ ထပ်၍ ရှာဖွေနေစရာမလိုတော့ပေ။

ထိုသို့ဖြင့် အချိန်များ တရွေ့ရွေ့ကုန်ဆုံးသွားပြီး တစ်လတိတိ ကုန်လွန်သွား၏။ ထိုတစ်လအတွင်းတွင် ဝမ်ပေါင်လဲ့၏ ဂုဏ်သတင်းမှာ ရေခဲဖီးနစ်ငှက်တပ်ရင်းနှင့် နတ်ဧကရာဇ် တရားမျှတမှုဂိုဏ်း တစ်ဂိုဏ်းလုံးထဲ၌ ပို၍ ကျော်ကြားလာခဲ့ပြီး လူများစွာမှာလည်း သူသည် စစ်တပ်တစ်ခုဖွဲ့စည်းခွင့် ရှိနေပြီဖြစ်ကြောင်း သိထားကြပြီဖြစ်သည်။ သို့သော် သူ၏နေ့စဉ်ဘဝမှာ ပြောင်းလဲသွားခြင်းမရှိသေးပေ။

သူသည် ယခင်တုန်းကအတိုင်း အပြင်သို့ သိပ်ထွက်လေ့မရှိဘဲ မိုးကောင်းကင်နတ်ဘုရား တရားမျှတမှုဒိုင်းကာအား အသစ်ပြန်လည်ဖန်တီးနိုင်ရန်သာ အာရုံအပြည့်စိုက်ထားသည်။ ထိုသို့ဖြင့် ဝမ်ပေါင်လဲ့မှာ နည်းလမ်းအသစ်ကို အသုံးပြုကာ မိုးကောင်းကင်နတ်ဘုရား တရားမျှတမှုဒိုင်းကာအား အဆင့်ဆယ့်ခုနစ်အထိ ပြန်လည် မြှင့်တင်သွားနိုင်ခဲ့၏။ သို့သော် သူသည် ထိုအဆင့်တွင် ရပ်တန့်သွားခြင်းမရှိဘဲ ဆက်လက် သန့်စင်နေခဲ့သောကြောင့် ၎င်းမှာ အဆင့်နှစ်ဆယ့်ရှစ်အထိ ရောက်ရှိသွားတော့သည်။

ဤအဆင့်တွင် ထိုရတနာမှာ ကြောက်ခမန်းလိလိ အစွမ်းထက်လာပြီဖြစ်သည်။ တစ်ချိန်ထဲမှာပင် ၎င်းမှာ ထာဝရဝိညာဉ်အဆင့် ကျင့်ကြံသူများကိုပါ အန္တရာယ်ပြုနိုင်းစွမ်း ရှိနေပြီဖြစ်သည်။ ၎င်းမှာ ထိုထာဝရအဆင့် ကျင့်ကြံသူများ၏ တိုက်ကွက်များထဲမှ စွမ်းအားများ၏ နှစ်ရာ့ရှစ်ဆယ်ရာခိုင်နှုန်းအထိ မတုံ့ပြန်နိုင်သေးပါသော်လည်း ငါးဆယ်ရာခိုင်နှုန်းတိတိ တုံ့ပြန်နိုင်စွမ်း ရှိနေပြီ ဖြစ်သည်။

၎င်း၏ ပုံပန်းသွင်ပြင်မှာလည်း လုံးဝပြောင်းလဲသွားပြီဖြစ်ပြီး ဒိုင်းကာငယ်လေးတစ်ခုနှင့် မတူတော့ပေ။ ၎င်းမှာ ရေစက်ပေါင်း မြောက်မြားစွာအဖြစ် ပြောင်လဲသွားပြီး ပါးလွှာသည့် အကာအရံတစ်ခုပုံစံဖြင့် သူ၏ ခန္ဓာကိုယ်အား လွှမ်းခြုံပေးထား၏။

ထို အတောအတွင်းတွင် သူသည် နတ်သမီးလင်ယိုအား ကတိပေးထားခဲ့သည့် မိုးကောင်းကင်နတ်ဘုရား တရားမျှတမှုဒိုင်းကာ ပုံစံဟောင်းများကိုလည်း ဖန်တီးပေးနိုင်ခဲ့သည်။ ထို မိုးကောင်းကင်နတ်ဘုရား တရားမျှတမှုဒိုင်းကာများအား ဆက်သပြီးပါက အချိန်မရွေး ထွက်ခွာသွားခွင့် ရှိပြီဖြစ်ရာ ဝမ်ပေါင်လဲ့မှာ သူ၏ သန့်စင်ခြင်းလုပ်ငန်းစဉ်အား အဆုံးသတ်လိုက်ပြီး သူ၏ စစ်တပ်ဖွဲ့စည်းခွင့် တံဆိပ်ပြားကို ထုတ်ယူလိုက်တော့သည်။ ထိုအခါ သူ၏ မျက်ဝန်းများမှာ ဖျတ်ခနဲ အရောင်လက်သွား၏။

" အခု ငါ့ရဲ့ကိုယ်ပိုင်စစ်တပ်ကို ဖွဲ့စည်းရမယ်။ အဲဒီစစ်တပ်ကို ဘာနာမည်ပေးရင် ကောင်းမလဲ " ဝမ်ပေါင်လဲ့မှာ ခေါင်းရှုပ်နေရ၏။ သူသည် ထိုအတောအတွင်းတွင် မကြာခဏဆိုသလို ထိုကိစ္စနှင့် ပတ်သက်၍ စဉ်းစားတွေးတောနေခဲ့၏။ စစ်တပ်တစ်ခု၏ စွမ်းအားမှာ ၎င်း၏အမည်နှင့် တိုက်ဆိုင်မှုမရှိပါသော်လည်း ၎င်းမှာ အလွန်အင်မတန်မှ အရေးကြီးနေဆဲပင်။ နာမည်ကောင်းတစ်ခုကို ပိုင်ဆိုင်ထားပါက မိမိ၏စစ်တပ်မှာ အတိုင်းအတာတစ်ခုအထိ ခမ်းနားထည်ဝါမှု ရှိနေမည်ဖြစ်သည်။

" ဥပမာပြရင် အကောင်ဆုံးနာမည်ကတော့ ပေါင်လဲ့တပ်ရင်းပေါ့ကွာ။ အဲဒီနာမည်ဆိုရင် ဟိတ်ဟန်အပြည့်ရှိတယ် " ထိုသို့တွေးကာ သက်ပြင်းချလိုက်၏။ အကယ်၍ ကျိုးရိရှန်သာ ဤနေရာတွင် ရှိမနေပါက မည်သူကမှ သံသယ ဝင်နေမည်မဟုတ်ရာ ထိုသို့နာမည်ပေးရန်မှာ ကိစ္စမရှိပေ။ သို့သော် လက်ရှိအခြေအနေများအရ မဖြစ်နိုင်ပေ။

" အဆင့်တစ် ဥက္ကဋ္ဌတပ်ရင်း ဆိုရင်ရော " ဝမ်ပေါင်လဲ့မှာ ရုတ်တရက်ဆိုသလို တွေးမိလိုက်ပါသော်လည်း ထိုနာမည်မှာ သင့်တော်မှုမရှိကြောင်း ခံစားလိုက်ရ၏။ ထို့ကြောင့် သူသည် အနည်းငယ်ခန့် စဉ်းစားတွေးတောလိုက်ပြီးနောက် အပြင်ဘက်တွင်ရှိနေသည့် မြည်းလေးနှင့် ဝူလေးတို့အား အသံလွှင့်အကြောင်းကြားစာတစ်စောင် ပေးပို့လိုက််ပြီး သူ့အတွက် နာမည်တစ်ခု ကူ၍ စဉ်းစားပေးရန် အကူအညီတောင်းလိုက်တော့သည်။

မြည်းလေးနှာ တဟီဟီ အော်မြည်နိုင်စွမ်းသာ ရှိသောကြောင့် ၎င်း၏ တုံ့ပြန်ပုံမှာ ထူဆန်းနေခြင်းမရှိပေ။ သို့သော် ဝူလေးမှာ စိတ်ဓာတ်တက်ကြွစွာနှင့် တစ်ခဏမျှ စဉ်းစားတွေးတောလိုက်ပြီးနောက် အကြံတစ်ခုပေးလိုက်တော့သည်။

" ဖေဖေကြီး။ ဝိညာဉ်အက်ကွဲကြောင်းတပ်ရင်း ဆိုရင်ရော ဘယ်လိုသဘောရလဲ "

" ဝိညာဉ်အက်ကွဲကြောင်းတပ်ရင်း ဟုတ်လား " ထိုအခါ ဝမ်ပေါင်လဲ့မှာ အလေးအနက် စဉ်းစားတွေးတောမိသွားသည်။

" ဟုတ်တယ်။ မြေနက်အင်ပါယာထဲမှာ ဝိညာဉ်အက်ကွဲကြောင်းတပ်ရင်းလို့ ခေါ်တဲ့ အရမ်းကိုအစွမ်းထက်တဲ့ စစ်တပ်တစ်ခုရှိတယ်။ အဲဒီနာမည်က တော်တော်လေးကို ကြီးကျယ်ခမ်းနားပြီးတော့ ဖေဖေကြီးနဲ့လည်း တကယ်လိုက်တယ်ဗျ "

" ရိုးစင်းလွန်းတယ်ကွ " ဝမ်ပေါင်လဲ့မှာ မျက်လုံးများ ပင့်မိသွား၏။ ဝိညာဉ်အက်ကွဲကြောင်းတပ်ရင်းဆိုသည့် အမည်မှာ တမူထူးခြားနေခြင်းမရှိ‌သလို ခွဲထွက်နေခြင်းလည်း မရှိကြောင်း သူက ခံစားနေရ၏။ သို့ဖြစ်ရာ ၎င်းမှာ ဝမ်ပေါင်လဲ့ တွေးမိထားသည့် နာမည်နှင့် ယှဉ်နိုင်မည်မဟုတ်ပေ။

နောက်ဆုံးတွင် ဝမ်ပေါင်လဲ့မှာ စဉ်းစားတွေးတောလိုက်ပြီးနောက် အခြား ရွေးချယ်စရာမရှိတော့ကြောင်း သိလိုက်ရတော့သည်။ ထို့ကြောင့် သူသည် သက်ပြင်းချကာ သူ၏ ဝိညာဉ်ချီများအား လက်ထဲတွင်ရှိနေသည့် တံဆိပ်ပြားထဲသို့ ထည့်သွင်းလိုက်ပြီး သူ၏ စစ်တပ်၏ အမည်အား တံဆိပ်နှိပ်လိုက်တော့သည်။

" ဝိညာဉ်အက်ကွဲကြောင်းတပ်ရင်း "

All Chapters