← Chapters

မလုပ်ဘူးဗျာ

Vol. 57 Ch. 790

မလုပ်ဘူးဗျာ

Vol. 57 Ch. 790

" ဒီနာမည်က တော်တော်ကို အဖြစ်မရှိတာပဲ " ဝမ်ပေါင်လဲ့မှာ သူ၏ စစ်တပ်အား ဖွဲ့စည်းကာ ၎င်း၏အမည်အား သတ်မှတ်ပေးလိုက်ပြီးနောက် ရေခဲဖီးနစ်ငှက်တပ်ရင်းထဲမှ ထွက်ခွာလာ၏။ သို့သော် သူသည် ဂိုဏ်းမှ သူ့အတွက် စီစဉ်ပေးထားသည့် စခန်းဆီသို့ သွားရာလမ်းတစ်လျှောက်လုံးတွင် စစ်သင်္ဘောကြီးပေါ်၌ သက်ပြင်းများ ချနေခဲ့သည်။

မြည်းလေးနှင့် ဝူလေးတို့မှာ သူနှင့် မလှမ်းမကမ်းတွင် ရှိနေကြသည်။ မြည်းလေးမှာ လဲလျောင်းနေပြီး စိတ်ကျေနပ်မှုရှိနေသည့် လေသံဖြင့် မကြာခဏဆိုသလို အသံပေးနေ၏။ ဝူလေးမှာမူ မြည်းလေးအား လက်တစ်ဖက်ဖြင့် နှိပ်နယ်ပေးနေရင်း ဝမ်ပေါင်လဲ့အား ခဏခဏ အကဲခတ်နေသည်။ သူသည် ထိုနာမည်‌ပေးရန် အကြံပြုမိခဲ့သဖြင့် စိတ်ထဲတွင်ကျိတ်၍ ကြောက်ရွံ့တုန်လှုပ်နေရသလို နောင်တများလည်း ရနေ၏။ သူသည် ဝမ်ပေါင်လဲ့ သူ့အား ထပ်၍ ရိုက်နှက်ကန်ကျောက်မည်ကို စိုးရိမ်နေခြင်းဖြစ်သည်။

ဝူလေးတစ်ယောက် အတွေးများယောက်ယက်ခတ်နေစဉ် ဝမ်ပေါင်လဲ့မှာ သက်ပြင်းချလိုက်ပြီးနောက် စစ်သင်္ဘောကြီး၏ အပြင်ဘက်တွင် ရှိနေသည့် အာကာသကြီးအား လှမ်းကြည့်လိုက်၏။ ဂိုဏ်းမှ သူ့အတွက် စီစဉ်ပေးထားသည့် နေရာအရဆိုလျှင် သူ၏စခန်းမှာ ဧကရာဇ်ဂြိုဟ်နှင့် အနည်းငယ်ခန့် ကွာဝေးပေသည်။

ထိပ်ဆုံးဆယ်ဆင့်ထဲတွင်ရှိသည့် စစ်တပ်များသာလျှင် ဧကရာဇ်ဂြိုဟ်၏ ပတ်ပတ်လည်တွင် ရှိနေသော ဂြိုဟ်တုများပေါ်၌ စခန်းချခွင့်ရသည် မဟုတ်ပါလော။ သို့ဖြစ်ရာ ရေခဲဖီးနစ်ငှက်တပ်ရင်းဆီမှ သူ၏စခန်းဆီသို့ သွားနိုင်ရန် အချိန်ငါးရက်ဝန်းကျင် ကြာမြင့်မည်ဖြစ်သည်။

" လထက် အရွယ်ပိုသေးတဲ့ ဂြိုဟ်တစ်လုံး... " ဝမ်ပေါင်လဲ့မှာ ကျောက်စိမ်းပေလွှာကို ထုတ်ယူကာ တည်နေရာ အတိအကျအား အကဲခတ်ကြည့်ရှုလိုက်၏။ သူသည် မကျေမနပ်ဖြစ်နေခြင်း မရှိသည့်အပြင် အတော်အသင့် ကျေနပ်အားရနေသည်။ ထို့အပြင် သူသည် သူ၏ စစ်တပ်အား ဖွဲ့စည်းနိုင်မည့် နည်းလမ်းများကို စတင်စဉ်းစားတွေးတောနေတော့သည်။

" ငါ့အနေနဲ့ စစ်သားတွေကို စည်းရုံးသိမ်းသွင်းဖို့ အချိန်ပေးနိုင်မှာ မဟုတ်ဘူး။ အဲတာမလို့... အကောင်းဆုံးနည်းလမ်းက နဂါးနက်တပ်ရင်းကို အနိုင်ယူခဲ့တုန်းကအတိုင်း တစ်ယောက်တည်းနဲ့ စစ်တပ်တစ်ခုဖွဲ့ဖို့ပဲ "

ဝမ်ပေါင်လဲ့မှာ တစ်ခဏမျှ စဉ်းစားတွေးတောလိုက်ပြီးနောက် ဆုံးဖြတ်ချက်ချလိုက်၏။ ထို့နောက် သူသည် မျက်လုံးများမှိတ်သွားပြီး နှုတ်ဆိတ်ကာ တရားထိုင်နေလိုက်တော့သည်။ ထိုသို့ဖြင့် ရက်ပေါင်းများစွာ ကုန်ဆုံးသွား၏။ ဝမ်ပေါင်လဲ့ သူ၏စခန်း၏ အနီးသို့ ရောက်ရှိလာချိန်တွင် ထိုဂြိုဟ်ငယ်လေးမှာ သူ၏အသိစိတ်ထဲ၌ ပေါ်ပေါက်လာ၏။ ထိုအခါ သူသည် မျက်လုံးများ ဖွင့်ကြည့်လိုက်သဖြင့် သူ၏ စစ်သင်္ဘောကြီး၏ အပြင်ဘက်ရှိ အာကာသကြီးထဲ၌ ခရမ်းရောင်ဂြိုဟ်တစ်လုံး ရှိနေသည်ကို မြင်လိုက်ရတော့သည်။

ထိုဂြိုဟ်မှာ အာကာသကြီးထဲတွင် မြုပ်ဝင်နေသည့် ကျောက်မျက်ရတနာတုံး တစ်တုံးနှင့် တူနေပြီး နူးညံ့သိမ်မွေ့သည့် အလင်းရောင်များနှင့် ဝိညာဉ်ချီလှိုင်းများကို ထုတ်လွှတ်နေသည်။ ထို့ကြောင့် ထိုဂြိုဟ်ငယ်လေး၏ ဘေးပတ်ဝန်းကျင်မှာ မှုန်ဝါးဝါး ဖြစ်နေ၏။

ဝမ်ပေါင်လဲ့မှာ မျက်လုံးများအရောင်လက်သွားပြီး သူ၏ စစ်သင်္ဘောကြီးကို ထိန်းချုပ်ကာ ထိုဂြိုဟ်ငယ်လေးဆီသို့ အလျင်အမြန် မောင်းနှင်သွားလိုက်၏။ သူသည် ထိုဂြိုဟ်ငယ်လေးပေါ်ရှိ ဝိညာဉ်ချီများကို အာရုံခံမိလိုက်သောအခါ မျက်မှောင်ကြုတ်သွားရတော့သည်။ ထို့နောက် သူသည် ဂိုဏ်းမှ ထိုဂြိုဟ်ငယ်လေးအား သူ၏စခန်းအဖြစ် သတ်မှတ်ပေးခဲ့သည့် အကြောင်းရင်းကိုလည်း နားလည်သွား၏။

အပေါ်ယံတွင် ထို ဂြိုဟ်ငယ်လေးပေါ်ရှိ ဝိညာဉ်ချီများမှာ ပေါကြွယ်ဝနေသည့်ပုံ ပေါ်ပါသော်လည်း လက်တွေ့‌တွင်မူ ၎င်းတို့မှာ တာရှည်ခံမည်မဟုတ်ပေ။ ထို့အပြင် ၎င်း၏ ကြယ်တာရာရင်းမြစ်ထဲမှ တစ်စိတ်တစ်ပိုင်းမှာလည်း တူးထုတ်ခံထားရပြီ ဖြစ်သောကြောင့် ၎င်း၏ အတွင်းပိုင်းမှာ ဟာလာဟင်းလင်း ဖြစ်နေ၏။

ထို့ကြောင့်လည်း ဤ ဂြိုဟ်ငယ်လေးမှာ အပေါ်ယံတွင် သစ်ပင်ပန်းမန်များဖြင့် စိမ်းလန်းစိုပြည်နေသည့်ပုံ ပေါက်နေသည့်တိုင်အောင် ထိုအခြေအနေမှာ ရေရှည် တည်မြဲနေနိုင်မည် မဟုတ်ပေ။ ယခု အနေအထားအတိုင်းသာ ဆိုပါက နှစ်ပေါင်းနှစ်ရာ အတွင်းတွင် ဤ ဂြိုဟ်ငယ်လေးမှာ လုံးဝ ခြောက်သွေ့ညှိုးနွမ်းသွားမည်သာ ဖြစ်သည်။

" ငါ့အတွက် အနှစ်နှစ်ရာ မလိုပါဘူးကွာ " ဝမ်ပေါင်လဲ့မှာ ထိုကိစ္စနှင့်ပတ်သက်၍ စိတ်သောကရောက်နေခြင်း မရှိပေ။ သူသည် လှစ်ခနဲ လှုပ်ရှားကာ မြည်းလေးနှင့် ဝူလေးတို့အား စစ်သင်္ဘောကြီးပေါ်မှ ခေါ်ဆောင်သွားလိုက်ပြီးနောက် ထိုဂြိုဟ်ငယ်လေးပေါ်သို့ ဆင်းသက်လိုက်၏။ ၎င်းမှာ ဂိုဏ်းမှ သူ့အတွက် သတ်မှတ်ပေးထားသည့် ဂြိုဟ်ဖြစ်ရာ ၎င်း၏အမည်မှာလည်း ဝိညာဉ်အက်ကွဲကြောင်းဂြိုဟ် ဖြစ်နေသည်။

ဝမ်ပေါင်လဲ့မှာ ထိုဂြိုဟ်ငယ်လေးပေါ်သို့ ရောက်ရှိလာပြီးသည်နှင့် ၎င်းအား သေသေချာချာ ကြည့်ရှုစစ်ဆေးလိုက်၏။ သူသည် အတွင်းပိုင်းထဲရှိ ဟာလာဟင်းလင်း ဖြစ်နေသော နေရာများဆီသို့ပင်သွားကာ ကြည့်ရှုစစ်ဆေးမှုများ ပြုလုပ်ခဲ့သည်။ နောက်ဆုံးတွင် အရာအားလုံးမှာ အဆင်ပြေကြောင်း သေချာသွားသောအခါ သူသည် ဂြိုဟ်ငယ်လေး၏ အတွင်းပိုင်းထဲ၌ သူ၏ စစ်တပ်စခန်းအား စတင်တည်ဆောက်ရန် ဆုံးဖြတ်လိုက်တော့သည်။ ထို့နောက် သူသည် သူ၏ သိုလှောင်အိတ်ထဲ၌ ကျန်ရှိနေသေးသည့် ဆောက်လုပ်ရေးလုပ်ငန်းသုံး ရုပ်သေးရုပ်များအားလုံးကို ထုတ်ယူလိုက်သည်။

သူသည် ဤဂြိုဟ်ငယ်လေးအား ပြုပြင်မွမ်းမံရန်နှင့် အလိုအလျောက် ပေါက်ကွဲနိုင်စွမ်းရှိသော စစ်သင်္ဘောကြီးများအား ဖန်တီးတည်ဆောက်ပေးရန် အမိန့်ပေးလိုက်ပြီးနောက် ဝိညာဉ်အက်ကွဲကြောင်းဂြိုဟ်ပေါ်၌ ဆော့ကစားနေကြသည့် မြည်းလေးနှင့် ဝူလေးတို့အား လျစ်လျူရှုလိုက်၏။ ထို့နောက် သူသည် တောင်ထိပ်တစ်ခုပေါ်တွင် ထိုင်ကာ ကောင်းကင်ယံကြီးထဲရှိ ကြယ်တာရာများကို ကြည့်ရင်း သူ၏စစ်တပ်နှင့် ပတ်သတ်သည့် အရေးအကြီးဆုံး အချက်အကြောင်း စတင် စဉ်းစားတွေးတောနေလိုက်တော့သည်။ ၎င်းမှာ... ထိုစစ်တပ်၏ အဆင့် ဖြစ်ပေသည်။

ဝမ်ပေါင်လဲ့မှာ ရေခဲဖီးနစ်ငှက်တပ်ရင်းထဲ၌ ရှိနေခဲ့စဉ်တုန်းက နတ်မျက်လုံး လူမှုအဖွဲ့အစည်း၏ စစ်တပ်အဆင့်သတ်မှတ်ချက်များ အကြောင်းကို လုံးစေ့ပတ်စေ့ နားလည်အောင် လေ့လာနိုင်ခဲ့သည်။ ထို့ကြောင့် သူသည် နတ်မျက်လုံး လူမှုအဖွဲ့အစည်းထဲမှ စစ်တပ်များမှာ အဆင့်ဆယ့်ကိုးဆင့်ရှိကြောင်း သိရှိထားပြီးဖြစ်၏။ ( ဒါက ဂိုဏ်းကြီးထဲက ထိပ်ဆုံးဆယ်ဆင့် စစ်တပ်နဲ့ မတူတဲ့ အဆင့်တွေပါ )

ဂိုဏ်းကြီးသုံးဂိုဏ်း၏ စစ်တပ်များသာလျှင် ထိပ်ဆုံး ဆယ့်နှစ်ဆင့်ထဲ၌ ပါဝင်ခွင့်ရှိပေသည်။ ဂိုဏ်းငယ်လေးများ၏ စစ်တပ်များမှာမူ အောက်ဆုံးခုနစ်ဆင့်ထဲ၌သာ ရှိကြ၏။

ဥပမာပြရလျှင် ရေခဲဖီးနစ်ငှက်မှာ ပဉ္စမနေရာအထိ တက်လှမ်းနိုင်ခဲ့ပြီးနောက် ဒုတိယအဆင့်သို့ ရောက်ရှိသွားပြီဖြစ်သည်။ နတ်မျက်လုံး လူမှုအဖွဲ့အစည်း တစ်ခုလုံးထဲတွင် ထိပ်ဆုံးအဆင့် စစ်တပ် သုံးခုသာ ရှိပေသည်။ ၎င်းတို့မှာ ဂိုဏ်းကြီးသုံးဂိုဏ်း၏ အစွမ်းအထက်ဆုံး စစ်တပ်များဖြစ်ကြ၏။

ဝမ်ပေါင်လဲ့ အသစ်ဖွဲ့စည်းထားသော ဝိညာဉ်အက်ကွဲကြောင်းတပ်ရင်းမှာမူ အဆင့်ဆယ့်နှစ်တွင်သာ ရှိသေးသည်။ သို့သော်လည်း သူ၏စစ်တပ်မှာ သူ ယခင်တုန်းက ရှိနေခဲ့သည့် မဟာတောင်ထိပ်ဂိုဏ်း၏ စစ်တပ်ထက် အများကြီးပို၍ အဆင့်မြင့်နေပြီဖြစ်သည်။ ၎င်းမှာ အဆင့်ဆယ့်ခုနစ်တွင်သာ ရှိနေခဲ့သည်မဟုတ်ပါလော။

" အဆင့်ဆယ့်နှစ်... အဲတာဆိုရင် ငါ နတ်ဆိုးတစ်သောင်းမျက်လုံးဆီကနေ အမွေအနှစ်တွေ ပိုပြီးတော့ ရယူခွင့် ရှိနေလောက်ပြီထင်တယ် " ဝမ်ပေါင်လဲ့မှာ ထိုသို့တွေးကာ မျက်လုံးများမှေးသွား၏။ သူ စစ်တပ်တစ်ခု ဖွဲ့စည်းချင်ရသည့် အကြောင်းအရင်း အစစ်အမှန်မှာ နတ်ဆိုးတစ်သောင်းမျက်လုံးထဲရှိ အမွေအနှစ်များကို ရယူချင်သောကြောင့် ဖြစ်ပေသည်။

ယခုတွင် ဝမ်ပေါင်လဲ့မှာ ဆောက်လုပ်ရေးလုပ်ငန်းများ၌ သူကိုယ်တိုင် ပါဝင်နေရန် မလိုသောကြောင့် နတ်ဆိုးတစ်သောင်းမျက်လုံးဆီသို့ နောက်ထပ်တစ်ကြိမ်ထပ်၍ သွားရောက်ကာ အမွေးအနှစ်များရယူရန် တွေးမိလိုက်၏။

သူသည် အဆင့်နှစ်ဆယ့်ရှစ် မိုးကောင်းကင်နတ်ဘုရား တရားမျှတမှုဒိုင်းကာအား ပိုင်ဆိုင်ထားပြီဖြစ်သလို နှောင်းပိုင်း ဝိညာဉ်ကြားခံနယ်အဆင့်သို့ ရောက်နေပြီဖြစ်ရာ နဂါးနက်တပ်ရင်း၏ ခေါင်းဆောင်ကြီးအား ကြောက်ရွံ့နေခြင်းမရှိတော့ပေ။

အကယ်၍ ဆုကြေးငွေများကို လောဘတက်နေသည် အခြားသူများ ရှိနေလျှင်တောင် ဝမ်ပေါင်လဲ့မှာ ထာဝရဝိညာဉ်အဆင့် ကျင့်ကြံသူတစ်ယောက်နှင့် ရင်မဆိုင်ရသရွေ့ သူ၏ပြိုင်ဘက်မှာ သူ့အား အနိုင်ယူနိုင်လိမ့်မည် မဟုတ်ကြောင်း ယုံကြည်နေသည်။

သို့သော် ဝမ်ပေါင်လဲ့မှာ တစ်ခဏမျှ စဉ်းစားတွေးတောလိုက်ပြီးနောက် ထိုအတွေးများကို မေ့ပျောက်ထားလိုက်၏။ သူသည် နတ်ဆိုးတစ်သောင်းမျက်လုံးဆီသို့ သွားကာ အမွေအနှစ်များ သွားယူလျှင်တောင် အကုန်လုံး ရယူနိုင်ဦးမည် မဟုတ်ပေ။ ထို့အပြင် သူ ထိုကဲ့သို့ ခဏခဏ သွားနေမည်ဆိုပါက လူများမှာ သတိထားမိသွားနိုင်သေးသည် မဟုတ်ပါလော။

" အဲတာမလို့ လောလောဆယ် အရေးအကြီးဆုံးက ငါ့စစ်တပ်ရဲ့ အဆင့်ကို မြှင့်တင်ဖို့ပဲ "

" အဲဒီလို မြှင့်တင်နိုင်ဖို့အတွက် တခြားစစ်တပ်တွေကို စိန်ခေါ်ရမယ်... ငါ သူတို့ကို အနိုင်ယူနိုင်ရင် သူတို့ရဲ့နေရာကို အစားထိုးဝင်ရောက်ခွင့် ရှိသွားမှာ " ဝမ်ပေါင်လဲ့မှာ ထိုအကြောင်းများကိုတွေးရင်း မျက်ဝန်းများ အရောင်တောက်ပလာ၏။ အခြားစစ်တပ်များအား စိန်ခေါ်ခြင်းမှာ နတ်ဧကရာဇ် တရားမျှတမှုဂိုဏ်း၏ စည်းမျဉ်းများနှင့် ကိုက်ညီပေသည်။ တစ်ခုတည်းသော သတ်မှတ်ချက်မှာ အသေအပျောက်နှုန်းအား အတိုင်းအတာတစ်ခုထက်ပို၍ မကျော်လွန်စေရန်ပင် ဖြစ်သည်။

တစ်ချိန်ထဲမှာပင် သူသည် အခြားစစ်တပ်တစ်ခုအား စိန်ခေါ်သည့်အချိန်တိုင်း အကုန်အကျများစွာ ခံရမည် ဖြစ်သည်။ ထို့အပြင် သူ့ဘက်မှ ရှုံးနိမ့်သွားမည်ဆိုပါက စိန်ခေါ်သူတစ်ယောက်အနေနှင့် နစ်နာကြေးများ ပေးဆောင်ရန်လည်း လိုအပ်သေးသည်။

ဥပမာပြရလျှင် ရေခဲဖီးနစ်ငှက်တပ်ရင်းအား စိန်ခေါ်ခဲ့သည့် ပြိုင်ပွဲမှာ ထိုကဲ့သို့ပင်။ ထို ပြိုင်ပွဲကြီးပြီးဆုံးသွားပြီးနောက် အဆင့်ဆယ့်တစ် စစ်တပ်မှာ အများဆုံး အကုန်ကျခံကာ ရေခဲဖီးနစ်ငှက်တပ်ရင်းအား နစ်နာကြေးအမြောက်အမြား ပေးဆောင်ခဲ့ရ၏။ ထိုကဲ့သို့ ပေးဆောင်ရသည့် နစ်နာကြေးကြောင့်လည်း အဆင့်ဆယ့်တစ် စစ်တပ်မှာ မွဲပြာကျသွားခဲ့ရသည်။

" ငါ့ထက် အဆင့်နိမ့်တဲ့ စစ်တပ်တစ်ခုခုသာ ငါ့ကိုလာပြီးတော့ စိန်ခေါ်ရင် အကောင်းသားကွာ " ဝမ်ပေါင်လဲ့မှာ ရေခဲဖီးနစ်ငှက်တပ်ရင်းအား အားကျနေမိတော့သည်။ သို့သော် သူသည် စဉ်းစားတွေးတောလိုက်ပြီးနောက် သူ၏စစ်တပ်မှာ ဂိုဏ်းကြီးများ၏ စစ်တပ်များထဲ၌ အဆင့်အနိမ့်ဆုံးတွင် ရှိနေသည်ဖြစ်ရာ ဂိုဏ်းငယ်လေးများထဲမှ စစ်တပ်များမှာ သူ့အား စိန်ခေါ်နိုင်မည်မဟုတ်ကြောင်း သိလိုက်ရ၏။

နတ်ဧကရာဇ် တရားမျှတမှုဂိုဏ်းထဲတွင် ဂိုဏ်းငယ်လေးများထဲမှ စစ်တပ်များမှာ ဂိုဏ်းကြီး၏ စစ်တပ်များအား စိန်ခေါ်ခွင့်ရှိပေသည်။ ၎င်းတို့မှာ အနိုင်ရသွားမည်ဆိုပါက ထိုဂိုဏ်းကြီးများ၏ စစ်တပ်များ၏ နေရာတွင် အစားထိုးဝင်ရောက်ကာ နတ်ဧကရာဇ် တရားမျှတမှုဂိုဏ်းအား တိုက်ရိုက်ခစားခွင့် ရမည်ဖြစ်သလို မရေမတွက်နိုင်လောက်အောင် များပြားသော အကျိုးကျေးဇူးများကိုလည်း ခံစားခွင့် ရရှိမည်ဖြစ်သည်။

သို့သော် ထိုကဲ့သို့ စိန်ခေါ်ခွင့် ရရှိနိုင်ရန် ပေးဆပ်ရမည့် ငွေကြေးပမာဏမှာ မှင်တက်ဖွယ်ရာကောင်းလောက်အောင် များပြားပေသည်။ သူတို့မှာ ဂိုဏ်းကြီး၏ ထိပ်ဆုံးအဆင့် ငါးဆင့်ထဲတွင်ပါသည့် စစ်တပ်ငါးခုထဲမှ တစ်ခုခု၏ အာမခံချက်ကို ရရှိထားရန်လည်း လိုအပ်သလို သတ်မှတ်ထားသည့် ‌ငွေကြေးပမာဏထက် အဆပေါင်းများစွာ ပို၍ ထုတ်ပေးနိုင်ရန်လည်း လိုအပ်သေးသည်။

ဂိုဏ်းငယ်လေးများထဲမှ စစ်တပ်အများစုမှာ ထိုကဲ့သို့သော ငွေကြေးပမာဏမျိုးကို တတ်နိုင်ကြမည် မဟုတ်ပေ။ အကယ်၍ သူတို့မှာ တတ်နိုင်လျှင်တောင်... ရှုံးနိမ့်သွားမည်ဆိုပါက ထိုပမာဏထက် အဆပေါင်းများစွာ ပို၍များသည့် နစ်နာကြေးများကို ပေးဆောင်ရဦးမည်ဖြစ်သလို သူတို့ စိန်ခေါ်ခဲ့သည့် စစ်တပ်၏ လက်အောက်ငယ်သား အဖြစ်သို့လည်း ရောက်ရှိသွားမည်ဖြစ်သည်။

ထိုကဲ့သို့သော သတ်မှတ်ချက်များကြောင့် ဂိုဏ်းငယ်လေးများထဲမှ စစ်တပ်များ ဂိုဏ်းကြီး၏ စစ်တပ်များကို စိန်ခေါ်သည့် ဖြစ်ရပ်အများစုမှာ နိုင်ငံရေးလှည့်ကွက်များသာ ဖြစ်ကြပေသည်။ ထို စိန်ခေါ်မှုများမှာ မကြာခဏဆိုသလို ပေါ်ပေါက်လာတတ်ပါသော်လည်း သူတို့မှာ သူတို့စိန်ခေါ်ကြမည့် စစ်တပ်များနှင့် ကြိုတင်ဆွေးနွေးညှိနှိုင်းမှုများ ပြုလုပ်ထားကြပြီးသား ဖြစ်၏။ ထို့ကြောင့် နောက်ဆုံးတွင် ထိုစိန်ခေါ်မှုများမှာ အပေါ်ယံဟန်ပြလောက်သာ ဖြစ်ပေသည်။

ဝမ်ပေါင်လဲ့မှာ ထိုအချက်များကို သိရှိထားသောကြောင့် သက်ပြင်းသာ ချလိုက်ရပြီး သူ မည်သည့်စစ်တပ်အား စိန်ခေါ်ရမည်နည်းဟု တွေးနေတော့သည်။

သို့သော် ဝမ်ပေါင်လဲ့တစ်ယောက် ထိုသို့ တွေးတောနေစဉ်မှာပင် မမျှော်လင့်ထားသည့် ဧည့်သည်တစ်ယောက်မှာ ဝိညာဉ်အက်ကွဲကြောင်းဂြိုဟ်ဆီသို့ ရောက်ရှိလာ၏။

ထိုဧည့်သည်မှာ အစိမ်းရောင်ဝတ်ရုံများ ဆင်မြန်းထားသည့် သက်လတ်ပိုင်း လူကြီးတစ်ယောက်ဖြစ်သည်။ သူ၏ အငွေ့အသက်များအရ သူသည် ရာထူးအကြီးပိုင်းမှ လူတစ်ယောက် ဖြစ်သည့်ပုံပင်။ သူသည် ကြေးနီရောင် ဧရာမငါးကြီးတစ်ကောင်ပေါ်တွင် ရပ်နေသောကြောင့် အာကာသကြီးမှာ သူ့အတွက် သမုဒ္ဒရာတစ်စင်းကဲ့သို့ ဖြစ်နေ၏။ သူသည် ဂြိုဟ်ပေါ်သို့ ဆင်းသက်လာခြင်းမရှိဘဲ ကောင်းကင်ယံထဲမှနေ၍ အောက်သို့ ငုံ့ကြည့်နေသည်။

သူသည် အစောပိုင်းထာဝရဝိညာဉ်အဆင့် အငွေ့အသက်များကို ထုတ်လွှတ်နေပြီး ကောင်းကင်ယံထဲတွင်လည်း သူ၏ ကြေးနီရောင် ငါးကြီးဆီမှ ထွက်ပေါ်နေသည့် စွမ်းအင်လှိုင်းများဖြင့် ပြည့်နှက်နေသည်။

သူသည် နတ်ဘုရားတစ်ပါးကဲ့သို့ ထိုဂြိုဟ်ငယ်လေးအား ငုံ့ကြည့်ကာ ဝမ်ပေါင်လဲ့အား အေးစက်စွာ စိုက်ကြည့်နေ၏။ ဝမ်ပေါင်လဲ့မှာလည်း တောင်ထိပ်ပေါ်တွင် ရပ်ရင်း ခေါင်းမော့လာပြီး ထိုလူကြီးအား ပြန်၍ စိုက်ကြည့်လိုက်သည်။

" ငါက ရေဘဝဲစိမ်းတပ်ရင်းက ရီနျှန်ကျစ်ပဲ "

" ခေါင်းဆောင်ကြီးကူမော့ရဲ့အမိန့်အရ လုံနန်ကျစ်ရဲ့ ဝိညာဉ်အက်ကွဲကြောင်းတပ်ရင်းကို ရေဘဝဲစိမ်းတပ်ရင်းရဲ့ သစ္စာခံစစ်တပ်အဖြစ် ခန့်အပ်ဖို့ ရောက်လာခဲ့တာ။ အခုကစပြီးတော့ မင်း ရေဘဝဲစိမ်းတပ်ရင်းရဲ့ အမိန့်ကို နာခံရမယ် "

ထို အစိမ်းရောင်ဝတ်ရုံနှင့် လူကြီးမှာ လေထဲတွင်ရပ်နေရင်း အေးစက်စက် လေသံဖြင့်ဆိုလိုက်၏။ ထို့နောက် သူသည် သူ၏ညာဘက်လက်ကိုမြှောက်ကာ ဝှေ့ယမ်းလိုက်သဖြင့် သူ၏လက်ထဲမှ ဝင်းလင်တောက်ပသော အလင်းတန်းတစ်ခု ထွက်ပေါ်လာသည်။ ထို့နောက် ၎င်းမှာ ကြယ်ပျံတစ်လုံးအဖြစ် ပြောင်းလဲသွားပြီး ဝမ်ပေါင်လဲ့ဆီသို့ တန်းတန်းမတ်မတ် ဦးတည်သွား၏။ နောက်ဆုံးတွင် ၎င်းမှာ ဝမ်ပေါင်လဲ့၏ရှေ့၌ ရပ်တန့်သွားပြီးနောက် အစိမ်းရောင် ဝါးပေလွှာတစ်ခုအဖြစ် ပြောင်းလဲသွားတော့သည်။

ထို ဝါးပေလွှာမှာ ခမ်းနားထည်ဝါသော အငွေ့အသက်တစ်ခုကို ထုတ်လွှတ်နေ၏။

" လုံနန်ကျစ်။ ဒီပေလွှာထဲမှာ တံဆိပ်နှိပ်ပြီးတော့ ရေဘဝဲစိမ်းတပ်ရင်းကို သစ္စာခံကြောင်း ကျိန်ဆိုလိုက်စမ်း "

ဝမ်ပေါင်လဲ့မှာမူ မျက်စိမျက်နှာ ပျက်နေသည့် အမူအရာဖြင့် သူ၏ရှေ့ရှိ ဝါးပေလွှာအား ကြည့်လိုက်၏။ ထို့နောက် သူသည် ရီနျှန်ကျစ်အား အသက်ရှူကြိမ် အနည်းငယ်ခန့် စိုက်ကြည့်နေလိုက်ပြီးနောက် အေးစက်စက်လေသံဖြင့် ပြန်ပြောလိုက်တော့သည်။

" မလုပ်ဘူးဗျာ "

All Chapters