← Chapters

တာအိုဧကရာဇ်

Vol. 46 Ch. 637

တာအိုဧကရာဇ်

Vol. 46 Ch. 637

အဝါရောင်ဝတ်စုံနှင့် လူငယ်လေး ရွတ်ပြသွားသည့် နာမည်များကြား မိုဝူကျိက တချို့တလေကို သိပေ၏။ သူ ရင်းနှီးသော သူများကြား အများစုမှာ ကြယ်ကိုးလုံးအဆင့် ပါရမီရှင်များ ဖြစ်ကြသည်။ ထို့ကြောင့်  သူ မသိသော တချို့လူများလည်း ကြယ်ကိုးလုံး ပါရမီရှင်များသာ ဖြစ်ပေလိမ့်မည်။

အဝါရောင်ဝတ်စုံနှင့် လူငယ်လေးက နာမည် ၂၀ နီးပါး ရေရွတ်ပြီးနောက် ရပ်တန့်လိုက်သည်။ မပါလာသော တချို့ဂိုဏ်းများမှာ စိတ်ပျက်သွားကြသော်လည်း  အဝါရောင်ဝတ်စုံနှင့် လူငယ်လေးရှေ့၌ မကျေမနပ်သည့် ပုံ မပြရဲကြပေ။

လူအုပ်ကြီးဆီမှ လေးစားမှုကို ခံစားမိပြီး  အဝါရောင်ဝတ်စုံနှင့် လူငယ်လေးက ခေါင်းညိတ်ကာ

“ မူလက ဒီပါရမီရှင်တွေ အထက်ဘုံကို မသွားခင် စစ်ဆေးမှု လုပ်ထားဖို့ ရည်ရွယ်ထားတာ  …  ပြီးသွားရင် ပြိုင်ပွဲတစ်ခုစီကို ကျင်းပမယ်။

ဒါပေမဲ့ နတ်ဘုရားမျှော်စင်က မကြာခင် ဖွင့်တော့မှာ ဆိုတော့  ကျုပ်တို့တွေ စစ်ဆေးမှု မလုပ်တော့ဘူး။ ဒီတစ်ခါ ကျုပ်က နတ်ဘုရားအင်မော်တယ်နယ်မြေကို လာတာက  တပည့်တွေကို လာရွေးချယ်ရုံတင် မကဘူး။ နတ်ဘုရားမျှော်စင်ကို ဝင်ဖို့ အစီအစဉ်ကိုလည်း လာချမှတ်ပေးတာ  ….

အဲဒါကြောင့်မလို့  ဂိုဏ်းတစ်ခုချင်းစီကို သွားနေချိန်လည်း မရှိတော့ ကျုပ်သတင်းကို အကြောင်းကြားဖို့ မြို့စားကူကျူးကို  စုဝေးပွဲလေး လုပ်ပေးဖို့ ပြောလိုက်တာ  ….

ဒီက အင်မော်တယ်ရောင်းရင်းတို့ ဒီသတင်းကို  ဒီနေ့ ဒီနေရာမှာ မရှိတဲ့ ဂိုဏ်းတွေကိုလည်း အကြောင်းကြားပေးပါ။ သူတို့ကို တပည့်ရွေးချယ်နေတုန်း ကျုပ်တို့ အထက်ဘုံရဲ့ အချိန်ကို မဖြုန်းပစ်ဖို့ ပြောပေးပါ …..

ပြီးရင် ကျုပ်က  မြို့စားကူကျူးနဲ့ ကောင်းကင် ဧကရာဇ် အူးဂူတို့နဲ့ နတ်ဘုရားမျှော်စင်အကြောင်း အသေးစိတ် ဆွေးနွေးစရာ ရှိသေးတယ်ဆိုတော့  အားလုံးကို မနှောင့်ယှက်တော့ဘူး။  အချိန်ကျလာရင် ခင်ဗျားတို့ တချို့အတွက် ပြင်ဆင်လာတဲ့  လက်ဆောင်တွေကို ပေးဖို့  မြို့စားကူကျူးကို  ပြောထားလိုက်ပါ့မယ် …. ”

အဝါရောင်ဝတ်စုံနှင့် လူငယ်လေးက ထွက်သွားတော့မည့်ဆဲဆဲတွင် မိုဝူကျိက သက်ပြင်းချလိုက်၏။  အဝါရောင်ဝတ်စုံနှင့် လူငယ်လေး ရောက်ရှိလာသည်မှာ နတ်ဘုရားမျှော်စင်ကြောင့် ဖြစ်၍ အာရုံစိုက်နေမိသည်။ သူက သူ့လောကထိပ်သီး အမှတ်အသားပြားအကြောင်း ပေါ်သွားမည်ကို စိုးရိမ်နေမိ၏။ နိုက်ဟော် တစ်ယောက်တည်း သိရှိသော်လည်း  နိုက်ဟော်က တခြားသူများကို ပြန်မပြောကြောင်း မည်သူကများ အာမခံပေးမည်နည်း။ ထို့အပြင် နိုက်ဟော်လည်း ကောင်းကင်ချောက်ကမ်းပါးမြို့တွင် ရှိနေလေရာ  သူမလည်း  ဤနေရာ၌ ရှိနေနိုင်ပေ၏။

ကူကျူးက လက်နှစ်ဖက် ယှက်ကာ

“ အင်မော်တယ်ရောင်းရင်းအပေါင်းတို့ အားလုံးကို  ကောင်းကင်ချောက်ကမ်းပါးမြို့ ကိုယ်စား ဒီပွဲလေးကို ဖိတ်ကြားလိုက်တာပေမဲ့  နတ်ဘုရားမျှော်စင်နဲ့ ပတ်သတ်တဲ့ ကိစ္စဆိုတော့ ကျုပ် အဖော်မပြုပေးနိုင်တော့ဘူး။ အားလုံးဆီက ခွှင့်လွတ်မှုကို တောင်းခံချင်ပါတယ် … အားလုံး စိတ်အေးအေး အနားယူကြပါ။

ဒီနတ်ဘုရားမျှော်စင် ကိစ္စအပါအဝင် ကျုပ် ကူကျူးက သင့်တော်တဲ့ တောင်းပန်မှုနဲ့အတူ အထက်ဘုံမှ လက်ဆောင်များကို ပို့ပေးပါ့မယ်။ နောက်ဆုံးအနေနဲ့က ဒီနေ့  အားလုံး ကောင်းကင်ချောက်ကမ်းပါး ကန်တော်ကြီးမှာ သာယာဖွယ်အချိန်လေးတွေ ပိုင်ဆိုင်ကြပါစေ ….. ”

ကူကျူးက အထက်ဘုံမှ တမန်တော်နှင့် ဆွေးနွေးစရာ ရှိသေးသည့်အတွက် လူအုပ်ကြီးက နားလည်ပေးလိုက်ကြသည်။

ကူကျူး၊ အူကျူးနှင့် အဝါရောင်ဝတ်စုံနှင့် လူငယ်လေးတို့ ထွက်သွားပြီးနောက်  မိုဝူကျိက စိတ်ထဲမှ  ကိုင်အောင်း၏ စကားသံကို ကြားလိုက်ရသည်

“  ဆေးလုံးဆရာမို အခု အားရဲ့လား  …”

မိုဝူကျိက ဆာကျန်းနှင့် နီဂျူတို့ ထွက်သွားပြီးပြီ ဖြစ်ကြောင်း  မြင်သောအခါ ထိုလူနှစ်ယောက်ကို သတ်ရန် အချိန်ကောင်း မဟုတ်သေးကြောင်း သိလိုက်၏။ သူ့အနေနှင့် စောင့်ရန် လိုအပ်ပေသည်။

“ အားပါတယ် … ကောင်းကင်ဧကရာဇ်က ဘာများ ပြောစရာရှိမှန်း မသိပေမဲ့  ကျတော်  မိုဝူကျိက  ကျိုးကျိုးနွံ့နွံ့ နားထောင်ပါ့မယ် … ” မိုဝူကျိက စိတ်ထဲမှ သတ်ဖြတ်ငွေ့များကို ဖုံးကွယ်ထားလိုက်သည်။

ကိုင်အောင်းက ခပ်ယဲ့ယဲ့ပြုံးကာ

“ ဒီနေရာမှာ သတ်ဖြတ်ငွေ့ မထုတ်သင့်ဘူး။ ဟို ဖြူဖျော့ဖျော့ ပညာရှင် မရှိတာကို မပြောနဲ့ဦး …. ဒီနေရာမှာ သူ ရှိနေရင်တောင် မဟာဓားလမ်းစဉ်က တစ်ယောက်ယောက်ကို သတ်လိုက်ခြင်းက သေခြင်းတရားပဲ စောင့်ကြိုနေလိမ့်မယ် ”

မိုဝူကျိ စိတ်ထဲ  တုန်လှုပ်မိသွားသည်။ သူက သေမင်းဆီ လျှောက်လှမ်းနေကြောင်း တွေ့ရှိသွား၏။ အကယ်၍ မဟာဓားလမ်းစဉ်ဂိုဏ်းက သူ့အား သတ်လျှင် ကိစ္စအသေးအဖွား ဖြစ်သော်လည်း  သူက မဟာဓားလမ်းစဉ်ဂိုဏ်းသား တစ်ယောက်ယောက်ကို သတ်မိလျှင် သေချာပေါက် ဆက်တိုက် ပြေးလွှားနေရမည် ဖြစ်၏။

သူက တခြားသူများနှင့် အတူတူ ဟု ထင်မိခဲ့သော်လည်း ကိုင်အောင်း၏ သတိပေးချက်အရ သူက အပြည့်အဝ နားလည်သွားတော့သည်။ အဆင့် ၇ ဆေးလုံးဧကရာဇ်အဆင့်လောက်လေးဖြင့်  သူက မဟာဓားလမ်းစဉ်ဂိုဏ်းနှင့် အတူတူ ဖြစ်မည် မဟုတ်ပေ။ တခြားသူများက သူနှင့် မိတ်ဆွေဖွဲ့ဖို့ ကြိုးစားနေကြသော်လည်း  မဟာဓားလမ်းစဉ်နှင့် တကယ်တိုက်ပွဲ ဖြစ်သည့်အခါ မည်သူကမှ သူ့အား ကူညီကြမည် မဟုတ်ပေ။ သူတို့က ပွဲကို ကြည့်ကာ သူ့အရေးနိမ့်နေချိန် ဝါးကူမထိုးလျင်ပင် ကံကောင်းနေပြီ ဖြစ်၏။

“ ကောင်းကင်ဧကရာဇ် သတိပေးတာ ကျေးဇူးတင်ပါတယ် … မိုဝူကျိ နှလုံးသားထဲ အထိ မှတ်သားထားပါ့မယ် ” မိုဝူကျိက သူ့ကျေးဇူးတင်မှုကို လေးလေးနက်နက် ဖော်ပြလိုက်သည်။

ကိုင်အောင်းက ခပ်ယဲ့ယဲ့ ထရယ်မောကာ  “ အဲဆို ငါ့ နောက်လိုက်ခဲ့  …. ”

“ဒေါ်လေးယန်က  ဆေးလုံးဆရာမိုကို ကြည့်ချင်တယ်ဆို …..” မိုဝူကျိက ကိုင်အောင်းနှင့် ထွက်သွားသည်ကို မြင်သောအခါ မိုရှန်းမိုက မရေမရာ မေးလိုက်သည်။

လက်တွေ့၌ သူမက  မိုဝူကျိကို မည်သည့်နေရာမှ ရောက်လာကြောင်း မေးချင်နေမိသည်။ မိုဝူကျိက သူမနှင့် မျိုးရိုးအတူတူ ဖြစ်ရာ  သူမနှင့် တစ်မိသားစုတည်း ဖြစ်နေမလားဟု သံသယဝင်မိသည်။

ချင်းယန်က မိုဝူကျိ နောက်ကျောအား ကြည့်ကာ ပြုံးလိုက်၏  “ အစတုန်းက သူ့ကို ငါတို့ လောယွဲ့နဲ့ ချိတ်ပေးချင်တာ … ”

“ မေမေ ….” ချင်းလောယွဲ့က တအံ့တဩ ရေရွတ်လိုက်၏။ သူမအနေဖြင့် ဤကိစ္စအား မသိထားပေ။ ယနေ့မှ မိုဝူကျိနှင့် တွေ့ဖူးခြင်း ဖြစ်၏။ ယခု သူမမိခင်က ဤသို့မျိုး ပြောနေသောအခါ သူမအနေနှင့်  မည်သို့ မအံ့ဩဘဲ နေမည်နည်း။

ချင်းယန်က လေးလေးနက်နက် ပြောလိုက်၏

“ လောယွဲ့ …  အဲဒီဆေးလုံးဆရာမိုကို အထင်မသေးသင့်ဘူး။ သူ့ဇာစ်မြစ်ကို အ‌မေ ကောင်းကောင်း သိတယ်။ သူက ယုံရင်အင်မော်တယ်နယ်မြေကပဲ  ….. ”

“ ယုံရင်အင်မော်တယ်နယ်မြေဆီ တက်လှမ်းလာတဲ့ ကျင့်ကြံသူများ ဖြစ်နေမလား ” မိုရှန်းမိုက သိချင်စွာ မေးလိုက်သည်။

ချင်းယန်က သက်ပြင်းချကာ လေးစားမှုအပြည့်ဖြင့် ပြောလိုက်၏

“ တက်လှမ်းလာတဲ့ ကျင့်ကြံသူလောက်ဆိုရင် စုံစမ်းဖို့ဆိုတာ ဝေးလာဝေး  ဘာမှ တွေးမိမှာကို မဟုတ်ဘူး။ သမီးတို့နှစ်ယောက်လည်း ယုံရင်အင်မော်တယ်နယ်မြေရဲ့ အင်မော်တယ်တပိုင်းနယ်ပယ်ဆိုတာ ကြားဖူးတယ်မလား။

ယုံရင်အင်မော်တယ်နယ်မြေရဲ့ အမှိုက်သရိုက် နေရာလေ …  အင်မော်တယ်တပိုင်းနယ်ပယ်က ကျင့်ကြံသူတိုင်းက အင်မော်တယ်လောကဆီ မလာနိုင်ကြဘူး။ ဒါပေမဲ့  မိုဝူကျိက အင်မော်တယ်လျိုကို တစ်ယောက်တည်း ဖြတ်ပြီးတော့ ယုံရင်အင်မော်တယ်နယ်မြေ အစွန်းအဖျားအထိ ရောက်ရှိလာတာ  ….. ”

“ ဘယ်လို …” ချင်းလောယွဲ့က ချင်းယန်ကို တုန်လှုပ်တကြီး ကြည့်လိုက်သည်။

စိမ်းစိုအင်မော်တယ်အိမ်တော်မှ လူများအနေဖြင့်  ယုံရင်အင်မော်တယ်လျိုအကြောင်း ကောင်းကောင်း သိထားပေသည်။ ရွမ်ရှန်း သို့မဟုတ် မဟာယီရှန်းအဆင့် ဖြတ်သန်းလာလျှင်ပင် ၉၀ ရာခိုင်နှုန်းလောက် သေဖို့ရာ သေချာနေပေ၏။  မိုဝူကျိ အင်မော်တယ်တပိုင်းနယ်ပယ်ဆီ ရောက်ရှိလာစဉ် သူ့ကျင့်ကြံဆင့်မှာ အများဆုံး မြေကမ္ဘာအင်မော်တယ်အဆင့်မျှသာ ရှိပေဦးမည်။

သူက ကေားကင်အင်မော်တယ် ဖြစ်နေလျှင်လည်း ဘာအရေးလဲ …..  သူက မည်သူမျှ အသက်ရှင်နိုင်ခြေ မရှိသည့် နေရာကို ဖြတ်သန်းလာနိုင်တာတဲ့လား ….

သူက ဆေးလုံးဆရာ ဖြစ်နေသေးရာ ဆေးလုံးဆရာများ၏ တိုက်ခိုက်စွမ်းမှာ အနိမ့်ဆုံး ဖြစ်၏။

ချင်းယန်က ခေါင်းညိတ်ကာ

“ ငါ ပြောခဲ့သမျှက အမှန်တွေပဲ  …. အဲဒီလူက ယုံရင်အစွန်းအဖျားနေရာကို ရောက်လာတော့ ကောင်းကင်အင်မော်တယ်အဆင့်မှာ ကျင်းရှန်းအဆင့်ကို သတ်နိုင်ခဲ့တယ်။ ယုံရင်အင်မော်တယ်နယ်မြေက အဆင့်မြင့် ကျင့်ကြံသူတွေ မလွှတ်ခင်အထိ သူက ယုံရင်အစွန်းအဖျားမှာ အာဏာရှင်ပဲ  …..

ပြီးတော့  အချိန်ဘယ်လောက်မှ မကြာသေးဘဲနဲ့ ဒီလိုအဆင့်အထိ ဖြစ်လာပြီ။ သူက ကျော့ဖျင်အန်းလို လူကိုတောင် ဘေးမှာ ခေါ်ထားနိုင်သေးတယ် ….  အချိန်ကြာလာရင် ဒီလို ရေကန်ထဲက ငါးအသေးလေးပဲ ဖြစ်နေဦးမယ်လို့ ထင်လား  ….

လောယွဲ့ သမီးက ကြယ်ကိုးလုံး ပါရမီရှင်လည်း ဖြစ်တယ်၊ စိမ်းစိုအင်မော်တယ်အိမ်တော်ရဲ့ မိန်းမပျိုလေး ခုနှစ်ယောက်ရဲ့ ခေါင်းဆောင်လည်း ဖြစ်တယ်။  ဒီမိုဝူကျိက သမီးအတွက် သင့်တော်လိမ့်မယ်လို့ မေမေ ထင်တယ် …..  သူမှာ နောက်ခံတွေ၊ အခြေခံအုတ်မြစ်တွေ မရှိတာကို မကြည့်နဲ့ဦး သူ့အလားအလာကိုက အံ့ဖွယ် ဖြစ်နေပြီ …. ”

ချင်းလောယွဲ့က တိတ်ဆိတ်နေပြီး သူမ မိခင် ပြောစကားများက အမှန်ဖြစ်ကြောင်း သိ၏။ ဤမိုဝူကျိတွင် နောက်ခံ မရှိသော်လည်း သူက အင်မော်တယ်လောကရှိ မြက်ပင်လေးနှင့် တူပေသည်။ သို့သော်လည်း ထိုမြက်ပင်လေးက ဤအဆင့်ရောက်လာဖို့ရာ ကိုယ်ပိုင်အင်အားကိုသာ သုံးခဲ့ရသည်။ ထိုအရာမှာ သာမာန်လူတစ်ယောက် ရရှိနိုင်သည့်အရာ မဟုတ်ချေ။

“ တကယ်လို  ခန့်မှန်းတာသာ မမှားရင် ကိုင်အောင်းလည်း ရည်ရွယ်ချက်အတူတူ ဖြစ်လိမ့်မယ်။ သူလည်း သူ့သမီး ဖေးယန်အတွက် သားမက် ရှာပေးနေတာ နေမယ်။ သူက သူ့လမ်းစဉ်ခြောက်သွယ် အင်မော်တယ်နယ်မြေအတွက် အဆင့် ၇ ဆေးလုံးဧကရာဇ် ဖြစ်တဲ့ မိုဝူကျိကို  ရွေးချယ်တာ ဖြစ်လိမ့်မယ်  ” ချင်းယန်က မိုဝူကျိ ပျောက်ကွယ်သွားသည့် ပုံရိပ်ကို ကြည့်ကာ  ပြောလိုက်၏။

“ ဒေါ်လေးယန် …. အဲဆို ဘာလို့ ဆေးလုံးဆရာမိုကို လွတ်ပေးလိုက်တာလဲ ” မိုရှန်းမိုက တအံ့တဩ မေးမြန်းလိုက်ပြန်သည်။

ချင်းယန်က ခပ်ယဲ့ယဲ့ပြုံးကာ

“အခြေအနေတွေက ပြောင်းသွားပြီလေ။ တကယ်လို့  လောယွဲ့ကို အထက်ဘုံက မရွေးချယ်ခဲ့ရင်တော့ မိုဝူကျိက အကောင်းဆုံး ရွေးချယ်မှုပေါ့ … အခုတော့ မတူတော့ဘူး။ လောယွဲ့က အထက်ဘုံကို သွားရတော့မှာဆိုတော့ အထက်ဘုံမှာ ပါရမီရှင်တွေ ဘယ်လောက်တောင် ရှိနေလိုက်မလဲ။ မိုဝူကျိလို လူမျိုးတွေလည်း သေချာပေါက် ပါမှာပဲ  …

ပြီးတော့ မိုဝူကျိက သူ့ကိုယ်သူ မထိန်းချုပ်နိုင်သေးဘူး။ သူ့ပါရမီအရည်အချင်းကြောင့် မောက်မာပြီး‌တော့ လူတော်တော်များများကို ရန်ပြုခဲ့မိတယ်။  အချိန်တိုလေးအတွင်း သူက လျှပ်စီးဂိုဏ်း၊ လွန်ချိုက်၊ ဆေးလုံးတာအိုအင်မော်တယ်မဟာမိတ်အဖွဲ့ ၊ မဟာဓားလမ်းစဉ်  …. ကို  စိတ်အနှောင့်အယှက် ပေးထားတယ်လေ ….

နောက်ထပ်လည်း ထပ် လုပ်မိဦးမှာဆိုတာ သေချာနေတယ်။ အဲဒီလူက စွမ်းဆောင်ရည် ကောင်းပေမဲ့  နှစ်ဖက်ချွန်ဓားလိုပဲ  …. လောယွဲ့မှာ တခြားရွေးချယ်စရာ ရှိနေမှတော့  စွန့်လွတ်လိုက်တာ အကောင်းဆုံးပဲလေ … ”

ချင်းလောယွဲ့၏ လှပသော မျက်ခုံးများက အနည်းငယ် တွန့်ချိုးသွားကာ  သူမ မိခင် ပြုမူပုံများအား သဘောမကျပေ။ သို့သော်လည်း သူမက မိခင်၏ ရည်ရွယ်ချက်ကို ကောင်းကောင်း နားလည်ပေသည်။ သူမက အထက်ဘုံသို့ သွားရမည့်သူ ဖြစ်၍  မိုဝူကျိနှင့် လုံးဝခြားနားကွဲပြားသော လမ်းကို လျှောက်လှမ်းကြရမည်။ သူမ မိခင်၏ ရွေးချယ်မှုမှာ မမှားယွင်းပေ။

………………

ကောင်းကင်ချောက်ကမ်းပါးကန်တော်ကြီး လေသာဆောင်၌ ကိုင်အောင်းက မိုဝူကျိအား ထိုင်ရန် ညွှန်ပြလိုက်သည်။ ဘေးတွင် ကိုင်ဖေးယန်က  မိုဝူကျိနှင့် ကိုင်အောင်းတို့အတွက် အင်မော်တယ် သေရည် ပြင်ဆင်ပေးထား၏။

“ ကောင်းကင်ဧကရာဇ်ကိုင်က ကျတော်ကို ခေါ်လိုက်တာ ကိစ္စတစ်ခုခုများ ရှိလို့လား  ” မိုဝူကျိက မေးလိုက်သည်။

ကိုင်အောင်းရှေ့တွင် မိုဝူကျိက ယုံကြည်ချက် တစက်မျှ မရှိချေ။ တာ့ဟွမ်က သူ့နောက်တွင် ရှိနေသော်လည်း ကိုင်အောင်းက အရမ်းအားကောင်းလွန်းပေရာ တာ့ဟွမ်ပင် ယှဉ်နိုင်မည် မဟုတ်ပေ။

“ ငါ့ကို မေးချင်တာ ရှိရင် မေးလို့ ရတယ်နော် ” ကိုင်အောင်းက ပြုံးကာ  သေရည်သောက်ရင်း ပြောလိုက်သည်။

မိုဝူကျိတွင် မေးခွန်းများစွာ ရှိနေပေ၏။ ယခု ကိုင်အောင်းက ခွင့်ပြုသည့်အခါ သူက အားနာမနေတော့ပေ။ လက်နှစ်ဖက် ယှက်၍

“ကောင်းကင်ဧကရာဇ် အထက်ဘုံဆိုတာ ဘယ်လိုနေရာမျိုးလဲ။ ကောင်းကင်ဧကရာဇ်ကတောင် အထက်ဘုံက တမန်တော်ကို လေးလေးစားစား ဆက်ဆံရတာလား”

မိုဝူကျိ စကားများကို ကြားပြီး ကိုင်အောင်း၏ မျက်နှာမှာ တည်သွား၏။ သူက လက်ကို မြှောက်ကာ အတားအဆီးတချို့ ထားလိုက်ပြီးနောက် ဖြည်းဖြည်းချင်း ပြောလိုက်သည်

“ ဝူကျိ … မင်းက သေမျိုးလောက က ရောက်လာတာ ဟုတ်တယ်မလား။ သေမျိုးလောကမှာ ဧကရာဇ်တွေ၊ အမှုထမ်းတွေ ရှိသလိုမျိုးပဲ  အထက်ဘုံဆိုတာက  ဧကရာဇ်နေတဲ့ နေရာ ဖြစ်ပြီးတော့  ငါတို့တွေက သူ့အမှူထမ်းတွေပေါ့ကွာ  ….. ”

“ တောင်ဘက်ပိုင်း ဂိတ်လား …. ကျောက်စိမ်းဧကရာဇ်လား  ” မိုဝူကျိက  တအံ့တဩ ပါးစပ်မှ လွတ်ခနဲ ထွက်သွား၏။

ကိုင်အောင်းက မျက်မှောင်ကျုတ်ကာ  “ အဲဒါတွေက ဘာတွေတုန်း  ….”

မိုဝူကျိက မြန်မြန် လက်ကာပြကာ  “ ဒီဂျုနီယာလေးက  ကျတော်တို့ သေမျိုးလောက က ဒဏ္ဍာရီတွေအကြောင်း တွေးမိသွားလို့ပါ။ အဲဒါက  ကျောက်စိမ်းဧကရာဇ်လည်းနဲ့  သူ နေထိုင်တဲ့ တောင်ဘက်ပိုင်းဂိတ် အဝင်ပေါက်အကြောင်းပါ …. ”

ကိုင်အောင်းက စိတ်ထဲ မထားပေ။ သူက ခေါင်းညိတ်လိုက်ပြီး

“ မင်း ပြောသလိုပါပဲ။ အထက်ဘုံရဲ့ ဧကရာဇ်ကို  တာအိုဧကရာဇ်လို့ ခေါ်တယ်။ ပြောရရင်တော့ သူ့အဆင့်က အင်မော်တယ်ဧကရာဇ်အဆင့်ကို ကျော်လွန်သွားပြီးတော့ နောက်တဆင့်ကို ရောက်နေပြီ။ ငါကလည်း မဟာဧကရာဇ် တစ်ယောက်ဆိုပေမဲ့  ဒီနှစ်တွေအတွင်းမှာ  အင်မော်တယ်လောကတခွင် သွားလာခဲ့ပေမဲ့ တာအိုဧကရာဇ်အဆင့်နဲ့ လုံးဝကို မနီးစပ်သေးဘူး။

ငါ တစ်ယောက်တည်း မဟုတ်ဘူးနော် … အင်မော်တယ်လောက က တခြားအင်မော်တယ်ဧကရာဇ်တွေလည်း အတူတူပဲ  …. ငါတို့တွေကို အင်မော်တယ်လောကရဲ့ ထိပ်သီးတွေဆိုပြီး မြင်မနေနဲ့  …

တကယ်ကျ တာအိုဧကရာဇ် ကျီချန်းလော့ရှေ့မှာ ငါတို့ကို ပုရွက်ဆိတ်တစ်ကောင်လိုတောင် မြင်မှာ မဟုတ်ဘူး  …. ”

မိုဝူကျိက လေအေးများ မှုတ်ထုတ်လိုက်မိ၏။ သူက အင်မော်တယ်ဧကရာဇ်တစ်ယောက်၏ စွမ်းအားအကြောင်း ကောင်းကောင်း သိထားလေရာ မဟာဧကရာဇ်လွန်ချိုက်က သူ့အား လက်တစ်ချောင်းဖြင့်ပင် ခြေမွပစ်၍ ရပေသည်။  ကျော့ဖျင်အန်းနှင့် လွန်ချိုက်တို့ကြားမှ တိုက်ပွဲအတွင်း ထိုစွမ်းအားအကြောင်း အတွေ့အကြုံရှိခဲ့၏။ အကယ်၍ သူတို့နှစ်ယေက်လုံးသား အားကုန်တိုက်ခိုက်လျှင် အင်မော်တယ်မြို့တော်တော်များများ ပြာဖြစ်ကုန်ပေလိမ့်မည်။ အကယ်၍ သူတို့က တာအိုဧကရာဇ် ကျီချန်းလော့ရှေ့၌ ပုရွက်ဆိတ်တစ်ကောင်မျှပင် မဟုတ်လျှင်  တာအိုဧကရာဇ်က မည်မျှ အံ့ဩဖို့ ကောင်းနေလိုက်မည်နည်း။

“ အဲဆို အင်မော်တယ်လောကရဲ့ ကောင်းကင်ဧကရာဇ်တွေကို တာအိုဧကရာဇ်က သတ်မှတ်ပေးတာလား  ” မိုဝူကျိက တည်ငြိမ်သွားပြီ ဖြစ်၏။

ကိုင်အောင်းက သက်ပြင်းချကာ

“ ဒီလိုတော့ မဟုတ်ဘူး။ ကောင်းကင်ဧကရာဇ်တွေက သူတို့အဆင့်အတန်းကို တိုက်ခိုက်စွမ်းနဲ့ ကိုယ်ပိုင်စွမ်းရည်တွေကနေ ရလာကြတာ  … တာအိုဧကရာဇ်က အဲဒါကို လုံးလုံး ဂရုမစိုက်ဘူး။ ဒါပေမဲ့  လူတစ်ယောက်က တာအိုဧကရာဇ်အဆင့်နဲ့ နီးသွားမယ်ဆိုရင်တော့ ငါ စိုးရိမ်မိတာက  … ”

မိုဝူကျိ စိတ်ထဲ အေးစက်မိသွား၏။ သူက သူ့ထာဝရ ကမ္ဘာအကြောင်း အမှတ်ရသွားသည်။ ထိုစဉ် အင်မော်တယ်လောကမှာ  တာအိုဧကရာဇ်၏ ကိုယ်ပိုင်ကမ္ဘာ ဖြစ်နေကြောင်း ခံစားမိလိုက်ရကာ သူတို့အားလုံးမှာ တာအိုဧကရာဇ်၏  ကမ္ဘာငယ်လေးအတွင်း  ရှိနေကြခြင်း ဖြစ်ပေသည်။

All Chapters