← Chapters

အကြံကောင်းများကို ငြင်းပယ်ခြင်း

Vol. 46 Ch. 638

အကြံကောင်းများကို ငြင်းပယ်ခြင်း

Vol. 46 Ch. 638

ကိုင်အောင်းက မိုဝူကျိ စိတ်ထဲမှ အကြောင်းအရာကို ကောင်းကောင်း သိ၏။ သို့သော် သူ သိနေလျှင်ပင် ပြောစရာ မရှိပေ။ အင်မော်တယ်လောကကြီးက အထက်ဘုံ၏ စီမံအုပ်ချုပ်မှုအောက်တွင် ရှိသော်လည်း  အထက်ဘုံ၏  နောက်ဖေး မဟုတ်ဘဲ  ကမ္ဘာငယ်လေး တစ်ခုသာ ဖြစ်နေသည်။

“ ဝူကျိ ….  မင်း ကျင့်ကြံဆင့်က သိပ်မမြင့်သေးတာကို ငါခံစားမိတယ် …  ဒါပေမဲ့ မင်းက လူတော်တော်များများကို ရန်စမိခဲ့တယ် ” ကိုင်အောင်းက  ခေါင်းစဉ်ပြောင်း ပြောလိုက်သည်။

မိုဝူကျိက သူတို့စကားဝိုင်းမှာ   ကိုင်အောင်း ခေါ်လိုက်သည့် အကြောင်းအရင်းဆီ ရောက်လာကြောင်း   သိလိုက်၏။ သူက ယခင်အတွေးများကို ဘေးချိတ်ထားပြီး နေရခက်စွာ ပြောလိုက်သည်

“ အဲလိုတော့ မရည်ရွယ်ပါဘူး။ ကျတော်တောင် မသိလိုက်ဘဲနဲ့  အဲလို ဖြစ်သွားတာပါ …. ”

သူက လွန်ချိုက်ကို  ရန်စချင်ခဲ့လို့လား  …. 

သူ့အနေနှင့် စွမ်းရည်တချို့ ရှိနေ၍  လွန်ချိုက်ကို မသိမသာ ရန်စမိသွားခြင်း ဖြစ်၏။ သူ့ကိုယ်သူ နှိမ့်ချပြီး  လွန်ချိုက်ကို မခစားသရွေ့ ရန်ငြိုးမှာ ပြေပျက်သွားနိုင်ဖွယ် မရှိချေ။  လွန်ချိုက် သူ့လူများကို သတ်ထားလေရာ မိုဝူကျိအနေနှင့် ထိုသို့လုပ်ဆောင်မည့်အစား သေခြင်းတရားသာ ရွေးချယ်လိုက်မည်။

ဆေးလုံးတာအိုအင်မော်တယ် မဟာမိတ်အဖွဲ့ကိုရော ရန်စချင်ခဲ့လို့လား …..

သူက ယခင်လဲလှယ်ရေးပွဲ၌  ဆေးလုံးတာအိုအင်မော်တယ် မဟာမိတ်၏ အပြုအမူများကို မြင်စဉ်က အော့နှလုံးနာမိလေသည်။ အကယ်၍ သူတို့နှင့် စိတ်မပါဘဲ ဆက်လက်ဟန်ဆောင်နေလျင် သူ့တာအိုနှလုံးသားအပေါ် သက်ရောက်မှု ရှိလာမည်ကို စိုးရိမ်မိ၍ ဖြစ်သည်။

မဟာဓားလမ်းစဉ်အတွက်  သူတို့က  ရန်သူဖြစ်ရန် ကံတရားပါလာပုံ ရ၏။ ကျန်းရှင်းနယ်မြေ၏  တျန်းဂျီဂိုဏ်းချုပ်တစ်ယောက်အနေနှင့် ထိုကိစ္စကို ရှောင်လွဲ၍ မရပေ။

သူ ရှောင်ရှားနိုင်သည့် တစ်ဦးတည်းသော  ရန်သူမှာ လျှပ်စီးဂိုဏ်း ဖြစ်၏။ အကယ်၍ အဖြစ်အပျက်များကို မမြင်ချင်ယောင်ဆောင်နေပေးခဲ့လျှင် လျှပ်စီးဂိုဏ်းနှင့် သူ့ရန်ကြွေးမှာ ထိန်းချုပ်၍ ရနိုင်သေး၏။

သူ မိုဝူကျိက ယွမ်ယီ ဆရာတပည့်နှစ်ယောက် အနိုင်ကျင့်ခံနေရသည်ကို မြင်တွေ့လိုက်ရ၏။ အကယ်၍ မသိချင်ယောင်ဆောင်ပြီး သူတော်စင်ပေါက်စလေး စုရှီကို ခေါ်သွားခွင့် ပေးလိုက်လျှင် သူက   မိုဝူကျိ မဟုတ်တော့ချေ။

“ ငါတို့ လမ်းစဉ်ခြောက်သွယ်အင်မော်တယ်နယ်မြေရဲ့ ယွဲ့လွန်မြို့ဆီ  လာဖို့ စိတ်မဝင်စားဘူးလား  ”  ကိုင်အောင်းက မေးလိုက်သည်။

မိုဝူကျိက ယွဲ့လွန်ကို သိပေသည်။ ထိုအရာမှာ လမ်းစဉ်ခြောက်သွယ် အင်မော်တယ်နယ်မြေ၏ ကောင်းကင်ဧကရာဇ်မြို့ ဖြစ်၏။  ပြောရလျှင် ကိုင်အောင်း နေထိုင်သော မြို့ ဖြစ်ပေသည်။ သတင်းများအရ အင်မော်တယ်နယ်မြေ ခုနှစ်ခု၌ အထူးခြားဆုံး အင်မော်တယ်မြို့ထဲမှ တစ်ခု အပါအဝင် ဖြစ်ကြောင်း ပြောစမှတ်ပြုကြသည်။

မိုဝူကျိက မငြင်းပယ်ခင်  ကိုင်အောင်းက နောက်ထပ် ထပ်မေးလိုက်သည် “ ဆေးလုံးဆရာမို  … ငါ့သမီး ဖေးယန်လေးကို ဘယ်လိုထင်လဲ ”

ကိုင်ဖေးယန်မှာ အင်မော်တယ်ဘုရင်အဆင့် ရောက်လုနီးပါး ဖြစ်သော်လည်း သူမ ဖခင်၏ စကားများကို ကြားသောအခါ ခေါင်းငုံ့ကာ အရှက်သည်းနေမိသွားသည်။

မိုဝူကျိက မြန်မြန် ပြောလိုက်သည်  “ စီနီယာအစ်မဖေးယန်က ထူးချွန်လွန်းတဲ့ ပါရမီရှင်ပါ။ ရုပ်ရည်အရရော၊ အရည်အချင်းရောက  ထူးချွန်ပါတယ် ”

ကိုင်အောင်းက ခေါင်းညိတ်ကာ

“ မင်းရဲ့ အမြင်က မဆိုးဘူးပဲ  …. ဖေးယန်လေးက မင်းကို နည်းနည်း သဘောကျတယ်လေ။

ငါ ပြောတာက  မင်း လမ်းစဉ်ခြောက်သွယ် အင်မော်တယ်နယ်မြေကို လာမယ်ဆိုရင် ဖေးယန်လေးနဲ့ အင်မော်တယ်လောကတစ်ခွင် လျှောက်သွားလို့ ရတယ်လို့  ….  မင်းတို့နှစ်ယောက်လုံးက စိတ်ဝိညာဉ်ဖွဲ့စည်းခြင်းရေကန်ကိုလည်း ရောက်ဖူးကြတယ်လေ။ တူတာ‌တွေ ဘယ်လောက်များတုန်း  …. ”

ကိုင်အောင်းက ကွေ့ပတ်ပြောမနေတော့ဘဲ  မိုဝူကျိအား ကိုင်ဖေးယန်၏ တာအိုလက်တွဲဖော် ဖြစ်လာစေလိုသည့် ကိစ္စအား တိုက်ရိုက် ပြောလိုက်သည်။ ဤသို့အခြေအနေရောက်လာပြီ ဖြစ်၍ မိုဝူကျိက  အားနာနေစရာ မပြုမူရဲတော့ပေ။ မြန်မြန် ထရပ်ကာ ကိုင်အောင်းအား  ဦးညွှတ်လိုက်ပြီး

“ အရည်အချင်းအရရော  … အဆင့်အတန်းအရရော  စီနီယာအစ်မဖေးယန်က  ကျတော်ထက် သာပါတယ်။ ကျတော်က စီနီယာအစ်မဖေးယန်နဲ့ အတူတူ ရှိနေရင်  သူမအဆင့်အတန်းကို ဆွဲချသလို ဖြစ်နေပါလိမ့်မယ်။

ပြီးတော့ ကျတော်ဆီမှာ တာအိုလက်တွဲဖော် ရှိထားပြီးပါပြီ။ အဲဒါကြောင့် စီနီယာအစ်မဖေးယန်နဲ့ အတူတူ ရှိနေဖို့ ကျတော်က မသင့်တော်တော့ပါဘူး  … ”

ကိုင်အောင်း၏ မျက်နှာမှာ ချက်ချင်း သုန်မှုန်သွားပြီး  လေသံက ပြောင်းသွားကာ

“ ကျော့ဖျင်အန်းတစ်ယောက်တည်းနဲ့ အန္တရာယ်ကင်းပြီ ထင်နေတာလား။ အဲလိုဆိုရင်တော့ မင်း အမှားအကြီးကြီး လုပ်မိပြီ။ မင်းရန်သူ တစ်ယောက်ချင်းစီကိုက ကျော့ဖျင်းအန်းထက် အားကောင်းတယ် ….

ပြီးတော့ မကြာခင် မဟာခွန်ဗုဒ္ဓဂိုဏ်း ပါလာမှာဆိုတော့   မဟာရန်သူတော်ကြီး  အသစ် ရလာဦးမှာ ။ တကယ်လို့ မင်းကသာ သစ္စာရှိတဲ့သူ မဟုတ်ရင် ငါက မင်းကို အလေးထားမယ် ထင်နေလား  ”

မိုဝူကျိက နှိမ့်ချခြင်းလည်း မရှိသလို မောက်မာခြင်းလည်း မရှိဘဲ ပြန်ဖြေလိုက်၏

“ ကောင်းကင်ဧကရာဇ် အသိအမှတ်ပြုပေးတာ ကျေးဇူးတင်ပါတယ်။ တကယ်လို့ ကျုပ်က ကြောက်လို့ နောက်ခံရှာတယ်ဆိုရင်  ကျတော်က မိုဝူကျိ မဟုတ်တော့ဘူး … ကျတော်က ကောင်းကင်ဧကရာဇ်ရဲ့ နားလည်မှုကို တောင်းခံချင်ပါတယ် … ”

“ ဟင်း … မင်းက ဘယ်လိုတန်ဖိုးထားရမယ်ဆိုတာကို မသိဘူးပဲ  …. ဖေးယန် သွားကြစို့  ” ကိုင်အောင်းက ရုတ်ချည်း ထရပ်ကာ  လှည့်ထွက်သွားသည်။

ကိုင်ဖေးယန်က မိုဝူကျိအား အားငယ်စွာ ကြည့်ကာ ခေါင်းငိုက်စိုက်ဖြင့်  သူမ အဖေနောက် လိုက်သွားတော့သည်။ အနည်းဆုံးတော့  သူမက မိုဝူကျိ၏ အတွေးတစ်ခုမှာ မှန်ကန်ကြောင်း ခံစားမိ၏။

သေခြင်းတရားကို ကြောက်ရွံ့၍ ကောင်းကင်ဧကရာဇ် တစ်ယောက်နောက် ပုန်းနေလျှင် မိုဝူကျိ မဟုတ်တော့သလို လေးစားမှုနှင့်လည်း ထိုက်တန်တော့မည် မဟုတ်ပေ။

ကိုင် ဖခင်နှင့် သမီးဖြစ်သူတို့ ထွက်သွားပြီးနောက်  ကွမ်းနဉ်နှင့် ထိုက်ရှားတို့က လေ့လာနေသည့်အလား လေသာဆောင်၌ ပေါ်လာကြ၏။

“ အောမီတောဖော … ကိုယ်တော်တော့  ဆေးလုံးဆရာမိုနဲ့ နောက်ထပ် တွေ့ခွင့် ရခဲ့ပြီပဲ ” ကွမ်းနဉ်က လက်နှစ်ဖက် အတူတူကပ်ထားကာ  ပြုံးရင်း ပြောလိုက်သည်။

“ ဒီက ဆရာနှစ်ယောက်လည်း ထိုင်ကြပါ …” မိုဝူကျိက ခေါင်းကိုက်နေမိ၏။ ကွမ်းနဉ်နှင့် ထိုက်ရှားတို့ ရောက်လာသည့် အကြောင်းအရင်းကို သိနေသော်လည်း သူ့အနှေနှင့် ဘာမှမလုပ်နိုင်ချေ။

မဟာခွန်ဗုဒ္ဓ မီးအိမ်မှာ ယွမ်ယီ၏ အသက်နှင့် လဲလှယ်ထားရသည့်အတွက်  စုရှီက သေချာပေါက် ထုတ်ပေးချင်မည် မဟုတ်ပေ။ ယွမ်ယီအနေဖြင့် မဟာခွန်ဗုဒ္ဓဂိုဏ်းဆီ လက်လွဲပေးလိုလျှင် မီးစာခွက်အား သူမ တစ်ယောက်တည်း  နှစ်များစွာ စောင့်ရှောက်ထားခဲ့မည် မဟုတ်ချေ။

“ ကျေးဇူးရှင် မို … ”

ကွမ်းနဉ်က ထိုစကားများကို ပြောသောအခါ မိုဝူကျိက လက်ကာပြကာ တားလိုက်ရ၏

“ ကိုယ်တော်ကွမ်းနဉ်  …. ကျုပ်ကို  ဆေးလုံးဆရာမိုလို့ ခေါ်တာ ပိုကောင်းမယ်လို့ ထင်တယ် ”

မဟာခွန်ဗုဒ္ဓမီးအိမ်မှာ သူ့အပိုင် မဟုတ်သည့်အတွက် ကျေးဇူးရှင်ဟု ခေါ်ဆိုခံရမည့် အခွင့်အရေး မရှိပေ။

ကွမ်းနဉ်က စိတ်ထဲ မထားဘဲ  အခေါ်အဝေါ်ကို ပြောင်းလဲလိုက်လေ၏

“ ဆေးလုံးဆရာမို … ကျုပ်တို့ မဟာခွန်ဗုဒ္ဓဂိုဏ်း ကိုယ်စား ကွမ်းနဉ်က ကျုပ်တို့ဂိုဏ်းရဲ့ ယွမ်ယီနဲ့ သူမရဲ့တပည့်လေးကို ကယ်ပေးခဲ့တဲ့အတွက် ကျေးဇူးတင်ချင်ပါတယ် … ”

မိုဝူကျိက ကွမ်းနဉ် စကားများကို ဖြတ်ပြောကာ

“ ကိုယ်တော်ကွမ်းနဉ်ရဲ့ ကျေးဇူးတင်မှုကို တကယ် လက်မခံရဲပါဘူးဗျာ။ ယွမ်ယီက တရားသူတော်စင်ကျောင်းကပါ။ တရားသူတော်စင်နဲ့ မဟာခွန်ဗုဒ္ဓ ဂိုဏ်းကြား ဆက်ဆံရေး ရှိနေတာကိုတောင် ကျုပ် မသိခဲ့ဘူး။ ပြီးတော့ သိဖို့ စိတ်လည်း မဝင်စားဘူး။ ကျုပ်က ဂျုနီယာညီမ စုရှီကို ကယ်ပေးခဲ့ရုံပဲ …..  စုရှီက ကျေးဇူးတင်ပြီးပြီဆိုတော့ တခြားတစ်ယောက်ဆီက ကျေးဇူးတင်စကား မလိုတော့ဘူး ”

မိုဝူကျိက  စုရှီကိုယ်စား ပေးသည့် ကျေးဇူးတရားများအား  အသိအမှတ်မပြုချင်ပေ။ အကယ်၍ သူ ပြုခဲ့လျှင် မဟာခွန်ဗုဒ္ဓမီးအိမ်မှာ  မဟာခွန်ဗုဒ္ဓဂိုဏ်း အပိုင် ဖြစ်ကြောင်း ပြောသလို ဖြစ်သွားပေလိမ့်မည်။ အကယ်၍ သူ လက်ခံလိုက်ပါက  သူမအတွက် ကိစ္စများက ခက်ခဲလာပေမည်။

တချိန်လုံး တိတ်ဆိတ်နေခဲ့သည့်  ထိုက်ရှားက ရုတ်ချည်း အမူအယာတချို့ ထွက်ပေါ်လာကာ  သူမ လည်ပင်းမှ ဘုရားသုံးဆူပုတီးကား စတင်၍ တောက်ပလာသည်။ မိုဝူကျိက ထိုအလင်းကို ခံစားမိသည့်အခါ သူ့စွမ်းအားစွမ်းကွင်းကို ထုတ်မိသွား၏။

ထိုမီးခိုးရောင်အလင်းက သတ်ဖြတ်ငွေ့များ ဖြစ်၏။ ဤထိုက်ရှားက လက်ရဲဇက်ရဲနိုင်လိမ့်မည်ဟု မထင်ထားပေ။ သူက စကားတစ်ခွန်း ပြောလိုက်ရုံသာ ဖြစ်ပြီး သူ့ဆီ သတ်ဖြတ်ငွေ့များ ရောက်ရှိလာလေ၏။

ကွမ်းနဉ်က  ဘုရားစာများကို ရွတ်ကာ  ပြောလိုက်သည်  “

ဆေးလုံးဆရာမို… ယွမ်ယီဆီမှာ မဟာခွန်ဗုဒ္ဓ မီးအိမ်လို့ ခေါ်တာ ရှိပါတယ်။ အဲဒီမီးအိမ်က  ကျုပ်တို့ မဟာခွန်ဗုဒ္ဓ ဂိုဏ်းရဲ့ ရတနာပါ။ အခု ယွမ်ယီက သေဆုံးသွားပြီဆိုတော့  ကျုပ်တို့ဂိုဏ်းရဲ့ ရတနာကို ပြန်ပေးဖို့ ဆေးလုံးဆရာမိုကို တောင်းဆိုပါတယ်။ ကျုပ်တို့ဂိုဏ်းက ကျေးဇူးတင်နေမှာပါ … ”

မိုဝူကျိက ထိုစကားများကို ကြားသောအခါ ဒေါသထွက်လာမိသည်။ ယခု နားလည်မိသွားသည်။ ကွမ်းနဉ်က  သူ့အား စုရှီကို ရဖို့ရာ အသုံးချချင်နေသည်။ အမြင်နှင့်တင်  ထိုလူက မဟာခွန်ဗုဒ္ဓမီးအိမ်မှာ သူ့လက်ထဲတွင် ရှိကြောင်း ယုံကြည်နေလေ၏။

သူတို့က မိုဝူကျိအနေဖြင့် စုရှီအတွက် လုပ်ပေးသည်ဟု မတွေးကြဘဲ မဟာခွန်ဗုဒ္ဓမီးအိမ်အတွက်ကြောင့်သာ ဖြစ်ကြောင်း ပြောနေကြခြင်း ဖြစ်၏။  သူက ကွမ်းနဉ်၏ လူကြီးလူကောင်းဆန်မှုကို တွေးမိပြီး ဤနေ့ရက်များ၌ လူကောင်းတစ်ယောက် ရှာတွေ့ရန် အမှန်တကယ် ခက်ခဲကြောင်း သေချာသိလိုက်သည်။

“ကိုယ်တော်ကွမ်းနဉ် …. ကျုပ် အရင်က ပြောသလိုပဲ  မဟာခွန်ဗုဒ္ဓဂိုဏ်းအကြောင်း ဘာမှ မသိဘူး။ ကျုပ်က တရားသူတော်စင်ကျောင်းရဲ့ ယွမ်ယီ ဆရာတပည့်ကိုပဲ ကူညီပေးလိုက်တာ ။ တကယ်လို့ ကိုယ်တော်ကွမ်းနဉ်မှာ ကိစ္စရှိရင် တရားသူတော်စင်ကျောင်းက သူတွေကို သွားရှာသင့်တယ်  …. ကျုပ်နဲ့ ဘာမှ မပတ်သတ်ဘူး  ”

မိုဝူကျိက  မဟာခွန်ဗုဒ္ဓဂိုဏ်းနှင့် နော်ထပ် ရန်ကြွေး မဖန်တီးလိုပေ။  ကွမ်းနဉ်က သူ့အား သံသယ ဝင်လျှင်ပင် သူ့အနေဖြင့် ကိစ္စများအား အေးအေးဆေးဆေး အဆုံးသတ်ချင်သေး၏။ အကယ်၍ စုရှားက မဟာခွန်ဗုဒ္ဓမီးအိမ်အား  ပေးအပ်မည်ဆိုလျှင် သူ့ကိစ္စဆက်၍ မဟုတ်တော့ပေ။ အကယ်၍ စုရှီက အလိုမရှိလျှင် ကျော့ဖျင်အန်း ရှိနေသေး၍  ကွမ်းနဉ်နှင့် ထိုက်ရှားတို့မှာ ဘာမှလုပ်နိုင်ဦးမည် မဟုတ်ပေ။

“ ဟင်း …” ထိုက်ရှားက အေးစက်စွာ နှာခေါင်းရှုံ့၏

“ ဆေးလုံးဆရာမို …. ရိုးသားတဲ့သူက မလိမ်ညာရဘူးလေ။ စုရှီလို ကောင်မလေးမျိုးက ရှင့်ပြိုင်ဖက် ဖြစ်နေပါ့မလား။ အဲဒါတောင် စုရှီကို မဟာခွန်ဗုဒ္ဓမီးအိမ်အတွက် ကယ်ခဲ့တာ မဟုတ်ဘူးလို့ ပြောချင်တုန်းလား။  တကယ်လို့ တခြားအရာဆိုရင် ကျမတို့ ဂိုဏ်းအနေနဲ့ ဒီအတိုင်း ထားပေးလို့ ရပေမဲ့  ဒီဟာကိုတော့ သေချာပေါက် ပြန်ယူရမယ်။

တကယ်လို့ ဆေးလုံးဆရာမိုက  ကိစ္စတွေကို မကြီးစေချင်ရင်  မဟာခွန်ဗုဒ္ဓမီးအိမ်ကို ကျမတို့ဆီ ပြန်ပေးလိုက်ပါ ….   တကယ်လို့  အဲလိုမလုပ်ရင်တော့  ကျမတို့ ဂိုဏ်းကလည်း မဟာဧကရာဇ် ရှိတဲ့ တည်ရှိမှုမျိုးပါ … ရှင့်ကို ကြောက်နေမှာ မဟုတ်ဘူး  ”

တစ်ဖက်လူက သူက ယုန်လေးကို ကယ်ပေးလိုက်သည့် ဝံပုလွေဆိုးကြီးကဲ့သို့ တထစ်ချ ယုံကြည်နေခြင်း ဖြစ်ပေသည်။ မိုဝူကျိက  ထပ်ပြောနေ၍ အကျိုးမထူးတော့မှန်း  သိ၍ ဖြည်းဖြည်းချင်း ရပ်ကာ မထူးမခြားနား ပြောလိုက်သည်

“ ခင်ဗျားတို့  မဟာခွန်ဗုဒ္ဓဂိုဏ်းမှာ မဟာဧကရာဇ် ရှိတာ၊ မရှိတာ ကျုပ် အလုပ် မဟုတ်ဘူး။ ပြီးတော့ ကျုပ် လေကို အလကား အကုန်မခံနိုင်ဘူး။  ခင်ဗျားတို့ မဟာခွန်ဗုဒ္ဓမီးအိမ်အကြောင်းကိုလည်း  ကျုပ်  ဘာမှ မသိဘူး  ”

ထိုသို့ပြောပြီး ထိုနှစ်ယောက်ကို ဂရုမစိုက်ဘဲ လေသာဆောင်မှ ထွက်လာလိုက်တော့သည်။

အကြောင်းပြချက် ရေရေရာရာ မရှိဘဲ နောက်ထပ် ဝန်ပိုးတစ်ခု ရောက်လာပြန်၏။ မိုဝူကျိက အမှန်တကယ် အားမရ ခံစားမိနေ၏။ ထို့အပြင် သူက မဟာခွန်ဗုဒ္ဓမီးအိမ်ကို ကွမ်းနဉ်တို့ဆီ ပေးလိုက်လျှင်ပင် တခြားသူများက သူ့ဆီ ရှိနေကြောင်း ယုံကြည်နေကြဦးမည် ဖြစ်၏။

……………….…

သူက အထက်ဘုံမှ  အဝါရောင်ဝတ်စုံနှင့် လူငယ်လေး ပေးမည့် လက်ဆောင်ကို စိတ်ဝင်စားသော်လည်း မိုဝူကျိက ဆက်နေချင်စိတ် မရှိတော့ပေ။ သူက ကောင်းကင်ချောက်ကမ်းပါး ကန်တော်ကြီးမှာ လေးကန်စွာ လျှောက်လှမ်းထွက်လာရင်း သူ ပြင်ဆင်ရမည့် ကိစ္စများအား တွေးတောနေလေသည်။

မဟာခွန်ဗုဒ္ဓဂိုဏ်းကဲ့သို့သော ဂိုဏ်းကြီးနှင့် ရင်ဆိုင်ရာဝယ် မိုဝူကျိက စုရှီကိုပါ ကာကွယ်ပေးနိုင်လိမ့်မည်ဟု ယုံကြည်ချက် မရှိပေ။ သူ့ကိုယ်သူ ကာကွယ်နိုင်လျှင်ပင် ကံကောင်းနေလေပြီ။

“ဆရာ …  မိုဝူကျိ  ထွက်သွားပြီ ….” မိုဝူကျိက ကောင်းကင်ချောက်ကမ်းပါး ကန်တော်ကြီး အပြင်ဘက် ထွက်လာသည်နှင့် နီဂျူက  အလောတကြီး သတိပေးလိုက်သည်။

ဆာကျန်းက မိုဝူကျိ၏  ပျောက်ကွယ်သွားသော ပုံရိပ်လေးကို ကြည့်ရင်း အေးစက်စွာ သရော်လိုက်သည်

“ သူက လတ်တလောတော့ ကောင်းကင်ချောက်ကမ်းပါးမြို့ကနေ ထွက်သွားဦးမှာ မဟုတ်ဘူး။ အခု သူက ကျော့ဖျင်အန်းနဲ့ လူပြန်စုတော့မှာဆိုတော့ ငါတို့ဘက်က ပြိုင်ဖက် မဟုတ်တော့ဘူး။ သူက မဟာခွန်ဗုဒ္ဓမီးအိမ်ကိုတောင် သူ့ဘာသာ သိမ်းထားတာဆိုတော့  မဟာခွန်ဗုဒ္ဓဂိုဏ်းက လွတ်ပေးမှာ မဟုတ်ဘူး။

အချိန်ကျလာရင် ငါတို့တွေ မဟာခွန်ဗုဒ္ဓဂိုဏ်းတို့ ၊ လျှပ်စီးဂိုဏ်းတို့နဲ့  ပေါင်းပြီးတော့ သူ့ကို ဖယ်ရှားလိုက်ရုံပဲ  …. ”

နီဂျူက ဆရာ ဆိုလိုရင်းကို သဘောပေါက်၏။ တျန်းဂျီဂိုဏ်းကို ဖျက်စီးပစ်လိုက်သည်မှာ သူ့ဆရာ ဆာကျန်း ဖြစ်၏။ အရိုးသားဆုံးဆိုရလျှင် မဟာဓားလမ်းစဉ်နှင့် ပတ်သတ်မှု မရှိချေ။ ဆာကျန်းနှင့် မိုဝူကျိတို့ကြားက ကိုယ်ပိုင်အရေးကိစ္စ ဖြစ်လေရာ  ဂိုဏ်း၏ အင်မော်တယ်ဧကရာဇ်ကို အကူအညီတောင်း၍ မတတ်နိုင်ကြပေ။

All Chapters