← Chapters

ကောင်းကင်ချောက်ကမ်းပါးမြို့၏ ကပ်ဘေး

Vol. 46 Ch. 639

ကောင်းကင်ချောက်ကမ်းပါးမြို့၏ ကပ်ဘေး

Vol. 46 Ch. 639

“ ဆေးလုံးဆရာမို ခဏနေပါဦး ” မိုဝူကျိ အဝင်ဝသို့ လျှောက်လှမ်းလာစဉ်  အသံတစ်သံကို ကြားလိုက်ရ၏။

မိုဝူကျိက ရပ်ပြီး  ကြည့်လိုက်သည့်အခါ အေးဆေးတည်ငြိမ်နေသော လွန်ချိုက်ကို မြင်လိုက်ရသည်။ လွန်ချိုက်ကို လေးစားမိသည်မှာ သူ့မာနများအား ခဝါချ၍ ကိုယ်လုပ်တော်အတွက်  တောင်းဆိုပေးသောကြောင့် ဖြစ်သော်လည်း မိုဝူကျိက ကူညီပေးမည် မဟုတ်ပေ။ ရန်ကြွေးတချို့ဆိုလျင် မိုဝူကျိက ခွင့်လွတ်ပေးဦးမည် ဖြစ်သော်လည်း လွန်ချိုက်က သူ့လူများကို သတ်ပစ်ခဲ့ပြီး ချိန်စုယင်ကို ပျောက်ကွယ်သွားစေခဲ့သည်။ ထို့ကြောင့်  မိုဝူကျိက လွန်ချိုက်နှင့် ကမ္ဘာ့ရန်ကြွေး ဖြစ်လာခြင်း ဖြစ်လာပေသည်။

လွန်ချိုက်၏ ခေါ်သံကို ကြားသည့်အခါ ကောင်းကင်ချောက်ကမ်းပါး ကန်တော်ကြီးအတွင်း ရှိနေသော  လူများက စတင်၍ အာရုံစိုက်လာကြသည်။ အဓိက အကြောင်းအရင်းမှာ မိုဝူကျိ၏ လတ်တလော ထင်ပေါ်လာမှုနှင့်အတူ ကျော့ဖျင်အန်းက မိုဝူကျိ၏ သက်တော်စောင့် ဖြစ်လာသည့် အချက်များကြောင့် ဖြစ်၏။ အင်မော်တယ်လောက၌  ကောင်းကင်ဧကရာဇ်ပင် မဟာဧကရာဇ်အား  သက်တော်စောင့် ခန့်အပ်ဖို့ရာ အရည်အချင်း မပြည့်မှီပေ။  အကယ်၍ ကောင်းကင်ဧကရာဇ်က မဟာဧကရာဇ်တစ်ယောက်ကို  သက်တော်စောင့်အဖြစ် ခန့်အပ်နိုင်လျှင်ပင်  ကျော့ဖျင်အန်းကိုတော့  ခန့်အပ်နိုင်မည် မဟုတ်ပေ။

“ ဆေးလုံးဆရာမိုက မလှည့်သာ၊ မစားသာတဲ့ အခြေအနေထဲ ရောက်နေတာကို သိပါတယ်။ အဲဒါကြောင့် ကျုပ်ကို တစ်ခါ ကူညီပေးမယ်ဆိုရင် ကျုပ် လွန်ချိုက်က   ခင်ဗျားလိုအပ်တဲ့အချိန်တိုင်း ရှေ့ကနေ မားမားမတ်မတ် ရပ်တည်ပေးပါ့မယ်။

ဘာကိုပဲ တောင်းဆိုဆို ကျုပ် တတ်စွမ်းနိုင်တာ မှန်သမျှ တုံ့ဆိုင်းမနေဘဲ လုပ်ပေးပါ့မယ် ” လွန်ချိုက်က မိုဝူကျိဆီ လျှောက်လာရင်း လက်နှစ်ဖက် ယှက်ကာ ပြောလိုက်သည်။

ကောင်းကင်ချောက်ကမ်းပါး တည်းခိုဆောင်မှာ ရှိစဉ်အခါက   မိုဝူကျိအပေါ် သူ့ဒေါသများက ပေါက်ကွဲထွက်လာကာ သတ်ဖို့ရာပင် မစောင့်နိုင်တော့ပေ။ မိုဝူကျိက သူ့ကို ထွက်သွားရန် ပြောစဉ်အခါကလည်း သူကိုယ်တိုင် သတ်ပစ်မည်ဟု ကတိပေးခဲ့သေး၏။ သို့သော်လည်း  အနှောင်အဖွဲ့ကင်းနန်းတော်ဆီ ပြန်ရောက်သည့်အခါ အရိုးပေါ် အရည်တင် ဖြစ်ကာ အသက်မနည်း ရှုနေရသည့်  သူ့ရှန်းရှုကို  မြင်သည့်အခါ ချက်ချင်းပင် နှလုံးသားများ နာကျင်ကာ  နူးညံ့လာမိ၏။ သူ လုပ်နိုင်သည့်အရာမှာ မဟာဧကရာဇ်၏ အဆင့်အတန်း မာနများကို စွန့်ပစ်ပြီး မိုဝူကျိကို ဆက်လက် တောင်းဆိုရန်သာ ဖြစ်ပေသည်။

“ ဆေးလုံးဆရာမို … မဟာဧကရာဇ်လွန်ချိုက်အပေါ် အထင်လွဲနေတာကိုလည်း သိထားပါတယ်။ ရှင့်လူတချို့က အပြစ်မရှိဘဲ သေဆုံးသွားရပေမဲ့ သေဆုံးသွားတဲ့သူတွေက ပြန်မရှင်လာတော့ဘူးလေ။

အဲဒါကြောင့် ကျမတို့တွေ ရှေ့ရေးကိုပဲ တွေးသင့်တယ်။ မဟာဧကရာဇ်လွန်ချိုက်က တျန်းဂျီဆေးဆိုင် ပြန်တည်ဆောက်မဲ့ ကိစ္စကို ခွင့်ပြုပေးမှာလည်း သေချာတယ်။ တကယ်လို့ ဆေးလုံးဆရာမို ကျမကို ယုံရင် အားလုံးကို မေ့ပစ်ပြီးတော့  ရှေ့ဆက်ကြရအောင်လား  ” ချင်းယန်က လျှောက်လာကာ မိုဝူကျိအား အကြံတချို့ ပေးလိုက်သည်။

အပေါ်ယံ၌ သူမက  လွန်ချိုက်ကို ကူညီပေးဟန် ပေါ်နေသော်လည်း  မိုဝူကျိဘက်မှ ကူညီပေးနေကြောင်း သူမ တစ်ယောက်တည်းသာ သိပေသည်။ လူတချို့က သေဆုံးသွားပြီ ဖြစ်သော်လည်း  ယခု ဘာမှ ပြန်အဖတ်ဆယ်၍ မရတော့ပေ။ အကယ်၍ လွန်ချိုက်နှင့် ဆက်ဆံရေး ကောင်းကောင်း တည်ဆောက်လိုက်လျှင် သူသာ တောင်းဆိုလိုက်သည်နှင့် စွမ်းဆောင်ရည်ကောင်းသည့် လူများစွာ ရရှိနိုင်ပေသည်။ ထို့အပြင် အင်မော်တယ်လောက၌  အရေးမပါသော လူများ နေ့စဉ်သေဆုံးနေကြလေရာ မိုဝူကျိအနေဖြင့်   သူ့လူများ၏ သေဆုံးမှုက သူ့အနာဂတ်အပေါ်  သက်ရောက်ခွင့် မပြုသင့်ပေ။

မိုဝူကျိက ချင်းယန် ကူညီပေးနေသော ရည်ရွယ်ချက်ကို ကောင်းကောင်း သိပေသည်။ သူက အခြေအနေကျပ်တည်းနေပြီး လွန်ချိုက်၏ အကူအညီကို ရလိုက်ခြင်းက နောက်ထပ် အင်အားတစ်ခု ရလိုက်သလို ဖြစ်ပေသည်။ သို့သော်လည်း  သူ့လူများက  အရေးမကြီးကြောင်း ကြည့်သည့်  ချင်းယန်၏ အမြင်ကို လက်မခံလိုပေ။  မိုဝူကျိအတွက် ထိုလူများမှာ အင်မော်တယ်လောကမှ မိတ်ဆွေများ ဖြစ်၏။

ကမ္ဘာမြေတွင် ရှိစဉ် မိုဝူကျိက  ကိုယ့်ကျင့်တရားကို ထိန်းသိမ်းခဲ့သူ ဖြစ်ရာ  ယခုအခါမှ မပြောင်းလဲလိုပေ။  ထို့အပြင် လွန်ချိုက်က  ချိန်စုယင်အား ပုန်းကွယ်နေစေရန် အတင်းကျပ်ဖိအား ပေးသလို ဖြစ်သွားစေခဲ့သည်။ မိုဝူကျိက သူမကို ရှာမတွေ့သေးပေ။ ထိုအရာများက လွယ်လွယ်ကူကူ မေ့ပျောက်နိုင်သည့် ရန်ကြွေး မဟုတ်ပေ။

“ မိုဝူကျိက အရှင်မ ချင်းယန် စဉ်းစားပေးတာ ကျေးဇူးတင်ပါတယ် ” မိုဝူကျိက လက်နှစ်ဖက် ယှက်ကာ  ပြောပြီးနောက် လွန်ချိုက်ဘက် လှည့်ကာ

“ လွန်ချိုက် … ကျုပ်မှာ ဘာမှပြောစရာ မရှိတော့ဘူး။ ပြီးတော့ ခင်ဗျားနဲ့ ကျုပ်က  မိတ်ဆွေ မဖြစ်လာနိုင်တဲ့  လောကမတူတဲ့ သူတွေပဲ ”

မိုဝူကျိက စကားအဆုံး၌ လှည့်ထွက်သွားတော့သည်။

“ မောက်မာလိုက်တဲ့  ခွေးသား…  မင်းက မဟာယီရှန်းအဆင့်လေးနဲ့ ကံကောင်းပြီး‌တော့ အဆင့် ၇ ဆေးလုံးဧကရာဇ် ဖြစ်လာတာများ … မင်းကိုယ်မင်း ဆက်မောက်မာနေပြီးတော့ အင်မော်တယ်လောကတစ်ခုလုံးကို  ခြေထောက်အောက် ဖိနှိပ်ထားနိုင်မယ်လို့ ထင်နေလား ….”  သူက မဟာဧကရာဇ် လွန်ချိုက်၏ တောင်းဆိုမှုကို  ငြင်းပယ်သွားသော   မိုဝူကျိကို ကြည့်ကာ ဆာကျန်းက  အခွင့်အရေးကို အပြည့်အဝ ဖမ်းဆုပ်ကာ ကျိန်ဆဲလိုက်တော့သည်။

“ ဟုတ်သား ...  သူက ကံကောင်းလို့  အဆင့် ၇ ဆေးလုံးဧကရာဇ် ဖြစ်လာတယ်ဆိုရင် ရှင်လည်း  ကံအရမ်းကောင်းနေတဲ့ပုံပဲ  … အဆင့် ၉ ဆေးလုံးဧကရာဇ် အဖြစ် ပြောင်းလဲကြည့်ပါ့လား  ” ဆာကျန်းက ကျိန်ဆဲလိုက်သည်နှင့်  ကြည်လင်ပြတ်သားသော အသံတစ်သံ ထွက်ပေါ်လာ၏။

ဆာကျန်းက  ရယ်မောကာ ပြန်လည်ချေပတော့မည့်ဆဲဆဲတွင် ကိုင်သားအဖကို မြင်လိုက်ရ၏။  ပြောလိုက်သူမှာ ကိုင်အောင်း၏ သမီးဖြစ်သူ ကိုင်ဖေးယန် ဖြစ်၏။

သူက ပြောမည့် စကားများကို မျိုသိပ်ကာ  လေးလေးစားစား ဦးညွှတ်လိုက်ပြီး “ ကောင်းကင်ဧကရာဇ်ကို နှုတ်ဆက်ပါတယ် ”

ကိုင်အောင်းက ခေါင်းညိတ်ကာ ဘာမှ ပြန်မပြောပေ။ သူက ဆာကျန်းလို  နောက်ကွယ်၌  မကောင်းပြောတတ်သည့်  လူမျိုးအား အထင်မြင်သေးမိသည်။ အကယ်၍ မဟာဓားလမ်းစဉ်ဂိုဏ်း  မျက်နှာကို ထောက်ထားနေ၍ မဟုတ်လျှင် ခေါင်းညိတ်ပြနေမည်ပင် မဟုတ်ပေ။

………………...

မိုဝူကျိက  သူ့အခန်းသို့ ပြန်ရောက်လာကာ ဟန်လုံနှင့်ကျော့ဖျင်အန်းတို့က သူ့အခန်းအတွင်း ရောက်နေကြောင်း သတိပြုမိလိုက်၏။

“ အစ်ကိုကြီးမို … မဟာခွန်ဗုဒ္ဓဂိုဏ်းသားတချို့ ညီမကို ခေါ်ဖို့ဆိုပြီး  ဒီကို လာသွားတယ် .. ဒါပေမဲ့ စီနီယာကျော့က တားထားလိုက်လို့ ” စုရှီက စိုးရိမ်တကြီး ပြော၏။

ကျော့ဖျင်အန်းက ထပ်ပြောလိုက်သည်

“ မဟာခွန်ဗုဒ္ဓဂိုဏ်းက  ဟန်ခယ် လာသွားတာ …. သူ့ကျင့်ကြံဆင့်က အတော်လေး မြင့်တယ်၊ မဟာဧကရာဇ်အဆင့်ကို ရောက်ဖို့ သိပ်မလိုလောက်တော့ဘူး ”

မိုဝူကျိက ကွမ်းနဉ်၏ အရှက်မဲ့မှုကို  ဤမျှထင်မထားသော်လည်း  လျော့တွက်မိဆဲ ဖြစ်သည့်အတွက် လက်သီးကျစ်ကျစ်ပါအောင် ဆုပ်ထားလိုက်သည်။ ထိုလူက အခြေအနေနှစ်ဖက် ညှပ်၍ ပြင်ဆင်ထားခြင်း ဖြစ်၏။ သူက မဟာခွန်ဗုဒ္ဓမီးအိမ်၏ တည်နေရာကို အတင်းကျပ်  ကြိုးစားရုံသာမက  သူက စုရှီကို ခေါ်သွားရန်ပင် အင်မော်တယ်ဧကရာဇ်တစ်ယောက်အား လွှတ်လိုက်သေး၏။

စုရှီ အခေါ်သွားခံလိုက်ရပြီး  မဟာခွန်ဗုဒ္ဓဂိုဏ်းက  မဟာခွန်ဗုဒ္ဓမီးအိမ်ကို ရရှိခဲ့မည်ဆိုလျှင်ပင် မိုဝူကျိအနေဖြင့် အပြစ်အားလုံးကို တာဝန်ယူရအောင် လုပ်ဦးမည် ဖြစ်ပေသည်။ သူ့အတွက် ကံကောင်းသွားသည်က စုရှီကို ကာကွယ်ရန် ကျော့ဖျင်အန်း ရှိနေခြင်း ဖြစ်၏။

“ ဝူကျိ ....  ကျမလည်း သွားရတော့မယ် ” ဟန်လုံက ဘေးမှနေရင်း ပြောလိုက်သည်။

မိုဝူကျိက နားလည်ရခက်စွာ ကြည့်ကာ   “ ဟန်လုံ ..... မင်းက  နတ်ဘုရားမျှော်စင်ကို မသွားတော့ဘူးလား ”

ဟန်လုံက ရှင်းပြလိုက်သည်

“ အစတုန်းက ဒီမှာနေပြီးတော့ နတ်ဘုရားမျှော်စင်ဆီ သွားဖို့ ရည်ရွယ်ထားတာ  ပြီးတော့  ရှားရှားပါးပါး ကံကောင်းထောက်မလို့  နတ်ဘုရားမျှော်စင် ဝင်ခွင့်ပြားလည်း ရထားသေးတယ်လေ … ဒါပေမဲ့ အရေးကြီးကိစ္စပေါ်လာတာ ၊ အဲဒီအကြောင်းတွေကို ကျောက်စိမ်းပေလွှာထဲ ရေးပေးခဲ့တယ် ”

ဟန်လုံက မိုဝူကျိအား ကျောက်စိမ်းပေလွှာနှင့် နတ်ဘုရားမျှော်စင်ဝင်ခွင့်ပြားတို့ကို မိုဝူကျိကို ရှင်းပြပေးပြီးနောက် လှမ်းကာ ပေးလိုက်သည်။

မိုဝူကျိက  ကျောက်စိမ်းပေလွှာကို မကြည့်သလို ဟန်လုံကိုလည်း မေးခွန်းများ ဆက်မမေးပေ။ အားလုံးက ကိုယ်ပိုင်ဆုံးဖြတ်ချက် ချရန် လိုအပ်ကြောင်း သူ သိ၏။  သူက ဟန်လုံအတွက် ဆေးပုလင်းတချို့ကို ထုတ်ကာ

“ ကိုယ့်ဘာသာ ဂရုစိုက်ပါ …  နောင်ကျ ကံဆုံရင် ပြန်တွေ့ကြတာပေါ့ …. ”

ဟန်လုံက ခေါင်းညိတ်ပြလိုက်ပြီး  “ ကျမ ကိစ္စတွေ ပြီးတာနဲ့ ရှင့်ရဲ့ ဂိုဏ်းဆီ သေချာပေါက် လာခဲ့ပါ့မယ် ”

ဟန်လုံက ထွက်မသွားခင် ကျော့ဖျင်အန်းနှင့် စုရှီတို့ကိုလည်း နှုတ်ဆက်သွားသည်။

ဟန်လုံ ထွက်သွားသည်နှင့် ကျော့ဖျင်အန်းက ပြောလိုက်သည်

“ ဆေးလုံးဆရာမို အခု ကောင်းကင်ချောက်ကမ်းပါးမြို့မှာ အဆင့်မြင့် ကျင့်ကြံသူတွေ စုနေတာဆိုတော့  ဒီမှာ ကြာကြာမနေသင့်ဘူး ”

မိုဝူကျိက  ကျော့ဖျင်အန်း၏ ရည်ရွယ်ချက်ကို ရှင်းရှင်းလင်းလင်း သိပေသည်။ သူတို့က  ကြာကြာနေနေပါက သူတို့အတွက် ပြဿနများသာ သယ်ဆောင်လာပေလိမ့်မည်။ သို့သော်လည်း နတ်ဘုရားမျှော်စင် မဖွင့်သေးလေရာ  သူ့အနေနှင့် ထွက်သွား၍လည်း မဖြစ်သေးချေ မဟုတ်ပါလော။

“ အင်မော်တယ်ရောင်းရင်းကျော့ ပြောချင်တာက …” မိုဝူကျိက ကျော့ဖျင်အန်း၏ ပူပင်နေသည့် လေသံကို အာရုံခံမိ၏။

ကျော့ဖျင်အန်းက မမှားယွင်းပေ။ အကြောင်းမှာ သူ ကျော့ဖျင်အန်းနှင့်  သဘောတူညီမှု ယူစဉ်အခါက  ကောင်းကင်ချောက်ကမ်းပါးမြို့၏ အဆင့်မြင့် ကျင့်ကြံသူများက သူ့အား စောင့်ကြည့်နေလိမ့်မည်ဟု မည်သူမှ မထင်ထားခဲ့ပေ။

ကျော့ဖျင်အန်းက  မိုဝူကျိ မေးသောအခါ ပြန်ဖြေရန် ပြင်ဆင်ထားပြီးသား ဖြစ်သောကြောင့်  တည့်တိုးသာ ပြောလိုက်သည်

“ ဆေးလုံးဆရာမိုက ကောင်းကင်ချောက်ကမ်းပါးမြို့မှာ မိတ်ဆွေအချို့ ရတာကို သိပါတယ်။ အဲဒါကြောင့် တည့်တိုးဆန်သွားရင် နားလည်ပေးပါ …  အဲဒီခင်ဗျားရဲ့ မိတ်ဆွေတွေက ခင်ဗျားအခက်အခဲ ဖြစ်နေတဲ့အချိန် လာကူပေးမယ်လို့တော့ မထင်ဘူး ….

အများစုက  ခင်ဗျားရဲ့ ဆေးလုံးဖော်စပ်တဲ့ အရည်အချင်းကြောင့် မိတ်ဆွေ ဖွဲ့ချင်ကြတာလေ။ သူတို့က ခင်ဗျားနဲ့ သောက်စားပျော်ပါးပြီး နေပေမဲ့  ဘယ်သူကမှ ခင်ဗျားအတွက် ဓားချက်ကို ဝင်ခံပေးကြမှာ မဟုတ်ဘူး  …..

ကျုပ်ဆီမှာ အကြံပြုချက် နှစ်ခု ရှိတယ်။ ပထမတစ်ခုက လွန်ချိုက်ရဲ့ ကိုယ်လုပ်တော်ကို ကူပြီးတော့ သူ့ကို ခင်ဗျားဘက် အရောက်ခေါ်လိုက် …. နောက်တစ်ချက်က  စုရှီကို မဟာခွန်ဗုဒ္ဓဂိုဏ်းဆီ ခေါ်သွားပြီးတော့  မဟာခွန်ဗုဒ္ဓဂိုဏ်းကို ကျုပ်တို့ဘက်ကို ခေါ်လိုက် ….

မဟုတ်ရင် ကောင်းကင်ချောက်ကမ်းပါးမြို့မှာ နေတာက ကျုပ်တို့အတွက် အရမ်းအန္တရာယ်များတယ် ”

မိုဝူကျိ၏ အမူအယာမှာ တည်ငြိမ်နေသော်လည်း  ကျော့ဖျင်အန်း၏ အကြုံပြုချက်များကို သဘောတူလိုက်ပါက  ဤမျှအထိ ရောက်လာမည့် မိုဝူကျိ မဟုတ်တော့ပေ။ တခြားနည်းဖြင့်ဆိုရလျှင် သူက  ထိုသို့အရာမျိုး လုပ်လျှင်  လူအများအပြားနှင့်  မကျေမနပ် ဖြစ်စရာ ဖြစ်လာမည်ကို မဟုတ်ချေ။ သူက ကျော့ဖျင်အန်းကို အတော်လေး ကျေးဇူးတင်မိ၏။ အကြောင်းမှာ သူ မရှိသည့်အချိန် စုရှီဘက်မှနေ၍ ကာကွယ်ပေးခဲ့လေသည်။ ထိုအရာက ကျော့ဖျင်အန်းမှာ သာမာန်လူများကို မျက်လုံးထဲ မထည့်သော်လည်း  စရိုက်သဘာဝမှာ ရွေလောက်နီးပါး ကောင်းသော   လူ ဖြစ်၏။

“ အင်မော်တယ်ရောင်းရင်းကျော့လည်း ကောင်းကင်ချောက်ကမ်းပါးမြို့ကနေ ထွက်သွားချင်တာလား ” မိုဝူကျိက  ပုံမှန်အတိုင်း မေးလိုက်သည်။

ကျော့ဖျင်အန်းက သက်ပြင်းတစ်ခါ ချကာ

“ ဆေးလုံးဆရာမို နောက်ကို နှစ် ၂၀ လိုက်မယ်လို့ ဆုံးဖြတ်ချက်  ချထားပြီးပါပြီ။  ကျုပ် လွယ်လွယ် ထွက်သွားမှာ မဟုတ်ဘူး။

ဒါပေမဲ့  တာ့ဟွမ်နဲ့ ကျုပ်တို့ ပူးပေါင်းရင်တောင် ကျုပ်တို့ အဲဒီလူတွေကို မတားဆီးနိုင်ဘူး။ အခု  ကူကျူးလည်း  ဖိအားအပေးခံလာရရင်  ကျုပ်တို့အနေနဲ့  ကောင်းကင်ချောက်ကမ်းပါး တည်းခိုဆောင်မှာ နေဖို့ မဖြစ်နိုင်တော့ဘူး  ”

မိုဝူကျိက  ခဏတာ တိတ်ဆိတ်သွားကာ  ဆေးမီးဖိုကို ထုတ်ယူလိုက်သည်။

မိုဝူကျိက ဆေးမီးဖိုကို အဘယ်ကြောင့် ထုတ်ယူမှန်း မသိ၍ ကျော့ဖျင်အန်းက ဘာမှဝင်မပြောပေ။

မိုဝူကျိက ကောင်းကင်အထီးကျန်မြက်ကို ထုတ်ယူကြောင်း မြင်လိုက်သောအခါ မိုဝူကျိ၏ ရည်ရွယ်ချက်ကို နားလည်သွားကာ ခံစားချက်များ ရောပြွန်းလာမိသည်။ သူနှင့် မိုဝူကျိမှာ  နှစ်ဦးနှစ်ဖက် အကျိုးမြတ်ကြောင့် မိတ်ဆွေ ဖြစ်လာခြင်း ဖြစ်၏။ သူက မိုဝူကျိကို ကာကွယ်ပေးသည်မှာ  မိုဝူကျိကို သူ့အတွက် ဆေးဖော်စပ်ပေးရန် ဖိတ်ကြားထား၍ ဖြစ်ပေသည်။ သူနှင့် အချိန်အတော်ကြာ အတူ ကုန်ဆုံးပြီးနောက် မိုဝူကျိက မည်သို့ လူစားမျိုး ဖြစ်ကြောင်း ကောင်းကောင်းနားလည်နေလေပြီ။

မိုဝူကျိက မိတ်ဆွေဆက်ဆံရေးများကို အလေးထားကာ သစ္စာရှိသော်လည်း  သတ်ဖြတ်ရန် စိတ်ပြတ်သားမှုကား အလွန်ပျော့ညံ့နေပေသည်။ တခြားနည်းဖြင့်ဆိုရလျှင် သူက စုရှီနှင့် ယွမ်ယီတို့ ပြဿနာကို အစကတည်းမှ ဝင်မပတ်သတ်သင့်ပေ။ သူက အရေးမပါသည့် လူတချို့အတွက်ကြောင့်  လွန်ချိုက်နှင့်ရန်ကြွေးရှိထားခြင်းမှာလည်း  သဘော သဘာဝ မကျပေ။

သို့သော်လည်း ထိုအရာများမှာ  ကျော့ဖျင်အန်းအနေဖြင့် နောင်နှစ် ၂၀ ကြာပြီးနောက်တွင် မိုဝူကျိက သင်္ကေတ ခုနှစ်သွယ် ပသာဒဆေးလုံးကို အောင်အောင်မြင်မြင် ဖော်စပ်နိုင်လိမ့်မည်ဟု ယုံကြည်သွားစေခြင်း ဖြစ်၏။

ကျော့ဖျင်အန်းက စိတ်ရှုပ်ထွေးနေစဉ် မိုဝူကျိက စတင်၍ သန့်စင်နေပြီ ဖြစ်၏။

ကျော့ဖျင်အန်းပင်  မိုဝူကျိကို မလေးစားဘဲ မနေနိုင်ချေ။ အကြောင်းမှာ  ဆေးလုံး ဖော်စပ်ခြင်းကို ကြည့်ရသည်မှာ ပျော်ရွင်မှုအပြည့်ဖြင့် လေးစားစရာ ကောင်းသည့်အပြုအမူ ဖြစ်နေသည်။

လေးနာရီ ကုန်ဆုံးသွားပြီးနောက် မိုဝူကျိက အင်မော်တယ် ဆေးခြောက်လုံးကို ထုတ်ယူလိုက်သည်။

ကျော့ဖျင်အန်း၏ စိတ်စွမ်းအားက မည်မျှ အားကောင်းနေမည်နည်း။

မိုဝူကျိ ဆေးခြောက်လုံး ထုတ်ယူလိုက်သည်နှင့် သူက မြန်မြန် ရှေ့တိုးလာကာ  သူ့လက်များတုန်ယင်နေသည်ကိုပင် မထိန်းချုပ်နိုင်တော့ပေ။ အကယ်၍  သူသာ မမှားလျှင် မိုဝူကျိက သင်္ကေတ ခုနှစ်သွယ် ပသာဒဆေးလုံးကို ဖော်စပ်ခဲ့ခြင်း ဖြစ်၏။

ကျော့ဖျင်အန်းအနေဖြင့် သင်္ကေ ခုနှစ်သွယ်  ပသာဒ ဆေးလုံး အလိုရှိနေသည်မှာ နှစ်ပေါင်း မည်မျှကြာမြင့်သွားပြီနည်း။

ထိုစဉ် သူက  မိုဝူကျိကို မေးခွန်းမေးမည့် ကိစ္စအား ထိန်းချုပ်ကာ  မိုဝူကျိအား  အလိုဆန္ဒပြင်းထန်စွာဖြင့် ကြည့်လိုက်တော့သည်။

မိုဝူကျိက ဆေးမီးဖိုကို သိမ်းကာ  ကျောက်စိမ်းပုလင်းအား  ကျော့ဖျင်အန်းဆီ ပေးကာ

“ အင်မော်တယ်ရောင်းရင်းကျော့ ….   ကျုပ် တံခါးပိတ် လေ့ကျင့်နေတုန်း အကျိုးမြတ်တချို့ ရှိခဲ့တယ်။ ကျုပ် သင်္တေက   ခုနှစ်သွယ် ပသာဒဆေးလုံးကို ဖော်စပ်နိုင်သွားပြီ …. အင်မော်တယ်ရောင်းရင်းကျော့ လာစစ်ကြည့်ပါဦး ”

ကျော့ဖျင်အန်းက တုန်တုန်ယင်ယင်ဖြင့် ကျောက်စိမ်းပုလင်းကို ဖွင့်လိုက်သည့်အခါ  သင်္ကေတ ခုနှစ်သွယ် ပသာဒဆေး ခြောက်လုံးကို မြင်လိုက်ရသည်။

“ ကျေးဇူးတင်ပါတယ်  …. ကျေးဇူးပါ ကျေးဇူးပါ …” ကျော့ဖျင်အန်းက မဟာဧကရာဇ် တစ်ယောက်ရှိသင့်သည့် မာန်မာနနှင့် ဂုဏ်ပုဒ်များအား မေ့လျော့သွားဟန် ရှိ၏။

သူ့မျက်လုံးထဲ၌ သင်္ကေတ ခုနှစ်သွယ် ပသာဒဆေးလုံးကိုသာ မြင်တော့၏။ အစပိုင်းတွင် ကျော့ဖျင်အန်းက နှစ် ၂၀မှာ မျက်စိတစ်မှိတ်အတွင်း ကုန်ဆုံးသွားလိမ့်မည်ဟု ယုံကြည်ခဲ့သော်လည်း ယခုတွင်မူ  တစ်နှစ်ပင် မကြာမြင့်သေးဘဲ သူ့အနေနှင့် အစစ်အမှန် သင်္တေက ခုနှစ်သွယ် ပသာဒဆေးလုံးများကို လက်ခံရရှိလေပြီ။

မိုဝူကျိက လက်နှစ်ဖက် ယှက်ကာ

“ အင်မော်တယ်ရောင်းရင်းကျော့ … ဒါက ကျုပ် ကတိပေးထားတဲ့ အရာပါ။ အခု အင်မော်တယ်ရောင်းရင်းကျော့ကို ပေးပြီးပြီဆိုတော့ အင်မော်တယ်ရောင်းရင်းကျော့ဆီက တစ်ခုတောင်းဆိုချင်ပါတယ် … ”

All Chapters