← Chapters

ဆာကျန်းနှင့် သူ့တပည့်အား ဖြိုခွင်းခြင်း

Vol. 47 Ch. 641

ဆာကျန်းနှင့် သူ့တပည့်အား ဖြိုခွင်းခြင်း

Vol. 47 Ch. 641

အခြေမဲ့  ပုဆိန်လှံရှည်အလင်းတန်းများ  ပေါက်ကွဲထွက်သွားပြီးနောက် ရက်ရက်စက်စက် ငွေရောင်အပြားသဖွယ် ပြောင်းလဲလာကာ  ထိုအပေါ်၌  သတ်ဖြတ်ခြင်းအငွေ့အသက်များ  လွှမ်းခြုံသွားတော့သည်။ ထိုအရာက နီဂျုဆီ  နေ၏ ဆွဲငင်အား ပျောက်ဆုံးသွားပြီး ကျရောက်လာသည့် ဂြိုလ်တစ်လုံးအလား  ကျရောက်လာသည်။

နီဂျူ တုန်လှုပ်နေမိသည်မှာ  ထိုအဆုံးမဲ့ ပုဆိန်လှံရှည် အလင်းချက်များက သူ့အား  ထိန်းချုပ်ခံထားရသလို ခံစားနေမိစဉ်  ထိုငွေရောင်အပြားက သူ့ဆီ တစစီ ခြေမွပစ်တော့မည့်အလား ကျရောက်လာပေသည်။

“ မဖြစ်ဘူး  ….” နီဂျူက  သူ့ဓားမော့မှ အလင်းတန်းများ သန်းချီကာ ထုတ်လွှင့်လိုက်ရင်း  ယူကျုံးမရ ငိုကြွေးအော်ဟစ်လိုက်သည်။ လတ်တလော သူ့ဓားမော့မှာ  မိုဝူကျိ၏ ပုဆိန်လှံရှည် ငွေရောင်အပြားအား  ကြိုဆိုနေသလို ဖြစ်သွားသည်။

နီဂျူက  စတင် ကျင့်ကြံလာသည့်အချိန်မှ စ၍ ဤသို့မျိုး စွမ်းအားမျိုးကို တစ်ခါမျှ မဖော်ထုတ်ဖူးပေ။ သူ့ဓားချက်မှာ  ပုံပန်းသဏ္ဍာန် မပေါ်သေးသည့် ဓားမော့တာအို အပါအဝင်  သူ သင်ယူထားသမျှ အရာအားလုံးနှင့် ပေါင်းစပ်သွားဟန် ပေါ်၏။

အကယ်၍ တခြားသော တိုက်ပွဲတွင် ဖြစ်နေပါက နီဂျူက  ဤတိုက်ကွက် ထုတ်လွှင့်ပြီးသည်နှင့် ထခုမတတ် ပျော်ရွင်မိသွားသည်။ သူ့ဓားမော့တာအိုမှာ  နောက်နယ်ပယ်အဆင့်တစ်ခု ရောက်ရှိသွားလေပြီ။

“ ဘုန်း ” ပေါက်ကွဲထွက်လာသော  ဓားမော့၏ အလင်းတန်းချက်က  ငွေရောင်ပြားနှင့် တွေ့ဆုံသောအခါ ရူးသွပ်လောက်သည့် သတ်ဖြတ်စွမ်းအားများ အပြင်းအထန် ထွက်ပေါ်လာပြီး  ဘေးပတ်လည်ရှိ အရာအားလုံးမှာ  ဗလာနတ္ထိအဖြစ် ပြောင်းလဲသွားတော့သည်။

ထိုဓားချက်မှာ  နေရာ အက်ကြောင်းများကို မဖန်တီးနိုင်လိုက်သော်လည်း  အင်မော်တယ်ဘုရင်အဆင့်အောက် ကျင့်ကြံသူများကြား အားအပြင်းဆုံးတိုက်ကွက် ဖြစ်လိမ့်မည်။

“ ဖူး ” ပုဆိန်လှံရှည် ငွေရောင်အပြားမှာ  တစစီ ကွဲထွက်သွားပြီး မိုဝူကျိလည်း သွေးတစ်ပွက်အန်ရင်း လွှင့်ထွက်သွား၏။

နီဂျူ မျက်နှာမှာ မိုဝူကျိကြောင့် သွေးသံရဲရဲ ဒဏ်ရာများဖြင့်  ကြောက်မက်ဖွယ် ကောင်းနေလေသည်။ သူက မိုဝူကျိအား  စိုက်ကြည့်လိုက်ပြီး သူ့တိုက်ကွက်မှာ  အင်မော်တယ်ဘုရင်နှင့် ရင်ဆိုင်ပင်လျှင် ကြောက်စရာ ကောင်းပေလိမ့်မည်ဟု ယုံကြည်ထားသည်။

သို့သော်လည်း မဟာယီရှန်းအဆင့်မျှ ဖြစ်သော မိုဝူကျိက  သွေးတစ်ပွက်အန်၍သာ ပြီးဆုံးသွားလေရာ သူက မဟာယီရှန်းအဆင့်ရော ဟုတ်ပေရဲ့လား

မိုဝူကျိက ပါးစပ်ထောင့်မှ သွေးများကို သုတ်ကာ  တာ့ဟွမ်အား ပြောလိုက်သည်

“ သူ့ကို သတ်လိုက်တော့  …. အဲလူက အတော်လေး အားကောင်းလွန်းနေတယ်။ သူ့ကို သတ်ဖို့  ငါ့စွမ်းအားတွေ တော်တော် ဖြုန်းရလိမ့်မယ် ”

တာ့ဟွမ်က  လက်ကို မြှောက်လိုက်သည်နှင့်  နီဂျူ၏ ကမ္ဘာဦး စိတ်ဝိညာဉ်မှာ  ဆွဲထုတ်ခံလိုက်ရပြီး  နီဂျူက သူ့အနေအထားကို ပြန်မထိန်းနိုင်ခင်  တာ့ဟွမ်၏ သတ်ဖြတ်ခြင်းကို ခံလိုက်ရတော့သည်။

မိုဝူကျိက  ကုသဆေးလုံးများကို မျိုချပြီးနောက် အသက်ပြင်းပြင်း ရှုလိုက်ရသည်။ သူ့ကျင့်ကြံဆင့်မှာ အရမ်းနိမ့်နေသေးသည့်အတွက်  မဟာလော့ရှန်းအဆင့်နှင့်  လက်ရည်တူလိုက်နိုင်ရုံမျှသာ  ရှိပေသည်။

သူက  ပုဆိန်လှံရှည်ဖြင့် ဖော်ထုတ်လိုက်သော နေဝင်ဓားချက်အား အပြည့်အဝ ကျေနပ်မှု မရှိပေ။ နေဝင်ဓားချက်၏ ငွေရောင်အပြားမှာ  ဤသို့ ကြယ်ကြွေသဏ္ဍာန် ဖြစ်လာရမည် မဟုတ်ပေ။  သေခြင်းတရားစွမ်းအားများ လွှမ်းခြုံထားပြီး  ညနေဆည်းဆာ နေလုံးကြီးက  တဖက်လူကို ရစ်ပတ်ထားဟန် ပေါ်ရမည် ဖြစ်၏။  တစ်ဖက်လူက  နေဝင်သွားချိန် အသတ်ခံလိုက်ရဟန် ဖြစ်သင့်ပေသည်။

သူ နေဝင်ဓားချက် ထုတ်ဖော်လိုက်သည်နှင့်  သူ အသိဉာဏ်အလင်းပွင့်ထားသော လျို့ဝှက်ပညာရပ်နှင့်  အောင်မြင်စွာ ဖော်ထုတ်လိုက်သည့် တိုက်ကွက်၏ ခြားနားမှု အကြီးကြီးကို ခံစားမိပေသည်။ သူက  ပြီးပြည့်စုံဖို့ရာ များစွာ လိုအပ်နေကြောင်း  ကောင်းကောင်း သိ၏။

မိုဝူကျိက ဆာကျန်းနှင့် နီဂျူတို့၏ သိုလှောင်လက်စွပ်များကို ရပြီးသည်နှင့်  သူတို့အလောင်းများအား  အာကာသထဲ မပစ်လွင့်လိုက်ခင်  နီဂျူ၏   ဓားမော့အား  ဆွဲကိုင်လိုက်သည်။

နီဂျူက ဤဓားမော့ဖြင့် သူ့တျန်းဂျီဂိုဏ်းသားများကို သတ်ပစ်ခဲ့ခြင်း မဟုတ်ပါလော ….

ယနေ့  သူက ဤဆရာတပည့် နှစ်ယောက်ကို ကောင်းကောင်း နှိမ်နှင်းနိုင်ခဲ့လေပြီ

………….…

မိုဝူကျိက  နတ်ဘုရားကောင်းကင်ချောက်နက်ဆီ ဘေးကင်းစွာ ရောက်ရှိသွားကြောင်း သတင်းရောက်လာသည်နှင့် သူက  မဟာခွန်ဗုဒ္ဓဂိုဏ်း၏ ပျံသန်းရေး ယာဉ်အား အလွတ်ပေးလိုက်သည်။ သူက အဝေးတစ်နေရာမှ   နတ်ဘုရားကောင်းကင်ချောက်နက်အား  ကြည့်ကာ သူ့ကိုယ်သူ ရေရွတ်လိုက်၏

“ တခြားသူတွေက  မင်း မဟာခွန်ဗုဒ္ဓမီးအိမ်ကို လိုချင်လို့  ယွမ်ယီတို့ကို ကယ်လိုက်တယ်လို့ ထင်ကောင်း ထင်နိုင်ပေမဲ့ ငါတော့  မထင်ဘူး။ အင်မော်တယ်လောကထဲမှာ  မင်းလိုမျိုး လူတွေက ပျောက်ကွယ်သွားကြပြီ ….

အင်မော်တယ်လောက လမ်းစဉ်က ရှည်လျားပြီးတော့  အန္တရာယ်များတယ်။ မင်း ကောင်းကောင်းအဆင်ပြေပါစေလို့ ဆုတောင်းပေးပါတယ်ကွာ  ….  နောင်ကျ ပြန်ဆုံကြတာပေါ့  …. ”

သူ့ကိုယ်သူ ရေရွတ်ပြီးသည်နှင့် ကျော့ဖျင်အန်းက နဂိုတည်နေရာမှာ အစအနမရှိ ပျောက်ကွယ်သွားတော့သည်။ ယခု  သူက ငြိမ်းချမ်းရေးကျွန်းဆွယ်ဆီ ပြန်ချင်မိ၏။ မိုဝူကျိက  သူ့အတွက် သင်္ကေတ ခုနှစ်သွယ် ပသာဒဆေးလုံး တစ်ပုလင်းကို ဖော်စပ်ပေးထားလေရာ သူ ကျော့ဖျင်အန်းက အင်မော်တယ်လောက၌ ထိပ်ဆုံးသို့  တစ်ဖန် ပြန်ရပ်တည်နိုင်ဖို့ရာ ဆန္ဒရှိမိသည်။

မိုဝူကျိက စုရှီကို  အတူတူ ခေါ်လာသော်လည်း ကောင်းကင်ချောက်ကမ်းပါးမြို့နှင့် နတ်ဘုရားကောင်းကင်ချောက်နက် အတွင်း ငြိမ်းချမ်းမှု  မရှိလေတော့ချေ။

ကောင်းကင်နတ်ဘုရားချောက်နက် အဝင်ဝ၌  ကျင့်ကြံသူ နှစ်ယောက် စွန့်ပစ်ခံထားရပြီး ထိုလူနှစ်ယောက်မှာ  မဟာဓားလမ်းစဉ်ဂိုဏ်း၏ အကြီးအကဲ ဆာကျန်းနှင့် သူ့တပည့်  နီဂျူတို့ ဖြစ်ပေသည်။

အားလုံးနီးပါးက  ကောင်းကင်ချောက်ကမ်းပါးမြို့မှ နတ်ဘုရားကောင်းကင်ချောက်နက်သို့ လာနေကြစဉ်  နတ်ဘုရားကောင်းကင်ချောက်နက် အဝင်ဝ၌  ဤသွေးသံရဲရဲ မြင်ကွင်းကား စောင့်ကြိုနေလေ၏။

“ ဆေးလုံးဆရာမိုက တော်တော်ရက်စက်တာပဲ။ သူက   မဟာခွန်ဗုဒ္ဓမီးအိမ်လေးအတွက်နဲ့  လျှပ်စီးဂိုဏ်းတို့  မဟာခွန်ဗုဒ္ဓဂိုဏ်းတို့ကို  တကယ် ရန်စလိမ့်မယ်လို့  ထင်မထားမိဘူး။  အခု သူက မဟာဓားလမ်းစဉ်ရဲ့ အကြီးအကဲဆာကျန်းကိုတောင် ရက်ရက်စက်စက် သတ်ပစ်သေးတယ် …”

“ ကျုပ်တော့  အဲဒါက ရက်စက်တယ်လို့တော့ ယူဆလို့  မရလောက်ဘူး။ သူက ကျင့်ကြံခြင်းလောကရဲ့ တျန်းဂျီဂိုဏ်းချုပ်လို့ ကြားထားတယ်။ အရင်တုန်းက နီဂျုက  တျန်းဂျီဂိုဏ်းသားတွေကို အရေခွာပြီးတော့   လှံနဲ့ ထိုးထားပြီး  မြို့ထဲ ဝင်လာတာကို မြင်ဖူးတယ်။ အဲဒါနဲ့ ယှဉ်ရင် ဆေးလုံးဆရာမိုက ညင်သာပါသေးတယ်။  သူက မဟာခွန်ဗုဒ္ဓမီးအိမ်အတွက်  ဂိုဏ်းကြီးနှစ်ခုကို ရန်ပြုမိခဲ့တဲ့ အပြုအမူကတော့  အတော်လေး ဆင်ခြင်တုံတရားမဲ့လွန်းတယ် …. ”

“ ကျုပ် မဟာခွန်ဗုဒ္ဓ မီးအိမ်အကြောင်း  ကြားဖူးတယ်။ အဲဒါက  တရားသူတော်စင်ကျောင်းရဲ့  အမွေအနှစ်  ရှေးဟောင်းရတနာတဲ့ ။  အဲဒီဆေးလုံးဆရာမိုက တကယ်ကို ကြင်နာစိတ် လုံးဝ မရှိဘူး။  ခင်ဗျားတို့သာ သူ့နေရာမှာဆိုရင်  ခင်ဗျားတို့ ရှေ့မှာ ရှိနေရင်တောင် မဟာခွန်ဗုဒ္ဓမီးအိမ်ကို ယူရဲမှာ မဟုတ်လောက်ဘူး  ”

“ တရားသူတော်စင်ကျောင်းက ဘာလဲ။ အခု တရားသူတော်စင်ကျောင်းမှ မရှိတော့တာ ….

အခု မဟာခွန်ဗုဒ္ဓ မီးအိမ်ပဲ ကျန်တော့တယ် ဆိုပေမဲ့  ဆေးလုံးဆရာမိုက  စာနာစိတ်မရှိဘူးဆိုတာတော့ လုံးဝကို ယုံတယ်။ သူ အဆင့် ၇ ဆေးလုံးဧကရာဇ်အဆင့်ကို မြန်မြန် ရောက်ဖို့  သူ့အတွက်  သွေးချွေးတွေ ဘယ်လောက်တောင် ကုန်မလဲဆိုတာ စဉ်းစားကြည့်စမ်းပါ …. ”

“ အဲဆို ဆေးလုံးဆရာမိုလည်း  နတ်ဘုရားကောင်းကင်ချောက်နက်ထဲ ဝင်သွားတာလား  ”

“ အာ  … သူ့လို လူမျိုးက ကိုယ့်သေတွင်းကို တူးမယ် ထင်နေလား။ ဆာကျန်းနဲ့  သူ့တပည့်ကို ဒီမှာ  ထားခဲ့တာက  သူ နတ်ဘုရားကောင်းကင်ချောက်နက်ထဲ ဝင်သွားပြီဆိုတာကို ယုံစေချင်လို့လေကွာ … ဒါပေမဲ့  လက်တွေ့ကျ  သူသာ အရူးမဟုတ်သရွေ့ ဘာလို့ အဲဒီနေရာကို သွားရမှာလဲ  ”

………………

နတ်ဘုရားကောင်းကင်ချောက်နက် အဝင်ဝတွင် ဖြစ်စေ၊ နတ်ဘုရားအင်မော်တယ်မြို့တွင် ဖြစ်စေ အားလုံးက  မိုဝူကျီအကြောင်းကို ပြောနေကြသည်။

မိုဝူကျိ ထွက်သွားသည့် အချိန်နှင့် တစ်ပြိုင်နက် လျှပ်စီးဂိုဏ်း၊ မဟာဓားလမ်းစဉ်ဂိုဏ်း၊ ပုံရိပ်ယောင်တောင်နှင့်  မဟာခွန်ဗုဒ္ဓဂိုဏ်းတို့မှာ  အင်မော်တယ်များကို စုစည်း၍ မိုဝူကျိအား ဖမ်းဆီးရန် အမိန့်ထုတ်ပြန်လိုက်ကြသည်။ အတွင်းသတင်းနှင့် လူများက မိုဝူကျိအား အလိုရှိဖမ်းဝရမ်း မထုတ်လျှင်ပင်  မိုဝူကျိအား လိုက်ရှာနေသော အင်အားစုများစွာ ရှိကြောင်း သိထားကြသည်။  နမူနာအားဖြင့် အနှောင်အဖွဲ့ကင်းနန်းတော်မှ လွန်ချိုက်နှင့် ဆေးလုံးတာအိုအင်မော်တယ် မဟာမိတ်အဖွဲ့တို့ ဖြစ်ပေသည်။

“ ဒီလူက ဘယ်လို ပြဿနာရှာရမယ်ဆိုတာ  ကောင်းကောင်း သိတာပဲ ” ကောင်းကင်ချောက်ကမ်းပါးမြို့အတွင်းရှိ တည်းခိုဆောင်တစ်ခု၌  ကိုင်အောင်းက  အင်မော်တယ်အခါးရည် တစ်ငုံကို သောက်ကာ  ပြောလိုက်သည်

“ ဖေးယန် …  အဲဒီလူက သမီးအတွက် မသင့်တော်သေးဘူး။ သမီးသာ သူနဲ့အတူတူ နေရင်  အဲကိစ္စတွေကြား ညှပ်လိမ့်မယ်။  အဲဒီမိုဝူကျိက  ဂိုဏ်းအများကြီး အလိုက်ခံနေရတဲ့ကြားက လွတ်မြောက်နိုင်မှာ မဟုတ်ဘူး။ သူ့အရိုးတွေတောင် တစစီ ကြေမွပြီး မကြာခင် အမှုန့်ဖြစ်သွားလိမ့်မယ် ”

ထိုသို့ပြောပြီးနောက် ကိုင်အောင်းက သက်ပြင်းချကာ  မိုဝူကျိက  ကိုယ့်သေတွင်းကို တူးနေသောကြောင့် သူပင် မတတ်နိုင်ပေ။ ပုံမှန်သဘောတရားအရဆိုလျှင် အဆင့် ၇ ဆေးလုံးဧကရာဇ်တစ်ယောက်အနှေင့် အင်မော်တယ်လောက၌  သက်တောင့်သက်သာ ချမ်းချမ်းသာသာ နေနိုင်ရက်သားနှင့် သူက အချိန်တိုလေးအတွင်း ဤသို့အင်အားကြီး လူများကို ရန်စရန် ရွေးချယ်ခဲ့ပေသည်။

ကိုင်ဖေးယန်က ခေါင်းမော့ကာ သူမ ဖခင်အား  မျှော်လင့်တကြီး ကြည့်လိုက်သည်

“ ဖေဖေ … အဲဒါက သူ့နောက်ကို လိုက်တဲ့ ဂိုဏ်းတွေက လောဘကြီးလို့လေ။ တကယ်လို့ မိုဝူကျိက လူတွေကို မကယ်လိုက်ရင် အဲဒီလူတွေကို ရန်စမိမှာလည်း မဟုတ်ဘူး။ ဖေဖေ  မရင်းနှီးတဲ့လူ နှစ်ယောက်အတွက်နဲ့ ဂိုဏ်းကြီးတွေကို ရန်စဖို့ အလိုရှိတဲ့သူ အင်မော်တယ်လောကထဲ ရှိဦးမယ် ထင်နေလား  ”

ကိုင်အောင်းက နှာခေါင်းရှုံ့ကာ

“ ဖေးယန်  သမီးက အလွန်ရိုးစင်းလွန်းတယ်။ မိုဝူကျိက သူတော်စင်နှစ်ယောက်ကို ကယ်ဖို့ လုပ်လိုက်တယ်လို့ ထင်နေတာလား။ သူက မဟာခွန်ဗုဒ္ဓမီးအိမ်အတွက် လုပ်ခဲ့တာ  …..  မဟာခွန်ဗုဒ္ဓမီးအိမ်က  ကောင်းပေမဲ့  ဗုဒ္ဓသာဘာရဲ့  မြင့်မြတ်ပစ္စည်းဆိုတော့ ငါတောင် မတိုက်ရဲဘူး …  ”

“ မဟုတ်ဘူး ” ကိုင်ဖေးယန်က ခေါင်းခါကာ

“ သူက အဲလိုလူ မဟုတ်ဘူး။ သူက မဟာခွန်ဗုဒ္ဓ မီးအိမ်အတွက် လုပ်မှာ မဟုတ်ဘူး။ သူက တကယ်ကို သူတော်စင် ငယ်လေးကို ကယ်ပေးချင်ခဲ့တာ   ….. သူက လူကောင်းပါ။ မဟာဓားလမ်းစဉ်ဂိုဏ်းအတွက်တော့  မိုဝူကျိက တျန်းဂျီဂိုဏ်းကဆိုပြီး သတင်းတွေ ရှိတယ်မလား။

မဟာဓားလမ်းစဉ်ဂိုဏ်းရဲ့  ဆာကျန်းက  တျန်းဂျီဂိုဏ်းကို သုတ်သင်ပစ်ခဲ့တာလေ  …. သူ့ဂိုဏ်းအတွက်  လက်စားပြန်ချေပေးတာ  ဘာမှားလို့လဲ။  လွန်ချိုက်ကလည်း  မိုဝူကျိနဲ့ အနီးကပ်ရှိနေတဲ့သူတွေကို သတ်ပစ်ခဲ့တာလေ …

လွန်ချိုက်က မဟာဧကရာဇ် ဖြစ်နေလို့   မိုဝူကျိက ဒူးထောက်ပြီးတော့  သူ့အမှားပါလို့ ဝန်ခံရမှာလား ..  တကယ်လို့  သူသာ အဲလို လုပ်ခဲ့မယ်ဆိုရင် သမီး သူ့ကို အထင်ကြီးလေးစားမိမှာ  မဟုတ်ဘူး   ”

ကိုင်အောင်းက သူ့သမီးကို တွေဝေစွာ စိုက်ကြည့်ရင်း သူ့ကိုယ်သူ အပြစ်တင်မိလာသည်။ သူ့သမီးကို စိတ်ဝိညာဉ်ဖွဲ့စည်းခြင်း ရေကန်မှ ကယ်တင်လာစဉ် ကတည်းမှ  သူမကို အနီးကပ် စောင့်ကြည့်ခဲ့မိသည်။ မဟုတ်လျှင်  သူမအနေဖြင့်  မိုဝူကျိက  မဟာခွန်ဗုဒ္ဓမီးအိမ်အတွက်  တရားသူတော်စင်ကျောင်းမှ ဆရာတပည့်နှစ်ယောက်ကို ကယ်ပေးပြီးနောက် သူ့ကို  လူကောင်းဟု ဆိုမည် မဟုတ်ပေ။

ကိုင်အောင်းက  မတ်တပ်ရပ်ကာ  ကူကယ်ရာမဲ့စွာ ပြန်ဖြေပေးလိုက်သည်

“ ဖေးယန် … ကောင်းကင်ချောက်ကမ်းပါးမြို့မှာ ပါရမီရှင်တွေ စုဝေးပွဲ ရှိတယ်။ အဲလို လူများတဲ့ နေရာမျိုးက သမီးကို အတွေ့အကြုံ ကြွယ်ဝစေလိမ့်မယ်။  သမီး အတွေ့အကြုံမရှိ ဖြစ်နေတာက သမီးကို ဘယ်မှ မသွားခိုင်းဘဲ နန်းတော်မှာပဲ နေခိုင်းတဲ့  ဒီအဖေရဲ့ အပြစ်ပါကွယ် ”

………….…

မိုဝူကျိက  နတ်ဘုရားကောင်းကင်ချောက်နက်ထဲ ခြေချလိုက်သည်နှင့် ပြင်းထန်သော  တည်နေရာ အက်ကြောင်း စွမ်းအားလှိုင်းများက သူ့ဆီ ပြေးဝင်လာကာ  အသက်ရှုကြိမ်လေးအတွင်း သူ့အရည်ပြားပေါ်၌ ဒဏ်ရာနှစ်ခု ရောက်ရှိနေပြီးသား ဖြစ်နေ၏။

မိုဝူကျိက အင်မော်တယ် ရုပ်ခန္ဓာအဆင့်မှ တစ်လှမ်းအကွာ  စိတ်ဝိညာဉ် ရုပ်ခန္ဓာ ပြီးပြည့်စုံခြင်းအဆင့်တွင်သာ ရှိသောကြောင့် စိုးရိမ်လာမိသည်။ နတ်ဘုရားကောင်းကင်ချောက်နက်အတွင်းရှိ တည်နေရာအက်ကြောင်း စွမ်းအားများက  သူ့ခန္ဓာကိုယ်ကို အလွယ်လေး ဒဏ်ရာပေးနိုင်လျှင်  စုရှီက မည်သို့ တောင့်ခံနိုင်မည်နည်း။

ထိုစဉ် မိုဝူကျိက  ကျယ်ပြောကာ အဆုံးမဲ့လှသည့် ဗုဒ္ဓစွမ်းအားများကို ခံစားမိလိုက်သည်။ မှိန်ဖျော့ဖျော့အလင်းတန်းက စုရှီ၏ တစ်ကိုယ်လုံးကို လွှမ်းခြုံထားပြီး ထိုဗုဒ္ဓစွမ်းအားမှာ  မိုးကုတ်စက်ဝိုင်းမှ ရောင်ခြည် ထွက်ပေါ်လာသည့်အလား  စုရှီကို ဖုံးလွှမ်းရန် အလင်းစက်ကွင်းအလိုက်  ထုတ်လွှင့်ပေးနေသည်။

“ အစ်ကိုကြီးမို …. မြန်မြန် ဒီအောက်ကို လာခဲ့လေ …. ညီမတို့တွေ  ဒီမီးအိမ်နဲ့ဆိုရင်  အက်ကြောင်းစွမ်းအားတွေကို ကြောက်ဖို့ မလိုဘူး  ” စုရှီ အသံကို ကြားလိုက်ရသည်။

မိုဝူကျိက  မှိန်ဖျော့ဖျော့ ဗုဒ္ဓရောင်ခြည်များကို ကြည့်ကာ  “ အဲဒါက မဟာခွန်ဗုဒ္ဓ မီးအိမ်လား။ ဂျုနီယာညီမလေးစုရှီ   အဲဒါကို မွမ်းမံသန့်စင်ပြီးသွားပြီလား ”

စုရှီက ခေါင်းခါကာ  “ မဟုတ်သေးဘူး  … ဒါပေမဲ့  တဝက်လောက်တော့ သန့်စင်ပြီးသွားပြီ။ မီးအိမ်အလင်းက  ညီမကို ကာကွယ်ပေးနိုင်ပြီရယ် … ”

“ အံ့ဩဖို့ ကောင်းလိုက်တာ  ” မိုဝူကျိက  မချီးကျူးမိဘဲ မနေနိုင်တော့ချေ။ နောက်ဆုံးတွင် သူက  လျှပ်စီးဂိုဏ်းနှင့် မဟာခွန်ဗုဒ္ဓဂိုဏ်းများမှာ အဘယ်ကြောင့် အလိုရှိနေကြမှန်း နားလည်သွားလေ၏။  ဤမီးအိမ်မှာ  ကောင်းကင်ဘုံသွေဖယ်နေသော စွမ်းအားမျိုး ရှိနေကာ  အပြည့်အဝ မွမ်းမံသန့်စင်ပြီးသွားပါက မည်မျှ အံ့ဩတုန်လှုပ်ဖို့ ကောင်းလိုက်မည်နည်း။

“ အစ်ကိုကြီးမို … ဆရာဆီကနေ ကြားဖူးတာတော့ ဒီမီးအိမ်က  ဗုဒ္ဓရတနာသုံးသွယ်ထဲက တမျိုးတဲ့ ” စုရှီက  မိုဝူကျိ၏ အံ့ဩချီးကျူးမှုကို  ကြားလိုက်ရသည့်အခါ ချက်ချင်း ရှင်းပြလိုက်သည်။

မိုဝူကျိက  ခေါင်းညိတ်ကာ  ထိုမီးအိမ် အလင်းအောက် ဝင်လိုက်တော့သည်။

မိုဝူကျိက ဗုဒ္ဓစွမ်းအားများနှင့် နတ်ဘုရားကောင်းကင်ချောက်နက်အတွင်းမှ အက်ကြောင်းစွမ်းအင်အမျိုးမျိုး မပျောက်ဆုံးသွားခင်  ဖမ်းစားနိုင်ခဲ့သည်။  ဤမဟာခွန်ဗုဒ္ဓမီးအိမ်မှာ အတော်လေး အားကောင်းလေ၏။

အကယ်၍ ထိုက်ရှီရှောင်က ဤနေရာအထိ ရောက်ခဲ့သည်ဆိုလျှင် သူ့တွင်လည်း ထိပ်တန်းရတနာမျိုး ရှိပေလိမ့်မည်။ သူက ထိုက်ရှီရှောင်၏ ကြယ်တာရာပင်လယ် လျို့ဝှက်ပညာရပ်အကြောင်း  ကောင်းကောင်း သိထားကာ  ကောင်းကင်အထီးကျန်မြက်မှာ နတ်ဘုရားကောင်းကင်ချောက်နက်အတွင်း တည်ရှိနေသည့်အချက်ကိုလည်း သိထားသည်။

မိုဝူကျိက သူ့စိတ်စွမ်းအားဖြင့် ဆက်၍ အာရုံမခံတော့ပေ။  ဗုဒ္ဓမီးအိမ်အတွင်း  စိတ်စွမ်းအားကို  တာအိုအသိဉာဏ်ပွင့် လမ်းကြောင်းနှင့်အတူ လှည့်ပတ်လိုက်လျှင်  ထိပ်တန်းအဆင့် ဗုဒ္ဓလျို့ဝှက်ကျမ်းအား အသိဉာဏ်ပွင့်လာနိုင်လိမ့်မည်ဟု မှန်းဆမိသည်။ သို့သော်လည်း  သူက အင်မော်တယ်တာအိုကို လေ့ကျင့်သောကြောင့် ဗုဒ္ဓလျို့ဝှက်ကျမ်း အသိဉာဏ်ပွင့်လာစေနိုင်မည့် အတွေးအား စွန့်လွှတ်လိုက်၏။

မိုဝူကျိက  စုရှီကို ခေါင်းညိတ်ပြလိုက်ပြီး  မဟာခွန်ဗုဒ္ဓ မီးအိမ်အား ဆက်လက် ထိန်းချုပ်ဖို့  ညွှန်ပြကာ  ဆာကျန်းနှင့် နီဂျူတို့၏ လက်စွပ်များကို ထုတ်ကြည့်လိုက်သည်။ ထို့အပြင်  ဟန်လုံ ပေးထားသော ကျောက်စိမ်းပေလွှာကိုလည်း ထုတ်လိုက်သည်။

ဟန်လုံ ထွက်သွားစဉ်  သူမက  အကြောင်းအရင်းအား ကျော့ဖျင်အန်းရှေ့ မပြောလိုသောကြောင့် မိုဝူကျိအား  ကျောက်စိမ်းပေလွှာ ရေးသားကာ ပေးခဲ့ခြင်း ဖြစ်၏။

All Chapters