ပါးနပ်သော ထိုက်ရှီရှောင်
Vol. 47 Ch. 643
“ ဂျုနီယာညီမလေး စုရှီရော ဘယ်လိုလဲ ” မိုဝူကျိက စုရှီ မတ်တတ်ရပ်လိုက်သည်ကို သတိပြုမိပြီး မြန်မြန် မေးလိုက်သည်။
“ ၃၀ ရာခိုင်နှုန်းလောက် သန့်စင်ပြီးသွားပြီ။ အခု နတ်ဘုရားကောင်းကင်ချောက်နက်ထဲ ညီမ ကိုယ့်ဘာသာ ကာကွယ်နိုင်စွမ်း ရှိသွားပြီ ” စုရှီက မဟာခွန်ဗုဒ္ဓ မီးအိမ်အား ပြန်သိမ်းထားလိုက်၏။
“ ကောင်းပြီ ... ငါတို့တွေ ထွက်သွားဖို့ ကြိုးစားကြည့်ကြတာပေါ့ ” မိုဝူကျိက ပြောပြီးပြီးချင်း တာ့ဟွမ်ကို ထုတ်လိုက်သည်။
မိုဝူကျိက နတ်ဘုရားကောင်းကင်ချောက်နက်သို့ ရောက်လာစဉ် ကတည်းမှ တာ့ဟွမ်ကို သူ့ထာဝရ ကမ္ဘာထဲ ထားထားခဲ့၏။ အမည်မသိ သားရဲ တိုက်ခိုက်မှု ခံရနိုင်သော စွန့်စားမှုကို လျော့ချနိုင်ရန် မိုဝူကျိက သတိကြီးကြီးထားရန် ဆုံးဖြတ်လိုက်သည်။
မိုဝူကျိက လမ်းကြောင်းကို ရှာစဉ် တာ့ဟွမ်က သူ့အနောက်ဘက်မှ စောင့်ရှောက်ပေးထားလိမ့်မည်။ စုရှီအနေဖြင့် မဟာခွန်ဗုဒ္ဓ မီးအိမ်ကို ထိန်းချုပ်ဖို့ရာ အာရုံစိုက်ထားရမည်။
ယခင် သူက ဆေးလုံးများကို ဖော်စပ်နေစဉ် မိုဝူကျိက ဘေးပတ်လည်အကြောင်း ဘာမှ မခံစားမိခဲ့ချေ။ ယခုတွင်မူ သူက အာကာပြင်တစ်လျှောက် လျှောက်လှမ်းနေရသည့်အလား ခံစားလာရပြီး နောက်တစ်လှမ်း လှမ်းရုံဖြင့် တွင်းနက်ကြီးထဲ ဝါးမျိုခံသွားရတော့မတတ် ကြက်သီးထစရာ ခံစားချက်မျိုး ရနေသည်။
ဤအာကာပြင်မှာ အဆုံးမဲ့နေဟန် ပေါ်ပြီး မိုဝူကျိက တာ့ဟွမ်၊ စုရှီတို့နှင့် ဆယ်ရက်ကျော် လျှောက်သွားပြီးနောက် ဘေးပတ်လည်မှ အမှောင်ထု ဝန်းရံနေဆဲ ဖြစ်ပေသည်။ ထွက်လမ်းကြောင်း ပေါ်လာမည့်အရေး ထည့်မပြောလျှင်ပင် မိုဝူကျိက ဖုန်စက်လေးပင် ရှာမတွေ့ပေ။
မိုဝူကျိက သက်ပြင်းချလိုက်ပြီး ဤနေရာ ရောက်ရှိပြီးနောက် ကောင်းကင် အထီးကျန်မြက် ရရှိလိုက်သည်မှာ မည်မျှ ကံကောင်းကြောင်း ခံစားမိလာသည်။
“သခင်လေး … ကျတော်တို့ ဒီနေရာကို စောစောကလည်း ရောက်ခဲ့သေးတယ်လေ ” မိုဝူကျိက ဆက်သွားရမည့်နေရာ တွေးတောနေစဉ် တာ့ဟွမ်က ရုတ်ချည်း ဝင်ပြောလိုက်သည်။
မိုဝူကျိက ရပ်ကာ အဖြစ်အပျက်ကို ခြုံငုံသုံးသပ်ကြည့်လိုက်သည်။ ဤအာကာပြင်ထဲ၌ တည်နေရာ မရှိသောကြောင့် အသိစိတ်အပေါ်သာ မူတည်၍ သွားလာနေရသည်။ ထို့ကြောင့် တစ်နေရာတည်း ပြန်ရောက်လာသည်မှာ အံ့ဩစရာတော့ မဟုတ်ချေ။ ကောင်းကင်အထီးကျန်မြက်များစွာကို စောစောစီးစီး ရှာတွေ့သည်မှာလည်း အံ့ဩစရာတော့ မဟုတ်တော့ချေ။ ဤသို့မျိုး နေရာ၌ ကောင်းကင်အထီးကျန်မြက်ပင် များစွာက အာရုံဖမ်းစားနိုင်လွန်းနေသည် မဟုတ်ပါလော။
ကြည့်ရသည်မှာ နေရာက သိပ်ကျယ်ဝန်းဟန် မပေါ်ပေ။
“ တာ့ဟွမ် ဒီထဲက နေရာတွေကို ပြောနိုင်လား ” မိုဝူကျိက တာ့ဟွမ်မှာ သူတို့ထက် ပို၍ အားကောင်းကြောင်း အမှတ်ရကာ မေးလိုက်သည်။
“ မဟုတ်ဘူး …… ကျတော်ရဲ့ အလိုလိုသိစိတ်အရ ဒီနေရာကို ရောက်ဖူးတယ်ဆိုတာ သိနေတာ။ တည်နေရာအတိအကျတော့ မပြောနိုင်ဘူး … ဘာလို့လဲဆိုတော့ ဘေးပတ်လည်နေရာတိုင်းမှာ ရှိနေတဲ့ ဝိညာဉ်စွမ်းအားတွေက အတူတူပဲလေ ”
မိုဝူကျိက ထိုစကားကို ကြားသောအခါ ကိုယ့်ဦးနှောက်ကိုသာ ခြေမွလိုက်ချင်တော့သည်။ စိတ်စွမ်းအားက ဤနေရာ၏ ခြားနားချက်ကို မပြောနိုင်သော်လည်း သူ့တွင် စိတ်ဝိညာဉ်မျက်လုံး ရှိနေသည် မဟုတ်ပါလော။ စိတ်ဝိညာဉ်မျက်လုံးမှာ အရာအားလုံးကို ဖောက်ထွင်းမြင်နိုင်လေရာ မိုဝူကျိက ဤနေရာမှာ လျှောက်သွားနေစဉ် အရေးကြီးဆုံးအချက်ကို လျစ်လျူရှုထားမိသည်။
မိုဝူကျိက သူ့စိတ်ဝိညာဉ် မျက်လုံးကို မြန်မြန် အသက်သွင်းလိုက်သည့်အခါ တူညီသော အာကာပြင်ထဲ ရှိနေသော်လည်း မိုဝူကျိ၏ စိတ်ဝိညာဉ်မျက်လုံးထဲ တခြားသူများ မမြင်နိုင်သည့် အရာအားလုံးကို မြင်တွေ့လိုက်ရသည်။ ဤနေရာတွင် အသက်ဓာတ်နှင့် သဘာဝငါးမျိုး မရှိနေဘဲ အချိန်နှင့် အာကာသသာ ရှိပေသည်။
ထို့အပြင် မိုဝူကျိ၏ စိတ်ဝိညာဉ်မျက်လုံးမှာ အင်မော်တယ်စွမ်းအား ခပ်ဖျော့ဖျော့ကို ဖမ်းဆုပ်နိုင်လိုက်၏။
မိုဝူကျိက ကောင်းကင်အထီးကျန်မြက်မှာ အာကာပြင်ထဲ ရှင်သန်နိုင်ရုံသာမက တာအိုစွမ်းအင်၏ အင်မော်တယ် စွမ်းအား မရှိသည့်အချိန်တွင် မည်သို့ ဆက်လက် ကြီးထွားမည်နည်း။
အင်မော်တယ်စွမ်းအင်မျိုး ရှိနေခြင်းမှာ အာကာပြင် မဟုတ်ကြောင်း ဆိုလိုနေခြင်းတော့ မဟုတ်ပေ။ အပြင်ဘက်မှ အင်မော်တယ်စွမ်းအားများက အက်ကြောင်းတချို့မှ စိမ့်ဝင်နေခြင်း ဖြစ်နေနိုင်ပေသည်။ ပြီးပြည့်စုံသည့် အာကာပြင်တွင် ဤသို့သော စွမ်းအားမျိုး ရှိမည် မဟုတ်ချေ။ ထို့ကြောင့် ဤစွမ်းအားများမှာ ကောင်းကင်အထီးကျန်မြက်များက ဆက်တိုက် စုပ်ယူထားသည့် အရာများသာ ဖြစ်ရမည်။
သူ လုပ်ဖို့ လိုအပ်နေသည့်အရာမှာ အင်မော်တယ်စွမ်းအားများ တည်နေရာအတိုင်း အာကာသ အက်ကြောင်းဆီ သွားစေနိုင်မည့် လမ်းကြောင်းကို ရှာဖွေရုံ ဖြစ်သည်။ အက်ကြောင်းကို တွေ့သွားသည်နှင့် ဤနေရာမှ ထွက်သွားနိုင်လိမ့်မည်။
ထိုအတွေးဖြင့် မိုဝူကျိ၏ အမြန်နှုန်းမှာ အံ့မခန်း တိုးမြင့်လာသည်။ လေးနာရီအကြာတွင် သူက အင်မော်တယ်စွမ်းအားများ ယခင်ထက် ပို၍ သိပ်သည်းလာသည်ကို ခံစားမိလိုက်၏။
ဧရာမ ကုန်းလိပ်ကျွန်းကြီးက မိုဝူကျိရှေ့ ပေါ်လာပြီး ကျွန်းအဖျား၌ စီးဆင်းနေသော ငွေရောင်မြစ်ကြီးက မျက်စိပသာဒ ဖြစ်လွန်းလှသည်။
ထိုအမှတ်အသားနှစ်ခုကို မြင်လိုက်သည့်အခါ မိုဝူကျိက ကျယ်လောင်စွာ အော်ဟစ်၍ ကျိန်ဆဲလိုက်ချင်တော့သည်။ ဤထိုက်ရှီရှောင်က မလိမ့်တပတ် လုပ်တတ်သော လူစားမျိုး ဖြစ်ပေသည်။ အကြောင်းမှာ ကောင်းကင်အထီးကျန်မြက်ပင်များက ဤလိပ်ကုန်းကျွန်းနှင့် ငွေရောင်မြစ်ဘေး တည်ရှိကြောင်း ပြောခဲ့သည်မှာ လိမ်ညာနေခြင်း မဟုတ်ချေ။ သူ ပြောခဲ့သော တည်နေရာအားလုံးမှာ အမှန် ဖြစ်ပေသည်။
သို့သော်လည်း ဤနေရာမှာ အာကာပြင်အတွင်း တည်ရှိနေခြင်း ဖြစ်ရာ သူသာ အာကာပြင်ထဲ မဝင်မိပါက နတ်ဘုရားကောင်းကင်ချောက်နက်အတွင်း တစ်ဘဝလုံးနေ၍ ရှာလျှင်ပင် ထိုကုန်းမြေ အမှတ်အသားနှစ်ခု ရှာနိုင်မည် မဟုတ်ပေ။
သူက အာကာပြင်ထဲ ဝင်နိုင်ခဲ့လျှင် ကောင်းကင်အထီးကျန်မြက်ပင်အား ရှာရန် ထိုကုန်းမြေ အမှတ်အသားနှစ်ခုကို ရှာရန် မလိုအပ်ပေ။
အကယ်၍ ထိုက်ရှီရှောင်က ဤနေရာထဲ ဝင်နိုင်လျှင် သူလည်း အကျိုးမြောက်များစွာ ရရှိသွားပေလိမ့်မည်။ ကျန်ရစ်နေသော ကောင်းကင်အထီးကျန်မြက်များစွာကို ကြည့်ရင်း မိုဝူကျိက ထိုလူမှာ နောက်တစ်ကြိမ် သေချာပေါက် ပြန်လာဦးမည် ဖြစ်ကြောင်း သိ၏။ သူက အာကာပြင် နိဗာန မြစ်ဥအကြောင်းပါ သိနေလိမ့်မည်။ မိုဝူကျိက ဤအက်ကြောင်းထဲ ရောက်ရှိလာလိမ့်မည်ဟု မမျှော်လင့်ထားသည့်အတွက် ဤနိဗာန မြစ်ဥနှင့်ကျန်ရစ်နေသော ကောင်းကင်အထီးကျန်မြက်များစွာကို ထားခဲ့ခြင်း ဖြစ်ပေလိမ့်မည်။
မိုဝူကျိက အရင်ဦးစွာ တွေးမိလိုက်သည်။ အကယ်၍ ထိုက်ရှီရှောင်သာ ကောင်းကင်အထီးကျန်မြက်ကို ရှာတွေ့ခဲ့လျှင် အဘယ်ကြောင့် အကုန် ယူမသွားရသနည်း။ ထိုအရာမှာ သူ သတိမပြုမိသည့်အတွက် စိတ်ပျက်စေမိသော ဟာကွက်ကြီး ဖြစ်နေသည်။
သို့သော်လည်း သူက ယခု ဤနေရာကို တွေ့ပြီ ဖြစ်ရာ ဤလူက ကျန်ရှိနေသော အပင်များ ယူဖို့ ကိစ္စအား မေ့ပစ်လိုက်သည်က အကောင်းဆုံး ဖြစ်လိမ့်မည်။
မိုဝူကျိက လိပ်ကုန်းကျွန်းဆီ အမြန်သွားလိုက်ပြီးနောက် ရှေးဟောင်းကျောက်နံရံကြီးမှ လွဲ၍ ဤကျွန်းမှာ အမှန်တကယ် ဗလာနတ္ထိ ဖြစ်၏။
မိုဝူကျိက တာ့ဟွမ်နှင့် စုရှီအား ကျောက်နံရံဆီ ခေါ်လိုက်ပြီး သူတို့ ပထမဆုံး မြင်သည့်အရာမှာ စာလုံးကြီး လေးလုံး ဖြစ်၏
“ ကြယ်တာရာပင်လယ် လျို့ဝှက်ပညာရပ် ”
ကြယ်တာရာပင်လယ် လျို့ဝှက်ပညာရပ်၏ အနှစ်ချုပ်မှာ ပျောက်ပျက်နေသော်လည်း အနှစ်ချုပ်အပြီးတွင် ကြယ်တာရာပင်လယ် လျို့ဝှက်ပညာရပ်၏ အသေးစိတ်အကြောင်းအရာ ဖြစ်ပေသည်။ ကြယ်တာရာပင်လယ် လျို့ဝှက်ပညာရပ်ကို မည်သို့ ကျင့်ကြံရမည့် အကြောင်းအပြင် သူတို့က အဆင့် တစ်ခုချင်းစီ၌ ထောက်ပံ့ပေးရမည့် ဆေးပင်များပါ ထည့်သွင်း ရေးသားထား၏။
“ အစ်ကိုကြီးမို ဒီကြယ်တာရာပင်လယ် လျို့ဝှက်ပညာရပ်က အတော်လေး ထူးဆန်းတယ်။ ညီမ နည်းနည်းလေးပဲ မှတ်ရသေးတယ် ခေါင်းကိုက်လာပြီ …” စုရှီ အသံတွင် အကြောက်တရားတချို့ ပါဝင်နေ၏။
မိုဝူကျိက ခေါင်းညိတ်ကာ “ ခဏလေး စောင့်ပေး … ”
သူက ကြယ်တာရာပင်လယ် လျို့ဝှက်ပညာရပ်၏ အနှစ်ချုပ် ရှိပြီး ဤကျွန်းပေါ်၌ ကျင့်စဉ် ရှိနေလေသည်။ စုရှီနှင့် ထိုက်ရှီရှောင်တို့မှာ ကျင့်ကြံဆင့်အတူတူ ဖြစ်ရာ စုရှီက ခဏတာ ကြည့်ရှုပြီးနောက် ခေါင်းကိုက်ခြင်းကို ကြုံတွေ့ခဲ့ရသည်။ မိုဝူကျိက ထိုက်ရှီရှောင်လည်း ပါဝင်အကြောင်းအရာများကို မမှတ်မိနိုင်လောက်ကြောင်း ခန့်မှန်းမိလိုက်သည်။
ဤသို့ဆိုမှတော့ ယနေ့ ဤကျောက်နံရံတစ်ခုလုံးကို ယူသွားလိုက်လျှင် ထိုက်ရှီရှောင် နောက်တစ်ကြိမ် ပြန်ရောက်လာလျှင်ပင် ထိုအကြောင်းအရာများအား ထပ်ဖတ်ခွင့် ရတော့မည် မဟုတ်ပေ။
မိုဝူကျိက အစီအရင်အလံများကို ထုတ်လိုက်ပြီး တစ်နာရီအကြာတွင် မိုဝူကျိ၏ လှုပ်ရှားမှုများနှင့် အစီအရင်အလံများ၏ အကူဖြင့် ကျောက်နံရံတစ်ခုလုံးမှာ သူ့ထာဝရ ကမ္ဘာအတွင်း ရောက်ရှိသွားတော့သည်။
“ အစ်ကိုကြီးမို ဒါက ကမ္ဘာဦး စိတ်ဝိညာဉ်ကို ကျင့်ကြံတဲ့ ကျင့်စဉ်ဖြစ်မယ် ထင်တယ် ” စုရှီက မိုဝူကျိ ကျောက်နံရံ သိမ်းလိုက်သည်ကို ကြည့်နေရင်း မှတ်ချက် ဝင်ပေးလိုက်သည်။
မိုဝူကျိက ထိုက်ရှီရှောင် ပေးထားသော ကြယ်တာရာပင်လယ် လျို့ဝှက်ပညာရပ်မှ နောက်တစ်ခု ပွားကာ စုရှီဆီ ပေးလိုက်၏
“ မင်း ပြောတာ မှန်တယ် ဒါပေမဲ့ ကမ္ဘာဦး စိတ်ဝိညာဉ်ကို ကျင့်ကြံဖို့ မဟုတ်ဘူး။ အသိစိတ်ပင်လယ်ကို ကျင့်ကြံဖို့ …. ဒါက အနှစ်ချုပ်ပဲ …. အရင်ဆုံး ကြိုးစားကြည့်လိုက်ဦး။ တကယ်လို့ အကျိုးရှိရင် ကျန်တဲ့ဟာတွေပါ ကူးပေးမယ် ”
စုရှီက တအံ့တဩဖြင့် လက်ခံလိုက်၏။ မည်သူပင် ဖြစ်စေ အသိစိတ်ပင်လယ်အား ကျင့်ကြံနိုင်သည့် ကျင့်စဉ်မှာ ထိပ်တန်းကျင့်စဉ်သာ ဖြစ်ပေသည်။ တရားသူတော်စင်ကျောင်းကား ရှည်လျားလှသော သမိုင်းကြောင်း ရှိခဲ့သော်လည်း သူတို့တွင် ဤသို့သော ရတနာမျိုး မရှိပေ။
“ အခု ငါတို့တွေ ထွက်သွားလို့ ရပြီ ” သူက အတိုးတချို့ ယူပြီးနောက် မိုဝူကျိက စုရှီနှင့် တာ့ဟွမ်အား ပြောလိုက်တော့သည်။
သူက ငွေရောင်မြစ်ကို တစ်ချက်ကြည့်လိုက်သည်။ ထိုမြစ်မှာ သာမာန်မြစ်အတိုင်း ဖြစ်၏။ တချို့သော အရာများကို အက်ကြောင်းမှ တဆင့် အာကာပြင်ထဲ ဆွဲခေါ်ခြင်း ခံလာရကာ ဖြစ်ပေါ်လာသော မြင်ကွင်းမျိုး ဖြစ်ပေလိမ့်မည်။ မိုဝူကျိက ထိုအထဲ၌ အသုံးဝင်သော အရာများစွာ ရှိနေလိမ့်မည် မဟုတ်ကြောင်း ယူဆထား၍ မစစ်ဆေးကြည့်တော့ပေ။
“ ညီမတို့ ထွက်လမ်းကို တွေ့ပြီလား ” စုရှီက မေးမြန်းလိုက်သည်။
မိုဝူကျိက ရှေ့ကို ညွှန်ပြကာ “ ငါတို့ရှေ့မှာ အက်ကြောင်းတစ်ခု ရှိတယ်။ အဲကနေ ပွင့်လာတဲ့အချိန်ကို စောင့်ပြီးတော့ ထွက်ရုံပဲ ”
မိုဝူကျိ၏ ခန့်မှန်းချက်မှာ မမှားယွင်းပေ။ အကြောင်းမှာ အချိန်ကြာကြာ မစောင့်လိုက်ရဘဲ အက်ကြောင်းက ပေါ်လာလေ၏။ အက်ကြောင်း ပေါ်လာသည်နှင့် မိုဝူကျိနှင့် စုရှီတို့က တာ့ဟွမ်၏ ကာကွယ်ပေးမှုအောက်တွင် အာကာပြင် အပြင်ဘက်သို့ ထွက်လိုက်တော့သည်။
ပြင်းထန်သော စွမ်းအားများက သူတို့ဆီ ရောက်ရှိလာသော်လည်း စုရှီ၏ မှိန်ဖျော့ဖျော့ မီးအိမ်အလင်းက ထိုစွမ်းအားများကို တားဆီးပေးထား၏။ မိုဝူကျိက သူတို့ အာကာပြင်ထဲမှ ထွက်လာပြီး နတ်ဘုရားကောင်းကင်ချောက်နက်ထဲ ပြန်ရောက်ရှိလာကြောင်း သိလိုက်သည်။
မိုဝူကျိက စိတ်စွမ်းအားဖြင့် စစ်ဆေးကြည့်လိုက်သည့်အခါ သူတို့ဘေးပတ်လည်တွင် သိသာထင်ရှားသည့် ကုန်းမြေ အမှတ်အသား မရှိချေ။ သို့သော် ထိုက်ရှီရှောင်အနေဖြင့် ဤတည်နေရာ၏ အနေအထားကို မှတ်သားထားပြီးသား ဖြစ်လိမ့်မည်။
သူတို့နှင့် ခပ်လှမ်းလှမ်းရှိ မျှော်စင်တစ်ခု ပုံရိပ်မှာ မိုဝူကျိ၏ စိတ်စွမ်းအား နယ်ပယ်အတွင်း ပေါ်လာလေ၏။
“ ဒါက နတ်ဘုရားမျှော်စင်လေ … မကြာခင် ဖွင့်တော့မှာ ” စုရှီက တအံ့တဩဖြင့် ကြည့်ကာ ရေရွတ်လိုက်သည်။
မိုဝူကျိက ဟန်လုံ၏ နတ်ဘုရားမျှော်စင် ဝင်ခွင့် အမှတ်အသားပြားနှင့်အတူ ဆေးလုံးတချို့ကို စုရှီဆီ ပေးလိုက်ပြီး
“ ငါတို့တွေ ဖွင့်တာနဲ့ နတ်ဘုရားမျှော်စင်ဆီ သွားကြမယ်။ ဒါတွေက တစ်နှစ်အတွင်းမှာ စိတ်ကြိုက် ပုံပန်းနဲ့ ဝိညာဉ်စွမ်းအား အငွေ့အသက်တွေကို ပြောင်းလဲပေးနိုင်တဲ့ အဆင့် ၈ အသွင်ပြောင်းဆေးလုံးတွေပဲ ….
ငါတို့တွေ ကွဲသွားခဲ့ရင် မင်းလည်း ကိုယ့်ဘာသာ ရှင်သန်အောင် နေနိုင်မဲ့ နည်းလမ်းရှိလိမ့်မယ်ဆိုတာ သေချာတယ်။ ဒီ အသွင်ပြောင်းဆေးလုံး တစ်လုံးကို နတ်ဘုရားမျှော်စင် မဖွင့်ခင် သောက်ထားလိုက် … ”
မိုဝူကျိ စကားအဆုံးတွင် နတ်ဘုရားမျှော်စင် အစွန်းပိုင်း၌ အလင်းတန်းများ ပိုမို၍ တောက်ပလာသည်။
“ မကြာခင် ဖွင့်တော့မယ် ” စုရှီက စိုးရိမ်တကြီး ပြောလိုက်ရင်း ဆေးလုံးကို တန်းသောက်လိုက်တော့သည်။
“ မဖွင့်သေးဘူး …. တကယ်ဖွင့်ဖို့ အချိန်နည်းနည်း လိုဦးမယ် ။ ငါ ကြားဖူးတာတော့ နတ်ဘုရားမျှော်စင် ဖွင့်ဖို့ အရင်ဆုံး ပြီးဆုံးထားတဲ့ အဆင့်နိမ့်တွေကို အရင်ဆုံး ဖော်ပြပေးရတယ်တဲ့ ” မိုဝူကျိက ဆေးတစ်လုံး သောက်လိုက်ရင်း စုရှီ စိတ်မပူစေရန် လှုံ့ဆော်ပေးလိုက်သည်။
…
ကောင်းကင်နတ်ဘုရားချောက်နက် အစွန်းဖျား၌ မြောက်များစွာသော လူများက လေးဖက်လေးတန် ရွှေရောင်အလင်းများ ထုတ်လွှင့်နေသော နတ်ဘုရားမျှော်စင်ကို စိုက်ကြည့်နေကြသည်။ အားလုံးက နတ်ဘုရားမျှော်စင်မှာ အထူးခြားသော အရာ ဖြစ်ကြောင်း သိကြ၍ ဖြစ်သည်။
ထိုအရာများမှာ ရှေးနတ်ဘုရားများ တိုက်ပွဲဖြစ်စဉ်အတွင်း ကျန်ရစ်နေသော ပစ္စည်းများ ဖြစ်ပြီး တချို့အရာများမှာ အဆင့် ၉ အင်မော်တယ် ပစ္စည်းပင် လိုက်မမှီနိုင်ကြောင်း သတင်းများ ထွက်ဖူး၏။ ထို့အပြင် ဤသို့အမွေအနှစ်သာ ရရှိလိုက်လျှင် နောင်အနာဂတ်၌ သူတို့ကျင့်ကြံဆင့်မှာ အံ့မခန်းဖြစ်သွားပေလိမ့််မည်။
နတ်ဘုရားမျှော်စင်ထဲ ဝင်ခြင်းမှာ အန္တရာယ်များ ပြည့်နေပြီး အသက်ရှင်ရက် ထွက်လာနိုင်ဖို့ရာ မရိုးရှင်းသော်လည်း အားလုံးက အနည်းဆုံးတော့ တစ်ခေါက် ဝင်ဖို့ရာ အလိုရှိနေကြဆဲ ဖြစ်၏။
အထက်ဘုံ၏ ကျီချန်းလော့က အင်မော်တယ် အားလုံး မျှော်ကြည့်ရသည့် တာအိုဧကရာဇ် မည်သို့များ ဖြစ်လာသနည်း။ ထိုအရာမှာ ကျီချန်းလော့အနေနှင့် နတ်ဘုရားမျှော်စင်မှ ထိပ်သီးရတနာ ရရှိလာ၍ သူ့ကျင့်ကြံဆင့်မှာ မဟာဧကရာဇ်ထက်ပင် ပိုသာသွားခြင်း ဖြစ်၏။ တာအိုဧကရာဇ် ကျီချန်းလော့၏ လက်ရှိအဆင့်ကို မည်သူမှ မခန့်မှန်းနိုင်ကြပေ။
နှမြောဖို့ ကောင်းသည်မှာ နတ်ဘုရားမျှော်စင် ဝင်ခွင့်ကို ကန့်သတ်ထားပြီး နေရာအများစုမှာ နတ်ဘုရားကောင်းကင်ချောက်နက်၏ ဂိုဏ်းကြီးများ ပိုင်ဆိုင်ခြင်း ဖြစ်၏။ တခြားသော အင်မော်တယ်နယ်မြေများ၏ ဂိုဏ်းများအတွက် ဆေးလုံးတာအိုအင်မော်တယ် မဟာမိတ်အဖွဲ့ကဲ့သို့သော အင်အားစုပင် အများဆုံး နေရာသုံး နေရာစာသာ ရရှိပေသည်။
တခြားသော ဂိုဏ်းများအနေနှင့် အင်မော်တယ် ဧကရာဇ် မပါရှိဘဲ ဝင်ခွင့် တစ်နေရာစာ၊ နှစ်နေရာစာ ရနေသည်က အတော်လေး အံ့ဩဖို့ ကောင်းနေလေပြီ။ ပုံမှန်အားဖြင့် သူတို့မှာ ကံအလွန်ကောင်းသည်မှ လွဲ၍ နတ်ဘုရားမျှော်စင်သို့ ဝင်ဖို့ရာ အရည်အချင်း မပြည့်မှီပေ။