နေရာအနှံ့ရှိ သေခြင်းတရား
Vol. 47 Ch. 645
သူက ကြေးလက်စွပ်ကို မယူတော့သည့်အတွက် ပစ္စည်း စိတ်ဝိညာဉ်က သူ့နောက်ကို လိုက်မလာတော့ပေ။
“ တာ့ဟွမ် … ဒီနေရာက ရှေးဟောင်းနတ်ဘုရားတွေ တိုက်ပွဲဖြစ်ခဲ့တဲ့ နေရာပဲ နေမယ် ” ကမ်းစပ်နှင့် အဝေးတစ်နေရာသို့ ရောက်သည့်အခါ မိုဝူကျိက ပြောလိုက်သည်။
တာ့ဟွမ်တွင် လူလုပ် ပစ္စည်း စိတ်ဝိညာဉ် ရှိသော်လည်း အင်မော်တယ် အရုပ်မျှသာ ဖြစ်နေရာ မိုဝူကျိ သူ့အား စကားပြောသည့်အခါ ရယ်ရုံမျှသာ ရယ်ပြီး ဘာမှဆက်မပြောပေ။
မိုဝူကျိက ဘေးပတ်လည်ကို လေ့လာကြည့်လိုက်၏။ ဘေးတွင် ကျောက်တုံးအပဲ့များစွာ ရှိနေပြီး အင်မော်တယ် ဝိညာဉ်စွမ်းအားများမှာ သိပ်သည်းလွန်းလှသည်။ သူ့စိတ်စွမ်းအား အဖျားပိုင်း၌ ဝေဝါးနေပြီး နတ်ဘုရားကောင်းကင်ချောက်နက်အတွင်းကဲ့သို့ တည်နေရာအကြောင်း ခံစားချက် မရှိပေ။
မိုဝူကျိက မျက်မှောင်ကျုတ်ကာ ခက်ခက်ခဲခဲ စဉ်းစားလိုက်သည်။ သဘောတရားအရဆိုလျှင် နတ်ဘုရားမျှော်စင်မှာ အလွန်မြင့်မားသောကြောင့် အလွှာများစွာ ရှိပေလိမ့်မည်။ သူက အနိမ့်ဆုံးအထပ် ရောက်ရှိနေလျှင်ပင် ဒုတိယအထပ်သို့ ဝင်ပေါက် ရှိသင့်သော်လည်း သူ့စိတ်စွမ်းအားက သူ့အား ဝင်ပေါက်ကို အာရုံမခံနိုင်သလို တည်နေရာကိုလည်း မသိနိုင်အောင် တားဆီးနေသည်။
သူက ကောင်းကင်ချောက်ကမ်းပါးမြို့မှ ရုတ်ချည်း ထွက်လာရသည့်အတွက် နှမြောစရာ ကောင်းလှပေသည်။ မဟုတ်လျှင် နတ်ဘုရားမျှော်စင်၏ မြေပုံကို တောင်းခဲ့နိုင်ပေလိမ့်မည်။
“ဝှီး …” နားကွဲလုမတတ် အသံကြီး ပဲ့တင်ထွက်လာပြီး သတ်ဖြတ်ငွေ့များလည်း အတူ ခေါ်ဆောင်လာလေ၏။ ဤသို့မျိုး သေခြင်းတရားအငွေ့အသက်များက မိုဝူကျိဆီ ဆင်းသက်လာသောကြောင့် သူ့အနေနှင့် ရှောင်ရှားဖို့ရာ နည်းလမ်း မရှိချေ။
ချက်ချင်းဆိုသလို တာ့ဟွမ်က နောက်ထပ် လက်သီးတစ်ချက် ပစ်ခွင်းလိုက်ပြီး လေထုမှ ဖိအားကို ချေဖျက်လိုက်သည်။ တစ်ချိန်တည်းတွင် သူလည်း နောက်ဆုတ်လိုက်ရ၏။
မိုဝူကျိ မျက်နှာမှာ ဖြူဖျော့သွား၏။ လေထုဖိအားမှာ သတ်ဖြတ်လှိုင်းများ ပါလာသကဲ့သို့ နတ်ဘုရားမျှော်စင်အတွင်း နှစ်များစွာ စုစည်းထားသည့်အလား ဖြစ်ပေါ်လာ၍ ကြောက်မက်ဖွယ် အငွေ့အသက်များ ဖြစ်နေခြင်း ဖြစ်၏။ အကယ်၍ သူ့တွင် တာ့ဟွမ် မရှိပါက သေလူ ဖြစ်နေလောက်လေပြီ။
သူ နတ်ဘုရားမျှော်စင်ထဲ ဝင်လာသည်မှာ မည်မျှကြာမြင့်သွားပြီနည်း။ နှစ်နာရီမျှပင် မရှိသေးသော်လည်း အန္တရာယ်တစ်ခုပြီး တစ်ခုကြုံတွေ့ခဲ့ရသည်။ တစ်ကြိမ်စီတိုင်းတွင် သူ့အတွက် ပြန်တိုက်ခိုက်ဖို့ အခွင့်အရေးပင် မရလိုက်ချေ။ ဤသို့သော အခြေအနေမျိုးအောက်၌ သူက တာ့ဟွမ်အပေါ်သာ မှီခိုထားရ၏။
အကယ်၍ နတ်ဘုရားမျှော်စင်ထဲ ဝင်ခြင်းက အန္တရာယ်များလွန်းနေလျှင် မည်သူများ အသက်ရှင်နိုင်မည်နည်း။
“ တာ့ဟွမ် … ငါ့နောက်ကနေ လိုက်ခဲ့နော် ၊ ပြီးတော့ အန္တရာယ်များတာဆိုတော့ သတိကြီးကြီးထားဦး ” မိုဝူကျိက သီးခြားနေရာတစ်ခုဆီ ပို့ဆောင်ခံလိုက်ရကြောင်း မှန်းဆမိ၏။ မဟုတ်လျှင် နတ်ဘုရားမျှော်စင်မှာ အန္တရာယ်အလွန်များနေလျှင် ယခင်က အဘယ်ကြောင့် မကြားဖူးဘဲ နေမည်နည်း။
သူက လမ်းပျောက်သွားသောကြောင့် ကြုံရာကျပန်း ဦးတည်ရာသာ ရွေးချယ်လိုက်ရသည်။ နေ့ဝက်တာ သွားလာပြီးနောက် သူတို့ရှေ့တွင် ကောင်းကင်ပုဆိန်လှံရှည်တစ်ချောင်း ရှိနေ၏။
ကောင်းကင် ပုဆိန်လှံရှည်မှာ အနီရင့်ရင့် ဖြစ်ပြီး အချိန်ကာလဒဏ်ကို မခံစားခဲ့ရသည့်အလား ကြောက်မက်ဖွယ် အငွေ့အသက်များ ထုတ်လွှင့်နေဆဲ ဖြစ်ပေသည်။
မိုဝူကျိက ထိုပုဆိန်လှံရှည်အနား မရောက်ခင် ကြောက်မက်ဖွယ် သတ်ဖြတ်ငွေ့များကို ခံစားမိလိုက်သည်။ ယခင် ထွက်ပေါ်လာသည့် သတ်ဖြတ်ငွေ့များနှင့် နှိုင်းယှဉ်လျှင် ဤတစ်ခုမှာ ပို၍ အားကောင်းပေသည်။ သတ်ဖြတ်ငွေ့များမှ လွဲ၍ သူက ပုဆိန်လှံရှည်၏ အဆုံးမဲ့ သဘာဝများကို ခံစားမိ၏။
မိုဝူကျိက ရပ်တန့်သွားပြီး ရှေ့ဆက်မတိုးရဲတော့ပေ။ သူ့လက်ရှိ ကျင့်ကြံဆင့်ဖြင့် ပုဆိန်လှံရှည်နား မရောက်ခင် တစစီ ဖြစ်သွားပေလိမ့်မည်။
သူက ဤပုဆိန်လှံရှည်၏ အဆင့်ကို မပြောတတ်သော်လည်း အဆင့် ၉ အင်မော်တယ် ပစ္စည်းကို ကျော်လွန်မည် ဖြစ်ကြောင်း သေချာ၏။
ဒီနေရာက ဘာကြီးလဲ …..
မိုဝူကျိက အံ့ဩတုန်လှုပ်မိသွားသည်။ နေရာတိုင်းတွင် အဆင့် ၉ အင်မော်တယ် ပစ္စည်းများထက် အဆင့်မြင့်ပစ္စည်းများ ရှိနေလေရာ ပစ္စည်း စိတ်ဝိညာဉ်ပင် အလွယ်တကူ ရှာတွေ့နိုင်လေ၏။ ထို့အပြင် သတ်ဖြတ်ငွေ့များက အသိရှိလာပြီး အချိန်အတော်ကြာမြင့်ပြီးနောက် ထိုသတ်ဖြတ်ငွေ့များက ကိုယ်ပိုင်တာအို ဖြစ်တည်လာခြင်း ဖြစ်၏။
နောက်မေးခွန်းတစ်ခုမှာ ပစ္စည်းကောင်းများစွာ ရှိနေရက်နှင့် မည်သူကမှ သန့်စင်ပြီးတော့ မယူသွားကြတာလဲ …..
သူ့ကျင့်ကြံဆင့်မှာ မဟာယီရှန်းအဆင့်မျှသာ ရှိသေးပြီး ဤသို့ကြောက်မက်ဖွယ် သတ်ဖြတ်ငွေ့များ ရှိနေသည့် ထိပ်တန်းရတနာကို မသန့်စင်နိုင်သေးပေ။ သို့သော် နတ်ဘုရားမျှော်စင် ဝင်သွားကြသူများတွင် သူ့ထက် အဆင့်နိမ့်သူ မရှိပေရာ အင်မော်တယ်ဧကရာဇ်များအား ဝင်ခွင့် မပြုထားသော်လည်း အချိန်တိုင်း၌ ခိုးဝင်ကြသူများ ရှိတတ်၏။ ထို့အပြင် အင်မော်တယ်အုပ်စိုးသူ မြောက်များစွာလည်း ဝင်ရောက်ကြသေးသည် မဟုတ်ပါလော။
“ သခင်လေး ဒါက နေရာကောင်းတစ်ခုတော့ မဟုတ်ဘူး လို့ ထင်တယ် ” တာ့ဟွမ် အသံထဲ၌ စိုးရိမ်မှုတချို့ ပါဝင်နေသည်။
မိုဝူကျိက တာ့ဟွမ် ပြောစကားမှာ မှန်ကန်ကြောင်း မည်သို့ မသိဘဲ နေမည်နည်း။ အစကတည်းမှ ဤနေရာမှာ နေရာကောင်း မဟုတ်ကြောင်း သိပေသည်။ ဘေးပတ်လည်တွင် ပစ္စည်းကောင်းများစွာ ရှိနေသော်လည်း ဘာကိုမှ ယူမသွားနိုင်ပေ။ သူ့အနေနှင့် ဤနေရာမှ မြန်မြန် ထွက်ခွာသွားဖို့ရာသာ မျှော်လင့်မိနေသည်။
“ တာ့ဟွမ် တခြားနေရာ သွားကြစို့ … ဒီဘက်က သတ်ဖြတ်ငွေ့များက အရမ်းပြင်းတယ် ” မိုဝူကျိက ပြတ်သားစွာ ပြောလိုက်၏။
ပုဆိန်လှံရှည် ဝန်းကျင်မှ နေရာမှာ ဗလာကျင်းနေသော်လည်း မိုဝူကျိက သုဿာန်ပြင်ကို ကြည့်နေရသကဲ့သို့ ခံစားနေရသည်။ သူ့ရှေ့မှ မြင်ကွင်းမှာ မျက်စိပသာဒ ဖြစ်ကာ နတ်ဘုရားတစ်ပါးက ပုဆိန်လှံရှည် တစ်လက်ဖြင့် အကုန်အမြစ်ဖြတ် ရှင်းလင်းနေသလို ဖြစ်နေသည်။
မြောက်များစွာသော အဆင့်မြင့် ကျင့်ကြံသူများက ထိုပုဆိန်လှံရှည်အောက် အမှုန့်ဖြစ်ကုန်ကြပြီး သူတို့အလောင်းများက ထိုလူနောက် လဲကျကုန်ကြသည်။ သို့သော် နတ်ဘုရားစစ်ပွဲအတွင်း၌ ဤသို့မျိုး အားအကောင်းဆုံး ပါရမီရှင် ပေါ်မလာဖူးပေ။ ပိုပို၍ အားကောင်းသူများသာ ရှိပြီး ပုဆိန်လှံရှည်ကို ကိုင်ဆွဲသူမှာ အားကောင်းသော်လည်း သူ့ထက် အားကောင်းသူနှင့် တွေ့ဆုံကာ သေဆုံးသွားခဲ့ရသည်။ သူ့ပုဆိန်လှံရှည်မှာလည်း ကောင်းကင်မှ ပြုတ်ကျလာပြီး မြေပြင်သို့ စိုက်ကာ နေရာအနှံ့ သတ်ဖြတ်ငွေ့များ ခေါ်ဆောင်လာ၏။
…………
တစ်ချိန်တည်းတွင် စုရှီလည်း အထဲ ရောက်လာသည်။
မိုဝူကျိနှင့်် သူမကြားရှိ တစ်ခုတည်းသော ခြားနားချက်မှာ သူမက လူအုပ်ကြီးနှင့်အတူ ဧရာမ ဟင်းလင်ပြင်နေရာသို့ ကျရောက်လာခြင်း ဖြစ်၏။
လူအများစုမှာ ကိုယ့်အုပ်စုနှင့်ကိုယ် ထွက်သွားကြတော့သည်။
ဘေးပတ်လည်ကို သေချာကြည့်ရှုပြီးနောက် မိုဝူကျိ၏ အရိပ်အယောင်ကို ရှာ၍ မတွေ့သေးပေ။ ထိုအရာက သူမကို ထိတ်လန့်စေမိ၏။
အစ်ကိုကြီးမိုက သူမနှင့်အတူတူ အဘယ်ကြောင့် ပါမလာရတာလဲ ….
ဘေးတွင် မိုဝူကျိ မရှိဘဲ သူမက အသွင်ပြောင်းဆေးလုံး သောက်ထားသော်လည်း တခြားလူများနှင့် အနီးကပ်မသွားမနေရဲပေ။ ထို့ကြောင့် နေရာတစ်ခု ရွေးချယ်ကာ ထွက်သွားလိုက်တော့သည်။
သူမက ဟင်းလင်းပြင်နေရာ အပြင်ဘက် ခြေချလိုက်သည်နှင့် သိပ်သည်းကာ အရိုင်းဆန်လှသော ဝိညာဉ်စွမ်းအားများကို ခံစားမိလိုက်သည်။
… မဟုတ်သေးဘူး ဝိညာဉ်စွမ်းအား မဟုတ်သေးဘူး …..
ဝိညာဉ်စွမ်းအားထက် ပို၍ အဆင့်မြင့်ပေသည်။ အားပျော့နေသော်လည်း စုရှီက ဤသို့မျိုး ပတ်ဝန်းကျင်တွင် ကျင့်ကြံခြင်းက အင်မော်တယ်လောကရှိ ဂူတစ်ခု၌ တံခါးပိတ် ကျင့်ကြံခြင်းထက် ပို၍ အကျိုးထူးကြောင်း ခံစားမိ၏။
သူမက မဟာယီရှန်း အလယ်အလတ်အဆင့် ချိုးဖျက်ခါနီး ဖြစ်၍ သင့်တော်သောနေရာတစ်ခု ရွေးချယ်ပြီး ကြယ်တာရာပင်လယ် လျို့ဝှက်ပညာရပ်ကို ကျင့်ကြံရန် ဆုံးဖြတ်လိုက်တော့သည်။
သူမက တခြားလူများနှင့် မတူပေ။ သူမ နတ်ဘုရားမျှော်စင်ထဲ ဝင်လာသည့် အကြောင်းအရင်းမှာ ရတနာ ရှာဖို့ရာ မဟုတ်ဘဲ မိုဝူကျိနှင့် အတူတူ ရှိစေရန် ဖြစ်ပေသည်။
သူမ ဆရာ ရှိစဉ် ဆရာက အရာအားလုံး ဖြစ်ကာ ဆရာ သေဆုံးသွားပြီးနောက် မိုဝူကျိက သူမကို ကယ်တင်ပေးခဲ့၍ မိုဝူကျိအား သူမ မှီခိုအားထားနိုင်သည့် တစ်ဦးတည်းသောသူအဖြစ် ယူဆခဲ့သည်။ သူမ စိတ်ထဲ၌ အစ်ကိုကြီးမိုနှင့်အတူတူ ရှိနေခြင်းမှာ အန္တရာယ်ကင်းကြောင်း ခံစားမိလေသည်။ ထို့ကြောင့် ကျော့ဖျင်အန်းက ပို၍ အားကောင်းသော်လည်း ကျော့ဖျင်အန်းနှင့် ထွက်မသွားဘဲ မိုဝူကျိကို ရွေးချယ်ကာ နတ်ဘုရားကောင်းကင်ချောက်နက်ထဲ လိုက်ခဲ့ခြင်း ဖြစ်၏။
ယခု အစ်ကိုကြီးမို အနီးအနား မရှိသောကြောင့် ကြုံရာကျပန်း သွားလာမနေလိုပေ။ အစ်ကိုမိုနှင့် မတွေ့ခင်အထိ နေရာတစ်ခု ရှာနေရုံသာ ဖြစ်၏။
……………..…
နတ်ဘုရားကောင်းကင်ချောက်နက် အစွန်းအဖျား၌ သင်္ဘောပျံတစ်စင်း ဆင်းသက်လာကာ လူတစ်ယောက် ထွက်လာသည်။
ထိုအမျိုးသားက သာမာန်ပုံ ပေါ်ရုံသာမက အဝါကျင့်ကျင့် မျက်နှာရှိပြီး သူ့အဝတ်အစားများပင် သာမာန် ဖြစ်နေသည်။ ချည်ထည်အဝတ်များကို ဝတ်ဆင်ထားပြီး လျှော်ဖိနပ်ကို စီးနင်းထား၏။ ကြည့်ရသည်မှာ ခြိုးခြံချွေတာ အကျင့်ရှိသော ကျင့်ကြံသူနှင့် တူစေသည်။
သို့သော်လည်း သူ့အကြည့်များက စူးရှနေပြီး သူ့ဘေးပတ်လည်၌ သွေးနံ့များ သင်းနေသောကြောင့် သွေးပင်လယ်ထဲမှ ထွက်လာသည့်သူလို ခံစားရစေသည်။
သင်္ဘောပျံပေါ်မှ ဆင်းသက်ပြီးနောက် ယီမင်ရှုဆီ ရောက်လာပြီး ဦးညွှတ်ကာ “ ဟွမ်ရှားက ဂိုဏ်းချုပ်ကို နှုတ်ဆက်ပါတယ် ”
နတ်ဘုရားမျှော်စင်အဝင်ဝအား လိန်ကူယွင်နှင့်အတူတူ စောင့်ကြည့်နေသည့် ယီမင်ရှုက ထိုလူကို မြင်သည့်အခါ ခေါင်းတစ်ချက် ညိတ်ပြလိုက်သည်။ သူက နွေးနွေးထွေးထွေးဖြင့်
“ ဟွမ်ရှား မဆိုးဘူး …. မင်းက မင်းရဲ့ ဆရာနဲ့ ဂိုဏ်းကို စိတ်မပျက်စေဘူး။ အချိန်တိုလေးအတွင်း မင်းရဲ့ တာအိုက ကျစ်လစ်လာပြီးတော့ ကျင့်ကြံဆင့်လည်း အင်မော်တယ်ဘုရင်အဆင့် ထိပ်ဆုံးကို ရောက်သွားပြီ။
နည်းနည်း ထပ်ကြိုးစားရင် အင်မော်တယ်အုပ်စိုးသူ အဆင့် ရောက်တော့မှာ …. မင်းရဲ့ အသုံးမကျတဲ့ ဆရာနဲ့ ယှဉ်ရင် မင်းက ပိုအားကောင်းတယ် ”
ဟွမ်ရှားဟု အမည်ရသည့် အမျိုးသားက ချက်ချင်း ဦးညွှတ်ကာ “ တပည့်အရည်အချင်းတွေက နိမ့်ကျနေပါသေးတယ် … ဆရာနဲ့ မယှဉ်ရဲပါဘူး ”
ယီမင်ရှုက လက်ကာပြကာ
“ နှိမ်ချနေစရာ မလိုဘူး။ မင်းလည်း ဆာကျန်းရဲ့ သတ်မှတ်ချက်တွေကို သိမှာပါ …
မဟာဓားလမ်းစဉ်ဂိုဏ်းမှာ မင်းနဲ့ ဖန့်ရှီကျန်းကို မျှော်ကိုးထားတယ်ဆိုတာ သိတယ်မလား။ ဖန့်ရှီကျန်းက မကြာခင် အထက်ဘုံကို သွားတော့မှာဆိုတော့ နောင်ကျ သူ့ကိုယ်ပိုင် ကျင့်ကြံခြင်းကို ရလာလိမ့်မယ်။ အဲဒါကြောင့်မလို့ လော့လင်အင်မော်တယ်နယ်မြေရဲ့ မဟာဓားလမ်းစဉ်ဂိုဏ်းက မင်းလက်ထဲမှာပဲ ….. ”
“တပည့်က ဂိုဏ်းချုပ်ကို စိတ်မပျက်စေရပါဘူး ” ဟွမ်ရှားက ယီမင်ရှုကို အခိုင်အမာ ပြောလိုက်သည်။
ယီမင်ရှုက ခေါင်းညိတ်ကာ
“ မင်းကို ဒီနေ့ခေါ်တာက နတ်ဘုရားမျှော်စင်ထဲ ဝင်ခိုင်းမလို့ပဲ …. နေရာ ရဖို့က သိပ်တော့ မလွယ်ဘူး။ မင်း အထဲ ရောက်သွားရင် လူတစ်ယောက်ကို ရှင်းပစ်ရမယ် ”
ယီမင်ရှုက ထိုလူနာမည် မပြောခင် ဟွမ်ရှားက ဆုံးဖြတ်ချက် ပြတ်သားစွာဖြင့်
“ ကျတော် မိုဝူကျိကို သတ်ပြီးတော့ ဆရာနဲ့ ဂျုနီယာညီလေးအတွက် လက်စားချေပေးပါ့မယ် ”
ဟွမ်ရှား၏ တုံ့ပြန်မှုကို ကျေနပ်စွာဖြင့် ယီမင်ရှုက ထပ်ပြောလိုက်သည်
“ မင်း မှတ်ထားဖို့က မိုဝူကျိဘေးနားမှာ ရှိနေတဲ့ အင်မော်တယ်အရုပ်က မရိုးရှင်းဘူး။ ကြည့်ရတာ အင်မော်တယ် ဧကရာဇ်အဆင့်လောက်ပဲ ….
နတ်ဘုရားမျှော်စင်ထဲမှာ ဝိညာဉ်စွမ်းအားကို ချိုးနှိမ်ထားတဲ့ သဘာဝစွမ်းအားမျိုး ရှိတယ်ဆိုတော့ မင်းရဲ့ အရည်အချင်း၊ အဆင့်နဲ့ ပြီးတော့ ဒီဆေးလုံးနဲ့ဆိုရင် အင်မော်တယ်အုပ်စိုးသူအဆင့် တက်လှမ်းနိုင်လိမ့်မယ် …. ”
ထိုသို့ပြောပြီးနောက် ယီမင်ရှုက ကျောက်စိမ်းပုလင်းနှင့် မီးခိုးရောင် အစီအရင်အပြားကို ထုတ်ကာ ဟွမ်ရှားအား ပေးလိုက်၏။
ဟွမ်ရှားက ကျောက်စိမ်းပုလင်းကို လက်ခံပြီးသည်နှင့် မထိန်းချုပ်နိုင်သည့် ပျော်ရွင်မှုများက ဖြစ်ပေါ်လာသည်။ သူ့စိတ်စွမ်းအားဖြင့် တဖက်လွန် အုပ်စိုးသူဆေးလုံး ရှိကြောင်း သိလိုက်သည်။ တဖက်လွန် အုပ်စိုးသူဆေးလုံးမှာ အဆင့် ၈ အင်မော်တယ်ဆေးလုံး ဖြစ်ပြီး အင်မော်တယ်ဘုရင်အား အင်မော်တယ် အုပ်စိုးသူအဆင့် တက်လှမ်းဖို့ရာ အခွင့်အရေး ၄၀ ရာခိုင်နှုန်းအထိ တိုးမြင့်စေ၏။ သူ့လက်ထဲရှိ တဖက်လွန် အုပ်စိုးသူဆေးလုံး အရည်အသွေးမှာ အင်မတန် ကောင်းပြီး ပြိုင်ဖက်ကင်းအဆင့် ရောက်လုနီးပါး ဖြစ်နေလေပြီ။
သူ့အရင်းအမြစ်နှင့် နတ်ဘုရားမျှော်စင်အတွင်းရှိ အင်မော်တယ်စွမ်းအားများဖြင့် ဤဆေးလုံးစွမ်းအား ပေါင်းစပ်လိုက်သည့်အခါ အင်မော်တယ် အုပ်စိုးသူအဆင့် ရောက်ဖို့ အဆင့်သင့် ဖြစ်နေကြောင်း ယူဆ၍ ရ၏။
“ ဂိုဏ်းချုပ်ကို ကျေးဇူးတင်ပါတယ် …. ဒီအစီအရင်အပြားက ဘာအတွက်လဲ ”ဟွမ်ရှား လေသံမှာ စိတ်လှုပ်ရှားနေကြောင်း သိသာလှသည်။
ယီမင်ရှုက ရှင်းပြလိုက်သည်
“ မင်းက အင်မော်တယ်အုပ်စိုးသူအဆင့် ဖြစ်နေရင်တောင် အင်မော်တယ်ဧကရာဇ်အရုပ်ကိုတော့ အနိုင်တိုက်နိုင်မှာ မဟုတ်ဘူး။ ဒီအစီအရင်က အဆင့် ၉ အရုပ် ကန့်သတ်ခြင်း အင်မော်တယ် ပစ္စည်းပဲ … စိတ်စွမ်းအားနဲ့ အင်မော်တယ် စွမ်းအားရှိတဲ့သူတိုင်း ဒီအစီအရင်အပြားအောက်မှာ ထိန်းချုပ်ခြင်း ခံရလိမ့်မယ်။
မင်းအတွက် မိုဝူကျိနဲ့ ဖြေရှင်းဖို့ အချိန်လုံလောက်မှာပါ ….
မှတ်ထား သူ့ကို အသက်ရှင်ရက် ဖမ်းနိုင်ရင် ဖမ်းပြီး ပြန်ခေါ်ခဲ့ …. မလုပ်နိုင်ရင် သတ်ပစ်ခဲ့ပြီးတော့ ရတနာတွေ ပြန်ယူခဲ့ ….. ပြီးတော့ မိုဝူကျိက ပုံစံပြောင်းထားမှာဆိုတော့ မင်းရဲ့ အသိစိတ်နဲ့ အာရုံခံနိုင်မယ်လို့ ယုံကြည်တယ် ”
“ နာခံလျက်ပါ ” ဟွမ်ရှား စိတ်ထဲ ပျော်ရွင်မိလာသည်။ သူ့ကံတရားက အတော်လေး ကောင်းပေ၏။
“ သွားတော့ .... နတ်ဘုရားမျှော်စင် တံခါးက မကြာခင် ဖွင့်တော့မယ် ” ယီမင်ရှုက ဟွမ်ရှားကို လက်ဟန်ပြကာ ပြောလိုက်သည်။
ထိုသို့ပြောပြီး ဟွမ်ရှားက လှည့်ကာ နတ်ဘုရားကောင်းကင်ချောက်နက်ထဲ ပြေးဆင်းကာ နတ်ဘုရားမျှော်စင်ထဲ ဝင်ရောက်သွားတော့သည်။
“ ခင်ဗျားတို့ မဟာဓားလမ်းစဉ်ဂိုဏ်းက အထူး ပါရမီရှင်တွေ ရှိတာပဲ ။ ဟွမ်ရှားပဲ ဖြစ်ဖြစ်၊ ဖန့်ရှီကျန်းပဲ ဖြစ်ဖြစ် သူတို့တွေ အကုန်လုံးက ထူးချွန်တဲ့ ကြယ်ကိုးလုံး ပါရမီရှင်တွေပဲလေ ” လိန်ကူယွင်က ဘေးမှ အားကျစွာ မှတ်ချက် ဝင်ပေးလိုက်သည်။
ယီမင်ရှုက ရယ်မောကာ “ ခင်ဗျားတို့ လျှပ်စီးဂိုဏ်းကလည်း ထိပ်တန်း ပါရမီရှင်တစ်ယောက်ကို လက်ခံထားတယ်ဆို … ကျုပ် ကြားတာတော့ သူက ကြယ်ကိုးလုံး အရည်အချင်းရှိတယ်လို့ ကြားထားတယ်။ ကျုပ် မသိဘူးလို့ မထင်နဲ့နော် ….. ”
ထိုအရာကို ကြားပြီး လိန်ကူယွင်က ပြုံးလိုက်၏။ လိန်ဟုန်ကျီမှာ ကြယ်ကိုးလုံး အရည်အချင်း ရှိနေရုံသာမက လိန်ဟုန်ကျီကဲ့သို့ ထူးချွန်ထက်မြက်သည့်သူကို တစ်ခါမှ မမြင်ဖူးပေ။ လိန်ဟုန်ကျီနှင့် ယှဉ်လျှင် ကြယ်ကိုးလုံး ပါရမီရှင်များမှာ ဘာမှ မဟုတ်ချေ။