← Chapters

လျှပ်တစ်ပြက်အတွင်း မဟာကျီရှန်းအဆင့်

Vol. 47 Ch. 646

လျှပ်တစ်ပြက်အတွင်း မဟာကျီရှန်းအဆင့်

Vol. 47 Ch. 646

မိုဝူကျိက  ရပ်တန့်လိုက်၏။ ဤတစ်ကြိမ်၌ သူ့ရှေ့တွင် အလောင်းနှစ်လောင်း ရှိနေသည်။  သူက ထိုအလောင်းများ သေဆုံးနေသည်မှာ မည်မျှ ကြာမြင့်နေသည်ကို မသိသော်လည်း  အရိုးခေါင်းအတွင်းမှ မှိန်ဖျော့ဖျော့‌ ရွှေရောင်အလင်း ထွက်ပေါ်နေခြင်းက အာရုံဖမ်းစားနိုင်လွန်းပေသည်။

အလောင်းနှစ်လောင်းမှာ  တစ်လောင်းနှင့် တစ်လောင်း ဆယ်ပေမျှ ကွာဝေးကာ  ခန္ဓာကိုယ် အသားများ မရှိကြသလို  ကမ္ဘာဦး စိတ်ဝိညာဉ်လည်း မရှိကြတော့ဘဲ  တစ်ယောက်နှင့် တစ်ယောက် ရင်ဆိုင်တွေ့ခဲ့ဟန် ပေါ်နေ၏။

အလောင်းတစ်လောင်းပေါ် လည်ချောင်းမှ ဘယ်ဘက်ရင်ဘတ်အထိ ဧရာမ ပုဆိန်ကြီးတစ်လက် စိုက်နေ၏။ ပုဆိန်ကြီးက  အရိုးအတွင်း နက်နက်ရှိုင်းရှိုင်း နှစ်ဝင်နေပြီး  ပုဆိန်ပတ်လည်၌  သတ်ဖြတ်ငွေ့များလည်း ရှိနေသေးပေသည်။ နောက်ထပ် အလောင်းတစ်ခုပေါ်၌ ဝံပုလွေအစွယ် ကျိုင်းတစ်ခုမှာ  ခန္ဓာဝမ်းဗိုက်အောက်ပိုင်းအတွင်း ဖောက်ဝင်ထားသလို ဖြစ်နေပြီး  သတ်ဖြတ်ငွေ့များမှာလည်း တူညီလှစွာ တုန်လှုပ်ဖွယ် ကောင်းလှသည်။

လက်နက် နှစ်ခုလုံးမှာ အဆင့် ၉ အင်မော်တယ် ပစ္စည်းကို ကျော်လွန်သည့် လက်နက်များ ဖြစ်ကြ၏။ မိုဝူကျိက အသက်ပြင်းပြင်းရှုကာ  ဤနေရာမျိုး၌  ဤသို့အခြေအနေမျိုးကို များစွာ ကြုံတွေ့ဖူးပြီးသား ဖြစ်ရာ ပုံမှန်အားဖြင့်  အလောင်းကို ရှောင်ကွင်းသွားပြီး  ထိုရတနာများအား ထိတွေ့မည် မဟုတ်ပေ။

သူက လက်ရှိအင်အား အနေအထားကို ကောင်းကောင်း သိထားပေ၏။ သူ အလိုရှိလျှင်ပင် မထိတွေ့နိုင်သေးပေ။ သူ  အနီးကပ်သွားသည်နှင့်  ထိုကြောက်မက်ဖွယ် သတ်ဖြတ်ငွေ့များကြောင့် တစစီ ဖြစ်သွားပေလိမ့်မည်။

ဤတစ်ကြိမ်၌  မိုဝူကျိက တံ့တွေးမျိုချကာ  ဝံပုလွေအစွယ် ကျိုင်း စိုက်နေသည့် အလောင်း လက်ချောင်းကို စိုက်ကြည့်လိုက်မိသည်။ ထိုအပေါ်တွင် အလွန်လက်ရာမြောက်သော လက်စွပ်တစ်ကွင်း ရှိနေပြီး မိုဝူကျိက  ဤသို့မျိုး အဆင့်မြင့် ကျင့်ကြံသူ အပိုင် ဖြစ်သော လက်စွပ်အတွင်းမှ မည်သို့ အံ့ဖွယ်ပစ္စည်းများ ပါမည်ကို တွေးတောကြည့်နေမိသည်။

မိုဝူကျိက  တခြားသိုလှောင်လက်စွပ်ကို စပ်စုရန်  ရည်ရွယ်ချက် မရှိခြင်းကြောင့် မဟုတ်ဘဲ  သူ တွေ့လာသော အလောင်းများ၏ သတ်ဖြတ်ငွေ့များမှာ ကြီးကျယ်လွန်းနေ၍ ဖြစ်သည်။ သူက  အလောင်းတွေနား သွားချင်လျှင်ပင် မချည်းကပ်နိုင်ပေ။

သူက အလောင်းများဆီ  မချည်းကပ်နိုင်သော်လည်း  လက်စွပ်မှာ  လက်လှမ်းမှီသော နေရာတွင် ရှိပေသည်။

“ တာ့ဟွမ်  … အဲဒီလက်စွပ် ယူလို့ ရလား ဆိုတာ တစ်ချက် ကြည့်ပေး …. အတင်းမလုပ်နဲ့နော် ….”  မိုဝူကျိက တာ့ဟွမ်အား ထပ်ခါထပ်ခါ သတိပေးလိုက်ပြီး  လခြမ်းကွေး  ပုဆိန်လှံရှည်ကို ထုတ်ကာ တာ့ဟွမ်အား စောင့်ကြပ်ပေးလိုက်သည်။

တာ့ဟွမ်က “ အင်း” တစ်လုံး ပြောကာ  အလောင်းဘေးနားဆီ သတိတကြီး ချည်းကပ်သွားလိုက်သည်။ မိုဝူကျိက  တာ့ဟွမ် လက်ချောင်းများ  လက်စွပ်ဆီ ရောက်တော့မည်ကို  သတိကြီးစွာ  စောင့်ကြည့်နေသည်။

“ ဘုန်း ” တာ့ဟွမ် လက်ချောင်းများက လက်စွပ်ကို ထိခါနီးတွင် သတ်ဖြတ်ငွေ့များက  ကောင်းကင်တခွင် ထိုးတက်သွားပြီး တာ့ဟွမ်က  ရှော့တိုက်ခံလိုက်ရသည့်အလား  ကောင်းကင်အထိ  မြင့်တက်ကာ လွှင့်စင်သွားသည်။

မိုဝူကျိက  စိုးရိမ်ကာ အပြေးအလွှားသွားကြည့်လိုက်သည်။

တာ့ဟွမ် ရင်ဘတ်၌ လက်မဝက် နက်သော မြောင်းရာတစ်ခု ပေါ်လာပြီး တာ့ဟွမ်၏ စွမ်းအားများမှာ အင်မတန် အားလျော့သွားလေ၏။

မိုဝူကျိက  တာ့ဟွမ် ခန္ဓာကိုယ်ထဲ အစိမ်းရောင် ကျောက် အမြန်အဆန်  ထည့်ပေးလိုက်ပြီးနောက် တာ့ဟွမ်က တဖန် ပြန်လည် ရပ်လာနိုင်သည်

“ သခင်လေး  … အဲဒီသိုလှောင်လက်စွပ်က ယူဖို့ အတော်လေး ကြောက်ဖို့ ကောင်းတယ်။  ကျတော်ကို ထုလုပ်ခဲ့တဲ့ လူထက်တောင် အားကောင်းနေတယ် ”

“ ထားလိုက်ပါ  …  မယူတော့ဘူး  ” မိုဝူကျိက မြန်မြန် ပြန်ဖြေလိုက်သည်။ သူက အမှန်တကယ် မလိုချင်တော့ပေ။ တာ့ဟွမ်ပင် ယူ၍ မရသည့်အရာအား မေ့ပစ်လိုက်ရုံသာ တတ်နိုင်ပေသည်။  လက်စွပ်ကို ယူရန် ကြိုးစားမှုက အချည်းနှီး ဖြစ်သွားရုံသာမက  အကောင်းထက် အဆိုးက ပိုများနေသေးသည်။  အစိမ်းရောင် ကျောက်ကို ထုတ်သုံးလိုက်ရပြီး တာ့ဟွမ်လည်း အပြင်းအထန် ခံစားသွားရသည်။ သူ့တွင် တာ့ဟွမ်အတွက် အစိမ်းရောင်ကျောက် သုံးခုသာ ကျန်ရှိပေတော့သည်။

ထိုအစိမ်းရောင် ကျောက်သုံးခုလုံး ကုန်သွားသည်နှင့် တာ့ဟွမ်၏ ကာကွယ်မှုနှင့်အတူ မိတ်ဆွေ တစ်ယောက်လည်း ပျောက်ကွယ်သွားလိမ့်မည်။ မိုဝူကျိ စိတ်ထဲ၌  တာ့ဟွမ်ကို မိတ်ဆွေအဖြစ် ယူဆထားပေသည်။

သူ့သင်ခန်းစာကို ခက်ခက်ခဲခဲ သင်ယူပြီးနောက် မိုဝူကျိက  ဤနေရာရှိ မည်သည့်ပစ္စည်းကိုမှ လိုချင်စိတ် မရှိတော့ပေ။ သူက ထွက်လမ်းကိုသာ အာရုံစိုက် ရှာဖွေနေလိုက်သည်။

မိုဝူကျိနှင့် တာ့ဟွမ်တို့က  ခုနှစ်ရက်၊ ရှစ်ရက်ကြာ သွားလာစူးစမ်းနေကြသော်လည်း အရိုးစုများ၊ ရတနာများနှင့် သတ်ဖြတ်ငွေ့များသာ ရှိနေပြီး  ဤနေရာ၌ သတိလျော့ထား၍ မဖြစ်ချေ။

ဤရက်၌ မိုဝူကျိက  သိပ်သည်းလာသော အင်မော်တယ် စွမ်းအားအရိပ်အယောင်ကို အာရုံခံမိလိုက်သည်။ အတိအကျဆိုရလျှင်  အစိမ်းရောင်ကျောက်နှင့် တူသော စွမ်းအားအမျိုးအစားကို ခံစားမိလိုက်ခြင်း ဖြစ်၏။

“ တာ့ဟွမ် မင်းလည်း  မင်းရဲ့ အစိမ်းရောင်ကျောက်နဲ့ တူတဲ့  အင်မော်တယ်စွမ်းအားကို  ခံစားမိတယ်မလား ” မိုဝူကျိက သူ့ကိုယ်သူ  သံသယဝင်လာမိရင်း  တာ့ဟွမ်ဘက်သို့ လှည့်ကာ မေးလိုက်သည်။

တာ့ဟွမ်က  အသံတိုးတိုးဖြင့်  “ ဟုတ်တယ် ...  ကျတော်လည်း အဲလို ခံစားမိနေတယ်  အဲလိုလေး  … ”

တာ့ဟွမ်က  ‌ပြောရမည့် စကားလုံးအမှန်ကို ရွေးချယ်နေပြီး

“ ကြည့်ရတာ ကျတော်ကို အရင်ဆုံး  ထုလုပ်ခဲ့စဉ်က  စွမ်းအားလိုမျိုးပဲ  …. ဒါပေမဲ့  ဒီနေရာက စွမ်းအားက  ကျတော် ထွက်ထွက်လာချင်းလောက် အားမပြင်းဘူး ”

“ သွားစစ်ကြည့်ရအောင် ” မိုဝူကျိက  ခြေလှမ်းသွက်သွက် လှမ်းလိုက်သည်။

မိုဝူကျိနှင့် တာ့ဟွမ်တို့က  လျှောက်လှမ်းလာစဉ် အင်မော်တယ်စွမ်းအားများက ပိုပို၍ သိပ်သည်းလာပြီး ကြမ်းပြင်ပေါ်ရှိ  အလောင်းများလည်း ပိုပို၍ တိုးပွားလာသည်။ မိုဝူကျိနှင့် တာ့ဟွမ်တို့က  အတတ်နိုင်ဆုံး ရှောင်ကွင်းသွားပြီး  မှော်ရတနာက မည်မျှ အားကောင်းစေကာမူ မိုဝူကျိက  စိတ်ထဲ လုံးဝ မထည့်ပေ။

သုံးရက်အကြာတွင် မိုဝူကျိက လှေကားထစ်များကို မြင်၍ ရပ်တန့်လိုက်တော့သည်။

သဘောတရားအရဆိုလျှင် မိုဝူကျိက လှေကားထစ်များကို ရှာဖွေနေခြင်း ဖြစ်၏။ နတ်ဘုရားမျှော်စင်မှာ မျှော်စင် တစ်ခု ဖြစ်သောကြောင့် အထပ်များစွာ ရှိပေလိမ့်မည်။ သူသာ လှေကားများကို ရှာတွေ့သည်နှင့် ဤအထပ်မှ ထွက်သွားနိုင်လိမ့်မည်။ ထိုစဉ် မိုဝူကျိက  လှေကားကို မြင်မိ၍ ပျော်ရွင်မိသော်လည်း  တွေဝေကာ သံသယဝင်လာမိသည်။

သူ နတ်ဘုရားမျှော်စင်ထဲ ရောက်လာသည်မှ စ၍ အောက်ဆုံးအထပ်တွင် ရောက်နေသည် ဆိုခြင်းက ပုံမှန်ဖြစ်ရိုးဖြစ်စဉ် ဖြစ်ရာ   လှေကားထစ်များက  ဒုတိယအထပ်နှင့် ဆက်နွယ်ထားသည့် လှေကားထစ်များ ဖြစ်သင့်ပေသည်။  သို့သော်  သူ့ရှေ့မှ လှေကားထစ်များမှာ အောက်သို့ ဦးတည်နေပြီး သူ့စိတ်စွမ်းအားက  လှေကားထစ်များ အဆုံးတစ်ဖက်အား အာရုံမခံနိုင်ပေ။

သူက နတ်ဘုရားမျှော်စင် ထိပ်ဆုံးအထပ်တွင် ရှိနေတာလား  ….

မိုဝူကျိက သတိကြီးကြီးထားကာ  ထိပ်ဆုံးအထပ်အလား ၊ အောက်ဆုံးအထပ်လား ဟု  ဆက်၍ မစဉ်းစားတော့ဘဲ  ဤနေရာမှ မြန်မြန် လွတ်မြောက်ချင်သာ သိတော့သည်။

ဤအဆင့်ရှိ ပစ္စည်းများမှာ အံ့ဩဖွယ် ကောင်းသော်လည်း  တစ်ခုချင်းစီက အင်မော်တယ်လောက တစ်ခုလုံးကို အုတ်အော်သောင်းနင်း ဖြစ်သွားစေနိုင်သည်။ နှမြောစရာကောင်းသည်မှာ  ဤနေရာရှိ ပစ္စည်းအားလုံးမှာ သူ့အတွက် နဂါးဓားအလား လက်တွေ့မကျပေ။

လှေကားထစ်များဘေးတွင် ကြီးမားသော စွမ်းအားစုစည်းရေး အစီအရင် ရှိနေ၏။ မိုဝူကျိက  ဤအဆင့်ရှိ သဘာဝစွမ်းအားများမှာ အဘယ်ကြောင့်  အားနည်းနေကြောင်း  သတိပြုမိလိုက်သည်။ အကြောင်းမှာ စွမ်းအား အားလုံးမှာ  အစီအရင်နား စုစည်းနေခြင်းကြောင့် ဖြစ်၏။

မိုဝူကျိက  စွမ်းအားစုစည်းခြင်း အစီအရင်ကို ကြည့်ကာ  အစီအရင်အတွင်း အန္တရာယ်မရှိကြောင်း အတည်ပြုလိုက်နိုင်၏။ အတည်ပြုပြီးသည်နှင့်  အံ့ကို ကြိတ်ကာ  အစီအရင်ထဲ ခုန်ဝင်လိုက်သည်။

အင်မတန် သိပ်သည်းလှသော  သဘာဝစွမ်းအားများက  ထွက်ပေါ်လာပြီး မိုဝူကျိပင် အသက်ပြင်းပြင်း ရှုမိလိုက်သည်။ ဤနေရာမှာ ကျင့်ကြံဖို့ရာ အသင့်တော်ဆုံး ဖြစ်ပေသည်။ အကြောင်းမှာ  အစိမ်းရောင်ကျောက်မှ ပြောင်းလဲလာသော သဘာဝစွမ်းအားများ ဖြစ်နေ၍ ဖြစ်ပေသည်။

“ တာ့ဟွမ် …. ငါ ဒီမှာ ခဏကျင့်ကြံလိုက်ဦးမယ်။ အပြင်ဘက်မှာ ခဏစောင့်ပေးဦးနော် ” မိုဝူကျိက ဤအခွင့်အရေးအား မဖြုန်းတီးပစ်ရန် ဆုံးဖြတ်လိုက်သည်။

သူက ဤနေရာတွင် တစ်နှစ်တာ ကျင့်ကြံခြင်းက  တခြားနေရာတွင် ဆယ်နှစ်တာ သို့မဟုတ် နှစ်ရာချီ လေ့ကျင့်ခြင်းထက် ပို၍ သာပေလိမ့်မည်မှန်း မှန်းဆမိ၏။

မိုဝူကျိက အင်မော်တယ် မော်တယ် ပြောင်းပြန် ကျင့်စဉ်ကို စတင် ကျင့်ကြံလိုက်သည်နှင့်  ၁၀၈ ခု အသေးစား လှည့်ပတ်ခြင်းဖြင့်  အကြီးစား ဝိညာဉ်စွမ်းအား လှည့်ပတ်ခြင်းကို  ဖြစ်ပေါ်စေလိုက်သည်။ ဤနေရာတွင် ကျင့်ကြံခြင်း၏ အကျိုးအာနိသင်ကို လျော့တွက်ခဲ့မိကြောင်း  တွေ့ရှိလိုက်ရသည်။

ဤနေရာရှိ သိပ်သည်းသော  သဘာဝစွမ်းအားများကြောင့် မဟုတ်ဘဲ စွမ်းအားများမှာ  အဆင့်မြင့် အင်မော်တယ်ကျောက်မှ စွမ်းအားများနှင့် ယှဉ်လျှင်ပင် ပို၍ အဆင့်မြင့်နေ၍ ဖြစ်ပေသည်။ စွမ်းအားအလွှာမှာ အလွန်အမင်း သိပ်သည်းနေခြင်း မဟုတ်သော်လည်း  ထိုစွမ်းအားများမှာ  မိုဝူကျိ၏ ချီသွေးကြောများဆီ စီးဝင်သွားတော့သည်။  ချီသွေးကြော  ၁၀၈ လှည့်ပတ်ခြင်းကား ဤနေရာရှိ စွမ်းအားများကို ကောင်းကောင်း အသုံးမချနိုင်ပေ။

မိုဝူကျိက  ကျင့်ကြံနေစဉ်အတွင်း  ဘေးပတ်လည်မှ စွမ်းအားများကို  အပြည့်အဝ အသုံးမချနိုင်သည်မှာ  ပထမဆုံးအကြိမ် ဖြစ်၏။

အချိန်များက ကုန်ဆုံးသွားပြီး  မိုဝူကျိ၏ ကျင့်ကြံဆင့်မှာ  မဟာယီရှန်းအဆင့် ပြီးနောက်  အသည်းအသန်  မြင့်တက်သွားခြင်းမှာ ပထမဆုံးအကြိမ် ဖြစ်၏။

တစ်လအတွင်း  သူက  မဟာယီရှန်း အလယ်အလတ်အဆင့်မှ  မဟာယီရှန်း နောက်ပိုင်းအဆင့် ထိပ်ဆုံးအထိ တက်လှမ်းနိုင်ခဲ့သည်။

ခြောက်လအကြာတွင် မိုဝူကျိက  မဟာယီရှန်း ပြီးပြည့်စုံခြင်းအဆင့်ဆီ ရောက်ရှိသွားပြီး   မဟာကျီဆေးလုံး မသုံးလျှင်ပင်  သူက မဟာကျီရှန်းအဆင့်သို့ တက်လှမ်းနိုင်ပေလိမ့်မည်။

မိုဝူကျိက ကျင့်ကြံဆင့်ကို ရပ်လိုက်သည်။ သူက မဟာကျီရှန်းအဆင့်သို့  မည်သို့   ထူးထူးခြားခြား ဝင်ရောက်သွားနိုင်မည်နည်း။

ပုံမှန်အရဆိုရလျှင်  မဟာယီရှန်းအဆင့်မှ မဟာကျီရှန်းအဆင့် တက်လှမ်းခြင်းမှာ မိုးကြိုးစမ်းသပ်ချက် ခံယူသင့်သော်လည်း  သူက မိုးကြိုးစမ်းသပ်ချက်ကို မခံစားမိပေ။

ဤနေရာသို့ ဝင်ပြီးနောက် စိတ်အာရုံခြောက်ခြားစေသည့် နေရာတွင် ပိတ်မိနေသည်များလား ….

ထိုအတွေးဖြင့် မိုဝူကျိက ရပ်ကာ လက်သီးတစ်ချက် ပစ်ခွင်းကြည့်လိုက်သည်။

သူ့အင်မော်တယ်စွမ်းအားများက ယခင်ထက် အဆများစွာ အားကောင်းလာပေရာ မဟာကျီရှန်းအဆင့်၏ အင်အားအစစ်အမှန် ဖြစ်ကြောင်း ကောင်းကောင်း သိ၏။ သူ့အသိစိတ်ပင်လယ်ပင် အဆမတန် ကျယ်ပြန့်သွားလေပြီ။

သူက  အပြင်ဘက်တွင် စောင့်နေသော  တာ့ဟွမ်ကို ကြည့်လိုက်ရင်း  အကျပ်ရိုက်လာမိသည်။ သူက  ဤနေရာမှာ ထူးခြားနေခြင်းကြောင့် ဆက်၍ ကျင့်ကြံရမလား သေချာမသိတော့ပေ။ မှော်ရတနာအဆင့်နှင့် သတ်ဖြတ်ငွေ့များမှာ အလွန်ကြောက်ဖို့ ကောင်းပေရာ ကျင့်ကြံနှုန်းမှာ ပို၍ အံ့ဩဖို့ ကောင်းနေသေးသည်။

သူက  ထိုအရာအားလုံးကို လျစ်လျူရှထားလိုက်သော်လည်း အဓိကအချက်မှာ သူက  မိုးကြိုးစမ်းသပ်ချက် ခံယူလိုက်ရခြင်း မဟုတ်သလို  မဟာကျီဆေးလုံး မသောက်သုံးလိုက်ရခြင်းလည်း မဟုတ်ပေ။ သူက အမှန်တကယ် စိတ်အာရုံခြောက်ခြားမှုလား  သို့မဟုတ် ပုံရိပ်ယောင်လားဟု တွေးတောနေမိသည်။ သူ့အင်အားကို ထုတ်သုံးလိုက်သည့်အချိန်တွင်လည်း  ပုံရိပ်ယောင် မဟုတ်ကြောင်း သက်သေပြနေသည် မဟုတ်ပါလော။

ဆက်၍ ကျင့်ကြံရမည်လား ….

မိုဝူကျိက ထိုအတွေးဖြင့်  လှေကားထစ်များမှာ စတင်၍ မှိန်ဖျော့လာကြောင်း သတိထားမိလိုက်သည်။ မကြာခင်တွင် ပျောက်ကွယ်သွားတော့မည် ဖြစ်၏။

ထိုစဉ် မိုဝူကျိက  ဆက်၍ မကျင့်ကြံတော့ဘဲ လှေကားပေါ် ခုန်ချကာ  တာ့ဟွမ်အား လှမ်းအော်ပြောလိုက်သည်  “ တာ့ဟွမ် လိုက်ခဲ့တော့  … ငါတို့တွေ ထွက်သွားကြမယ် ”

ဤနေရာတွင် ကျင့်ကြံခြင်းက အကျိုးကျေးဇူးများသော်လည်း မိုဝူကျိက ကြာကြာမနေနိုင်ကြောင်း သိထား၏။  ဤသို့မျိုးနေရာမှာ သူ့အသက်အား အချိန်မရွေး နှုတ်ယူသွားနိုင်ပေသည်။

သူက လှေကားပေါ် ခုန်ချလိုက်ရင်း မိုဝူကျိက  လော့ကျမ်းစာရွက်ကို ထုတ်ရန် အသင့်ပြင်ထားလိုက်သည်။ သို့သော်လည်း  သူက  အတွေးလွန်နေကြောင်း  သတိပြုမိလိုက်သည်။ အကြောင်းမှာ လှေကားမှာ ဘေးကင်းပြီး တခြားသော သာမာန်လှေကားများနှင့် ကွာခြားမှု မရှိချေ။

မိုဝူကျိက  ရေတွက်လိုက်ပြီး  လှေကားထစ် တစ်ရာနောက်တွင် တာ့ဟွမ်နှင့် သူက မြေညီပြန့်သို့ ရောက်ရှိနေလေပြီ။

သူ့နောက်ကို ကြည့်လိုက်သည့်အခါ လှေကားများ ပျောက်ကွယ်သွားပြီ ဖြစ်ရာ  ပြန်သွားချင်လျှင်ပင် ပြန်၍ မရတော့ပေ။

မိုဝူကျိက  ပြန်မသွားနိုင်သည့်အချက်အား သိပ်ခေါင်းထဲ မထည့်ပေ။ အကြောင်းမှာ  ပြန်သွား၍  ဘာအကျိုးရှိမည်နည်။ သူက  အသုံးဝင်မည့် အရာတစ်ခုပင် ယူဆောင်နိုင်စွမ်း မရှိသေးချေ။ သူသာ သတိကြီးကြီးမထားပါက  အလွယ်တကူ အသက်ပျောက်သွားနိုင်ပေသည်။ ဤအထပ်လည်း  အန္တရာယ်များနှင့် ပြည့်နှက်နေလျှင် ဘယ်လိုလုပ်ရမလဲဟု တွေးပူနေမိသည်။

မုတ်ဆိတ်ဖြူ ငါးဖမ်းသမားကြီး ပြောသည့် အင်မော်တယ် ပိတ်လှောင်ရေး အစီအရင်က ဘယ်မှာလဲ  …. မဟုတ်လျှင်  နတ်ဘုရားမျှော်စင်ရဲ့ ဘယ်အထပ်မှာ ရှိတာလဲ  ….

မိုဝူကျိက အမှတ်အသားပြား နှစ်ခုကို ထုတ်ယူလိုက်သည်။ တစ်ခုမှာ အင်မော်တယ်ဖွေရှာ အမှတ်အသားပြား ဖြစ်ပြီး နောက်တစ်ခုမှာ လောကထိပ်သီး အမှတ်အသားပြား ဖြစ်၏။

သူက အင်မော်တယ်ဖွေရှာ အမှတ်အသားပြား ရရှိစဉ်က  ဤအမှတ်အသားပြားမှာ ကျီဖေးချင်ဟု အမည်ရှိ လူ ထားခဲ့သော အမှတ်အသားပြား ဖြစ်ကြောင်း တွေ့ရှိခဲ့သည်။  မိုဝူကျိက ကျီဖေးချင်သည် ထိုကောင်းကင်ဖွေရှာလှေကားအား မည်သည့်နေရာမှ ကောက်ယူလာပြီး ကျန်းရှင်း၏ ကောင်းကင်ဖွေရှာနန်းတော်တွင်  မည်သို့ ရှိနေကြောင်း မသိပေ။  ထိုအပြင်  မုတ်ဆိတ်ဖြူ ငါးဖမ်းသမားကြီးက  စောင့်ကြည့်နေသေး၏။

မုတ်ဆိတ်ဖြူ ငါးဖမ်းသမားကြီးက   မိုဝူကျိအား ကျီအား ကယ်တင်ပေးရန် တောင်းဆိုခဲ့သော  မျိုးရိုးနာမည်မှာလည်း ကျီ ဖြစ်၏။ နာမည်အပြည့်အစုံမှာ ကျီလီ ဖြစ်၏။  မိုဝူကျိက ကျီဖေးချင်နှင့် ကျီလီတို့  မည်သို့ ဆက်နွယ်နေကြောင်း မသိပေ။

မည်သို့ပင် ဆိုစေကာမူ  သူက နတ်ဘုရားမျှော်စင်ထဲ ရောက်နေပြီ ဖြစ်၍  တစ်ချက်ကြည့်ကြည့်ရမည်။  မိုဝူကျိက အကောင်းဆုံး ကြိုးစား၍ ရှာဖွေပေးမည်ဟု ကတိပေးထားခဲ့သည်။  နတ်ဘုရားမျှော်စင်မှာ  အင်မတန် အံ့ဩဖွယ် ကောင်းပြီး သူပင်  တစ်ပတ်လောက် လျှောက်ရုံဖြင့်  အကြိမ်များစွာ အသက်ဘေးနှင့် ကြုံတွေ့ခဲ့ရသေး၏။

All Chapters