လောကထိပ်သီး အမှတ်အသားပြား၏ လျို့ဝှက်ချက်
Vol. 47 Ch. 647
မိုဝူကျိက မည်သည့်နေရာသို့ သွားရမည်မှန်း တွေးတောနေစဉ် သူ့လက်ထဲရှိ လောကထိပ်သီး အမှတ်အသားပြားမှ မျက်စိစူးမတတ် အလင်းရောင် ထွက်ပေါ်လာသည်။ လောကထိပ်သီး အမှတ်အသားပြား အပေါ်ယံမျက်နှာပြင်၌ မီးတောက် လောင်ကျွမ်းနေသည့်အလား လျှပ်တစ်ပြက် အလင်းလိုမျိုး ပေါ်လာလေသည်။ တစ်ခဏအကြာတွင် မှိန်ဖျော့ဖျော့ အစိမ်းရောင်မျက်နှာပြင်မှာ ပျောက်ကွယ်သွားပြီး စကြဝဠာကြီး၏ တောက်ပနေသည့် မြင်ကွင်းကဲ့သို့ ပြောင်းလဲသွား၏။
မိုဝူကျိက သူ့လက်ထဲမှ နဂို ခံစားနေကျ ပူနွေးနွေး ခံစားချက်အစား အဆုံးမဲ့လှသော စကြဝဠာကြီး၏ စွမ်းအားများကို ခံစားမိလိုက်သည်။
ထိုစဉ် မိုဝူကျိက သူ့လက်ထဲတွင် စကြဝဠာတစ်ခုလုံး ရှိနေသကဲ့သို့ ခံစားနေမိ၏။
မိုဝူကျိ၏ စိတ်စွမ်းအားက လောကထိပ်သီး အမှတ်အသားပြားဆီ ကျရောက်လာသည့်အခါ ကျယ်ပြောမှုကို ခံစားမိလိုက်သည်။ လောက ထိပ်သီးအမှတ်အသားဟု ရေးထွင်းထားသော စာတန်းလေး နှစ်တန်းလေးက သူ့ရှေ့ရှိ ကျယ်ပြောလှသော စကြဝဠာကြီး၌ မျှောလွှင့်နေဟန် ပေါ်၏။
“ နတ်ဘုရားများ၏ တိုက်ပွဲ၊ ကြေကွဲ စကြဝဠာ”
ထို့နောက် မိုဝူကျိက လောကထိပ်သီး အမှတ်အသားပြားမှ နတ်ဘုရားမျှော်စင်၏ အနေအထားကို အာရုခံမိသွားသည်။ သူက နတ်ဘုရားမျှော်စင်တွင် အထပ်ပေါင်း ၃၆ ထပ် ရှိပြီး လက်ရှိ သူက ၃၅ ထပ်မြောက်တွင် ဖြစ်၏။
သူ့ခန့်မှန်းချက်မှာ မှန်ကန်ပေ၏။ သူက နတ်ဘုရားမျှော်စင်၏ ထိပ်ဆုံးအထပ်သို့ ဦးဆုံး ရောက်ရှိခဲ့ခြင်း ဖြစ်ပေသည်။
မိုဝူကျိက ၃၅ ထပ်မြောက်ရှိ လှေကားမှာလည်း အောက်ဘက်သို့ ဦးတည်သွားမည် ဖြစ်ကြောင်းနှင့် စွမ်းအင် စုစည်းရေး အစီအရင်မှာလည်း လှေကားအဝင်ဝ အနားတွင် ရှိလိမ့်မည်မှန်း မှန်းဆမိလိုက်သည်။
“ တာ့ဟွမ် …. စွမ်းအင် စုစည်းရေး အစီအရင်အပြင်ဘက်ကနေ လှေကားကို ကြည့်နေ … လှေကားအလင်းက မှိန်လာပြီဆိုရင် ငါ့ကို လာအကြောင်းကြားပေးနော် ” မိုဝူကျိက ပြောပြီးပြီးချင်း စွမ်းအင် စုစည်းရေး အစီအရင်ထဲ ဝင်ကာ စတင် ကျင့်ကြံလိုက်တော့သည်။
သူက ဤသို့မျိုး အခွင့်အရေးကောင်းကို လက်လွတ်ခံမည် မဟုတ်ပေ။ လတ်တလော သူက လှေကားထစ်များမှာ စွမ်းအင် စုစည်းရေး အစီအရင်အထဲရှိ သဘာဝစွမ်းအားများနှင့် ဆက်နွယ်နေလားဟု တွေးမိလာသည်။ သူ့မှန်းဆချက်မှာ သူ့အနေနှင့် စွမ်းအင် အမြောက်အမြား စတင် စုပ်ယူလိုက်သည်နှင့် လှေကားက မှိန်ဖျော့လာ၍ ဖြစ်သည်။
မိုဝူကျိက စွမ်းအင် စုစည်းရေး အစီအရင်အတွင်း ငါးလတာ လေ့ကျင့်ပြီးနောက် မဟာကျီရှန်း အလယ်အလတ်အဆင့်သို့ တက်လှမ်းခါနီးတွင် တာ့ဟွမ်က လှမ်းအော်ပြောလိုက်သည်။
မိုဝူကျိက ကျင့်ကြံခြင်းကို ရပ်လိုက်ပြီး သူ့အနေနှင့် ၃၅ ထပ်မြောက်မှ ၃၄ ထပ်မြောက်ဆီ ဦးတည်နေသော လှေကားမှာ ပျောက်ကွယ်လုနီးပါး ဖြစ်နေကြောင်း လုံးဝ သတိမမူမိပေ။
“ မဆိုးဘူး …. ငါတို့တွေ အခုဆင်းသွားရအောင် ” မိုဝူကျိက တာ့ဟွမ် ခေါင်းကို ပုတ်ကာ ပြောလိုက်ပြီး ၃၄ ထပ်မြောက်မှ ဆက်၍ ကျင့်ကြံရန် ဆုံးဖြတ်လိုက်သည်။
ထိုစဉ် မိုဝူကျိက နိုက်ဟော်မှာ အဘယ်ကြောင့် လောကထိပ်သီး အမှတ်အသားပြားကို အလိုရှိနေကြောင်း သိသွားပြီ ဖြစ်၏။ နိုက်ဟော်က ဤအရာကို သိနေလား ဟု မတွေးမိသော်လည်း လောကထိပ်သီး အမှတ်အသားပြားမှာ နတ်ဘုရားမျှော်စင်၏ ပုံကြမ်းသဖွယ် ဖြစ်နေပြီ အဝင်ပေါက်များနှင့် အထပ်တိုင်းရှိ ထွက်ပေါက်များပါ ပါဝင်ပေသည်။ နတ်ဘုရားမျှော်စင်မှာ အဆုံးမဲ့ ကျယ်ပြောလွန်းလှသောကြောင့် လောကထိပ်သီး အမှတ်အသားပြား မရှိလျှင် အထပ်တိုင်းကို အချိန်တိုအတွင်း ရှာနိုင်မည် မဟုတ်ချေ။
နိုက်ဟော်က လောကထိပ်သီး အမှတ်အသားပြားကို လိုချင်သည်မှာ နတ်ဘုရားမျှော်စင်အတွင်းရှိ ရတနာအမျိုးမျိုးကို ရယူဖို့ရာ ဖြစ်လိမ့်မည်။ မိုဝူကျိက စိတ်ထဲ သရော်မိလိုက်သည်။ သူ့အနေနှင့် လောကထိပ်သီး အမှတ်အသားပြားကို နိုက်ဟော်ဆီ ပေးလိုက်လျှင်ပင် သူမက နတ်ဘုရားမျှော်စင် ထဲရှိ ရတနာများကို ရယူနိုင်မည် မဟုတ်ပေ။
ဤအရာမှာ ရှေးဟောင်းတိုက်ပွဲနယ်မြေ ဖြစ်ပြီး အထပ်နိမ့်များတွင် သတ်ဖြတ်ငွေ့ လျော့ပါးနေခြင်းမှာ နတ်ဘုရားမျှော်စင် မကြာခဏ ဖွင့်လိုက်သည့်အချိန်မျိုး၌ ပစ္စည်းကောင်းများ ပါသွားပြီးသား ဖြစ်၍ ဖြစ်လိမ့်မည်။ အထပ်မြင့်များမှာ ယခင်က မပွင့်လာသေးသည့်အတွက် ကြောက်မက်ဖွယ် သတ်ဖြတ်ငွေ့များနှင့် ပြည့်နေခြင်း ဖြစ်ရာ တာ့ဟွမ်ပင် သိုလှောင်လက်စွပ်လေး တစ်ကွင်းအား မယူလိုက်နိုင်ချေ။ နိုက်ဟော်က ပစ္စည်းများကို ယူသွားနိုင်မှသာ ထူးဆန်းနေပေလိမ့်မည်။
ထိုရိုးရှင်းသည့် အကြောင်းပြချက်ကြောင့် တစ်ထပ်စီတိုင်း၌ ကျင့်ကြံရုံအပြင် မိုဝူကျိက မည်သည့်ရတနာကိုမှ ယူရန် စိတ်ထဲ မရှိပေ။
…………..…
မိုဝူကျိ နတ်ဘုရားမျှော်စင်ထဲ ဝင်လာသည်မှာ သုံးနှစ်ကြာမြင့်သွားပြီ ဖြစ်ရာ လက်ရှိ သူက ၁၉ ထပ်မြောက်မှ ၁၈ ထပ်မြောက်သို့ သွားရာ လှေကားအဝင်ဝတွင် ရပ်နေခြင်း ဖြစ်၏။ သူက ကျင့်ကြံခြင်းကို ခတ္တ မေ့လျော့ထားရမည်မှန်း သိလိုက်သည်။ တစ်ထပ်ချင်းစီရှိ သဘာဝစွမ်းအားများမှာ သိသိသာသာ နည်းပါးလာလေသည်။ ထို့အပြင် သူ တစ်ထပ်ချင်းစီ၌ ကျင့်ကြံသည့်အချိန်ပမာဏမှာ ပိုပို၍ နည်းပါးလာရာ ထိုသို့နည်းပါးလာခြင်းက လူများ ရှာဖွေနေကြသည့် အထပ်များနှင့် နီးကပ်လာကြောင်း သက်သေပြနေခြင်း မဟုတ်ပါလော။
သုံးနှစ်အတွင်း မိုဝူကျိက ရတနာ ပစ္စည်း တစ်ခုမှ မရရှိခဲ့သော်လည်း စိတ်မပျက်ပေ။ သုံးနှစ်အတွင်း သူက မဟာယီရှန်းအဆင့်မှ မဟာကျီရှန်း ပြီးပြည့်စုံခြင်းအဆင့်သို့ အောင်အောင်မြင်မြင် တက်လှမ်းနိုင်ခဲ့ပြီး မဟာလော့ရှန်းအဆင့် ရောက်ဖို့ရာ တစ်လှမ်းမျှသာ အလှမ်းကွာတော့သည်။
သူက အချိန်တိုလေးအတွင်း ဤမျှတိုးတက်လာခြင်းမှာ အင်မော်တယ်လောက၌ နှစ်သုံးဆယ်လောက် တံခါးပိတ် ကျင့်ကြံလျှင်ပင် ရရှိနိုင်သည့်ရာ မဟုတ်ပေ။ ထို့အပြင် သူက သုံးနှစ်တာ ကျင့်ကြံပြီးနောက် အင်မော်တယ်ကျောက်များလည်း ကျန်ရှိနေသေး၏။
သူ နားမလည်သည့် တစ်ခုတည်းသောအရာမှာ အဘယ်ကြောင့် ပထမထပ်ကို မဟုတ်ဘဲ ၃၆ ထပ်မြောက်ကို ပို့ဆောင်ခံလိုက်ရသနည်း။
မိုဝူကျိက တာ့ဟွမ်ကို ခေါ်ကာ ၁၈ ထပ်မြောက်သို့ ဆင်းလာလိုက်သည်။ လောကထိပ်သီး အမှတ်အသားပြား၌ အနီလိုင်း အပိုများ ထွက်ပေါ်လာပြီး ထိုအနီရောင် လိုင်းများက တည်နေရာတစ်ခုကို ညွှန်ပြနေသည်။
အင်မော်တယ် ပိတ်လှောင်ရေး အစီအရင်က ဒီအထပ်များလား …
မိုဝူကျိက အသွင်ပြောင်းဆေးလုံးကို ထပ်မသောက်သုံးထားသောကြောင့် သူ့နဂိုသွင်ပြင်အတိုင်း ပြန်ပြောင်းလဲသွားပြီ ဖြစ်၏။
ဤသို့မျိုး အထပ်နိမ့်များ၌ တခြားသော ကျင့်ကြံသူများနှင့် တွေ့နိုင်ခြေ ရှိလေရာ တာ့ဟွမ်က အရမ်းထင်းထွက်နေလွန်း၏။ သို့သော်လည်း သူက တာ့ဟွမ်အား အင်မော်တယ် ပိတ်လှောင်ရေး အစီအရင်ထဲ ခေါ်မသွားရဲပေ။ တာ့ဟွမ်ကို အတူတူ ခေါ်သွားပါက သူ့သွင်ပြင်ကို ဖုံးကွယ်နေစရာ မလိုအပ်ပေ။
မိုဝူကျိက အချိန်မဖြုန်းတော့ပေ။ အကြောင်းမှာ နတ်ဘုရားမျှော်စင် ပိတ်မည့်အချိန်ကို သူ မသိပေ။ အကယ်၍ နတ်ဘုရားမျှော်စင်ထဲ ရောက်ရှိပြီး မပိတ်ခင် အင်မော်တယ် ပိတ်လှောင်ရေး အစီအရင် ရှာမတွေ့လျှင် သူ့အနေနှင့် ပြက်လုံး ဖြစ်နေပေလိမ့်မည်။
ပုံရိပ်တစ်ချို့က မိုဝူကျိ၏ စိတ်စွမ်းအားထဲ ပေါ်လာကြသော်လည်း ဤအချိန်အခါ၌ မိုဝူကျိက သူတို့နှင့် ဆက်ဆံရန် အလိုမရှိပေ။ သူက လမ်းကြောင်းပြောင်းတော့မည့်ဆဲဆဲတွင် လူတချို့က သူ့ဘေး ရောက်လာကြပြီ ဖြစ်၏။
“ ဆေးလုံးဆရာမိုလား ” ကြည်လင် အံ့ဩသွားသည့် အသံကို ကြားလိုက်ရသည်။
မိုဝူကျိက ရယ်မောကာ
“ ဪ … စိမ်းစိုအင်မော်တယ် အိမ်တော်က ဂျုနီယာညီမလေး လောယွဲ့ကိုး … တွေ့ရတာ ဝမ်းသာပါတယ်။ ဒီ ၁၈ ထပ်ကို မြန်မြန် ရောက်လာလိမ့်မယ်လို့ ထင်မထားမိဘူး။ အားလုံးက အထပ်နိမ့်လောက်မှာ လေ့လာနေကြတုန်း ကျုပ် တစ်ယောက်တည်း ဒီရောက်နေတယ် ထင်နေတာ ”
အမျိုးသား နှစ်ယောက်နှင့် အမျိုးသမီး တစ်ယောက်တို့က မိုဝူကျိဆီ ရောက်လာကြခြင်း ဖြစ်၏။ အမျိုးသား တစ်ယောက်က အဝါရောင် ဝတ်စုံကို ဝတ်ဆင်ထားပြီး နောက်တစ်ယောက်မှာ အညိုရောင်ကို ဝတ်ဆင်ထားပေသည်။ အမျိုးသမီးမှာ ချင်းလောယွဲ့ ဖြစ်နေပြီး သူမ မိခင်မှာ မိုဝူကျိ အမြင်ကောင်းကောင်း ရှိထားသည့် ချင်းယန် ဖြစ်၏။
မိုဝူကျိက ချင်းလောယွဲ့မှာ အထက်ဘုံ၏ ရွေးချယ်မှုကို ခံထားရကြောင်း ကောင်းကောင်း သိ၏။ ဤနတ်ဘုရားမျှော်စင် ခရီးစဉ်အပြီးတွင် ချင်းလောယွဲ့က အထက်ဘုံသို့ သွားရောက်ကျင့်ကြံတော့မည် ဖြစ်ပေသည်။
“ ဟီးဟီး ” ချင်းလောယွဲ့က မိုဝူကျိ၏ စကားများကို ကြားသောအခါ မထိန်းချုပ်နိုင်ဘဲ အားရပါးရ ရယ်မောမိလိုက်သည်
“ ဆေးလုံးဆရာမို …. အခုဆို သုံးနှစ် ရှိနေပြီလေ …. နတ်ဘုရားမျှော်စင် မြေပုံနဲ့ လူတွေက ၁၈ ထပ်ကို ရောက်လာကြတာ ပုံမှန်ပဲလေ ”
ဤဆေးလုံးဆရာမိုက ကိုယ့်ဘာသာ အထင်ကြီးလွန်းပြီး သူတစ်ယောက်တည်း ၁၈ ထပ်မြောက်သို့ ယုံကြည်နေကြောင်း သူမက တွေးမိလိုက်သည်။ ထို့အပြင် သူမက မဟာလော့ရှန်း အစောပိုင်းအဆင့် ရောက်နေပြီ ဖြစ်ရာ မိုဝူကျိက မဟာလော့ရှန်းအဆင့်ပင် မရောက်သေးချေ။ ဘာကြောင့်များ သူမကို ဂျုနီယာညီမလေးဟု ခေါ်ဝေါ်ရသနည်း။
မိုဝူကျိ၏ ခန့်မှန်းချက်အတိုင်း လူအများစုမှာ မြေပုံ ရှိကြလေသည်။
“ ခင်ဗျားက မိုဝူကျိလား …. နယ်လှည့် ဆေးလုံးဆရာပေါ့ ။ တရားသူတော်စင်ကျောင်းရဲ့ မဟာခွန်ဗုဒ္ဓ မီးအိမ်ကို ခိုးဖို့ အခွင့်အရေးကို အရယူပြီးတော့ ကျော့ဖျင်အန်းကို မဟာဓားလမ်းစဉ်ဂိုဏ်းရဲ့ ဆာကျန်းကို သွားသတ်ခိုင်းလိုက်တာမလား … ” ပြောလိုက်သူမှာ အဝါရောင်ဝတ်စုံနှင့် အမျိုးသား ဖြစ်ပြီး မိုဝူကျိအနေဖြင့် ထိုအဝါရောင်မှာ ခွေးချီးပုံအလား အလွန်မသတီစရာ ကောင်းလှသည်။
အချုပ်အားဖြင့် ဤအမျိုးသားမှာ မျက်ခုံးစင်းစင်း၊ ဆံပင်ရှည်ရှည်ဖြင့် အလွန်ကြည့်ကောင်းလေသည်။ သူ့တစ်ကိုယ်လုံး၌ စွမ်းအင်များ လှည့်ပတ်နေပြီး နောက်ကျောတွင် ဓားမော့တစ်ချောင်း ရှိပေရာ ပို၍ မောက်မာဟန် ပေါ်သွားစေသည်။ သူ့ကျင့်ကြံဆင့်မှာလည်း အတော်လေး ကောင်းပြီး မဟာလော့ရှန်း နောက်ပိုင်းအဆင့် ရောက်ရှိနေပြီး အင်မော်တယ်ဘုရင်အဆင့် တက်လှမ်းခါနီး ဖြစ်၏။ ဤသို့မျိုး ရုပ်ရည်ဖြင့် ခွေးချီးအရောင် ဝတ်စုံကို မည်သို့ ရွေးချယ်ဝတ်ဆင်မှန်း စဉ်းစားမရပေ။
ချင်းလောယွဲ့က သူမ မိခင်ဆီမှ မိုဝူကျိ အကြောင်းများ ကြားဖူးပြီး အားကောင်းနေရုံမျှဖြင့် တခြားသူများထံ နှိမ်ချနေတတ်သော သူ မဟုတ်ကြောင်း ကြားထားဖူး၏။ လူများပြောစကားအရ ဤလူမှာ လွန်ချိုက်နှင့် ဆေးလုံးတာအိုအင်မော်တယ် မဟာမိတ်အဖွဲ့ခေါင်းဆောင်ကိုပင် ထွက်သွားဖို့ ပြောရဲသည့်သူ ဖြစ်ပေသည်။
ယခု သူမ တွဲဖက်က ဤသို့မျိုး ပြောလိုက်၍ မိုဝူကျိ စိတ်ဆိုးဒေါသထွက်မည်ကို စိုးရိမ်၍ မြန်မြန် ရှေ့တိုးကာ ပြောလိုက်၏
“ ဆေးလုံးဆရာမို … ကျမ မိတ်ဆွေတွေနဲ့ အရင်မိတ်ဆက်ပေးပါရစေ။ ဒါက နတ်ဘုရားအင်မော်တယ်နယ်မြေရဲ့အင်မော်တယ် ဓားလမ်းစဉ်ရဲ့ တောက်ဖုန်းပါ။
စီနီယာအစ်ကို တောက်ဖုန်းရဲ့ ဓားကြီး အရည်အချင်းက အတော်လေး ထူးချွန်တယ်။ အစကတည်းက အဲဒီအပေါ်မှာ အာရုံစိုက်ခဲ့တာဆိုတော့ မျိုးရိုးနာမည်ကိုတောင် တောက် လို့ ပြောင်းထားတယ်လေ။
စီနီယာအစ်ကိုတောက်ဖုန်း ဆေးလုံးဆရာမိုက တရားသူတော်စင်ကျောင်းကို သနားလို့ ဝင်ပြီး ကူညီပေးတာပါ မဟာခွန်ဗုဒ္ဓ မီးအိမ်ကြောင့် မဟုတ်ပါဘူး ”
ချင်းလောယွဲ့က စကားပြောကောင်းသူ မဟုတ်သောကြောင့် မိုဝူကျိက စုရှီကို မဟာခွန်ဗုဒ္ဓ မီးအိမ်ကြောင့် သတ်မည် မဟုတ်ကြောင်း ဆိုလိုချင်သော်လည်း အမှန်တကယ် ပြောလိုက်သည့်အခါ ထူးဆန်းနေပေသည်။
တောက်ဖုန်းက ခပ်ယဲ့ယဲ့ပြုံးကာ “ ဒီလောကကြီးထဲမှာ ဘယ်လိုလုပ် သေချာသိနိုင်မှာလဲ။ ဆေးလုံးဆရာမိုကို တွေ့မိပေမဲ့ ဂျုနီယာညီမစုရှီကိုတော့ မတွေ့ပါ့လား ”
မိုဝူကျိက ဤလူများနှင့် အချိန်ဆက်မဖြုန်းလိုသောကြောင့်
“ ခင်ဗျားပြောတာ မှန်တယ်။ ကျုပ်ဆီမှာ မဟာခွန်ဗုဒ္ဓ မီးအိမ် ရှိတယ် … ဒါပေမဲ့ ခင်ဗျားကို ပေးဖို့ ရည်ရွယ်ချက်တော့ မရှိဘူး။ ဂျုနီယာညီမလောယွဲ့ နောက်တစ်ခါမှ တွေ့ကြတာပေါ့ ”
မိုဝူကျိက ချက်ချင်း လှည့်ထွက်သွားလိုက်သည်။ မိုဝူကျိအနေဖြင့် သူက စုရှီကို ဒုက္ခပေးပြီး မဟာခွန်ဗုဒ္ဓ မီးအိမ်ကို ယူသွားသည့်အကြောင်း တောက်ဖုန်း ပြောသောအခါ စိတ်ထဲမထားပေ။ သူက မဟာခွန်ဗုဒ္ဓ မီးအိမ်မှာ သူနှင့်အတူတူ ရှိကြောင်း လူအများကို ယုံကြည်စေချင်သည်။
အကယ်၍ လူများက ယုံကြည်ကြလျှင် စုရှီကို အာရုံစိုက်မှု နည်းပါးသွားလိမ့်မည်။
“ ဆေးလုံးဆရာမို … အရင်တုန်းက ဓားမော့ကို သုံးတယ်လို့ ကြားတယ်။ ခင်ဗျားရဲ့ ဓားမော့တာအိုကို မြင်ခွင့် မပေးနိုင်ဘူးလား။
ခင်ဗျားရဲ့ အင်မော်တယ်အရုပ်က အံ့ဩဖို့ကောင်းမှန်း သိထားပါတယ်။ ခင်ဗျား အရုပ်ကို သုံးပြီး တိုက်ရင် ကျုပ် ရှုံးကြောင်း ဝန်ခံမှာပေါ့ ” တောက်ဖုန်းက မိုဝူကျိ ထွက်သွားတော့မည့်အကြောင်းကို ကြားသောအခါ မိုဝူကျိ လမ်းကို ပိတ်ထားလိုက်ရင်း ပြောလိုက်သည်။
မိုဝူကျိက တောက်ဖုန်းကို ဖြတ်သွားဖြတ်လာတစ်ယောက်ကဲ့သို့ ဆက်ဆံသော်လည်း ယခုတွင်မူ သူက ဤလူကို ဂရုတစိုက် ကိုင်တွယ်ဖို့ လိုအပ်နေလေပြီ။ မိုဝူကျိတွင် အင်မတန် အားကောင်းသော အရုပ် ရှိနေကြောင်း သိရက်နှင့် သူ့ကို အမှန်တကယ် စိမ်ခေါ်ရဲပေသည်။
“ ခင်ဗျားရဲ့ ဓားကြီးတာအိုက ထူးခြားလွန်းလို့ ငါ မသတ်ရဲဘူးများ ထင်နေလား ” မိုဝူကျိက တောက်ဖုန်းကို အေးအေးဆေးဆေး ကြည့်လိုက်သည်။
တောက်ဖုန်းက ရယ်မောကာ
“ ဆေးလုံးဆရာမိုက လျှပ်စီးဂိုဏ်းက အင်မော်တယ် ဧကရာဇ်ကို သတ်ရဲပြီးတော့ မဟာဓားလမ်းစဉ်ဂိုဏ်းရဲ့ အကြီးအကဲကို နတ်ဘုရားကောင်းကင်ချောက်နက် အဝင်ဝမှာ ပစ်ထားရဲမှတော့ ကျုပ်လိုမျိုး ပါးမွှားကို မသတ်ရဲဘူးဆိုတာ ဘယ်လိုဖြစ်နိုင်မှာလဲ။
ဒါပေမဲ့လည်း ကျုပ် အသတ်ခံလိုက်ရရင်တောင် ခင်ဗျားရဲ့ ဓားမော့တာအိုကို မျက်မြင်ကိုယ်တွေ့ ကြည့်ချင်သေးတယ်။ ခင်ဗျားရဲ့ ဓားမော့လျို့ဝှက်တိုက်ကွက် သုံးမျိုးအကြောင်းလည်း ကြားဖူးပါတယ် … ကျုပ် တားနိုင်လိမ့်မယ်လို့ မျှော်လင့်နေတုန်းပဲ …. ”
မိုဝူကျိက ဤလူမှာ ပေါသောနေသည့် စကားလုံးများကို သုံးပြီး အဘယ်ကြောင့် သူ့ကို ရန်စနေကြောင်း နားလည်သွားပေသည်။ ဤလူက သူနှင့် ဓားချင်းယှဉ်၍ လက်ရည်ပြိုင်နေခြင်းသာ ဖြစ်ပြီး ဤလူမှာ ဓားများကို ချစ်မြတ်နိုးသူ တစ်ဦး ဖြစ်ပုံ ပေါ်၏။
“ အဲဆိုလည်း ခင်ဗျားရဲ့ ဆန္ဒကို ဖြည့်ဆည်းပေးမယ် ” မိုဝူကျိက တာ့ဟွမ်ကို ဘေးဖယ်နေရန် ညွှန်ကြားလိုက်ပြီး လက်ကို မြှောက်လိုက်သည်နှင့် လခြမ်းကွေး ပုဆိန်လှံရှည်က ပေါ်လာလေ၏။ သူ မဟာယီရှန်းအဆင့်တွင် ရှိစဉ်က မဟာလော့ရှန်းအဆင့်နှင့် လက်ရည်တူ ယှဉ်ပြိုင်နိုင်လေ၏။ ယခု မဟာလော့ရှန်းအဆင့်သို့ ရောက်ရန် တစ်လှမ်းမျှ အလိုတွင် တောက်ဖုန်းနှင့် ရင်ဆိုင်ရန် အဘယ်ကြောင့် တာ့ဟွမ်အား လိုအပ်မည်နည်း။
“ မှော်ရတနာကို ပြောင်းလိုက်ပြီလား ” တောက်ဖုန်းက မိုဝူကျိ၏ လက်နက်မှာ လခြမ်းကွေး ပုဆိန်လှံရှည် ဖြစ်နေကြောင်း မြင်၍ မျက်မှောင်ကျုတ်ကာ မေးလိုက်သည်။
မိုဝူကျိက ရယ်မောကာ
“ တောက်ဖုန်း … ခင်ဗျားက ဓားကြီးမှာ ထူးချွန်တယ်ဆိုတာ မယုံနိုင်တော့ဘူး။
ကျုပ် မျက်စိထဲတော့ ဓားကြီးတာအိုကလည်း ပုဆိန်လှံရှည်တာအို၊ လှံတာအို၊ ဓားတာအို၊ အရာအားလုံးရဲ့ တာအိုပဲလို့ မြင်တယ်။ ခင်ဗျားရဲ့ မျက်လုံးထဲမှာ ဓားကြီး တစ်ချောင်းပဲ မြင်ပြီးတော့ တကယ့်အစစ်အမှန် ဓားကြီးတာအိုကို လျစ်လျူရှုထားတယ်။ အစစ်အမှန် ဓားကြီးတာအိုက ဓားတစ်လက်တင် မဟုတ်ဘဲနဲ့ သတ်ဖြတ်ခြင်း တာအိုပဲ ….”
တောက်ဖုန်းက မိုဝူကျိထံ လက်နှစ်ဖက် ယှက်ကာ “ ခင်ဗျားဆီက သင်ယူခဲ့ရပါတယ် … ဆေးလုံးဆရာမို ကျုပ် ဓားကို တစ်ချက် ကြည့်ပါဦး ”
တောက်ဖုန်း လက်ထဲမှ ဓားမှာ တုန်ခါလာပြီး အဆုံးမဲ့ သစ်ရွက်ဓားများသဖွယ် ပြောင်းလဲသွား၏။ ဆောင်းဦးလေက သစ်ရွက်များကို သယ်ဆောင်လာသည့်အလား ခံစားမိလိုက်သည်။ ထိုသစ်ရွက်များမှာ အန္တရာယ်ကင်းဟန် ပေါ်သော်လည်း ရုတ်ချည်း ဆိုသလို ဓားအငွေ့အသက်များအဖြစ် ပြောင်းလဲသွားပြီး နေရာတစ်ခုလုံးကို ပိတ်ဆို့ထားလိုက်သည်။
မိုဝူကျိလည်း အလေးအနက် ပြောင်းလဲလာကာ တောက်ဖုန်း၏ ဓားတာအိုမှာ ဤမျှအဆင့်မြင့်နေလိမ့်မည်ဟု မထင်ထားပေ။ ဤသို့မျိုး သစ်ရွက်ကြွေဓားဟန်က သင်ယူလို့ ရသည့်အရာ မဟုတ်ဘဲ သူ့ကိုယ်ပိုင် ဉာဏ်အလင်းပွင့်လာသော ဓားကြီး တာအိုလျို့ဝှက်ပညာရပ်တစ်ခုသာ ဖြစ်ပေလိမ့်မည်။