အမှိုက် ၅ စနဲ့ အမှိုက်အဖွဲ့လိုက်
Vol. 2 Ch. 35
ပေထင်းဟွမ်သည် အသံထွက်ရယ်မိမလိုပင်ဖြစ်သွားသည်။ မိုးပေါ်ရှိ ဘုန်းတော်ကြီးငါဦး၏ မျက်နှာထားများသည် ထူးဆန်းသွားသည်။ သူတို့သည် ထိတ်လန့်သဖြင့် လှုပ်မရသည့် စက္ကူပိုင်းတစ်စလိုဖြစ်နေသည်။
တခြားလူကို အမှိုက်ဟုခေါ်သူများသည် နောက်ဆုံးတွင် သူတို့ကိုယ်တိုင် လည်းအမှိုက်ဖြစ်လာသည်။
ဒါထက် ရယ်ရတာရှိသေးလို့လား။
ညအရှင်သခင်သည် ဤကဲ့သို့လျှာစောင်းထက်လိမ့်မည်ဟု သူမ မမျှော်လင့်ထားပေ။
ချုံချီနှင့် တခြားသုံးယောက်လည်း ရယ်ချင်စိတ်ကိုအောင့်ထားရသည်။ နောက်ဆုံးတွင် မနေနိုင်တော့ဘဲ ရယ်မိတော့သည်။ ပေထင်းဟွမ် ခေါင်းလှည့် ကြည့်ရာ သူတို့လေးယောက်သည် ခေါင်းငုံ့ထားသည်ကို မြင်လိုက်ရသည်။ မျက်နှာများကို မမြင်ရသော်လည်း သူတို့၏ပခုံးများမှာ လှုပ်ခါနေသည်။ သူတို့ သည် ခက်ခက်ခဲခဲပင် အောင့်ထားရသည်မှာ သိသာလွန်းသည်။
“ညအရှင် စကားကို သတိထားပြောပါ” ခေါင်းဆောင်ဘုန်းတော်ကြီး၏ မျက်နှာသည် မည်းနက်နေသည်။ စီရင်ချက်ဗိမာန်သည် ဤတိုက်ကြီးတွင် အားလုံး၏ကိုးကွယ်ရာဖြစ်ကာ ဤကဲ့သို့ အရှက်မကွဲဖူးပေ။
ကြေးစားသမားများသည် မြေပေါ်တွင် ပြားပြားဝပ်ကာ သူတို့ကို အရိုအသေပေးနေရသည် မဟုတ်ပါလား။
ညအရှင်သည် လက်ဆန့်ပြီး ပေထင်းဟွမ်ကို သူ့ရင်ခွင်ထဲထည့်လိုက် သည်။ သူသည် သူမအား မိုးပေါ်သို့ခေါ်သွားသည်။ ထိုမြင်ကွင်းကိုမြင် သောအခါ ချုံချီနှင့်တခြားသူများသည် အံ့အားသင့်သွားကြသည်။ ပုံမှန်ဆို တခြားလူနဲ့ သုံးပေအကွာမှာနေတတ်တဲ့ ညအရှင်က လူငယ်တစ်ယောက်ကို ချီသွားတာလား။ ညအရှင်သည် အသက် ၂၀ ဦးပိုင်းသာရှိသေးသည်။ ဧကရာဇ် သည် သူ့အတွက် ကြင်ယာတော်ရွေးပေးရန် အကြိမ်ပေါင်းများစွာကြိုးစားခဲ့ဖူး သော်လည်း သူငြင်းဆန်ခဲ့သည်။ ထို့သို့ဖြစ်ရခြင်းမှာလည်း ပါရမီရှင်ဖြစ်သည့် ညအရှင်နှင့် အင်ပါယာတစ်ခုလုံးမှ မျိုးရိုးမြင့်မိန်းကလေးများသည် မတန်၍ဟု သူတို့ အစကထင်ထားကြသည်။ ညအရှင်ရဲ့ ဝါသနာက ထူးဆန်းနေလိမ့်မယ် လို့ သူတို့ထင်မထားဘူးပဲ။
သူသည် တိမ်တိုက်ကိုစီးနေသည့်အလား တိုက်ကြီးတစ်ခုလုံးကို အပေါ် စီးမှကြည့်နေသည်။ နေဝင်တောသည် မိုင်ပေါင်းထောင်ချီ ကျယ်ပြန့်သည်။ မြင့်မားပြီး ခမ်းနားထည်ဝါသည့် လော့ပေမြို့သည် သူ့ခြေရင်းအောက်တွင် ရှိနေသည်။ ထိုခံစားချက်သည် အလွန်ပင်မိုက်လွန်းသည်။
ဤသည်မှာ ခွန်အားရှိခြင်း၏ ဆွဲဆောင်မှုပင်ဖြစ်သည်။ သူသည် လေဟာနယ်ထဲတွင် စိတ်ကြိုက်လျှောက်နိုင်သည်။ ပေထင်းဟွမ်သည် အလွန် စိတ်လှုပ်ရှားမိသည်။ သူမသည် ယောက်ျားသားတစ်ယောက်၏ ရင်ခွင်ထဲ ရောက်နေသည်ဟု မခံစားမိပေ။ ဆန့်ကျင်ဘက်အနေနှင့် သူမသည် ပျော်ရွှင်စွာ ဖြင့် ဘယ်ညာကြည့်လာသည်။
“ပျော်လား” မင်းသားသည် ရင်ခွင်ထဲမှ အရာလေးကို ပြုံးပြီးမေးလေ သည်။
“အင်း ပျော်တယ်” သူမသည် ပျော်ရွှင်မှုကို မဖုံးကွယ်ပေ။
သူမသည် ပေထင်းဟွမ်ဖြစ်သည်။ ကြယ် ၅ ပွင့်ဝိညာဉ်သခင်မှ သူမကို အထင်သေးလျှင်တောင် ပေထင်းဟွမ်သည် ဟန်ဆောင်နေမည်မဟုတ်ပေ။ တစ်နေ့တွင် သူမသည် ကိုယ်ပိုင်အစွမ်းအစနှင့် သူတို့အဆင့်ထိရောက်ရမည်။
ထို့ကြောင့် သူမသည် မရှက်ပေ။
စီရင်ချက်ဗိမာန်မှ အကြီးအကဲ ငါးဦးသည် ပေထင်းဟွမ်အား လျစ်လျူရှု ကာ ပြောလေသည် “ညအရှင်သခင်က ဥပျောက်သွားတယ်လို့ကြားတယ်.. ဒီတောထဲမှာ မင်းသားရဲ့ ရှာဖွေရေးကိုကူညိဖို့ နတ်သခင်က စီရင်ချက်ဗိမာန်က ဝိညာဉ်သခင် တစ်ရာကျော်ပို့ပေးလိုက်ပါတယ်”
ပေထင်းဟွမ်သည် စခန်းချရာနေရာသို့ကြည့်လိုက်ရာ စီရင်ချက်ဗိမာန်၏ ဝိညာဉ်သခင်များသည် တဲအလယ်မှကြေးစားများအားလုံးကို နှင်ထုတ်နေသည် ကို မြင်လိုက်ရသည်။ နတ်ဘုရားဆိုသည့် နာမည်နှင့် သူတို့သည် တခြားသူများ ရထားသည့် ပိုင်နက်ကို အပိုင်သိမ်းနေသည်။ စီရင်ချက်ဗိမာန်က တကယ်ကို မောက်မာတာပဲ။
“စီရင်ချက်ဗိမာန်က ကောင်းကင်နဲ့မြေကြီးရဲ့ စည်းမျဉ်းတွေကို ကာကွယ် ပေးနေတဲ့ အဖွဲ့အစည်းတစ်ခုသာသာပဲ.. သူတို့က နတ်ဘုရားရဲ့ အလိုတော်ကို ကာကွယ်ပြီး နတ်ဘုရားရဲ့ ဘုန်းသရေကို ကိုယ်စားပြုတယ်”
ယန်ယဲ့၏ စိတ်နှင့်ပြောလိုက်သော အမှာစကားသည် ပေထင်းဟွမ်၏ စိတ်ထဲသို့ ရောက်လာသည်။ ထိုသို့ဆိုတောင် စီရင်ချက်ဗိမာန်၏ ပုံရိပ်သည် သူမ၏ စိတ်ထဲတွင် မှေးမှိန်နေလေပြီ။ တကယ်တော သူမသည် ဤကဲ့သို့ အဖွဲ့အစည်းကို မုန်းသည်။
သူမသည် နတ်ဘုရားဆိုသည်ကို မယုံကြည်ပေ။ ၂၁ ရာစုတွင် ဗုဒ္ဓဘုရား ရှင်သည် ထိုသို့ပြောခဲ့သည် “နတ်ဘုရားသည် အနာဂတ်လူများဖြစ်ကာ လူများ သည် နတ်ဘုရား၏အတိတ်ဖြစ်သည်”
ဥရှာဖို့ မင်းသားကို ကူညီမယ်ဟုတ်လား။ ထိုလူငါးဦး၏ သဘောထားကို အကဲခတ်ကြည့်ရာ စီရင်ချက်ဗိမာန်သည်လည်း ဥကို မျက်စိကျနေသည်ဟု ပေထင်းဟွမ် ထင်သည်။ ထို့အပြင် ညအရှင်အိမ်တော်သည် ဥရှာတွေ့လျှင် ဆုအဖြစ် မှော်သားရဲကို ထိန်းကျောင်းပေးမည်ဟု ပြောခဲ့သည်။
ညအရှင်သည် ရယ်မောလိုက်သည်။ ထိုရယ်သံမှာ လှောင်နေသည်နှင့် ပိုတူသည် “နတ်သခင်.. ကျွန်တော့်ကို လျှော့တွက်နေသလိုပဲ.. အဲဒီဥကို ရှာရုံ လောက်နဲ့တော့ အသုံးမကျတဲ့ လူငါးယောက်မလိုပါဘူး”