← Chapters

မင်းကို သတ်ဖို့ ရောက်နေတာ

Vol. 47 Ch. 648

မင်းကို သတ်ဖို့ ရောက်နေတာ

Vol. 47 Ch. 648

မိုဝူကျိက လခြမ်းကွေး ပုဆိန်လှံရှည်ဖြင့် ကာဆီးလိုက်ပြီး  ပုဆိန်လှံရှည် အလင်းတန်းကို ပစ်လွတ်လိုက်သည်။

အကယ်၍ တောက်ဖုန်း၏ ဓားအလင်းတန်းက ဝေဟင်ယံမှ ကျလာသော သစ်ရွက်များကဲ့သို့ ဖြစ်နေလျှင် မိုဝူကျိ၏ ပုဆိန်လှံရှည်အလင်းတန်းမှာ  ကျောက်စရစ်များကို ဖြတ်သန်းလာသော လေကြမ်းကဲ့သို့ ဖြစ်၏။

သစ်ရွက်ကြွေများက ခိုးကိုးရာမဲ့ ဆောင်းဦးအငွေ့အသက်များကို ဆောင်ကျဉ်းလာသော်လည်း  ကျောက်စရစ်များက  ကြီးမားခမ်းနားသော  သဲကန္တာရ တစ်ခုလုံးကို သိမ်းကျုံးလာသည့်အလား ဖြစ်နေသည်။

နှစ်ဖက်လုံးက စွမ်းအားစက်ကွင်းများ ထုတ်မသုံးထားသောကြောင့်  တိုက်ပွဲ မဟုတ်ဘဲ   ဓားကြီးတာအိုနှင့် ပုဆိန်လှံရှည် တာအိုကြားမှ  ယှဉ်ပြိုင်ပွဲတစ်ခုသာ ဖြစ်နေသည်။

“ ဘုန်း ”  သစ်ရွက်ကြွေများက  မဟာသဲကန္တာရနှင့် တွေ့ဆုံသွားသည့်အခါ  ကောင်းကင်တစ်ခုလုံးမှာ  အလင်းတန်းများနှင့် ပြည့်နှက်ဖုံးလွှမ်းသွားသည်။ သတ်ဖြတ်ငွေ့များက  နေရာအနှံ့ ပြန့်နှံ့လာပြီး  ကောင်းကင်အပြည့် ဖြစ်နေသော  သစ်ရွက်ကြွေများမှာ  ဓားငယ်လေးအဖြစ် ပြောင်းလဲသွားစဉ်  မဟာသဲန္တာရမှာ ပျောက်ကွယ်သွားပြီး သစ်ရွက်များနှင့် ရင်ဆိုင်တွေ့လာသည်။

တောက်ဖုန်း၏ မျက်လုံးများက လင်းလက်လာပြီး  ထိုအရာမှာ သူအလိုရှိနေသော လျို့ဝှက်ပညာရပ်မျိုး ဖြစ်၏။  သူ့လျို့ဝှက်ပညာရပ်မှာ ခမ်းနားကြီးကျယ်မှုနှင့် ရက်စက်မှု ပျောက်ဆုံးနေပြီး  သူ ထုတ်လွှင့်လိုက်သည်နှင့် အလွန်ညံ့ဖျင်းသော  တိုက်ကွက် ဖြစ်သွားတတ်၏။  မိုဝူကျိ၏ မဟာသဲကန္တာရမှာ  ခမ်းနားပြီး  သူ လိုချင်သည့် အရာနှင့် ကွက်တိ ဖြစ်၏။

ယနေ့  သူ   အလိုအပ်ဆုံး ဖြစ်နေသည့်အရာကို ရရှိလိုက်သော နေ့ရက် ဖြစ်ပေသည်။

ထိုစဉ်  အပြင်ဘက်ရှိ ကျင့်ကြံသူများပင်  ယှဉ်ပြိုင်မှုမှ   အရိုးကွဲလုမတတ်  ထုတ်လွှင့်နေသော စွမ်းအင်မျိုးကို ခံစားမိလိုက်ကြ၍ နောက်ဆုတ်လိုက်ကြသည်။

တောက်ဖုန်း၏ စိတ်လှုပ်ရှားမှုမှာ ထွက်ပေါ်လာပြီး  ပုဆိန်လှံရှည် အလင်းတန်း  ပေါက်ကွဲမှုကြောင့် သူ့အဝတ်များ စုတ်ပြဲသွားကာ   ခန္ဓာပေါ်တွင် ဒဏ်ရာများ ရသွားသော်လည်း  သူက  မမြင်သကဲ့သို့  ပြုမူနေသည်။ သူက ရှေ့ဆက်တိုးလာကာ  ဓားကြီးကို အထဲမှ အပြင် ဝှေ့ယမ်းလိုက်လေ၏။

“ ဆောင်းအရိပ် ဓားချက် …”     ဓားကြီးက  သတ်ဖြတ်ငွေ့များနှင့်အတူ  အေးစိမ့်စိမ့် ဖြစ်လာပြီး  ကမ္ဘာကြီး ငိုကြွေးနေသကဲ့သို့ ထောင့်ဖြတ် ဓားချက် ကျရောက်လာသည်။

ထောင့်ဖြတ် ကျရောက်လာသော ဓားချက်မှာ  နေရာတစ်ခုလုံးကို လေးပိုင်း ပိုင်းခြမ်းပစ်လိုက်၏။

နေရာတစ်ခုလုံး၌  အေးစိမ့်စိမ့် စွမ်းအားများ ဖုံးလွှမ်းသွားသည်။ အကယ်၍ တောက်ဖုန်း၏ ပထမဓားချက်မှာ  ဆောင်းဦးရွက်ကြွေ ဓားချက် ဖြစ်လျှင်  ဒုတိယဓားချက်မှာ  ဆောင်ဦးကြွေကွဲအရိပ် ဓားချက် ဖြစ်လိမ့်မည်။

အာကာသ အက်ကွဲကြောင်း တိုက်ခိုက်မှုမျိုးအောက်၌  အရာအားလုံးမှာ  ထိုဓားချက်ကြောင့် တစစီ ဖြစ်သွားလိမ့်မည်။ ဓားချက်မှာ ရေခဲတမျှ အေးစက်နေပြီး ရိုက်ချက်မှာလည်း တစ်ဖက်လူအပေါ် ညှာတာမှု မရှိချေ။

ထိုအရာမှာ  သူ့ကိုယ်ပိုင် ဓားကြီး တာအို ဖြစ်၏။ ထိုစဉ် မိုဝူကျိက  လခြမ်းကွေး ပုဆိန်လှံရှည်ကို ဝှေ့ယမ်းလိုက်သည့်အခါ  သဲကန္တာရက ပျောက်ကွယ်သွား၏။

သူ့ပထမ ပုဆိန်လှံရှည် ဓားချက်မှာ  အောက်မှ အပေါ် တိုက်ခိုက်မှု ဖြစ်သော်လည်း ယခုတွင်မူ သူ့ပုဆိန်လှံရှည်အလင်းချက်က  အပေါ်မှ အောက်ဘက်သို့ ကျရောက်လာသည်။ ပုဆိန်လှံရှည် ဝှေ့ယမ်းလိုက်သည်နှင့် အလင်းတန်း မဟုတ်တော့ဘဲ  ငွေရောင်မြစ်တစ်စင်း ဖြစ်သွားသည်။

ငွေရောင်မြစ်မှာ လောင်းချခံလိုက်ရသည့်အလား  နေရာတစ်ခုလုံးကို ဝါးမျိုပစ်ဖို့ရာ ကြိုးစားနေသည်။

“ ဘုန်း ဘုန်း ဘုန်း ” တိုက်ကွက်နှစ်ခု ထိပ်တိုက်တွေ့ဆုံသည့်အခါ  ကောင်းကင်တခွင်  ပေါက်ကွဲမှုများဖြင့် ပြည့်နှက်သွား၏။ ဓားကြီး အလင်းတန်းမှာ ပျောက်ကွယ်သွားပြီး  ပုဆိန်လှံရှည် အရိပ်မှာလည်း စတင်၍  ပြိုကွဲလာသည်။

ဆောင်းဦးကြေကွဲ  ရိုက်ချက်က   လုံးဝ လွမ်းမိုးခံလိုက်ရပြီး သူတို့ ခံစားလိုက်ရသည်မှာ ကျယ်ပြောမှုနှင့် ခမ်းနားမှုသာ ဖြစ်၏။

“ ဝုန်း  ” တောက်ဖုန်း၏ လက်မှာ မိုဝူကျိ၏ ပုဆိန်လှံရှည် တန်ပြန်တိုက်ကွက်ကြောင့် ပေါက်ကွဲထွက်သွားသော်လည်း  စီးဆင်းလာသည့် ငွေရောင်မြစ်ကိုသာ ကြောင်အမ်းအမ်း စိုက်ကြည့်နေမိသည်။ ဤပုဆိန်လှံရှည်မှာ  သူ့ဆောင်းဦးအရိပ် ဓားချက်ကို  လုံးဝ လွှမ်းမိုးသွားပြီး ငွေရောင်မြစ်တစ်စင်းအဖြစ် ပြောင်းလဲလိုက်ပေသည်။

သူ့ပထမ ဓားချက်ကဲ့သို့  ဒုတိယဓားချက်မှာလည်း မိုဝူကျိထံ ရှုံးနိမ့်သွားလေရာ  သူတို့က အဆင့်တူပင် မဟုတ်ချေ။

ဘေးမှာ ရပ်ကြည့်နေသည့် ချင်းလောယွဲ့၏ မျက်လုံးများက လင်းလက်လာ၏။ တောက်ဖုန်းက ပထမဓားချက် ထုတ်လွှင့်လိုက်စဉ်တွင် ဤသို့ ကြောက်မက်ဖွယ် တိုက်ခိုက်မှုမျိုးနှင့် ရင်ဆိုင်ရသည့်အတွက် မျက်ရည်ဝဲလုမတတ် ဖြစ်သွားသည်။ မိုဝူကျိအနေနှင့်  သွေးကို စတေးရုံမှအပ ဘာမှမလုပ်နိုင်ကြောင်း တွေးထင်မိခဲ့သည်။  သူမက  မိုဝူကျိအနေနှင့်  မည်သို့ ခုခံလိုက်မှန်း မသိလိုက်သလို  ကပ်သီလေး  ရှောင်လိုက်ခြင်းဟုလည်း ထင်မှတ်ခဲ့မိသည်။

သို့သော်လည်း  သူမက မိုဝူကျိ၏  ငွေရောင်မြစ်ကြီး စီးကျလာသည်ကို မြင်သောအခါ သူမ မှားယွင်းသွားကြောင်း သိလိုက်၏။ ကြက်သီးထစရာ  ဓားချက်နှင့် ယှဉ်လျှင် မိုဝူကျိ၏ တိုက်ခိုက်မှုမှာ ပိုမို ကြီးကျယ်ခမ်းနားပေသည်။

ထိုအရာမှာ အစစ်အမှန် တာအို ဖြစ်နိုင်သလို  ဓားကြီးတာအို သို့မဟုတ် ဓားတာအိုလည်း ဖြစ်နေနိုင်သည်။

တောက်ဖုန်းက အရှက်ကွဲခံပြီး ထွက်ပြေး၍ ရသော်လည်း သူက ငွေရောင်မြစ်  ကျရောက်လာသည်ကိုသာ  တောင့်ခံဖို့ ရွေးချယ်ခဲ့သည်။ အကယ်၍ သူသာ ဤသို့မျိုး လျို့ဝှက်ပညာရပ်အောက်၌ သေသွားခဲ့လျှင် သူ့အနေနှင့် ကံကောင်းသည်ဟုပင် ယူဆ၍  ရပေသည်။ သူက  ဤသို့မျိုး လျို့ဝှက်ပညာရပ်မျိုး ဉာဏ်အလင်းပွင့်ဖို့ရာ အချိန်မရတော့သည့်အတွက် နောင်တအနည်းငယ် ရမိ၏။

“ ဝုန်း ” အင်မော်တယ်စွမ်းအားများကို ပြန်လည် ရုတ်သိမ်းပြီးနောက်  မိုဝူကျိ၏ ပါးစပ်ထောင့်၌ သွေးစီးကျလာသည်။

သူ့လခြမ်းကွေး ပုဆိန်လှံရှည်မှာ လေထဲ၌ ရပ်တန့်သွားကာ  မိုဝူကျိပင် ပြောစရာမဲ့သွားလေ၏။ ဤတောက်ဖုန်း ကောင်လေးက အတော်လေး မဆင်မခြင် ပြုမူလွန်းပေသည်။ သူ့ပုဆိန်လှံရှည်မှာ အားကောင်းသော်လည်း  တောက်ဖုန်းကို သတ်နိုင်လောက်သည့်အထိ အားမကောင်းသေးပေ။ သို့သော် ဤကောင်လေးက ပုဆိန်လှံရှည် လျို့ဝှက်တိုက်ကွက်အား  ခံစားနိုင်စေရန်   သူ့တိုက်ခိုက်မှုကို မရှောင်ဖို့ရာ ရွေးချယ်ခဲ့သည်။

သူက တောက်ဖုန်းကို သတ်ရန် မရည်ရွယ်ထားသည့်အတွက် ပုဆိန်လှံရှည်ကို  အတင်းရပ်တန့်လိုက်ရသည်။ မဟာလော့ရှန်းအဆင့်နှင့် ရင်ဆိုင်ရသည်က အမှန်တယ် စိတ်ဓာတ်ကျစရာ ကောင်းသော်လည်း  မိုဝူကျိက တစ်ဖက်လူကို ဒဏ်ရာမပေးလိုက်ဘဲ သူ့ဘာသာ နာကျင်စေမိခဲ့သည်။

“ ပုဆိန်လှံရှည်ကောင်းလေးပဲ ” တောက်ဖုန်းက  ပုဆိန်လှံရှည်ကို မြင်သောအခါ  ကျေကျေနပ်နပ် ချီးကျူးလိုက်ပေ၏။  မိုဝူကျီအား ကျေးဇူတင်မည့်အစား သူ့ပုဆိန်လှံရှည်ကို ချီးကျုးဖို့ရာ ရွေးချယ်လိုက်သည်။

မိုဝူကျိက ပုဆိန်လှံရှည်ကို သိမ်းလိုက်ပြီး   “ မင်းဘာသာ သေချင်နေရင်လည်း ငါ့ကို လာမရှာသင့်ဘူး  …. ငါ့ဘာသာတောင် ပြဿနာတွေ တောင်လိုပုံနေတာ  ”

တောက်ဖုန်းက မိုဝူကျိ ပြောနေသည့်စကားများကို   မသိသည့်အလား ပြုမူရင်း  ဆက်ပြောလိုက်သည်

“ တတိယ ဓားချက်  ရှိသေးတယ်လို့ ကြားထားတယ် …. အာ  ကျုပ် ပြောတာ တတိယမြောက် ပုဆိန်လှံရှည်တိုက်ကွက် ပြောတာ  … ဘာလို့ ထုတ်မသုံးတာလဲ  ”

မိုဝူကျိက ဤသို့မျိုးလူကို ဘာများ ပြောနိုင်မည်နည်း …..

သူက ကိုယ့်ဘာသာ တည်ငြိမ်အောင် နေရင်း  “ မင်းကို မုန်းတီးနေတာမျိုး မရှိဘူး ….. အဲကြောင့် မင်းကို မသတ်ချင်ဘူး ”

မိုဝူကျိက  တောက်ဖုန်းမှာ နီဂျူထက် အားကောင်းကြောင်း ပြောလျှင် အပိုပြောနေခြင်း မဟုတ်သော်လည်း မိုဝူကျိ၏ လက်ရှိအင်အားမှာ  သူ  နီဂျူနှင့် ရင်ဆိုင်စဉ် အခါထက် ပို၍ များစွာ အားကောင်းသွားပေသည်။ အကယ်၍ သူသာ  တတိယမြောက် ပုဆိန်လှံရှည် တိုက်ကွက်ကို  ထုတ်သုံးဖို့ မရှောင်နိုင်လျှင် ထုတ်လွှင့်လိုက်သည်နှင့်  မိုဝူကျိပင် နောက်ဆုံးတိုက်ကွက်အား ထိန်းချုပ်နိုင်လိမ့်မည် မဟုတ်ပေ။

မိုဝူကျိ၏  စကားများကို ကြားသောအခါ တောက်ဖုန်းက စိတ်ပျက်လက်ပျက် အမူအယာ ဖြစ်သွားလေ၏။ ထို့နောက် သူက စိတ်အားတက်ကြွစွာ ပြောလိုက်သည်

“ အစ်ကိုမိုရဲ့  ပုဆိန်လှံရှည် တာအိုက မြစ်တစ်စင်းလိုမျိုး ဖြစ်နေတဲ့အချိန်  ကျုပ် ဓားကြီးတာအိုကျ စမ်းချောင်းအသေးလေးလို  ဘာလို့ ဖြစ်နေရတာလဲ  ”

သဘောတရားများအရ မိုဝူကျိ၏ နားလည်နိုင်စွမ်းမှာ  တောက်ဖုန်းထက် အဆင့်တစ်ခု ပိုမြင့်ပေသည်။ သူ့နည်းစနစ်များမှာ   ကိုယ်တိုင်ဖန်တီးထားခြင်း ဖြစ်ပြီး  ဤသို့မျိုး တိုက်ကွက်မျိုးမှာ တောက်ဖုန်း ယှဉ်နိုင်သည့်အရာ သေချာပေါက် မဟုတ်ပေ။

တောက်ဖုန်း၏ မေးခွန်းကို မိုဝူကျိက အရိုးသားဆုံး ပြန်ဖြေပေးလိုက်သည်

“ အဲဒါက မင်းရဲ့ဓားကြီးတာအိုမှာ သတ်ဖြတ်ငွေ့ပဲ ပါပြီးတော့  ဓားစွမ်းအား လိုအပ်နေလို့ပဲ ။ သတ်ဖြတ်ငွေ့ပဲ ရှိတဲ့ လျို့ဝှက်ပညာရပ်တွေက  အချိန်တစ်ခုအထိ အကျိုးရှိနေပေမဲ့ အစစ်အမှန် ထိပ်တန်း  လျို့ဝှက်ပညာရပ်တစ်ခု ဖြစ်မလာနိုင်ဘူး။

မင်းက ဆောင်းရဲ့  ကြေကွဲခြောက်သွေ့နေတာကိုပဲ မြင်တယ် ဆောင်းရဲ့ ဆုလာဘ်တွေကို မမြင်ဘူး။  ဆောင်းရဲ့ အလှတရားကို မမြင်ဘူး ဆောင်းရဲ့ ကြီးကျယ်ခမ်းနားမှုကို မမြင်ဘူး။

မင်း မြင်တာက ဆောင်းရဲ့ တစ်ဖက်အခြမ်းကိုပဲ မြင်တာ  အဲဒါကြောင့် မင်းရဲ့ လျို့ဝှက်ပညာရပ်က  အစစ်အမှန် အင်အားရဲ့ တစ်ဖက်ခြမ်းကိုပဲ ပြသနိုင်တာ   ဓားစွမ်းအားက လစ်ဟာသွားရော  ….. ”

တောက်ဖုန်း၏ မျက်လုံးများက ပြူးကျယ်လာပြီး ဤအတွေးများကို အဘယ်ကြောင့် မတွေးမိခဲ့တာလဲ ဟုသာ တွေးတောနေမိသည်။ အကယ်၍ သူသာ တွေးတောမိခဲ့လျှင်  လျို့ဝှက်ပညာရပ်မှာ အဆများစွာ ပိုအားကောင်းနေပေလိမ့်မည်။

“ အစ်ကိုမိုရဲ့ ညွှန်ပြမှုအတွက် ကျေးဇူးတင်ပါတယ် ” တောက်ဖုန်းက လက်နှစ်ဖက် ယှက်၍ လေးလေးစားစား ပြောလိုက်သည်

“ အစ်ကိုမိုရဲ့  ဒုတိယတိုက်ကွက်ကို မရှောင်တာက  ကျုပ် တကယ် သဘောကျလို့ပါ။ ကျုပ် အဲလိုတိုက်ကွက်မျိုးအောက်မှာ သေဆုံးသွားရင်တောင် ကျေနပ်နေဦးမှာ  …..  နောင်အနာဂတ်ကျ  အစ်ကိုမိုရဲ့ ငွေရောင်မြစ်ထက် အားကောင်းတဲ့ တိုက်ကွက်မျိုးကို တွေ့ကောင်း တွေ့နိုင်ပေမဲ့    အစ်ကိုမို တိုက်ကွက်လိုမျိုး  ကျုပ် နှလုံးသားကို လှုပ်ရှားစေတော့မှာ မဟုတ်ဘူး  ”

မိုဝူကျိက ခေါင်းခါလိုက်သည်။ သူက ဤသို့ ယုံကြည်မှုမျိုးအား နားမလည်နိုင်ပေ။

တောက်ဖုန်းက မိုဝူကျိ၏ အဓိပ္ပါယ်ကို နားလည်စွာဖြင့် ဆက်ပြောလိုက်သည်

“ ဘယ်လိုဖြစ်ဖြစ်ပါ ကျုပ်က ဒဏ်ရာလေးပဲ  ရတာဆိုတော့  နှစ်ရာချီနေပြီးရင် ပြန်ကောင်းလာမှာပါ  သေတော့ မသေပါဘူး။ အစ်ကိုမို စောစောက ပြောခဲ့သလိုမျိုး  ဓားကြီးတာအို၊ လှံတာအို၊ ဓားတာအို၊ ပုဆိန်တာအို အားလုံးက သတ်ဖြတ်ခြင်း တာအိုတွေပဲလေ …. ကျုပ် ခန္ဓာကိုယ်နဲ့ အားအပြည့် ကြုံတွေ့ထားတာဆိုတော့ တကယ် ဉာဏ်အလင်းပွင့်လာနိုင်မှာပါ ”

“ မဟုတ်တာတွေ လျှောက်ပြောနေတယ် ” အက်ကွဲကွဲ အသံတစ်သံက တောက်ဖုန်း၏ စကားများကို နှောင့်ယှက်လိုက်၏။

ပုံမှန် ခန္ဓာကိုယ်အနေအထားနှင့်  အမျိုုးသားတစ်ဦးက  အညိုရောင်ဝတ်ရုံကို ဝတ်ဆင်ထားပြီး ကျောတွင် ဓားရှည်တစ်ချောင်း သယ်ဆောင်လျက် လျှောက်လှမ်းလာသည်။

အားလုံးက  ထိုလူကို ကြည့်လိုက်သည့်အခါ ထိုလူ့ရုပ်ရည်မှာ  အဝတ်အစားကဲ့သို့  သာမာန် ဖြစ်နေပြီး   မျက်နှာမှာ အနည်းငယ် ဝါကျင့်ကျင့် ဖြစ်နေသည်။ ဓားအိမ် မပါရှိသော ဓားရှည်မှ သွေးဆာနေသည့် အငွေ့အသက်များ ထုတ်လွှင့်နေသည်။

တောက်ဖုန်းက မျက်မှောင်ကျုတ်ကာ ပြန်မပြောလိုက်နိုင်ခင်  အညိုရောင်ဝတ်စုံနှင့် အမျိုးသားက တဖန် ပြောလာလေ၏

“ တာအိုတိုင်းက ထူးခြားတယ်။ ဓားကြီးတာအိုက ဓားကြီးတာအို၊ ဓားရှည်တာအိုက ဓားရှည်တာအိုပဲ ဘယ်လိုလုပ် တူနိုင်မှာလဲ …. ”

“ ဘယ်သူလဲ  ….”  တောက်ဖုန်းက မေးလိုက်သည်။ သူ့တစ်ဘဝလုံးမှာ ဓားကြီးတာအိုအကြောင်း စဉ်းစားနေခဲ့၍ ဖြစ်သည်။ ယခု မိုဝူကျိက အရာအားလုံးကို နားထောင်ပြီးနောက် သူ့အမြင်များမှာ ကျယ်ပြန့်သွားပြီး မိုဝူကျိကဲ့သို့ ရိုးရှင်းစွာ မြင်တတ်လာသည်။ သို့သော်လည်း ဤအညိုရောင် ဝတ်စုံနှင့် အမျိုးသား စကားများက ဝေဝေဝါးဝါး ဖြစ်နေပြီး  တောက်ဖုန်းတစ်ယောက်  ယခင် နားလည်နိုင်စွမ်းပင် လျော့ကျသွားသလို ခံစားလိုက်ရသည်။

“ မဟာဓားလမ်းစဉ်ဂိုဏ်းရဲ့ ဟွမ်ရှား ” ထိုသူက မိုဝူကျိဆီ လျှောက်လှမ်းလာရင်း  ဖြေလိုက်သည်။ သူက တောက်ဖုန်းကို ပြန်ဖြေလိုက်သော်လည်း မိုဝူကျိကိုသာ ကြည့်နေ၏။

မိုဝူကျိက ခပ်ယဲ့ယဲ့ ပြန်ဖြေလိုက်သည်  “ ခင်ဗျားရဲ့  ဆရာ ဆာကျန်းအတွက် လက်စားလာချေတာလား ”

မိုဝူကျိက  ဟွမ်ရှား၏ အဖြေကိုပင် မစောင့်ဘဲ တောက်ဖုန်းကို ကြည့်ကာ ပြောလိုက်သည်

“ညီလေးတောက် ဒီလူက  မင်းထက် ပိုပြီး ဟိတ်ဟန်ထုတ်တတ်တယ်။ တကယ်လို့ ဒီအညိုရောင်ဝတ်စုံ ဝတ်လိုက်ရင် မင်းရဲ့ ဟိတ်ဟန်လည်း  ပိုပြီး  မြင့်တက်လာလိမ့်မယ်။  ကျွတ်ကျွတ် .... မင်းရဲ့ ဒီအဝါရောင် ဝတ်စုံကြီးက အတော်လေး  မသင့်တော်ဘူး။  မင်း ဟိတ်ဟန်ကြီးတဲ့ အဲဒီလူဆီက သွားသင်သင့်တယ် …. ”

တောက်ဖုန်းက  ဟိတ်ဟန်ကြီးဖို့ လိုသည့်အကြောင်းကို နားမလည်သော်လည်း  မိုဝူကျိ၏ အကြုံပြုချက်ကို ကြားပြီးနောက်  ချက်ချင်း ပြန်ဖြေလိုက်သည်

“ အစ်ကိုမို မှန်တယ် … ကျုပ် ပြန်ရောက်ရင် သေချာပေါက် လဲရမယ် ”

သူ့အတွက် အရာအားလုံးမှာ သူ့ဓားတာအိုလောက် အရေးမပါပေ။ ဤအဝါရောင်ဝတ်စုံ ဝတ်ဆင်ခဲ့သည့်အကြောင်းအရင်းမှာ  ဝယ်ယူခဲ့၍ ဖြစ်ပြီး  သီးသန့်ရွေးချယ်ထားခြင်း မဟုတ်ပေ။ မိုဝူကျိ၏ ယခင်စကားလုံးများက သဘောတရားကျသည့်အတွက်  မိုဝူကျိက သူ့ကို လိမ်ညာနေလိမ့်မည်ဟု မယုံပေ။

ဟွမ်ရှားက မိုဝူကျိ သဘောထားကို စိတ်ထဲ မထားဘဲ တည်ငြိမ်စွာဖြင့်

“ မင်း ပြောတာ မှန်တယ်  ဒါပေမဲ့ မှားလည်း မှားတယ် …. မှန်တာက  ကျုပ် ဒီနေရာကို လက်စားလာချေတာ ။ မင်း  မှားတာက   ဓားတာအိုဆိုတာ ဘာလဲဆိုတာ လမ်းညွှန်ပေးဖို့ပဲ  … တခြားအမှိုက်သရိုက် တာအိုတွေနဲ့ ဓားတာအိုကို အဆင့်တူ လာမထားစမ်းနဲ့  …. ဓားတာအိုဆိုတာက  အဆင့်တူမရှိတဲ့ အကောင်းဆုံး တာအိုပဲ  ”

“ ဟားဟား  … ဟာသတွေ လာပြောနေတာပဲ ”

နောက်ထပ် အသံတစ်သံ ထွက်ပေါ်လာပြီး ပိန်ပါးပါး အရပ်မြင့်မြင့် အမျိုးသားတစ်ဦး ထွက်ပေါ်လာသည်။ သူ ပေါ်မလာခင် သူ့ရယ်သံကို အရင်ကြားလိုက်ရ၏။ သူ ရောက်လာသည်နှင့် ဟွမ်ရှားအား လက်ညိုးထိုးကာ အားရပါးရ  ရယ်တော့သည်

“ ဟွမ်ရှား မင်းတို့ မဟာဓားလမ်းစဉ်ဂိုဏ်းက  မင်းကို တကယ် ဂုဏ်ယူနေတာ မလား။ အင်မော်တယ်အုပ်စိုးသူက အင်မော်တယ်ဘုရင်ကို စိမ်ခေါ်ရဲတယ်ပေါ့လေ  …. မဟုတ်သေးပါဘူး ဆေးလုံးဆရာမိုက  မဟာလော့ရှန်းအဆင့်တောင် မရောက်သေးဘူးမလား  …

အင်မော်တယ်အုပ်စိုးသူအဆင့်က  မဟာကျစ်ရှန်းအဆင့်ကို စိမ်ခေါ်တယ်ပေါ့ အရှက်မဲ့လိုက်တာ  …. ”

ထိုအမျိုးသား၏ ဆွဲဆောင်မှု အရှိဆုံး အပိုင်းမှာ ခရမ်းရောင်မျက်ဝန်းအစုံ ဖြစ်၏။

“ ငါက သူ့ကို စိမ်ခေါ်ဖို့ ရောက်လာတာ မဟုတ်ဘူး။ သတ်ဖို့ ရောက်လာတာ ” ဟွမ်ရှားက ပြောပြီးသည်နှင့် သူ့ဓားအိမ်မဲ့ ဓားက  လက်ထဲ ရောက်ရှိလာသည်။ ထို့နောက် သူက ခရမ်းရောင်မျက်ဝန်းနှင့် အမျိုးသားကို မကြည့်ဘဲ မိုဝူကျိဆီ  ဝင်တိုက်ရန် ပြင်လိုက်သည်။

All Chapters