အင်မော်တယ် ပိတ်လှောင်ရေး အစီအရင်
Vol. 47 Ch. 649
တာ့ဟွမ်က မိုဝူကျိဘေးနား ရောက်လာ၏။ မိုဝူကျိက မည်မျှ အားကောင်းနေစေကာမူ အင်မော်တယ်အုပ်စိုးသူ တစ်ယောက်၏ တိုက်ခိုက်မှုကို ဤအခြေအနေဖြင့် တောင့်ခံနိုင်မည် မဟုတ်ပေ။ သူက အင်မော်တယ်အုပ်စိုးသူ အဆင့် ရောက်လာခါစ ဆိုလျှင်ပင် အင်မော်တယ် အုပ်စိုးသူ ဖြစ်နေဆဲ ဖြစ်ပြီး မိုဝူကျိမှာ မဟာကျစ်ရှန်းအဆင့်မျှသာ ရှိပေသည်။
ထို့အပြင် ဟွမ်ရှားက သာမာန် အင်မော်တယ် အုပ်စိုးသူ တစ်ယောက်လေလား …..
သူက အင်မော်တယ်လောကသို့ တက်လှမ်းလာခါစတွင် ယုံရင်အင်မော်တယ်နယ်မြေ၏ ပါရမီရှင် ၃၁၇ ယောက်ကို သတ်ပစ်နိုင်ခဲ့သူ မဟုတ်ပါလော။
မိုဝူကျိက ချည်းကပ်လာသည့် ဟွမ်ရှားကို သတိတကြီး ကြည့်လိုက်ပြီး တိုက်ခိုက်သည်နှင့် ထွက်ပြေးလွှတ်မြောက်ဖို့ရာ အသင့်ပြင်ထားလိုက်သည်။
မဟာဓားလမ်းစဉ်ဂိုဏ်းမှာ ထိပ်သီးဂိုဏ်းတစ်ခု ဖြစ်သောကြောင့် သူတို့က တာ့ဟွမ်၏ အင်အားအကြောင်းနှင့် ဆာကျန်းကို တာ့ဟွမ် သတ်လိုက်ကြောင်း သိရှိပြီးသား ဖြစ်လိမ့်မည်။ ဆာကျန်း၏ ကျင့်ကြံဆင့်မှာ ဟွမ်ရှားထက် များစွာအဆင့်မြင့်ပြီး သူက အင်မော်တယ်အုပ်စိုးသူ နောက်ပိုင်းအဆင့် ဖြစ်သော်လည်း သေဆုံးသွားရခဲ့သည်။ မိုဝူကျိက ဆာကျန်းကို သတ်နိုင်စွမ်း မရှိပေ။ ကျော့ဖျင်အန်းက မဟာခွန်ဗုဒ္ဓဂိုဏ်းမှ လူများနှင့် အလုပ်ရှုပ်နေသည့်အတွက် ဆာကျန်းကို သတ်ရန် တာ့ဟွမ် တစ်ယောက်တည်းသာ ဖြစ်နိုင်ချေ ရှိတော့သည်။
မဟာဓားလမ်းစဉ်ဂိုဏ်းက ထိုအကြောင်းကို သိနေသည့်အတွက် ဟွမ်ရှားလည်း သိပေမည်။ ဟွမ်ရှားက ထိုအရာကို မသိဘဲ တာ့ဟွမ်ဘေးတွင် ရှိရက်နှင့် မိုဝူကျိဆီ ချည်းကပ်ရဲသည်ဆိုလျှင် တာ့ဟွမ်နှင့် မိုဝူကျိအား ရင်ဆိုင်နိုင်မည့် လျို့ဝှက်နည်းလမ်း ရှိပေလိမ့်မည်။
ထို့ကြောင့် မိုဝူကျိအနေဖြင့် ဟွမ်းရှားက တာ့ဟွမ်ကို ထိန်းချုပ်လိုက်သည့်အခိုက်အတန့်၌ ဝေးဝေးထွက်ပြေးရန် ပြင်ဆင်ထားသည်။ သူက ဟွမ်ရှားထက် အားမကောင်းသော်လည်း ထွက်ပြေးသည့်အခါ သူက အဖမ်းခံရမည်ကို မကြောက်ရွံ့ပေ။ သူ့လေလွတ်မြောက် နည်းစနစ်မှာ လေရွေ့ပြောင်းခြင်းအဆင့် နီးကပ်နေပြီ ဖြစ်ရာ လေရှိနေသည်နှင့် တိတ်တဆိတ် ထွက်ပြေးလွတ်မြောက်နိုင်ပေသည်။ ရွေ့ပြောင်းစွမ်းရည်ကို ထုတ်ဖော်သည့်အခါ လှုပ်ရှားမှုများ ရှိတတ်ရာ ရွေ့ပြောင်းစွမ်းရည် ထက်စာလျှင် ပိုမို တည်ငြိမ်ပေ၏။ သို့သော်လည်း လေရွေ့ပြောင်းခြင်း နည်းလမ်းဖြင့် လေကို အသုံးချကာ စက္ကန့်နှင့်အမျှ လေနှင့် လွှင့်ကာ မည်သည့် အစအနအရိပ်အယောင်မှ ကျန်ခဲ့မည် မဟုတ်ပေ။
ဟွမ်ရှားက ခြေလှမ်းအနည်းငယ် လျှောက်လှမ်းလာသော်လည်း မတိုက်သေးဘဲ ခရမ်းရောင်မျက်ဝန်းအစုံနှင့် လူကို အေးစက်စွာ စိုက်ကြည့်ရင်း
“ လင်းလုနန် … မင်းက မိုဝူကျိကို ကူပြီးတော့ ငါတို့ မဟာဓားလမ်းစဉ်ဂိုဏ်းကို ဆန့်ကျင်ချင်တာ သေချာပြီလား … အဲဒါ မင်းတို့ နတ်ဘုရားအင်မော်တယ်ဂိုဏ်းရဲ့ သဘောထားလား ”
လင်းလုနန်ဟု အမည်ရှိသည့် ခရမ်းရောင်မျက်ဝန်းပိုင်ရှင် အမျိုးသားက မပြောခင် အားရပါးရ ရယ်မောလိုက်ပြီး
“ ဟွမ်ရှား ဒီကိစ္စကို မင်းဖြစ်ချင်သလို အပိုချဲ့ကားမနေစမ်းပါနဲ့ …. ငါ လင်းလုနန်က အင်မော်တယ်အုပ်စိုးသူ တစ်ယောက်က မဟာကျစ်ရှန်းအဆင့်ကို တိုက်မှာကို မကြည့်ရက်လို့လေ။ ဒါက ငါ့ရဲ့ ဆုံးဖြတ်ချက် ငါ့ဂိုဏ်းနဲ့ ဘာမှ မပတ်သတ်ဘူး။
မင်း ဟွမ်ရှား အဲလိုနည်းလမ်းတွေ ရှိတာလား။ ဂိုဏ်းတွေကို ကြိုက်သလို ထည့်သွင်းပြီး ပတ်သတ်ခိုင်းလို့ ရတယ်လား။ မင်းလိုလူမျိုးတွေ အများကြီး မြင်ဖူးပြီးသား … ”
“ ကောင်းပြီ ” ဟွမ်ရှားက လင်းလုနန်အား တစ်ချက်ကြည့်ပြီးနောက် မိုဝူကျိကို မကြည့်ဘဲ ထွက်သွားတော့သည်။
ဟွမ်ရှားက အင်မော်တယ်အုပ်စိုးသူအဆင့် ရောက်လာခါစ ဖြစ်သော်လည်း အင်မော်တယ် အုပ်စိုးသူ အလယ်အလတ်အဆင့်တွင် ရှိနေသော လင်းလုနန်ကို သတ်နိုင်စွမ်း ရှိ၏။ နှမြောစရာကောင်းသည်က သူက လင်းလုနန်အား ဤနေရာ၌ သတ်၍ မဖြစ်ပေ။ မိုဝူကျိကို လင်းလုနန်က ဤတစ်ကြိမ် ကယ်တင်ပေးလိုက်နိုင်သော်လည်း ဟွမ်ရှားက နောက်ရက်အနည်းငဘ် ကြာသည့်အခါ သတ်ဦးမည် ဖြစ်၏။
“ အစ်ကိုမိုရဲ့ ညွှန်ပြမှုအတွက် ကျေးဇူးတင်ပါတယ်။ ကျုပ် တောက်ဖုန်း အရင်သွားနှင့်ပါဦးမယ် ” တောက်ဖုန်းက မိုဝူကျိ၏ သင်ပြပေးမှုအတွက် အလွန်ကျေးဇူတင်မိနေသည်။
ချင်းလောယွဲ့က တောက်ဖုန်းနှင့်အတူ ထွက်မသွားခင် မိုဝူကျိအား နှုတ်ဆက်စကား လာဆိုလေ၏။
သူတို့ထွက်ခွာပြီးသည့်နောက်တွင် မိုဝူကျိက ရှေ့တိုးလာကာ လက်နှစ်ဖက် ယှက်၍ “ အင်မော်တယ်လင်းရဲ့ အကူအညီအတွက် ကျေးဇူးတင်ပါတယ် ”
မိုဝူကျိက လင်းလုနန်မှာ နတ်ဘုရားအင်မော်တယ်ဂိုဏ်းမှ ဖြစ်ကြောင်း ကြားလိုက်ပြီးနောက် လင်းလုနန် လာရောက်ပါဝင်ခြင်းမှာ လောကထိပ်သီး အမှတ်အသားပြားကြောင့် ဖြစ်ကြောင်း မှန်းဆမိလိုက်သည်။
လင်းလုနန်က လက်နှစ်ဖက် ပြန်ယှက်ကာ
“ အင်မော်တယ်ရောင်းရင်းမို … ကျုပ်က ခင်ဗျားဆီက အကူအညီတောင်းဖို့ ရောက်လာတာပါ။ နိုက်ဟော်က ကျုပ်ရဲ့ ဂျုနီယာညီမလေး ဖြစ်ပြီးတော့ ကျုပ်တို့က နတ်ဘုရားအင်မော်တယ်ဂိုဏ်းကမှန်း သိလောက်မှာပါ ”
“လောကထိပ်သီး အမှတ်အသားပြားအတွက်လား ” မိုဝူကျိက တည့်တိုးသာ မေးစမ်းလိုက်တော့သည်။
လင်းလုနန်က ခေါင်းညိတ်ကာ “ ဟုတ်ပါတယ် ”
မိုဝူကျိက အားနာစွာ ခွန်းတုံ့ပြန်လိုက်၏ “ အဲလိုဆိုရင်တော့ ခင်ဗျားကို လောကထိပ်သီး အမှတ်အသားပြား မပေးနိုင်တဲ့အတွက် တကယ် စိတ်မကောင်းပါဘူး ”
လင်းလုနန်က မြန်မြန် ဝင်ပြောလိုက်သည်
“ ပေးဖို့ မလိုပါဘူး … ထုတ်ထားဖို့ပဲ လိုတာပါ။ ခင်ဗျားသာ အဲဒါကို ထုတ်ထားလိုက်ရင် နတ်ဘုရားမျှော်စင်ရဲ့ မြေပုံတစ်ခုလုံးကို ပြပေးလိမ့်မယ်။ ကျုပ်က အထပ်မြင့် သွားဖို့လည်း မရည်ရွယ်ထားဘူး ပြီးတော့ အောက်လည်း ပြန်ဆင်းလို့ မရဘူးလေ …
ဒီအထပ်မှာပဲ သွားမှာပါ။ ကျုပ်ကို အဲဒီနေရာ ခေါ်သွားပေးနိုင်သရွေ့ လောကထိပ်သီး အမှတ်အသားပြားကို ကျုပ် မလိုပါဘူး ”
“ ဘယ်နေရာလဲ ” မိုဝူကျိက မေးလိုက်သည်။
“ အင်မော်တယ် ပိတ်လှောင်ရေး အစီအရင် ” လင်းလုနန်က စိတ်လှုပ်ရှားစွာ မိုဝူကျိအား ကြည့်နေရင်း မငြင်းဆန်စေရန် မျှော်လင့်ချက်လေး လက်ကိုင်ထားမိ၏။
မိုဝူကျိလည်း အံ့ဩမိသွားသည်။ လင်းလုနန်က သူ ထိုနေရာများ သွားမည်ကို သိနေတာလားဟုပင် သံသယဝင်လာမိသည်။ သို့သော်လည်း လင်းလုနန်၏ အမူအယာအရ မဖြစ်နိုင်ချေ။
“ ကျုပ်လည်း အင်မော်တယ် ပိတ်လှောင်ရေး အစီအရင်ဆီ သွားဖို့ လုပ်နေတာ …. ဒီလိုဆိုမှတော့ အတူတူသွားကြတာပေါ့ ” မိုဝူကျိက အမှန်အတိုင်း ဖြေလိုက်၏။
“ တိုက်ဆိုင်လှချည်လား ….” လင်းလုနန်၏ မျက်ဝန်း၌ သံသယအရိပ်အယောင်များ ဖြတ်ပြေးသွားသော်လည်း ကျေကျေနပ်နပ် ပြောလိုက်သည်
“ အင်မော်တယ်ရောင်းရင်းမိုကို ကျေးဇူးတင်ပါတယ် ဒါပေမဲ့ ကျုပ်တို့တွေ မြန်မြန် လုပ်သင့်တယ် …. နတ်ဘုရားမျှော်စင် ပိတ်ဖို့ နှစ်လလောက်ဘဲ လိုတော့တယ်လေ ”
မိုဝူကျိက နတ်ဘုရားမျှော်စင် ပိတ်မည့်အချိန် မေးတော့မည့်ဆဲဆဲတွင် လင်းလုနန်က ဦးစွာ ပြောပြလာလိမ့်မည်ဟု မထင်ထားခဲ့ပေ။
“ အင်မော်တယ်ရောင်းရင်းလင်းကို တစ်ခုလောက် မေးချင်လို့ ….. နတ်ဘုရားမျှော်စင် ဖွင့်တဲ့အခါ ၁၈ ထပ်မြောက်ကို ကျော်ပြီး သွားကြတဲ့သူတွေ ရှိလား ” နတ်ဘုရားမျှော်စင် မဝင်ခင် မိုဝူကျိက သူ့တာဝန်ဖြစ်သည့် အင်မော်တယ်ဖွေရှာ အမှတ်အသားပြားနှင့် လောကထိပ်သီး အမှတ်အသားပြား နှစ်ခုမှ လွဲ၍ ဘာဆိုဘာမှ မသိပေ။
ယခု လင်းလုနန်က မိုဝူကျိအား မဟာမိတ်အဖြစ် ယူဆထားလေရာ အရိုးသားဆုံးဖြေပေးလိုက်၏
“ ကျုပ်တော့ မကြားဖူးဘူး။ ကောလဟာလတွေကတော့ ၁၉ ထပ်မြောက်ကို သွားဖို့ မဖြစ်နိုင်ဘူးတဲ့ ..
တကယ်လို့ သွားနိုင်ခဲ့တယ်ဆိုရင်တောင် ဘာဆိုဘာမှ ယူနိုင်မှာ မဟုတ်ဘူး။ ၁၉ ထပ်ကို ဘယ်သူမှ မရောက်ဖူးသေးတော့ သတ်ဖြတ်ငွေ့တွေက အတော်လေး အားကောင်းနေမှာလေ အဲကြောင့် ရတနာတွေကို ယူဖို့က မဖြစ်နိုင်ဘူး။ ပထမ ၁၈ ထပ်ကျ လူများစွာ ဝင်ထွက်ပြီးသားဆိုတော့ သတ်ဖြတ်ငွေ့က အဲလောက် အားမကောင်းတော့ဘူး။ အဲကြောင့် အလွယ်တကူ ယူလို့ ရတယ် …. ”
မိုဝူကျိက နောက်တစ်ခါ ထပ်မေးလိုက်သည် “ အဲလိုဆိုရင် ပထမ ၁၈ ထပ်ထဲမှာ ရှိနေတဲ့ ပစ္စည်းတွေက နည်းမလာဘူးလား ”
လင်းလုနန်က ခေါင်းခါကာ
“ အဲလိုတော့ မဟုတ်ဘူး … ဘာလို့လဲဆိုတော့ နတ်ဘုရားမျှော်စင်အထပ်တွေက အောက်ခြေကနေ အပေါ်တစ်လျောက် တစ်ထပ်ချင်းစီရဲ့ ဧရိယာက ပိုပိုသေးလာတာ ဒါပေမဲ့ အထပ်မြင့်ဆုံးအထပ်တောင် အဆုံးမဲ့ကျယ်ပြန့်နေသေးတယ်တဲ့ ။
ကျုပ်က ၁၈ ထပ်မြောက်ကို ရောက်လာပေမဲ့ ဒီအထပ်မှာ နေရာနည်းနည်းလေးပဲ ရောက်သေးတယ်။ နတ်ဘုရားမျှော်စင်ကို အရင်က ဘယ်လောက်ပဲ ဖွင့်ခဲ့ဖွင့်ခဲ့ ဘယ်သူမှ မရောက်သေးတဲ့ နေရာတွေ ကျန်နေသေးတယ်။ ဒီ ၁၈ ထပ်မြောက်ကိုသာ နမူနာအနေနဲ့ ကြည့်ပေတော့ ….
နတ်ဘုရားမျှော်စင် ဘယ်နှကြိမ် ဖွင့်ဖွင့် လူတွေက ဒီအထပ်အထိတော့ ရောက်လာကြတာပဲလေ အဲဒါကို ခြေမချရသေးတဲ့ နေရာတွေ ကျန်နေသေးတယ်။ အဲဒါကြောင့် နတ်ဘုရားမျှော်စင်ဆီ ဝင်တဲ့သူအများစုက ရှေးဟောင်းကျင့်ကြံသူတွေရဲ့ ရတနာကို ရရင် ကံကောင်းပြီလို့ ပြောနေကြတာလေ ”
မိုဝူကျိက ၃၆ ထပ်မြောက်ရှိ ပင်လယ်အား ပြန်လည် အမှတ်ရလိုက်၏။ ထိုပင်လယ်တစ်ခုလုံးကို ရှာဖွေလျှင်ပင် နှစ်ရာချီ ကြာပေလိမ့်မည်။ သို့သော်လည်း ၃၆ ထပ်မြောက်မှာ မျက်နှာပြင် အသေးဆုံး အထပ် ဖြစ်ပေသည်။ ကြည့်ရသည်မှာ လင်းလုနန်၏ စကာများက အမှန်ဖြစ်ဟန် ပေါ်၏။
“ အင်မော်တယ်ရောင်းရင်းလင်း အဲဆို သွားကြစို့ ” မိုဝူကျိက လွန်းပျံယာဉ်ကို ထုတ်ကာ နောက်တည်နေရာတစ်ခုဆီ ချက်ချင်း ပျံသန်းသွားလိုက်သည်။
လင်းလုနန်လည်း ပျံသန်းရေး ရတနာကို ထုတ်ကာ မိုဝူကျိနောက်မှ အနီးကပ် လိုက်ပါသွားတော့သည်။
မိုဝူကျိနှင့် လင်းလုနန်တို့ ထွက်သွားပြီးနောက် ပုံရိပ်တစ်ခုမှာ သူတို့နှင့် မီတာဆယ်ချီ ဝေးသော နေရာ၌ ပေါ်လာ၏။ ထိုလူမှာ ဟွမ်ရှား ဖြစ်ပေသည်။
ဟွမ်ရှားက မိုဝူကျိတို့ ထွက်သွားသည့်နေရာကို စိုက်ကြည့်ကာ ခဏအကြာတွင် နောက်တစ်နေရာသို့ ထွက်သွားလေ၏။ သူ့အနေဖြင့် မိုဝူကျိတို့နောက်သို့ လိုက်သွားခြင်းက အရေးမသာနိုင်ပေ။ နတ်ဘုရားမျှော်စင် ပိတ်ဖို့ရာ နှစ်လတာမျှ လိုတော့သည့်အတွက် မိုဝူကျိ ဘယ်နေရာ ပြေးမလဲ သိချင်မိသည်။ တခြားတစ်ယောက်ဆိုပါက ဟွမ်ရှားက တားဆီးလိုက်မည် ဖြစ်သော်လည်း လင်းလုနန် ဖြစ်နေ၍ သူလည်း မတတ်နိုင်ချေ။
………………
နှစ်ရက်အကြာတွင် မိုဝူကျိနှင့် လင်းလုနန်တို့က လှည့်ပတ်သွားပြီးနောက် ရပ်တန့်လိုက်ကြတော့သည်။
နှစ်ယောက်လုံးက သူတို့ရှေ့တွင် ရှိနေသော နေရာကို အံ့ဩတကြီး ကြည့်ကာ စကားတစ်ခွန်းမျှ မပြောနိုင်ကြပေ။ အင်မော်တယ်အုပ်စိုးသူအဆင့်အထိ ကျင့်ကြံလာခဲ့သော်လည်း လင်းလုနန်က ဤသို့မျိုး ကြီးကျယ်ခမ်းနားသည့် စွမ်းအင်မျိုးကို တစ်ခါမှ မမြင်တွေ့ဖူးပေ။
သူတို့ရှေ့တွင် ရှိနေသော မြင်ကွင်းမှာ သိပ်သည်းစွာ ဖိနှိပ်ထားသော စွမ်းအားများပါ ယူဆောင်လာသည့်အလား ဖြစ်၏။ သူတို့ ချည်းကပ်မသွားရသေးသော်လည်း အသက်ရှုရ ခက်ခဲလာကြောင်း သတိထားမိပေသည်။
ဤသို့မျိုး နေရာမျိုး၌ မတ်တတ်ရပ်နေရသည်မှာ အရာအားလုံးမှာ ကန့်သတ်ထိန်းချုပ်ထားခံရသလို ဖြစ်နေသည်။ သူတို့၏ စိတ်စွမ်းအင်၊ အင်မော်တယ်စွမ်းအားနှင့် သူတို့အတွေးများပင် ကန့်သတ်ခံထားရသည်။
အကယ်၍ သူတို့နှစ်ယောက် လက်ရှိ ခံစားနေရသည့်အကြောင်းကို တခြားစကားနှင့် ဖော်ပြရမည်ဆိုလျှင် “သေးငယ်မှု” ဖြစ်၏။ သူတို့ ဤမျှသေးငယ်လာမှုကို ခံစားရသည်မှာ ပထမဆုံးအကြိမ် ဖြစ်ပြီး သူတို့ရှေ့တွင် စကြဝဠာကြီး ရှိနေသည့်အလား သေးငယ်မှုကို ခံစားနေရခြင်း ဖြစ်၏။
သူတို့ရှေ့ ထိုးစိုက်ထားပြီး ဓားရိုးပင် မမြင်ရသည့် ဧရာမ ဓားနှစ်လက်မှာ ခမ်းနားကြီးကျယ်သော စွမ်းအင်များအလား ဖြစ်နေပြီး သူတို့၏ ဖိနှိပ်ခံရသော ခံစားချက်များမှာ ထိုဓားနှစ်လက်နှင့်အတူ ဆောင်ယူသွားလေ၏။
ဓားနှစ်လက်ကြားမှ အကွာအဝေးမှာ ပေတစ်ထောင်မျှ ရှိပြီး မြေကြီး၌ စိုက်ဝင်နေကြပေ၏။
ထိုဓားနှစ်ဖက်ကြား မှိန်ဖျဖျ စွမ်းအားမြူများ ရှိနေပြီး မြူများက ဓားပေါ်မှ “ ပိတ်လှောင်ခြင်း” ဟူသော စကားလုံးအား မှိန်ဖျော့နေစေ၏။
“ ဘယ်လောက်တောင် ကြီးကျယ်ခမ်းနားလိုက်တဲ့ အင်မော်တယ် ပိတ်လှောင်ရေး အစီအရင်လဲ ” မိုဝူကျိက သူ့ကိုယ်သူ ရေရွတ်လိုက်မိ၏။ ထိုဓားနှစ်လက်မှာ အစီအရင်၏ ပင်မဖြစ်ပြီး ထိုအစီအရင်မှ တစ်ယောက်ယောက်ကို မည်သို့များ ကယ်တင်ပေးရမည်နည်း။
လာနောက်နေတာလား …. မိုဝူကျိတွင် ထိုသို့သော စွမ်းရည် မရှိချေ။
“ ဆရာတော့ မှားပြီ ” လင်းလုနန်လည်း သူ့ကိုယ်သူ ရေရွတ်လိုက်ပေ၏။
“ ခင်ဗျားလည်း ဒီကို တစ်ယောက်ယောက် လာကယ်တာလား ” မိုဝူကျိက မချည်းကပ်ရဲပေ။ အကြောင်းမှာ သူ၏ သနားစရာကောင်းဖွယ် ကျင့်ကြံဆင့်ဖြင့် သူ့အတွက် သူများကို ကယ်တင်ဖို့ရာ မဆိုထားနှင့် တစ်ယောက်တည်း ဘေးကင်းကင်း ချည်းကပ်နိုင်လျှင်ပင် အတော်လေး လုံလောက်နေပြီ ဖြစ်၏။
လင်းလုနန်က ပြန်အသိဝင်လာပြီး မိုဝူကျိအား ကြည့်ကာ လက်နှစ်ဖက် ယှက်၍
“ ဟုတ်ပါတယ် … ကျုပ်ရဲ့ စီနီယာအစ်မက အင်မော်တယ် ပိတ်လှောင်ရေး အစီအရင်ထဲ ပိတ်မိနေတယ်ဆိုပြီး …. ကျုပ်ဆရာက ကျုပ်သာ အင်မော်တယ် ပိတ်လှောင်ရေး အစီအရင်ကို ရှာတွေ့တာနဲ့ ကယ်နိုင်မယ်ဆိုပြီး ယုံကြည်နေတာ။
ဒါပေမဲ့ ကျုပ်တော့ အင်မော်တယ်ဖွေရှာ အမှတ်အသားပြား မရှိဘဲ အစီအရင်ထဲ မဝင်နိုင်လောက်ဘူး ထင်တယ် ”
“ ကျုပ်တို့တွေ အင်မော်တယ်ဖွေရှာ အမှတ်အသားပြားနဲ့ အင်မော်တယ် ပိတ်လှောင်ရေး အစီအရင်ထဲ ဝင်လို့ ရတာလား ” မိုဝူကျိက သူ့တွင် အမှတ်အသားပြားနှစ်ခု ရှိသော်လည်း အသုံးဝင်ပုံများကို မသိပေ။
“ ကျုပ် ကြားဖူးတာတော့ အင်မော်တယ်ဖွေရှာ အမှတ်အသားပြားရဲ့ မူလနာမည်က အင်မော်တယ် ချိတ်ဖွင့် အမှတ်အသားပြားတဲ့ …
အင်မော်တယ် ပိတ်လှောင်ရေး အစီအရင်ထဲက အဆင့်မြင့် ပညာရှင်တစ်ယောက်က ထုလုပ်ခဲ့တာလေ။ သူက အစီအရင်ထဲ ပိတ်မိနေပေမဲ့ အင်မော်တယ် ချိတ်ဖွင့် အမှတ်အသားပြားကို ဖန်တီးနိုင်သေးတယ် … ”
“ ခဏနေပါဦး ” မိုဝူကျိက လင်းလုနန် စကားများကို ဖြတ်ပြောလိုက်သည်
“ အင်မော်တယ်ရောင်းရင်းလင်း … အဆင့်မြင့် ပညာရှင်က အင်မော်တယ် ပိတ်လှောင်ရေး အစီအရင်ထဲ ပိတ်မိနေပေမဲ့ လူတွေကို ကယ်ပေးနိုင်တဲ့ အင်မော်တယ် ချိတ်ဖွင့် အမှတ်အသားပြားကို ဖန်တီးခဲ့တာလား ”
လင်းလုနန်က ခဏတာ စိတ်နှင့်ကိုယ်နှင့် မကပ် ဖြစ်သွားကာ
“ ကျုပ်လည်း အသေအချာတော့ မသိဘူး။ ကျုပ်ဆရာ ရရှိတဲ့ သတင်းက မပြည့်စုံဘူးလေ။ ကျုပ် သိတာက အင်မော်တယ် ဖွေရှာ အမှတ်အသားပြားကို အင်မော်တယ် ပိတ်လှောင်ရေး အစီအရင်ထဲက တစ်ယောက်ယောက် ဖန်တီးခဲ့တယ် ဆိုတာရယ်၊ အင်မော်တယ် ဖွေရှာ အမှတ်အသားပြားကို ကျီဖေးချင်လို့ ခေါ်တဲ့ လူက ကျင့်ကြံခြင်းလောကကို သယ်ဆောင်သွားတာရယ်ပဲ သိတယ်။
တကယ်ကျ လောကထိပ်သီး အမှတ်အသားပြား မပါရင် ဘယ်သူမှ အင်မော်တယ် ပိတ်လှောင်ရေး အစီအရင်ကို အာရုံမခံနိုင်ကြဘူး ”
မိုဝူကျိက ခေါင်းညိတ်ပြလိုက်ပြီး အင်မော်တယ်ဖွေရှာ အမှတ်အသားပြားကို ထုတ်လိုက်သည်။ ယနေ့ ထိုအရာမှာ ကျီဖေးချင်ဟု အမည်ရှိသည့် လူ ချန်ခဲ့ကြောင်း ကြားလိုက်ရပြန်သည်။
“ အင်မော်တယ်ရောင်းရင်းလင်းက ကျီဖေးချင်ကို ဘယ်လိုလုပ် သိနေတာလဲ ” မိုဝူကျိက မေးလိုက်သည်။
လင်းလုနန်က အပြည့်အဝ ရိုးသားလေ၏
“ ကျီဖေးချင်က တကယ့် ထိပ်တန်း ပညာရှင်ပေါ့ … အရင်တုန်းက အင်မော်တယ်ဖွေရှာ အမှတ်အသားပြား တစ်ခုတည်းပဲ ရရှိခဲ့တာတော့ မဟုတ်ဘူး။ နတ်ဘုရားမျှော်စင်ထဲမှာ လောက လှေကားလည်း ရခဲ့သေးတယ်။ ဒါပေမဲ့ ဒဏ်ရာအပြင်းအထန် ရသွားပြီးတော့ အဲဒီလှေကားကိုလည်း ကျင့်ကြံခြင်းလောကဆီ ယူသွားခဲ့တာ …. ”
မိုဝူကျိက မနေနိုင်ဘဲ ထပ်မေးလိုက်သည်
“ အင်မော်တယ်ရောင်းရင်းလင်းကို မေးစရာ မေးခွန်း နှစ်ခု ကျန်သေးတယ်။ ပထမက ခင်ဗျားရဲ့ ဆရာ အဲဒီအကြောင်းကို ဘယ်လိုလုပ် သိတာလဲ ၊ နောက်မေးခွန်းက ကျုပ် ကြားထားတဲ့အတိုင်းဆိုရင် ကျီဖေးချင်က လောက လှေကားကို မဟုတ်ဘဲ ကောင်းကင်ဖွေရှာ လှေကားကို ရခဲ့တာပါ … အဲဒါက ခင်ဗျား မှားတာလား ဒါမှမဟုတ် ကျုပ် မှားတာလား ”
မိုဝူကျိက သူ မမှားနိုင်ကြောင်း သိပေသည်။ အကြောင်းမှာ ကျီဖေးချင် ကိုယ်တိုင် သူက ကောင်းကင်ဖွေရှာလှေကားကို ကောက်ယူခဲ့ကြောင်း ပြောပြထားခြင်း မဟုတ်ပါလော။