တွင်းနက်
Vol. 6 Ch. Chapter 29
ငါက သူရဲကောင်းဖြစ်ချင်ရုံပါ
V6 Chapter 29 - တွင်းနက်
အယ်လိုဟင်က စနိုက်ပါအပြင် ချေမှုန်းရေးရိုင်ဖယ်တစ်လက်ကိုပါ ယူလိုက်တယ်။ သူ့ဝတ်စုံက ဇက်သတ္တုဖြစ်နေပြီမလို့ ခံနိုင်ရည်ကောင်းတဲ့အပြင် သူ့အတွေ့အကြုံကြောင့် တခြားနှစ်ယောက်ကို ဝန်ပိုဖြစ်စေမှာမဟုတ်ပါဘူး။
"မင်းတို့နှစ်ယောက်လုံးက စွမ်းအားကြီးတယ်ဆိုပေမဲ့ မြေအောက်မှာ အင်အားကုန်ထုတ်သုံးလို့မရဘူး။ တွင်းပြိုကျရင် သခင်မလေးတို့အတွက် အန္တရာယ်ရှိတယ်။"
ကိုင်းတိုနဲ့ကြောင်နက်လည်း ခေါင်းညိတ်လိုက်ကြတယ်။ အယ်လိုဟင်က အောက်ကိုမဆင်းသေးခင် ယာဥ်ပျံပေါ်ကိုမော့ကြည့်လိုက်ပြီး ဒရုန်းဇုန်နဲ့ဆက်သွယ်တယ်။
"မြေအောက်က စစ်နတ်သမီးတွေကိုဆက်သွယ်ပြီး ငါတို့ကိုကူညီခိုင်း။"
"ကောင်းပြီ။" နောက်တော့ သူတို့သုံးယောက်လုံး မြေပြင်မှာ ပွစာကျဲနေတဲ့ နကျယ်ကောင်တွင်းတွေထဲက တစ်ခုတည်းကို အတူခုန်ဆင်းလိုက်ကြတယ်။
ဝှစ်...
မိနစ်အတော်ကြာတဲ့အထိ သုံးယောက်လုံးကျဆင်းနေပြီးတဲ့နောက် အပေါ်ကနေဆင်းလာတဲ့ တွင်းတွေ တစ်ခုနဲ့တစ်ခုဆုံရာ လိုဏ်ခေါင်းကြီးတစ်ခုပေါ်ကို ပြုတ်ကျလာတယ်။ ပြီးတော့ အနီးအနားတစ်ဝိုက်မှာ ပစ်ခတ်သံတွေကြားနေရတာကြောင့် စစ်နတ်သမီးတွေလည်း အနီးအနားမှာရှိနေပုံပဲ။
အယ်လိုဟင်က မြေစာပုံထဲကနေ ချက်ချင်းထလိုက်ပြီး တခြားနှစ်ယောက်ကို ခေါင်းညိတ်ပြလိုက်တယ်။ သူ့ဝတ်စုံကနေတစ်ဆင့် မပြည့်စုံသေးတဲ့ မြေအောက်လမ်းကြောင်းတွေရဲ့မြေပုံကို သူမြင်နေရပါတယ်။
"ဒီလိုဏ်ခေါင်းတွေက ဘယ်လောက်ထိနက်မှန်းမသိပေမဲ့ စစ်နတ်သမီးတွေစူးစမ်းသလောက်တော့ ငါတို့မှာမြေပုံရှိတယ်။ အနီးစပ်ဆုံးအဖွဲ့တစ်ဖွဲ့နဲ့သွားပေါင်းပြီး အတူလှုပ်ရှားတာ ပိုကောင်းလိမ့်မယ်။"
ကိုင်းတိုနဲ့ကြောင်နက်လည်း ခေါင်းညိတ်လိုက်ကြတယ်။ သူတို့နှစ်ယောက်လုံးက အယ်လိုဟင်ထက် ပိုအားကြီးကြပေမဲ့ အခုလိုရှာဖွေကယ်ဆယ်ရေးမစ်ရှင်တွေမှာတော့ အယ်လိုဟင်ကို သူတို့အားကိုးမှဖြစ်မှာပါ။
"ငါတို့ရင်ဆိုင်နေရတဲ့ရန်သူက ဘယ်လိုမျိုးလဲငါတို့သေချာမသိသေးဘူး။ ဒါပေမဲ့ ခနနေရင် သိရတော့မှာပါ။"
သုံးယောက်အုပ်စုရဲ့အကြည့်တွေ လေးနက်သွားပြီး ရထားတဲ့မြေပုံထဲကအတိုင်း သူတို့ဆက်သွားကြပါတယ်။ မိနစ်အနည်းငယ်ကြာတော့ လမ်းဆုံတစ်ခုမှာ ဗျူဟာကျကျနေရာယူထားပြီး မှောင်မိုက်တဲ့တွင်းတွေထဲ ကျည်တွေပစ်သွင်းနေတဲ့ စစ်နတ်သမီးအုပ်စုဆီ သူတို့ရောက်လာကြတယ်။
"ဒီစက်ရုပ်တွေက ကိုယ်ပိုင်အသိစိတ်မရှိသေးပေမဲ့ နယ်ဆယ်ဉာဏ်ရည်တုနဲ့ဆက်သွယ်ပြီး အခြေခံဗျူဟာတွေကို သုံးနိုင်စွမ်းရှိတယ်။ ဒီမှာငါတို့ခနနေပြီး စီစဥ်စရာရှိတာ စီစဥ်ကြတာပေါ့။"
အယ်လိုဟင်က တခြားနှစ်ယောက်ကိုပြောလိုက်ပြီး သင်္ဘောပျံနဲ့ဆက်သွယ်လိုက်တယ်။ သင်္ဘောပျံပေါ်မှာတော့ ဒရုန်းဇုန်က နယ်ဆင်ဉာဏ်ရည်တုကိုကူပြီး စက်ရုပ်တွေကို ထိန်းချုပ်နေရတယ်။ အယ်လိုဟင် ဆက်သွယ်လာတာနဲ့ သူကပြန်ဖြေတယ်။
"အယ်လိုဟင်၊ နင်တို့ရန်သူအမျိုးအစားကို သိချင်တာမဟုတ်လား။ သူတို့ကျည်တွေပစ်ထည့်နေတဲ့ လိုဏ်ခေါင်းတွေထဲမှာ အလောင်းတွေပုံထပ်နေတယ်။ သွားယူကြည့်လိုက်။"
"ကောင်းပြီ။" အယ်လိုဟင်က သူသိထားတဲ့အကြောင်းကို တခြားနှစ်ယောက်ကို ပြောပြလိုက်တယ်။ ကိုင်းတိုလည်း ခေါင်းညိတ်ပြလိုက်ပြီး ပြန်ဖြေတယ်။
"ငါသွားမယ်။" အဲဒီနောက်တော့ ကိုင်းတိုက လိုဏ်ခေါင်းတစ်ခုထဲ ဝင်ရောက်ပျောက်ကွယ်သွားတယ်။ သိပ်မကြာခင်မှာပဲ အဲဒီလိုဏ်ခေါင်းထဲကနေ ပြန်ခုန်ထွက်လာတယ်။ ဒါပေမဲ့ တစ်ယောက်တည်းမဟုတ်ဘဲ လူသဏ္ဍာန်ရှိတဲ့ တခြားအရာနှစ်ခုကိုပါ ဆွဲခေါ်လာတာ။ သေဆုံးနေတဲ့ ဧရာမနားကျယ်ကောင်ကြီးတွေပါ။
"နားကျယ်ကောင်တွေလား၊ ဒါပေမဲ့ သူတို့အဓိကခန္ဓာကိုယ်က ဘာလို့လူသားတွေနဲ့တူနေတာလဲ။"
အယ်လိုဟင်က ကိုင်းတိုယူလာတဲ့ အလောင်းတစ်လောင်းနားကိုကပ်ပြီး စူးစမ်းကြည့်တယ်။ ကိုင်းတိုယူလာတဲ့အလောင်းနှစ်လောင်းလုံးက အထီးတွေဖြစ်ပြီး စစ်နတ်သမီးစနိုက်ပါက သူတို့ခေါင်းတွေကို ပေါက်ကွဲကျည်နဲ့ ဖောက်ခွဲထားတာ။
အယ်လိုဟင်က သူ့ဝတ်စုံနဲ့တွဲထားတဲ့ ဓားတိုချောင်းကိုထုတ်လိုက်ပြီး ခေါင်းကိုဖုံးနေတဲ့ နားကျယ်ကောင်ရဲ့အခွံမာသားကို ခွဲထုတ်လိုက်တယ်။ အရောင်မရှိတဲ့သွေးရည်ကြည်တချို့ ကျဆင်းလာပြီးနောက်မှာ အခွံမာတွေက လူအရေခွံနဲ့တူတဲ့အရာတစ်ခုနဲ့တွဲနေတာ တွေ့လိုက်ရတယ်။ အယ်လိုဟင်က မျက်မှောင်ကြုတ်လိုက်ပြီး ခေါင်းခွံတစ်ခုလုံးကို ဆွဲခွာကြည့်တယ်။
ဆိုးဝါးလွန်းတဲ့ ပြည်ပုပ်နံကြီးထွက်လာတဲ့အတွက် ကြောင်နက်လည်း နှာခေါင်းကိုပိတ်ပြီး နောက်ဆုတ်သွားတယ်။ အခွံမာနဲ့လူသားအရေခွံကြားမှာ ဝါဝါအရည်တွေရှိနေပြီး လူသားအရေခွံက အက်စစ်ဓာတ်ပါတဲ့ ဝါဝါအရည်တွေတိုက်စားတာ ခံထားရပုံပဲ။
ရှုပ်ယှက်ခတ်နေတဲ့ သဘာဝမကျတဲ့အကြောမျှင်တွေလည်းရှိနေသေးပြီး မျက်နှာအောက်ကနေ ထိုးထွက်နေတာဖြစ်ကာ ပေါင်းစပ်မျက်လုံးတွေနဲ့ဆက်သွယ်ထားတယ်။ အယ်လိုဟင်က ခေါင်းခွံကိုပြန်ဖုံးပေးလိုက်ရင်း နောက်ကိုထိုင်ချလိုက်တယ်။
"သေချာပေါက် လူသားနဲ့နကျယ်ကောင် ပေါင်းစပ်ထားတဲ့ မြူတန့်မျိုးစပ်ကောင်ပဲ။ ဒါပေမဲ့ မြူတန့်သိပ္ပံရဲ့နည်းပညာနဲ့ လုံးဝမတူညီတဲ့အရာတစ်ခုပဲ။"
မဟာဗီလိန်အဖွဲ့အစည်းကြီးတစ်ခုအနေနဲ့ မြူတန့်သိပ္ပံက လူသားနဲ့မြူတန့်သားရဲတွေကို ပေါင်းစပ်ပေးခဲ့ဖူးပြီး ပင့်ကူမြူတန့်မျိုးစပ်တစ်ယောက်ကိုလည်း ဖန်တီးဖူးတယ်။ ဒါကြောင့် မြူတန့်သိပ္ပံနဲ့အချိန်အကြာကြီး ရင်ဆိုင်ခဲ့ဖူးတဲ့ အယ်လိုဟင်က သူတို့နည်းပညာတွေနဲ့ အတော်လေးရင်းနှီးပါတယ်။
"မင်းပြောတဲ့ မတူညီတဲ့အရာဆိုတာက...." ကိုင်းတိုက အလောင်းကောင်နှစ်ကောင်ကို စူးစမ်းနေရင်းနဲ့ မေးလိုက်တယ်။ အယ်လိုဟင်က အလောင်းကောင်ရဲ့လက်မောင်းကို ဆွဲဖြတ်လိုက်ပြီး အပိုဖြစ်နေတဲ့အကြောတစ်ခုကို ဆွဲထုတ်ပြလိုက်တယ်။
"ဒီအာရုံကြောတွေ၊ ဒီအာရုံကြောတွေက လူသားတစ်ယောက်မှာ ရှိရမယ့်အရာမျိုးမဟုတ်ဘူး။ သူတို့က ကျောရိုးနမ့်ကျောနဲ့ဆက်သွယ်နေတာမဟုတ်ဘဲ သီးခြားစနစ်တစ်ခုနဲ့ဆက်သွယ်နေတာ။"
ကြောင်နက်က နားမလည်တဲ့အတွက် ခေါင်းစောင်းပြီး အကြောတွေကိုကြည့်လိုက်တယ်။ အကြောဆိုတာထပ် တီကောင်နဲ့တူနေပြီး အကြောပေါ်မှာအဆစ်လေးတွေရှိနေတယ်။ အယ်လိုဟင်က ဆက်ရှင်းပြပြန်တယ်။
"မြူတန့်သိပ္ပံရဲ့မျိုးစပ်နည်းပညာက လူသားရဲ့အာရုံကြောကို မြူတန့်သတ္တဝါရဲ့အာရုံကြောနဲ့ဆက်ပေးပြီး မြူတန့်သတ္တဝါရဲ့စွမ်းအားနဲ့အစိတ်အပိုင်းတွေကို ထိန်းချုပ်လို့ရအောင် ကူညီပေးတာ။ ပြောရရင်တော့ အကြီးစားခွဲစိတ်မှုမျိုးလုပ်ဖို့လိုတယ်။"
အယ်လိုဟင်က နကျယ်ကောင်အလောင်းကို ပြန်ငုံကြည့်လိုက်ပြီး သူ့မျက်နှာက တည်ကြည်သွားတယ်။
"ဘာခွဲစိပ်ထားတဲ့လက္ခဏာမှမတွေ့ရဘဲ မျိုးစပ်သတ္တဝါတစ်ကောင်ဖြစ်လာတာ။ လူသားခန္ဓာကိုယ်ကို တခြားသတ္တဝါက ဝါးမျိုသွားတာ။"
အယ်လိုဟင်က ဒီစကားကိုပြောနေရင်း သူ့အကြည့်တွေက ပိုမိုအရိုင်းဆန်လာတယ်။ "နကျယ်ကောင်တိုင်းမဟုတ်ပေမဲ့ တချို့မျိုးစိတ်တွေက ကပ်ပါးမျိုးစိတ်တွေ။ သူတို့သားလောင်းကို တခြားသတ္တဝါထဲ ထိုးသွင်းပြီး အဲဒီသားလောင်းက တခြားသတ္တဝါကိုဝါးမျိုပြီး အရွယ်ရောက်လာတာ။"
ကပ်ပါးသတ္တဝါတွေနဲ့ အယ်လိုဟင်ရင်ဆိုင်ဖူးတာ ပထမဆုံးအကြိမ်မဟုတ်ဘူး။ အရင်က ကပ်ပါးမှိုတွေကိုသုံးတဲ့ ဗီးနပ်စ်နဲ့လည်း အသည်းအသန်တိုက်ခိုက်ခဲ့ဖူးသေးတယ်။ ဒါကြောင့် အယ်လိုဟင်က ကပ်ပါးတွေနဲ့ပတ်သက်ပြီး သိပ်အထင်ကောင်းအမြင်ကောင်းမရှိဘူး။
သူတို့သတ္တဝါသစ်ကို စူးစမ်းနေတုန်း ရုတ်တရက် မြေကြီးတွေ တုန်ခါလာတယ်။ ဒရုန်းဇုန်ကလည်း သူတို့ကိုလှမ်းသတင်းပို့တယ်။
"အယ်လိုဟင်၊ ရှင်တို့အောက်မီတာနှစ်ရာလောက်ကို ထောင်နဲ့ချီတဲ့ နကျယ်ကောင်တွေတပ်လာပြီ။ အဲဒီက စစ်နတ်သမီးတွေလည်း ပျက်စီးကုန်ပြီ။ အခုရှင်တို့ဆီရောက်လာတော့မယ်။"
မကြာခင်မှာပဲ သူတို့နကျယ်ကောင်တွေရဲ့တဝီဝီအသံကို စကြားရတယ်။ ကိုင်းတိုက ထရပ်လိုက်ပြီး လိုဏ်ခေါင်းတစ်ခုကိုကြည့်ကာ မီးတန်းတစ်ခုပစ်သွင်းလိုက်တယ်။
ဟုန်း....။
မီးတောက်က လိုဏ်ခေါင်းတစ်ခုလုံးကို လင်းထိန်သွားစေပြီး အပေါ်ကိုတက်လာနေတဲ့ နကျယ်ကောင်တွေကို ထိတ်လန့်စရာမြင်ကွင်းမျိုးနဲ့ မြင်တွေ့လိုက်ရတယ်။ မကြာခင်မှာပဲ နကျယ်ကောင်တွေကို မီးလျှံတွေက ဝါးမျိုသွားပေမဲ့ ဒါအကုန်ပဲမဟုတ်သေးဘူး။ ပြီးတော့ တခြားဆက်နေတဲ့ လိုဏ်ခေါင်းတွေကနေလည်း အကောင်တွေဆက်တက်လာနေတယ်။
ကိုင်းတိုက နောက်ထပ်မီးကြာပန်းတွေဖန်တီးတယ်။ ကြောင်နက်က လျှပ်စီးတန်းတွေနဲ့ တက်လာသမျှအကောင်တွေကို ဓာတ်တို့ပေးတယ်။ အယ်လိုဟင်ကတော့ စစ်နတ်သမီးတွေနဲ့အတူ မြူတန့်နှစ်ယောက်လွတ်သွားတဲ့ အကောင်တွေကို သေနတ်နဲ့လိုက်ပစ်တယ်။
"ငါ့နောက်ကို လိုက်ခဲ့ကြ။" နေရာမှာ ဆက်ရပ်နေဖို့ မဖြစ်နိုင်လောက်တဲ့ အတိုင်းအတာကိုရောက်ချိန်မှာတော့ ကိုင်းတိုက မီးလျှံအတောင်ပံကိုဖွင့်ကာ အနားက နကျယ်ကောင်တွေကို ဖယ်ထုတ်ပြီး လိုဏ်ခေါင်းတစ်ခုထဲကို ပျံသန်းဆင်းသက်သွားတယ်။
အယ်လိုဟင်နဲ့စက်ရုပ်တွေလည်း သူတို့ဝတ်စုံက အတောင်ပံတွေကိုဖြန့်ပြီး ကိုင်းတိုနောက်ကလိုက်တယ်။ ပျံလို့မရတဲ့ကြောင်ကတော့ နောက်ကနေ ပြေးလိုက်ရတာပေါ့။ ဘာပဲပြောပြော ပိုးကောင်လိုင်းတွေကို တစ်နေရာတည်းမှာထိုင်ပြီး ခုခံနေတာထက်စာရင် ပြေးရင်းလွှားရင်း ဖရာလီတာတို့ကိုရှာတာက ပိုအလုပ်ဖြစ်ပါတယ်။
...
ဝါးဖရိန်ကြီးက အနက်ရောင်ဆံပင်နဲ့အာရှသူလေးကို လက်တစ်ဖက်နဲ့ချီမထားရင်း လိုဏ်ခေါင်းတစ်ခုထဲကို ချိုးကွေ့ဝင်လိုက်တယ်။ နကျယ်ကောင်တွေ လိုက်ဝင်မလာနိုင်အောင်လို့ ဝါးဖရိန်က လိုဏ်ခေါင်းအမိုးကို အမြောက်နဲ့ပစ်ပြီးဖိုချခဲ့သေးတယ်။
အပြင်ဘက်က နကျယ်ကောင်တွေရဲ့အသံကို ဖရာလီတာနဲ့ဥစာကီတို့ ဆက်ကြားနေရသေးပေမဲ့ အချိန်တိုအတွင်းတော့ ကျောက်တုံးတွေဆင့်ပြီး ပိတ်ဆို့ထားတဲ့အပေါက်ဝကို သူတို့ဖောက်လာနိုင်ဦးမှာမဟုတ်ဘူး။
"ကံကောင်းလို့ ဂူထဲကမြေကြီးတွေအကုန်လုံး ခပ်ပွပွမြေစာတွေပဲဖြစ်မနေတာ။" ဖရာလီတာက သက်ပြင်းချရင်း ပြောလိုက်တယ်။ ဥစာကီရော ဖရာလီတာပါ အစွမ်းကုန်တိုက်ခိုက်ခဲ့ပေမဲ့ နကျယ်ကောင်တွေက များလွန်းတာကြောင့် မကြာခင်မှာပဲ ဥစာကီက သက်လုံကုန်ဆုံးလာပါတယ်။ ဖရာလီတာက အခြေအနေအများကြီးပိုကောင်းပေမဲ့ သူ့ဝါးဖရိန်မှာလည်း စွမ်းအင်အကန့်အသတ်ရှိနေပါသေးတယ်။
"လောလောဆယ်တော့ အပြင်ကအုပ်စုကြီး ငါတို့နောက်လိုက်မလာနိုင်သေးပေမဲ့ လိုဏ်ခေါင်းကို အသစ်ပြန်ဖောက်ပြီး လိုက်လာနိုင်သေးတယ်။ ငါတို့ဆက်သွားနေမှရမယ်။"
ဥစာကီက ပြောလိုက်ပြီး သူတို့ရဲ့ရှေ့မှာ အကန့်အသတ်မဲ့လုနီးပါး ရှည်လျားစွာရှိနေတဲ့ လိုဏ်ခေါင်းကြီးကို ကြည့်လိုက်တယ်။ ဘာကြောင့်မှန်းမသိပေမဲ့ သူတို့ရောက်နေတဲ့လိုဏ်ခေါင်းက အတော်လေးငြိမ်သက်နေပြီး ဘာနကျယ်ကောင်မှ မတွေ့ရသေးဘူး။
"ဆက်သွားကြည့်ကြတာပေါ့။" အတော်ကြာတဲ့အထိ ဖရာလီတာက ဓာတ်မီးနဲ့လိုဏ်ခေါင်းအတွင်းပိုင်းကို ထိုးကြည့်နေခဲ့ပေမဲ့ ဘာမှမတွေ့ရဘူး။ အရင်ကလည်း ပုရွက်ဆိတ်ဘုရင်မဂူထဲကို ဖရာလီတာဝင်ဖူးပေမဲ့ အခုလိုရန်လိုနေတဲ့ နကျယ်ကောင်တွေနေတဲ့ဂူထဲ ဝင်ဖူးတာက ပထမဆုံးအကြိမ်ပါ။ ဒါကြောင့် သူလည်းစိတ်လှုပ်ရှားနေတယ်။
"ဘာလို့ ဒီလိုဏ်ခေါင်းက အခုအချိန်အထိ တခြားလိုဏ်ခေါင်းတွေနဲ့ ဆက်သွယ်ထားတာမျိုးမတွေ့ရသေးတာလဲ။" ဖရာလီတာက ပြောလိုက်တယ်။
သူတို့အစပိုင်းက တွေ့ခဲ့သမျှလိုဏ်ခေါင်းအားလုံးနီးပါးက တစ်ခုနဲ့တစ်ခုကွန်ယက်တွေလို ချိတ်ဆက်ထားတာ။ ဒီနေရာမှာက ဘာနကျယ်ကောင်မှရှိမနေသလို ပင်မလိုဏ်ခေါင်းအပြင် တခြားလိုဏ်ခေါင်းမတွေ့ရဘူး။
"ဖရာလီတာ၊ ငါအသက်ရှူကျပ်လာပြီ။" အတော်ကြာတဲ့အထိ ဆက်သွားနေပြီးတဲ့နောက် ဥစာကီက ပြောလိုက်တယ်။ ဖရာလီတာ သူ့လက်ထဲကို ငုံကြည့်တော့ဥစာကီတစ်ကိုယ်လုံး ချွေးတွေနဲ့စိုရွဲနေပြီး အသက်ကို ဝအောင်မနည်းရှူနေရတာ တွေ့လိုက်ရတယ်။ ဖရာလီတာလည်း သူ့ဝတ်စုံကိုသုံးပြီး ပတ်ဝန်းကျင်အခြေအနေကို စုံစမ်းကြည့်တယ်။
"ထူးဆန်းတယ်၊ ဒီလိုဏ်ခေါင်းထဲက အောက်စီဂျင်ပမာဏက တကယ်ပဲမလုံလောက်တော့ဘူး။ ဆိုလိုတာက ငါတို့ပိတ်ခဲ့တဲ့အပေါက်အပြင် တခြားလေဝင်လေထွက်ပေါက်မရှိဘူးဆိုတာပဲ။"
ဖရာလီတာက စိုးရိမ်နေတဲ့လေသံနဲ့ ပြောလိုက်ပါတယ်။ ဥစာကီကလည်း ချောင်းဆိုးလိုက်ပြီး ဝါးဖရိန်ရဲ့မျက်နှာကို မော့ကြည့်လိုက်တယ်။
"အခုငါတို့တွေ အောက်ဆင်းနေတာလား၊ အပေါ်တက်နေတာလား။"
"သေချာပေါက် အောက်ကိုသွားနေတာ။" သူတို့နှစ်ယောက်လုံး တိတ်ဆိတ်သွားပြန်တယ်။ မျှော်လင့်ထားသလိုမျိုး နကျယ်ကောင်တွေက လိုဏ်ခေါင်းသစ်ဖောက်ပြီး သူတို့နောက်ကို အတော်ကြာတဲ့အထိလိုက်မလာဘူး။ ပြီးတော့ သူတို့က အောက်စီဂျင်မလုံလောက်တဲ့ နေရာတစ်ခုကိုရောက်နေတာ။ ဝတ်စုံထဲက ဖရာလီတာအတွက် ကိစ္စမရှိပေမဲ့ ဥစာကီအတွက်တော့ သတင်းကောင်းမဟုတ်ပါဘူး။
"ငါတို့ပြန်လှည့်ကြမလား၊ ဒီနေရာက ပုံမှန်ဟုတ်တဲ့ပုံမပေါ်ဘူး။" ဥစာကီက ပြောလိုက်တယ်။ ဖရာလီတာလည်း ခေါင်းညိတ်လိုက်ပါတယ်။ သူတို့နှစ်ယောက်အနေနဲ့ ဆက်ပြီးအရဲမကိုးသင့်တော့ဘူး။ အပေါ်ပြန်တက်ရင် နကျယ်ကောင်တွေနဲ့ ထပ်ပြီးတိုက်ပွဲဖြစ်နိုင်ပေမဲ့ မသိနိုင်တဲ့ အန္တရာယ်တစ်ခုဆီကို ဦးတည်သွားနေတာထက်စာရင် ပိုကောင်းတယ်လို့ ခံစားနေသေးတယ်။
မကြာခင်မှာပဲ ဝါးဖရိန်ကြီးက နောက်ကိုပြန်လှည့်ပြီးလာရာလမ်းအတိုင်း ပြန်ဖို့လုပ်တယ်။ ဒါပေမဲ့ သူတို့နောက်ကို လှည့်ကြည့်လိုက်မှ လမ်းက ပိုကြောက်ဖို့ကောင်းတယ်လို့ ခံစားမိလာသလိုပဲ။ သူတို့ရဲ့ရှေ့ကိုရောနောက်ကိုပါ အဆုံးမသိရတဲ့ အမိုက်မှောင်က ဖုံးအုပ်ထားတယ်။ ပြီးတော့ စိုထိုင်းဆက ပိုပြီးမြင့်တက်လာနေတယ်။
"ဟေး၊ ဖရာလီတာရေ။ ဒီနေရာက စိုထိုင်းဆမြင့်တက်လာနေတာ ပုံမှန်မဟုတ်ဘူးလို့ နင်ထင်လား။"
ဖရာလီတာက ပြန်မဖြေဘူး။ အဖြေကိုသူမသိဘူး။ အဖြေကိုသိနေရင် ဘယ်လောက်အန္တရာယ်များများ ဖြေရှင်းနည်းတစ်ခုကို သူတို့ရှာတွေ့နိုင်သေးတယ်။ ဒါပေမဲ့ ဘာဖြစ်နေမှန်းမသိရင်တော့ ဖြေရှင်းဖို့နည်းမရှိဘူးလို့ ဆိုလိုတာနဲ့အတူတူပဲ။
မကြာခင်မှာပဲ သူတို့နှစ်ယောက်လုံးတိတ်ဆိတ်စွာနဲ့ ရှေ့ကိုဆက်ပြီး လမ်းလျှောက်ကြတယ်။ တိတ်ဆိတ်တဲ့ ဝါးဖရိန်ရဲ့ခြေသံတစ်ခုတည်းသာ မြေအောက်မှာပဲ့တင်သံထပ်နေတယ်။ ဒါပေမဲ့ သူတို့ဘယ်လောက်ဆက်သွားဆက်သွား ရှေ့တိုးမလာဘူးဆိုတဲ့ ခံစားချက်ကလည်း ကြီးထွားလာနေပြန်တယ်။
ဖရာလီတာက ဥစာကီကို ထပ်ငုံကြည့်လိုက်တယ်။ ဥစာကီရဲ့အောက်စီဂျင်ပြတ်လပ်တဲ့ပြဿနာက ပိုဆိုးလာပြီး အခုမျက်လုံးကိုမှေးကာ အနားယူနေရတယ်။
"ဟေး၊ ဥစာကီ။ ငါတို့မျက်စိလည်နေပြီလို့ထင်လား။" ဥစာကီလည်း မျက်လုံးဖွင့်ကြည့်ပြီး ပြန်ဖြေတယ်။
"လမ်းက တစ်ခုတည်းပဲရှိတာမဟုတ်ဘူးလား။" သူတို့သိသလောက် ဒီလိုဏ်ခေါင်းကြီးက ဘယ်လိုဏ်ခေါင်းနဲ့မှ ဆက်မနေတဲ့နေရာပါ။ ဒါကိုအတည်ပြုဖို့ ဖရာလီတာက အချိန်အတော်ကြာပေးခဲ့သေးတယ်လေ။ ဒါကြောင့် ဥစာကီက အခုလိုပြန်အဖြေပေးခဲ့တာ။
ဖရာလီတာက ခေါင်းခါပြလိုက်တယ်။ အဲဒီနောက် လုံးဝမျှော်လင့်မထားတဲ့ အဖြေတစ်ခုကို ပြန်ပေးတယ်။
"ငါတို့သွားနေတဲ့ကြာချိန်က အပေါက်ဝကိုပြန်ရောက်သင့်တဲ့အချိန်ထက် သုံးဆကျော်နေပြီ။"
"....." ဥစာကီတိတ်ဆိတ်သွားတယ်။ သူ့အသက်ရှူသံတွေက တိုးညှင်းလာနေပြီ။ ဖရာလီတာရဲ့စကားကို ပြန်မဖြေဘူး။ အဖြေမရှိလို့ ပြန်မဖြေတာလား မဖြေနိုင်တော့တာလားတော့ ဖရာလီတာလည်းအတည်မပြုနိုင်ဘူး။
ဖရာလီတာက ဝါးဖရိန်ကိုထိန်းချုပ်ရင်း အမှောင်ထုထဲကို ဆက်လက်တိုးဝင်တယ်။ သူ့သံသယအတိုင်းနောက်ထပ် နာရီဝက်ကြာသွားတာတောင် လမ်းဆုံးကိုမရောက်သေးဘူး။ အဲဒီအစား အထီးကျန်ခံစားချက်က ပိုပြီးပြင်းထန်လာတယ်။ နောက်တော့ အဲဒီခံစားချက်ပျောက်သွားပြီး သူနဲ့ဥစာကီအပြင် တတိယလူတစ်ယောက်ရှိနေသလို ခံစားချက်မျိုးကိုရလာတယ်။
အစကတော့ သူစိတ်ထင်တာလို့တွေးမိပေမဲ့ အဲဒီခံစားချက်က သိပ်ကိုအားကောင်းလာတဲ့အတွက် နောက်ကိုလှည့်ကြည့်လိုက်တော့ သူ့ကိုပြုံးပြနေတဲ့ အဖိုးအိုတစ်ယောက်ရဲ့မျက်နှာကို တွေ့လိုက်ရတယ်။
ဥစာကီလည်း မျက်လုံးကိုအားယူဖွင့်ပြီး ကြည့်လိုက်တယ်။
"အဖိုး...." ဥစာကီဆီက အားကိုးတကြီးနဲ့ တိုးညှင်းစွာခေါ်သံ ထွက်ပေါ်လာတယ်။ ဖရာလီတာက ဒုတိယအကြိမ် သေချာကြည့်ပြီးနောက် ဥစာကီမမှားမှန်းသိလိုက်ရတယ်။
"အိခဲဒ၊ ရှင်ဘယ်လိုလုပ်ပြီး...."
ဖရာလီတာက စကားကိုတစ်ဝက်မှပဲရပ်လိုက်တယ်။နှုတ်ဆက်နေမယ့်အစား အားနေတဲ့ စက်ရုပ်လက်တစ်ဖက်ကိုမြှောက်ပြီး အိခဲဒကိုထိုးချလိုက်တယ်။ အိခဲဒကတော့ လက်ဝါးကိုမြှောက်ပြီး လက်သီးကိုသာသာလေးတားလိုက်တယ်။ ဖရာလီတာရဲ့ထိုးချက်ကို အိခဲဒက လက်ဖဝါးသက်သက်နဲ့ပဲ တားလိုက်နိုင်တယ်။
ဖရာလီတာရဲ့မျက်လုံးအိမ်တွေ တုန်လှုပ်သွားတယ်။ သူရှေ့မှာ မြင်နေရတဲ့အရာကို သူမယုံနိုင်ဘူး။ အိခဲဒရဲ့နဖူးကနေ နကျယ်ကောင်ဦးမှင်ထွက်နေပြီး သူ့မျက်နှာပေါ်မှာ ပုံမှန်မဟုတ်တဲ့အကြောတွေထောင်ထနေတယ်။ အိခဲဒက သူတို့ကိုနွေးထွေးစွာပြုံးပြနေပေမဲ့ ဖရာလီတာက လုံခြုံစိတ်ချရမှုကို မခံစားရဘူး။
"သေစမ်း..." ဖရာလီတာက ဝါးဖရိန်လက်နက်စနစ်ကို အသက်သွင်းပြီး ဥစာကိကိုလွှတ်ချကာ အားနေတဲ့လက်ကို စက်သေနတ်အဖြစ်ပြောင်းကာ ပစ်ခတ်ဖို့ကြိုးစားတယ်။
ဘုန်း....။
အိခဲဒက အားနေတဲ့ဘယ်ဖက်လက်ဝါးကိုမြှောက်ပြီးဖရာလီတာရဲ့ဝါးဖရိန်ကို ရိုက်ချလိုက်တယ်။ အိခဲဒရဲ့လက်ဝါးက ဝါးဖရိန်ကိုယ်ထည်ကို ချိုင့်ဝင်သွားစေပြီး တစ်ခုတည်းလွင့်ထွက်သွားတယ်။ ဖရာလီတာလည်း ဖြစ်ပျက်နေတာတွေ လိုက်မမီတော့ဘူး။
သူသတိပြန်ဝင်လာတဲ့အချိန်မှာတော့ အိခဲဒက မြေကြီးထဲနစ်ဝင်နေတဲ့ ဝါးဖရိန်ရှေ့မှာရပ်နေပြီး စက်အဖုံးကို လက်ချည်းသက်သက်နဲ့ ဆွဲဖွင့်ပစ်လိုက်တယ်။ အခုဖရာလီတာက ပိုးကောင်ဦးမှင်ပေါက်နေတဲ့ အိခဲဒနဲ့ မျက်နှာချင်းဆိုင်မိနေပြီ။ ပြင်ပလေထုကြောင့် ဖရာလီတာမွန်းနေပေမဲ့ ဒီစကားတွေကိုပြောလိုက်နိုင်တယ်။
"ရှင်ဘယ်လိုလုပ်ပြီးတော့ ဒီလောက်စွမ်းအားကြီးလာတာလဲ။"
အိခဲဒက နွေးထွေးစွာပြုံးနေဆဲဖြစ်ပြီး ရုန်းကန်ဖို့ ခွန်အားမရှိတော့တဲ့ ဖရာလီတာကို ဂုတ်ကနေဆွဲကိုင်ကာ မြေပြင်နဲ့တရွတ်တိုက်ဆွဲခေါ်သွားတယ်။
နောက်တော့ မြေပြင်မှာလဲပြိုကျနေပြီး တွားသွားနေရတဲ့ ဥစာကီကိုပါ ဂုတ်ကနေဆွဲပြီး ဖရာလီတာနဲ့အတူဆွဲခေါ်တယ်။ နှစ်ယောက်လုံးက သတိရှိနေသေးပေမဲ့ ဘယ်ကိုဦးတည်နေမှန်းမသိတဲ့ တွင်းနက်ကြီးရဲ့ပိုမိုနက်ရှိုင်းတဲ့နေရာဆီ ဆွဲခေါ်ခံနေရပါပြီ။