လမ်းညွှန်ပေးသည့် စီနီယာ
Vol. 47 Ch. 651
“ဂျွတ် ….” လင်းလုနန်၏ စကားအဆုံးတွင် မိုဝူကျိ၏ အမှတ်အသားပြားမှ ဖြူဆွတ်နေသည့် ပုလဲသဖွယ် ပြောင်းလဲသွားပြီး အစစ်အမှန် အင်မော်တယ် ဖွေရှာ အမှတ်အသားပြား ထွက်ပေါ်လာ၏။ မျှားတစ်စင်းက နေရာတစ်ခုကို ညွှန်ပြပေးနေသည်။
မိုဝူကျိက ပုလဲကို လက်ထဲ ကိုင်ထားလိုက်ပြီး ထိုပုလဲအတွင်း စိတ်စွမ်းအား ရှိနေကြောင်း ရှင်းရှင်းလင်းလင်း ခံစားမိနေသည်။
“ ကျုပ်တို့ သွားရမဲ့ နေရာ ပေါ်လာပြီ။ မြန်မြန် သွားရအောင် အင်မော်တယ် ပိတ်လှောင်ရေး အစီအရင်က အရမ်းကြီးမားတယ်…. ကျုပ်တို့တွေ အချိန်များများ ယူနေရလိမ့်မယ် ” လင်းလုနန်က အင်မော်တယ်ဖွေရှာ အမှတ်အသားပြားပေါ်မျ မျှားကို မြင်သည့်အခါ ပျော်ရွင်မိသွားသည်။
ထိုသို့ပြောပြီးနောက် လင်းလုနန်က မိုဝူကျိမှာ ပုလဲကို စိုက်ကြည့်နေဆဲ ဖြစ်ကြောင်း တွေ့လိုက်ရ၍ ထပ်ပြောလိုက်သည်
“ အဲဒါက သွေးမျိုးဆက် ဖွေရှာ ပုလဲလေ။ အဲဒီမျှားလေးက စီနီယာကျီလီရဲ့ တည်နေရာကို ပြနေတာ နေမှာ။ ဒါပေမဲ့ အတိအကျတော့ မဟုတ်ဘူး။ ပြီးတော့ သွေးမျိုးဆက် ဖွေရှာပုလဲရဲ့ အရောင်ပြောင်းသွားရင် စီနီယာကျီဖေးချင်နဲ့ သွေးမျိုးဆက်တူတဲ့သူ အနီးအနား ရှိနေပြီဆိုတဲ့ အဓိပ္ပါယ်ပဲ …. ”
“ ခင်ဗျားမှာလည်း တစ်ခု ရှိတာလား ” မိုဝူကျိက မေးလိုက်သည်။
လင်းလုနန်က ခေါင်းခါကာ
“ မရှိပါဘူး ….. ဒါပေမဲ့လည်း ဒီဒယ်စောက်က ကျုပ် ဘိုးဘေး သန့်စင်ခဲ့တာဆိုတော့ ကျုပ် အနီးအနားရောက်သွားရင် ဒီဒယ်စောက်က အသံထွက်လာလိမ့်မယ်။ တကယ်လို့ ညီလေးမို စိတ်ထဲ မထားရင် အင်မော်တယ်အရုပ်ကို သိမ်းထားဖို့ အကြံပေးချင်တယ် ”
မိုဝူကျိက သဘောတူစွာ ခေါင်းညိတ်လိုက်ပြီး တာ့ဟွမ်ကို သိမ်းထားလိုက်သည်။ ဤသို့မျိုး နေရာ၌ သူက အားပိုကောင်းနေလျှင်ပင် အစီအရင်ကို ချိုးဖျက်နိုင်မည် မဟုတ်ပေ။ သူတို့က အင်မော်တယ်ဖွေရှာ အမှတ်အသားပြားပေါ် တည်နေရာကို မှီခိုနေရပြီး သူတို့ ပိတ်မိနေပါက အင်မော်တယ်အရုပ် တစ်ရာရှိနေလျှင်ပင် သူတို့ကို ကူညီပေးနိုင်မည် မဟုတ်ပေ။
အင်မော်တယ် ပိတ်လှောင်ရေး အစီအရင်အတွင်း ဝေဝါးနေလေ၏။ မိုဝူကျိနှင့် လင်းလုနန်တို့က သူတို့၏ ခြေထောက်ကိုပင် ရှင်းရှင်းလင်းလင်း မမြင်ရတော့သလို စိတ်စွမ်းအားကိုလည်း ဖြန့်ကျက်ထား၍ မရပေ။ သူတို့ လုပ်နိုင်သည့် တစ်ခုတည်းသော အရာမှာ အင်မော်တယ် ဖွေရှာ အမှတ်အသားပေါ်မှ မျှားအတိုင်း သွားရုံသာ ဖြစ်၏။
မိုဝူကျိက သူ့စိတ်ဝိညာဉ်မျက်လုံးကို မထုတ်ဖော်ထားပေ။ သူက ဘေးပတ်လည်ကို မြင်ရလျှင်ပင် ဤအစီအရင်အား ချိုးဖောက်နိုင်မည် မဟုတ်ချေ။
သူ့စိတ်ဝိညာဉ်မျက်လုံးမှာ လျို့ဝှက်ကွက် ဖြစ်ကာ မလိုအပ်သရွေ့ လင်းလုနန်ရှေ့ ပြသမည် မဟုတ်။
လင်းလုနန်က အင်မော်တယ် ပိတ်လှောင်ရေး အစီအရင်မှာ ကျယ်ပြောကာ အဆုံးမဲ့ကြောင်း ပြောခဲ့၏။ နှစ်ယောက်သား မျှားနောက်မှ ဆယ်ရက်ကြာ လိုက်ခဲ့သော်လည်း သူတို့က အဆုံးမရှိသည့် မြင်ကွင်းထဲ ဝေဝေဝါးဝါး ဖြစ်နေဆဲ ဖြစ်၏။ သူတို့က တည်နေရာကို မသိသလို ဘာကိုမှလည်း ရှာမတွေ့သေးချေ။
“အင်မော်တယ်ရောင်းရင်းလင်း …. တကယ်လို့ နတ်ဘုရားမျှော်စင် ပိတ်တဲ့အချိန်ရောက်သွားရင် ကျုပ်တို့တွေ အင်မော်တယ် ပိတ်လှောင်ရေး အစီအရင်ကနေ ထွက်သွားနိုင်မှာလား ဒါမှမဟုတ် ဒီမှာပဲ ပိတ်မိနေမှာလား ” မိုဝူကျိက အလောတကြီး မေးလိုက်သည်။
လင်းလုနန်က ကြောင်သွားပြီး သူက ထိုမေးခွန်းကို မစဉ်းစားမိခဲ့ပေ။ သာမာန်အခြေအနေအောက်၌ လူတစ်ယောက်က နတ်ဘုရားမျှော်စင်အတွင်း မည်သည့်နေရာတွင် ရှိနေစေကာမူ နတ်ဘုရားမျှော်စင် ပိတ်သည်နှင့် အပြင်ဘက်သို့ ပို့ဆောင်ခံရမည် ဖြစ်၏။
သို့သော်လည်း သူတို့က အင်မော်တယ် ပိတ်လှောင်ရေး အစီအရင်ထဲ ရောက်ရှိနေပေရာ များစွာသော အဆင့်မြင့် ကျင့်ကြံသူများလည်း ပိတ်မိနေပေ၏။ အကယ်၍ ထိုအဆင့်မြင့် ကျင့်ကြံသူများသာ မထွက်သွားနိုင်လျှင် သူတို့အနေနှင့်လည်း အဘယ်ကြောင့် ထွက်သွားနိုင်မည်နည်း။
လင်းလုနန် မဖြေလိုက်ခင် ကြောက်ဖက်ဖွယ် အားတစ်ခုနှင့် ဒယ်စောက်က တိုက်မိသွားလေ၏။ ဒယ်စောက်၏ အကာအကွယ်ပေါ်တွင် လှိုင်းတွန့်လေးများ ပေါ်လာကာ သတ်ဖြတ်ငွေ့တချို့ စိမ့်ဝင်လာ၏။ မိုဝူကျိ ပါးစပ်ထောင့်မှလည်း သွေးစီးကျလာသည်။
မိုဝူကျိ၏ စိတ်စွမ်းအားမှာ သူ့လော့ကျမ်းစာရွက်အပေါ် ရောက်ရှိနေလေပြီ။ အမြင်နှင့်တင် အင်မော်တယ် ပိတ်လှောင်ရေး အစီအရင်အထဲ၌ အပြည့်အဝ အန္တရာယ်မကင်းကြောင်း သိသာလှသည်။
လင်းလုနန်က ဒယ်စောက်ကို ထိန်းချုပ်နေသူ ဖြစ်သောကြောင့် သတ်ဖြတ်ငွေ့များ စိမ့်ဝင်လာသည့်အခါ သူ့ပါးစပ်ထောင့်မှလည်း သွေးများ စီးကျလာရသည်။ သူက ကုသဆေးလုံးတချို့ကို မြန်မြန် မျိုချကာ ပြောလိုက်သည်
“ ညီလေးမို စိုးရိမ်ဖို့ မလိုဘူး။ ဒီသတ်ဖြတ်ငွေ့က အင်မော်တယ် ပိတ်လှောင်ရေး အစီအရင်ကနေ ထွက်လာတာ မဟုတ်ဘူး။ အဲဒီအစား ပိတ်မိနေတဲ့ အဆင့်မြင့် ပညာရှင်တစ်ဦးဦးက ထုတ်လွှင့်နေတာ ….
သူတို့က အစီအရင်ထဲ ပိတ်မိနေတာဆိုတော့ သူတို့က သတ်ဖြတ်ငွေ့တွေ ဆက်တိုက် ထုတ်လွှင့်နေတတ်တယ်။ ဒီလိုမျိုး သတ်ဖြတ်ငွေ့က ….. ”
“ ဘုန်း ” လင်းလုနန် စကားမဆုံးခင် နောက်ထပ် အင်အားတစ်ခု ကျရောက်လာကာ ဒယ်စောက်နှင့် တွေ့သွားပြန်သည်။ ဤတစ်ကြိမ်၌ လင်းလုနန်က သွေးတစ်ပွက် အန်ထုတ်လိုက်ရပြီး သူ့တစ်ကိုယ်လုံးမှာ လွှင့်စင်သွား၏။
မိုဝူကျိက လက်ကို ဆန့်ထုတ်၍ လင်းလုနန်ကို ဆွဲထားပြီး ရပ်တည်နိုင်စေရန် ကူညီပေးလိုက်သည်။
လင်းလုနန်က တည်ငြိမ်သွားသောအခါ ကြောက်ရွံ့စွာ ပြောလိုက်သည် “ ညီလေးမို ကျေးဇူးပါ … ”
သူ့ကျင့်ကြံဆင့်မှာ မိုဝူကျိထက် မြင့်သော်လည်း ဤနေရာမှာ ဘယ်လိုနေရာမျိုးလဲ …..
အင်မော်တယ် ပိတ်လှောင်ရေး အစီအရင် ဖြစ်ပေသည်။ အကယ်၍ အင်မော်တယ် ဖွေရှာ အမှတ်အသား မပါရှိဘဲ အင်မော်တယ် ပိတ်လှောင်ရေး အစီအရင် အနက်ပိုင်းထဲ ကျရောက်သွားခဲ့လျှင် သူ့ကဲ့သို့ အင်မော်တယ် အုပ်စိုးသူ အလယ်အလတ်အဆင့် ကျင့်ကြံသူပင် သေဆုံးသွားနိုင်၏။
“ အစ်ကိုလင်း တစ်ခုခုတော့ မှားနေပြီ။ မြန်မြန် ထွက်သွားရအောင် ” မိုဝူကျိ စကားပြီးပြီးချင်း သူက တည်နေရာကို ပြောင်းလဲလိုက်တော့သည်။ သူက အင်မော်တယ် ဖွေရှာ အမှတ်အသားမှ တည်နေရာကို ပြောင်းလဲလိုက်ပြီ ဖြစ်၏။ သူက လုပ်ချင်၍ မဟုတ်ဘဲ သေခြင်းတရားများက ပို၍ ပြင်းထန်လာ၍ ဖြစ်သည်။
သူ့အရိုးများပင် တုန်ယင်လာမိသောကြောင့် မိုဝူကျိက ဤနေရာ၌ ဆက်မနေရဲတော့ပေ။
လင်းလုနန်လည်း တူညီသော အန္တရာယ်ကို ခံစားမိပေ၏။ သူက ဖြည်းဖြည်းချင်း တလှမ်းချင်းစီ လျှောက်လာကာ မိုဝူကျိဆီ မရောက်ခင် အားပြင်းသော သတ်ဖြတ်လှိုင်များက နောက်တဖန် ရောက်ရှိလာပြန်သည်။
သူက အင်မော်တယ် အုပ်စိုးသူအဆင့် ဖြစ်ရာ ထိုသို့မျိုး ကျင့်ကြံဆင့်ဖြင့် အင်မော်တယ်လောက၌ စိတ်ကြိုက်သွားလာလို့ ရသော်လည်း ဤအင်မော်တယ် ပိတ်လှောင်ရေး အစီအရင်အတွင်း၌ သူ့ကျင့်ကြံဆင့်မှာ မိုဝူကျိနှင့် မကွာခြားတော့ဘဲ အနိမ့်ဆုံးမှ အနိမ့်ဆုံး ဖြစ်နေ၏။
“ ဖျူး ” သတ်ဖြတ်ငွေ့များက နောက်တဖန် ကျရောက်လာသည့်အခါ ထူးဆန်းသော အသံများပါ ပါလာလေ၏။ ဒယ်စောက်ကို လင်းလုနန်က အပြည့်အဝ သန့်စင်ထားသော်လည်း သူက အပြည့်အဝ မထိန်းချုပ်နိုင်သေးပေ။ ဧရာမ ဒယ်စောက်ကြီးက တိုက်ရိုက် လွှင့်ထွက်သွားသည်။ ထို့နောက် နောက်ထပ် သတ်ဖြတ်ငွေ့များက ထွက်ပေါ်လာကာ လင်းလုနန်အား အင်မော်တယ် ပိတ်လှောင်ရေး အစီအရင် အနက်ပိုင်းသို့ ခေါ်ဆောင်သွား၏။
မိုဝူကျိက လော့ကျမ်းစာရွက်ကို ထုတ်ယူပြီးလေပြီ။ သူက လင်းလုနန် ပါသွားသည့် မြင်ကွင်းကို မျက်မြင်ကိုယ်တွေ့ မမြင်လိုက်သော်လည်း လင်းလုနန်အတွက် သေချာပေါက် မကောင်းတော့ကြောင်း သိလိုက်သည်။
လင်းလုနန်၏ ကျင့်ကြံဆင့်မှာ သူ့ထက် များစွာ အားကောင်းပြီး ဤအင်မော်တယ် ပိတ်လှောင်ရေး အစီအရင်အကြောင်းကိုလည်း ကောင်းကောင်း နားလည်ပေသည်။ သို့သော်လည်း လင်းလုနန်က ဤအစီအရင်အတွင်းမှ အားကို မခုခံနိုင်ခဲ့ပေ။ သူ မိုဝူကျိက ကျီလီကို မည်သို့များ ကယ်တင်ရမည်နည်း။
ထို့အပြင် ပစ္စည်း စိတ်ဝိညာဉ်က သူ့ဆရာ ပြောသည့်အတိုင်း မလိုက်နာဘဲ မိုဝူကျိအား ဘာဆိုဘာမှ မပေးခဲ့ပေ။ မိုဝူကျိက ဤအဆင့်အထိ ရောက်ခဲ့သော်လည်း ယခုတွင်မူ မြန်မြန် ထွက်သွားချင်နေမိသည်။
မိုဝူကျိက မည်သည့်နေရာ ရောက်နေမှန်း မသိသလို သူ့အင်မော်တယ် ဖွေရှာ အမှတ်အသားပြားမှာလည်း ညွှန်ပြနေဆဲ ဖြစ်သော်လည်း သူက ဆက်မလိုက်သွားရဲပေ။ သူက လော့ကျမ်းစာရွက်ကို အသက်သွင်းကာ သူ့ကိုယ်သူ လွှမ်းခြုံထားလိုက်၏။ ထိုအခါမှ ရုတ်ချည်း သတ်ဖြတ်ငွေ့များ ထွက်ပေါ်လာခြင်းမှ ကာကွယ်ထားနိုင်ပေလိမ့်မည်။
သူ့ကိုယ်သူ တည်ငြိမ်အောင် ကြိုးစားပြီးနောက် မိုဝူကျိက စိတ်ဝိညာဉ် မျက်လုံးကို ဖွင့်လိုက်သည်။
သူ့စိတ်ဝိညာဉ်မျက်လုံးမှာ မီတာဆယ်ချီ ပတ်လည် မြင်ရပေသည်။ သူ့ခြေထောက်အောက်တွင် အညိုရင့်ရင် မြေကြီး ရှိနေပြီး မိုဝူကျိက နင်းကြည့်လိုက်သည့်အခါ အလွန်မာကြောကြောင်း တွေ့ရှိလိုက်ရ၏။
သူ့ဘယ်ဘက် ခုနှစ်မီတာလောက်တွင် ဧရာမ ကျောက်တုံးကြီး ရှိနေသည်။ ထိုကျောက်တုံးပေါ်တွင် ဓားကျိုးတစ်ချောင်း စိုက်ထားလေ၏။ သူ့ရှေ့ လေးငါးမီတာလောက်၌ ခမ်းခြောက်နေသော ရေကန် ရှိနေပြီး ရေကန်အတွင်း ထူးထူးခြားခြား ငါးအရိုး ရှိနေသည်။ လက်ယာဘက်၌ ဗလာနတ္ထိ ကျင်းနေပေသည်။ သူ့နောက်တွင် ကျောက်အပိုင်းအစ အပုံလိုက် ရှိနေပြီး ထူးထူးဆန်းဆန်း စီရီထားသလိုမျိုး ဖြစ်နေသည်။
ထူးဆန်းလိုက်တာ …..
မိုဝူကျိက ဓားရှည်တာအိုကို မကျင့်ကြံသော်လည်း ဤဓားကျိုးမှ ကြောက်မက်ဖွယ် ဓားသတ်ဖြတ်ငွေ့များအား ခံစားမိနေသေး၏။ အကယ်၍ သူသာ ထိုနေရာသို့ လျှောက်လှမ်းသွားလျှင် ဓားသတ်ဖြတ်ငွေ့များကို လှုံ့ဆော်မိသလို ဖြစ်ပြီး တစစီ ဖြစ်သွားပေလိမ့်မည်။
မိုဝူကျိက မည်သည့်နေရာ သွားသင့်ကြောင်း စဉ်းစားနေစဉ် နွေးထွေးသည့် အသံတစ်သံက မိုဝူကျိ နားဘေးမှ ထွက်ပေါ်လာသည်
“ ကောင်လေး မင်းက ဒီနေရာအထိ ရောက်လာတယ်ဆိုတော့ မင်းဆီမှာ ငါ့ရဲ့ အင်မော်တယ် ချိတ်ဖွင့် အမှတ်အသားပြား ရှိမှာပေါ့ ”
“ ဘယ်သူလဲ ” မိုဝူကျိက ခေါင်းကို မော့ကာ သူ့ညာဘက်မှ ဗလာနတ္ထိကျင်းနေသည့် နေရာကို သတိတကြီး စိုက်ကြည့်လိုက်သည်။ အသံမှာ သူ့လက်ယာဘက်မှ ထွက်ပေါ်လာဟန် ပေါ်၏။
“ ငါ ဘယ်သူလဲဆိုတာ အရေးမကြီးပါဘူး။ အရေးကြီးတာက မင်းလက်ထဲက အမှတ်အသားပြားကို ငါ လုပ်ထားတာပဲ။ တကယ်လို့ မင်း ထွက်သွားချင်ရင် ငါ့အကူအညီ လိုအပ်တယ်။ နောက်တစ်ခုက မင်းရဲ့ စီနီယာနဲ့ ပြောတဲ့အခါ လေးစားမှုနဲ့ ရိုရိုသေသေ ခေါ်ဝေါ်သင့်တယ်လေ ” အသံမှာ တည်ငြိမ်နေဆဲ ဖြစ်၏။
အင်မော်တယ်ဖွေရှာ အမှတ်အသားပြားကို ဒီလူ လုပ်ခဲ့တာလား …..
မိုဝူကျိက ထိုလူကို မသိသလို သူ မည်သည့်နေရာသို့ ရောက်ရှိနေကြောင်းလည်း မသိပေ။ သို့သော်လည်း မိုဝူကျိက တည်တည်ငြိမ်ငြိမ်ဖြင့်
“ စီနီယာတွေကို လေးစားရမယ်ဆိုတာ အမှန်ပါပဲ ။ ဒါပေမဲ့ ကျုပ်က ဒီအင်မော်တယ် ချိတ်ဖွင့် အမှတ်အသားပြားကြောင့် သေလုနီးပါး ဖြစ်သွားတာလေ။ ကျုပ် တွဲဖက်လည်း သေလား၊ ရှင်လားဆိုတာ မသိသေးဘူး။ ပြောရရင် ခင်ဗျားရဲ့ အင်မော်တယ် ချိတ်ဖွင့် အမှတ်အသားပြားကြောင့် ဖြစ်သွားတယ်လို့ ထင်တာပဲ ”
သက်ပြင်းချသံ တစ်သံကြားလိုက်ရပြီး
“ ဟူး …. အဆင့်နိမ့်တဲ့လူတွေဆီကနေ များများတော့ တောင်းဆိုလို့ ဘယ်ဖြစ်ပါ့မလဲ … မင်းရဲ့ ကျင့်ကြံဆင့်ကလည်း နိမ့်သေးတယ်။ သတ်ဖြတ်ငွေ့အကြွင်းအကျန်တွေကို ကာကွယ်နိုင်မလားတောင် မသိတဲ့ဟာကို မင်းကို ဒီနေရာအထိ ခေါ်လိုက်တာ မှားသွားပြီလား မသိတော့ပါဘူး ”
မိုဝူကျိက စိတ်ထဲ၌ အေးစက်စွာ ရယ်မောလိုက်၏။
သတ်ဖြတ်ငွေ့ အကြွင်းအကျန်တဲ့လား …..
သူက ၃၆ ထပ်မြောက်မှ ဆင်းလာခြင်း ဖြစ်ရာ သတ်ဖြတ်ငွေ့ အကြွင်းအကျန်မှာ မည့်သည့်အရာ ဖြစ်ကြောင်း ကောင်းကောင်း သိပေသည်။ ထိုအရာမှာ သတ်ဖြတ်ငွေ့ အကြွင်းအကျန် မဟုတ်ပေ။ သတ်ဖြတ်ငွေ့ အကြွင်းအကျန်က ရံဖန်ရံခါသာ ထွက်ပေါ်လာတတ်ပြီး ဆက်တိုက် မထွက်လာတတ်ပေ။ ယခုလေးတွင် ထိုသတ်ဖြတ်ငွေ့များက လင်းလုနန်ကို ပစ်မှတ်ထားနေသည့်အလား ခဏတိုင်း ထွက်ပေါ်လာလေ၏။ မဟုတ်လျှင် ဧရာမ ဒယ်စောက်ကြီး၏ အကာအကွယ်ဖြင့် လင်းလုနန်အား အင်မော်တယ် ပိတ်လှောင်ရေး အစီအရင် အနက်ပိုင်းထဲ လွှင့်ထွက်သွားအောင် လုပ်နိုင်မည် မဟုတ်ပေ။
“ စီနီယာကပဲ လမ်းညွှန်ပေးပါဦး ” မိုဝူကျိက အလေးအနက် ပြောလိုက်သည်။ အင်မော်တယ် ချိတ်ဖွင့် အမှတ်အသားပြားကို ဤလူ ပြုလုပ်ထားသည် ဖြစ်သောကြောင့် မိုဝူကျိ၏ ထွက်လမ်းမှာလည်း သူ့ဆီ ရှိပေလိမ့်မည်။
“ အွန်း ….” အသံ၌ မိုဝူကျိ၏ လေးစားမှုကို အသိအမှတ်ပြုသည့် ဟန်ပန် ပါဝင်နေသည်။ ခဏတာ တိတ်ဆိတ်သွားပြီးနောက်
“ မင်းရဲ့ ရှေ့မှာ ရေကန် တစ်ခု ရှိတယ်။ အဲဒီရေကန်ထဲမှာ အစိမ်းရောင်ကျောက် အပိုင်းအစတစ်ခု ရှိတယ်။ အဲဒီကျောက်က အင်မတန် အဖိုးတန်တဲ့ ပန်းပဲပစ္စည်းပဲ …. ငါ ဖန်တီးရမဲ့ အစီအရင်ပြားမှာ အဲဒါ လစ်ဟာနေလို့ မဖြစ်ဘူး ”
မိုဝူကျိက စိတ်ဝိညာဉ်မျက်လုံးကို အသက်သွင်းလိုက်ပြီး ရေကန်ကို ကြည့်လိုက်သည်။ ရေကန်အလယ်၌ ကြောက်မက်ဖွယ် ငါးအရိုးများ ရှိနေဆဲ ဖြစ်ပြီး အစီအရီ ရှိမနေဘဲ နေရာအနှံ့ ထိုးထောင်ထွက်နေသည်။ ထို့အပြင် မိုဝူကျိက ထိုငါးအရိုးများမှာ ထူးဆန်းကြောင်း ခံစားမိ၏။ အကယ်၍ ထိုငါးရိုးနှင့် အထိုးခံလိုက်ရပါက သေနိုင်လောက်ပေသည်။
အစိမ်းရောင်ကျောက်ကိုတော့ မိုဝူကျိက တကယ် မမြင်မိပေ။
မိုဝူကျိက အချိန်အတော်ကြာ မလှုပ်မရှား ဖြစ်နေသည်ကို မြင်၍ အသံပိုင်ရှင်က ထပ်ပြောလိုက်သည်
“ မင်း စိုးရိမ်နေဖို့ မလိုဘူး။ အနည်းဆုံးတော့ မင်းရှေ့မှာ အန္တရာယ်မရှိဘူး။ သတ်ဖြတ်ငွေ့တွေကလည်း အတော်လေး ရှားတယ် ….”
ထိုစကားလုံးများမှာ မိုဝူကျိကို နှစ်သိမ့်ပေးဖို့ရာသာ ဖြစ်ပြီး မိုဝူကျိအနေဖြင့် ပို၍ စိုးရိမ်စိတ် တိုးစေသည်။ သတ်ဖြတ်ငွေ့များက ရှားရှားပါးပါး ထွက်လာခြင်း ဟု ဆိုသောကြောင့် တစ်ခါမှ ထွက်မလာခြင်းဟု ဆိုလိုခြင်း မဟုတ်ချေ။
မိုဝူကျိက ရှေ့တိုးကာ မေးလိုက်သည် “ စီနီယာ အဲဒီရေကန်ထဲမှာ အန္တရာယ် ရှိလား ”
အသံပိုင်ရှင်က ရယ်မောလိုက်ကာ
“ အင်မော်တယ် ပိတ်လှောင်ရေး အစီအရင်က အပြင် ဇာတ်ကြောင်းပုံပြင်တွေ ထွက်နေတာလောက် အံ့ဩဖို့ မကောင်းပါဘူး။ အင်မော်တယ် ပိတ်လှောင်ရေး အစီအရင်ရဲ့ အံ့ဩဖို့ ကောင်းတဲ့ တစ်ခုတည်းသော အရာက အပြင်မှာ ထားထားတဲ့ ဓားနှစ်လက် အစီအရင် ဗဟိုချက်ပဲ …. အဲဒီရေကန်ထဲမှာ အစိမ်းရောင်ကျောက်အပြင် ဘာမှ မရှိဘူး။ စိုးရိမ်နေဖို့ မလိုဘူး …. ”
မိုဝူကျိက သက်ပြင်းချလိုက်၏။ ဤလူမှာ သူ့စိတ်ဝိညာဉ်မျက်လုံးကို မမြင်နိုင်ပေ။ ဆိုလိုသည်မှာ ဤလူက သူ ဤနေရာ၌ ရှိနေကြောင်း သိသော်လည်း မိုဝူကျိ လုပ်နိုင်သည့်အရာကို မသိသလို လုပ်နေသည့်အရာကိုလည်း မမြင်ရပေ။ မဟုတ်လျှင် သူက မျက်တောင်မခတ်ဘဲ လိမ်ညာရဲမည် မဟုတ်ချေ။ ရေကန်ထဲတွင် ငါးအရိုးရှိနေကြောင်း သိသာနေရက်နှင့် သူက တခြားအရာကို ညွှန်းဆိုခဲ့သည်။
သူက တစ်ဖက်လူ လိမ်ညာနေမှန်း သိသော်လည်း မိုဝူကျိက ရေကန်အစွန်းအထိ လျှောက်လှမ်းသွားလိုက်သည်။ ငါးရိုးများအပြင် အရာအားလုံးမှာ အသံပိုင်ရှင် ပြောသည့်အတိုင်း သာမာန်ရေကန်နှင့်တူသော ရေကန်တစ်ခုသာ ဖြစ်၏။
“ စီနီယာ .... ကျုပ် ရေကန်အဖျား ရောက်နေပြီ … အခု ဆင်းသွားတော့မယ်နော် ” မိုဝူကျိက အော်ကာ ပြောလိုက်သည်။
အမှောင်ထုထဲရှိ အသံပိုင်ရှင်က နောက်တစ်ဖန် ပြောလိုက်သည်
“ သွားသွား …. အစိမ်းရောင်ကျောက်ကို ယူခဲ့နော်။ နှမြောစရာကောင်းတာက မင်းဆီမှာ အစိမ်းရောင်ကျောက်နဲ့ တူတဲ့ ရတနာ မရှိတာပဲ … အဲဒီအစိမ်းရောင်ကျောက်နဲ့တောင် အစီအရင်အပြား လုပ်ပေးနိုင်ပါ့မလား မသိတော့ဘူး ”
အသံမှာ တည်ငြိမ်နေသော်လည်း မိုဝူကျိက အသံထဲ၌ စိတ်လှုပ်ရှားမှုများ ပါဝင်နေကြောင်း ခံစားနိုင်ပေသည်။
“ အား …..” မိုဝူကျိက အော်ဟစ်ကာ ပြောလိုက်ပြန်သည် “ စီနီယာ … ကျတော့် ကို ငါးအရိုးနဲ့ ထိုးမိသွားပြီ ”