ဂိုဏ်းငယ်လေးဆီမှ စိန်ခေါ်မှု
Vol. 57 Ch. 791
ဝမ်ပေါင်လဲ့၏ အဖြေကို ကြားလိုက်ရသောအခါ ရီနျှန်ကျစ်မှာ အနည်းငယ်ခန့် မျက်မှောင်ကြုတ်သွား၏။ ထို့နောက် သူသည် သူ၏ ကျင့်ကြံခြင်းစွမ်းအားများကို လည်ပတ်သွားစေလိုက်ပြီး ထာဝရဝိညာဉ်အဆင့် အငွေ့အသက်များကို ထုတ်လွှတ်ကာ သူ၏ ဧရာမငါး ဓမ္မစစ်သင်္ဘောကြီးနှင့် ပေါင်းစည်းသွားစေလိုက်တော့သည်။ ထိုအခါ ၎င်းတို့မှာ ဖိနှိပ်အားတစ်မျိုးအသွင် ပြောင်းလဲသွားပြီး ဝိညာဉ်အက်ကွဲကြောင်းဂြိုဟ်အား လွှမ်းခြုံသွား၏။
" ငါ သေချာ မကြားလိုက်လို့။ မင်း ပြန်ပြောချင်ရင် ပြန်ပြောလို့ ရသေးတယ်နော် " ရီနျှန်ကျစ်၏ ခန္ဓာကိုယ်ထဲမှ ထွက်ပေါ်နေသည့် ဖိနှိပ်အားများကြောင့် ဝမ်ပေါင်လဲ့မှာ အန္တရာယ်နှင့် ကြုံရတော့မည့်အလား ခံစားလိုက်ရ၏။ ထို့အပြင် သူသည် နတ်ဧကရာဇ် တရားမျှတမှုဂိုဏ်းထဲရှိ ရေဘဝဲစိမ်းတပ်ရင်း၏ အဆင့်အတန်းကိုလည်း သိရှိထားပြီးသားဖြစ်သည်။ သို့ဖြစ်ရာ ဝမ်ပေါင်လဲ့မှာ အသက်ရှူကြိမ် အနည်းငယ်ခန့် နှုတ်ဆိတ်နေလိုက်ပြီးနောက် လေသံအောအောဖြင့် မေးလိုက်တော့သည်။
" ဘယ်လိုမျိုး သစ္စာခံရမှာလဲ "
" အခုကစပြီးတော့ မင်း ရေဘဝဲစိမ်းတပ်ရင်းရဲ့ အမိန့်တွေကိုပဲနာခံရမယ်။ ပြီးရင် ဝိညာဉ်အက်ကွဲကြောင်းတပ်ရင်းကိုလည်း ဆက်ပြီးတော့ ထိန်းချုပ်ခွင့်မရှိတော့ဘူး " ရီနျှန်ကျစ်မှာ ထိုစကားလုံးများအား ဖြည်းဖြည်းချင်း ဆိုလိုက်ပြီးနောက် ဝမ်ပေါင်လဲ့အား လျစ်လျူရှုကာ သူ၏ ကြေးနီရောင် ငါးကြီးပေါ်တွင် ရပ်ရင်း ဆက်ပြောလိုက်၏။
" ရေဘဝဲစိမ်းတပ်ရင်းရဲ့ သစ္စာခံစစ်တပ် ဖြစ်သွားမယ်ဆိုရင် ဝိညာဉ်အက်ကွဲကြောင်းတပ်ရင်းရဲ့ လိုအပ်ချက်တွေအားလုံးကို ရေဘဝဲစိမ်းတပ်ရင်းက ဖြည့်ဆည်းပေးမှာ။ ဒီဂြိုဟ်ပေါ်မှာ စခန်းချနိုင်ဖို့ ငါတို့ဘက်က လူတွေအများကြီး စေလွှတ်ပေးမယ်။ ဒါပေမဲ့ မင်းကတော့ ဝိညာဉ်အက်ကွဲကြောင်းတပ်ရင်းကို ထိန်းချုပ်ခွင့်ရှိမှာမဟုတ်တော့ဘူး။ အခုကစပြီး မင်းက ရေဘဝဲစိမ်းတပ်ရင်းရဲ့ ဝိညာဉ်အက်ကွဲကြောင်းတပ်ခွဲထဲက အဖွဲ့ခေါင်းဆောင်ဖြစ်သွားမှာ။ ပြီးရင် မင်းနဲ့ ဝိညာဉ်အက်ကွဲကြောင်းတပ်ခွဲရဲ့ အဓိကတာဝန်က ဓမ္မအဆောင်ပစ်စည်းတွေကို သန့်စင်ပေးဖို့ပဲ "
" ကဲ။ မင်း ဘာကိုရွေးမလဲ "
" မလုပ်နိုင်ဘူးဗျာ " ဝမ်ပေါင်လဲ့မှာ ထိုစကားများကို နားထောင်လိုက်ပြီးနောက် ရေဘဝဲစိမ်းတပ်ရင်းအား အပြစ်လုပ်မိမည်ကို စိုးရိမ်နေပါသော်လည်း သူတို့၏ အထက်စီးဆန်သော အပြုအမူများနှင့် စကားလုံးများကြောင့် သူသည် အခြားရွေးချယ်စရာ မရှိတော့ကြောင်း သိလိုက်၏။ ထို့ကြောင့် သူသည် ပထမအကြိမ်တုန်းကအတိုင်း ပြန်ဖြေလိုက်ပြန်သည်။
သို့သော် ယခုအကြိမ်တွင်မူ ရီနျှန်ကျစ်မှာ ဝမ်ပေါင်လဲ့၏ အဖြေအား ကြားလိုက်ရသောအခါ စကားဆက်ပြောမနေတော့ပေ။ သူသည် ခေါင်းငုံ့လာပြီး ဝမ်ပေါင်လဲ့အား စိုက်ကြည့်နေလိုက်၏။ ဝမ်ပေါင်လဲ့မှာလည်း ခေါင်းမော့ကာ သူ့အား ပြန်၍လှမ်းကြည့်လိုက်သောကြောင့် သူတို့နှစ်ယောက်မှာ အကြည့်ချင်းဆုံသွားကြသည်။
ရေဘဝဲစိမ်းတပ်ရင်းမှာ အလွန်အင်မတန်မှအစွမ်းထက်ပြီး ဝမ်ပေါင်လဲ့အား ဖိအားပေးနေပါသော်လည်း သူသည် နတ်မျက်လုံးလူမှုအဖွဲ့အစည်းသို့ စတင်ရောက်ရှိလာခဲ့စဉ်တုန်းကနှင့် မတူတော့ပေ။ အကယ်၍ သူသာ စစ်တပ်တစ်ခု မဖွဲ့စည်းရသေးပါက အကြောင်းမဟုတ်ပါသော်လည်း ယခုတွင် သူသည် စစ်တပ်တစ်ခုဖွဲ့စည်းခွင့် ရှိနေပြီဖြစ်သလို သူ၏ ကိုယ်ပိုင်စခန်းတစ်ခုကိုလည်း ပိုင်ဆိုင်ထားပြီးဖြစ်သည်။ သို့ဖြစ်ရာ နတ်ဧကရာဇ် တရားမျှတမှုဂိုဏ်း၏ စည်းမျဉ်များအရ ရေဘဝဲစိမ်းတပ်ရင်းပင်လျှင် သူ့အား အတင်းအဓမ္မ တိုက်ခိုက်ခွင့်မရှိတော့ပေ။ လုံနန်ကျစ်ဆိုသည့် ပုဂ္ဂိုလ်မှာ အလွန်အင်မတန်မှ အောင်မြင်ကျော်ကြားနေရုံသာမက ဂိုဏ်းဆောင်ဆောင်ကြီးက အဆောင်ပစ္စည်းသန့်စင်ခြင်း ပညာရှင်တစ်ယောက်အဖြစ် အသိအမှတ်ပြုထားသည့် လူတစ်ယောက် ဖြစ်နေပြီ မဟုတ်ပါလော။
ထို့အပြင် ဝမ်ပေါင်လဲ့မှာ နတ်ဘုရား တရားမျှတမှုဒိုင်းကာကိုလည်း ပိုင်ဆိုင်ထားသည်ဖြစ်ရာ ထာဝရဝိညာဉ်အဆင့် အစွမ်းထက်ပုဂ္ဂိုလ်ကြီးများ၏ တိုက်ကွက်များကို ခုခံနိုင်စွမ်းရှိနေပြီ ဖြစ်သည်။ ထို့အပြင် သူသည် အစောပိုင်း ဝိညာဉ်ကြားခံနယ်အဆင့် ကျင့်ကြံသူများကိုပင် ရင်ဆိုင်တိုက်ခိုက်နိုင်လိမ့်မည်ဟု ယုံကြည်နေ၏။
သို့သော် တိုက်ခိုက်စရာမလိုလျှင် အကောင်းဆုံးဖြစ်ပေသည်။ ဝမ်ပေါင်လဲ့မှာ ဂိုဏ်းချုပ်ကြီး သူ၏ ဒိုင်းကာအသစ်အား ထပ်၍ သတိထားမိသွားမည်ကို စိုးရိမ်နေခြင်းဖြစ်သည်။ သို့သော် သူ၏ ဒိုင်းကာအသစ်အား လူအသိမခံလိုသည့် အကြောင်းပြချက်တစ်ခုတည်းနှင့် ရီနျှန်ကျစ်၏ စော်ကားမှုများကို သည်းခံနေစရာမလိုပေ။
ထို့ကြောင့် သူသည် ရီနျှန်ကျစ်အား စိုက်ကြည့်နေလိုက်ပြီးနောက် မျက်လုံးများ မှေးသွားပြီး ရီနျှန်ကျစ် တိုက်ခိုက်လာမည်ဆိုပါက အဆင်သင့်ဖြစ်နေစေရန် ပြင်ဆင်ထားလိုက်၏။
သို့သော် အချိန်များ တရွေ့ရွေ့ ကုန်ဆုံးသွားပြီး ဖိနှိပ်အားကောင်းသည့် လေထုကြီးမှာ ဝိညာဉ်အက်ကွဲကြောင်းဂြိုဟ်အား လွှမ်းခြုံထားဆဲဖြစ်ပါသော်လည်း နောက်ဆုံးတွင် ရီနျှန်ကျစ်မှာ ဝမ်ပေါင်လဲ့အား တိုက်ခိုက်ခဲ့ခြင်းမရှိပေ။
သူသည် လုံနန်ကျစ်၏ ကျင့်ကြံခြင်းအဆင့်မှာ ထာဝရဝိညာဉ်အဆင့်တွင် ရှိမနေသည့်တိုင်အောင် သူ၏တန်ကြေးမှာ ထာဝရဝိညာဉ်အဆင့် ကျင့်ကြံသူတစ်ယောက်နှင့် မတိမ်းမယိမ်းတွင် ရှိနေကြောင်း နားလည်ထား၏။ ထို့အပြင် သူသည် မကြာသေးမီတုန်းကမှ တန်ခိုးအာဏာ ကြီးထွားလာခဲ့သည့် ရေခဲဖီးနစ်ငှက်တပ်ရင်း၏ ထောက်ပံ့မှုကိုလည်း ရရှိထားသေးသည် ဖြစ်သည်။ ထိုမျှသာမက ဝန်ကြီးချုပ်ရှုပင်လျှင် လုံနန်ကျစ်အား အထင်တကြီး ဆက်ဆံခဲ့သည်ဆိုသည့် ကောလာဟလများလည်း ရှိနေသေးသည် မဟုတ်ပါလော။
ထိုအချက်များကြောင့် ရီနျှန်ကျစ်မှာ ချီတုံချတုံဖြစ်နေရ၏။ သို့သော် သူသည် ဝမ်ပေါင်လဲ့၏ တိုက်ရည်ခိုက်ရည်စွမ်းအားများနှင့် ပတ်သတ်၍ စိုးရိမ်ပူပန်နေခြင်းမရှိပေ။ သူ၏အမြင်တွင် ဝမ်ပေါင်လဲ့မှာ သာမန် ဝိညာဉ်ကြားခံနယ်အဆင့်တစ်ယောက်သာ ဖြစ်ပေသည်။
ထို့ကြောင့် ရီနျှန်ကျစ်မှာ ဝမ်ပေါင်လဲ့၏ ဆက်နွယ်နေသည့် လူများကြောင့် ချီတုံချတုံဖြစ်နေရသည့်တိုင်အောင် ဝမ်ပေါင်လဲ့မှာ ရေဘဝဲစိမ်းတပ်ရင်းအား ငြင်းဆန်ခွင့်မရှိဟု မှတ်ယူထား၏။ ထို့အပြင် သူသည် ဝမ်ပေါင်လဲ့မှာ သူတို့အား ငြင်းဆန်လိုက်မည်ဆိုပါက ပေါ်ပေါက်လာမည့် နောက်ဆက်တွဲအကျိုးဆက်များကို ရင်ဆိုင်နိုင်လိမ့်မည် မဟုတ်ဟုလည်း သူက ယုံကြည်နေသည်။
ရီနျှန်ကျစ်မှာ ဝမ်ပေါင်လဲ့အား သင်ခန်းစာပေးရန် လိုအပ်ကြောင်း တွေးမိလိုက်ပါသော်လည်း ဂိုဏ်းခေါင်းဆောင်ကြီးမှာ သူ့အား ကာကွယ်ပေးထားသည်မဟုတ်ပါလော။
ထို့ကြောင့် ရီနျှန်ကျစ်မှာ ဝမ်ပေါင်လဲ့အား တစ်ခဏမျှ စိုက်ကြည့်နေလိုက်ပြီးနောက် အေးစက်စက်လေသံဖြင့် ဆိုလိုက်တော့သည်။
" မင်း သတိထားနေ " သူသည် ထိုသို့ဆိုလိုက်ပြီးနောက် နောက်သို့လှည့်ကာ ဝိညာဉ်အက်ကွဲကြောင်းဂြိုဟ်ပေါ်မှ ထွက်ခွာသွားတော့သည်။ သူ၏ နောက်တွင် မြူခိုလှိုင်းများ ကျန်ရစ်ခဲ့၏။
သူ၏ နောက်ဆုံးစကားများနှင့် ထွက်ခွာသွားသည့်ပုံတို့မှာ အကောင်းဆုံး သတိပေးချက်များ ဖြစ်ပေသည်။ ထို့ကြောင့် ဝမ်ပေါင်လဲ့မှာ ရေဘဝဲစိမ်းတပ်ရင်းသည် သူ့အား သင်ခန်းစာပေးချင်နေသည်ဖြစ်ကြောင်း သိလိုက်ရ၏။
" ဒီ ရေဘဝဲစိမ်းတပ်ရင်းက တော်တော်ကို တရားလွန်တာပဲ။ သူတို့က ငါ့ကို သူတို့ရဲ့ လက်ပါးစေလုပ်ဖို့ ပြောနေတဲ့အပြင် ငါ့ရဲ့ စစ်တပ်ကိုပါ ထိန်းချုပ်ခွင့် ရချင်နေတာပဲ... ငါသာ သဘောတူလိုက်မယ်ဆိုရင် ဒီစစ်တပ်က ငါနဲ့ ဘာမှသက်ဆိုင်မှုရှိမှာ မဟုတ်တော့ဘူးလေ။ အဲတာဆိုရင် နတ်ဆိုးတစ်သောင်းမျက်လုံးဆီက အမွေအနှစ်တွေကို ယူပြီးတော့ ငါ့ကိုယ်ငါ တိုးတက်လာအောင် လုပ်လို့ရမှာ မဟုတ်တော့ဘူး " ဝမ်ပေါင်လဲ့မှာ ဂြိုဟ်ပေါ်မှ ထွက်ခွာသွားပြီဖြစ်သော ရီနျှန်ကျစ်၏ နောက်ကျောအား လှမ်းကြည့်ကာ အတွေးများထဲ၌ နစ်မျောသွားတော့သည်။ သူသည် တစ်ခဏမျှ နှုတ်ဆိတ်နေလိုက်ပြီးနောက် သူ၏ရုပ်သေးရုပ်များအား အမိန့်ထပ်ပေးလိုက်၏။
ထိုအခိုက်အတန့်တွင် မြောက်အရပ်မှ လေများ ရောက်ရှိလာပြီး မြေပြင်ကြီးနှင့် တောင်ထိပ်များကို ဖြတ်၍ တိုက်ခတ်သွား၏။ ထို့ကြောင့် ဝမ်ပေါင်လဲ့၏ ဆံပင်များနှင့် အဝတ်အစားများမှာလည်း လေထဲ၌ တလူလူလွင့်နေတော့သည်။ ဝမ်ပေါင်လဲ့မှာ စစ်သင်္ဘောကြီးများအား ကြောက်ခမန်းလိလိ အမြန်နှုန်းမျိုးဖြင့် ဖန်တီးတည်ဆောက်နေကြသည့် သူ၏ ရုပ်သေးရုပ်များကိုကြည့်ကာ ဝိညာဉ်အက်ကွဲကြောင်းဂြိုဟ်ပေါ်၌ တိုက်ခက်နေသည့် လေပြည်လေညင်းလေးအား ခံစားရင်း သိပ်မကြာခင်တွင် ဝိညာဉ်အက်ကွဲကြောင်းဂြိုဟ်ပေါ်၌ မုန်တိုင်းထန်လာတော့မည်ဖြစ်ကြောင်း မှတ်ယူလိုက်တော့သည်။
" ရေဘဝဲစိမ်းတပ်ရင်း ငါ့ကို နောက်ဆုံးအကြိမ်အဖြစ် သတိပေးဦးမလား မသိဘူး " ဝမ်ပေါင်လဲ့မှာ ခေါင်းမော့လာပြီး ကောင်းကင်ယံကြီးအား လှမ်းကြည့်လိုက်၏။ သူသည် တစ်ခဏမျှ စဉ်းစားတွေးတောလိုက်ပြီးနောက် စိတ်ထဲတွင် ခန့်မှန်းကြည့်လိုက်တော့သည်။
" ငါ့ရဲ့စစ်တပ်က အခုမှ ဖွဲ့စည်းထားတာဆိုတော့ ဂိုဏ်းကြီးထဲမှာ ငါ့ထက်ပိုပြီးတော့ အဆင့်နိမ့်တဲ့ စစ်တပ်တွေ ရှိမှာ မဟုတ်ဘူး။ အဲတာမလို့ ရေဘဝဲစိမ်းတပ်ရင်းက ငါ့ကို သင်ခန်းစာ ပေးချင်တယ်ဆိုရင် အထက်စီးကနေ ဖိနှိပ်ချုပ်ချယ်တာမျိုး ဒါမှမဟုတ် တာဝန်တစ်ခုခု ထမ်းဆောင်ခိုင်းဖို့ နယ်ဝေးကို ပို့တာမျိုး လုပ်ရမှာပဲ။ ဒါမှမဟုတ် ဂိုဏ်းငယ်ထဲက စစ်တပ်တစ်ခုခုနဲ့ စိန်ခေါ်တာမျိုးလည်း ဖြစ်နေနိုင်တယ် " ဝမ်ပေါင်လဲ့မှာ ထိုသို့စဉ်းစားတွေးတောလိုက်ပြီးနောက် ရုတ်တရက်ဆိုသလို လောဘတက်လာတော့သည်။ သို့သော် ရေဘဝဲစိမ်းတပ်ရင်းမှာ ဂိုဏ်းငယ်လေးများထဲရှိ စစ်တပ်တစ်ခုခုအား အသုံးချကာ စိန်ခေါ်ခဲ့လျှင်တောင် သူသည် သူတို့အား လုံးဝ လျှော့တွက်၍ မဖြစ်ပေ။
ထိုသို့ဖြင့် ဝမ်ပေါင်လဲ့ ကြိုတင်မှန်းဆထားသည့် အချိန်ထက် ပိုစော၍ မုန်တိုင်းများ စတင်တိုက်ခတ်လာတော့သည်။ ရီနျှန်ကျစ် ထွက်ခွာသွားပြီး တတိယမြောက်နေ့တွင် နတ်ဧကရာဇ်တရားမျှတမှုဂိုဏ်းမှ အကြောင်းကြားစာတစ်စောင်မှာ ဝမ်ပေါင်လဲ့၏ ဂိုဏ်းကျောက်စိမ်းပေလွှာထဲသို့ ရောက်ရှိလာ၏။
" ဂိုဏ်းငယ်လေးတစ်ဂိုဏ်းဖြစ်တဲ့ မြေတိမ်လွှာဂိုဏ်းရဲ့ မြေတိမ်လွှာတပ်ရင်းက ရေဘဝဲစိမ်းတပ်ရင်းရဲ့ အာမခံချက်နဲ့ ဝိညာဉ်အက်ကွဲကြောင်းတပ်ရင်းအား စိန်ခေါ်လိုက်ပါတယ်။ နတ်ဧကရာဇ် တရားမျှတမှုဂိုဏ်းကလည်း အဲဒီစိန်ခေါ်မှုကို အသိအမှတ် ပြုလိုက်ပါပြီ။ အဲဒီ စိန်ခေါ်မှုတိုက်ပွဲက နောက်ထပ် ခြောက်နာရီနေရင် စတင်မှာဖြစ်ပြီးတော့ အချိန်ကန့်သတ်ချက်က နှစ်နာရီပါ "
" ဂိုဏ်းငယ်ထဲက စစ်တပ်တစ်ခုနဲ့ စိန်ခေါ်လိုက်တာပဲ " ဝမ်ပေါင်လဲ့မှာ မျက်ဝန်းများ အရောင်လက်သွား၏။ သူသည် ထိုတိုက်ပွဲထဲ၌ ရှုံးနိမ့်သွား၍ မဖြစ်ကြောင်း သိထားသည်။ အကယ်၍ သူသာ ရှုံးနိမ့်သွားမည်ဆိုလျှင် သူ၏ ဂိုဏ်းကြီးစစ်တပ်ရာထူးကို ဆုံးရှုံးလိုက်ရမည်ဖြစ်ရာ သူ၏ ကြိုးစားအားထုတ်မှုများ အားလုံးမှာ အလဟဿ ဖြစ်သွားရမည်သာ ဖြစ်သည်။
ကံကောင်းစွာဖြင့် သုံးရက်ဆိုသည့်အချိန်မှာ အများကြီးမဟုတ်ပါသော်လည်း ဝမ်ပေါင်လဲ့မှာ ကုန်ကြမ်းပစ္စည်းအလုံအလောက် ပိုင်ဆိုင်ထားသောကြောင့် အလိုအလျောက် ပေါက်ကွဲနိုင်စွမ်းရှိသည့် စစ်သင်္ဘောကြီးများကို အစင်းရေ ရာပေါင်းများစွာ ဖန်တီးတည်ဆောက်နိုင်ခဲ့၏။ ထို့အပြင် ပုံစံဟောင်း နတ်ဘုရားတရားမျှတမှုဒိုင်းကာ၏ ဖန်တီးသန့်စင်နည်းအား အခြေခံ၍ ထိုစစ်သင်္ဘောကြီးများကို တည်ဆောက်ထားသည်ဖြစ်ရာ ၎င်းတို့ထဲ၌ တန်ပြန်စွမ်းအားများလည်း အတိုင်းအတာတစ်ခုအထိ ကိန်းအောင်နေသေးသည်။ ထို့ကြောင့် သူသည် သူ့ကိုယ်သူ ယုံကြည်မှုရှိနေ၏။ သို့သော် အရေးအကြီးဆုံးအချက်မှာ ရေဘဝဲစိမ်းတပ်ရင်းသည် ဤတိုက်ပွဲအတွက် ထာဝရဝိညာဉ်အဆင့် ကျင့်ကြံသူတစ်ယောက်တလေပင် စေလွှတ်လိမ့်မည်မဟုတ်ဟု ဝမ်ပေါင်လဲ့က မှတ်ယူထားခြင်းပင်။
" အမြင့်ဆုံး ထာဝရဝိညာဉ်တစ်ပိုင်းအဆင့် ကျင့်ကြံသူတွေကိုပဲ စေလွှတ်လောက်မှာပါ... ပြီးရင် သူတို့က နတ်ဧကရာဇ် တရားမျှတမှု ဒိုင်းကာအတွက် ပြင်ဆင်လာကြမှာ သေချာတယ် " ဝမ်ပေါင်လဲ့မှာ မျက်လုံးများ မှေးသွားပြီး သူ၏ ရုပ်သေးရုပ်များအား ချက်ချင်း အမိန့်ပေးလိုက်၏။ သူသည် ကြိုတင်ပြင်ဆင်ထားပြီးသားဖြစ်ရာ ခြောက်နာရီသာ အချိန်ရသည့်တိုင်အောင် ထိုရုပ်သေးရုပ်များမှာ သူ၏ အမိန့်များအားလုံးအတိုင်း အစီအစဉ်တကျ ဆောင်ရွက်နိုင်ခဲ့၏။ ထိုသို့ဖြင့် အလိုအလျောက် ပေါက်ကွဲနိုင်စွမ်းရှိသည့် စစ်သင်္ဘောကြီးများမှာ တိုက်ပွဲကြီးအတွက် အဆင်သင့် ဖြစ်နေကြပြီဖြစ်သည်။
ထို့အပြင် စစ်သင်္ဘော အစင်းရေ တစ်ရာကျော်ခန့်သာ ဘေးပတ်ဝန်းကျင်၌ မျောလွင့်နေကြ၏။ ဝမ်ပေါင်လဲ့မှာ ကျန်စစ်သင်္ဘောကြီးများ အားလုံးကို ကွယ်ဝှက်ထားသည်။ သို့သော်လည်း သုံးရက်ဆိုသည့် အချိန်မှာ အများကြီး မဟုတ်သဖြင့် သူသည် မန္တန်အစီအရင်များကဲ့သို့သော အခြား ပြင်ဆင်မှုများကို ပြုလုပ်နိုင်ခဲ့ခြင်း မရှိပေ။ ထို့အပြင် သူသည် ၎င်းတို့အတွက် ကုန်ကြမ်းပစ္စည်းအလုံအလောက် ပိုင်ဆိုင်ထားခြင်းမရှိပေ။
" ဒီပြဿနာတွေအားလုံးရဲ့ အဓိက အကြောင်းအရင်းက ငါ ဆင်းရဲမွဲတေနေလို့ပဲ " ဝမ်ပေါင်လဲ့မှာ ထိုသို့တွေးကာ သက်ပြင်းချမိသွား၏။ ထို့နောက် သူသည် နတ်သမီးလင်ယိုဆီသို့ အသံလွှင့် အကြောင်းကြားစာတစ်စောင် ပေးပို့လိုက်သည်။ သူသည် သူမအား တိုက်ပွဲထဲ၌ ကိုယ်တိုင်ကိုယ်ကျ ဝင်ရောက်တိုက်ခိုက်ပေးရန် တောင်းဆိုနေခြင်းမဟုတ်ဘဲ သူမဆီမှ အာမခံချက်တစ်ခုသာ ရယူခဲ့ခြင်းဖြစ်သည်။ သူသည် သူ၏ပြိုင်ဘက်များ၏ တိုက်ခိုက်မှုများကို တောင့်ခံနိုင်စွမ်း မရှိတော့မှသာ နတ်သမီးလင်ယိုဘက်မှ လာရောက်ကူညီပေးရန် မျှော်လင့်ထားသည်။
နတ်သမီးလင်ယိုမှာလည်း တွေဝေတုံ့ဆိုင်းနေခြင်းမရှိဘဲ ဝမ်ပေါင်လဲ့၏ တောင်းဆိုချက်အား လိုက်လျောပေးခဲ့၏။ သူမသည် သူ့အား ကူညီပေးမည်ဟု ကတိပေးခဲ့ရုံသာမက လိုအပ်သည့် ပြင်ဆင်မှုများကိုလည်း ချက်ချင်းပြုလုပ်ခဲ့၏။ သို့သော် ဝမ်ပေါင်လဲ့မှာ သူမ၏ ပြင်ဆင်မှုများအပေါ် မျှော်လင့်ချက် ကြီးကြီးမားမား ထားနေခြင်း မရှိပေ။ အဘယ်ကြောင့်ဆိုသော် ရေဘဝဲစိမ်းတပ်ရင်းမှာလည်း စတင်မလှုပ်ရှားခင် ကြိုတင်ပြင်ဆင်မှုများ ပြုလုပ်ထားပြီးသား ဖြစ်ရပေမည်။ သူတို့မှာ တိုက်ပွဲထဲ၌ တိုက်ရိုက် ပါဝင်ခွင့်မရလျှင်တောင် ရေခဲဖီးနစ်ငှက်တပ်ရင်းအား ဝမ်ပေါင်လဲ့ဆီသို့ အကူအညီများ ပေးပို့နိုင်စွမ်းမရှိအောင် တားဆီးနိုင်ပေသည်။
" ဒါပေမဲ့... ငါ့ကို သင်ခန်းစာပေးဖို့ဆိုတာ သူတို့တွေ ထင်ထားသလောက် မလွယ်ပါဘူး။ ဒီတပ်ရင်းဆီကနေ အထောက်အပံ့ပစ္စည်းတွေ ရသလောက် သိမ်းယူနိုင်မယ့် အချိန်ကို ရောက်ချင်လှပြီ " ဝမ်ပေါင်လဲ့မှာ ထိုသို့တွေးကာ မျက်လုံးများ မှေးသွား၏။ ထို့နောက် သူသည် အသက်ပြင်းပြင်း ရှူလိုက်ပြီး ကောင်းကင်ကြီးအအား မော့ကြည့်ကာ တိတ်တဆိတ် စောင့်ဆိုင်းနေလိုက်တော့သည်။
ထိုသို့ဖြင့် ခြောက်နာရီဆိုသည့် အချိန်မှာ လျှပ်တစ်ပြက်အတွင်း ကုန်ဆုံးသွား၏။ စိန်ခေါ်မှုတိုက်ပွဲ စတင်သွားသည်နှင့် တစ်ပြိုင်နက် ကောင်းကင်ယံထဲ၌ မိုးခြိမ်းသံကဲ့သို့သော ထစ်ချုန်းသံကြီးတစ်သံ ထွက်ပေါ်လာသည်။ ထို့နောက် ဝိညာဉ်အက်ကွဲကြောင်းဂြိုဟ်၏ အထက်ရှိ အာကာသကြီးထဲတွင် ဧရာမ အက်ကွဲကြောင်းကြီးတစ်ခု ပေါ်ပေါက်လာ၏။ ထိုအက်ကွဲကြောင်းကြီးထဲမှ စူးရှတောက်ပသော အလင်းတန်းတစ်ခု အရင်ဆုံး ထိုးထွက်လာပြီး ဝိညာဉ်အက်ကွဲကြောင်းဂြိုဟ်၏ အထက်ရှိ လေထုထဲတွင် ပေါက်ကွဲသွားသည်။ ထိုအခါ ၎င်းမှာ ဝင်းလက်တောက်ပသော အလင်းရောင်ကွန်ရက်တစ်ခုအသွင် ပြောင်းလဲသွားပြီး ဝိညာဉ်အက်ကွဲကြောင်းဂြိုဟ်တစ်ခုလုံးအား ချက်ချင်းဆိုသလိုပင် လွှမ်းခြုံသွားတော့သည်။ ထို့နောက် စကားသံကြီးတစ်သံမှာ အရပ်မျက်နှာအနှံ့၌ ပဲ့တင်ထပ်သွား၏။
" ဒီဂြိုဟ်ရဲ့ ဝိညာဉ်သတ်ဖြတ်ခြင်းစွမ်းအားတွေကို ချုပ်တည်းလိုက်စမ်း "
ထိုအခါ ဝမ်ပေါင်လဲ့၏ ပတ်ပတ်လည်တွင်ရှိနေသည့် စစ်သင်္ဘောကြီးများထဲမှ အပြင်ဘက်ဆုံးတွင် ရှိနေကြသည့် စစ်သင်္ဘောကြီးများမှာ ချက်ချင်းဆိုသလိုပင် ချုပ်တည်းခံလိုက်ရသဖြင့် ပေါက်ကွဲနိုင်စွမ်း မရှိတော့ပေ။
တစ်ချိန်ထဲမှာပင် အစိမ်းရောင် စစ်သင်္ဘောကြီးများမှာ အာကာသထဲရှိ အက်ကွဲကြောင်းကြီးထဲမှ တစ်စင်းပြီးတစ်စင်း ထိုးထွက်လာကြတော့သည်။
စိန်ခေါ်မှုတိုက်ပွဲ စတင်စေ။