ကျီလီ
Vol. 47 Ch. 654
မိုဝူကျိက သွေးမျိုးဆက် အမှတ်အသားမှ အနီရောင်အစက်လေးအတိုင်း လိုက်လာကာ ခန္ဓာကိုယ်ကို သတိတကြီး ရွေ့လျားလိုက်သည်။ မိုဝူကျိက ဆယ်မီတာ သွားလာဖို့ရာ လေးနာရီကျော်လောက် အချိန်ယူလိုက်ရသည်။ သူက ပေါ်လာသည့် ကျောက်တုံးတိုင်းကိုပင် ဂရုတစိုက် လေ့လာနေရသည်။ မိုဝူကျိက ဘေးကင်းဇုံမှ ထွက်လာပြီးနောက် မပိတ်မိစေရန် ကံကောင်းမှုကိုသာ မှီခိုထားရပေသည်။
အင်မော်တယ် ပိတ်လှောင်ရေး အစီအရင်အတွင်း မိုဝူကျိက အန္တရာယ်ရှိလေသလား ဒါမှမဟုတ် တစ်နေရာတည်း၌ အန္တရာယ်စုပုံနေမလားဆိုတာ သေချာမသိတော့ပေ။ တခြားနည်းဖြင့်ဆိုရလျှင် နေရာတိုင်း၌ မှောင်ပိန်းနေလေ၏။
ဤပုံစံဖြင့် ရက် ၂၀ ကျော် လျှောက်လှမ်းလာပြီးနောက် သူ့ရှေ့၌ ခြောက်မီတာ၊ ခုနှစ်မီတာလောက် အကွာတွင် မိုးမခပင်ကို မြင်လိုက်ရ၍ ရပ်တန့်လိုက်တော့သည်။ မျက်တွင်းချောင်နေသော မိန်းမပျိုလေး တစ်ဦးမှာ မိုးမခပင်၌ ချည်နှောင်ထားခံရပြီး သူမ၏ မျက်နှာတစ်ဝက်သာ မြင်ရသေးသော်လည်း အလှတရားကို ဖုံးကွယ်မထားနိုင်ပေ။
မိုဝူကျိက သူမသည် နှစ်ပေါင်းမည်မျှ ချည်နှောင်ခံထားရသည်ကို မသိသော်လည်း အလွန်သိမ်မွေ့နူးညံ့သော အလှလေးအသွင် ပေါ်နေသေး၏။ မျက်တွင်းဟောက်ပက် ပုံစံကြောင့် အားကောင်းသည့် ကျင့်ကြံသူ အရှိန်အဝါတို့ ပျောက်ဆုံးနေသော်လည်း ခမ်းနားကြီးကျယ်သော ပညာရှင် အငွေ့အသက်များ ရှိနေသည်။
မိုဝူကျိ၏ အကြည့်ကာ အစိမ်းရောင် မိုးမခပင်ဆီ ရောက်ရှိသွားပြီး ထိုအပင်ပေါ်၌ နှင်းစက်လေးများပင် ရှိနေသေး၏။
မိုဝူကျိက မိုးမခပင်များစွာ မြင်ဖူးသော်လည်း အမြစ်နှင့် ကိုယ်ထည်မရှိဘဲ မိုးမခပင် တွဲလောင်းကျနေသည်ကို မြင်ရသည်မှာ ပထမဆုံးအကြိမ် ဖြစ်၏။
သို့သော်လည်း သူက အင်မော်တယ် ပိတ်လှောင်ရေး အစီအရင်ထဲတွင် ဖြစ်နေသည့်အတွက် မိုဝူကျိက ထူးထူးဆန်းဆန်းအရာများကို မအံ့ဩတော့ပေ။
မိန်းကလေးက မိုးမခပင်၌ ချည်နှောင်ခံထားရပြီး လှုပ်ရှားနိုင်သည့်ပုံ မပေါ်ပေ။ မိုဝူကျိက ထိုမိန်းကလေးနှင့် လေးမီတာ အကွာတွင် ရပ်တန့်လိုက်တော့သည်။
ထိုမိန်းကလေးက တစ်ခုခု ခံစားမိသည့်အလား ခေါင်းမော့ကြည့်လိုက်၏။ မိုဝူကျိက အလွန်ပင်ပန်းနွမ်းလျနေသည့် မျက်ဝန်းအစုံကို မြင်လိုက်ရကာ ထိုမျက်ဝန်းများက ငြီးငွေ့မှုများ ပါနေသော်ငြား မိုဝူကျိအတွက် အံ့မခန်း အရမ်းကို လှပပေသည်။
မိုဝူကျိက အသက်ပြင်းပြင်းရှုလိုက်ပြီး သူက မပြောလိုက်နိုင်ခင် မိန်းကလေးက ပြောလိုက်၏
“ နတ်ဘုရားမျှော်စင်က ထပ် ပွင့်သွားပြီလား … မင်းက ဘယ်နေရာက ရောက်လာတာလဲ ”
မိုဝူကျိ မျှော်လင့်ထားသည်နှင့် ဆန့်ကျင်စွာ မိန်းမလှလေး၏ အသံမှာ ခြောက်ကပ်ကပ် ဖြစ်နေပြီး သူမ၏ သဘာဝစွမ်းအားများမှာလည်း လက်တွေ့မကျပေ။ မိုဝူကျိက သူမမှာ အင်မော်တယ် ပိတ်လှောင်ရေး အစီအရင်ထဲ၌ ပိတ်မိနေသည်မှာ အရမ်းကြာမြင့်နေ၍ ဖြစ်ကြောင်း မှန်းဆမိ၏။
မိုဝူကျိက ထိုမိန်းကလေးမှာ သူ့ကို မမြင်နိုင်မှန်း ယုံကြည်ပေ၏။ အကြောင်းမှာ အင်မော်တယ် ပိတ်လှောင်ရေး အစီအရင်၌ စိတ်စွမ်းအားမှာ အသုံးမဝင်ချေ။ စိတ်စွမ်းအားမှာ အသုံးမဝင်ရုံသာမက မျက်လုံးများမှာလည်း အသုံးမဝင်ချေ။ သူမကို မြင်နိုင်သည်က သူ့စိတ်ဝိညာဉ်မျက်လုံးမှာ အရာအားလုံးကို မြင်နိုင်၍ ဖြစ်ပေသည်။
“ဟုတ်တယ် နတ်ဘုရားမျှော်စင်က ပြန်ဖွင့်လာပြီ …. ကျုပ်က ကျန်းရှင်းက ရောက်လာတာပါ ” မိုဝူကျိက မိန်းကလေး၏ မျက်ဝန်းလှလှလေးကို ကြည့်ရင်း ပြန်ဖြေလိုက်၏။
မိုဝူကျိက ကျန်းရှင်းမှ ရောက်လာသည်ကို ကြားပြီး ထိုမိန်းကလေး မျက်ဝန်းထဲ စိတ်လှုပ်ရှားမှု အရိပ်အယောင်တချို့ဖြတ်ပြေးသွားလေရာ သူမရှေ့ကို မျှော်လင့်တကြီး ကြည့်နေလေ၏။
မိုဝူကျိက စိတ်သက်သာရာ သက်ပြင်းချလိုက်တော့သည်။ ထိုမိန်းကလေးမှာ ကျီလီ ဖြစ်ပေလိမ့်မည်မှန်း သတိပြုမိလိုက်သည်။
“ ကျမ အဖေက ကျန်းရှင်းကို ရောက်ခဲ့တယ်လား … သူရော ဘယ်လိုလဲဟင်။ ဒဏ်ရာတွေက ပြန်ကောင်းလာပြီလား ” မိုဝူကျိကို မေးခွန်းများ ဆက်တိုက် မေးလိုက်တော့သည်။
အတော်လေး ကောင်းပေသည်။
ထိုမိန်းကလေးမှာ တခြားသူများကို ဂရုစိုက်တတ်ကာ တစ်ကိုယ်ကောင်းဆန်သည့်သူ မဟုတ်ကြောင်း ယူဆနိုင်ပေသည်။ အကယ်၍ ထိုမိန်းကလေး၏ ပထမမေးခွန်းမှာ သူမကို ကယ်ထုတ်သွားခိုင်းသည့် အကြောင်း ဖြစ်နေလျှင် မိုဝူကျိ၏ အမြင်များမှာ သုညအထိ ကျဆင်းသွားလိမ့်မည်။ အကျင့်ကောင်းများ၌ သားသမီးတို့၏ ဝတ္တရားမှာ အရေးကြီးဆုံးဖြစ်ပြီး လူတစ်ယောက်က ထိုအလေ့အကျင့်ကို မပြသနိုင်လျှင် ကျန်သည့်အရာများက အရေးပါမည် မဟုတ်တော့ချေ။
ထိုအမျိုးသမီး၏ ပထမမေးခွန်းမှာ သူမ ဖခင်အကြောင်း စိုးရိမ်နေသည့် အကြောင်းများသာ ဖြစ်၍ သူမကို သမီးကောင်းတစ်ယောက် ဖြစ်စေ၏။
“ ခင်ဗျားနာမည်က ကျီလီ များလား …” မိုဝူကျိက သူမ မေးခွန်းများကို ဖြေမည့်အစား ကိုယ့်ဘာသာ မေးခွန်းကို ရွေးချယ်၍ မေးလိုက်သည်။
ထိုအမျိုးသမီးက ပြန်မဖြေခင် တည်ငြိမ်သွားအောင် ကြိုးစားလိုက်ပြီး
“ ဟုတ်ပါတယ် … ကျမ က ကျီလီပါ။ ကျမအဖေက ကျီဖေးချင်ပါ။ ကျမ ဒီအင်မော်တယ် ပိတ်လှောင်ရေး အစီအရင်ထဲ မဝင်ခင် သူက ကျန်းရှင်းကို သွားမယ်ဆိုပြီး ပြောသွားခဲ့တယ် …”
မိုဝူကျိက ရှင်းပြလိုက်သည်
“ ခင်ဗျားအဖေ ကျန်းရှင်းကို ရောက်လာပြီးတော့ ခင်ဗျားကို ကယ်တင်ပေးဖို့ဆိုပြီး လူတွေကို သူ့နောက်ဆုံးစကားထားခဲ့ပြီး တောင်းဆိုသွားခဲ့တယ် ”
သူမက “ နောက်ဆုံးစကား” ကို ကြားသည့်အခါ မိုဝူကျိက ကျီလီ မျက်ဝန်းမှ မျက်ရည်များ စီးကျလာကြောင်း သတိပြုမိလိုက်၍ ဆက်မပြောတော့ပေ။
ခဏအကြာတွင် ကျီလီက အငိုရပ်လိုက်ပြီး မိုဝူကျိ ရှိမည့်နေရာအား ခန့်မှန်းပြီး ကြည့်ကာ
“ အဖေရဲ့ သတင်းကို သယ်လာပေးတဲ့အတွက် ကျေးဇူးတင်ပါတယ် ”
မိုဝူကျိက သွေးမျိုးဆက် အမှတ်အသားကို ရှေ့တိုးပြလိုက်ပြီး
“ ဒါက ခင်ဗျားအဖေ ထားခဲ့တဲ့ တစ်ခုတည်းသော ပစ္စည်းပါ။ အခု ပိုင်ရှင်အမှန်ဆီ ပြန်ပေးပါရစေ … ခင်ဗျားအဖေက ကျုပ်ဆီ ခင်ဗျားကို ကယ်ပေးဖို့ တောင်းဆိုခဲ့ပေမဲ့ ကျုပ်က အရမ်းအားနည်းတော့ ဒီသတင်းပဲ ဆောင်ယူလာနိုင်တယ်။ ခင်ဗျားကို ကယ်ဖို့ရာတော့ ကျုပ် တတ်နိုင်တဲ့ ကိစ္စ မဟုတ်မှာကို စိုးရိမ်မိပါတယ်… ”
ကျီလီက သွေးမျိုးဆက် အမှတ်အသားကို ကိုင်ဆောင်ထားရင်း မျက်ရည်များ စီးကျလာကာ ကုန်းအော်မိလိုက်သည်။ သူမရှေ့တွင် သူမ အဖေ ရောက်လာသလိုမျိုး ခံစားနေရလေ၏။
သူမ အရည်အချင်းမှာ ပြိုင်ဖက်ကင်းပြီး မိဘတွေဆီမှ တုန်နေအောင် အချစ်ခံခဲ့ရသည်။ သူမ ကြီးပြင်းလာသည့်အခါ သူမ စွမ်းအားမှာ ပို၍ ထူးချွန်လာပြီး သူမ ဖခင်ကိုပင် ကျော်လွန်သွားခဲ့၏။
နတ်ဘုရားစစ်ပွဲ စတင်ပြီးနောက် သူမက ဖခင်ကို စိုးရိမ်၍ ဖခင်ကို ကူညီဖို့ရာ တိုက်ပွဲကွင်းပြင်ဆီ အရင်ဦးစွာ သွားခဲ့ခြင်း ဖြစ်ပေသည်။ သို့သော်လည်း သူမက ဖခင်ကို မကူညီနိုင်ရုံသာမက ဖခင်လည်း လုပ်ကြံခံလိုက်ရပြီး သူမသည်လည်း အင်မော်တယ်ပိတ်လှောင်ရေး အစီအရင်ထဲ၌ ပိတ်မိသွားခဲ့သည်။
“ တောင်းပန်ပါတယ် ရှင့်ကိုပါ ဆွဲသွင်းမိပြီ ….” မိုဝူကျိက ကျီလီသည် သူ့ကို တောင်းပန်လိမ့်မည်ဟု မထင်ထားခဲ့ပေ။
မိုဝူကျိက ကျီလီ မမြင်ရမှန်း မေ့သွားပြီး လက်ဝှေ့ပြကာ ပြောလိုက်၏
“ ကိစ္စ မရှိပါဘူး။ ကျုပ်က ကိုယ့်ဘာသာ တောင်းဆိုချက်ကို လက်ခံလိုက်တာပါ။ အဆင်ပြေပါတယ်။ ဘယ်လိုဖြစ်ဖြစ် ပစ္စည်းစိတ်ဝိညာဉ်က ကျုပ်ကို ကူညီပေးတယ်လေ ….. အဲကြောင့် ကျုပ်လည်း ဒီသတင်းကိုလာပြောပြပေးဖို့ ကူညီပေးလိုက်တာပါ။ ဒါဆို နှုတ်ဆက်ခဲ့ပါတယ် …. ကျုပ်လည်း အခု ထွက်သွားရမှာမလို့ …. ကျေးဇူးပြုပြီး ဂရုစိုက်ပါ …. ”
“ အဖေက သူ့အမွေအနှစ်တွေကို မထားခဲ့ဘူးလား ” ကျီလီက သိချင်စွာ မေးလိုက်သည်။
မိုဝူကျိက ထိုအကြောင်းကို ကြားသည့်အခါ ဒေါသထွက်လာမိသည်။ သို့သော် ကျီလီကို ဒေါသထွက်ခြင်း မဟုတ်ဘဲ ဉာဏ်များတတ်သည့် ပစ္စည်း စိတ်ဝိညာဉ်ကို ဖြစ်၏။ ပစ္စည်း စိတ်ဝိညာဉ်မှာ အရမ်းကပ်စေးနှဲလွန်းပြီး သူ့အနေနှင့် သေလုနီးပါး အန္တရာယ်များ ကျော်ဖြတ်ရမည် ဖြစ်သော်လည်း ကျီဖေးချင်၏ အမွေအနှစ်များကို မပေးခဲ့ချေ။ အကယ်၍ ကျီဖေးချင်ဆီက ပစ္စည်းကောင်းလေး ရခဲ့လျှင် ဤမျှ ခက်ခက်ခဲခဲ ကြုံတွေ့ဖြတ်သန်းနေဖို့ရာ မလိုလောက်ပေ။
“ မရခဲ့ပါဘူး …. ကျုပ်ရဲ့ ကံမကောင်းမှုကိုပဲ အပြစ်ဖို့ရမှာပါပဲ ….” မိုဝူကျိက စိတ်ဓာတ်ကျစွာ ပြန်ဖြေလိုက်၏ “ သွေးမျိုးဆက် အမှတ်အသားအပြင် ဘာဆို ဘာမှ မရခဲ့ပါဘူး ”
မိုဝူကျီတွင် ကျီဖေးချင်အပိုင် ဖြစ်သည့် သွေးမျိုးဆက် အမှတ်အသားမှ လွဲ၍ တစ်ခုမှ မရှိသည်မှာ အမှန် ဖြစ်ပေသည်။
“ အားနားလိုက်တာ … အဲဆို ကျမရဲ့ ကိုယ်ပိုင် အမွေအနှစ် ပေးပါ့မယ် ” ကျီလီက အားနာစွာ တုံ့ပြန်လိုက်၏။ မိုဝူကျိက ဤနေရာအထိ အသက်စွန့် ရောက်လာခဲ့သော်လည်း ဘာပစ္စည်းမှ ရမထားကြောင်း ကြားသောအခါ အမှန်ပင် အားနာမိသွာသည်။
မိုဝူကျိက ဒုတိယအကြိမ် စိတ်ဓာတ်ကျမိသွားသည်။ အကြောင်းမှာ လွန်ခဲ့သည့် နှစ်များစွာက ဖြစ်ခဲ့ပြီးပြီ ဖြစ်ရာ ဤကိစ္စအား စိတ်ထဲ မထားတော့ပေ။ ထို့အပြင် ကျီလီ၏စရိုက်မှာ အတော်လေး ကောင်းသောကြောင့် အနည်းဆုံးတော့ အကျင့်မကောင်းဘဲ ရက်စက်တတ်သူအတွက် လုပ်နေခြင်း မဟုတ်တော့ပေ။
“ ထားလိုက်ပါ … ခင်ဗျားရဲ့ အမွေအနှစ်ကိုလည်း မလိုပါဘူး။ ကျုပ် ဒီမှာ အချိန်ဖြုန်းတာ ကြာနေပြီ မြန်မြန် ထွက်သွားရဦးမယ်။ နတ်ဘုရားမျှော်စင် ပိတ်သွားတာနဲ့ ဒီအထဲ တစ်သက်လုံး ပိတ်မိနေလိမ့်မယ် ”
မိုဝူကျိက ပုံမှန်အတိုင်း ဖြေလိုက်၏။ သူ့အနေနှင့် တကယ် မလိုအပ်ပေ။ အကယ်၍ သူ့ကိုယ်ပိုင် ကျင့်စဉ်အဖြစ် မလုပ်ဆောင်နိုင်ခင်က ဖြစ်နေပြီး ကျီလီ ပေးမည့်အကြောင်း ကြားလျှင် ခုန်ပေါက်လုမတတ် ပျော်ရွင်မိမည် ဖြစ်သော်လည်း ယခုတွင်မူ သူက ကိုယ်ပိုင် ကျင့်စဉ်များ ရှိနေပြီ ဖြစ်ရာ တခြားသူ၏ အမွေအနှစ်များ ဘယ်လောက်ကောင်းကောင်း မလိုအပ်တော့ပေ။
“ ကျမ တကယ် တောင်းပန်ပါတယ် ” ကျီလီက နောက်တစ်ဖန် တောင်းပန်လိုက်ပြန်သည်။
မိုဝူကျိက သက်ပြင်းချလိုက်သည်။ ကျီလီမှာ ကြမ်းတမ်းသည်ဟု ထင်ရကောင်း ထင်ရနိုင်သော်လည်း သူမ စရိုက်မှာ အလွန်ပျော့ပျောင်းနူးညံ့ပေ၏။ သူတို့စကားဝိုင်းလေးအတွင်း ကျီလီက သုံးကြိမ် တောင်းပန်ပြီးသွားလေပြီ။
“ ရပါတယ် ကိစ္စမရှိပါဘူး …. သွားလိုက်ပါဦးမယ် ” မိုဝူကျိက စကားအဆုံးတွင် လှည့်ထွက်သွားဖို့ရာ ပြင်လိုက်သည်။
“ ကျမ ဆိုလိုတာက ရှင် အခု ထွက်သွားလို့ မရနိုင်လောက်တော့ဘူး။ ရှင်က အင်မော်တယ် ပိတ်လှောင်ရေး အစီအရင်ထဲ သုံးရက်ထက် ပိုရောက်နေခဲ့တယ်ဆိုရင် ထွက်သွားနိုင်မှာ မဟုတ်တော့ဘူး။ ဒီအထဲမှာ အနည်းဆုံး လဝက်တော့ ရှိပြီမလား ” ကျီလီက မေးလိုက်သည်။
မိုဝူကျိက အံ့ဩမိသွားသည်။ ဤအရာမှာ လူတွေကို ပိတ်လှောင်ထားဖို့ရာ ဖြစ်၏။
“ ဒီနေရာက ထွက်သွားဖို့ နည်းလမ်း မရှိဘူးလား ” မိုဝူကျိက ကံတရားကို လက်မခံနိုင်သေးဘဲ ကျီလီအား မေးလိုက်သည်။
ကျီလီက ခဏကြာသည့်အထိ တိတ်ဆိတ်သွားပြီးနောက် ပြန်ဖြေပေးလိုက်သည်
“ တကယ်တော့ နည်းလမ်းတွေက ရှိတယ်။ ပထမတစ်ခုက ရှင်က ထိပ်တန်း နတ်ဘုရားအစီအရင် ဆရာ တစ်ယောက် ဖြစ်နေမယ်ဆိုရင် လွတ်မြောက်နိုင်လိမ့်မယ်။ ပြီးတော့ ကျမ ကြားဖူးတာတော့ ယူမင်ကျန်းလည်း အင်မော်တယ် ပိတ်လှောင်ရေး အစီအရင်ထဲ ပိတ်မိနေတာတဲ့ …
တကယ်လို့ ရှင် သူ့ကို ရှာနိုင်ရင် လွတ်မြောက်နိုင်လောက်တယ်။ နောက်ဆုံးတစ်ခုက ရှင့်ဆီမှာ လောကထိပ်သီး အမှတ်အသားပြား ရှိနေရင် …. ”
မိုဝူကျိက နတ်ဘုရားအစီအရင်ဆရာအကြောင်း စဉ်းစားနေစဉ် လောကထိပ်သီး အမှတ်အသားပြား အကြောင်း ကြားသောအခါ မြန်မြန် မေးလိုက်သည်
“ လောကထိပ်သီး အမှတ်အသားပြား ရှိရင် လွတ်မြောက်နိုင်တယ်လား ”
ယူမင်ကျန်းကို မိုဝူကျိက လုံးဝ မယုံပေ။ ဤလူက သူ့အား လမ်းညွှန်ပေးကောင်း လမ်းညွှန်ပေးနိုင်သော်လည်း မိုဝူကျိကို အရင်ဆုံး အရေခွာပစ်လိမ့်မည်။ ဤယူမင်ကျန်းက သူ တွေ့ဖူးသမျှအထဲ ဉာဏ်အများဆုံး လူ ဖြစ်လေရာ ပစ္စည်း စိတ်ဝိညာဉ်အိုကြီးထက်ပင် ပို၍ ကလိမ်ကကျစ် ကျသေး၏။
မိုဝူကျိက မေးခွန်းထုတ်နေရင်း လောကထိပ်သီး အမှတ်အသားပြားကို ထုတ်လိုက်သည်။ ထို့နောက် ကိုယ်ခေါင်းကို ပြန်ထုလိုက်ရင်း
“ ကျုပ်က ဝက်လိုပဲ မေ့နေတာ …. လောကထိပ်သီး အမှတ်အသားပြားက အင်မော်တယ် ဖွေရှာ အမှတ်အသားပြားထက် သေချာပေါက် ပိုအဆင့်မြင့်တာကို …. ”
လောက ထိပ်သီး အမှတ်အသားပြားပေါ်၌ အင်မော်တယ် ပိတ်လှောင်ရေး အစီအရင်သွားရာ လမ်းကြောင်းအား ရှင်းရှင်းလင်းလင်း ဖော်ပြထားလေရာ ဤလမ်းကြောင်းက သူ့အား ၁၇ ထပ်သို့ လွတ်မြောက်စေလိမ့်မည် သို့မဟုတ် အင်မော်တယ် ပိတ်လှောင်ရေး အစီအရင် ဟုတ်သည် ဖြစ်စေ၊ မဟုတ်ဘူး ဖြစ်စေ လောကထိပ်သီး အမှတ်အသားပြားအား လမ်းကြောင်း ပြသနေခြင်းမှ မတားဆီးနိုင်ပေ။
“ ရှင့်ဆီမှာ လောကထိပ်သီး အမှတ်အသားပြား ရှိနေတာလား ” ကျီလီက မေးလိုက်သည်။
မိုဝူကျိက ခေါင်းညိတ်ပြကာ
“ ကျုပ်ဆီမှာ ရှိပေမဲ့ ကံဆုံလို့ ရလာတာပါ …. အဲဒီအပေါ်မှာ လမ်းကြောင်း ရှိနေသေးတာ ကံကောင်းတာပဲ … ဟူး ခင်ဗျားလည်း ကျုပ်ရဲ့ လောကထိပ်သီး အမှတ်အသားပြားကို မြင်ရတယ်လား ”
“ လောကထိပ်သီး အမှတ်အသားပြားက ကြယ်တစ်လုံးလိုပဲ ….. အင်မော်တယ် ပိတ်လှောင်ရေး အစီအရင်ထဲမှာတောင် ရှင် ထုတ်လိုက်တာနဲ့ မြင်ရတယ် ” ကျီလီက ရှင်းပြလိုက်သည်။
လောကထိပ်သီး အမှတ်အသားပြားမှာ ကျီဖေးချင်နှင့် ပတ်သတ်နေသော်လည်း ကျီဖေးချင် အပိုင် မဟုတ်မှန်း သိထား၏။ လောကလှေကားကို ရရှိပြီးနောက် ကျန်းရှင်းတွင် လောက လှေကားကို ထားခဲ့ပြီး လောကထိပ်သီး အမှတ်အသားပြားကိုလည်း တွဲလျက် ထားခဲ့ခြင်း ဖြစ်ပေသည်။
ကျီလီက မိုဝူကျိလက်ထဲမှ လောကထိပ်သီး အမှတ်အသားပြားကို ကြည့်ကာ
“ တကယ်လို့ လောကထိပ်သီး အမှတ်အသားပြားကို မွမ်းမံသန့်စင်နိုင်ရင် အင်မော်တယ် ပိတ်လှောင်ရေး အစီအရင်ထဲမှာ ရှိနေတဲ့ အရာအားလုံးကို သဘောပေါက် နားလည်သွားလိမ့်မယ်။ ဒါပေမဲ့ အဲလို မလုပ်ဖို့တော့ အကြံပေးချင်တယ် …. ရှင့်ရဲ့ လက်ရှိ ကျင့်ကြံဆင့်နဲ့ဆိုရင် နောက်ထပ် နှစ်တစ်သောင်းလောက် လိုလိမ့်မယ် …. ”
ကျီလီက အသံကို တိုး၍ ပြောလိုက်သည်။ သူမ အနေဖြင့် မိုဝူကျိ တစ်ဘဝလုံး၌ လောကထိပ်သီး အမှတ်အသားပြားကို မသန့်စင်နိုင်ကြောင်း သေချာသိနေ၍ ဖြစ်သည်။
“ အဲဆို ကျုပ်လောကထိပ်သီး အမှတ်အသားပြားကို သန့်စင်နိုင်ရင် ခင်ဗျားကို ကယ်နိုင်ပြီလား ” မိုဝူကျိက ရုတ်ချည်း မေးလိုက်သည်။ အကယ်၍ သူ့အနေဖြင့် လောကထိပ်သီး အမှတ်အသားပြားကို သန့်စင်ခြင်းက ကျီလီကို ကယ်တင်နိုင်သည်ဆိုလျှင် ယခု သူ့ဘာသာ ထွက်သွားခြင်းက လူသားမဆန်ရာ ကျရောက်နေပေလိမ့်မည်။
“ မဟုတ်သေးဘူး …. လောကထိပ်သီး အမှတ်အသားပြားက ဘေးပတ်လည်က နေရာကိုပဲ မှတ်သားထားတာ အစီအရင်တွေနဲ့ ဘာမှ ပတ်သတ်မှု မရှိဘူး။ လမ်းကြောင်း ပေါ်နေရင်တောင် လွတ်မြောက်ဖို့ရာ အင်မတန် ခက်ခဲလိမ့်မယ် ” ကျီလီက မိုဝူကျိ၏ ကံတရားကို အံ့ဩမိသော်လည်း လောကထိပ်သီး အမှတ်အသားပြားဖြင့် လွတ်မြောက်နိုင်ချေမှာ အင်မတန် နည်းပါးနေကြောင်း သိထား၏။
အင်မော်တယ် ပိတ်လှောင်ရေး အစီအရင်အထဲ၌ အရာအားလုံးက ပုံရိပ်ယောင်များ ဖြစ်နေလျှင်ပင် အန္တရာယ်အပြည့် ဖြစ်နေသည့် လမ်းမှ တစ်ယောက်တည်း ထွက်သွားဖို့ရာ ခက်ခဲပေလိမ့်မည်။
“ ကိစ္စ မရှိပါဘူး။ ကျုပ်အတွက် အခွင့်အရေး ဘယ်လောက်နည်းနည်း တစ်ခုပဲ လိုတာပါ …. ” မိုဝူကျိက ရုတ်ချည်း ရပ်တန့်ကာ တစ်ခုခုကို တွေးမိသွားဟန် ပေါ်၏။ သူ့တွင် လမ်းကြောင်း ရှိနေသော်လည်း နတ်ဘုရားမျှော်စင်က ပိတ်တော့မည် ဖြစ်ရာ ပိတ်သွားလျှင် သူ့အနေနှင့် အင်မော်တယ် ပိတ်လှောင်ရေး အစီအရင်ထဲမှ လွတ်မြောက်နိင်လျှင်ပင် နတ်ဘုရားမျှော်စင်မှ ထွက်သွားနိင်ဦးမည် မဟုတ်ပေ။
ထားလိုက်တော့ …..
သူက အင်မော်တယ် ပိတ်လှောင်ရေး အစီအရင်မှ ထွက်သွားရမည်။ ဤနေရာကြီးမှာ အလွန်ထူးဆန်းလွန်းပေ၏။ မိုဝူကျိက ထပ်မစောင့်နိုင်တော့သောကြောင့် ထပ်မေးလိုက်သည်
“ စီနီယာအစ်မကျီလီ မေးခွန်းနှစ်ခုလောက် မေးလို့ ရမလား ”
ကျီလီ၏ ကျင့်ကြံဆင့်နှင့် အသက်မှာ မိုဝူကျိထက် များစွာပိုသောကြောင့် သူနှင့် ရွယ်တူလို ဖြစ်နေသော လူတစ်ယောက်ကို အကြီးအကဲ အခေါ်အဝေါ်များ သုံးနှုန်းဖို့ရာ နည်းနည်း နေရခက်ပေ၏။ ထို့ကြောင့် စီနီယာအစ်မဟု ခေါ်ဆိုရန် ရွေးချယ်လိုက်ခြင်း ဖြစ်ပေသည်။