← Chapters

ဝင်ပူးကပ်ခြင်း

Vol. 48 Ch. 656

ဝင်ပူးကပ်ခြင်း

Vol. 48 Ch. 656

မှိန်ဖျော့ဖျော့ ရွှေရောင်အလင်းတန်းများ ထွက်နေသော  မြေကွက်လပ် ဟင်းလင်းပြင်တစ်ခုက နတ်ဘုရားမျှောစင်ရှေ့ မျှောလွှင့်နေပြီး  ထိုရွှေရောင် ဟင်းလင်းပြင်၌ လူထောင်ချီ၍ ရှိနေသည်။

ထိုလူများမှာ နတ်ဘုရားမျှော်စင်မှ ထွက်လာ‌သော ကျင့်ကြံသူများ မဟုတ်ဘဲ  နတ်ဘုရားမျှော်စင်ထဲ ဝင်သွားသူကို စောင့်ကြိုနေကြသည့် လူများ ဖြစ်ပေ၏။ နတ်ဘုရားမျှော်စင် ပိတ်သွားပြီးနောက် နတ်ဘုရားမျှော်စင်အတွင်းရှိ  ကျင့်ကြံသူအားလုံးမှာ   နဂိုနေရာသို့ ပြန်မရောက်သွားခင် ဤမျှောလွင့်နေသော  ရွှေရောင် ဟင်းလင်းပြင်ဆီ ရောက်လာကြမည် ဖြစ်သည်။

ဤရွှေရောင် ဟင်းလင်ပြင်မှာ  အချိန်ခဏလေးသာ ပေါ်လာခြင်း ဖြစ်ပြီး နှစ်နာရီအတွင်း ပြန်ပျောက်ကွယ်သွားပေလိမ့်မည်။

သို့သော်လည်း  နတ်ဘုရားမျှော်စင်မှ  အပြင်ဘက်သို့ ပို့ဆောင်ခံလိုက်ရသော  ကျင့်ကြံသူများမှာ ဤနေရာ၌ ပေါ်လာကြ၏။

မဟာခွန်ဗုဒ္ဓ ဂိုဏ်းမှ အဆင့်မြင့် ကျင့်ကြံသူများ ဖြစ်သော   ဟန်ခယ်နှင့် ကွမ်းနဉ်တို့မှာလည်း  စိတ်မရှည်တော့ဘဲ  ထိုနေရာသို့ သွားလုနီးပါး ဖြစ်နေကြ၏။ သူတို့အပြင်  လျှပ်စီးဂိုဏ်းမှ လိန်ကူယွင်နှင့် မဟာဓားလမ်းစဉ်ဂိုဏ်းတို့မှ ယီမင်ရှုတို့ကလည်း  ရွှေရောင်ဟင်းလင်းပြင်နှင့် အနီးဆုံးနေရာတွင် ရပ်နေကြသည်။ ကျယ်ပြောပင်လယ် အင်မော်တယ်ကျောင်းမှ မဟာဧကရာဇ် ဖြစ်သည့် ကျင်းယွီရှန်းပင် ရောက်ရှိနေလေ၏။

သူတို့နှင့် အဝေးတစ်နေရာ၌  ဆေးလုံးတာအိုအင်မော်တယ် မဟာမိတ်အဖွဲ့ ခေါင်းဆောင်  ရှောင်လီရှီက အင်မော်တယ် ဧကရာဇ် အလယ်အလတ်အဆင့် ကျင့်ကြံသူ တစ်ယောက်နှင့်အတူ  ရပ်နေလေ၏။

လမ်းစဉ်ခြောက်သွယ် အင်မော်တယ်နယ်မြေ၏ ကောင်းကင်ဧကရာဇ် ကိုင်အောင်း၊ နတ်ဘုရားအင်မော်တယ်နယ်မြေ၏ ကောင်းကင်ဧကရာဇ် အူးဂူနှင့် ကောင်းကင်ချောက်ကမ်းပါးမြို့စား ကူကျူးတို့က အထက်ဘုံ တမန်တော်အား အဖော်ပြုကာ  နတ်ဘုရားကောင်းကင်ချောက်နက် အဝင်ဝ၌ ရပ်နေကြသည်။

စိမ်းစိုအင်မော်တယ်အိမ်တော်၏ အရှင်မ ချင်းယန်က ထိုအဆင့်မြင့် ကျင့်ကြံသူများ တန်းစီနေသည်ကို မြင်သောအခါ  ခေါင်းခါမိလိုက်တော့သည်။ မိုဝူကျိက မိတ်ဆွေနည်းနည်းသာ ဖွဲ့မိပြီး ရန်သူများများ ထားမိလေသည်။

ဤနေရာရှိ လူတစ်ယောက်ချင်းစီက သူ့ကို သေစေနိုင်လောက်ပေရာ သူ့အတွက်  မှီခိုအားထားစရာ ကျော့ဖျင်အန်းလည်း အနီးအနားတွင် ရှိမနေတော့ချေ။ သူမက မိုဝူကျိ ပေါ်လာသည်နှင့် သေလျှင်သေ ဒါမှမဟုတ်  သေဖို့ရာ ဆန္ဒရှိသည့် နှိပ်စက်ခံရတော့မည်မှန်း  သေချာသိနေသည်။

မိုဝူကျိက မည်မျှပုံပန်းသွင်ပြင် ပြောင်းထားစေကာမူ ဤအဆင့်မြင့် ကျင့်ကြံသူများ၏ မျက်စိအောက်မှ သေချာပေါက် လွတ်မြောက်နိုင်မည် မဟုတ်ပေ။ နှမြောစရာကောင်းသည်မှာ အကယ်၍  မိုဝူကျိသာ  ဤအဆင့်မြင့် ကျင့်ကြံသူများအား   ရန်မစထားမိလျှင် သူ့ကဲ့သို့ ငယ်ငယ်ရွယ်ရွယ် ပါရမီရှင်လေး၌ ထွန်းလင်းတောက်ပသော အနာဂတ် စောင့်ကြိုနေပေလိမ့်မည်။

ချင်းယန်က  ခေါင်းခါလိုက်မိသည်။ မိုဝူကျိက  သေခြင်းတရားကို လက်ယက်ခေါ်နေမှန်း သိပေသည်။ သူက အဆင့် ၇ ဆေးလုံးဧကရာဇ်တစ်ယောက် ဖြစ်ပေရာ  နေ့စဉ်နေ့တိုင်း အာရုံစိုက်ခံရလွန်းသောကြောင့်  သူ့အနေနှင့် နယ်လှည့်ကျင့်ကြံသူ တစ်ယောက် ဖြစ်နေသည့်  အကြောင်းအား မေ့လျော့သွားခြင်း ဖြစ်ပေလိမ့်မည်။ နယ်လှည့် ကျင့်ကြံသူ  တစ်ယောက်က မည်မျှပင် အားကောင်းစေကာမူ  နောက်ခံမရှိသည့်  တိမ်တိုက်တစ်ခုလိုသာ ဖြစ်၏။

“ ဘုန်း  ” နတ်ဘုရားမျှော်စင်မှ အလင်တန်းများက  ဖြာထွက်လာပြီး လူများက တစ်သုတ်ပြီး တစ်သုတ် ပေါ်လာလေ၏။

ထွက်လာကြသော ကျင့်ကြံသူတိုင်းကို သူတို့ဂိုဏ်းများက ချည်းကပ်လာပြီး ကာကွယ်ပေးထားကြသည်။ ထိုကျင့်ကြံသူများကို ကောင်းကင်နတ်ဘုရားချောက်နက်မှ ဘေးကင်းကင်း ထွက်နိုင်သည့်အထိ ကာကွယ်ပေးထားကြမည် ဖြစ်ပေသည်။

ဟွမ်ရှား ထွက်လာသည်နှင့်  ဘေးတွင် ရပ်ကာ တခြားကျင့်ကြံသူများကို စိုက်ကြည့်လိုက်သည်။ မိုဝူကျိက မည်သို့ပင် ရုပ်ဖျက်ထားစေကာမူ သူ့အနေနှင့် မှတ်မိနိုင်စွမ်း ရှိသေး၏။

သို့သော်  ထွက်လာသော ကျင့်ကြံသူတိုင်းကို  အကုန်လိုက်ကြည့်လိုက်သော်လည်း  မိုဝူကျိ၏ တည်ရှိမှုကို မခံစားမိချေ။

“ ဟွမ်ရှား ကျရှုံးသွားတာလား ” ယီမင်ရှု၏ အသံတိုးတိုးက ထွက်ပေါ်လာကာ  ထွက်လာသော လူများကို လှမ်းကြည့်လိုက်သည်။ အနည်းငယ် ထူးဆန်းနေသော မိန်းကလေးမှ လွဲ၍ မိုဝူကျိကို သတိမပြုမိပေ။

“ သူ့ကို သတ်ဖို့ လုပ်တုန်း နတ်ဘုရားအင်မော်တယ်ဂိုဏ်းရဲ့လင်းလုနန်က ဝင်ကူလိုက်လို့ …. အခု လင်းလုနန်လည်း ထွက်မလာသေးဘူး။ လင်းလုနန်နဲ့ မိုဝူကျိအတူတူ ထွက်သွားတာကို  ကျုပ် ကိုယ်တိုင် မြင်လိုက်တာ  …. နှစ်ယောက်လုံး နတ်ဘုရားမျှော်စင်ထဲ သေသွားပြီလား ….. ”

ယီမင်ရှုက ရုတ်တရက် မေးလိုက်သည်  “ သူတို့  ထွက်သွားတုန်းက  မိုဝူကျိနဲ့ လင်းလုနန်အပြင် ဘယ်သူပါသေးလဲ ”

“ စိမ်းစိုအင်မော်တယ်အိမ်တော်က  ချင်းလောယွဲ့ရယ်၊ အင်မော်တယ် ဓားလမ်းစဉ်ဂိုဏ်းရဲ့ တောက်ဖုန်းနဲ့  ကျုပ် မမှတ်မိတဲ့ တစ်ယောက် ရှိသေးတယ် ” ဟွမ်ရှားက လက်သီးကျစ်ကျစ်ဆုပ်ကာ နောင်တရလာမိသည်။  မိုဝူကျိက နတ်ဘုရားမျှော်စင်အတွင်း ပျောက်ကွယ်သွားလျှင်ပင် မကျေနပ်နိုင်သေးပေ။ အကြောင်းမှာ သူက မိုဝူကျိကို ကိုယ်တိုင်သတ်ရမှ ကျေနပ်နိုင်ပေမည်။

“ မိုဝူကျိကို မင်း မသတ်လိုက်ရလို့  မကျေမနပ် ဖြစ်နေတာလား ” ယီမင်ရှုက ခပ်တိုးတိုး  ပြောလိုက်သည်။

ဟွမ်ရှားက  ဦးညွှတ်ကာ  “ ဒီတပည့်က သူ့ဝိညာဉ်ကို မီးရှို့ပစ်ဖို့ မစောင့်နိုင်တော့ဘူး  ”

ယီမင်ရှု အကြည့်များက နတ်ဘုရားမျှော်စင်မှ ထွက်လာသော ကျင့်ကြံသူများထံ ရောက်ရှိသွားပြီး

“  မိုဝူကျိက နတ်ဘုရားမျှော်စင်အတွင်း မပျောက်ကွယ်သွားတာမျိုးလည်း ဖြစ်နိုင်ခြေ ရှိသေးတယ် …. သူက ဒီအထဲက လူတစ်ယောက်တောင် ဖြစ်နေနိုင်တယ် ”

“ အာ  …” ဟွမ်ရှားက  ကြောင်အမ်းသွားမိ၏။ အကြောင်းမှာ သူက  မိုဝူကျိ၏ စွမ်းအားကို ခံစား၍ မရပေ။ သူက လူများစွာကို သတ်ဖြတ်ဖူးသောကြောင့် တစ်ယောက်ယောက်ကို သတ်ရန် ရည်ရွယ်ထားပါက  ထိုလူအနေဖြင့် မည်မျှ ရုပ်ပြောင်းရုပ်လွဲ လုပ်စေကာမူ  ထိုသူ့ကို မြင်သည်နှင့် သူ့စိတ်အတွင်းမှ သတ်ဖြတ်ငွေ့များ ပေါက်ကွဲထွက်လာလိမ့်မည်။

ယီမင်ရှုက ရှင်းပြလိုက်သည်

“ တကယ်လို့ သူ့ကို အလွယ်လေး ရှာတွေ့နေတယ်ဆိုမှတော့ အဲဒီလူ  ဒီနေ့အချိန်အထိကို ရှိတော့မှာ မဟုတ်ဘူး။ အဲဒီလူရဲ့ ဇာစ်မြစ်နဲ့ အတိတ်ကို စုံစမ်းပြီးသွားပြီ။ သူက အသက်မဲ့မြစ်အတွင်း ပထမဆုံး ပေါ်လာကတည်းက အတော်လေး အတွေ့အကြုံရှိပြီးတော့ သတိကြီးလာတဲ့ပုံပဲ ….

ပြီးတော့ အဲဒီလူက အရမ်းရက်စက်တယ်။ သူ့လျို့ဝှက်ချက်ကိုလည်း တခြားသူ အသိမခံဘူး။ တကယ်လို ငါ့ခန့်မှန်းတာသာ မှန်ရင်  ရတနာတွေကြောင့်  လင်းလုနန်လည်း  သူ့လက်ချက်နဲ့ သေသွားလောက်ရောပေါ့ ”

ဟွမ်ရှားက ထိုအကြောင်းကို ကြားသောအခါ  တုန်ယင်လာမိသည်။ အကယ်၍ မိုဝူကျိက ထိုမျှကြောက်ဖို့ ကောင်းနေလျှင် သူ့အနေနှင့် မိုဝူကျိအား မည်သို့ ရှာဖွေရတော့မည်နည်း။ သူ့မဟာဓားလမ်းစဉ်ဂိုဏ်းက နတ်ဘုရားမျှော်စင်မှ ထွက်လာသော သူများကို စုံစမ်းနိုင်လောက်သည့်အထိ အရည်အချင်း မပြည့်မှီသေးပေ။  ထိုသို့သာ လုပ်ဆောင်လိုက်လျှင် မဟာဓားလမ်းစဉ်အနေနှင့် ဂိုဏ်းအများအပြားကို ရန်စမိသလို ဖြစ်သွားပေလိမ့်မည်။

ယီမင်ရှုက အေးစက်စက် ရယ်မောလိုက်ပြီး

“ သူ အသက်ရှင်နေတော့ရော ဘာအရေးလဲ။ သူ  ခြေချခဲ့တဲ့ အင်မော်တယ်လောကရဲ့ နယ်မြေတိုင်းကို ဖျက်စီးပစ်လိုက်ရုံပေါ့ ”

ဟွမ်ရှားက လူများစွာ သတ်ဖြတ်ခဲ့သော်လည်း  ဟွမ်ရှားပင်  ကြက်သီးထမိသွားသေးသည်။

………….…

မဟာခွန်ဗုဒ္ဓဂိုဏ်း၏ အဆင့်မြင့်  ကျင့်ကြံသူတချို့ ရောက်လာကြသော်လည်း  သူတို့က  မိုဝူကျိ၏ အကျပ်အတည်း ပြဿနာကို ကောင်းကောင်း သိထားကြပေသည်။ ထို့ကြောင့် မိုဝူကျီကို ကာကွယ်ပေးဖို့ရာ  အကြောင်းအရင်း မရှိပေ။

ယီမင်ရှုက ဟွမ်ရှားကို ပြောနေစဉ် လိန်ကူယွင်က နတ်ဘုရားမျှော်စင်မှ ထွက်လာသော ကျင့်ကြံသူများကို စူးစမ်းနေလေ၏။  ထိုစဉ်  မဟာခွန်ဗုဒ္ဓဂိုဏ်းမှ  တိတ်ဆိတ်နေသော ဟန်ခယ်က ရုတ်ချည်း ရှေ့တိုးသွားကာ  ဆံရှည်ရှည် အမျိုးသမီးတစ်ယောက်ကို ဆွဲလိုက်ပြီး

“ မိန်းကလေး ခဏနေပါဦး …. ”

အကယ်၍ မိုဝူကျိသာ ရှိနေပါက  ထိတ်ထိတ်လန့်လန့် ဖြစ်သွားပေလိမ့်မည်။ အကြောင်းမှာ ထိုအမျိုးသမီးက သွင်ပြောင်းနှင့် စွမ်းအင် ပြောင်းထားသော  စုရှီ  ဖြစ်နေ၏။

“ ဘာကိစ္စများလဲ ” ဆံရှည်ရှည် အမျိုးသမီး လေသံမှာ ရေခဲတမျှ အေးစက်နေပြီး  သူမ တစ်ကိုယ်လုံးမှာလည်း သက်တောင့်သက်သာ ဖြစ်မနေချေ။ ဆက်တိုက်ဆိုသလို  သူတို့ဘေးပတ်လည်မှာ အေးခဲသွားသလို ဖြစ်သွားကာ သတ်ဖြတ်ငွေ့များ ထွက်ပေါ်လာ၏။

ဟန်ခယ်က လက်ပြန်ရုတ်ကာ  မြန်မြန် ပြောလိုက်ရသည် “ အော်မီတော်ဖော …  ဒီလူအိုကြီးက လူမှားသွားတာပါ။  မိန်းကလေး သွားလို့ ရပါပြီ … ”

ဆံရှည်ရှည် အမျိုးသမီးက မကျေမနပ် အသံတစ်ချက် ပြုကာ နတ်ဘုရားကောင်းကင်ချောက်နက်သို့ ဝင်သွားတော့သည်။

“ ဆရာဦးလေး ဟန်ခယ် …. ဘာလို့ လွတ်ပေးလိုက်တာလဲ။ သူမက ရုပ်ဖျက်ထားတယ်ဆိုပေမဲ့  စုရှီ ဖြစ်မယ် ထင်တာပဲ ….

မိုဝူကျိက  ဂုဏ်ထူးဆောင် အဆင့် ၇ ဆေးလုံးဧကရာဇ်ဆိုတာကို သိတယ်မလား။ သူ့အနေနဲ့  အသွင်ပြောင်းဆေးလုံး ဖော်စပ်ဖို့ဆိုတာ မဖြစ်နိုင်တာ မဟုတ်ဘူးနော် …” ကွမ်းနဉ်က  အမျိုးသမီး၏ ပုံရိပ် ပျောက်ကွယ်သွားတာကို ကြည့်ရင်း  ဟန်ခယ်၏ အပြုအမူကို မေးခွန်းထုတ်လိုက်သည်။

ဟန်ခယ်က ခေါင်းခါကာ

“  အဲဒီအမျိုးသမီးက စုရှီ မဟုတ်ဘူး။ သူမက အသွင်ပြောင်းဆေးလုံး သုံးထားရင်တောင်  သူမရဲ့ သွင်ပြင်နဲ့  စွမ်းအားကိုပဲ ပြောင်းပေးနိုင်လိမ့်မယ်။ အရှိန်အဝါနဲ့ ကျင့်စဉ်ကိုတော့ ပြောင်းလဲပေးနိုင်မှာ မဟုတ်ဘူး။

အဲဒီအမျိုးသမီးက အေးစက်စက် သတ်ဖြတ်ငွေ့တွေကို ထုတ်လွှင့်နေတာ  ပြီးတော့ သူမရဲ့ ကျင့်ကြံဆင့်က  အင်မော်တယ် ဧကရာဇ်အဆင့်ပဲ  ….  ငါတို့ မဟာခွန်ဗုဒ္ဓဂိုဏ်းက  မဟာခွန်ဗုဒ္ဓ မီးအိမ်ကို ရှာဖို့က အဓိကပဲ  ….  သူမလိုမျိုး  အဆင့်မြင့် ကျင့်ကြံသူနဲ့  ရန်ကြွေးဖွဲ့ဖို့ မဟုတ်ဘူး  ”

“ဆရာဦးလေးရဲ့သင်ပြမှုအတွက်  ကျေးဇူတင်ပါတယ် ” ကွမ်းနဉ်က လက်နှစ်ဖက် ယှက်ကာ ပြောလိုက်သည်။ အင်မော်တယ် ဧကရာဇ်ကို နတ်ဘုရားမျှော်စင်အတွင်း ဝင်ခွင့်မပြုထားသော်လည်း နတ်ဘုရားမျှော်စင် ဖွင့်သည့်အခါတိုင်း  အင်မော်တယ် ဧကရာဇ်တချို့က  ရအောင်ကြိုးစား၍ ဝင်ကြပေသည်။ ထိုအရာမှာ အားလုံးသိထားကြသော  လျို့ဝှက်ချက် ဖြစ်ပေသည်။ အကယ်၍ သူတို့မဟာခွန်ဗုဒ္ဓဂိုဏ်းက  နတ်ဘုရားမျှော်စင်အတွင်း ဝင်သော  အင်မော်တယ် ဧကရာဇ်ကို မှားယွင်း၍ ရန်စမိခဲ့လျှင်  သူတို့အတွက် မလိုချင်သော အကျိုးဆက် ဖြစ်လာလိမ့်မည်။

အမှန်တော့ အမျိုးသမီးတစ်ယောက်ကို တားဆီးလိုက်သော  ဟန်ခယ် အပြုအမူကို လူတော်တော်များများက စောင့်ကြည်နေကြပြီး သူ့မကို လွတ်ပေးလိုက်သည့်အခါမှ အားလုံး၏ အာရုံမှာ ပြောင်းလဲသွားခြင်း ဖြစ်၏။

စုရှီက တရားသူတော်စင်ကျောင်းမှ ဖြစ်ပြီး သူမကျင့်စဉ်မှာ မဟာခွန်ဗုဒ္ဓဂိုဏ်းနှင့်  အရင်းအမြစ်အတူတူ ဖြစ်ပေသည်။ စုရှီ၏ ကျင့်ကြံဆင့်မှာ  သူမ မည်မျှပင် အသွင်ပြောင်းဆေးလုံး သောက်သောက် ကျင့်ကြံဆင့်  နိမ့်ကျနေဆဲ  ဖြစ်ရာ  မဟာခွန်ဗုဒ္ဓဂိုဏ်း မျက်စိအောက်မှ လွတ်မြောက်နိုင်မည် မဟုတ်ပေ။ ယခု မဟာခွန်ဗုဒ္ဓဂိုဏ်းက အမျိုးသမီးကို လွတ်ပေးလိုက်လေရာ  ထိုသူမှာ စုရှီ မဟုတ်ကြောင်း သေချာသွားကြသည်။

…………..…

စုရှီက  အိပ်မက်ရှည်ကြီး မက်ခဲ့သည့်အလား ခံစားနေရလေ၏။ ထိုအိပ်မက်မှာ  သူမ မနိုးထလောက်သည့်အထိ အဆုံးအစ မဲ့နေဟန် ပေါ်ပေသည်။

ဘယ်လိုလုပ် ဖြစ်သွားတာလဲ  …. ငါ့ဆရာအတွက် ဘယ်လိုလက်စားချေရတော့မှာလဲ  …..

အစ်ကိုကြီးမိုက ငါ့ကို အပြင်ဘက်မှာ စောင့်နေမှာ  ငါသာ ဒီအိပ်မက်ကနေ နိုးထမလာရင် ဆရာအတွက် လက်စားချေပေးဖို့ ဘယ်လိုတတ်နိုင်တော့မှာလဲ  …..

တကယ်လို အစ်ကိုကြီးမိုက ငါ့ကို စောင့်နေတုန်း တခြားသူတွေ တွေ့သွားရင် ဘယ်လိုလုပ်မလဲ  …..

စုရှီက သူမဘာသာ အားတင်း၍ မျက်လုံးကို ဖွင့်လိုက်သည့်အခါ တစ်ခုခု လွဲမှားနေကြောင်း သိလိုက်သည်။ သူမ ခန္ဓာကိုယ်မှာ သူမ ထိန်းချုပ်မှုအောက်တွင် မရှိတော့ချေ။

“ ဝင်ပူးကပ်တာလား ” စုရှီက  နာမည်ရှိ ကျောင်းတစ်ခုမှ ဖြစ်ပြီး သူမ ဆရာမှာလည်း  မဟာဧကရာဇ်နှင့် ယှဉ်နိုင်သောသူ ဖြစ်လေရာ  သူမတွင် အတွေ့အကြုံများများစားစား မရှိလျှင်ပင် အဖြစ်အပျက်ကို ချက်ချင်း သဘောပေါက်လိုက်သည်။ တစ်စုံတစ်ယောက်က သူမ ဝိညာဉ်နှင့် ကမ္ဘာဦး  စိတ်ဝိညာဉ်ကို ဝါးမျိုပြီး  ခန္ဓာကိုယ်ကို ထိန်းချုပ်ရန် ကြိုးစားနေခြင်း ဖြစ်၏။

“ မဟုတ်ဘူး ….” စုရှီက စတင်၍ ရုန်းကန်လာသည်။

“ အဟင်း ….” လွတ်မြောက်လာသည့် စုရှီက အဆက်မပြတ် ကြိုးစားနေသောကြောင့် အေးစက်စက် စွမ်းအားလှိုင်းနှင့် အသံတစ်ချက် ပြုလိုက်သည်။ ထိုအသံမှာ လူသေအဖွားအိုအသံလိုမျိုး အက်ရှရှ ဖြစ်နေသည်

“ မဟာကျီရှန်းအဆင့်လေးကများ  ငါ့ကို လာရုန်းနေတယ်ပေါ့ …. နင့် ခန္ဓာကိုယ်ကို ငါရွေးလိုက်တာ နင့်အတွက် ကံကောင်းမှုပဲ  မှတ်ထား … ”

“ ထွက်သွား ထွက်သွား …” သူမ ဆရာ သေဆုံးသွားသော်လည်း စုရှီမှာ ရိုးသားဖြူစင် ဖြစ်သောကြောင့် သူမ ခန္ဓာကိုယ်ကို အပိုင်စီးထားသော လူအိုမကြီးအား မောင်းထုတ်ပစ်ဖို့ရာ ကြမ်းကြမ်းတမ်းတမ်း စကားကို မစဉ်းစားနိုင်ပေ။ အဆုံးသတ်၌ သူမက ထွက်သွားဖို့ရာသာ ဆက်တိုက် အော်ဟစ်နေတော့သည်။

သူမက ထိုသိုလှောင်လက်စွပ်ကို ကောက်ယူမိသည့်အတွက် နောင်တရနေသည်။ ကမ္ဘာပေါ်တွင် ပေးဆပ်ခြင်းမရှိဘဲ ဘာဆိုဘာမှ ရမလာပေ။

ဤသိုလှောင်လက်စွပ်က သူမကို ဝါးမျိုပစ်ရန် ရောက်လာသည်လား  …..

“ နင့်ကို ဖြည်းဖြည်းချင်း ဝါးမျိုပစ်မလို့ပဲ  ဒါပေမဲ့ နင်က အလိုမရှိမှတော့  ငါ့ဆန္ဒနဲ့ ပေါင်းစပ်ပြီးတော့ တစ်သားတည်း ဖြစ်စမ်း ” ပြင်းထန်လွန်းသည့် စိတ်ဆန္ဒက စုရှီ၏ အသိစိတ်ပင်လယ်ပေါ် ကျရောက်လာကာ စုရှီ၏ ဝိညာဉ်ကို အတင်းကျပ် ဝါးမျိုပစ်ရန် ကြိုးစားနေသည်။

စုရှီ ဝိညာဉ်ထံ  မည်းနက်နေသော မင်ရည်များကဲ့သို့  အလိုရမ္မက်အတွေးပေါင်းစုံက  ထိုးဖောက်ဝင်ရောက်လာကြသည်။

သို့သော်လည်း ထိုဝိညာဉ်က အံ့ဩမိသွားသည်။ သူမအနေနှင့် ဤမျှသန့်ရှင်းစင်ကြယ်လှသော ဝိညာဉ်မျိုးကို ပထမဆုံးအကြိမ် တွေ့ဖူးခြင်း ဖြစ်၏။ လက်စားချေချင်စိတ်လေးကြောင့်သာ မဟုတ်လျှင် သူမ ဝိညာဉ်မှာ ထိုးဖောက်ဝင်ရောက်နိုင်မည် မဟုတ်ပေ။ စုရှီ၏ ဝိညာဉ်နှင့် ကမ္ဘာဦး စိတ်ဝိညာဉ်က အဖြူရောင်စာရွက်လေးကဲ့သို့ ဖြူဆွတ်နေပြီး  မည်သည့်အလိုဆန္ဒမှ မဖြစ်တည်နေပေ။ လက်စားချေချင်စိတ်လေးမှာလည်း နည်းနည်းမျှသာ ရှိသောကြောင့် သူမ ဝိညာဉ်နှင့် ပေါင်းစပ်ဖို့ရာ မဖြစ်နိုင်သေးပေ။

“ ဒီလိုဆိုမှတော့ နင့်ကို  တိုက်ရိုက်ဝါးမျိုပစ်တာပေါ့  ” ဝိညာဉ်က သက်ပြင်းချလိုက်သည်။ တိုက်ရိုက်ဝါးမျိုခြင်းက ရိုးရှင်းသော်လည်း  ဝါးမျိုပစ်ပြီးနောက်  ဝိညာဉ်များက ပေါင်းစပ်ရဦးမည် ဖြစ်၏။ ထိုအရာမှာ အချိန်ကုန်ပြီး အောင်မြင်ဖို့ရာ ရတနာများလည်း လိုအပ်ပေသည်။

“ ဝိညာဉ်ပူးကပ်ခြင်းလား ” ထိုအတွေးပေါ်လာသည်နှင့် ဗုဒ္ဓ မီးအိမ်တစ်ခုက  စုရှီ၏ အသိစိတ်ပင်လယ်အတွင်း ရုတ်တရက်  ပေါ်လာသည်။  ဤဗုဒ္ဓ မီးအိမ်မှာ မည်းနက်နေသော နေရာတွင်  တောက်ပစွာ ထွန်းလင်းနေပြီး စုရှီ၏ သေဆုံးနေသော ကမ္ဘာဦး စိတ်ဝိညာဉ်ကို ပြန်လည် အားဖြည့်ပေးနေသည်။

“ မဟာခွန်ဗုဒ္ဓ မီးအိမ်လား  … နင့် ဆီမှာ ဒီလိုမျိုးအရာ ဘယ်လိုလုပ် ရှိနေတာလဲ ” ဝိညာဉ်က  တအံ့တဩ ရေရွတ်လိုက်သည်။

စုရှီက  မဟာခွန်ဗုဒ္ဓ မီးအိမ် အလင်းအောက် ရပ်နေပြီး  သူမကို ပိုင်စီးရန် ကြိုးစားနေသော ဝိညာဉ်ထံ အလင်းများ  စေလွှင့်လိုက်တော့သည်။

All Chapters