← Chapters

တိုက်ကွက်တစ်ကွက်တည်းဖြင့်အနိုင်ယူ

Vol. 59 Ch. 821

တိုက်ကွက်တစ်ကွက်တည်းဖြင့်အနိုင်ယူ

Vol. 59 Ch. 821

အခန်း (၈၂၁) တိုက်ကွက်တစ်ကွက်တည်းဖြင့်အနိုင်ယူ

ရန်ကျောက်ကဲ၏ မူလဇာစ်မြစ်က ရှုတ်ထွေးသည့်အပြင် မြောက်ဖေးတောင်ထွတ်မှ စစ်သည်တော်များကို ပိုပြီးထိတ်လန့်စေခဲ့သည့် နောက်ထပ်အရာတစ်ခု ရှိနေသေးသည်။

စောစောက ဖုထင်က ရန်ကျောက်ကဲနှင့် သိုင်းပညာယှဉ်ပြိုင်မည်ဟု ဆိုခဲ့သည်။

ယခု တိုက်ပွဲတွင် ဖုထင်က ရှုံးနိမ့်ခြင်းမရှိသေးသော်လည်း ထိုက်ကျိယင်ယန်လက်ဝါးသိုင်းကိုအသုံးပြုရင်း ခံစစ်အနေဖြင့် အတိုင်းအဆမဲ့ထိုက်စုခန္ဓာကိုလည်း အသုံးပြုနေရသည်။ ဤသည်ကိုကြည့်ခြင်းအားဖြင့် သူမက ရန်ကျောက်ကဲထက် ခြေတစ်လှမ်းနောက်ကျနေကြောင်း သိရှိနိုင်သည်။

တိုက်ပွဲကို သိုင်းကွက်တစ်ကွက်တည်းဖြင့်သာ ဆုံးဖြတ်မည်ဆိုလျှင် အနိုင်ရသူက ရန်ကျောက်ကဲသာလျှင် ဖြစ်ပေလိမ့်မည်။

ထိုအချက်က သူတို့အားလုံးကို မှင်တက်သွားစေသည်။

ဖုထင်နှင့်အတူပါလာသည့် နတ်ဘုရားသိမြင်ခြင်း သိုင်းသူတော်စင် (၂)ယောက်သာ မဟုတ်ပေ။

မြောက်ဖေးတောင်ထွတ်မှ ထပ်မံရောက်ရှိလာကြသော ဖုထင်ထက် ဝါရင့်သည့် သိုင်းကျင့်ကြံသူများသည်ပင် မျက်လုံးများ ပြူးကျယ်လျှက် ရှိကြသည်။

ဖုထင်သည် သူတို့အားလုံးမျက်စိအောက်တွင် ကြီးပြင်းလာသူဖြစ်ပြီး မရေမတွက်နိုင်သော တန်ခိုးစွမ်းအားရှင်များကို အနိုင်ယူခဲ့သည်။

ဖုထင်ကို အနိုင်ယူနိုင်သူ မရှိခဲ့သလို ဖုထင်ကလည်း တူညီသည့်ကျင့်ကြံခြင်းအဆင့်တွင် တစ်ကြိမ်မှ ရှုံးပွဲမရှိခဲ့ပေ။  ကျင့်ကြံခြင်းအဆင့်တူသူများသာမက သူမထက် ကျင့်ကြံခြင်းအဆင့် ပိုမိုမြင့်မားသူများနှင့် ရင်ဆိုင်ရလျှင်ပင် ရှုံးပွဲမရှိခဲ့ပေ။

ဖုထင်က ကျင့်ကြံခြင်းအဆင့် တူညီသူတစ်ယောက်ကို ယခုကဲ့သို့ အားသာချက်မရှိဘဲ ရင်ဆိုင်နေရသည်ကို မြောက်ဖေးတောင်ထွတ်မှလူများ ပထမဆုံးအကြိမ် မြင်ဖူးခြင်း ဖြစ်သည်။

ထို့ပြင် ရန်ကျောက်ကဲက ဖုထင်ထက် ကျင့်ကြံခြင်းအဆင့်နည်းပါးပြီး အသက်လည်းပိုမိုငယ်ရွယ်သည်။

အားလုံးက တည်ကြည်လေးနက်သောအမူအရာများဖြင့် ရန်ကျောက်ကဲကို စူးစိုက်ကြည့်နေကြ၏။

ဖုထင်က ခဏမျှ တိတ်ဆိတ်နေပြီးမှ...

“ကျွန်မ ရှုံးတယ်ဆိုတာဝန်ခံပါတယ် ၊ သခင်လေးက ကျွန်မထက်သာပါတယ်”

ရန်ကျောက်ကဲက ပြုံးရင်း...

“’ဖု’ မိန်းကလေးက ယဉ်ကျေးလွန်းနေပါပြီ”

ရန်ကျောက်ကဲကိုကြည့်ရင်း ဖုထင် စဉ်းစားနေမိသည်။ သို့သော် သူမ မေးခွန်းမထုတ်ခင်မှာပင် ရန်ကျောက်ကဲက စကားဆိုလိုက်သည်။

“ဒီ ‘ရန်’က ထိုက်ချင်အဆက်အနွယ်တော့မဟုတ်ပါဘူး ၊ ဒါပေမဲ့ ငါ မွေးဖွားကြီးပြင်းခဲ့တဲ့ဂိုဏ်းရဲ့အခြေခံအုတ်မြစ်က ထိုက်ချင်အမွေအနှစ်အချို့နဲ့တည်ဆောက်ထားတာပါ ၊ ဒါကြောင့် ထိုက်ချင်အဆက်အနွယ်ရဲ့အကျိုးအမြတ်တွေ အများကြီး ရရှိခဲ့ပါတယ်”

“ဒီ ‘ရန်’ က ထိုက်ချင်အဆက်အနွယ်လို့ပြောရင် အရှက်မရှိရာ ကျပါတယ် ၊ ဒါပေမဲ့ ငါတို့ဂိုဏ်းရဲ့ အခြေခံအုတ်မြစ်တည်ဆောက်နိုင်ခဲ့တာဟာ မဟာကပ်ဘေးကြီးမတိုင်ခင်က အကြီးအကဲတွေရဲ့ အဆက်အနွယ်ပညာရပ်တွေက ဆင်းသက်လာတာဖြစ်လို့ ကျေးဇူးတင်ရမှာပါ”

“ပြီးတော့ တိုက်တိုက်ဆိုင်ဆိုင်ပဲ ထိုက်ချင်အဆက်အနွယ်ရဲ့ သိုင်းပညာအချို့ကို ငါကိုယ်တိုင် ကျင့်ကြံနိုင်ခဲ့တယ် ၊ သင်ယူခဲ့တာတွေက အရမ်းရှုတ်ထွေးလွန်းလို့ တခြားသူတွေအတွက် ရယ်စရာတောင်ဖြစ်နေမှာ အမှန်ပါပဲ”

ဝါဒတောင်၏ ထိပ်တန်းအဆင့်သိုင်းပညာဖြစ်သော ‘နက်ရှိုင်းချီစွမ်းအားကျင့်စဉ်’ သည် ထိုက်ချင်အဆက်အနွယ်၏ ‘နက်ရှိုင်းချီစွမ်းအား’ ကို ရည်ညွှန်းသည်။

ထိုသိုင်းပညာနာမည်ကို ထိုက်ချင်အဆက်အနွယ်ဖြစ်ပါသည်ဟု ထုတ်ဖော်ပြောရန်က နည်းနည်းမသင့်တော်သလိုဖြစ်သော်လည်း ရန်ကျောက်ကဲကတော့ အရည်ထူထူဖြင့်ပင် လှည့်ပတ်ပြောဆိုနေဆဲ ဖြစ်သည်။

ဤသည်က မည်သည့်ပြဿနာမှ မရှိနိုင်ပေ။ ပြီးတော့ အတိတ်တစ်ချိန်က ဝါဒတောင်၏ တည်ထောင်သူ ဆရာဘိုးဘိုး ‘ချိုးယွမ်’ အကြောင်းကိုလည်း အထက်ဘုံကမ္ဘာတွင် မည်သူမှ မသိရှိနိုင်ဘူးမဟုတ်လား။ တည်ထောင်သူဆရာဘိုးဘိုး၏သမိုင်းကြောင်းက အစွန်းရောက်ရှစ်ပါးကမ္ဘာကသာ သိရှိကြမည် ဖြစ်သည်။

သို့ပေသိ ဤသည်ကို ရေတွင်းထဲမှဖားဟု ပြောဆို၍ မရနိုင်ပေ။

သိုင်းဂိုဏ်းတစ်ခု သို့မဟုတ် လုပ်ငန်းတစ်ခု စတင်တည်ထောင်ရသည်က ကြီးမားသည့်အခက်အခဲများဖြင့် ရင်ဆိုင်ရသည်သာ ဖြစ်သည်။

တည်ထောင်သူဆရာဘိုးဘိုး ချိုးယွမ်ချမှတ်ထားသော အခြေခံအုတ်မြစ်မရှိပါဘဲ ယွမ်ကျန်းဖုန်း ၊ ရန်တိတို့သည် အထက်ဘုံကမ္ဘာသို့တက်ရောက်နိုင်သည့် လမ်းကြောင်းကိုရှာဖွေကာ ပိုမိုကျယ်ပြောသောလောကကို သိမြင်နိုင်ကြမည် မဟုတ်ပေ။

ထိုပြင် ထိုစဉ်အချိန်က ဆရာဘိုးဘိုး’ချိုးယွမ်’ သည် သူ့အရှေ့မှ အကြီးအကဲများ၏ အမွေအနှစ်များမှ အကျိုးခံစားခဲ့ရပြီး ထိုက်ချင်အဆက်အနွယ်နှင့် နီးစပ်မှုရှိခဲ့သည်မှာ အမှန်ပင် ဖြစ်သည်။

အတိအကျဆိုရလျှင် အစွန်းရောက်ရှစ်ပါးကမ္ဘာ၏အမြင်ဖြင့်ကြည့်မည်ဆိုလျှင် ဝါဒတောင်အား ထိုက်ချင်အဆက်အနွယ်ဖြစ်သည်ဟု ဆိုနိုင်ပေသည်။

မည်သို့ပင်ဖြစ်စေ ရန်ကျောက်ကဲ သိုင်းသူတော်စင်အဆင့်တက်ရောက်သည့်အခါ ထိုက်ချင်အဆက်အနွယ်၏ အသေးစိတ်ကျင့်စဉ်များကို သင်ယူနိုင်ခဲ့ခြင်း မရှိပေ။ နောက်ဆုံး ဝါဒတောင်၏ သိုင်းပညာရပ်များကိုသာ အခြေခံပြီး စန်းချင်း (၃)ပါးလုံး၏ ပညာရပ်များကို တစ်ခုတည်းအဖြစ် ပေါင်းစည်းနိုင်ခဲ့သည်။

ရန်ကျောက်ကဲစကားကိုကြားလိုက်ရတော့ ဖုထင်က နက်ရှိုင်းသည့်အကြည့်ဖြင့် သူ့ကိုကြည့်လိုက်သည်။

ဖုထင် စကားပြောရန် ဟန်ပြင်လိုက်စဉ် သူမ၏မျက်နှာအမူအရာ ရုတ်တရက် ပြောင်းလဲသွားသည်။

နတ်ဘုရားသိမြင်ခြင်းအဆင့် သိုင်းသူတော်စင် (၂)ယောက်နှင့် ရန်ကျောက်ကဲတို့သည်လည်း မျက်ဝန်းများ လက်ခနဲတောက်ပသွားကြ၏။

ထို့နောက် သူတို့အားလုံး တပြိုင်နက်တည်း အောက်ဘက်သို့ ခေါင်းငုံ့ကြည့်လိုက်ကြသည်။

သူတို့ရောက်ရှိနေသည့် မိုးမြေတစ်ခွင်က အပြောင်းအလဲမရှိသော်လည်း အောက်ဘက်မှထွက်ပေါ်လာသည့်တုန်ခါမှုကို မထင်မှတ်ဘဲ ခံစားမိကြသည်။

အစပိုင်းတွင် တုန်ခါမှုက အလွန်သိမ်မွေ့သော်လည်း ခဏအကြာမှာတော့ တဖြည်းဖြည်းပြင်းထန်လာပြီး အလွှာတစ်ခုလုံး တုန်ခါသွား၏။

ဤ တုန်ခါမှုက သူတို့ရောက်ရှိနေသည့်အလွှာမှ မြစ်ဖျားခံခြင်းမဟုတ်သည်မှာ ထင်ရှားသည်။ သူတို့၏ အောက်ဘက်အလွှာမှ ထွက်ပေါ်လာခြင်း ဖြစ်၏။

ရန်ကျောက်ကဲက လက်နှစ်ဖက် ဖြန့်ကားရင်း...

“ဒီ သီးခြားနယ်မြေရဲ့ တည်ငြိမ်မှုက အရမ်းအားကောင်းတယ် ၊ စကြာဝဠာထဲမှာတည်ရှိနေတဲ့ အောက်ဘုံကမ္ဘာတွေထက်တောင် ပိုပြီးတည်ငြိမ်သေးတယ်”

“ဆိုတော့... ဒီလောက် ပြင်းပြင်းထန်ထန်တုန်လှုပ်သွားတာက အနည်းဆုံး အမတကူးပြောင်းခြင်းအဆင့် သိုင်းသူတော်စင်တွေ တိုက်ခိုက်နေတယ်ဆိုတာ သံသယဖြစ်စရာ မရှိပါဘူး ၊ ကြည့်ရတာ... တိုက်ခိုက်နေတဲ့သူတွေထဲကတစ်ယောက်က ‘ဖု’ မိန်းကလေးတို့ဂိုဏ်းက အကြီးအကဲဖြစရမယ် ၊ ဒါပေမဲ့ တစ်ဖက်လူကတော့ ဘယ်သူလဲဆိုတာ ပြောဖို့ခက်တယ်”

ရန်ကျောက်ကဲက ခဏတာငြိမ်သက်ရင်း ခေါင်းငုံ့လျှက် တုန်ခါမှုကို အာရုံခံလိုက်သည်။

“ကိုယ်တိုင် မျက်စိနဲ့မမြင်ရလို့ ဘယ်သူနိုင်မလဲ ဘယ်သူရှုံးမလဲ မဆုံးဖြတ်နိုင်ပေမယ့် တန်ခိုးစွမ်းအားအတက်အကျကို ခန့်မှန်းရရင် တိုက်ပွဲက လက်ရည်ညီနေတဲ့ သဘောရှိတယ်”

ရန်ကျောက်ကဲက ခေါင်းမော့လိုက်ပြီး အရှေ့ဆီသို့ လက်ညှိုးညွှန်ပြလိုက်သည်။

“ဒီ ‘ရန်’ ကတော့ ဒီအခွင့်အရေးကိုအသုံးချပြီး နောက်တစ်လွှာကိုတက်တော့မယ် ၊ ‘ဖု’ မိန်းကလေးရော ဘာလုပ်ဖို့ စဉ်းစားထားလဲ”

ဖုထင်က ရန်ကျောက်ကဲကို စူးစိုက်ကြည့်နေရာမှ လှစ်ခနဲ တစ်ချက်ပြုံးလိုက်သည်။

“သူရဲကောင်းတွေက အမြင်တူတယ်...”

ပြောပြီးသည်နှင့် သူမ၏ခန္ဓာကိုယ်ထက်တွင် ရွှေရောင်အလင်းတန်းများ ရုတ်တရက် တောက်ပလာပြီး ဇာမဏီပုံရိပ်တစ်ခုအဖြစ်ပြောင်းလဲသွားကာ အတောင်ပံများဖြန့်ကျန်လျှက် သူမဘေးတွင်ရှိသော မြောက်ဖေးတောင်ထွတ်မှ သိုင်းသမားများကို ဆွဲခေါ်သွားပြီး အဝေးသို့ ပျံသန်းထွက်ခွာသွားလေသည်။

ဒါကိုမြင်တော့ ရန်ကျောက်ကဲတစ်ချက်ပြုံးလိုက်ပြီး ဖန်းယွင်ရှန်းနှင့် အခြားသူများကိုခေါ်ဆောင်က နောက်မှလိုက်ပါသွားသည်။

ဖုထင်ထံမှ ရွှေရောင်ဇာမဏီအလင်းတန်းများကို တွေ့မြင်ရသည့်အခါ ဖန်းယွင်ရှန်း ၊ အားဟူနှင့် ရှောင်အိုက်တို့အားလုံး အံ့အားသင့်သွားကြသည်။

“သူက တကယ်ပဲ အစစ်အမှန်ဇာမဏီစွမ်းအားကို ကျင့်ကြံထားတာလား”

ဖုထင်၏ ရွှေရောင်ဇာမဏီက တောင်ပိုင်းထိပ်တန်းမျိုးနွယ်မှ အမွေဆက်ခံထားသော ဇာမဏီစွမ်းအားက မတူကွဲပြားသော်လည်း စစ်မှန်သောဇာမဏီစွမ်းအားများပါဝင်သည်။

ပိုပြီး အံ့သြစရာကောင်းသည်မှာ ဤ ရွှေရောင်ဇာမဏီသည် သမာဓိမီးတောက် (၅)မျိုးလုံးကိုပိုင်ဆိုင်ထားပြီး မိုးမြေတစ်ခွင်လုံးကို လွှမ်းမိုးနိုင်စွမ်းရှိကာ ထိတ်လန့်တုန်လှုပ်ဖွယ်ရာ အငွေ့အသက်များ ထွက်ပေါ်နေခြင်း ဖြစ်၏။

ရန်ကျောက်ကဲက မေးစေ့ကိုပွတ်သပ်ရင်း...

“အဲဒါက သူ့လေ့ကျင့်ထားတဲ့ သိုင်းပညာမဟုတ်ဘူး ၊ အထွတ်ထိပ်မှော်ဝင်ပစ္စည်းတစ်ခုရဲ့ စွမ်းအားပဲ”

“ဒါက ထိတ်လန့်စရာကောင်းတဲ့ ခံစစ်စွမ်းအားကို ပိုင်ဆိုင်ထားတဲ့ အလယ်ဆင့် အထွတ်ထိပ်မှော်ဝင်ပစ္စည်း ဖြစ်နိုင်တယ် ၊ ခံစစ်စွမ်းအားအရဆိုရင်တော့ အဲဒီရတနာပစ္စည်းက ရွှေရောင်ချပ်ဝတ်နဲ့ အမတမှော်ဝတ်ရုံတို့ထက် မနိမ့်ကျဘူး”

ဖုထင်က နတ်ဘုရားသိမြင်ခြင်းအဆင့် သိုင်းသူတော်စင် မဟုတ်သေးသဖြင့် ထို “ဇာမဏီတောင်ပံ” ၏ တန်ခိုးစွမ်းအားကို အပြည့်အဝ ထုတ်ဖော်နိုင်ခြင်း မရှိပေ။

သူမသာ နတ်ဘုရားသိမြင်ခြင်းအဆင့်သို့ ရောက်ရှိသွားပြီး ရှန်းထျန်းဝူထိုက်မှ ခံစစ်ပညာရပ် (၂)ခုဖြစ်သော ‘အတိုင်းအဆမဲ့ထိုက်စုခန္ဓာ’ နှင့် ‘ထိုက်ရှီခုန်းမင်ခန္ဓာ’ တို့အား ‘ဇာမဏီတောင်ပံ’ တန်ခိုးစွမ်းအားဖြင့် အပြည့်အဝ ပေါင်းစပ်ထုတ်ဖော်နိုင်မည်ဆိုလျှင် ကြီးမြတ်သော ‘ထိုက်’ (၂)ခု ပေါင်းစည်းခြင်းနှင့် သမာဓိမီးတောက် (၅)မျိုး‌ ပေါင်းစပ်ခြင်းက တိုက်ခိုက်ခြင်းမပြုဘဲ ခုခံရုံမျှဖြင့်ပင် သူမ၏ခုခံစွမ်းအားက အထွတ်ထိပ်ရောက်ရှိနေပေမည်။

သိုင်းသူတော်စင် သတ္တမအဆင့်ဖြစ်သော အမတကူးပြောင်းခြင်း ကနဦးအဆင့် ကျင့်ကြံသူများသည်ပင် သူမ၏ခံစစ်ကို ဖြတ်ကျော်နိုင်မည် မဟုတ်ပေ။

ရန်ကျောက်ကဲသည်လည်း ထူးကဲယန်စည်းတံဆိပ်ကိုပိုင်ဆိုင်ထားသည်ဖြစ်ရာ နတ်ဘုရားသိမြင်ခြင်းအဆင့်သို့တက်လှမ်းနိုင်လျှင် ထိုစည်းတန်ဆိပ်၏တန်ခိုးစွမ်းအားကို ကွဲပြားစွာထုတ်ဖော်နိုင်မည် ဖြစ်သည်။

အားဟူက ခေါင်းတစ်ချက်ကုတ်ရင်း...

“ကျွန်တော်တို့လက်ထဲမှ ထူးကဲယန်စည်းတံဆိပ်နဲ့ ထူကဲယင်သရဖူရှိတယ်ဆိုတာသိရဲ့နဲ့ သူ ဒီလောက် ယုံကြည်မှုအပြည့်ရှိနေတာ မအံ့သြတော့ပါဘူး”

“ပိုးသားဧကရာဇ်က တစ်ခုခုတော့တစ်ခုခုပဲ ၊ တောင်ပိုင်းထိပ်တန်းမျိုးနွယ်တွေတောင်မှ ဇာမဏီစွမ်းအားရဲ့ သမာဓိမီးတောက် (၅)မျိုးရရှိဖို့ အပြင်းအထန်ကြိုးစားနေရတာ မအောင်မြင်သေးဘူး ၊ သူက အားလုံးကို စုစည်းထားနိုင်နေပြီ”

ရန်ကျောက်ကဲက ခေါင်းညိတ်ရင်း...

“ပိုးသားဧကရာဇ်လည်း သမာဓိမီးတောက် (၅)မျိုးလုံးကို မစုစည်းနိုင်သေးပါဘူး ၊ ဒါက ဇာမဏီမီးတောက် (၅)မျိုးကို လှုံ့ဆော်ပေးနိုင်တဲ့ အထွတ်ထိပ်မှော်ဝင်ပစ္စည်းတစ်ခုလေ ၊ ဒီပစ္စည်းကို ဇာမဏီအစစ်အမှန်ရဲ့ သွေးအနှစ်သာရနဲ့ပြုလုပ်ထားတာဖြစ်လို့ အဲဒီလိုစွမ်းအားမျိုး ထုတ်ဖော်လို့ရတာ ၊ ဒီပစ္စည်းထဲက သမာဓိမီးတောက်သဘာတရားတွေကို ထုတ်ဖော်ပြီး ကျင့်ကြံဖို့ဆိုတာတော့ မဖြစ်နိုင်ဘူး”

“ရှန်းထျန်းဝူထိုက်နဲ့ သမာဓိမီးတောက် (၅)မျိုးက ဆက်စပ်နေတာ ကျေးဇူးတင်ရမယ် ၊ မဟုတ်ရင် ပိုးသားဧကရာဇ်က ဒီလိုကိစ္စမျိုး လုပ်နိုင်မှာမဟုတ်ဘူး ၊ ဒီလိုအထွတ်ထိပ်မှော်ဝင်ပစ္စည်းမျိုးကို တောင်ပိုင်းထိပ်တန်းအရှင်သခင်ကို ပေးလိုက်ရင်တောင် ဘာမှ ကြီးကြီးမားမား အကူအညီဖြစ်မှာ မဟုတ်ဘူး”

သူက ဆက်ပြောသည်။

“တောင်ပိုင်းထိပ်တန်းအရှင်သခင်ကလည်း ဒီအကြောင်းကိုသိပါတယ် ၊ မဟုတ်ရင် ဒီလို အထွတ်ထိပ်မှော်ဝင်ပစ္စည်းမျိုးကို နည်းလမ်းရှာပြီး သူ့လက်ထဲရောက်အောင် လုပ်မှာပါပဲ”

စကားပြောနေရင်း ရန်ကျောက်ကဲမျက်ဝန်းများ လက်ခနဲတောက်ပသွားသည်။

ခပ်လှမ်းလှမ်းတွင် အထက်လွှာသို့တက်မည့် လမ်းကြောင်းဖြစ်သော စေတီတစ်ဆူကို ထင်ထင်ရှားရှား တွေ့မြင်လိုက်ရသည် မဟုတ်ပါလား။

All Chapters