ရွှမ်ရှောက်ကျိကျင်းမီးပြင်းဖို
Vol. 59 Ch. 822
အခန်း (၈၂၂) ရွှမ်ရှောက်ကျိကျင်းမီးပြင်းဖို
မြောက်ပိုင်းသမုဒ္ဒရာကိုယ်ပွားက အသင်္ချေနဂါးနန်းတော်ထဲတွင် တံခါးပိတ်ကျင့်ကြံနေဆဲ ဖြစ်သည်။ ထို့ကြောင့် ရန်ကျောက်ကဲတို့အုပ်စုက ဖုထင်လောက် လျှင်မြန်ခြင်း မရှိခဲ့ပေ။
ထို့ကြောင့် ဖုထင်နှင့် မြောက်ဖေးတောင်ထွတ်မှ အခြားသူများက စေတီရှိရာသို့ အရင်ဆုံးရောက်ရှိသွားကြသည်။
နောက်သို့လှည့်ကြည့်လိုက်တော့ ရန်ကျောက်ကဲတို့အုပ်စု စေတီအနားသို့ ရောက်ရှိနေပြီး သူမတို့နှင့်အနီးကပ်လိုက်လာကြောင်း တွေ့ရသည်။
“မြန်လိုက်တာ...”
ဖုထင် တွေးလိုက်၏။
ထို့နောက် သူမက တစ်ချက်ပင်မတုံ့ဆိုင်းဘဲ သူမ၏လူများကိုခေါ်ဆောင်ကာ စေတီအတွင်းသို့ဝင်ရောက်သွားပြီး ခရမ်းရောင်အခိုးအငွေ့များအလယ်တွင် ပျောက်ကွယ်သွားသည်။
ရန်ကျောက်ကဲတို့အုပ်စုလည်း ရှေ့ဆက်လာခဲ့ကြပြီး ခရမ်းရောင်အခိုးအငွေ့များအတွင်းဝင်ရောက်ကာ အထက်သို့ တက်သွားကြသည်။
ယခင် အောက်ဘက်မှအလွှများကဲ့သို့ပင် ခရမ်းရောင်အခိုးအငွေ့များထဲတွင် အလင်းတံခါးတစ်ခု ရှိနေသည်။
ရန်ကျောက်ကဲတို့အုပ်စု အလင်းတံခါးအတွင်းဝင်ရောက်သွားသည်နှင့် သူတို့ရှေ့မှ မြင်ကွင်းက ပြောင်းလဲသွားသည်။
သို့သော် ယခုတစ်ကြိမ်က အရင်ကနှင့်မတူဘဲ အလွှာသစ်သို့ရောက်သွားသည်နှင့်တစ်ပြိုင်နက် ပြင်းထန်သော စွမ်းအားလှိုင်းလုံးတစ်ခုက သူတို့ထံ ရုတ်တရက် ဝင်ရောက်လာသည်ကို ခံစားလိုက်ရသည်။
ထိုပြင်းထန်လှသောစွမ်းအားလှိုင်းလုံးက နတ်ဘုရားသိမြင်ခြင်းအဆင့် သိုင်းသူတော်စင်များစွာကိုပင် လွင့်ထွက်သွားစေနိုင်လောက်သည်။
ကံကောင်းစွာပင် ရန်ကျောက်ကဲက ဤအတွက် ကြိုတင်ပြင်ဆင်မှုများပြုလုပ်ထားခဲ့ပြီး ရှည်လျားသော အနက်ရောင်သေတ္တာတစ်ခု သူ့အရှေ့တွင်ပေါ်လာသည်။
ထိုခဏတွင် ‘ကောင်းကင်ဝါးမျိုဓားသေတ္တာ’ နှင့် ‘ကမ္ဘာမြေဖျက်ဆီးအမွှေးတိုင်အိုး’ ပေါင်းစပ်ထားသည့် ကောင်းကင်ဝါးမျိုကမ္ဘာမြေဖျက်ဆီးဓားသေတ္တာသည် ရန်ကျောက်ကဲတို့အုပ်စုထံဝင်ရောက်လာသော စွမ်းအားလှိုင်းလုံးများအားလုံးကို ကြောက်မက်ဖွယ်ရာ စုပ်ယူမျိုချလိုက်တော့သည်။
ဤနည်းအားဖြင့် ရန်ကျောက်ကဲတို့အုပ်စု ရှေ့ဆက်လာနိုင်ခဲ့ကြသည်။
အဝေးသို့လှမ်းကြည့်လိုက်တော့ ပြင်းထန်သောစွမ်းအားလှိုင်းလုံးများအလယ် အရှေ့ဆီသို့ပုံမှန်အတိုင်းရွေ့လျားနေသော ရွှေရောင်အလင်းတန်းတစ်ခုကို တွေ့ရသည်။
ဖန်းယွင်ရှန်းက...
“ရှင့်ရဲ့ ကောင်းကင်ဝါးမျိုကမ္ဘာမြေဖျက်ဆီးဓားသေတ္တာက အထွတ်ထိပ်မှော်ဝင်ပစ္စည်း မဟုတ်ဘူး ၊ မိစ္ဆာဓားတောင်းတျဲကို အားဖြည့်ဖို့အတွက် အသုံးပြုထားတဲ့ ရှားပါးရတနာပဲ”
သူမက သက်ပြင်းချရင်း...
“ဇာမဏီမျိုးနွယ်ရဲ့ သမာဓိမီးတောက်ကိုထုတ်ဖော်နိုင်တဲ့ ‘ဖု’ မိန်းကလေးရဲ့ အထွတ်ထိပ်မှော်ဝင်ပစ္စည်းကတော့ စွမ်းအားလှိုင်းလုံးတွေကို ခုခံထားနိုင်တာကိုကြည့်ရတာ အတော်ပြင်းထန်တဲ့ အလယ်ဆင့်အထွတ်ထိပ်မှော်ဝင်ပစ္စည်း ဖြစ်ပုံရတယ်”
ရန်ကျောက်ကဲက ရှေ့ဆက်သွားရင်း....
“အမှန်ပဲ ၊ အနည်းဆုံးတော့ အဲဒီပစ္စည်းရဲ့ခုခံစွမ်းအားက ငါတို့တွေ့ခဲ့မြင်ခဲ့ဖူးတဲ့ အလယ်ဆင့် အဆင့်မြင့်မှော်ဝင်ပစ္စည်းတွေထက် အဆင့်အတန်းမြင့်မားပြီး ပြိုင်ဘက်ကင်းတယ် ၊ ’ခန်း’သခင်မ ခန်ကျင်းယွမ်ကိုပေးလိုက်တဲ့ နက်ရှိုင်းကြေးမုံချပ်ဝတ် ၊ ချီဝေရဲ့ အရိပ်ချီဝတ်ရုံ ၊ ဧကရာဇ်ရွှမ်မုရဲ့ အမတမှော်ဝတ်ရုံနဲ့ ၊ ရွှေရောင်သံချပ်ကာအားလုံးက ဖုထင်ရဲ့ ဒီ ပစ္စည်းနဲ့မယှဉ်နိုင်ဘူး”
အားဟူက တံတွေးတစ်ချက်မျိုချရင်း...
“သခင်လေး... ဖုထင်ရဲ့ ကျော်ကြားတဲ့နာမည်ကို သခင်လေးတစ်ခါပြောဖူးတာ ကျွန်တော်မှတ်မိနေတယ်....”
ရန်ကျောက်ကဲက ပြုံးရင်း...
“ဟုတ်တယ်လေ... သူ့ကို ကြာပန်းနီဒေဝီလို့ခေါ်ကြာတာ ၊ အကြောင်းရင်းကတော့ ဖုထင်ကိုယ်တိုင်က ကောင်းကင်ဘုံကမမျက်နှာသာပေးတဲ့ ပါရမီရှင်တစ်ပါးလို့ပြောနိုင်သလို အရမ်းထူးချွန်လွန်းတာရယ် ၊ ပြီးတော့... သူ့မှာ တုန်လှုပ်ဖွယ်ရာအဖျက်စွမ်းအားကိုပိုင်ဆိုင်တဲ့ ‘ကြာပန်းနီကပ်ဘေး’ ဆိုတဲ့ ကျော်ကြားတဲ့ရတနာပစ္စည်းတစ်ခုကို ပိုင်ဆိုင်ထားတာကြောင့်လည်း ဖြစ်တယ်”
ပြင်းထန်သောထိုးစစ်ဆင်တိုက်ခိုက်မှုများကြောင့် ‘ဖုထင်’ က နာမည်ကြီးသူဖြစ်သည်။ တကယ်တော့ သူမက ခံစစ်ကို သိပ်ပြီးအာရုံစိုက်သူ မဟုတ်ပေ။
တူညီသောကျင့်ကြံခြင်းအဆင့်ရှိသူများထဲတွင် သူမ၏ခံစစ်စွမ်းအားက အထွတ်ထိပ်ဟု ယူဆနိုင်သော်လည်း သူမကိုယ်တိုင်က တိုက်ခိုက်ရာတွင် ခံစစ်အသုံးပြုမှုနည်းပါးသည်။
အားဟူ ပြောစရာစကားမဲ့သွားသည်။
“သူ့ရဲ့ကျင့်ကြံခြင်းအဆင့်ကိုမပြောဘဲ ရတနာပစ္စည်းတွေအကြောင်းတွေးကြည့်ရုံနဲ့တင် ဖျားလောက်တယ် ၊ ခံစစ်အတွက်က အဲဒီ အလယ်ဆင့်အထွတ်ထိပ်မှော်ဝင်ပစ္စည်းရှိတယ် ၊ တိုက်စစ်အတွက်က ‘ကြာပန်းနီကပ်ဘေး’ ရတနာ့စ္စည်းရှိတယ်ဆိုရင် သူက ခံစစ်ရော တိုက်စစ်ရော အရမ်းအစွမ်းထက်နေတာပေါ့ ၊ သူ့မှာ အားနည်းချက် မရှိသလောက်ပဲ”
ရန်ကျောက်ကဲက ပြုံးရင်း...
“ဒါကြောင့် သူ့ရဲ့ဂုဏ်သတင်းက အမြဲတောက်ပနေခဲ့တာပေါ့”
အားဟူက ရုတ်တရက် ရယ်မောရင်း...
“သခင်လေး... သူ့ကိုအခုလိုချီးကျူးနေတာ သူ့ကိုအသုံးချပြီး ပိုမြင့်တဲ့နေရာတစ်ခုကိုတက်ဖို့ လုပ်နေတာမဟုတ်လား ၊ အခုပဲ သခင်လေးက အကောင်းဆုံးသိုင်းပညာတွေတောင် ထုတ်မသုံးဘဲ သူ့ကိုအနိုင်ယူခဲ့တာလေ”
ရန်ကျောက်ကဲက အားဟူကို လှမ်းကြည့်ရင်း...
“အားဟူ... မင်း ပြောင်းလဲသွားပြီပဲ”
အားဟူက ပဟေဠိဖြစ်သွားပြီး...
“သခင်လေး... ဘာလို့ဒီလိုပြောရတာလဲ”
ရန်ကျောက်ကဲက ကြေကွဲသွားသည့်အမူအရာဖြင့်...
“မင်း အရင်တုန်းက ငါ့ကိုမြှောက်ပင့်ပြောဆိုဖို့ဆိုရင် အမြဲကြိုးကြိုးစားစားလုပ်ဆောင်တယ်... သိပ်မမြှောက်တတ်ရင်တောင် ကြိုးစားချင်စိတ်ရှိသေးတယ် ၊ ဒါပေမဲ့ အခုတော့ ယွင်ရှန်းလိုမျိုး ငါ့ကိုအချွန်နဲ့မဖို့ ပြင်နေပြီ”
အားဟူ ဇက်ပုသွားပြီး ရန်ကျောက်ကဲကို မြှောက်ပင့်လိုဟန်ဖြင့် ပြုံးလိုက်သည်။
“နားလည်ပါပြီ ၊ ကျွန်မှားသွားပါတယ် သခင်လေး ၊ နောက်တစ်ခါဆို သခင်လေးကို မြှောက်ပြောဖို့ပဲ အာရုံစိုက်ပါ့မယ်”
ရန်ကျောက်ကဲက မေးစေ့ကိုပွတ်သပ်ရင်း...
“နောက်တစ်ခါဆိုတာ မရှိဘူး ၊ ဒီနေ့ကစပြီး မင်းကို လစာဖြတ်မယ်”
အားဟူမှာ ချက်ချင်းပင် မျက်နှာငယ်လေးဖြင့် အသနားခံတော့သည်။
“မလုပ်ပါနဲ့ သခင်လေးရယ်... သခင်လေးလို သတ္တိလည်းရှိ ၊ ပညာလည်းရှိ ၊ ဉာဏ်လည်းကောင်း ၊ ထက်လည်းထက်မြက်ပြီး တခြားသူတွေအားလုံးထက်သာလွန်တဲ့သူမျိုးက စေတနာသဒ္ဒရာတရားလည်း ကောင်းလွန်းပါတယ် ၊ ဖြောင့်မတ်ခြင်းနဲ့လည်းပြည့်စုံပါတယ် ၊ ဒါလေးအတွက်နဲ့တော့ ကျွန်တော့်ကိုအပြစ်မတင်ဘဲ သဘောထားကြီးကြီးထားပေးပါ... ဟုတ်ပြီလား”
ရန်ကျောက်ကဲနှင့်အားဟူ ရန်ဖြစ်နေသည်ကို အားဟူနှင့်ရှောင်အိုက်က ပြုံးပြီး ကြည့်နေကြသည်။
တကယ်တော့ ဤအလွှာသို့ရောက်ရှိလာသည့်အခြေအနေက အလွန်ထူးခြားဆန်းကျယ်ကြောင်း သူတို့အားလုံး သိရှိပြီးသား ဖြစ်သည်။ ဤနေရာက အောက်ဖက်မှအလွှာများဖြင့် မတူကွဲပြား၏။
ကြည့်ရသည်မှာ ဤ သီးခြားနယ်မြေ၏ ထိပ်ဆုံးအလွှာသို့ ရောက်ရှိသွားဟန်တူသည်။
အောက်ဘက်မှာတော့ ကျင့်ကြံခြင်းအဆင့်မြင့်မားသူများ တိုက်ခိုက်နေကြချိန် ဖုထင်နှင့် ရန်ကျောက်ကဲတို့ကတော့ ဤအလွှာသို့ အပြေးအလွှားရောက်ရှိလာကြသည်။
ရန်ကျောက်ကဲသည်လည်း အချိန်ကုန်သက်သာစေရန် ခပ်မြန်မြန် ခရီးဆက်ခဲ့သော်လည်း သူ့စိတ်က ကြောက်ရွံ့ခြ်းမရှိ အလွန်တည်ငြိမ်နေသည်။
သူ အဝေးသို့လှမ်းကြည့်လိုက်တော့ ပြင်းထန်သောစွမ်းအားလှိုင်းများက အားနည်းသွားသော်လည်း ခရမ်းရောင်အခိုးအငွေ့များ လွှမ်းခြုံနေသည့်အတွက် အခြားသောနေရာများကို ထင်ရှားစွာ တွေ့မြင်နိုင်ခြင်း မရှိပေ။
မွှေးပျံ့သည့်ဆေးရနံ့များက ပိုမိုသိပ်သည်းလာပြီး အမတမျိုးနွယ်တို့၏တေးသံသာများ သူတို့နားထဲတွင်ကြားယောင်လာရပြီး ဤနေရာသို့ရောက်လာရသည့် မူလရည်ရွယ်ချက်ကိုပင် မေ့ပျောက်သွားစေသည်အထိ စွဲလန်းမှုဖြစ်ပေါ်လာစေသည်။
အခြေအနေများကို အကဲခတ်ရင်း ရန်ကျောက်ကဲ သဘောပေါက်သွားသည်။
“ဒါက တကယ်ပဲ ရွှမ်ရှောက်ကျိကျင်းမီးပြင်းဖိုပဲ ၊ အဲဒီရတနာပစ္စည်း တကယ်ပဲ ဒီနေရာမှာ ရှိနေတာပဲ”
‘ရွှမ်ရှောက်ကျိကျင်း’ မီးပြင်းဖိုဆိုသည်က မိုးကောင်းကင်ခုံရုံးရှိ ကောင်းကင်ဘုံနန်းတော်မှ ထိပ်တန်းအဆင့်ရတနာပစ္စည်းဖြစ်ပြီး ယခုတော့ ဤသီးခြားနယ်မြေရှိ ဤအလွှာတွင် ရောက်ရှိနေခြင်း ဖြစ်နိုင်သည်။
ရန်ကျောက်ကဲတို့အုပ်စု ရှေ့ဆက်ခဲ့ကြပြီး ခရမ်းရောင်မြူခိုးများက အဆက်မပြတ် ပိုမိုသိပ်သည်းလာသည်။ အဆုံးသတ်မှာတော့ သူတို့အားလုံး စိမ့်စမ်းတောတစ်ခုအတွင်း ပိတ်မိနေသည့်အလား ခံစားရသည်။
ကောင်းကင်ဝါးမျိုကမ္ဘာမြေဖျက်ဆီးဓားသေတ္တာ၏ စုပ်ယူနိုင်မှုစွမ်းအားဖြင့်ပင် ခရမ်းရောင်မြူခိုးများကို ဝါးမျိုပစ်ရန် ခက်ခဲနေပြီ ဖြစ်သည်။
မိုးမြေတစ်ခွင်ကို မျိုချပစ်နိုင်သည့် ကြောက်မက်ဖွယ်ရာ စုပ်ယူစွမ်းအားက ထွက်ပေါ်နေသေးသည့်တိုင် သူတို့ရှေ့မှ ခရမ်းရောင်အခိုးအငွေ့များကတော့ သီးခြားကမ္ဘာနှင့် သီးခြားအချိန်ကာလတစ်ခုတွင် ရှိနေသည့်အလား သက်ရောက်မှု မရှိလှပေ။
ရန်ကျောက်ကဲက မျက်နှာအမူအရာပြောင်းလဲသွားခြင်းမရှိဘဲ ကမ္ဘာမြေဖျက်ဆီးကောင်းကင်ဝါးမျိုးသေတ္တာကို ပြန်လည်သိမ်းဆည်းလိုက်ပြီး လေထုထဲတွင် အသင်္ချေနဂါးနန်းတော် ထွက်ပေါ်လာသည်။
ခရမ်းရောင်အခိုးအငွေ့များနှင့် ထိမိသည်နှင့် အသင်္ချေနဂါးနန်းတော်က ဆတ်ခနဲ တုန်ခါသွားသည်။
တစ်ဆက်တည်းမှာပင် နဂါးနန်းတော်ကို ထောက်ပံ့ထားသည့် ကောင်းကင်ဘုံနန်းတော်ထောက်တိုင်နှင့် ကောင်းကင်ဘုံနန်းတော်ထုတ်တန်းကြီးမှ အလင်းရောင်များ တောက်ပလာသည်။
ရောင်စဉ်ခုနစ်သွယ်အလင်းတန်းများ ထွက်ပေါ်လာသည်နှင့် အံ့အားသင့်စရာကောင်းစွာပင် ရန်ကျောက်ကဲတို့အုပ်စုမှာ အတားအဆီးမရှိ ရှေ့ဆက်နိုင်ခဲ့ကြသည်။
ခရမ်းရောင် မြူခိုးများက ရှေ့သို့ ဖြည်းညင်းစွာ တက်လာသော်လည်း ရန်ကျောက်ကဲတို့အုပ်စုကိုတော့ တားဆီးခြင်းမရှိဘဲ ရှောင်ကွင်းသွားသည်။
သူတို့ရှေ့ဆက်လျှောက်လာစဉ် ဖုထင်တို့အုပ်စုကိုပင် လှမ်းမြင်ခဲ့ရသည်။
ဖုထင်တို့အုပ်စုမှာ ခရမ်းရောင်မြူခိုးများကြောင့် နှောင့်နှေးနေရပြီး နောက်မှလိုက်လာသည့်ရန်ကျောက်ကဲက သူမတို့အုပ်စုကို ကျော်တက်သွားပေပြီ။
ခရမ်းရောင်အခိုးအငွေ့များလွှမ်းခြုံနေသဖြင့် ရောင်စဉ်ခုနစ်သွယ်အလင်းတန်းများကို ထင်ရှားစွာမတွေ့မြင်ရသော်လည်း သူတို့ကိုဖြတ်ကျော်တက်သွားသူမှာ ရန်ကျောက်ကဲတို့အုပ်စုဖြစ်ရမည်ဟု ဖုထင်တို့အုပ်စုက တွေးထင်လိုက်ကြသည်။
ဖုထင်အနည်းငယ် အံ့သြသွားသော်လည်း ယခုအချိန်တွင် သူမ ဘာမှထပ်မပြောတော့ဘဲ သူမရှေ့ရှိ ခရမ်းရောင်တိမ်တိုက်အတားအဆီးများကို ဖြတ်ကျော်ရန်သာ အာရုံစိုက်နိုင်ခဲ့သည်။
အသင်္ချေနဂါးနန်းတော်က လမ်းဖွင့်ပေးသဖြင့် ရန်ကျောက်ကဲတို့အုပ်စုကတော့ လျောလျောလျူလျူပင် ရှေ့ဆက်သွားကြသည်။
သို့သော် ဤနေရာ၏ အချိန်စီးဆင်းမှုက နားလည်ရခက်ခဲပြီး ဗလာနယ်သည်လည်း အဆုံးမရှိဟု ထင်မှတ်လာရသည်။ အဝေးသို့လှမ်းကြည့်ရင်း အသင်္ချေနဂါးနန်းတော်သည်လည်း ပိုမိုပြင်းထန်စွာ တုန်ခါလာကြောင်း အာရုံခံမိသည်။
ဤသည်မှာ သူတို့ရောက်ရှိလိုသောပန်းတိုင်နှင့် ပိုမိုနီးကပ်လာပြီဖြစ်ကြောင်း ပြသခြင်းပင်။
အဆုံးသတ်မှာတော့ သူတို့မျက်ဝန်းများရှေ့မှ ခရမ်းရောင်အခိုးအငွေ့များကြားထဲတွင် ရွှေရောင်အလင်းတန်းများ ထွက်ပေါ်လာသည်ကို တွေ့မြင်လိုက်ကြရသည်။
ရန်ကျောက်ကဲတို့အရှေ့မှ ဖိအားများလျော့နည်းသွားပြီး အသင်္ချေနဂါးနန်းတော်က ခရမ်းရောင်အခိုးအငွေ့များလွှမ်းမိုးရာနယ်မြေကို ဖြတ်သန်းသွားခဲ့သည်။
မကြာမီ...
ခရမ်းရောင်နှင့်ရွှေရောင်အလင်းတန်းများလွှမ်းခြုံထားသော သုံးမြှောင့်မီးပြင်းဖိုတစ်လုံး တိမ်တိုက်များအလယ် ပျံသန်းနေသည်ကို တွေ့မြင်လိုက်ကြရသည်။
ထိုမီးပြင်းဖဖိုက ပတ်ဝန်းကျင် မိုးမြေတစ်ခွင်လုံးတွင် ပြည့်နက်နေသည်ပမာ အကန့်အသတ်မရှိ ကြီးမားဟန်ရှိသလို ဖုန်မှုန့်ငယ်လေးတစ်ခုပမာ အလွန်သေးငယ်ပုံလည်းရသည်။
ရန်ကျောက်ကဲရောက်ရှိနေသည့် ခရမ်းရောင်တိမ်ပင်လယ်တည်ရှိရာနေရာသည် ထို အဂ္ဂိရတ်မီးပြင်းဖို၏အထက်တွင် ရှိနေသည်။
ထို့ကြောင့် သူက အောက်သို့ငုံ့ကြည့်လိုက်သည့်တိုင် မီးပြင်းဖိုက သူ့ထက်မြင့်မားသည့်နေရာတစ်ခုတွင်ရှိနေသည့်အလား ခေါင်းမော့ကြည့်ရသည့်မာ ခံစားရသည်။
မထင်မှတ်နိုင်သော ဆန့်ကျင်ဘက်ကွဲလွဲမှုများအားလုံးက သူ့အအရှေ့ရှိ အဂ္ဂိရတ်မီးပြင်းဖိုတွင် ထင်ဟန်နေသည်။
ရန်ကျောက်ကဲ ပင့်သက်တစ်ချက်ရှိုက်ရင်း...
“ရွှမ်ရှောက်ကျိကျင်းမီးပြင်းဖိုပဲ....”