နောက်သို့ခြေတစ်လှမ်းဆုတ်
Vol. 59 Ch. 823
အခန်း (၈၂၃) နောက်သို့ခြေတစ်လှမ်းဆုတ်
ဤသည်က ရန်ကျောက်ကဲအနေဖြင့် ‘ရွှမ်ရှောက်ကျိကျင်းမီးပြင်းဖို’ ကို ပထမဆုံးအကြိမ် တွေ့မြင်ဖူးခြင်း ဖြစ်သည်။
သို့သော် မီးပြင်းဖိုကိုကြည့်လိုက်ရုံဖြင့် ထိုပစ္စည်းက ကောင်းကင်ဘုံနန်းတော် ၊ အဂ္ဂိရတ်ခန်းမမှ ထိပ်တန်းအဆင့် ရတနာပစ္စည်းဖြစ်သော ‘ရွှမ်ရှောက်ကျိကျင်းမီးပြင်းဖို’ ဖြစ်ကြောင်း သေသေချာချာ သိရှိလိုက်သည်။
သို့ပေသိ ရန်ကျောက်ကဲက မစဉ်းစားဘဲ အရမ်းကာရော ပြုလုပ်ခြင်း မရှိပေ။
သူက ပတ်ဝန်းကျင်ကိုလေ့လာရင် ခဏမျှ တိတ်ဆိတ်စွာ စဉ်းစားနေသည်။
မီးပြင်းဖိုကို ခဏမျှအကဲခတ်ပြီးနောက် ရန်ကျောက်ကဲက သက်ပြင်းတစ်ချက်ချလိုက်ပြီး သူ့စိတ်ထဲမှ လိုချင်လောဘစိတ်ကိုချိုးနှိမ်ကာ အနောက်ဘက်မှ ခရမ်းရောင်မြူခိုးအလွှာအတွင်းသို့ ပြန်လည်ဆုတ်ခွာလာသည်။
ဖန်းယွင်ရှန်းက...
“ဘာလို့လဲ ၊ ပြဿနာတစ်ခုခုရှိလို့လား”
ရန်ကျောက်ကဲက...
“သိပ်တော့မသေချာဘူး ၊ တစ်ခုခုထူးခြားတာကို အာရုံခံမိတယ် ၊ ဒါကြောင့်သတိထားတာ မမှားဘူးပေါ့”
ဖန်းယွင်ရှန်း ၊ အားဟူနှင့် ရှောက်အိုက်တို့ကတော့ ရွှမ်ရှောက်ကျိကျင်းမီးပြင်းဖိုကို စူးစိုက်ကြည့်နေကြသည်။
သူတို့က ခရမ်းရောင်တိမ်တိုက်ပင်လယ်၏ အစွန်အဖျားနားတွင်ရှိနေကြခြင်း ဖြစ်သည်။ ထို့ကြောင့် မီးပြင်းဖိုရှိရာနေရာသို့ သူတို့ဘက်မှ ရှင်းရှင်းလင်းလင်းတွေ့မြင်နေရသည့်တိုင် မီးပြင်းဖိုနေရာမှ လှမ်းကြည့်မည်ဆိုလျှင်တော့ ရန်ကျောက်ကဲတို့အုပ်စုရှိနေသည်ကို သိရှိရန် ခက်ခဲပေမည်။
ခဏမျှ စောင့်ကြည့်နေပြီးနောက် အားဟူက ခေါင်းကုတ်ရင်း...
“သခင်လေး... ကျွန်တော်တို့ရှာတွေ့ခဲ့တဲ့ဆေးလုံးအသစ်တွေကြောင့် ဒီနေရာမှာ တခြားလူတွေရှိနေမှာကို စိုးရိမ်နေတာလား”
သူက ဆက်ပြောသည်။
“ဒါပေမဲ့ ကြည့်ရတာ ဘယ်သူမှမရှိဘူး ထင်တာပဲ ၊ အရင်တုန်းက ရောက်လာခဲ့တဲ့သူရှိတယ်ဆိုရင်တောင် သူက မီးပြင်းဖိုကို ဒီအတိုင်းထားသွားခဲ့တာ ဖြစ်နိုင်တယ်”
မီးပြင်းဖို ပတ်ပတ်လည်တွင် ထူထပ်သောလေထုတစ်ခုရှိနေပြီး ပြင်းထန်သောစွမ်းအားအတက်အကျများ ဖြစ်ပေါ်နေသည်။
ထို့ကြောင့် အလွန်တရာအဆင့်မြင့်မားသော ကျင့်ကြံသူပင်လျှင် ဤနေရာပတ်ဝန်းကျင်တွင် ပုန်းအောင်းနေရန်မှာ မဖြစ်နိုင်ပေ။
ပုန်းအောင်းနေနိုင်သည်ဆိုလျှင်တော့ ရန်သူ၏ ကျင့်ကြံခြင်းအဆင့်က ရန်ကျောက်ကဲနှင့်အခြားသူများ ကိုင်တွယ်ဖြေရှင်းနိုင်စွမ်းရှိသော အတိုင်းအတာကိုကျော်လွန်နေပြီဖြစ်ပြီး သတိထားသည်ဖြစ်စေ မထားသည်ဖြစ်စေ အခြေအနေက ထူးခြားလာမည် မဟုတ်ပေ။
ရန်ကျောက်ကဲက ခေါင်းတစ်ချက်ခါယမ်းရင်း...
“တစ်ခုတော့ရှိတယ်...”
သူ့မျက်ဝန်းများကတော့ ရွှမ်ရှောက်ကျိကျင်းမီးပြင်းဖိုအား စူးစိုက်ကြည့်နေသည်။
သူ့တွင် ပြောမပြနိုင်သောအရာအချို့ ရှိနေလေသည်။
အရှေ့ဆီတွင် ရန်သူမရှိသလို ထူးခြားသည့် ခုခံကာကွယ်မှုနှင့် ကန့်သတ်ချက်များ မရှိပေ။
ရွှမ်ရှောက်ကျိကျင်းမီးပြင်းဖိုသည် အိပ်မောကျနေသည့်အလား ငြိမ်သက်နေပြီး ဝိညာဉ်စွမ်းအားများပြောင်းလဲလျှက် ရန်လိုမှုလည်းမရှိသည်မှာ အမှန်ပင်။
သို့သော် ထိုမီးပြင်းဖိုက ရန်ကျောက်ကဲကို အလွန်ထူးဆန်းသော ခံစားချက်တစ်ခု ခံစားရစေသည်။
ထိုခံစားချက်မှာ အနှီမီးပြင်းဖိုသည် ယခုအချိန်ထိ ကောင်းကင်ဘုံနန်းတော်ရှိ အဂ္ဂိရတ်ခန်းမထဲတွင် ရှိနေဆဲဖြစ်ပြီး တစ်ခါမှ ရွေ့လျားခြင်း မရှိခဲ့ဟန်ပင်။
သို့သော် ယခု သူတို့ရောက်ရှိနေသည့်နေရာကတော့ အဂ္ဂိရတ်ခန်းမ မဟုတ်သည်မှာ ထင်ရှားသည်။ မဟုတ်ပါက ရန်ကျောက်ကဲအနေဖြင့် ထိုအချက်ကိုမသိရှိဘဲနေမည် မဟုတ်ပေ။
ပထမတော့ ရန်ကျောက်ကဲက သူ ထင်ယောင်ထင်မှားဖြစ်နေခြင်းများလားဟု တွေးခဲ့မိသည်။
သို့ရာတွင် မကြာမီမှာပင် ထိုခံစားချက်က ဘာကြောင့်မှန်းမသိသော်လည်း တစ်ခုခုမှားယွင်းနေသည်ဟု အတည်ပြုလိုက်နိုင်၏။
ကိစ္စရပ်များ မည်သို့ဖြစ်ပျက်နေသည်ကို တွေးတောမကြည့်နိုင်သည့်အခါ ရန်ကျောက်ကဲက အတွင်းထဲတွင်တည်ရှိနေသည့် အကြေငာ်းရင်းကို ရှာဖွေဖော်ထုတ်ရန် ကြိုးစားသည်။ သို့သော် အဆုံးသတ်မှာတော့ မည်သည့်အရာကိုမှ ဖော်ထုတ်နိုင်ခဲ့ခြင်း မရှိပေ။
ဤအချက်ကြောင့်ပင် ရန်ကျောက်ကဲက အစောပိုင်း သူတွေးထင်ထားသောအတွေးများအပေါ် သံသယမရှိတော့ဘဲ ပိုပြီးသတိထားနေခြင် ဖြစ်၏။
သေချာစဉ်းစားပြီးနောက် သူက ဖုထင်တို့အုပ်စုအပေါ် အသာစီးရထားသည့်တိုင် ထိုအသာစီးရမှုကိုစွန့်လွှတ်ပြီး အခြေအနေများကိုစောင့်ကြည့်ရန် စီစဉ်ခဲ့သည်။
လက်ရှိအခြေအနေက စောစောထသည့်ငှက် တီကောင်ရကိန်းမဟုတ်ဘဲ စောစောထသည့်ငှက် ခဲနှင့်အပစ်ခံရကိန်း ဖြစ်သည်။
အကြောင်းရင်းကိုမသိရသည့်တိုင် ဖန်းယွင်ရှန်းနှင့်အခြားသူများကလည်း ရန်ကျောက်ကဲဆုံးဖြတ်ချက်ချသည့်အတိုင်း လိုက်နာရန်ရွေးချယ်ခဲ့ကြပြီး စိတ်ရှည်စွာစောင့်ကြည့်နေခဲ့ကြသည်။
အချိန်ခဏမျှကြာမြင့်ပြီးနောက် တစ်ဖက်ခြမ်းမှ ခရမ်းရောင်တိမ်တိုက်ပင်လယ် ရုတ်တရက်ပြောင်းလဲသွားပြီး ရွှေရောင်ဇာမဏီငှက်တစ်ကောင် အတောင်ပံများတဖျတ်ဖျတ်ခတ်ရင်း ရွှမ်ရှောက်ကျိကျင်းမီးပြင်းဖိုဆီသို့ ပျံသန်းလာသည်ကိုတွေ့ရသည်။
ဇာမဏီအသွင်ပျောက်ကွယ်သွားသည်နှင့် ဖုထင်တို့အုပ်စု ထွက်ပေါ်လာသည်ကို တွေ့လိုက်ရသည်။
ရွှမ်ရှောက်ကျိကျင်းမီးပြင်းဖိုကိုကြည့်ရင်း ဖုထင် အပျော်လွန်သွားသည့်တိုင် အံ့သြတုန်လှုပ်၍လည်းသွားသည်။
သို့သော် သူမမျက်နှာကချက်ချင်းပင် တည်ငြိမ်သွားပြီး ပတ်ပတ်လည်သို့တစ်ချက်အကဲခတ်လိုက်သည်။ အခြားသော မြောက်ဖေးတောင်ထွတ်မှ သိုင်းသမားများသည်လည်း ပဟေဠိဖြစ်သွားကြဟန် တူသည်။
ပြောရမည်ဆိုလျှင် ဤနေရာသို့ သူမတို့ထက်အရင် ကြိုရောက်နေသူတစ်ယောက်ရှိရမည်။ ထိုသူက ‘ရန်ကျောက်ကဲ’ ဖြစ်နိုင်ပေသည်။
သို့သော် ယခုတော့ ရန်ကျောက်ကဲက အဘယ့်ကြောင့် သဲလွန်စမကျန် ပျောက်ကွယ်သွားရပါသနည်း။
ရန်ကျောက်ကဲတို့အုပ်စုမှာ ခရမ်းရောင်တိမ်တိုက်ပင်လယ်ထဲတွင်ရှိနေပြီး အင်္ချေနဂါးနန်းတော်၏ ရောင်စဉ်ခုနစ်သွယ်အလင်းတန်းများသည်လည်း ခရမ်းရောင်တိမ်တိုက်များထဲတွင် ပျောက်ကွယ်နေသဖြင့် အရာအားလုံးက သာမန်အတိုင်းပင်ရှိနေသည်။ ထို့ကြောင့် ဖုထင်တို့အုပ်စုမှာ ရန်ကျောက်ကဲတို့အုပ်စုကို ခြေရာခံနိုင်ခြင်း မရှိပေ။
ဖုထင်တို့အုပ်စုလှမ်းမျှော်ကြည့်လိုက်သည်နှင့် ခရမ်းရောင်တိမ်တိုက်များမှလွဲပြီး မည်သည့်အရာကိုမှ မတွေ့မြင်ရပေ။
သူတို့အရှေ့မှာတော့ မျက်နှာပြင်ထက်တွင် အခိုးအငွေ့များပြည့်လျှံလျှက် ငြိမ်သက်စွာတည်ရှိနေသည့် ရွှမ်ရှောက်ကျိကျင်းမီးပြင်းဖိုကိုသာ တွေ့ရသည်။
အလစ်ချောင်းတိုက်ခိုက်ခံရမည့် အရိပ်အယောင်လည်းမရှိသလို အကာအကွယ်ယန္တရားများ ၊ ဖုံးကွယ်ထားသည့်အစီအရင်များလည်းမရှိပေ။ ထိုမီးပြင်းဖိုရှိရာသို့ တစ်ယောက်ယောက်က ဦးဆောင်ပြီး သွားလာလှုပ်ရှားထားသည့် လက္ခဏာကိုလည်း မတွေ့ရပေ။
မီးပြင်းဖိုက အခြားသူများချဉ်းကပ်လာသည်ကို ငြင်းပယ်သောအရိပ်အယောင်မပြသဖြင့် ပိုင်ရှင်မရှိသည်မှာ ထင်ရှားနေသည်။
ယုတ္တိကျကျပြောရလျှင် နှံကောင်နှင့်ပုဇဉ်းရင်ကွဲတိုက်ခိုက်မည်ကို နောက်ကွယ်မှ အခွင့်ကောင်းစောင့်နေသည့် ငှက်တစ်ကောင်ရှိနေသည့် အခြေအနေမျိုးလုံးဝမရှိပေ။
သို့သော် ဖုထင် ခဏမျှ တုံ့ဆိုင်းသွားသည်။
ရန်ကျောက်ကဲတို့အုပ်စု လမ်းတွင် မတော်တဆတစ်ခုခုဖြစ်ပြီး ခရမ်းရောင်တိမ်တိုက်များထဲတွင် ပိတ်မိနေမည်ဆိုပါက သူတို့အဖွဲ့အနေဖြင့် ပြိုင်ဘက်အုပ်စုကိုကျော်ဖြတ်ကာ ဦးဆောင်နေရာသို့ ပြန်လည်ရရှိသွားမည် ဖြစ်သည်။
ဤသို့သောအချိန်တွင် တုံ့ဆိုင်းနေခြင်းက အခွင့်အရေးကို အချည်းနှီးဖြုန်းတီးခြင်း ဖြစ်ပေသည်။ ပြီးတော့ သူတို့ပြိုင်ဘက်က ရန်ကျောက်ကဲတစ်ယောက်တည်း မဟုတ်ပေ။
သို့သော် ရန်ကျောက်ကဲတို့အုပ်စုက သူတို့ထက်အရင် ဤနေရာသို့ရောက်လာပြီး အကြောင်းတစ်ခုခုကြောင့် ပြန်လည်ဆုတ်ခွာသွားခြင်းဆိုလျှင် ၊ သူတို့အုပ်စု မီးပြင်းဖိုဆီသို့ ပေါ့ပေါ့တန်တန် ချဉ်းကပ်လိုက်ခြင်းက မြေမြှုပ်မိုင်းနင်းမိသည့် အခြေအနေမျိုး ဖြစ်ပေလိမ့်မည်။
“ဒါမှမဟုတ် သူက မီးပြင်းဖိုကိုယူပြီးသွားရင် ကျန်တဲ့သူတွေ ဝိုင်းတိုက်တာခံရပြီး ထွက်ရခက်သွားမှစိုးလို့ မယူသေးတာလား ၊ ငါတို့ကိုအရင်သုတ်သင်ဖို့ ကြံစည်ပြီးမှ ဒါကိုယူဖို့ ကြံစည်နေတာများလား”
ဖုထင်မျက်မှောင်ကြုံ့ရင်းစဉ်းစားလိုက်သည်။
ထိုနေ့ာက် ပတ်ဝန်းကျင်ကိုတစ်ချက်အကဲခတ်လိုက်သည်။
သူမဘေးမှ နတ်ဘုရားသိမြင်ခြင်းအဆင့် သိုင်းသူတော်စင် (၂)ယောက်ထဲမှ တစ်ယောက်က...
“ဒီရတနာပစ္စည်းကို ငါသွားယူလိုက်မယ် ဂိုဏ်းတူညီမလေး’ဖု’ ၊ မင်းက သတိနဲ့စောင့်ကြည့်နေပါ ၊ အခြေအနေတစ်ခုခု ပြောင်းလဲသွားတာနဲ့ အချိန်မီ ဖြေရှင်းပါ”
ထိုသူ၏ရည်ရွယ်ချက်ကကောင်းမွန်သော်လည်း ဖုထင်က သူမကို မစွန့်စားစေလိုပေ။
“အသက်အန္တရယ်ရှိတယ်ဆိုရင် ကျွန်မကသာ အသက်ရှင်သန်နိုင်ဖို့ အခွင့်အရေး အများဆုံးပဲ ၊ ဒါကြောင့် တကယ်တမ်း သွားသင့်တဲ့သူက ကျွန်မပဲ ၊ ဂိုဏ်းတူအစ်ကိုတို့အားလုံး နောက်ကပဲ နေပေးကြပါ”
စိတ်ဆုံးဖြတ်ပြီးသည်နှင့် ဖုထင်က တုံ့ဆိုင်းမနေတော့ဘဲ ရွှမ်ရှောက်ကျိကျွင်းမီးပြင်းဖိုရှိရာသို့ ချဉ်းကပ်သွားသည်။
သို့သော် ထိုအချိန်မှာပင် ပတ်ဝန်းကျင် ခရမ်းတိမ်တိုက်များကြားမှ အပြောင်းအလဲများ ရုတ်တရက် ဖြစ်ပေါ်သွားသည်။
ဖုထင် ခြေလှမ်းများရပ်တန့်လိုက်ပြီး လှည့်ကြည့်လိုက်တော့ ခရမ်းရောင်တိမ်တိုက်ပင်လယ်ပြင်ကိုး ထိုးခွင်းဝင်ရောက်လာသော ဓားအလင်းတန်းတစ်ခုကို တွေ့လိုက်ရသည်။
ထိုဓားအလင်းတန်းကိုတွေ့တော့ ရန်ကျောက်ကဲမျက်ဝန်းများ ကျဉ်းမြောင်းသွားသည်။
ဓားအလင်းတန်း ရပ်တန့်သွားသည်နှင့် လူရိပ်အချို့ပေါ်လာ၏။
ထိုအုပ်စုကိုဦးဆောင်သူမှာ ဖုထင်ထက် အသက်အနည်းငယ် ငယ်ရွယ်ပုံရသော မိန်းကလေးတစ်ယောက် ဖြစ်သည်။ သူမက အစိမ်းရောင်ဝတ်စုံကိုဝတ်ဆင်ထားပြီး အသွင်အပြင်က ပန်းချီကားချပ်အတွင်းမှ မိန်းမပျိုတစ်ယောက်ပမာ ချောမောလှပလွန်းသည်။
သူမက ဖုထင်လောက် အံ့မခန်းချောမောခြင်းမရှိသော်လည်း ကိုယ်ပိုင်အလှတရားဖြင့် လှပသူတစ်ယောက် ဖြစ်သည်။
ဖုထင်က...
“အချိန်တိုလေးအတွင်း ဒီနေရာကိုရောက်လာနိုင်တာ လှုပ်ရှားမှုသိုင်းပညာတစ်ခုတည်းကြောင့်တော့မဖြစ်နိုင်ဘူး ၊ ဗလာနယ်ကောင်းကင်ကျမ်းစာ ဒါမှမဟုတ် နတ်ဘုရားထောင်ချောက်ဓားသိုင်းကြောင့်ပဲဖြစ်ရမယ်”
ထို့နောက် သူမမျက်ဝန်းများ တည်ကြည်လေးနက်သွားပြီး...
“မင်းက စန့်ချင်အဆက်အနွယ်တစ်ယောက်ပဲမဟုတ်လား ၊ ဒါဆို နတ်ဘုရားထောင်ချောက်ဓားသိုင်းကြောင့်ပဲ ဖြစ်ရမယ်”
အစိမ်းရောင်ဝတ်မိန်းမပျိုလေးက ရွှမ်ရှောက်ကျိကျင်းမီးပြင်းဖိုကိုတစ်ချက်ကြည့်ရင်း စိတ်သက်သာရာရစွာဖြင့် သက်ပြင်းချလိုက်၏။
“တော်ပါသေးရဲ့... ဒီနေရာကို အချိန်မီရောက်လာနိုင်လို့”
သူမက မီးပြင်းဖိုကို စိတ်ဝင်တစားကြည့်လိုက်ရင်း...
“ဒါက ရွှမ်ရှောက်ကျိကျင်းမီးပြင်းဖို မဟုတ်လား”
ခဏနေမှ အစိမ်းရောင်ဝတ်မိန်းမပျိုက ဖုထင်ကိုလှမ်းကြည့်ကာ ပြုံးလိုက်သည်။
“ကျွန်မက စန့်ချင်အဆက်အနွယ်ဆိုတာ အမှန်ပါပဲ ၊ ဒါပေမဲ့ ရှင်ကရော ဘယ်သူများလဲ”
ဖုထင်က...
“အထက်ဘုံကမ္ဘာ ခွန်လွန်တောင် ၊ မြောက်ဖေးတောင်ထွတ် ၊ ကြာပန်းနီကမ်းပါးက ဖုထင်ပါ”
အစိမ်းရောင်ဝတ်မိန်းကလေးက...
“ဟုတ်ပြီ ၊ အဖေက ကျွန်မကိုမှာထားတယ် ၊ ယွိချင်အဆက်အနွယ်တွေ ၊ ထိုက်ချင်အဆက်အနွယ်တွေနဲ့တွေ့တဲ့အခါ ကျွန်မနာမည်ကိုပြောပြလို့ရတယ်တဲ့”
ထို့နောက် သူမက ချောင်းတစ်ချက်ဟန့်ရင်း တည်ကြည်လေးနက်သည့်မျက်နှာထားဖြင့်...
“အပြာရောင်ခရီးရှည်ကောင်းကင်ဘုံ ၊ ချင်းဖိန်တောင် ၊ ရှောက်ပိုင်တောင်ထွတ် ၊ ဝိညာဉ်သစ်ရွက်ဂူက ကောင်းချင်ပါ”
မိန်းမပျိုက သူမကိုယ်သူမ မိတ်ဆက်ပေးပြီးသည်နှင့် မျက်တောင်တစ်ချက်ခတ်ရင်း...
“ဖုထင်... ဒီနာမည်က...”
ထိုစကားများကိုကြားတော့ ခရမ်းရောင်တိမ်တိုက်များကြားတွင်ရှိနေသည့် ရန်ကျောက်ကဲက တွေးလိုက်သည်။
“အပြာရောင်ခရီးရှည်ကောင်းကင်ဘုံဆိုတာ စန့်ချင်အဆက်အနွယ်တွေနေထိုင်တဲ့ကမ္ဘာပဲ ဖြစ်ရမယ်”
စန့်ချင်အဆက်အနွယ်ကိုတည်ထောင်သူ လင်ပေါင်ထျန်းကျွင်း စံမြန်းနေထိုင်ရာနေရာမှာ ခရမ်းရောင်အသရေကမ်းပါးမှ အပြာရောင်ခရီးရှည်နန်းတော် ဖြစ်သည်။
ယခု အပြာရောင်ခရီးရှည်ကောင်းကင်ဘုံတွင် ရွှေလိပ်ကျွန်း ၊ ဖိန်လိုက်ကျွန်းနှင့် အခြားနေရာများ ရှိသည်လား မသေချာသော်လည်း “အပြာရောင်ခရီးရှည်” ဆိုသည့်နာမည်ကိုအသုံးပြုကတည်းက စန့်ချင်အဆက်အနွယ်များ နေထိုင်ရာနေရာဖြစ်ကြောင်း သေချာပေါက် သိရှိနိုင်သည်။
“ချင်းဖိန်တောင်” ဆိုသည့်နာမည်ကတော့ လင်ပေါင်ထျန်းကျွင်း၏ ရတနာဓားဖြစ်သော ချင်းဖိန်ဓားကိုအစွဲပြုပြီး နာမည်ပေးထားခြင်း ဖြစ်ဟန်တူသည်။
ဖုထင်က မျက်ခုံးတစ်ချက်ပင့်ရင်း...
“ချင်းဖိန်တောင်က ‘ကောင်း’ မျိုးနွယ်...”