တန်ခိုးစွမ်းအားရှင်များအကြောင်းအတင်းအဖျင်းများ
Vol. 59 Ch. 824
အခန်း (၈၂၄) တန်ခိုးစွမ်းအားရှင်များအကြောင်းအတင်းအဖျင်းများ
ဖုထင်က ကောင်းချင်ကိုကြည့်ရင်းမေးလိုက်သည်။
“ချင်းဖိန်တောင်က ‘ကောင်း’ မျိုးနွယ်ဆိုတော့... ရှင်က စန့်ချင်အဆက်အနွယ်ရဲ့ တိုက်ရိုက်မျိုးရိုးဖြစ်တဲ့ ဧကရီရွှမ်ဟွမ်ရဲ့အဆက်အနွယ်လား”
ကောင်းချင်က ပြုံးလိုက်ရင်း...
“အမှန်ပဲ ၊ ဧကရီရွှမ်ဟွမ်က ကျွန်မတို့ရဲ့ ဘေးတော်ပါ”
ခရမ်းရောင်အခိုးအငွေ့များအလယ်တွင်ရှိနေသည့် အသင်္ချေနဂါးနန်းတော်ထဲမှာတော့ ရန်ကျောက်ကဲက မေးစေ့ကိုပွတ်သပ်ရင်း...
“စန့်ချင်အဆက်အနွယ်ရဲ့ အပြာရောင်ခရီးရှည်ကောင်းကင်ဘုံမှာ ဧကရီလို့ခံယူထိုက်တဲ့ တန်ခိုးစွမ်းအားရှင်တစ်ပါး အမှန်တကယ် ရှိခဲ့တာပဲကိုး...”
ဖန်းယွင်ရှန်းက...
“စန့်ချင်အဆက်အနွယ်ရဲ့ ဓားတာအိုက တစ်လောကလုံးကို တုန်လှုပ်စေတာအမှန်ပဲ ၊ ဒါပေမဲ့ အပြာရောင်ခရီးရှည်ကောင်းကင်ဘုံက ရွှမ်ဟွမ်ဧကရီဆိုတာကတော့ အထက်ဘုံကမ္ဘာက ဓားဧကရာဇ်နဲ့ယှဉ်ရင် ဘယ်လိုနေမလဲ မသိဘူးနော်”
အထက်ဘုံကမ္ဘာတွင် “ဧကရာဇ် (၃)ပါး ၊ အုပ်စိုးရှင် (၅)ပါး” ဟူ၍ ရှိလေသည်။ အမှန်တော့ သူတို့အားလုံးက “ဧကရာဇ်” ဘွဲ့ထူးခံများဖြစ်ကြပြီး အလွန်တရာ အဆင့်အတန်းမြင့်မားသူများလည်း ဖြစ်ကြသည်။
ဧကရာဇ် (၃)ပါးက....
တိဟွမ်မြေကမ္ဘာဧကရာဇ် ၊ ယင်ဟွမ်ဧကရာဇ် ၊ ကျန့်ဟွမ်ဓားဧကရာဇ်တို့ ဖြစ်သည်။
နှိုင်းယှဉ်ကြည့်မည်ဆိုလျှင် ကျန့်ဟွမ်ဓားဧကရာဇ်က အတိတ်တစ်ချိန်က နေဝန်းထက်ယံအရှင်သခင် ၊ လဝန်းထက်ယံအရှင်သခင်နှင့် လက်ရှိ တိဟွမ်မြေကမ္ဘာဧကရာဇ်နှင့် ယင်ဟွမ်ဧကရာဇ်တို့ထက် အသက်အရွယ်ငယ်သလို ဝါစဉ်လည်းနည်းပါးသည်။
ဤတန်ခိုးစွမ်းအားရှင်က ခွန်လွန်အထင်ကရ(၉)ပါးထွက်ပေါ်ပြီးနောက်မှ ပေါ်ပေါက်လာသည့် တန်ခိုးစွမ်းအားရှင်ဖြစ်ပြီး တိဟွမ်မြေကမ္ဘာဧကရာဇ်နှင့် ယင်ဟွမ်ဧရာဇ်တို့နှင့် ကောင်းစွာယှဉ်ပြိုင်နိုင်သည်။
“ပြောရခက်တယ် ၊ ဒါပေမဲ့ ကျန့်ဟွမ်ဓားဧကရာဇ်က ‘ဓားဧကရာဇ်’ ဆိုတဲ့ဘွဲ့ကိုခံယူထားတာတော့ အတော်လေး ဆွဲဆောင်မှုရှိတာပဲ”
ရန်ကျောက်ကဲက ရယ်စရာအဖြစ် စ နောက် လိုက်သည်။
ဖုထင်ကို စူးစိုက်ကြည့်နေပြီးနောက် ကောင်းချင်က နားလည်သွားဟန်ဖြင့် လက်နှစ်ဖက်ဆုပ် ဂါရဝပြုရင်း...
“ဖုထင်... ဖုထင်... ၊ ကျွန်မ သတိရသွားပြီ ၊ အဖေတစ်ခါပြောဖူးတာတော့ အထက်ဘုံကမ္ဘာက ထိပ်တန်းစာရင်းဝင်တွေထဲမှာ အငယ်တန်းမျိုးဆက်မှာဆိုရင် ‘ဖုထင်’ က နာမည်ကြီးပဲတဲ့ ၊ ရှင်က ပိုးသားဧကရာဇ်ရဲ့သမီးတော် ထိုက်ချင်အဆက်အနွယ်ပဲ မဟုတ်လား”
သူမက ဖုထင်ကို စူးစမ်းစိတ်ဖြင့် ကြည့်ရင်း...
“ရှင်က အသစ်တည်ဆောက်ထားတဲ့ ခွန်လွန်တောင် ၊ မြောက်ဖေးတောင်ထွတ်ကလို့ပြောတယ်နော် ၊ အဲဒီနေရာက ပိုးသားဧကရာဇ်နေထိုင်တဲ့နေရာလား”
ဖုထင်က...
“ငါတို့တွေ တစ်ယောက်နဲ့တစ်ယောက် မတွေ့ဖူးကြသလို မုန်းတီးမှုလည်းမရှိကြပါဘူး ၊ ရန်သူလည်းမဟုတ်သလို မိတ်ဆွေလည်းမဟုတ်ဘူး ၊ အခု ငါတို့အားလုံးက ဒီ ရတနာမီးဖိုကိုစိတ်ဝင်စားနေကြတာ ၊ ဒါကြောင့် မဆိုင်တဲ့စကားတွေ မပြောပါနဲ့”
ထိုစကားကြားတော့ ကောင်းချင်က နှာခေါင်းတစ်ချက်ရှုံ့ရင်း...
“ဟွန်း... ဒီကမ္ဘာက အထက်ဘုံကမ္ဘာမဟုတ်ဘဲနဲ့များ... ထိုက်ချင်အဆက်အနွယ်တွေ ယွိချင်အဆက်အနွယ်တွေက အတော်လေး မောက်မာကြတာပဲ”
မြောက်ဖေးတောင်ထွတ်မှ သိုင်းသမားတစ်ယောက်က...
“ဒီနေရာက အထက်ဘုံကမ္ဘာသာဆိုရင် နင်ခြေချလို့ရမှာတောင် မဟုတ်ဘူး”
တစ်ဖက်လူက နှာခေါင်းရှုံ့ရင်း...
“ရှင့်စကားက ကျွန်မတို့ကပဲ ရှင်တို့ကိုကြောက်နေတာကျနေတာပဲ ၊ ကျွန်မတို့ကြားက ဆက်ဆံရေးက အပြန်အလှန်ပဲနော် ၊ ရှင်တို့တွေလည်း အပြာရောင်ခရီးရှည်ကောင်းကင်ဘုံကို ခြေချရဲချကြည့်လေ ၊ တစ်စစီတောင်ဖြစ်သွားဦးမယ်”
နှစ်ဖက်လုံးက မကျေမနပ်စဖြစ်လာကြသည်။
နဂိုကပင် သူတို့အုပ်စုများက ကောင်းမွန်လိုက်ဖက်ညီသည့်ဆက်ဆံရေးမျိုးမရှိကြလေရာ ယခုတော့ ခရမ်းရောင်တိမ်တိုက်များအလယ်ရှိ မီးပြင်းဖိုထက်တွင် ရန်မီးပွားများလွင့်စင်ပျံဝဲလျှက်ရှိတော့သည်။
ကောင်းချင်က ဖုထင်ကို စိတ်ဝင်တစားအကဲခတ်ရင်း...
“ရှင်က တကယ်အသက်ငယ်သေးတာပဲ ၊ ကျွန်မနဲ့မှ ရွယ်တူလောက်ရှိဦးမယ်”
ထိုစကားကြားတော့ ဖုထင်မျက်ခုံးတစ်ချက်ပင့်လိုက်သည်။
ကောင်းချင်၏လေသံက ချီးမွမ်းခြင်းမျိုးမဟုတ်ဘဲ အမှန်တကယ်ပင် အံ့အားသင့်နေဟန် ရှိသည်။
မိန်းမပျိုလေးကောင်းချင်က...
“တကယ်တော့ ပိုးသားဧကရာဇ်က အသက်မငယ်တော့ဘူးမဟုတ်လား ၊ သူက အသက်အရမ်းကြီးနေပြီပဲ”
“ဒါပေမဲ့ ကျွန်မကြားဖူးတာတော့ ပိုးသားဧကရာဇ်မှာ မိဖုရားတွေ ၊ ကိုယ်လုပ်တော်တွေ ၊ မောင်းမမိဿံတွေအများကြီးရှိတယ်တဲ့ ၊ ဒါပေမဲ့ သူ့မှာ နှစ်ပေါင်းတစ်ထောင်အတွင်းတစ်ခါမှ မျိုးဆက်မရှိဖူးဘူး ၊ ဘာလို့ အခုမှ ရုတ်တရက်ကြီး သမီးတော်တစ်ယောက်ရှိလာရတာလဲ”
ကောင်းချင်၏စကားအဆုံးသတ်သွားသည်နှင့် မြောက်ဖေးတာင်ထွတ်မှ ကျင့်ကြံသူများအားလုံး မျက်နှာပျက်သွားကြသည်။
ကောင်းချင်ဘေးနားမှ စန့်ချင်အဆက်အနွယ်တပည့်များ၏ မျက်နှာအမူအရာများသည်လည်း ထူးဆန်းသွားကြသည်။
ဤစကားလုံးများက သမားရိုးကျမဟုတ်ဘဲ တားမြစ်ထားသောစကားလုံးများ ဖြစ်လေသည်။
နှစ်ဖက်လုံးက ရန်လိုသည့်ဆက်ဆံရေးမျိုးမရှိလျှင်တောင်မှ ဤသို့သောစကားကိုပြောဆိုလျှင် လူတိုင်း အသံပျောက်ကုန်မည်ပဲ ဖြစ်သည်။
ကောင်းချင်နှင့်ရင်းနှီးသော စန့်ချင်အဆက်အနွယ်တပည့်များကတော့ မချိပြုံးသာ ပြုံးမိကြသည်။
အဘယ်ကြောင့်ဆိုသော် ကောင်းချင် ဤစကားမျိုးပြောသည်မှာ သူမက ဖုထင်ကို တမင်သက်သက်စကားလုံးများဖြင့် ချိုးနှိမ်လိုက်ခြင်း မဟုတ်ပေ။ သိချင်စိတ်ဖြစ်မိသောကြောင့်သာ မေးမြန်းခြင်း ဖြစ်၏။
အပြာရောင်ခရီးရှည်ကောင်းကင်ဘုံတွင် ပိုးသားဧကရာဇ်နှင့်ဖုထင်တို့၏အကြောင်းကို ကြားသိစဉ်ကပင် ကောင်းချင်က ထိုကိစ္စကို သိချင်နေခြင်းဖြစ်သည်။
ယခု ဖုထင်နှင့် တွေ့ဆုံရပြီဖြစ်ရာ သူမသိချင်သည်ကို တန်းပြီးမေးမြန်းလိုက်ခြင်းသာ ဖြစ်သည်။
သို့သော် ပြဿနာက သူတို့က ထိုအချက်ကိုနားလည်ကြသော်လည်း မြောက်ဖေးတောင်ထွတ်မှ သိုင်းကျင့်ကြံသူများကတော့ နားလည်ကြလိမ့်မည် မဟုတ်ပေ။
ကောင်းချင်၏စကားအဆုံးသတ်သွားသည်နှင့် အားလုံးက တိတ်ဆိတ်ငြိမ်သက်သွားကြသလို လေထုထဲတွင်လည်း တုန်လှုပ်ခြောက်ခြားစရာအငွေ့အသက်များ ထွက်ပေါ်လာသည်။
ခရမ်းရောင်တိမ်တိုက်များကြားမှာတော့ ရန်ကျောက်ကဲတို့အုပ်စုမှာ ဆွံ့အလျှက်သာ အကြည့်ချင်းဖလှယ်လိုက်မိကြသည်။
ရန်ကျောက်ကဲက သူ့ခန္ဓာကိုယ်ကို ပွတ်သပ်လိုက်သည်။
ပိုးသားဧကရာဇ်၏ အချို့သောကိစ္စများက အထက်ဘုံကမ္ဘာတွင် အလွန်ကျော်ကြားနေဆဲ ဖြစ်သည်။
တပည့်ငယ်တစ်ယောက်ဖြစ်သဖြင့် မုကျွင်းကို တိုက်ရိုက်မေးမြန်းရန် မလွယ်ကူသော်လည်း အရှေ့တောင် နေဝန်းကောင်းကင်ပြည်နယ်ရှိ ကျင်းထင်တောင်တွင် ရန်ကျောက်ကဲ သတင်းများစွာကြားခဲ့ရသည်။
အုပ်စိုးရှင် (၅)ပါးထဲမှ တစ်ပါးဖြစ်ပြီး နှစ်ပေါင်းများစွာ နာမည်ကြီးခဲ့သော ပိုးသားဧကရာဇ်သည် တစ်ချိန်က ပန်းပင်လယ်ထဲတွင် လှည့်လည်သွားလာခဲ့ပြီး အဆုံးမရှိ ရင်ခုန်စရာကောင်းခဲ့သူ တစ်ယောက်ဖြစ်သည်။
သူ၏ ဧကရာဇ်ဘွဲ့ "ပိုးသားချည်ထိုးဧကရာဇ်" ဆိုသည်မှာ အမှန်တကယ်တွင် သိုင်းပညာနှင့် သက်ဆိုင်ခြင်း မရှိပေ။
သူငယ်စဉ် ကျင့်ကြံခြင်းလောကသို့ရောက်ရှိစဉ်ကပင် ‘ပိုးသားချည်ထိုးဧကရာဇ်’ ဆိုသောဘွဲ့အမည်ကို ခံယူခဲ့သည်။ သူက အလွန်တရာချောမောခန့်ညားပြီး ထူးခြးစွာ ဆွဲဆောင်အားကောင်းလှသည်။ မသိလျှင် နတ်သားတစ်ပါး နတ်သက်ကြွေသည့်အလားပင် ထူးထူးခြားခြား ချောမောလှ၏။
ဧကရာဇ်ဘွဲ့မခံမီမှာပင် သူ့ဘဝတွင် အမျိုးမျိုးအဖုံဖုံသော မိန်းကလေးများစွာဖြင့် ပတ်သက်ကြုံတွေ့ခဲ့သည်။
ကျင့်ကြံခြင်းအဆင့်မြင့်မားသော မိန်းမပျိုများသာမက သာမန်လူ့လောကမှ မိန်းမလှများ ၊ နာမည်ကြီးမိန်းမပျိုများ ၊ မျိုးရိုးမြင့်မြတ်သည့် မိန်မပျိုများ ၊ မိသားစုငယ်လေးများမှ ရှားပါးအလှပဂေးများ ၊ အရည်အချင်းရှိသောမိန်းမပျိုများ ‘ပိုသားချည်ထိုးသခင်လေး’ နှင့် ပတ်သက်ခဲ့ကြသည်။
ထိုမိန်းကလေးများစွာသည်လည်း အလွန်တရာ ချောမောလှပသူများသာလျှင် ဖြစ်ကြသည်။
သို့သော် လက်ရှိမှာတော့ အများစုက အသက်မရှည်နိုင်ဘဲ ကွယ်လွန်သွားခဲ့ကြပေပြီ။
သို့ရာတွင် ထိုမိန်းမပျိုများ ငယ်ရွယ်သည်ဖြစ်စေ အိုမင်းသွားသည်ဖြစ်စေ ပိုးသားဧကရာဇ်ကတော့ သူတို့သက်တမ်းကုန်ဆုံးချိန်အထိ အတူတကွပေါင်းသင်းသွားသည်ချည်းဖြစ်သည်။ ဘယ်သူ့ကိုမှ စွန့်ပစ်ခဲ့ခြင်း မရှိပေ။
ထိုမိန်းမပျိုများထဲမှတစ်ယောက်ယောက်က သူ့အနားတွင်မနေချင်ဘဲ ထွက်ခွာသွားချင်သည်ဆိုလျှင်တော့ နှစ်ဦးနှစ်ဖက် ချစ်ခင်ရင်းနှီးစွာပင်ခွဲခွာခွင့်ပေးပြီး ထိုမိန်းကလေးများကို အခက်တွေ့အောင် မလုပ်ခဲ့ပေ။
နှစ်ပေါင်းများစွာ ပိုးသားဧကရာဇ်သည် ထိုသို့သာလျှင် နေထိုင်ခဲ့သည်။
သို့ပေသိ ချောမောခန့်ညားလှပါသည်ဆိုသော ပိုးသားဧကရာဇ်က ပန်းပေါင်းတစ်ထောင်အလယ်တွင် နေထိုင်ခဲ့သော်လည်း သစ်ရွက်တစ်ရွက်မှ သူ့ကိုမစွန်းထင်းခဲ့ပေ။
သူ၏အသက်အရွယ် အနှစ်တစ်ထောင်ခန့်အထိ ထိုသို့ပင်နေထိုင်လာခဲ့လေရာ ယုတ္တိကျကျပြောမည်ဆိုလျှင် ပိုးသားဧကရာဇ်၏ မရေမတွက်နိုင်သောသားမြေးများက ဤကမ္ဘာတစ်ခွင်လုံး ပျံ့နှံ့နေပေလိမ့်မည်။
ထူးဆန်းသည်မှာ လွန်ခဲ့သော နှစ်ပေါင်းတစ်ထောင်အတွင်း ပိုးသားဧကရာဇ်တွင် သားသမီးတစ်ယောက်မှ မရှိခဲ့ခြင်းပင်။
ရလဒ်အနေဖြင့် လူပေါင်းများစွာက ထိုကိစ္စကို လျှို့ဝှက်စွာ စိတ်ဝင်စားလာကြသည်။ သို့ရာတွင် ယခုနှစ်များအတွင်းမှာတော့ ဖုထင်ကို ရလာခဲ့သည်။
ထိုသတင်းကိုကြားသည့်အခါ ပိုးသားဧကရာဇ်က သူများမယားကိုယူမိသဖြင့် ထိုမယားမှပါလာသော ကလေးကို လှည်းကျိုးထမ်းရသည်ဟုပင် လူအများစုက ထင်မှတ်ကြသည်။
သို့သော် ဖုထင်အရွယ်ရောက်လာပြီး ကျင့်စဉ်လမ်းကိုစတင်လျှောက်လှမ်းသည့်အခါ သူမ၏စိတ်နေစိတ်ထား ၊ အသွင်အပြင်နှင့် အရည်အချင်းများက ပိုးသားဧကရာဇ်၏ သမီးတော်ဖြစ်ကြောင့် လူတိုင်းလက်ခံလိုက်ကြရသည်။
မည်သို့ပင်ဖြစ်စေ ထိုအကြောင်းအရာများကို ပိုးသားဧကရာဇ်နှင့် သူ၏သမီးတော်’ဖုထင်’ တို့ရှေ့တွင် မည်သူမှထုတ်ဖော်မပြောရဲကြပေ။
ထို့ကြောင့် ကောင်းချင်၏စကားကိုကြားရတော့ မြောက်ဖေးတောင်ထွတ်မှာသိုင်းသမားများအားလုံး မှင်တက်သွားကြခြင်း ဖြစ်သည်။
သတိပြန်ဝင်လာသည့်အခါ အားလုံးက မကျေမနပ်ဖြင့် မျက်လုံးများကလည်း မီးဝင်းဝင်းတောက်လျှက် ရှိကြသည်။
ဖုထင်က ကောင်းချင်ကို တိတ်တဆိတ်ကြည့်ရင်း အချိန်အတော်ကြာပြီးနောက် ပေါ့ပေါ့ပါးပါး ပြောသည် ။
“ရွှမ်ဟွမ်ဧကရီက ‘ကောင်း’ မိန်းကလေးရဲ့ ဘေးတော်ဧကရီဆိုတော့ ဘေးတော်ဧကရာဇ်က လုန်ချွမ်ဧကရာဇ်များလား”
သူမစကားကိုကြားတော့ ဘေးနားတွင်ရှိနေသည့် မြောက်ဖေးတောင်ထွတ်မှ ကျင့်ကြံသူများ ပဟေဠိဖြစ်သွားကြသည်။
ဖုထင်က ပိုးသားဧကရာဇ်၏တစ်ဦးတည်းသောသမီးတော်ဖြစ်လေရာ သူတို့မသိသည့်လျှို့ဝှက်ချက်များစွာကို သိရှိသည့်အပြင် သူမ၏ဂိုဏ်းတူမောင်နှမများနားမလည်သည့်အကြောင်းအရာများကိုလည်း နားလည်သူဖြစ်သည်။
ထိုစကားကြားတော့ ကောင်းချင်က တည်ငြိမ်စွာပင်ခေါင်းညိတ်လိုက်သည်။
“ဟုတ်တယ်လေ ၊ မမှားပါဘူး...”
ဖုထင်က တည်ငြိမ်စွာဖြင့်...
“ဒါဖြင့် အတင့်ရဲပြီးမေးပါရစေ... ‘ကောင်း’ မိန်းကလေးက ဘာလို့ဘေးတော်ဧကရာဇ်ရဲ့မျိုးနွယ်ကိုမယူဘဲ ဘေးတော်ဧကရီရဲ့မျိုးနွယ်ကိုဘာလို့ ယူထားရတာလဲ”
ယခုတစ်ကြိမ် မျက်နှာပျက်သွားသူများကတော့ စန့်ချင်အဆက်အနွယ်မှတပည့်များ ဖြစ်ကြသည်။
ကောင်းချင်လည်း အံ့အားသင့်သွားပြီး...
“ကျွန်မ အဘိုးနဲ့အဖေကလည်း ဘေးတော်ဧကရီရဲ့မျိုးနွယ်ပဲယူတာလေ ၊ ဒါကြောင့် ကျွန်မလည်း ဒီမျိုးနွယ်ပဲယူတာပေါ့”
ဖုထင်က...
“ဘာလို့အဲဒီလိုဖြစ်ရလဲဆိုတော့ ဧကရာဇ်လုန်ချွမ်က ရွှမ်ဟွမ်ဧကရီကို ရှုံးနိမ့်ခဲ့လို့ပဲ ၊ သူက ရွှမ်ဟွမ်ဧကရီလက်အောက်မှာ အောက်ကျို့ပြီးအသုံးတော်ခံခဲ့ရတယ်”
ကောင်းချင်၏ဘေးမှ တပည့်တစ်ယောက်က အေးစက်စွာနှာတစ်ချက်မှုတ်ရင်း...
“ဧကရာဇ်လုန်ချွမ်က မင်းတို့အထက်ဘုံကမ္ဘာက ယွိချင်အဆက်အနွယ်တစ်ယောက်ပဲလေ ၊ သူက မင်းတို့လို ရွံစရာကောင်းတဲ့သူတွေနဲ့ ဆက်မနေချင်တော့လို့ ငါတို့ အပြာရောင်ခရီးရှည်ကောင်းကင်ဘုံကိုရောက်လာပြီး ရွှမ်ဟွမ်ဧကရီနဲ့လက်ထပ်ခဲ့တာ ၊ သူတို့ဆက်ဆံရေးကလည်း အဆင်ပြေပြေရှိနေခဲ့တာပဲ ၊ မင်းသိတာလေးနည်းနည်းပါးပါးနဲ့ ပေါက်ကရတွေလျှောက်မပြောစေချင်ဘူး”
ထိုစကားကိုကြားတော့ ခရမ်းရောင်တိမ်ပင်လယ်ထဲတွင်ရှိနေသည့် ရန်ကျောက်ကဲနှင့် အခြားသူများ၏မျက်ဝန်းများ လက်ခနဲတောက်ပသွားသည်။
ဤစကားများက တကယ့်အတင်းအဖျင်းကိစ္စများဖြစ်သည် မဟုတ်ပါလား။
ရန်ကျောက်ကဲ ကောင်းကင်ထက်သို့မော့ကြည့်ရင်း...
“ဧကရာဇ်တွေရဲ့အတင်းအဖျင်းတွေကလည်း ပြောမကုန်နိုင်ပါလားဟ”