အင်မော်တယ်လောက၏ နံပါတ်တစ် ရာဇဝတ်သား
Vol. 48 Ch. 657
စိတ်လှုပ်ရှားစရာ ကောင်းလှသော နတ်ဘုရားမျှော်စင်ကား ပိတ်သွားသော်လည်း အဆုံးသတ် မဟုတ်သေးပေ။ ကောလဟာလများအရ နတ်ဘုရားမျှော်စင်မှ အဆင့် ၉ အင်မော်တယ်ပစ္စည်းများထက် ကျော်လွန်နေသည့် အင်မော်တယ်ပစ္စည်းသုံးမျိုးနှင့်အတူ အမျိုးမျိုးသော ထိပ်တန်းရတနာများနှင့် ကျင့်စဉ်များအကြောင်း ပျံ့နှံ့နေလေ၏။
တချို့ အားနည်းသော ဂိုဏ်းငယ်များက ရတနာကို အရင်ဦးစွာ လက်လျော့လိုက်ကြစဉ် အားကောင်းသော ဂိုဏ်းကြီးများက ပိုပိုလိုချင်ကာ လောဘကြီးလာကြသည်။ နတ်ဘုရားမျှော်စင် ပိတ်ပြီးနောက် နတ်ဘုရားမျှော်စင်မှ ရတနာများကြောင့် သတ်ဖြတ်ပွဲများ ဖြစ်လာလိမ့်မည်။
လတ်တလောတွင် အားလုံးက အထက်ဘုံမှ ရွေးချယ်ခံထားရသော ပါရမီရှင် တပည့်များကို အားကျနေကြပေသည်။ ဤနေရာရှိ အားလုံးမှာ အထက်ဘုံမှ ရွေးချယ်ခြင်း ခံထားရသော ထိုပါရမီရှင်များမှာ နောင်အနာဂတ်၌ ထိပ်သီးတည်ရှိမှုမျိုး သေချာပေါက် ဖြစ်လာလိမ့်မည်။
အထက်ဘုံမှ ရွေးချယ်ခံထားရသော ပါရမီရှင်များအပြင် နောက်ထပ် နာမည်ကြီးပုဂ္ဂိုလ်မှာ မိုဝူကျိ ဖြစ်၏။ ကောလဟာလများအရ မိုဝူကျိက အဆင့် ၈ ဆေးလုံးဧကရာဇ်အဆင့် ရောက်နေကာ နတ်ဘုရားမျှော်စင်မှ မည်သူမှ သတိမပြုမိဘဲ ထွက်လာဖို့ရာ အသွင်ပြောင်းဆေးလုံးကို ဖော်စပ်ထားခြင်း အကြောင်း ပျံ့နှံ့နေသည်။
သို့သော်လည်း ထိုအရာက မိုဝူကျိ ပါဝင်နေသော ကောလဟာလ တစ်ခုတည်း မဟုတ်ချေ။ ယခု အင်မော်တယ်လောကရှိ လူတိုင်းက နတ်ဘုရားမျှော်စင်အတွင်း မဟာဓားလမ်းစဉ်ဂိုဏ်း၏ ဟွမ်ရှားက မိုဝူကျိအား သတ်ပစ်ရန် ကြံထားသော်လည်း နတ်ဘုရားအင်မော်တယ်ဂိုဏ်း၏ လင်းလုနန်က မိုဝူကျိကို ဝင်ကယ်သွားကာ ဟွမ်ရှားအား မောင်းထုတ်လိုက်သည့် အကြောင်းကို သိသွားကြသည်။ သို့သော်လည်း မိုဝူကျိက အကြံပက်စက်ကာ လင်းလုနန်နှင့်အတူ သွားလာနေစဉ် ရှေးဟောင်းရတနာကို မြင်သောကြောင့် လင်းလုနန်အား လုပ်ကြံလိုက်လေ၏။
ထိုသတင်းမှာ အင်မော်တယ်လောကရှိ တည်းခိုဆောင်တိုင်း ဒါမှမဟုတ် အင်မော်တယ် အိမ်တော်တိုင်းဆီ ပျံ့နှံ့သွားတော့သည်။
တင်းပိုအင်မော်တယ်မြို့မှာ လော့လင်အင်မော်တယ်နယ်မြေ၏ နံပါတ်တစ် ထိပ်တန်း အင်မော်တယ်မြို့ ဖြစ်ပေသည်။ ရေတံခွန်အင်မော်တယ်ဂိုဏ်းမှ တင်းပိုမြို့တွင် တည်ရှိပြီး အင်မော်တယ် ဧကရီ ဝမ်လန်က ရေတံခွန်အောက်တွင် ဉာဏ်အလင်းပွင့်လာသောကြောင့် ရေတံခွန်အင်မော်တယ်ဂိုဏ်းကို တည်ထောင်ခဲ့ခြင်း ဖြစ်ပေသည်။
ရေတံခွန်တည်းခိုဆောင်မှာ တင်းပိုမြို့၏ နံပါတ်တစ် တည်းခိုဆောင် ဖြစ်ပေသည်။ ပြောရမည်ဆိုလျှင် အင်မော်တယ်ဧကရီ ဝမ်လန်က ဤနေရာသို့ အခါးရည် လာသောက်ဖူးသောကြောင့် ဖြစ်၏။
ထို့ကြောင့် ဤနေရာမှာ ဖြတ်သန်းသွား၍ ဖြစ်စေ၊ အနီးအနား ဂိုဏ်းမှ ဖြစ်စေ ရေတံခွန် သေရည်အတွက် ရေတံခွန်တည်းခိုဆောင်ဆီ လာရောက်ရန် သဘောကျနှစ်သက်ကြသည်။ သူတို့က ဤနေရာရှိ အကောင်းဆုံး သေရည်ကို မတတ်နိုင်ကြလျှင်ပင် တတ်နိုင်သည့် သေရည်ထက် ပိုကောင်းသည့် သေရည်ကို ရွေးချယ်နေကြဆဲ ဖြစ်၏။
ရေတံခွန် တည်းခိုဆောင်၌ အလွန်ကျယ်ဝန်းသော ခန်းမကြီး ရှိသော်လည်း နေရာတိုင်းမှာ လူအများအပြားနှင့် ရှုပ်ယှက်ခတ်နေကြသည်။ ထိုစဉ် ရေတံခွန် တည်းခိုဆောင်က လူများနှင့် ပြည့်နှက်နေပြီး မေးချွန်ချွန် အမျိုးသား တစ်ယောက်က နတ်ဘုရားမျှော်စင်အကြောင်း ပြန်၍ ဖောက်သည်ချနေလေ၏။ သူက မိုဝူကျိသည် သူ့အား ကယ်တင်ပေးလိုက်သည့် လင်းလုနန်အား မည်သို့လုပ်ကြံခဲ့ကြောင်း၊ ရတနာကို မည်သို့ အလစ်သုတ်သွားကြောင်း ပြောပြနေသည်။
“ အဲလို မဖြစ်နိုင်ဘူး …. ဆေးလုံးဆရာမိုက ခင်မင်မှုနဲ့ သစ္စာတရားကို တန်ဖိုးထားတယ်လို့ ကြားထားတာ .. မဟာဧကရာဇ် လွန်ချိုက်က သူ့လူတွေကို သတ်လိုက်လို့ ဆေးလုံးဆရာမိုက သူ့ကို တည့်တိုးဆန့်ကျင်ရဲတယ်လေ။ အဲလိုလူမျိုးက သူ့ကျေးဇူးရှင်ကို ဘာလို့ လုပ်ကြံရမှာလဲ ….” ဖြတ်သွားဖြတ်လာ တစ်ယောက်က ဝင်မေးလိုက်သည်။
မေးချွန်ချွန် အမျိုးသားက ရယ်မောကာ
“ လူတစ်ယောက်အပြုအမူကို ကြားရုံနဲ့တင် အကဲဖြတ်လို့ ဘယ်ရပါ့မလဲ … ည လူမသတ်ခင် နေ့ဘက် အရမ်းကောင်းပြနေတဲ့ လူတွေတောင် ရှိသေးတာပဲ မလား … ပြီးတော့ အဆင့် ၉ အင်မော်တယ် ပစ္စည်းကို ကျော်လွန်နေတဲ့ ပစ္စည်းရဲ့ စွဲဆောင်မှုကို ဘယ်လိုလူတွေက ခံနိုင်မှာလဲ။ ငါတို့က မိုဝူကျိရဲ့ အကျင့်စရိုက်ကို ကျိန်ဆဲနေကြပေမဲ့ သူ ရထားတာကိုလည်း အားကျမနာလို ဖြစ်နေကြတာပဲလေ …. ”
“ ငါတော့ အားမကျပါဘူး … အဲဒီ မိုမျိုးရိုးနဲ့ လူက တကယ်ကို ဆန်ကုန်မြေလေးပဲ …. ငါ နတ်ဘုရားအင်မော်တယ်နယ်မြေက ပြန်လာကတည်းက ကိုယ်တိုင် မြင်လိုက်ရတာကို ပြောပြမယ် …” မျက်နှာတွင် အဆီတစ်ထပ် အသားတစ်ထပ် ဖြစ်နေသည့် အမျိုးသားက ထပြောလိုက်သည်။
ခန်းမထဲမှ လူများမှာ တိတ်ဆိတ်သွားပြီး ထိုအမျိုးသား ပြောမည့် စကားများအား အာရုံစိုက်ထားလိုက်ကြသည်။ ထိုအမျိုးသားက အားလုံး အာရုံစိုက်ထားသည်ကို မြင်သည့်အခါ ကျေနပ်သွားပြီး
“ အရင်တုန်းက ဆေးလုံးဆရာမိုက တရားသူတော်စင်ဂိုဏ်းက ဆရာတပည့်နှစ်ယောက်ကို ကယ်လိုက်တာကို ကိုယ်တိုင် မြင်ဖူးလိုက်တယ်။ အစပိုင်းတုန်းက ဆေးလုံးဆရာမိုကို ငါတောင် အထင်ကြီးမိသေးတယ်။ ငါ မလုပ်နိုင်တဲ့အရာကို လုပ်ပြခဲ့တာကိုး ….. နောက်ဆုံးမှ သူ့အကြံကို နားလည် သဘောပေါက်သွားတာပါပဲ …. ”
“ ဘာအကြံလဲ ”
“ စီနီယာယွမ်ယီက တရားသူတော်စင်ကျောင်းရဲ့ မဟာဧကရာဇ်အဆင့်နား ရောက်နေတဲ့ အဆင့်မြင့် ကျင့်ကြံသူ တစ်ယောက်ပဲလေ။ သူမက ဘယ်လောက် ဒဏ်ရာရရ ဘယ်လိုလုပ် သေဆုံးသွားနိုင်မှာတုန်း။
ဒါပေမဲ့ ထူးထူးဆန်းဆန်း သေဆုံးသွားပြီးတော့ သူမတပည့် စုရှီက မိုဝူကျိနောက် လိုက်နေတယ်လေ။ နှမြောဖို့ ကောင်းတာက မဟာခွန်ဗုဒ္ဓ မီးအိမ်ကို စုရှီက ထူးထူးခြားခြား ပျောက်ဆုံးသွားတယ်တဲ့ ” အမျိုးသားက ဒေါသတကြီး ပြောလိုက်သည်။
“ ခင်ဗျား ပြောတာ မိုဝူကျိက စုရှီနဲ့ ယွမ်ယီတို့ကို သတ်ပြီးတော့ မဟာခွန်ဗုဒ္ဓ မီးအိမ်ကို ယူသွားခဲ့တာလား ” တစ်ယောက်က ဝင်ထောက်ပြောလိုက်သည်။
အမျိုးသားက သက်ပြင်းချကာ
“ ကျုပ် ပြောတာတော့ မဟုတ်ပါဘူး။ ဒါပေမဲ့ မိုဝူကျိက စုရှီလိုမျိုး အပြစ်ကင်းစင်တဲ့ ကလေးမလေးကိုတောင် အလွတ်မပေးဘူးလား။ တကယ်လို့ သူက မဟာခွန်ဗုဒ္ဓ မီးအိမ်ကို ယူသွားရုံဆိုရင်တောင် ထားပေးလို့ ရသေးတယ်။ ဘာလို့ စုရှီကိုပါ အလွတ်မပေးရတာလဲ ….”
“ အဲဆို အဲကိစ္စက အမှန်ပဲပေါ့ …. မိုဝူကျိက စုရှီတို့ ဆရာတပည့်ကို မဟာခွန်ဗုဒ္ဓ မီးအိမ်ကြောင့် သတ်ပစ်လိုက်တာဆိုပြီး ကြားထားသေးတယ် ” နောက်တစ်ယောက်က ဝင်ပြောလိုက်ပြန်သည်။
ခန်းမထောင့်တစ်နေရာမှ သေရည်ပုလင်းကို ဆွဲကိုင်ထားသည့် အမျိုးသမီးတစ်ယောက် မျက်နှာမှာ ဖြူဖျော့လေ၏။ သူမက မိုဝူကျိအနေဖြင့် ထိုသို့လုပ်လိမ့်မည် ဟု မယုံပေ။ အကြောင်းမှာ သူမထက် မိုဝူကျိအကြောင်းကို မည်သူမှ ပိုမသိနိုင်ပေ။ မိုဝူကျိကြောင့်သာ မဟုတ်လျှင် သူမ ဟန်ချင်းရုက ဟိုးကတည်းမှ ပျောက်ကွယ်သွားလောက်လေပြီ။
သူမက မိုဝူကျိအတွက် ဝင်မပြောရဲပေ။ အကြောင်းမှာ သူမ လုပ်လိုက်လျှင် သူမကဲ့သို့ ကျင်းရှန်းအဆင့် ကျင့်ကြံသူ တစ်ယောက်အနေဖြင့် အရိုးပင် ရှင်ကျန်ရစ်မည် မဟုတ်ပေ။
“ အဲဒီသတင်းတွေကို မယုံဘူး။ စီနီယာမိုနဲ့ ကိုယ်တိုင် ပတ်သတ်ဖူးလို့ သူက အဲလိုလူမျိုး မဟုတ်ဘူးဆိုတာ သိတယ် ” အသံတစ်သံက ငြင်းဆန်လိုက်ပေ၏။
ဇာတ်ကြောင်း ပြောပြနေသည့် အမျိုးသားက ကြမ်းတမ်းစွာ ပြုမူတော့မည့်ဆဲဆဲတွင် သူတို့ကို အတိုက်အခံဝင်ပြောသည့် လူကို မြင်လိုက်ရ၍ ရပ်တန့်လိုက်တော့သည်။
နောက်နေတာလား …
သူ့ရှေ့မှ လူမှာ မျှောလွှင့်ဝတ်လွှာ အင်မော်တယ်တောင်ကြားမှ ရှန်မူချင် ဖြစ်၏။ သူက မျှောလွှင့်ဝတ်လွှာ အင်မော်တယ်တောင်ကြားမှ ပါရမီရှင်နှင့် ယှဉ်လျှင် ပါးမွှားမျှသာ ဖြစ်နေသည်။
အမျိုးသားက ရှန်မူချင်ကို ပြန်မပြောရသော်လည်း တခြားသူများက ပြန်မပြောရဲခြင်းဟု ဆိုလိုခြင်း မဟုတ်ပေ။ အေးစက်စက် အသံက ရှန်မူချင်စကားကို ပြန်ထောက်ပြပြောလိုက်သည်
“ မင်း မယုံတာက မင်း ပြဿနာပဲ … ဒါပေမဲ့ မိုဝူကျိက အဲလိုမလုပ်ခဲ့ဘူးလို့ ဆိုလိုတာတော့ မဟုတ်ဘူး ”
ပြောလိုက်သူမှာ အမျိုးသမီး တစ်ဦး ဖြစ်ပြီး ထိုအမျိုးသမီးဘေးပတ်လည်မှ အဆုံးမဲ့စွမ်းအားများ ထုတ်လွှင့်နေပေ၏။ သူမက ရှန်မူချင်ထက် အားကောင်းမှန်း သိသာလှသည်။
ရှန်မူချင်က သူမ၏ မျက်ခုံးလှလှလေးကို တွန့်ချိုးလိုက်မိသည်။ သူမက ဤလူမှာ နဂါးမျိုးနွယ်စု၏ တပည့် အောင်းယွီလု ဖြစ်ကြောင်း မှတ်မိပေ၏။ နဂါးမျိုးနွယ်စုမှာ အနောက်ပိုင်း ကျုံးပင်လယ်၌ သွေးသံရဲရဲ အမြစ်ဖြတ်ရှင်းလင်းခံထားရ၍ မျိုးနွယ်စုဝင်များမှာ နေရာအနှံ့ ပျံ့ကျဲသွားသောကြောင့် နယ်လှည့်ကျင့်ကြံသူနှင့် မခြားနားကြတော့ပေ။
ထိုသို့ဆိုလျှင်ပင် မည်သူမှ နဂါးမျိုးနွယ်စုဝင်အား အထင်မသေးရဲကြပေ။
“ စီနီယာအစ်ယွီလု …. တစ်ခါတလေကျ ကျမတို့တွေ မျက်မြင်ကိုယ်တွေ့ မမြင်ရဘဲနဲ့ တန်းပြီး ကောက်ချက် ချပစ်လို့ မရဘူးလေ။ စီနီယာအစ်ကိုမိုက အကျင့်စရိုက် ဖြောင့်မတ်တယ်။ သူက အဲလို အကြံပက်စက်တဲ့ လူမဟုတ်တာကို ကျမ ကောင်းကောင်း သိတယ် ” ရှန်မူချင်က ပြောလိုက်သည်။
“ ဟားဟား တည့်တိုးဆန်ပြီး ဖြောင့်မတ်တယ်တဲ့လား …” အောင်းယွီလုက အားရပါးရ ရယ်မောလိုက်သော်လည်း မျက်ဝန်း၌ အမုန်းတရားမျာသာ ရှိနေသည်
“ ရှန်မူချင် … တကယ်လို့ အဲဒီလူက မင်းရဲ့ မိသားစုတစ်ခုလုံးနဲ့ ဂိုဏ်းတစ်ခုလုံးကို ရှင်းပစ်လိုက်တယ်ဆိုရင် သူ့ကို ဖြောင့်မတ်တယ်လို့ ခေါ်ဦးမလား … အဲဒီလူက အကျင့်စရိုက် ကောင်းတယ်လို့ ထင်နေဦးမှာလား ”
ရှန်မူချင်က မျက်မှောင်ကျုတ်ကာ
“ စီနီယာအစ်မယွီလု …. အနောက်ပိုင်း ကျုံးပင်လယ်မှာ ဖြစ်သွားတဲ့ ကိစ္စတွေအတွက် စိတ်မကောင်းပါဘူး။ ဒါပေမဲ့ အဲတုန်းက စီနီယာအစ်ကိုမိုရဲ့ ကျင့်ကြံဆင့်က ဘယ်လောက်လဲ။ ပြောရင် ယုတ္တိရှိရှိတော့ ပြောသင့်တယ်လေ … ”
အောင်းယွီလုက တစ်လုံးချင်းစီ ပြန်ပြောလိုက်သည်
“ ငါ ပြောခဲ့တာတွေက အချက်ကျကျ ပြောနေတာပဲ ။ ငါရဲ့ အနောက်ပိုင်းကျုံးပင်လယ် အရှင်းခံရတုန်းက ငါ ပြန်ရောက်လာခဲ့တယ်။ အဲဒီမှာ သွေးတွေ ဖုံးလွှမ်းနေတဲ့ မိုဝူကျိက ငါတို့ ဂိုဏ်းနဲ့ ချိတ်ဆက်ထားတဲ့ အနောက်ပိုင်းကျုံး ကူးသန်းရေး အစီအရင်ကနေ ထွက်လာတာကို ကိုယ်တိုင် မြင်လိုက်ရတယ်။
ပြီးတော့ သူ့ခန္ဓာကိုယ်ပေါ်က သွေးတွေက ငါတို့နဂါးမျိုးနွယ်စုဝင်တွေရဲ့ သွေးတွေပဲ …. အဲတုန်းက ခံစားရတာကို မမေ့နိုင်သေးဘူး ”
အောင်းယွီလုက သူမ မြင်လိုက်သူမှာ မိုဝူကျိမှန်း မသိခဲ့သော်လည်း မိုဝူကျိကို မမေ့နိုင်ချေ။ မိုဝူကျိ၏ ကျင့်ကြံဆင့်မှာ သူမထက် နိမ့်ကျသော်လည်း အဆင့် ၇ ဆေးလုံးဧကရာဇ် ဖြစ်ပေရာ သူ့အဆင့်အတန်း တစ်ခုတည်းဖြင့် အင်မော်တယ်နယ်မြေ ခုနှစ်ခုလုံး၌ ကျော်ကြားနေပြီးသား ဖြစ်ပေသည်။ သူမက မိုဝူကျိကို သတင်းများကြောင့် သိခဲ့ခြင်း မဟုတ်ပေ။ အကြောင်းမှာ သူမ မြင်ခဲ့ရသော နဂါးမျိုးနွယ်စုဝင် သွေးများ ဖုံးလွှမ်းကာ ထွက်လာသော သူမှာ မိုဝူကျိ ဖြစ်နေ၍ ဖြစ်သည်။ သူမက မိုဝူကျိကို နဂါးမျိုးနွယ်စုအတွက် လက်စားချေရန် ကျိန်ဆိုထားလေ၏။
ရှန်မူချင်က ဘာမှ ပြန်မပြောတော့ပေ။ သူမက မျက်မြင်ကိုယ်တွေ့ မကြုံခဲ့ရသော်လည်း အကြောင်းပြချက် ရှိမည်မှန်း မှန်းဆမိပေသည်။ သို့သော်လည်း ယခု အောင်းယွီလုက မျက်မြင်ကိုယ်တွေ့ ကြုံတွေ့ခဲ့လေရာ သူမအနေနှင့် ပြန်လည်ချေပရန် မရှိတော့ပေ။
“ မိုဝူကျိရဲ့ ကျင့်ကြံဆင့်က နိမ့်ကျပေမဲ့ သူက အဆင့် ၇ ဆေးလုံးဧကရာဇ်ပဲလေ။ သူ့အတွက် နဂါးမျိုးနွယ်စုက လူတွေကို သတ်ဖို့ တခြားသူတွေကို ခိုင်းလို့ ရတာပဲ။ ပြီးတော့ အဆင့် ၇ ဆေးလုံးဧကရာဇ်ဆို အဆိပ်ပါ လုပ်နိုင်နေပြီလေ။ ရှန်မူချင် မိုဝူကျိက ငါတို့နဂါးမျိုးနွယ် အသတ်ခံရမှုနဲ့ ဘာမှ မပတ်သတ်ဘူးလို့ ထင်နေတုန်းပဲလား ” အောင်းယွီလုက အံ့ကို ကြိတ်ကာ ပြောလိုက်သည်။
အကယ်၍ မိုဝူကျိသာ ထိုအရာများ ကြားပါက စွပ်စွဲခံရကြောင်း ခံစားမိနေပေလိမ့်မည်။ ယခင် သူက နဂါးမျိုးနွယ်စုဝင်များကို မသတ်ခဲ့ရုံသာမက ပိုက်ကွန်မှ လွတ်သွားသော ငါးနှစ်ကောင်ကိုပင် ကယ်တင်ပေးလိုက်သည် မဟုတ်ပါလော။ အချိန်အတော်ကြာပြီးမှ သူက အဆင့် ၇ ဆေးလုံးဧကရာဇ် ဖြစ်လာခြင်း ဖြစ်၏။ ယခင် သူ အနောက်ပိုင်းကျုံး ပင်လယ်တွင် ရှိစဉ်က အဆင့် ၇ ဆေးလုံးဧကရာဇ် ဖြစ်ဖို့ရာ အလှမ်းကွာနေသေး၏။
“ ဆေးလုံးဆရာမိုက ရက်စက်ပြီးတော့ ညှာတာမှု ကင်းတယ်ဆိုတာကို ယုံတယ်။ အရင် ပုံရိပ်ယောင်တောင်က မိုဝူကျိကို ဖမ်းဖို့ ကြိုးစားတုန်းက မိုဝူကျိက ကျင့်ကြံခြင်းလောကက ပုံရိပ်ယောင်တောင်ကို အမြစ်ဖြတ် ချေမှုန်းလိုက်လို့ဆိုပြီး ပြောသေးတယ်မလား … အဲလိုလုပ်မှာ သူ့လို လူအပြင် တခြား ဘယ်သူ ရှိသေးလို့လဲ ”
“ သူက ရက်စက်ရုံတင် မကဘူး။ သူက ကျေးဇူးရှင်ကို သတ်ပြီးတော့ သူ့ကျင့်ကြံဖို့အတွက် ကလေးမလေးကိုတောင် သတ်ပစ်သေးတာပဲ … အဲလိုလူမျိုးက ငယ်ငယ်ရွယ်ရွယ်နဲ့ အဆင့် ၇ ဆေးလုံးဧကရာဇ် ဖြစ်လာတာ အံ့ဩစရာတော့ မရှိတော့ပါဘူး။ သူ့အဆင့်အတန်း အဆင့် ၇ ဆေးလုံးဧကရာဇ်ဆိုတာက တခြား အပြစ်ကင်းတဲ့ လူတွေရဲ့သွေးနဲ့ ဖြစ်တည်လာတာပဲ ”
“ ဟမ် အဲဒီလူသာ ဒီမှာ ရှိနေရင် ကျုပ် လီရုန်က သူ့ပြိုင်ဖက် မဟုတ်ပေမဲ့ ချက်ချင်းကို တိုက်ပစ်ဦးမှာ …. ကျင့်ကြံခြင်း လမ်းစဉ်ကို ဘာလို့ လျှောက်လှမ်းခဲ့တာလဲ ။ အင်မော်တယ်တာအိုက တရားမျှတရေး တာအို ဖြစ်ပြီးတော့ အင်မော်တယ်လောကကြီးက ဒီလို လူမျိုးတွေကြောင့် ပျက်စီးနေရတာ ”
…………..…
ခန်းမအတွင်းမှ ဆွေးနွေးသံများမှာ အဆက်မပြတ် ထွက်လာပြီး မိုဝူကျိက နတ်ဆိုးဆန်ဆန် ပြယုတ် ဖြစ်သွားပေတော့သည်။ အင်မော်တယ်လောက တစ်ခုလုံး၏ နံပါတ်တစ် ရာဇဝတ်ကောင် ဖြစ်လာပြီး ဆွေးနွေးနေကြသူများမှာ ရုတ်ချည်း ဆိုသလို တရားမျှတခြင်း ပြယုတ်များ ဖြစ်သွားတော့သည်။
ထို့နောက် မိုဝူကျိက သူ့ဂျုနီယာညီမလေးများကို ပစ်မှားပြီး အမွေအနှစ်ကြောင့် ဆရာကိုပင် ပြန်သတ်သည့် လူစားမျိုး ဖြစ်သွားပြီး မိုဝူကျိက တခြားသော ကျင့်ကြံသူများ၏ ကမ္ဘာဦး စိတ်ဝိညာဉ်နှင့် ကျင့်ကြံနေသည်ဟု ဆိုသော ဇာတ်ကြောင်းများပါ ထွက်ရှိလာသည်။
ဟန်ချင်းရုက အရာအားလုံးကို ရှင်းပြလိုသောကြောင့် နတ်ဘုရားအင်မော်တယ်နယ်မြဆီ သွားရန် ဆုံးဖြတ်လိုက်သည်။ နတ်ဘုရားအင်မော်တယ်နယ်မြေဆီ သွားဖို့ရာ သူမလို ကျင်းရှန်းအဆင့် ကျင့်ကြံသူအတွက် တွေး၍ မရသော်လည်း မိုဝူကျိကို ရှာဖို့ရာ သူမကို မည်သည့်အကြောင်းပြချက်မှ တားဆီးဖို့ရာ မလုံလောက်ပေ။
သူမက မိုဝူကျိသည် ဤသို့လူစားမျိုး မဟုတ်ကြောင်း ယုံကြည်နေဆဲ ဖြစ်ကာ ယခုအချိန်၌ မိုဝူကျိ၌ သူ့ မိတ်ဆွေများ လိုအပ်နေပေလိမ့်မည်။ မိတ်ဆွေအဖြစ် ယူဆထားကြသော သူတို့မှာ အင်မော်တယ်လောကထဲ ရောက်ရှိပြီးနောက် သူ့အတွက် များစွာအကူအညီ မဖြစ်ခဲ့ပေ။
သူမက ထိုကောလဟာလများမှာ တင်းပိုအင်မော်တယ်မြို့ကို ကျော်လွန်၍ အင်မော်တယ်လောက တခွင် ပျံ့နှံ့နေကြောင်း သေချာသိနေသည်။
………..…
မိုဝူကျိက ဓားကျိုးအပိုင်းလေးကို ကြည့်ကာ နှလုံးခုန်မြန်လာမိသည်။ အကယ်၍ သူသာ အစီအရင်တာအို၌ ကျွမ်းကျင်ခြင်း မရှိပါက ကျရှုံးသွားလောက်လေပြီ။ ဤဓားကျိုးလေးတွင် မိုဝူကျိ သတိမပြုမိသော ပြင်းထန်သည် စွမ်းအင်များ ပါဝင်နေပေ၏။ သူက ထိုဓားကျိုးလေးကို ကောက်ကိုင်လိုက်ပြီး ချက်ချင်း ပြန်မလွှတ်ချခင် လျို့ဝှက်အစီအရင် သင်္ကေတ တစ်ခုကို သတိပြုမိလိုက်သည်။
ဓားကျိုးလေးတစ်ချောင်းက အင်မော်တယ် ပိတ်လှောင်ရေးအစီအရင်ထဲ၌ ထောင်ချောက် ဖြစ်နေလိမ့်မည်ဟု မည်သူက ထင်ထားမည်နည်း။ တိုက်ပွဲကြီးအပြီးတွင် ဓားကျိုးများ ရှိနေသည်က ပုံမှန် မဟုတ်ပေဘူးလား။ ထိုအရာမှာ မိုဝူကျိအား ထိတ်လန့်သွားစေပြီး ယခုမှစ၍ ဘာကိုမှ မကောက်ယူမိစေရန် ဆုံးဖြတ်ချက် ခိုင်မာသွားစေသည်။ ထိုအရာမှာ သဘာဝ အမြုတေ အပါအဝင် ဖြစ်၏။
ထိုအတွေးဖြင့် မိုဝူကျိက အမြုတေ တစ်လုံးကို အမှန်တကယ် တွေ့မြင်လိုက်ရသည်။ အမြုတေမှာ လက်သီးနှစ်ခုစာလောက် ကြီးမားပြီး ကိုယ်ထည်မှ ရေဓာတ် သဘာဝများ ထုတ်လွှင့်နေသည်။