← Chapters

အခန်း (၇၉၃) - အကြောင်းပြချက်တစ်ခု

Vol. 58 Ch. 793

အခန်း (၇၉၃) - အကြောင်းပြချက်တစ်ခု

Vol. 58 Ch. 793

" စစ်သင်္ဘော အစင်းရေ သုံးထောင့်ခုနစ်ရာကျော် "

" ကျင့်ကြံသူ အယောက် ငါးထောင့်ခြောက်ရာကျော်နဲ့ ဝိညာဉ်ကြားခံနယ်အဆင့် မန္တန်အစီအရင် ဆယ့်သုံးခု "

" ပြီးရင် ဝိညာဉ်ကြားခံနယ်ထိပ်ဆုံးအဆင့် ကျင့်ကြံသူသုံးယောက်နဲ့ ထာဝရဝိညာဉ်တစ်ပိုင်းအဆင့် ကျင့်ကြံသူတစ်ယောက်လည်း ပါသေးတယ် "

" အဲတာအပြင် ဒီဂိုဏ်းရဲ့ ဂိုထောင်ထဲမှာရှိတဲ့ ကုန်ကြမ်းပစ္စည်းတွေ အများကြီးကိုလည်း ရဦးမှာ။ သူတို့က မြေတိမ်လွှာဂိုဏ်းရဲ့ ပင်မဂြိုဟ်ပေါ်မှာပါ နယ်မြေတွေ ပိုင်ဆိုင်ထားတာမလို့ ဂိုဏ်းငယ်လေးတစ်ခုအနေနဲ့ တော်တော်လေးကို အဆင့်မြင့်တယ်လို့ သတ်မှတ်လို့ရတယ်... "

ဝမ်ပေါင်လဲ့မှာ ထိုတိုက်ပွဲကြီးပြီးနောက် သူ ရရှိခဲ့သည့် ပစ္စည်းများကြောင့် သူကိုယ်တိုင်ပင်လျှင် အံ့ဩတုန်လှုပ်သွားရ၏။ ထို့ကြောင့် သူသည် အနည်းငယ်ခန့်ပင် နောင်တရသွားခဲ့ရသည်။ သူသည် အားအကုန် ထုတ်မသုံးခဲ့ဘဲ အားအင်ချည့်နဲ့နေသောကြောင့် အများကြီးပေးဆပ်ခဲ့ရပြီးမှ အနိုင်ရရှိသည့် ပုံစံပေါက်အောင် ဟန်ဆောင်သင့်ခဲ့ပေသည်။ ထိုသို့သာဆိုလျှင် ရေဘဝဲစိမ်းတပ်ရင်းမှာ နောက်ထပ် ဂိုဏ်းငယ်စစ်တပ်အသစ်များကို စေလွှတ်ကာ သူ့အား ထပ်၍ စိန်ခေါ်ခဲ့မည်သာ မဟုတ်ပါလော။

သို့သော် ယခုတွင်မူ ရေဘဝဲစိမ်းတပ်ရင်းမှာ သူတို့၏ တိုက်ခိုက်မှုများကို ယာယီခန့် ရပ်တန့်ထားတော့မည်ဖြစ်ကြောင်း ဝမ်ပေါင်လဲ့က မှတ်ယူလိုက်၏။ ဂိုဏ်းဆောင်ကြီး၏ စကားလုံးများမှာ အတိုင်းအတာတစ်ခုအထိ အကျိုးသက်ရောက်မှု ရှိနေသည်မဟုတ်ပါလော။ ထို့အပြင် လက်ရှိအခြေအနေတွင် ရေဘဝဲစိမ်းတပ်ရင်းအနေနှင့် ဝမ်ပေါင်လဲ့၏ စစ်တပ်အား ထိန်းချုပ်ခွင့်ရနိုင်အောင် ကြိုးစားနိုင်တော့မည် မဟုတ်ပေ။

ဤ တိုက်ပွဲကြီးထဲတွင် ရေဘဝဲစိမ်းတပ်ရင်းမှာ သူတို့၏ ပြိုင်ဘက်အား လျှော့တွက်မိခဲ့သည့်ပုံ ပေါ်ပါသော်လည်း လက်တွေ့တွင်မူ ထိုသို့ မဟုတ်ပေ။ သူတို့မှာ မြေတိမ်လွှာတပ်ရင်းအား ဝိညာဉ်သတ်ဖြတ်ခြင်းစွမ်းအားများကို ချုပ်တည်းနိုင်စွမ်းရှိသည့် ရတနာတစ်ခု ပေးခဲ့ရုံသာမက ဝိညာဉ်ကြားခံနယ်ထိပ်ဆုံးအဆင့် ကျင့်ကြံသူသုံးယောက်ကို စေလွှတ်ခဲ့သလို ဝိညာဉ်ကြားခံနယ်အဆင့် မန္တန်အစီအရင် ဆယ်ခုကျော်ကိုလည်း အသုံးပြုခဲ့သေးသည် မဟုတ်ပါလော။ သို့ဖြစ်ရာ နဂိုကတည်းက အဆင့်အတန်းတစ်ခုတွင် ရှိနေပြီးသား ဖြစ်သည့် မြေတိမ်လွှာတပ်ရင်းမှာ ပို၍ပင် အစွမ်းထက်လာခဲ့ရ၏။

တစ်ချိန်ထဲမှာပင် သူတို့မှာ လိုရမယ်ရအနေနှင့် ထာဝရဝိညာဉ်တစ်ပိုင်းအဆင့် ကျင့်ကြံသူနှစ်ယောက်ကိုလည်း စေလွှတ်ပေးခဲ့သည်။ သူတို့၏ နဂိုမူလ အကြံအစည်မှာ မတော်တဆမှုများ ပေါ်ပေါက်မလာနိုင်အောင် တားဆီးရန်ဖြစ်သလို ရေခဲဖီးနစ်ငှက်တပ်ရင်းအား စစ်ကူပို့ပေးနိုင်စွမ်းမရှိအောင် နှောင့်ယှက်ရန်လည်း ဖြစ်သည်။

ထိုကဲ့သို့သော ပြင်ဆင်မှုများကြောင့် မကြာသေးမီကမှ စတင်ဖွဲ့စည်းခဲ့သည့် စစ်တပ်တစ်ခုပင် မဆိုထားနှင့် ထိပ်ဆုံးအဆင့်နှစ်ဆယ်ထဲရှိ ဂိုဏ်းကြီးစစ်တပ်များပင်လျှင် သူတို့အား ခုခံတားဆီးနိုင်ရန် အခက်တွေ့နေရမည်ဖြစ်သည်။

သို့သော် နောက်ဆုံးတွင်မူ ဤတိုက်ပွဲကြီးထဲ၌ ရှုံးနိမ့်သွားခဲ့ရသည့် စစ်တပ်မှာ ရေဘဝဲစိမ်းတပ်ရင်း ဖြစ်ပေသည်။ တစ်ချိန်ထဲမှာပင် ထိုတိုက်ပွဲကြီးနှင့် ပတ်သက်သည့်သတင်းများ ပျံ့နှံ့သွားသောအခါ လုံနန်ကျစ်မှာ နတ်ဧကရာဇ် တရားမျှတမှုဂိုဏ်းထဲ၌ နောက်ထပ်တစ်ကြိမ်ထပ်၍ နာမည်ကျော်ကြားလာတော့သည်။

ထို့အပြင် လူများမှာ ဝိညာဉ်အက်ကွဲကြောင်းတပ်ရင်းအား ယှဉ်ပြိုင်တိုက်ခိုက်ရာတွင် နတ်ဘုရား တရားမျှတမှုဒိုင်းကာအား ချုပ်တည်းနိုင်စွမ်း မရှိပါက ထာဝရဝိညာဉ်အဆင့် ကျင့်ကြံသူတစ်ယောက်၏ အကူအညီအား ရရှိထားမှသာလျှင် အနိုင်ရနိုင်မည်ဖြစ်ကြောင်း နားလည်သွားကြတော့သည်။

ထိုကဲ့သို့သော အခက်အခဲများကြောင့် ရေဘဝဲစိမ်းတပ်ရင်းမှာ ယာယီခန့် လက်လျှော့ထားလိုက်ရတော့သည်။

ဤ တိုက်ပွဲကြီးထဲ၌ ဆုံးရှုံးခဲ့ရသည့် အရာများမှာ ရေဘဝဲစိမ်းတပ်ရင်းအတွက် ရေကြီးခွင်ကျယ် မဟုတ်ပေ။ ဝမ်ပေါင်လဲ့ အရှင်လက်လက်ဖမ်း ဆီးသွားခဲ့သော ထာဝရဝိညာဉ်တစ်ပိုင်းအဆင့် ကျင့်ကြံသူတစ်ယောက်သာလျှင် သူတို့အတွက် အရေးပါပေသည်။

နတ်ဧကရာဇ်တရားမျှတမှုဂိုဏ်း၏ စည်းမျဉ်းများအရဆိုလျှင် တိုက်ပွဲထဲ၌ ကူညီပေးရန် အခြားဂိုဏ်းများမှ စေလွှတ်ပေးလိုက်သည့် ကျင့်ကြံသူများအား စစ်သုံပန်းများအဖြစ် သတ်မှတ်၍မရပေ။ ထို့ကြောင့် သူတို့မှာ ထိုကျင့်ကြံသူအား ပြန်လည်ရရှိနိုင်သည်ဟု အတိုင်းအတာတစ်ခုအထိ ဆိုနိုင်ပေသည်။

ထို့ကြောင့် ဝမ်ပေါင်လဲ့မှာ ရေဘဝဲစိမ်းတပ်ရင်း၏ ကမ်းလှမ်းချက်များကို ရရှိလိုက်သောအခါ ကျေနပ်အားရသွားကာ တစ်ခဏမျှ စဉ်းစားတွေးတောလိုက်ပြီးနောက် တွေဝေတုံ့ဆိုင်းနေခြင်း မရှိဘဲ ထို ထာဝရဝိညာဉ်တစ်ပိုင်းအဆင့် ကျင့်ကြံသူအား သူတို့ဆီသို့ ပြန်ပေးရန် သဘောတူလိုက်၏။ တစ်ချိန်ထဲမှာပင် သူသည် မဟာတောင်ထိပ်ဂိုဏ်းအား လှမ်း၍ ဆက်သွယ်လိုက်ပြီး သူသည် မြေတိမ်လွှာဂိုဏ်းအား ရောင်းချချင်နေသည် ဖြစ်ကြောင်း သတင်းဖြန့်ခိုင်းလိုက်တော့သည်။

ထို ရောင်းချမှုမှာ ဂိုဏ်းငယ်လေးများ အတွက်သာမက ဂိုဏ်းကြီးများထဲမှ အချို့အတွက်ပင်လျှင် မက်လောက်စရာ ကောင်းပေသည်။ ထို့အပြင် နတ်သမီးလင်ယိုမှာ သူမ၏ အဆက်အသွယ်များအားလုံးကို အသုံးပြုခဲ့၏။ ထို့ကြောင့် နောက်ဆုံးတွင် ဝမ်ပေါင်လဲ့မှာ မြေတိမ်လွှာဂိုဏ်း တစ်ဂိုဏ်းလုံးအား ရောင်းချပြီး အဆုံးအစမရှိလောက်အောင် များပြားသော ငွေအရင်းအနှီးပမာဏတစ်ခုအား ရရှိသွားတော့သည်။

ဂိုဏ်းငယ်လေးများအားလုံးမှာ ထို ငွေပမာဏကြောင့် မနာလို ဖြစ်သွားရမည်သာ ဖြစ်သည်။ ထိပ်ဆုံးအဆင့်တွင် ရှိနေသည့် စစ်တပ်များမှလွဲ၍ အခြားဂိုဏ်းကြီးစစ်တပ်များအတွက်ပင်လျှင် ထို ငွေပမာဏမှာ လောဘတက်ချင်စရာ ကောင်းပေသည်။

ဝမ်ပေါင်လဲ့မှာ ထိုငွေအရင်းအနှီးများကို အသုံးပြုကာ သူ၏စစ်တပ်အား ပို၍ ပြီးပြည့်စုံလာအောင် တည်ဆောက်နိုင်မည်ဖြစ်သည်။ ဝိညာဉ်အက်ကွဲကြောင်းဂြိုဟ်အား ပြုပြင်မွမ်းမံလိုသည့် သူ၏ အစီအစဉ်ကိုလည်း အောင်မြင်စွာ အကောင်အထည်ဖော်ပြီးသွားပြီဖြစ်သည်။

ဝမ်ပေါင်လဲ့မှာ ထို ငွေအရင်းအနှီးအား ရရှိလိုက်ပြီးနောက် စစ်တပ်သုံး မန္တန်အစီအရင် အမြောက်အမြားကို ဝယ်ယူလိုက်၏။ သူ ၎င်းတို့အား တပ်ဆင်ပြီးသွားသောအခါ သူစိမ်းများ သူ၏ဂြိုဟ်ထဲသို့ ဝင်ရောက်လာနိုင်ရန်မှာ အလွန်အင်မတန်မှ ခဲယဉ်းသွားပြီဖြစ်သည်။

တစ်ချိန်ထဲမှာပင် ဝမ်ပေါင်လဲ့မှာ အကြီးစား ဓမ္မအဆောင်ပစ္စည်းပေါင်း မြောက်မြားစွာကို ဝယ်ယူခဲ့ပြီး ၎င်းတို့အား မြေပြင်ပေါ်၌ စီတန်းထားစေလိုက်၏။ အရေးအကြီးဆုံးအချက်မှာ ဝမ်ပေါင်လဲ့သည် ငွေအရင်းအနှီးများ ရရှိလာပြီးနောက် ရုပ်သေးရုပ်များ ထပ်၍ ဖန်တီးထုတ်လုပ်နိုင်ခဲ့သဖြင့် သူပိုင်ဆိုင်ထားသည့် စစ်သင်္ဘောအရေအတွက်မှာလည်း ပို၍ များလာခြင်းပင်။

ထို့အပြင်... သူသည် ဝူလေးဆီမှ ရရှိခဲ့သည့် ဖြုတ်ယူခြင်းနှင့် ကပ်ပါးကောင်အဖြစ် ပြန်လည်တပ်ဆင်ခြင်းပညာရပ်အား သူ၏ စစ်သင်္ဘောကြီးများပေါ်တွင်လည်း အတိုင်းအတာတစ်ခုအထိ အသုံးပြုထားသေးသည်။ ၎င်းမှာ ထို စစ်သင်္ဘောကြီးများ၏ ဝှက်ဖဲ ဖြစ်လာမည်ဖြစ်သလို သူ၏ လျှို့ဝှက်လက်နက်တစ်ခုလည်း ဖြစ်လာမည်ဖြစ်သည်။

ထိုသို့ဖြင့် အချိန်များကုန်လွန်သွားပြီး ဝမ်ပေါင်လဲ့မှာလည်း တိုက်ပွဲကြီးထဲမှ ရရှိခဲ့သည့် ငွေအရင်းအနှီးအားလုံး ကုန်သွားသည့်အထိ သုံးစွဲပြီးသွားချိန်တွင် နှစ်လတိတိ ကုန်ဆုံးသွားပြီဖြစ်သည်။ ထိုနှစ်လအတွင်းတွင် နတ်မျက်လုံးလူမှုအဖွဲ့အစည်းထဲ၌ မည်သည့် ကြီးကြီးမားမားကိစ္စရပ်ကြီးမှ ပေါ်ပေါက်လာခဲ့ခြင်း မရှိပေ။ ဂိုဏ်းကြီးသုံးဂိုဏ်းမှာ အချင်းချင်း အားပြိုင်နေကြဆဲဖြစ်ပြီး တော်ဝင်မိသားစုမှာလည်း အာဏာပြနိုင်ရန် လိုအပ်သည့် လှုပ်ရှားမှုများကို မကြာခဏဆိုသလို ပြုလုပ်နေဆဲပင်။

ဂိုဏ်းငယ်လေးများ၏ ကြားရှိ တိုက်ပွဲများမှာလည်း ဆက်လက်ဖြစ်ပွားနေဆဲ ဖြစ်သလို ခိုးဆိုးလုယက်မှုများကိုလည်း ပုံမှန်အတိုင်း ဆောင်ရွက်နေကြဆဲပင်။ တစ်ခုတည်းသော ခြားနားချက်မှာ ဂိုဏ်းကြီးများ၏ ပစ္စည်းများကို ခိုးယူသွားခဲ့သော တရားခံအား ရှာဖွေရန် တာဝန်ယူထားသည့် ပင်မဂြိုဟ်ပေါ်ရှိ စုံစမ်းရေးအဖွဲ့မှာ မည်သည့်သဲလွန်စကိုမှ ရှာမတွေ့ခဲ့သည့်အပြင် တော်ဝင်မိသားစုဘက်မှ ထပ်ခါတလဲလဲ ကန့်ကွက်နေခဲ့သောကြောင့် လက်လျှော့လိုက်ရသည့် အချက်ပင်။

ဝမ်ပေါင်လဲ့မှာ မဟာတောင်ထိပ်ဂိုဏ်းဆီမှတစ်ဆင့် ထိုအကြောင်းကို သိရှိလိုက်ရသောအခါ အထူးတလည် စိုးရိမ်ပူပန်နေခြင်းမရှိပေ။ သူသည် အာရုံစုစည်းထားလိုက်ပြီး ဖြုတ်ယူခြင်းနှင့် ကပ်ပါးကောင်အဖြစ် ပြန်လည်တပ်ဆင်ခြင်းပညာရပ်အား သူ၏စစ်သင်္ဘောကြီးများပေါ်၌ ဆက်လက် အသုံးပြုနေလိုက်တော့သည်။ သူ၏ စစ်သင်္ဘောကြီးများအားလုံးထဲသို့ ထိုပညာရပ်အား ထည့်သွင်းကာ လိုအပ်သည့် အတွင်းပိုင်းအမြုတေများကို တည်ဆောက်ပြီးသွားချိန်တွင် နဂိုတုန်းက အဆုံးအစ မရှိလောက်အောင် များပြားနေခဲ့သည့် သူ၏ ငွေအရင်းအနှီးများမှာ ပြောင်သလင်းခါသွားပြီ ဖြစ်ပြီသည်။

" ဈေးကြီးလိုက်တာနော် "

ဝမ်ပေါင်လဲ့မှာ ယခင်တုန်းကနှင့် မတူတော့ဘဲ အများကြီး ပြောင်းလဲသွားပြီဖြစ်သည့် ဝိညာဉ်အက်ကွဲကြောင်းဂြိုဟ်အား ကြည့်ရင်း သက်ပြင်းချလိုက်၏။ ထို့နောက် သူသည် နောက်ထပ်တစ်ကြိမ်ထပ်၍ နောင်တရသွားရပြန်သည်။ သူသည် အားအကုန်ထုတ်၍ မတိုက်ခိုက်ခဲ့သင့်ပေ။

" ဒီလို ဆက်လုပ်နေလို့ မဖြစ်ဘူး။ ငါ့ကို လာပြီးတော့စိန်ခေါ်တဲ့ ဂိုဏ်းငယ်လေး‌တွေ မရှိတော့ရင် ငါ့ရဲ့စစ်တပ်ကို ဘယ်လိုလုပ်ပြီးတော့ အဆင့်မြှင့်တင်လို့ ရတော့မှာလဲ " ဝမ်ပေါင်လဲ့မှာ မျက်မှောင်ကြုတ်သွားပြီး အချိန်အတော်အတန်ကြာအောင် အတွေးများထဲ၌ နစ်မျောသွား၏။ နောက်ဆုံးတွင် သူသည် အဖြေရှာမရဘဲ ဖြစ်နေသောကြောင့် အံသာကြိတ်မိလိုက်တော့သည်။

" ရှိပါစေတော့ကွာ။ ငါ့ကို ဂိုဏ်းငယ်လေးတွေက လာပြီးတော့ စိန်ခေါ်မှာ မဟုတ်တော့ဘူးဆိုတော့လည်း ငါက တခြားဂိုဏ်းကြီးစစ်တပ်တွေကို သွားပြီး စိန်ခေါ်ရတာပေါ့။ အဲလိုဆိုရင် ငါ ရနိုင်တဲ့ ပစ္စည်းပမာဏက အများကြီး ပိုနည်းနေမှာ ဆိုပေမဲ့ ဘာမှမရတာထက် စာရင်တော့ ပိုကောင်းပါသေးတယ် " ဝမ်ပေါင်လဲ့မှာ ထိုသို့ စဉ်းစားတွေးတောလိုက်ပြီးနောက် သူ၏ စစ်တပ်၏ အခြေအနေအား အကဲခတ်ကြည့်ရှုလိုက်၏။ ထို့နောက် သူသည် အဆင့်သတ်မှတ်ချက် စာရင်းထဲတွင် သူ၏အထက်၌ ရှိနေသည့် စစ်တပ်များအကြောင်းကို စတင်လေ့လာနေလိုက်တော့သည်။

အဘယ်ကြောင့်ဆိုသော် စိန်ခေါ်မှုတစ်ခု လုပ်လိုတိုင်း ငွေအရင်းအနှီးအမြောက်အမြား အကုန်ကျခံရမည် ဖြစ်သောကြောင့်ပင်။ ထို့ကြောင့် ဝမ်ပေါင်လဲ့မှာ သူပြန်လည်ရရှိနိုင်သည့် ငွေကြေးပမာဏအား ကြိုတင်မှန်းဆထားရန် လိုအပ်ပေသည်။ ထို့အပြင် သူသည် နတ်သမီးလင်ယိုဆီမှလည်း အကြံဉာဏ်များ တောင်းခံခဲ့သေး၏။ ထိုသို့ဖြင့် နောက်ဆုံးတွင် သူသည် ပစ်မှတ်တစ်ခု ရှာတွေ့သွားတော့သည်။

" နံပါတ်ဆယ့်ကိုး စစ်တပ် " ( မရှုပ်အောင်လို့ ဂိုဏ်းကြီးထဲက စစ်တပ်တွေကို အဆင့်ကနေ နံပါတ်လို့ ပြောင်းခေါ်လိုက်ပါမယ် )

ဝမ်ပေါင်လဲ့မှာ မျက်ဝန်းများ အရောင်လက်သွား၏။ နံပါတ်ဆယ့်ကိုး စစ်တပ်၏ အမည်မှာ ရွှေရေကန်တပ်ရင်း ဖြစ်ပေသည်။ ၎င်း၏ ခေါင်းဆောင်ကြီးမှာ ဝိညာဉ်ကြားခံနယ်ထိပ်ဆုံးအဆင့်တွင်သာ ရှိနေသေးသည့်တိုင်အောင် ထိုတပ်ရင်းထဲ၌ ဝိညာဉ်ကြားခံနယ်အဆင့် ကျင့်ကြံသူ ဆယ့်ခုနစ်ယောက်တိတိ ရှိနေ၏။

ထို့အပြင် ထိုစစ်တပ်၏ အားသာချက်မှာ ၎င်းတို့၏ စစ်သင်္ဘောကြီးများ ဖြစ်ပေသည်။ ၎င်းတို့မှာ တိုက်ခိုက်ရေးပိုင်းနှင့် ခုခံကာကွယ်ရေးအပိုင်း နှစ်ပိုင်းစလုံးတွင် အလွန်အင်မတန်မှ အစွမ်းထက်ကြ၏။ အရေးအကြီးဆုံးအချက်မှာ... နံပါတ်ဆယ့်ကိုး စစ်တပ်သည် ထိပ်ဆုံးအဆင့် စစ်တပ်ဖြစ်သည့် ရေဘဝဲတပ်ရင်း၏ တပ်ခွဲတစ်ခုကဲ့သို့ ဖြစ်နေခြင်း ဖြစ်သလို ၎င်းတို့နှင့် အဆက်အသွယ် အများကြီးရှိနေခြင်းပင်။

ထို့ကြောင့် ဝမ်ပေါင်လဲ့မှာ သူသည် ၎င်းတို့အား စိန်ခေါ်လိုက်မည်ဆိုပါက သူ၏ နတ်ဘုရားတရားမျှတမှုဒိုင်းကာ၏ အစွမ်းများကြောင့် ရီနျှန်ကျစ်မှာ စစ်မြေပြင်ထဲသို့ မဖြစ်မနေ ရောက်လာရမည်သာ ဖြစ်ကြောင်း ယုံကြည်ထား၏။

ဝမ်ပေါင်လဲ့သည် သူ၏ နတ်ဘုရားတရားမျှတမှုဒိုင်းကာမှာ သူ မှန်းဆထားသည့်အတိုင်း ထာဝရဝိညာဉ်အဆင့် ကျင့်ကြံသူတစ်ယောက်၏ စွမ်းအားများကို ငါးဆယ်ရာခိုင်နှုန်းတိတိ ပြန်လည်တုံ့ပြန်နိုင်စွမ်း ရှိမရှိ သိချင်နေ၏။ သို့‌သော်လည်း ထိုအစွမ်းအား မလိုအပ်ဘဲနှင့် ထုတ်မသုံးခြင်းမှာ အကောင်ဆုံး ဖြစ်ပေသည်။

" တကယ်လို့... ငါ့ရဲ့ နတ်ဘုရားတရားမျှတမှုဒိုင်းကာကို လုံးဝ အသုံးမပြုဘူး ဆိုရင်ရော။ ငါကိုယ်တိုင် သွားပြီးတော့ စိန်မခေါ်ဘဲ ငါ့ရဲ့ စစ်သင်္ဘောကြီးတွေကိုပဲ စေလွှတ်လိုက်မယ်ဆိုရင် ရေဘဝဲတပ်ရင်းက အဲဒီတိုက်ပွဲကြီးထဲမှာ ပါလာစရာအကြောင်းကို ရှိမှာမဟုတ်ဘူး " ဝမ်ပေါင်လဲ့မှာ မျက်လုံးများမှေးသွားကာ အတွေးများထဲတွင် နစ်မျောသွားပြီးနောက် ဆုံးဖြတ်ချက် ချလိုက်တော့သည်။ ဤ တိုက်ပွဲကြီး၏ အဓိကရည်ရွယ်ချက်မှာ သူ၏ ဖြုတ်ယူခြင်းနှင့် ကပ်ပါးကောင်အဖြစ် ပြန်လည်တပ်ဆင်ခြင်းပညာရပ်အား စမ်းသပ်ရန်သာဖြစ်ကြောင်း သူက သိထားပြီးဖြစ်သည်။

" ငါ အဲဒီပညာရပ်ကို အသုံးပြုလိုက်တာနဲ့ လူတွေက ချက်ချင်း သတိထားမိသွားကြမှာ။ ဒါပေမဲ့ ကိစ္စတော့ မရှိပါဘူး။ မဖြစ်မနေလိုလာရင် အချက်အလက် တချို့တဝက်ကို ထုတ်ပေးလိုက်ရုံပါပဲ။ တကယ် အရေးကြီးတဲ့ အချက်အလက်တွေကို ထိန်းသိမ်းထားနိုင်သရွေ့ ဘာမှ ဖြစ်မှာ မဟုတ်ဘူး။ ပြီးရင် ငွေအရင်းအနှီးတွေ ပြန်ရအောင် လဲလှယ်ရင် လဲလှယ်နိုင်ဦးမှာ "

" အဲလိုပဲ လုပ်တာပေါ့။ ငါ့ရဲ့ စစ်သင်္ဘောကြီးတွေ နတ်မျက်လုံး လူမှုအဖွဲ့အစည်းတွေက စစ်တပ်တွေကို ဘယ်လိုနည်းနဲ့ ယှဉ်ပြိုင်တိုက်ခိုက်မလဲဆိုတာ ကြည့်ရသေးတာပေါ့ကွာ " ဝမ်ပေါင်လဲ့မှာ ထိုသို့စဉ်းစားတွေးတော့လိုက်ပြီးနောက် တွေဝေမနေတော့ဘဲ စိန်ခေါ်ခွင့်ရရန် ချက်ချင်း တောင်းဆိုလိုက်တော့သည်။

ထို စစ်တပ်နှစ်ခုစလုံးမှာ ဂိုဏ်းကြီးစစ်တပ်များ ဖြစ်နေသောကြောင့် သတ်မှတ်ထားသည့် လိုအပ်ချက်များနှင့် ပြည့်စုံနေသရွေ့ ခွင့်ပြုချက် ရရှိမည်သာ ဖြစ်သည်။ ဝမ်ပေါင်လဲ့မှာ လိုအပ်ချက်များအားလုံးနှင့် ပြည့်စုံနေသည်ဖြစ်ရာ ထိုကဲ့သို့ တောင်းဆိုလိုက်သည့် နေ့တွင်ပင် ခွင့်ပြုမိန့် ရသွား၏။

" ဝိညာဉ်အက်ကွဲကြောင်းတပ်ရင်းက ရွှေရေကန်တပ်ရင်းကို စိန်ခေါ်လိုက်ပါပြီ။ ခြောက်နာရီနေရင် တိုက်ပွဲစပါမယ် "

ဝမ်ပေါင်လဲ့မှာ ထိုအကြောင်းကြားစာအား လက်ခံရရှိလိုက်ပြီးနောက် စိတ်ဓာတ်များတက်ကြွသွားကာ အပြင်ဘက်သို့ ပြေးထွက်သွားလိုက်ပြီး သူ၏လက်ကို ဝှေ့ယမ်းလိုက်၏။ ထိုအခါ သူ၏နောက်တွင် ရှိနေသော ဟင်းလင်းပြင်ကြီးထဲမှ ထစ်ချုန်းသံကြီးတစ်သံ ထွက်ပေါ်လာပြီး အနက်ရောင် စစ်သင်္ဘောကြီးများမှာ မြေကြီးအောက်မှ ပျံထွက်လာကြတော့သည်။ ၎င်းတို့၏ အရေအတွက်မှာ အစင်းရေ တစ်သောင်းနီးပါး ရှိနေ၏။ ထို စစ်သင်္ဘောကြီးများမှာ စစ်တပ်ကြီးတစ်ခုအဖြစ် အာကာသကြီးဆီသို့ တန်းတန်းမတ်မတ် ဦးတည်းပျံသန်းသွားကြတော့သည်။

အာကာသကြီးထဲတွင် ဝမ်ပေါင်လဲ့မှာ စိတ်ထဲ၌ တိုက်ပွဲနည်းဗျူဟာများကို အကဲဖြတ်သုံးသပ်နေရင်း တိုက်ပွဲကြီးစတင်မည့် အချိန်ကို စောင့်ဆိုင်းနေသည်။ သူသည် နတ်သမီးလင်ယိုအား မေးမြန်းထားပြီး ဖြစ်သောကြောင့် တိုက်ပွဲကြီး စတင်မည့်အချိန်တွင် စိန်ခေါ်သူများ၏ စစ်တပ်၏ အပြင်ဘက်တွင် တည်နေရာပြောင်းရွှေ့ခြင်း အက်ကွဲကြောင်းကြီးတစ်ခု ပေါ်ပေါက်လာမည်ဖြစ်ကြောင်း သိရှိထားပြီးသား ဖြစ်သည်။ ထို အက်ကွဲကြောင်းထဲသို့ ဝင်သွားလိုက်ရုံဖြင့် သူ၏ ပြိုင်ဘက်စစ်တပ်၏ စခန်းဆီသို့ သွားနိုင်မည်ဖြစ်သည်။

သို့ဖြစ်ရာ ယခုတွင် သူသည် စောင့်ဆိုင်းနေရုံပင်။

ထိုစဉ်တွင် နံပါတ်ဆယ့်ကိုး စစ်တပ်မှာလည်း သူတို့မှာ တိုက်ခိုက်ခံရတော့မည်ဖြစ်ကြောင်း အသိပေးသည့် အကြောင်းကြားစာအား လက်ခံရရှိလိုက်သည်။ သူတို့မှာ ဝိညာဉ်အက်ကွဲကြောင်းတပ်ရင်းအား လျှော့တွက်နေခြင်းမရှိဘဲ ရေဘဝဲစိမ်းတပ်ရင်းဆီမှ ညွှန်ကြားချက်များ တောင်းခံလိုက်၏။ နောက်ဆုံးတွင် ရေဘဝဲစိမ်းတပ်ရင်းမှာ ရီနျှန်ကျစ်အား စစ်မြေပြင်ထဲသို့သွားရန် စေလွှတ်လိုက်တော့သည်။

" ငါ တိုက်ပွဲထဲမှာ ဝင်ပါဖို့ အကြောင်းပြချက်တစ်ခုခုလိုတယ်။ အဲတာမလို့ မင်းတို့ရဲ့ တာဝန်က ငါ့အတွက် အဲဒီ အကြောင်းပြချက်တစ်ခု ဖန်တီးပေးဖို့ပဲ " ရွှေရေကန်တပ်ရင်းသို့ လာနေသည့် ရီနျှန်ကျစ်မှာ အေးစက်စက်လေသံဖြင့် ဆိုလိုက်၏။

All Chapters