ဘာလို့လဲ
Vol. 48 Ch. 660
မိုဝူကျိက မတ်တတ်ရပ်လိုက်သည်။ သူ့ရှေ့မှ လူအရေအတွက်အရ သူ့အလှည့် ကျရောက်ဖို့ရာ အမွေးတိုင် တစ်ဝက်စာ ကြာမြင့်ပေလိမ့်မည်။
ကျင့်ကြံသူ တစ်ယောက်အတွက် အမွေးတိုင်ဝက်စာမှာ မပြောပလောက်ပေ။ သို့သော်လည်း မိုဝူကျိက တစ်ယောက်ယောက် သူ့ကို စောင့်ကြည့်နေသလို ခံစားလာမိပြီး စိတ်ထဲ တင်းကျပ်လာမိသည်။
သို့သော် ခန်းမတစ်ခုလုံးကို စစ်ဆေးကြည့်ပြီးနောက် မည်သူမှ ကြည့်မနေကြောင်း အတည်ပြုလိုက်နိုင်သည်။
သူက အဆင့်မြန်မြန် တက်သွား၍ စိတ်အခြေအနေ မတည်မငြိမ် ဖြစ်နေတာများလား …
သို့သော် သူက ရေသဘာဝ အမြုတေကို လက်လျော့လိုက်ပြီးနောက် သူ့စိတ်အခြေအနေမှာ သိသိသာသာ တိုးတက်လာပေသည်။ သို့သော်လည်း အဘယ်ကြောင့် စိတ်မအေးသလို ခံစားနေရမှန်း မသိတော့ပေ။ မိုဝူကျိက သူ့အသွင်ပြောင်းဆေးလုံးပေါ်တွင် ယုံကြည်ချက် ရှိ၏။ တစ်ခုတည်းသော ဖြစ်နိုင်ချေမှာ မဟာဧကရာဇ်က သူ့အား ကြည့်နေခြင်းသာ ဖြစ်လိမ့်မည်။
သို့သော်လည်း မိုဝူကျိက ခေါင်းခါလိုက်မိသည်။ အကယ်၍ မဟာဧကရာဇ်က သူ့အား စိုက်ကြည့်နေလျှင် သူ့ကို မိုဝူကျိဟု မည်သို့များ ပြောနိုင်သနည်း။ တစ်ဖက်လူက သူ့လို စိတ်ဝိညာဉ်မျက်လုံး ဒါမှမဟုတ် တူညီသော နည်းလမ်း ရှိ၍သာ ဖြစ်လိမ့်မည်။
သို့သော် ဤသို့တိုက်ဆိုင်သည့် အခြေအနေမျိုး ရှိတယ်လား …..
သူ့တွင် စိတ်ဝိညာဉ်မျက်လုံး ရှိသော်လည်း အသက်သွင်းပြီးမှ အလုပ်လုပ်ခြင်း ဖြစ်၏။ မိုဝူကျိက သူ့ကိုယ်သူ တည်ငြိမ်အောင် ထိန်းလိုက်ရသည်။ မည်သို့ပင် ဆိုစေကာမူ သူ ကောင်းကောင်း ပြင်ဆင်ထားလေ၏။
“ နောက်က လူတွေ အစီအရင်ထဲ ဝင်ကြပါ ” ကူးသန်းရေး အစီအရင်ကို ထိန်းချုပ်နေသည့် ကျင့်ကြံသူ တစ်ယောက်က ကြေညာလိုက်သည်။ မိုဝူကျိက သူ့အလှည့် ရောက်လာကြောင်း သိလိုက်၏။
သူက ကျင့်ကြံသူတချို့နောက်မှ လိုက်သွားကာ အစီအရင်ထဲ ဝင်သွားလိုက်သည်။
ကောင်းကင်ချောက်ကမ်းပါးမြို့နှင့် တာ့ယီအင်မော်တယ်မြို့ကြားရှိ ကူးသန်းရေး အစီအရင်မှာ အဝေးကူသန်းရေး အစီအရင်အဖြစ် ယူဆ၍ ရပေသည်။ မိုဝူကျိ၏ ကျင့်ကြံဆင့်ဖြင့်ပင် အနည်းငယ် မသက်မသာ ခံစားနေရ၏။
သို့သော်လည်း ဤကူးသန်းရေး အစီအရင်အမြန်နှုန်းမှာ အတော်လေး မြန်ဆန်ပေသည်။ အသက်ရှိုက်စာ ဆယ်ကြိမ်လောက်အတွင်း မိုဝူကျိက မြေပေါ် ပြန်ရောက်လာကြောင်း ခံစားမိလိုက်သည်။ သူက တာ့ယီအင်မော်တယ်မြို့၏ ကူးသန်းရေး အစီအရင်ဆီ ရောက်နေပြီ ဖြစ်ကြောင်း သိလိုက်သည်။
တာ့ယီအင်မော်တယ်မြို့၏ ကူးသန်းရေး အစီအရင်ကို မြို့အပြင်ဘက်တွင် တည်ဆောက်ထား၏။ အဓိကအကြောင်းအရင်းမှာ လူရှုပ်လွန်းသောကြောင့် မြို့အတွင်း၌ ရှုပ်ထွေးကုန်မည်ကို စိုးရိမ်၍ ဖြစ်၏။
မိုဝူကျိ တစ်ယောက် ကူးသန်းရေး အစီအရင်ထဲမှ ထွက်လာသည်နှင့် စိတ်မအေးမှုက ပို၍ ပြင်းထန်လာသည်။ သူက တာ့ယီမြို့ဝင်ပေါက်ကို မော့ကြည့်လိုက်ပြီး အနည်းငယ် သံသယဝင်မိသွားသည်။
သူက တာ့ယီအင်မော်တယ်မြို့ကို တစ်ခါမှ မရောက်ဖူးသော်လည်း ဤနေရာမှာ အတော်လေး ငြိမ်နေဟန် ပေါ်၏။
သို့သော် မည်သို့ပင် ဆိုစေကာမူ မိုဝူကျိက စူးခရာအင်မော်တယ်မြို့ဟောင်းဆီ သွားရန် တာ့ယီအင်မော်တယ်မြို့ထဲ ဝင်ဖို့ လိုအပ်ပေသည်။
မိုဝူကျိက ခေါင်းခါလိုက်သည်။
သူက အရမ်းခံစားလွန်းအားကြီးနေတာလား ….
သူက အင်မော်တယ်ဧကရာဇ်နှင့် ရင်ဆိုင်လျှင်ပင် တာ့ဟွမ်ကို ထုတ်လိုက်သည်နှင့် တာ့ယီလိုမျိုး နေရာမှ ထွက်ပြေးလွတ်မြောက်နိုင်ပေလိမ့်မည်။
ဘာကိုများ စိုးရိမ်နေရမည်နည်း။
မိုဝူကျိက ထိုအတွေးဖြင့် စိတ်ကား သိသိသာသာ တည်ငြိမ်လာလေ၏။ သူ့ယခင် စိတ်မအေးမှုကား ဖြည်းဖြည်းချင်း ပျောက်ကွယ်သွားလေပြီ။
တာ့ယီအင်မော်တယ်မြို့တွင် ကောင်းကင်ချောက်ကမ်းပါးမြို့နှင့် ဆက်သွယ်ထားသော ကူးသန်းရေး အစီအရင် ရှိစဉ်မှ စ၍ ကျင့်ကြံသူများနှင့် ပြည့်နှက်နေလေ့ ရှိသည်။ မိုဝူကျိက လူအုပ်ကြား တိုးဝှေ့ရင်း တာ့ယီမြို့တွင်းသို့ ဝင်ရန် ပြင်လိုက်သည်။
အစိမ်းရောင်ဝတ်စုံနှင့် အမျိုးသမီးလေးက မြို့ပြင်သို့ ဖြည်းဖြည်းချင်း ထွက်လာရင်း သူမ မျက်နှာ၌ မျက်တွင်းဟောက်ပက် ကျနေလေ၏။ ထိုအမျိုးသမီးမှာ မျက်တွင်းကျနေသော်လည်း သူမ၏ လှပကြော့ရှင်းသော သွင်ပြင်က လူအုပ်ကြီး အာရုံကို ဆွဲဆောင်သွားလေ၏။ ထိုအမျိုးသမီးက အတွေးထဲ နှစ်မျှောနေသည့်အလား အသက်မဲ့စွာ လျှောက်လှမ်းလာသည်။ သူမက သတိပြု မခံချင်မိသော်လည်း မဖြစ်နိုင်ချေ။
ကျင်းရှန်းအဆင့်နှင့် လှပကြော့ရှင်းသော မိန်းမလှလေးက လူအုပ်ကြား လျှောက်လှမ်းလာသောကြောင့် တချို့ကျင့်ကြံဆင့် မြင့်သည့်သူများက သူမကို လာရောရန် ကြံနေကြသည်။
မိုဝူကျိက မြို့ဂိတ်ဆီ လျှောက်လာရင်း ထို အမျိုးသမီးလေးကို မြင်မြင်ချင်း သတိပြုမိလိုက်သည်။
ဟန်ချင်းရုလား ….
သူ့အနေနှင့် ဟန်ချင်းရုကို ဤသို့ အစွန်းအဖျားကျသည့် တာ့ယီအင်မော်တယ်မြို့၌ တွေ့ရလိမ့်မည်ဟု မထင်ထားပေ။
ဟန်ချင်းရုက ဘာလုပ်နေတာများလဲ ….
“ စီနီယာအစ်မချင်းရု ဒီမှာ ဘာလုပ်နေတာလဲ ” မိုဝူကျိက ဟန်ချင်းရုရှေ့ မြန်မြန် လျှောက်သွားရင်း ဟန်ချင်းရုဆီ စိတ်ဖြင့် လှမ်းပြောလိုက်သည်။
သူမက သူ့ကို တွေ့တွေ့ချင်း ထွက်ပြေးရန် ပြောရန် ကြံထားသော်လည်း မိုဝူကျိက သူမဆီ ချည်းကပ်လာသောအခါ သူမက အရမ်းတုံးအနေကြောင်း သိလိုက်သည်။ စိတ်စွမ်းအား တစ်ခုက သူမ ခန္ဓာကိုယ်ကို ရစ်ပတ်သွားလေ၏။ အကယ်၍ သူမက မိုဝူကျိကို ထွက်ပြေးဖို့ ပြောခဲ့လျှင် သူမအနေဖြင့် စကားတစ်လုံးပင် မပြောနိုင်ဘဲ ထိုစိတ်စွမ်းအား၏ ခြေမွခြင်းကို ခံရပေလိမ့်မည်။
ဟန်ချင်းရုက အသက်ပြင်းပြင်း ရှုလိုက်သည်။ သူမက မိုဝူကျိ သူမကို အင်မော်တယ်ဝင်ရိုး ဖွဲ့စည်းဖို့ရာအတွက် အင်မော်တယ်ဝင်ရိုးကျောက်များစွာ ပေးခဲ့သည်ကို ကျေးဇူးတင်နေဆဲ ဖြစ်၏။ သူမကျင့်ကြံဆင့်မှာ အမြန်ဆုံး မဟုတ်သော်လည်း သူမ တာအိုမှာ အဆင့်တူအတွင်း တခြားလူများထက် အားကောင်းပေသည်။ တခြားသော ကျင်းရှန်းအဆင့် ကျင့်ကြံသူများက ဤသို့မျိုး စိတ်စွမ်းအားကို သတိမထားမိလောက်ပေမဲ့ သူမအနေနှင့် ရှင်းရှင်းလင်းလင်း ခံစားမိနေသည်။
ဟန်ချင်းရုက ခြေလှမ်းအနည်းငယ် ပြန်ဆုတ်လိုက်ပြီး မိုဝူကျိနှင့် သူမကြားမှ အကွာအဝေးကို ခြားစေလိုက်သည်။ တစ်ချိန်တည်းတွင် သူမက လက်ကို မြှောက်လိုက်ပြီး မိုဝူကျိအား လက်ညိုးထိုးကာ ဒေါသတကြီး အော်ဟစ်ပြောတော့သည်
“ မိုဝူကျိ … မင်းက ကျေးဇူးတရားကို မသိတဲ့ အရူးပဲ။ မှော်ရတနာလေးအတွက်နဲ့ မင်းရဲ့ ကျေးဇူးရှင်နဲ့ အပြစ်ကင်းတဲ့သူတွေကို သတ်ပစ်ခဲ့တယ်။ ငါက မင်းလို လူမျိုးကို သိတာ စုံလုံးကန်းနေခဲ့တာပဲ ….
အားလုံး လာကြပါဦး ဒီလူက မိုဝူကျိပါ …. အသည်းနှလုံးမရှိ ရက်စက်လှတဲ့ ဆေးလုံးဆရာမိုက ရုပ်ပြောင်းထားတာပါရှင် …. ”
အချိန်တိုလေးအတွင်း ဟန်ချင်းရုက ထိုစကားများကို ပြောချလိုက်သည်။ သူမက ထိုစကားများကို ပြောပြီးနောက် ချွေးအေးများ ထွက်လာသည်။ သူမက ထိုကြောက်မက်ဖွယ် စိတ်စွမ်းအားမှာ သူမ ခန္ဓာကိုယ်ပေါ်တွင် မရှိတော့ကြောင်း သိလိုက်၏။ သူမက မြန်မြန် ပြောလိုက်သည့် အတွက်ကြောင့်လား ဒါမှမဟုတ် သတ်ပစ်လိုက်ခြင်းက မိုဝူကျိကို သတိပေးလိုက်သလို ဖြစ်သွားမည်ကို စိုးရိမ်နေခြင်းကြောင့်လား မသိပေ။
မိုဝူကျိလား …. အင်မော်တယ်လောကရဲ့ နံပါတ်တစ် ရာဇဝတ်ကောင်လား …..
အင်မော်တယ်လောက၌ မဟာဧကရာဇ်များနှင့် အင်မော်တယ်နယ်မြေများ၏ ကောင်းကင်ဧကရာဇ်များကို မသိကောင်း မသိနိုင်သော်လည်း စုရှီရန်ကို မသိကောင်း မသိနိုင်သော်လည်း နံပါတ်တစ် ရာဇဝတ်ကောင်ကို မည်သူမှ မသိဘဲ မနေပေ။
ထိုသူမှာ အကြင်နာမရှိ နှလုံးသားမဲ့ကာ ရက်စက်လှသည့် မိုဝူကျိသာ ဖြစ်၏။ သူ့အား ကယ်တင်ပေးခဲ့သည့် လင်းလုနန်အား သတ်ခဲ့ပြီး မဟာခွန်ဗုဒ္ဓ မီးအိမ်အတွက် တရားသူတော်စင်ကျောင်းမှ စုရှီတို့ ဆရာတပည့်ကိုပင် သတ်ပစ်ခဲ့သည်။ နဂါးမျိုးနွယ်စု ရတနာအတွက် သူ့က သူ့တွဲဖက်နှင့်အတူ နဂါးမျိုးနွယ်စုတစ်ခုလုံးကို အမြစ်ဖြတ် ရှင်းလင်းပစ်ခဲ့သည်။ သူ့တွဲဖက်မှာ ငြိမ်းချမ်းရေး ကျွန်းဆွယ်၏ ကျော့ဖျင်အန်း ဖြစ်ပေသည်။
ဤသို့မျိုး အကြင်နာမရှိ ရက်စက်သည့်သူက တာ့ယီအင်မော်တယ်မြို့ပြင်၌ ပေါ်လာလေ၏။
မိုဝူကျိဘေးမှ ကျင့်ကြံသူများမှာ ဘေးဖယ်လိုက်ကြပြီး မှော်ရတနာများ ဆွဲကိုင်ရင်း မိုဝူကျိအား သတိထားကာ ကြည့်လိုက်ကြသည်။
………………
“ ခွမ်း ” မြို့ဂိတ်ရှေ့မှ တည်းခိုဆောင်ထဲ ထိုင်နေရင်း ယီမင်ရှုက သေရည်ပုလင်းအား မြေကြီးပေါ် လွှင့်ပစ်လိုက်သည်။
“ အဲဒီမိန်းမက ဘယ်သူလဲ … မိုဝူကျိအကြောင်းကိုတောင် ထုတ်ဖော်ရဲတယ်လား ” ယီမင်ရှု မျက်ဝန်း၌ ဒေါသမီးတောက်များ တောက်လောင်နေဟန် ရှိသည်။
ဆယ်မီတာလောက်သာ လိုတော့၏။ ဆယ်မီတာလောက် လှမ်းလိုက်ရုံဖြင့် မိုဝူကျိက တာ့ယီအင်မော်တယ်မြို့တွင်း ရောက်တော့မည် ဖြစ်ပေသည်။ သူက လျှပ်စီးလို လူစားမျိုး ဖြစ်နေလျှင်ပင် လွတ်မြောက်နိုင်တော့မည် မဟုတ်ပေ။
သို့သော် ဆယ်မီတာအလိုတွင် ရပ်တန့်လိုက်ပေသည်။ အကယ်၍ သူသာ သာမာန်ကျင့်ကြံသူ ဖြစ်နေပါက ထားလိုက်၍ ရသော်လည်း မိုဝူကျိက သာမာန်ကျင့်ကြံသူ တစ်ယောက်လေလား …..
အကယ်၍ သူက မဟာအစီအရင်ထဲ မဝင်လျှင် မည်သူကမှ မိုဝူကျိကို ဖမ်းနိုင်လိမ့်မည်ဟု အသေအချာ မပြောရဲကြတော့ပေ။
“ ငါတို့တွေ သူမအကြောင်း ရှာပြီးသွားပြီ … သူမ နာမည်က ဟန်ချင်းရုတဲ့ ။ ယုံရင်အစွန်းအဖျားမှာတုန်းက မိုဝူကျိနဲ့ ပတ်သတ်ဖူးသေးတယ်။ ဒါပေမဲ့ အင်မော်တယ်လောကကို ရောက်လာပြီးတော့ နှစ်ယောက်လုံးက အဆက်အသွယ် မရှိကြတော့ဘူး။ ”အသက် ဆယ်ရှိုက်စာလောက်အတွင်း မိုဝူကျိနှင့် ဟန်ချင်းရုတို့ ပတ်သတ်ဆက်နွယ်မှုအကြောင်းမှာ ယီမင်ရှုလက်ထဲ ကျရောက်လာသည်။
လက်တွေ့၌ မိုဝူကျိ၏ သတင်းများကို စုံစမ်းထားပြီးသား ဖြစ်၏။ ယခု ဟန်ချင်းရုက မိုဝူကျိအား နဂိုသွင်ပြင်ဖြင့် တားဆီးလိုက်သောကြောင့် သူမအနေနှင့် အလွယ်တကူ မှတ်မိခံရနိုင်ပေသည်။
“ အဲဒီ မိန်းမက မိုဝူကျိ တာ့ယီမြို့ထဲ ဝင်တာကို တားနေတာလား ” လိန်ကူယွင် အသံ၌ ရက်စက်မှုများ ကိန်းအောင်းနေလေ၏။
လျှပ်စီးဂိုဏ်း၏ နံပါတ်တစ် အင်မော်တယ်ဧကရာဇ်မှာ မိုဝူကျိလက်ချက်ဖြင့် သေဆုံးသွားပြီ ဖြစ်ရာ မိုဝူကျိကို မသတ်ရမချင်း စိတ်မအေးနိုင်ပေ။
ကျယ်ပြောပင်လယ် အင်မော်တယ်ကျောင်း၏ အကြီးအကဲ ကျင်းယွီရှန်းလည်း မဟာဧကရာဇ် ဖြစ်ပေသည်။ သူက လိန်ကူယွင်လောက် စိတ်မမြန်ပေ။ ထို့အစား သူက အနည်းငယ် မှုန်မှိုင်းနေပေ၏။ ယီမင်ရှုနှင့် လိန်ကူယွင် စကားများကို ကြားသောအခါ ခေါင်းခါလိုက်ပြီး
“ အဲလို မဟုတ်မှာကို စိုးရိမ်မိတာ …. ”
အားလုံးက လှည့်ကြည့်သည်ကို မြင်ပြီး ကျင်းယွီရှန်းက ပြောလိုက်သည်
“ အားလုံးလည်း သေချာတွေးကြည့်ကြပါဦး။ ကျုပ်တို့တွေ မဟာအစီအရင် တပ်ဆင်ဖို့ ပူးပေါင်းတာ ဘယ်တုန်းကလဲ။ လေးနာရီတောင် မရှိသေးဘူးလေ။
ဟန်ချင်းရုက ဘယ်သူလဲ။ သူမက ကျင်းရှန်းအဆင့်ပဲ ရှိသေးတာ ဒီကိစ္စတွေကို ဘယ်လိုလုပ် သိနိုင်မှာလဲ ”
“ ကျုပ် နားလည်ပြီ။ ကျုပ်တော့ မလိုအပ်တာတွေ လုပ်မိတော့မလို့ပဲ ” ယီမင်ရှုက သူ့မျက်ခုံးကြားသူ ပွတ်ကာ ပြောလိုက်သည်။
ကျင်းယွီရှန်းက ခေါင်းညိတ်ပြလိုက်ပြီး
“ အစ်ကိုမင်ရှု ပြောတာ မှန်တယ်။ အခု အင်မော်တယ်လောကရဲ့ အဆိုးဆုံး ဂုဏ်သတင်းရှိတာ ဘယ်သူလဲ … မိုဝူကျိပဲလေ … သူ့ကျေးဇူးရှင်ကိုရော၊ စုရှီကိုရော သတ်ပစ်လိုက်တာ ပြီးတော့ နဂါးမျိုးနွယ်စုတောင် ပါသေးတယ်။ မဟာဧကရာဇ် လွန်ချိုက်လို အဆင့်မြင့် ကျင့်ကြံသူက အကူအညီတောင်းတာကို ကူညီမဲ့အစား လွန်ချိုက်ရဲ့ ကိုယ်လုပ်တော် သေတာကိုပဲ မြင်နေချင်တာ ….
သူ့မိတ်ဆွေတွေလည်း ဒီလိုလူမျိုးနဲ့ မနေချင်တာ မဆန်းပါဘူး။ ပြီးတော့ အစ်ကိုမင်ရှု စောစောက ပြောသလိုပဲ အဲဒီလို လူမျိုးက အင်မော်တယ်လောကမှာ ခြေကုပ်နေရာ မရသင့်ဘူး ”
မိုဝူကျိက အင်မော်တယ်လောကတွင် ခြေကုပ်နေရာ မရရှိကြောင်းမှာ ယီမင်ရှုကြောင့် ဖြစ်ပေသည်။ ယခင် သူတို့က မိုဝူကျိ လွတ်မြောက်သွားပြီ ဖြစ်ကြောင်း သိသည့်အခါ သူက မိုဝူကျိ၏ သတင်းအချက်အလက်များကို စုစည်း၍ မကောင်းကြောင်းများ လွှင့်လိုက်ခြင်း ဖြစ်၏။
ပြောရမည်ဆိုလျှင် အင်မော်တယ်လောကရှိ မည်သူကမှ မိုဝူကျိနှင့် မိတ်ဆွေဖြစ်ရန် မလိုလားကြတော့ပေ။ ဟန်ချင်းရု၏ အပြုအမူများက အကျိုးအကြောင်း သင့်ပေသည်။
ထိုသို့ပြောပြီးနောက် ကျင်းယွီရှန်းက ခဏတာ ရပ်သွားပြီး
“ မိုဝူကျိ အဲဒီအပြင်ဘက်က ပါးမွှားတွေ သတ်ပြီးတဲ့အချိန်ကျ တာ့ယီမြို့ထဲ ဝင်လာဦးမှာပဲ။ အဲလိုလူမျိုးက ကန့်သတ်ချက်တွေ ဘာတွေ သိတာ မဟုတ်ဘူး။ တာ့ယီမြို့ကို စိတ်ထဲ ထည့်မှာ မဟုတ်ဘူး။ အဲကြောင့် သူ့ကို သတိပေးသလို ဖြစ်သွားစေတာမျိုး မလုပ်ကြတာ အကောင်းဆုံးပဲ …. ”
“ အစ်ကိုကျင်း ပြောတာ မှန်တယ်။ ကျုပ်တို့တွေ ဆက်စောင့်နေသင့်တယ်။ တကယ်လို့ မိုဝူကျိက တာ့ယီမြို့ထဲ ဝင်မလာတော့ရင် ဒုတိယမြောက် အကြံကို ဆက်လုပ်ကြတာပေါ့ ” ယီမင်ရှုက ခေါင်းညိတ်ပြလိုက်သည်။ တာ့ယီမြို့မှာ အင်မော်တယ်နယ်မြေ အစွန်းဘက်တွင် တည်ရှိလေရာ မိုဝူကျိက အင်မော်တယ်အရုပ် ရှိနေသေး၏။ အကယ်၍ သူ့ကို သတိပေးလိုက်သလို ဖြစ်သွားလျှင် အမှန်တကယ် ထွက်ပြေးသွားလိမ့်မည်။
………………
မိုဝူကျိ မျက်နှာမှာ အေးစက်နေသည်။ သူက ရပ်ကာ ဟန်ချင်းရုအား ကြည့်လိုက်သည်။ သူ့အရင်ဘဝ၌ သူ့ချစ်သူ၏ လုပ်ကြံမှုကို ခံခဲ့ရသည်။
ဘယ်လိုများ နောက်တစ်ကြိမ် ထပ်ဖြစ်လာရတာလဲ …
သူက ဟန်ချင်းရုကို ထိုသို့လူစားမျိုးဟု မထင်ထားသော်လည်း အမှန်တရားကား သူ့ရှေ့မှောက်၌ ရှိနေသည် မဟုတ်ပါလော။ ထို့အပြင် သူက လက်ရှိအခြေအနေ၌ နာမည် အစွန်းအထင်းဖြစ်နေခြင်းမှာ သူ ကောင်းကင်ချောက်ကမ်းပါးမြိုတွင် ရှိစဉ် တစ်ယောက်ယောက်က သူ့အကြောင်း သွားပုတ်လေလွှင့်များ လျှောက်ဖွထားသည်ကို ခံစားမိ၏။
မိုဝူကျိက တစ်ဖက်လူ သူ့အကြောင်း မည်မျှ မကောင်းကြောင်း ပြောနေစေကာမူ ဂရုမစိုက်ပေ။ သို့သော် ဟန်ချင်းရုက သူ့အကြောင်းကို ထုတ်ဖောက်လိုက်သည်မှာ သူ့နှလုံးသားအား အေးစက်သွားစေသည်။
မည်သည့်အမြင်ရှုထောင့်မှ ကြည့်စေကာမူ သူ့အနေနှင့် ဟန်ချင်းရု ထိခိုက်စေမည့်အရာမျိုး မလုပ်ဖူးပေ။ ထို့အပြင် ဟန်ချင်းရုက သူ့ကို အကြွေးရှိနေသေးသည် မဟုတ်ပါလော။
သို့သော် ယနေ့၌ ဒုတိယ ရှားရိုယင်အား မြင်တွေ့လိုက်ရသည်။ ဟန်ချင်းရုက သူ့တာအိုလက်တွဲဖော် မဟုတ်သော်လည်း ယုံကြည်ရသော မိတ်ဆွေ ဖြစ်ပေသည်။ သူတို့၏ ဆက်ဆံရေးမှာ မောင်နှမကဲ့သို့ ဖြစ်သောကြောင့် တာအိုလက်တွဲဖော်နှင့် ဘာများ ကွာခြားမည်နည်း။
“ဘာလို့လဲ ” မိုဝူကျိက ထိုစကားကို ရေရွတ်လိုက်ရင်း သူ့လက်မှာ အနည်းငယ် တုန်ယင်လာမိသည်။
ထိုစကားကို ပြောပြီးနောက် ရှားရိုယင် သူ့အာ လုပ်ကြံခဲ့သည့် မြင်ကွင်းကို ပြန်လည်မြင်ယောင်လာမိ၏။ သူ မသေခင် ဤစကားမျိုး ပြောခဲ့ဖူးလေသည်။
ကံမကောင်းစွာဖြင့် အဖြေ ရမလာခဲ့ပေ။ ယခုတွင်လည်း အဖြေ ရရှိဦးမည်လား …..