← Chapters

သူတို့ကို ခြောက်လှန့်ကြည့်တာပေါ့

Vol. 58 Ch. 794

သူတို့ကို ခြောက်လှန့်ကြည့်တာပေါ့

Vol. 58 Ch. 794

ဝမ်ပေါင်လဲ့သည် ရွှေရေကန်တပ်ရင်းမှာ စစ်ကူများ ခေါ်ထားလိမ့်မည်ဖြစ်ကြောင်း ခန့်မှန်းထားပြီးသား ဖြစ်၏။ ထို့ကြောင့် သူသည် အသေးစိတ် အချက်အလက်များကို သိရှိမထားသည့်တိုင်အောင် ဤတိုက်ပွဲကြီးထဲ၌ ထာဝရဝိညာဉ်အဆင့် ကျင့်ကြံသူတစ်ယောက်သာ ပါဝင်လာမည်ဆိုပါက သူသည် လုံးဝ အနိုင်ရနိုင်မည်မဟုတ်ကြောင်း သိထားသည်။

" အဲတော့ အဓိက သော့ချက်က... ပြိုင်ဘက်တွေကို တိုက်ပွဲထဲ ဝင်ခွင့် မပေးဖို့ပဲ " ဝမ်ပေါင်လဲ့မှာ ဝိညာဉ်အက်ကွဲကြောင်းဂြိုဟ်၏ အပြင်ဘက်တွင်ရပ်ကာ တိုက်ပွဲကြီးစတင်မည့်အချိန်ကို စောင့်ဆိုင်းနေရင်း သူ၏စိတ်ကူးထဲ၌ တိုက်ပွဲကြီးအား ပုံဖော်နေတော့သည်။ ထိုအချိန်တွင် သူ၏ရှေ့ရှိ အာကာသကြီးမှာ တွန့်လိမ်ပုံပျက်လာသောကြောင့် သူသည် မျက်ဝန်းများ အေးစက်စွာတောက်ပသွား၏။ ထို့နောက် တုန်ခါမှုလှိုင်းများ ပျံ့နှံ့လာပြီး ဧရာမအက်ကွဲကြောင်းကြီးတစ်ခု ရုတ်တရက်ဆိုသလို ပေါ်ပေါက်လာတော့သည်။

အစတွင် ထို အက်ကွဲကြောင်းကြီးမှာ ဒဏ်ရာကြီးတစ်ခုနှင့် တူနေပါသော်လည်း တဖြည်းဖြည်းနှင့် အရွယ်အစားကြီးမားလာပြီး နောက်ဆုံးတွင် စက်ဝိုင်းကြီးတစ်ခုကဲ့သို့ ဖြစ်သွား၏။ ထို့ကြောင့် ၎င်းမှာ အရားအားလုံးကို ဝါးမျိုပစ်နိုင်စွမ်း ရှိနေသည့် ဧရာမ ပါးစပ်ပေါက်ကြီးတစ်ပေါက်နှင့် တူနေသလို အာကာသတွင်းနက်ကြီး တစ်ခုနှင့်လည်း တူနေသည်။ ထို အက်ကွဲကြောင်းထဲမှ ဝဲတစ်ခု ထွက်ပေါ်လာပြီး အဆက်မပြတ် လည်ပတ်နေသောကြောင့် ဘေးပတ်ပတ်လည်ရှိ ဟင်းလင်းပြင်ကြီးမှာလည်း တွန့်လိမ်ပုံပျက်စ ပြုလာတော့သည်။

ထိုမြင်ကွင်းကြောင့် ဝမ်ပေါင်လဲ့မှာ မျက်လုံးများမှေးသွားပြီး နတ်မျက်လုံး လူမှုအဖွဲ့အစည်း၏ စွမ်းအားများကို ပို၍နားလည်လာရတော့သည်။

" နတ်မျက်လုံး လူမှုအဖွဲ့အစည်းနဲ့ ယှဉ်လိုက်ရင် ပြည်ထောင်စုကြီးက အများကြီး နိမ့်ကျနေသေးတယ် " ဝမ်ပေါင်လဲ့မှာ ထိုသို့တွေးမိလိုက်ပြီး မျက်လုံးများ မှေးသွား၏။ ထိုအခိုက်အတန့်တွင် သူသည် သူ၏ ဂိုဏ်းတူအစ်ကိုကြီးချန်ရှင်း ပြောခဲ့ဖူးသည့် လူမှုအဖွဲ့အစည်းတစ်ခု၏ အဆင့်အတန်းကို မြှင့်တင်နိုင်ရာ၌ ကူညီပေးနိုင်သည့် ဖြတ်လမ်းတစ်လမ်းအကြောင်း ပြန်၍ သတိရသွားတော့သည်။

" လူမှုအဖွဲ့အစည်းတစ်ခု ရှိနေတဲ့ ထာဝရကြယ်ကို အားဖြည့်ပြီးတော့ တခြား ထာဝရကြယ်တစ်လုံးကို ဝါးမျိုခိုင်းရမှာ... အဲတာဆိုရင် အဲဒီ လူမှုအဖွဲ့အစည်းရဲ့ အရည်အသွေးက သိသိသာသာ တိုးတက်လာမှာပဲ "

ဝမ်ပေါင်လဲ့မှာ သူတို့နှစ်ယောက် အပြန်အလှန်ပြောခဲ့ဖူးသည့် စကားများကို ပြန်လည်စဉ်းစားတွေးတောရင်း တစ်ခဏမျှ နှုတ်ဆိတ်သွား၏။ သူ ခေါင်းပြန်မော့လာချိန်တွင် မျက်ဝန်းများထဲ၌ မီးတောက်များ တောက်လောင်နေပြီဖြစ်သည်။ ထို့နောက် သူသည် စိတ်ကိုတည်ငြိမ်အောင်ထားကာ ညာဘက်လက်ကိုမြှောက်၍ ဝှေ့ယမ်းလိုက်၏။ ထိုအခါ ထောင်ပေါင်းများစွာသော စစ်သင်္ဘောများထဲ၌ ရှိနေကြသည့် ရုပ်သေးရုပ်များမှာ မျက်ဝန်းများ အရောင်တောက်ပလာတော့သည်။ သူတို့မှာ ဝမ်ပေါင်လဲ့၏ အသိစိတ်အတိုင်း စစ်သင်္ဘောကြီးများကို ထိန်းချုပ်လိုက်ကြသဖြင့် ထိုစစ်သင်္ဘောကြီးများဆီမှ ထစ်ချုန်းသံများ စတင်ထွက်ပေါ်လာ၏။ ထို့နောက် ၎င်းတို့အားလုံးမှာ ဝဲကြီးဆီသို့ တန်းတန်းမတ်မတ် ဦးတည်သွားကြတော့သည်။

ထို စစ်သင်္ဘောကြီးများ ဝဲကြီးထဲသို့ တစ်စင်းပြီးတစ်စင်း ဝင်ရောက်သွားကြပြီးနောက် ဝမ်ပေါင်လဲ့မှာလည်း ထိုဝဲကြီးထဲသို့ ဝင်သွားလိုက်၏။ သူ၏ အမြင်အာရုံများ ဝေဝါးသွားပြီး ပြန်လည်ကြည်လင်လာသည့် အချိန်တွင် သူသည် ဝိညာဉ်အက်ကွဲကြောင်းဂြိုဟ်ပေါ်တွင် ရှိမနေတော့ဘဲ ရွှေရေကန်တပ်ရင်း ရှိရာ ဂြိုဟ်ဆီသို့ ရောက်ရှိနေပြီဖြစ်သည်။

ရွှေရေကန်တပ်ရင်း၏ စခန်းမှာ ဝိညာဉ်အက်ကွဲကြောင်းတပ်ရင်း၏ စခန်းကဲ့သို့ ဂြိုဟ်ငယ်လေးတစ်လုံးဖြစ်သည်။ သို့သော် ထိုဂြိုဟ်နှစ်လုံး၏ အရွယ်အစားများနှင့် ပိုင်ဆိုင်ထားကြသည့် ဝိညာဉ်ချီ ပမာဏများမှာ သိသိသာသာ ကွဲပြားခြားနားနေသည်။ ဝိညာဉ်အက်ကွဲကြောင်းဂြိုဟ်ပေါ်ရှိ ဝိညာဉ်ချီများမှာ နည်းပါးပြီး ရွှေရေကန်တပ်ရင်း၏ ဂြိုဟ်ပေါ်ရှိ ဝိညာဉ်ချီများမှာမူ ပေါကြွယ်ဝနေ၏။

ထို့အပြင် ဤဂြိုဟ်မှာ ဝိညာဉ်အက်ကွဲကြောင်းဂြိုဟ်ထက် ဆယ်ဆတိတိ ပို၍ ကြီးမားသည့်အပြင် စိမ်းလန်းစိုပြည်သည့် သစ်ပင်ပန်းမန်များဖြင့်လည်း ပြည့်နှက်နေသေးသည်။ ၎င်း၏ အသက်စွမ်းအားမှာ အလွန်အင်မတန်မှ အားကောင်းနေသလို ၎င်း၏ ကြယ်တာရာရင်းမြစ်မှာလည်း သာမန်ဂြိုဟ်ငယ်တစ်လုံး ပိုင်ဆိုင်ထားနိုင်သည့် ပမာဏထက် ပိုများနေ၏။

သို့ဖြစ်ရာ ရွှေရေကန်တပ်ရင်းမှာ အချိန်ကုန် ငွေကုန်ခံ၍ ဤဂြိုဟ်အား ယခုကဲ့သို့ ပြုပြင်မွမ်းမံထားရခြင်း ဖြစ်ရပေမည်။ ထို့ကြောင့် ဤ ဂြိုဟ်ငယ်လေးမှာ နတ်မျက်လုံး လူမှုအဖွဲ့အစည်းထဲရှိ ဂြိဟ်ကြီးများ၏ စာရင်းထဲတွင် မပါသည့်တိုင်အောင် ရှားပါးအဆင့်အတန်းဝင် ဂြိုဟ်တစ်လုံးအဖြစ် သတ်မှတ်၍ ရပေသည်။

ဝမ်ပေါင်လဲ့ ပေါ်ပေါက်လာသည်နှင့် တစ်ပြိုင်နက် ရွှေရေကန်တပ်ရင်းထဲရှိ ဝိညာဉ်ကြားခံနယ်ထိပ်ဆုံးအဆင့် ခေါင်းဆောင်ကြီးများ၏ အငွေ့အသက်များမှာ ပေါက်ကွဲထွက်ပေါ်လာကြ၏။ ထို့အပြင် သူတို့မှာ အလယ်အလတ်အဆင့် မန္တန်အစီအရင်များကို အသုံးပြုကာ အငွေ့အသက်များကို စုစည်းလိုက်ကြ၏။ တစ်ချိန်ထဲမှာပင် အနည်းဆုံး အစင်းရေ တစ်သောင်းအထိရှိသည့် စစ်သင်္ဘောကြီးများမှာ ထစ်ချုန်းသံများနှင့်အတူ ကောင်းကင်ပေါ်သို့ ဖြည်းဖြည်းချင်း ပျံတက်လာနေကြပြီ ဖြစ်သည်။ ဧရာမ ဓမ္မအဆောင်ပစ္စည်းပေါင်း မြောက်မြားစွာမှာလည်း အာကာသကြီးထဲ၌ ပေါ်ပေါက်လာသည့် ဝမ်ပေါင်လဲ့အား ချိန်ရွယ်ထားကြပြီဖြစ်သည်။

သူတို့မှာ ရေကုန်ရေခန်း တိုက်ခိုက်ကြတော့မည်ဖြစ်သလို သူတို့၏ သတ်ဖြတ်လိုစိတ်များမှာလည်း အလွန်အင်မတန်မှ အားကောင်းနေကြ၏။

ထို့အပြင် အစိမ်းရောင် အကာအရံတစ်ခုမှာလည်း အရပ်မျက်နှာအနှံ့သို့ ပျံ့နှံ့သွားပြီးနောက် ဂြိုဟ်ကြီးတစ်ခုလုံးအား လွှမ်းခြုံသွား၏။ ထို အကာအရံကြီးကြောင့် ဘေးပတ်ပတ်လည်ရှိ အာကာသကြီးမှာ တွန့်လိမ်ပုံပျက်နေရပြီး မှုန်ဝါဝါး ဖြစ်နေတော့သည်။

" ရွှေရေကန်တပ်ရင်း " ဝမ်ပေါင်လဲ့မှာ အက်ကွဲကြောင်းကြီးထဲမှ ထွက်လာပြီးနောက် ရွှေရေကန်ဂြိုဟ်အား စိုက်ကြည့်နေရင်း မျက်ဝန်းများ အရောင်တောက်ပလာ၏။ သူသည် ထာဝရဝိညာဉ်အဆင့် ကျင့်ကြံသူများနှင့် ထာဝရဝိညာဉ်တစ်ပိုင်းအဆင့် ကျင့်ကြံသူများ၏ အငွေ့အသက်များကို အာရုံမခံမိသည့်တိုင်အောင် သူတို့၏ ဟန်ဆောင်မှုများကြောင့် လှည့်စားခံရမည့် လူစားမျိုးမဟုတ်ပေ။ ထို့ကြောင့် သူသည် သူ၏ နဂိုမူလ အစီအစဉ်အတိုင်း ညာဘက်လက်ကိုမြှောက်ကာ လက်ညှိုးထိုးလိုက်တော့သည်။

" အရင်ဆုံး သူတို့ကို ကြောက်အောင် ခြောက်လှန့်ကြည့်ဝာာပေါ့ "

ထိုအခါ သူ၏ ပတ်ပတ်လည်တွင် ရှိနေသည့် စစ်သင်္ဘောကြီးများထဲမှ အချို့မှာ မီးလောင်နေသကဲ့သို့ ချက်ချင်းဆိုသလိုပင် နီမြန်းသွားကြပြီး ရှေ့သို့ အရှိန်အဟုန်ဖြင့် ပျံထွက်သွားကြ၏ ၎င်းတို့မှာ ရွှေရေကန်ဂြိုဟ်၏ အကာအရံကြီးဆီသို့ တန်းတန်းမတ်မတ် ဦးတည်သွားနေခြင်းဖြစ်သည်။

ထို စစ်သင်္ဘောကြီးများ ပျံထွက်သွားကြသောအခါ ၎င်းတို့ထဲမှ အံသြတုန်လှုပ်ဖွယ်ရာကောင်းသော အငွေ့အသက်တစ်မျိုး ထွက်ပေါ်လာ၏။ အကယ်၍ သေသေချာချာကြည့်ရှုလိုက်မည်ဆိုပါက ထိုစစ်သင်္ဘောကြီးများထဲတွင် ထိုကဲ့သို့သော ပေါက်ကွဲမှုပြင်းအားများကို တောင့်ခံနိုင်စွမ်း မရှိသည့်ပုံပေါ်သော စစ်သင်္ဘော အစင်းရေပေါင်းမြောက်မြားစွာ ရှိနေသည်ကို မြင်နိုင်ပေသည်။ ထို့ကြောင့် ထို စစ်သင်္ဘောကြီးများပေါ်တွင် အက်ကွဲကြောင်းများပေါ်ပေါက်လာပြီး ၎င်းတို့မှာ ပေါက်ကွဲပျက်စီးသွားတော့မည့်ပုံ ပေါက်နေ၏။

ထို အဖြစ်အပျက်အားလုံးမှာ မြန်ဆန်လွန်းနေ၏။ တစ်အောင်ခန့်အကြာတွင် ထို စစ်သင်္ဘောကြီးများမှာ ရွှေရေကန်တပ်ရင်း၏ အကာအရံကြီးအား ထိပ်တိုက် ဝင်တိုက်သွားသဖြင့် ထစ်ချုန်းသံများ ချက်ချင်းဆိုသလိုပင် ထွက်ပေါ်လာ၏။ ထို့နောက် မိုးကောင်းကင်နှင့် ကမ္ဘာမြေကြီးတို့ကိုပင် တုန်ရီသွားစေနိုင်သည့် ဆူညံသံများ ပေါက်ကွဲထွက်ပေါ်လာပြီး အကာအရံကြီးမှာလည်း ပျက်စီးသွားတော့သည်။ ထို့နောက် ၎င်း၏ထိပ်မှ မန္တန်အလင်းရောင်များ ထိုးထွက်လာပြီး အရပ်မျက်နှာအနှံ့သို့ ပျံ့နှံ့သွား၏။ အဝေးမှ ကြည့်လိုက်မည်ဆိုပါက ထိုအကာအရံကြီး၏ အပြင်ဘက်ဆုံးရှိ အလွှာတစ်လွှာမှာ ခွာချခံလိုက်သကဲ့သို့ပင်။

စစ်သင်္ဘောကြီးများထဲမှ အများစုမှာ ပေါက်ကွဲပျက်စီးသွားကြပြီဖြစ်ပြီး အကျိုးအပဲ့ အပျက်အစီးများအဖြစ် ပြောင်းလဲသွားကြပြီဖြစ်သလို အချို့မှာမူ ချက်ချင်းဆိုသလိုပင် ပြာကျသွားကြ၏။ ထို့အပြင် ပုံစံမပျက်မယွင်း ရှိနေသေးသည့် စစ်သင်္ဘောကြီးများလည်း ရှိနေသေးသည့်တိုင်အောင် ၎င်းတို့၏ အတွင်းပိုင်းများမှာ အများကြီး ထိခိုက်ပျက်စီးသွားကြပြီ ဖြစ်ရာ ၎င်းတို့မှာ အမှိုက်သာသာအဆင့်တွင်သာ ရှိတော့ပေသည်။

" သူတို့ရဲ့ ကာကွယ်ရေးနည်းစနစ်တွေက သာမန်အဆင့်ပါပဲ။ ဒါပေမဲ့ ငါ့ရဲ့ အစီအစဉ် အလုပ်ဖြစ်နိုင်ဖို့အတွက် ရွှေရေကန်တပ်ရင်းရဲ့ စစ်သင်္ဘောကြီးတွေကို အပြင်ဘက်အထိ ပျံထွက်လာအောင် လုပ်ဖို့လိုသေးတယ် ... " ဝမ်ပေါင်လဲ့မှာ ထိုသို့တွေးကာ မျက်လုံးများ မှေးသွားပြီး သူ၏ ညာဘက်လက်ကိုမြှောက်၍ ဝှေ့ယမ်းလိုက်ပြန်သည်။ ထိုအခါ သူ၏ ဘေးပတ်ပတ်လည်တွင် ရှိနေကြသည့် ထောင်ပေါင်းများစွာသော စစ်သင်္ဘောကြီးများမှာ အရှိန်မြှင့်တင်လိုက်ကြပြီး သူ၏ရှေ့၌ စနစ်တကျ စုဝေးလိုက်ကြသဖြင့် ဧရာမ စက်လုံးကြီးတစ်လုံးပုံစံ ပြောင်းလဲသွားတော့သည်။ ၎င်းမှာ ဝမ်ပေါင်လဲ့အား လွှမ်းခြုံသွားပြီးနောက် အမြန်ဆုံးသော အရှိန်ဖြင့် ရွှေရေကန်ဂြိုဟ်ဆီသို့ တန်းတန်းမတ်မတ် ဦးတည်လာနေပြီ ဖြစ်သည်။

ထို စက်လုံးကြီး၏ အငွေ့အသက်များအရ ၎င်းမှာ ထို အကာအရံကြီးအား ထိုးဖောက်ကာ အတွင်းထဲသို့ ဝင်နိုင်ရန် ပြင်ဆင်နေသည့်ပုံပင်။

ထိုကဲ့သို့သော ရက်စက်ကြမ်းကြုတ်သည့် အပြုအမူများကြောင့် ရွှေရေကန်တပ်ရင်း ကျင့်ကြံသူများမှာ ချက်ချင်းဆိုသလိုပင် တုန်လှုပ်ချောက်ချားသွားကြတော့သည်။ လူတိုင်းမှာ ဝမ်ပေါင်လဲ့၏ အလိုအလျောက် ပေါက်ကွဲနိုင်စွမ်းရှိသော စစ်သင်္ဘောကြီးများ၏ အကြောင်းကို သိရှိထားသည့်တိုင်အောင် လက်ရှိတွင် ဝိညာဉ်အက်ကွဲကြောင်းတပ်ရင်းထဲ၌ အဓိက သတိထားရမည့်လူမှာ လုံနန်ကျစ်သာဖြစ်ကြောင်း လူအများစုက မှတ်ယူထားကြ၏။ စစ်သင်္ဘောကြီးများမှာမူ... အစင်းရေပေါင်း မြောက်မြားစွာ တစ်ပြိုင်နက်တည်း ပေါက်ကွဲသွားခြင်းမရှိသရွေ့ ၎င်းတို့၏ အဖျက်စွမ်းအားမှာ လုံလောက်မှုရှိနေမည်မဟုတ်ပေ။

သို့သော် လက်ရှိ တိုက်ပွဲအခြေအနေအရ ဝိညာဉ်အက်ကွဲကြောင်းတပ်ရင်းမှာ သူတို့၏ စစ်သင်္ဘောကြီးများအား အစွမ်းမြှင့်တင်ပေးနိုင်ခဲ့သည့် ပုံပင်။

ထိုမျှလောက်သာ ဆိုပါက ကိစ္စမရှိသေးပေ။ သို့သော် ဝမ်ပေါင်လဲ့မှာ စိတ်မနှံ့သည့် လူတစ်ယောက်ကဲ့သို့ ပြုမူနေသည် မဟုတ်ပါလော။ သူ၏ လုပ်ရပ်များကြောင့် လူတိုင်းမှာ ဦးရေခွံများ ထုံကျဉ်လာကြပြီး သူသည် ရွှေရေကန်တပ်ရင်းအား သူနှင့်အတူ သေရွာသို့ ခေါ်သွားရန် ကြိုးစားနေသည်ဟု ခံစားလာရတော့သည်။

ထို့ကြောင့် ရွှေရေကန်တပ်ရင်းထဲမှ ခေါင်းဆောင်အချို့မှာ ကြောက်စိတ်များကြောင့် အသားများ တဆတ်ဆတ် တုန်ရီလာရပြီး ခုခံကာကွယ်မှုများကို ရပ်တန့်လိုက်ကြတော့သည်။ ထို့နောက် သူတို့၏ အမိန့်အတိုင်း တန်ပြန်တိုက်စစ်အား စတင်လိုက်၏။ ထို့ကြောင့် ဧရာမ ဓမ္မအဆောင်ပစ္စည်းပေါင်း မြောက်မြားစွာ စတင်လည်ပတ်လာကြပြီးနောက် အလွန်အင်မတန်မှ ဖျက်ဆီးအားကောင်းသည့် အလင်းတန်းပေါင်း ထောင်ပေါင်းများစွာ ထွက်ပေါ်လာကြတော့သည်။ ၎င်းတို့မှာ ရွှေရေကန်ဂြိုဟ်၏ မျက်နှာပြင်ပေါ်မှ ထိုးထွက်လာကြပြီး အကာအရံကြီးအား ကျော်ဖြတ်ကာ ဝမ်ပေါင်လဲ့၏ စစ်သင်္ဘောကြီးများဆီသို့ ဦးတည်သွားတော့သည်။

ထိုအလင်းတန်းများမှာ ဝင်းလက်တောက်ပနေသောကြောင့် ၎င်းတို့ ပေါ်ပေါက်လာသည်နှင့် မှောင်မိုက်နေသည့် စကြဝဠာကြီးမှာ နေ့အချိန်သို့ ရောက်သွားသည့်အလား လင်းထိန်သွား၏။ ၎င်းတို့ ဝမ်ပေါင်လဲ့၏ စစ်သင်္ဘောကြီးများနှင့် ရိုက်ခတ်သွားကြချိန်တွင် အာကာသကြီးထဲ၌ မိုးကောင်းကင်ကြီးကိုပင် တုန်ရီသွားစေနိုင်သည့် ထစ်ချုန်းသံများ ထွက်ပေါ်လာတော့သည်။ ထို့နောက် စစ်သင်္ဘော အစင်းရေပေါင်း မြောက်မြားစွာမှာ ချက်ချင်းဆိုသလိုပင် ပျက်စီးသွားကြပြီး အကျိုးအပဲ့ အပိုင်းအစများအဖြစ် ပြောင်းလဲကာ အရပ်မျက်နှာအနှံ့သို့ လွင့်စင်သွားကြတော့သည်။ သို့သော် ဝမ်ပေါင်လဲ့မှာ စစ်သင်္ဘော အမြောက်အမြားကို ပိုင်ဆိုင်ထားသည့်အပြင် သူ၏လက်ကို ဝှေ့ယမ်းလိုက်တိုင်း စစ်သင်္ဘော အသစ်များ ပေါ်ပေါက်လာကြသည် မဟုတ်ပါလော။ ထို့အပြင် ၎င်းတို့၏ အငွေ့အသက်များမှာလည်း အံ့ဩတုန်လှုပ်ဖွယ်ရာ ကောင်းနေဆဲပင်။

" တောက်။ ဒီ လုံနန်ကျစ်ဆိုတဲ့ကောင်က တကယ်ကို အရူးတစ်ယောက်ပဲကွ။ ဒီ စစ်သင်္ဘောကြီးတွေက အကြမ်းထည်တွေပဲ ဆိုပေမဲ့ ငွေအကုန်ခံပြီး ဆောက်ထားရတာပဲလေ "

" သူက စစ်သင်္ဘောကြီးတွေသုံးပြီး ငါတို့ကို တိုက်ခိုက်နေတာ မဟုတ်ဘူး။ ငွေသုံးပြီး ငါတို့ကို အားလျော့လာအောင် လုပ်နေတာကွ "

ရွှေရေကန်တပ်ရင်းထဲမှ ခေါင်းဆောင်များမှာ ဒေါသပိုထွက်လာကြသဖြင့် သူတို့၏ တန်ပြန်တိုက်စစ်မှာလည်း ပို၍ ပြင်းထန်လာ၏။ ထို့ကြောင့် မြေပြင်ပေါ်မှ ပစ်လွှတ်နေသည့် အလင်းတန်းများ၏ အရေအတွက်များ ပို၍ များပြားလာရုံသာမက လေထဲတွင် ရစ်ဝဲနေကြသည့် ရွှေရေကန်တပ်ရင်း၏ စစ်သင်္ဘောကြီးများမှာလည်း စတင်လှုပ်ရှားလာကြတော့သည်။ ၎င်းတို့မှာ အကာအရံထဲမှ ပျံထွက်လာကြပြီး တန်ပြန်တိုက်စစ်အား စတင်လိုက်ကြ၏။

ထို စစ်သင်္ဘောကြီးများ၏ တန်ပြန်တိုက်စစ်မှာ အလွန်အင်မတန်မှ အကျိုးသက်ရောက်မှုရှိပေသည်။ ဝမ်ပေါင်လဲ့၏ စစ်သင်္ဘောကြီးများမှာ တန်ပြန်စွမ်းအားအချို့ ပိုင်ဆိုင်ထားပြီး အရေအတွက် အမြောက်အမြား ရှိနေသည့်တိုင်အောင် ၎င်းတို့မှာ ထိုတိုက်ကွက်များအား တဖြည်းဖြည်းနှင့် တောင့်ခံနိုင်စွမ်းမရှိတော့ဘဲ ဖြစ်လာရ၏။ ထို့ကြောင့် ပေါက်ကွဲပျက်စီးသွားကြသည့် စစ်သင်္ဘောကြီးများ ပို၍များလာရုံသာမက ၎င်းတို့အား နဂိုမူလအတိုင်း ပြန်၍ အားအင်ဖြည့်တင်းပေးနိုင်ရန်မှာလည်း မဖြစ်နိုင်တော့ပေ။ ထို့ကြောင့် စစ်သင်္ဘောကြီးများထဲ၌ ပုန်းနေသည့် ဝမ်ပေါင်လဲ့ပင်လျှင် အာကာသကြီးထဲ၌ အနည်းငယ်ခန့် ပေါ်ပေါက်လာရပြီ ဖြစ်သည်။ သူသည် ရင်ခုန်နှုန်းများ အနည်းငယ်ခန့် မြန်ဆန်လာသည့်တိုင်အောင် မျက်ဝန်းများ အရောင်လက်သွားပြီးနောက် ဆက်လက်စောင့်ဆိုင်းနေရန် ဆုံးဖြတ်လိုက်၏။

ထိုအခြင်းအရာများအားလုံးမှာ ရီနျှန်ကျစ်၏ ရှေ့၌ ဖြစ်ပျက်နေသည်ဖြစ်ရာ သူသည် အနည်းငယ်ခန့် မျက်မှောင်ကြုတ်မိသွား၏။ သူသည် ဝမ်ပေါင်လဲ့အား လှမ်းကြည့်ရင်း တစ်ခုခုမှာ လွဲနေပြီဖြစ်ကြောင်း ခံစားလာရတော့သည်။ သို့သော် သူ မည်မျှပင် အကဲခတ်စောင့်ကြည့်နေစေကာမူ ထိုအချက်အား မဖော်ထုတ်နိုင်ဘဲ ဖြစ်နေရ၏။ ထို့ကြောင့် သူသည် မျက်လုံးများ မှေးသွားပြီး သူ၏ညာဘက်လက်အား အသာအယာ လှုပ်ရှားလိုက်တော့သည်။

ထိုအခါ အာကာသကြီးထဲသို့ ဦးတည်သွားနေသည့် အလင်းတန်းများထဲတွင် ဓားပျံတစ်လက် ပေါ်ပေါက်လာပြီး ဝမ်ပေါင်လဲ့ဆီသို့ တန်းတန်းမတ်မတ် ဦးတည်သွားတော့သည်။

ထို ပုံရိပ်ယောင် ဓားပျံလေးမှာ စကားလုံးများနှင့် မဖော်ပြနိုင်လောက်အောင် မြန်ဆန်နေ၏။ မကြားသေးမီတုန်းကမှ ၎င်းမှာ လေထဲတွင် ရှိနေခဲ့ပါသော်လည်း ယခုတွင်မူ ဝမ်ပေါင်လဲ့ရှိနေသည့် စစ်သင်္ဘောကြီး၏ ရှေ့သို့ ရောက်ရှိလာ၏။ ထိုဓားပျံလေး အခြားစစ်သင်္ဘောကြီးများ၏ ‌ဘေးမှ ဖြတ်ပျံသွားသောအခါ ထို စစ်သင်္ဘောကြီးများမှာ ပေါက်ကွဲပျက်စီးသွားကြ၏။ ထို့နောက် ၎င်းမှာ ဝမ်ပေါင်လဲ့၏ နဖူးတည့်တည့်ဆီသို့ တိတ်တဆိတ် ဦးတည်သွားတော့သည်။

ထိုအခါ ဝမ်ပေါင်လဲ့မှာ မျက်လုံးများ မှေးသွားရ၏။ သူသည် ထိုဓားပျံလေးထဲတွင် ထာဝရဝိညာဉ်အဆင့် အငွေ့အသက်များကို အာရုံခံမိလိုက်သောကြောင့် တွေဝေတုံ့ဆိုင်းနေခြင်းမရှိဘဲ သူ၏ နတ်ဘုရား တရားမျှတမှု ဒိုင်းကာအား ထိန်းချုပ်လိုက်ပြီး သူ၏လက်နှစ်ဖက်ဖြင့် မန္တန်လက်ကွက်များ ဖော်လိုက်တော့သည်။ ထိုအခါ သူ၏ ပတ်ပတ်လည်တွင်ရှိနေသည့် စစ်သင်္ဘောကြီးများမှာ သူ၏အနီးသို့ ချက်ချင်းဆိုသလိုပင် ရောက်ရှိလာကြပြီး‌ ထိုဓားပျံလေးအား တားဆီးနိုင်ရန် တစ်စင်းပြီးတစ်စင်း ပေါက်ကွဲသွားကြတော့သည်။

ထို့ကြောင့် ထစ်ချုန်းသံများမှာ အရပ်မျက်နှာအနှံ့သို့ ချက်ချင်း ပျံ့နှံ့သွား၏။ သူ စစ်သင်္ဘောအစင်းရေ တစ်ရာဝန်းကျင်ခန့် ဖောက်ခွဲလိုက်ပြီးနောက် ထိုပုံရိပ်ယောင်ဓားပျံလေးမှာ လွင့်ပါးပျောက်ကွယ်သွားတော့သည်။ စက်ဝိုင်းပုံသဏ္ဍာန်ဖြစ်အောင် စုဝေးထားသည့် ဝမ်ပေါင်လဲ့၏ စစ်သင်္ဘောကြီးများမှာမူ ပုံစံပျက်သွားကြပြီဖြစ်သလို သူသည်လည်း အများကြီး ထိခိုက်နစ်နာဆုံးရှုံးလိုက်ရပြီဖြစ်သည်။

သို့သော်လည်း ဝမ်ပေါင်လဲ့၏ ထိန်းချုပ်မှုများကြောင့် ကျန်ရှိနေသေးသော စစ်သင်္ဘောကြီးများ၏ ထိုးဖောက်နိုင်စွမ်းများမှာ ကြောက်မက်ဖွယ်ရာ ကောင်းနေဆဲပင်။ ဝမ်ပေါင်လဲ့တစ်ယောက် ရွှေရေကန်ဂြိုဟ်၏ အနီးသို့ တဖြည်းဖြည်းနှင့် ချဉ်းကပ်လာပြီး ရွှေရေကန်တပ်ရင်းအား သူနှင့်အတူ သေရွာသို့ခေါ်သွားရန် အဆင်သင့်ဖြစ်နေသည့်ပုံ ပေါက်နေသည်ကို မြင်လိုက်ရသောအခါ ရွှေရေကန်တပ်ရင်းမှာ စိုးရိမ်တုန်လှုပ်သွားရတော့သည်။

" ဓမ္မတစ်ပိုင်း စစ်သင်္ဘောကြီးကို သုံးလိုက်တော့ "

All Chapters