← Chapters

အာကာပြင်ထဲ၌ အဝိုင်းခံရခြင်း

Vol. 48 Ch. 662

အာကာပြင်ထဲ၌ အဝိုင်းခံရခြင်း

Vol. 48 Ch. 662

မိုဝူကျိ စိတ်ထဲ လေးလံမိသွားသည်။  သူက  အသက်တစ်ရှိုက်စာမှာ မည်မျှ အဖိုးတန်ကြောင်း အားလုံးထက် ပိုသိပေသည်။ သို့သော် ဤအခိုက်အတန့်၌ မဟာခွန်ဗုဒ္ဓဂိုဏ်း ကွမ်းနဉ်၏ တားဆီးမှုကို ခံလိုက်ရသည်။

“ ကွမ်းနဉ် …  ကျုပ် ဒီနေ့ မသေခဲ့ဘူးဆိုရင်  ခင်ဗျားရဲ့  မဟာခွန်ဗုဒ္ဓဂိုဏ်းနဲ့ ကျုပ်က  ကမ္ဘာ့ရန် ဖြစ်သွားလိမ့်မယ် …” မိုဝူကျိ လေသံမှာ အနည်းငယ် အေးစက်နေလေ၏။

“ မဟာခွန်ဗုဒ္ဓ မီးအိမ်ကိုသာ ထုတ်လိုက်ပါ …. ဒီကိုယ်တော်က ဒကာလေးကို လွတ်ပေးပါ့မယ် ” ကွမ်းနဉ်က  မိုဝူကျိ၏ ခြိမ်းခြောက်မှုကို မျက်လုံးထဲ မထည့်ဘဲ ပြောလိုက်သည်။

တာ့ဟွမ်က သဘာဝစွမ်းအားများကို စုစည်းလိုက်ပြီး  တိုက်ခိုက်ရန် ပြင်လိုက်သည်။

သို့သော်လည်း မိုဝူကျိက  တာ့ဟွမ်အား တားလိုက်သည်  “ တာ့ဟွမ် မလိုသေးဘူး .. ”

အကယ်၍ တာ့ဟွမ်၏ တိုက်ခိုက်မှုမှာ အသုံးဝင်နေလျှင် ယခု ဘာမှမပြောဘဲ တိုက်ခိုင်းလိုက်မည် ဖြစ်သော်လည်း ကွမ်းနဉ်က  ကျိုးကြေသွားလျှင်ပင် သူနှင့် တာ့ဟွမ်အား အချိန်ဆွဲထားဦးမည် ဖြစ်၏။

မိုဝူကျိ စကားအဆုံးတွင် သဘာဝစွမ်းအား သုံးခု ကျရောက်လာပြီး ကွမ်းနဉ် ဘေးတွင်  ပုံရိပ်သုံးရိပ် ပေါ်လာကာ မိုဝူကျိအား ဝိုင်းထားလိုက်၏။

မိုဝူကျိ၏ ကျင့်ကြံဆင့်မှာ မဟာလော့ရှန်း အစောပိုင်းအဆင့်မျှသာ ဖြစ်သော်လည်း သူ့အတွေ့အကြုံနှင့် အသိဉာဏ်တို့မှာ မနိမ့်ကျပေ။ သူက ကျော့ဖျင်အန်းနှင့် အတူတူ တွဲလုပ်ဖူးသည့်အတွက် မဟာဧကရာဇ်၏ အရှိန်အဝါအား ကောင်းကောင်း သိပေသည်။

ထိုသုံးယောက် ရောက်လာသည့်အခါ  ထိုသုံးယောက်လုံးမှာ ဘုန်းကြီး ကွမ်းနဉ်ထက် ပိုအားကောင်းကြောင်း သိလိုက်သည်။ သူတို့အားလုံးမှာ မဟာဧကရာဇ်အဆင့်များ ဖြစ်ကြ၏။

“ မိုဝူကျိ ... ဒီနေ့ မင်းကို လွတ်ပေးလိုက်မိရင် ငါ ယီမင်ရှုက မဟာဓားလမ်းစဉ်ရဲ့ ဂိုဏ်းချုပ် ဖြစ်ဖို့ မသင့်တော်တော့ဘူး ” အင်မတန် ကျက်သရေရှိကာ ခန့်ညားသော အမျိုးသားက  မိုဝူကျိကို စိုက်ကြည့်ကာ အေးစက်စက် ပြောလိုက်သည်။

ကွမ်းနဉ်က အားရပါးရ ရယ်မောလိုက်ပြီး

“ ဂိုဏ်းချုပ်ယီ၊ အကြီးအကဲလိန်၊ အကြီးအကဲကျင်း … ဒီကိုယ်တော်က  ကျုပ်တို့ဂိုဏ်းရဲ့ အဓိက ရတနာ ဖြစ်တဲ့  မဟာခွန်ဗုဒ္ဓ မီးအိမ်ကို လာယူရုံလေးပါ။ ”

“ ကိုယ်တော်ရဲ့ အားထုတ်မှုကို ကျုပ်တို့ အသိမှတ်ပြုပါတယ်။ နောက်ကျ  ကိုယ်တော်တို့ဂိုဏ်းရဲ့  မဟာခွန်ဗုဒ္ဒ မီးအိမ်ကို  ပြန်ပေးပါ့မယ်။ ဒါပေမဲ့ ဒီကောင်စုတ်က ဉာဏ်များပြီးတော့ ကောက်ကျစ်တယ်။ သူ့ကို လျော့မတွက်တာ ကောင်းလိမ့်မယ် ” ယီမင်ရှုက တည်တည်ငြိမ်ငြိမ် ပြောလိုက်သည်။

မဟာခွန်ဗုဒ္ဓ မီးအိမ်  ဆိုသည်မှာ မည်သို့ အရာလဲ  ….

မဟာဓားလမ်းစဉ်အတွက် အသုံးဝင်မည့်အရာ မဟုတ်ပေ။  ဗုဒ္ဓတာအို၏ ရတနာတစ်ခုသာ ဖြစ်ပြီး သိမ်းထားခြင်းက  မဟာခွန်ဗုဒ္ဓဂိုဏ်းနှင့် ပဋိပက္ခ ဖြစ်စေလိမ့်မည်။ ထို့အပြင် မဟာခွန်ဗုဒ္ဓဂိုဏ်း၏ ဇာစ်မြစ်မှာ နက်ရှိုင်းလွန်းပြီး သူတို့မဟာဓားလမ်းစဉ်ဂိုဏ်းထက် မနိမ့်ကျပေ။

“ မိုဝူကျိ … မင်းက မကောင်းတဲ့ လုပ်ရပ်တွေကို ကျူးလွန်ခဲ့ပေမဲ့ မင်း အသက်ကို မတောင်းဆိုတော့ဘူး။ မင်းရဲ့ အသိစိတ်ပင်လယ်နဲ့ ဝိညာဉ်လမ်းကြောင်းတွေကို  ဖျက်စီးပြီးတော့ ငါတို့နောက် လိုက်ခဲ့ရင် လုံလောက်ပြီ ” မိုဝူကျိ မျှော်မှန်းထားသည်နှင့် ကွဲလွဲစွာ  လေးယောက်လုံးက သူ့ကို ဝန်းရံပြီးနောက် တန်းမတိုက်ခိုက်သေးပေ။ ထို့အစား  ပညာရှင် ရုပ်ရည်ဖြင့် အကြီးအကဲတစ်ဦးက သူ့အား  စကားချိုသွေးကာ ဖြောင့်ဖြရန် ကြိုးစားနေသည်။

မိုဝူကျိတွင် စိတ်ဝိညာဉ် သိုလှောင်ရေး လမ်းကြောင်းနှင့် အသက်ရှုလမ်းကြောင်းလည်း ရှိပေရာ အာရုံခံနိုင်စွမ်းအား  ကောင်းလွန်းနေ၏။ ထိုလေးယောက် သူ့အား ဝိုင်းထားလိုက်သည်နှင့် ဘေးပတ်လည်ရှိ အပြောင်းအလဲကို ချက်ချင်း ခံစားမိလိုက်သည်။

ထိုစဉ် မိုဝူကျိက အဖြစ်အပျက်ကို သဘောပေါက်သွား၏။

သူတို့က တာ့ဟွမ်ကို ကြောက်ရွံ့နေသောကြောင့် မဟုတ်ဘဲ ထိုလူများက ဘေးပတ်လည်၌ တိတ်တဆိတ် အစီအရင် ခင်းကျင်းနေခြင်းသာ ဖြစ်၏။ ထိုအင်မော်တယ်ဧကရာဇ် သုံးယောက်နှင့် အင်မော်တယ်ဧကရာဇ် တပိုင်းတို့က  သူ့အား ဝိုင်းထားပြီးနောက် ဤသို့ ပြုမူနေသည်မှာ အံ့ဩစရာ‌တော့ မဟုတ်ပေ။ သူတို့က  အလုံပိတ် လေထုတစ်ခု ဖန်တီးလိုပြီး သူ့အတွက် ထွက်ပြေးစရာ နေရာမရှိအောင် ပိတ်ဆို့ထားခြင်း ဖြစ်၏။

“ အရှက် မရှိတဲ့ ဟာတွေ … တာ့ဟွမ် တိုက် ..” မိုဝူကျိက ထိုသို့ ပြောလိုက်သည်နှင့် တစ်ပြိုင်နက် တာ့ဟွမ်ကို လိန်ကူယွင်အား တိုက်ခိုက်ရန် ညွှန်ကြားလိုက်သည်။

လိန်ကူယွင်၏ လျှပ်စီး အရှိန်အဝါများက အားကောင်းပြီး လွှမ်းမိုးနိုင်စွမ်း ရှိ၏။ တစ်ချက်တည်းကြည့်ရုံဖြင့် သူ့တိုက်ခိုက်စွမ်းမှာ သေချာပေါက် အားမနည်းကြောင်း ပြောနိုင်ပေသည်။

သို့သော်လည်း မိုဝူကျိ မကြောက်ဆုံးအရာမှာ လျှပ်စီး ဖြစ်၏။ မိုဝူကျိက ကွမ်းနဉ်သည် အဆင့်နိမ့်ဆုံး ကျင့်ကြံသူ ဖြစ်ကြောင်း သိသော်လည်း  ကျန်ရှိနေသည့် သုံးယောက်မှာ ကွမ်းနဉ်အပေါ်လည်း အာရုံစိုက်ထားကြ၏။ အကယ်၍ မိုဝူကျိက ကွမ်းနဉ်ကို တစ်ခုခု လုပ်ဖို့ ကြိုးစားလိုက်လျှင် သူ့အနေနှင့် ခံရသူ ဖြစ်သွားနိုင်သည်။

တာ့ဟွမ်က ယခုအခြေအနေကို ကောင်းကောင်း သိပေရာ ဂရုမစိုက်မှုလေးတစ်ခုက မိုဝူကျိအား သေသွားစေနိုင်ကြောင်းကိုလည်း ကောင်းကောင်း သိထား၏။ ထို့ကြောင့် သူ တိုက်သည့်အခါ အားအပြည့်သုံး၍ တိုက်ခိုက်ခြင်း ဖြစ်၏။

“ သေချင်နေတာလား ” တာ့ဟွမ်က သူ့ကို လာတိုက်ခိုက်သည်ကို မြင်သောအခါ လိန်ကူယွင်က  ဒေါသပုန် ထသွား၏။ လက်တစ်ချက် အဝှေ့ဖြင့် လျှပ်စီးတူကို ထုတ်ကာ  တာ့ဟွမ်နှင့် ရင်ဆိုင်လိုက်သည်။

တစ်ချိန်တည်းတွင် ကျန်သုံးယောက်လုံးကလည်း လှုပ်ရှားလိုက်ကြသည်။

မဟာဧကရာဇ် သုံးယောက်နှင့် ဧကရာဇ် တပိုင်းအဆင့် တို့က မဟာလော့ရှန်းအဆင့်နှင့် ရင်ဆိုင်နေပေသည်။ ဤသို့မျိုး အခြေအနေမျိုးမှာ အင်မော်တယ်လောက၌ ပထမဆုံး ဖြစ်ပျက်ဖူးခြင်းသာ ဖြစ်လိမ့်မည်။

“ ဘုန်း  ” ပြင်းထန်သော အင်မော်တယ် စွမ်းအားလှိုင်းများက ပေါက်ကွဲထွက်သွားသည်။ တာ့ဟွမ်က ရှေ့မှ ကာကွယ်ပေးထားသော်လည်း မိုဝူကျိက အဆုံးသတ်တော့မည် ဖြစ်ကြောင်း သိလိုက်သည်။

တာ့ဟွမ်က မဟာဧကရာဇ်အဆင့် ဖြစ်နေသည်မှာ အမှန် ဖြစ်ပေ၏။ သို့သော်  တာ့ဟွမ်က ပို၍ အားကောင်းနေလျှင်ပင် တစ်ယောက်ချင်းစီသာ ယှဉ်နိုင်ပေလိမ့်မည်။ သူက  ဤရင်ဆိုင်မှု၌  ရှုံးနိမ့်သွားနိုင်သည်။ ယခု  အင်မော်တယ်ဧကရာဇ် သုံးယောက်နှင့် ဧကရာဇ်တပိုင်းတို့က သူတို့အား အဆက်မပြတ် တိုက်ခိုက်နေလေရာ တာ့ဟွမ်က တစ်ဆမက အားကောင်းနေလျှင်ပင် မလုံလောက်သေးချေ။

“ ဝုန်း ” တာ့ဟွမ် ခန္ဓာပေါ်၌ ဧရာမ အက်ကြောင်းကြီး ပေါ်လာသည်။

“ ဖူး ” မိုဝူကျိလည်း သွေးတပွက် အန်လိုက်ရသည်။ သူ့အတွင်း အင်္ဂါများမှာ စုတ်ပြတ်သတ်ကုန်ပြီး အပိုင်းအစများမှာ ပါးစပ်မှ သွေးနှင့်အတူ ပါလာသည်။ သူ့ယခင် တိုက်ခိုက်မှုမှာ  ကျောက်ဆောင်ကို ကြက်ဥနှင့် ပေါက်သကဲ့သို့ ဖြစ်နေရာ ဘာမှ အကျိုးမထူးပေ။ မဟာဧကရာဇ်တစ်ယောက်၏ အင်အားက မိုဝူကျိအား ကူကယ်ရာမဲ့သလို ခံစားသွားရစေသည်။

တာ့ဟွမ် စွမ်းအားများ ပျောက်ကွယ်လာခြင်းနှင့်အတူ သူ့အသက်ဓာတ် လျော့ပါးလာသည်ကို ခံစားမိပြီး  မိုဝူကျိက အသည်းအသန် အော်လိုက်သည်  “ တာ့ဟွမ် … ”

တာ့ဟွမ်က အင်မော်တယ်အရုပ် ဖြစ်သော်လည်း မိတ်ဆွေအဖြစ် သတ်မှတ်ထားပေ၏။ ဤအခိုက်အတန့်၌ တာ့ဟွမ်က သူ့ကြောင့် သေလုနီးပါး ဖြစ်နေလေပြီ။

“ သခင်လေး မြန်မြန် ထွက်ပြေးပါတော့  … တာ့ဟွမ် သူတို့ကို မနိုင်တော့ဘူး  ” အက်ရှရှ အသံတစ်ခုက တာ့ဟွမ်ဆီမျ ထွက်ပေါ်လာ၏။ ဤကမ္ဘာမှ ခွဲခွာရတော့မည်ကို သိနေသည့်အလား အသံထဲ၌  တွန့်ဆုတ်မှုများ ပါဝင်နေပေ၏။

“ ဘုန်း ဘုန်း ဘုန်း  … ဂျွတ် ….” မိုဝူကျိ၏ အရိုးများမှာ တစစီ ဖြစ်သွားလေ၏။ မိုဝူကျိ စိတ်ထဲ ရှောင်လွဲမရသည့် သေခြင်းတရားက ကြီးစိုးလာလေသည်။ သူ သေဆုံးသွားလျှင်ပင် ဤလူများထံ ဘာပစ္စည်းမှ ချန်မထားနိုင်ပေ။

“ သူက သူ့ဘာသာ ဖောက်ခွဲပစ်တော့မှာ  ….” မိုဝူကျိက သူ့ကိုယ်သူ   အသေခံရန် ဆုံးဖြတ်ချက် ချပြီးသည်နှင့်   ကျင်းယွီရှန်းက အလောတကြီး ထအော်ကာ ပြောလိုက်သည်။

ယီမင်ရှုက ခွန်းတုံ့ပြန်လိုက်၏  “ သူက ငါတို့ရှေ့ ဖောက်ခွဲပစ်ရအောင် အရည်အချင်း မရှိပါဘူး  ”

သူက ပြောလိုက်ရင်း ဓားရှည်ကို  ပြန်ရုတ်သိမ်းလိုက်သည်။ သူက လက်ကို မြှောက်ကာ  ရှုပ်ထွေးလှသော လက်ဟန်သင်္ကေတများကို ထုတ်ဖော်လိုက်၏။ ဖြစ်တည်လာသည့် သင်္ကေတ တစ်ခုချင်းစီက မိုဝူကျိဆီ စီးဝင်သွားတော့သည်။

မိုဝူကျိက ကိုယ့်ဘာသာ ဖောက်ခွဲပစ်ရန် ဆုံးဖြတ်လိုက်သည်နှင့် သူ့ရင်ဘတ်မှ ကြယ်တာရာ ဆွဲသီးလေးက စတင်၍ လင်းလက်လာသည်။ ကောင်းကင်မှ ကြယ်တစ်လုံးက  သူ့အား ရစ်ပတ်နေသည့်အလား ဖြစ်ပေါ်နေသည်။

“ အဟွတ် … အဟွတ် ” မိုဝူကျိက သွေးများ ဆက်တိုက်အန်နေပြီး သူ့ခန္ဓာရှိ အရိုးများနှင့် ကြွက်သားများမှာ တစ်လက်မချင်းစီ တစစိ ဖြစ်ကုန်လေ၏။

ကြယ်တာရာ ဆွဲသီးအလင်းက ယီမင်ရှု၏ သင်္ကေတများကို တားဆီးပေးထား၏။ မဟာဧကရာဇ်၏ စွမ်းအားစက်ကွင်းကိုပင် ကြယ်တာရာဆွဲသီးက တားဆီးပေးထားနိုင်သည်။ မိုဝူကျိသာ အရူး မဟုတ်သရွေ့ ထိုကြယ်တာရာ ဆွဲသီးမှာ မရိုးရှင်းကြောင်း သိပေလိမ့်မည်။ မဟာဧကရာဇ် သုံးယောက်၏ တိုက်ခိုက်မှုကို ကာကွယ်ပေးနိုင်သည့် မှော်ရတနာမှာ ရိုးရှင်းနေလျှင်သာ ထူးဆန်းနေပေလိမ့်မည်။ သူက ကိုယ့်ဘာသာ ဖောက်ခွဲခြင်း ကိစ္စအား လက်လျော့လိုက်သည်။ အကယ်၍ သူ အသက်ရှင်နိုင်လျှင် အဘယ်ကြောင့်များ သတ်သေရမည်နည်း။

“ ဝုန်း ” သို့သော်လည်း တာ့ဟွမ်မှာ ပေါက်ကွဲထွက်သွားပြီး တစစီဖြစ်သွားကာ အမှုန့်များက သူတို့ဘေးပတ်လည်၌ ပျောက်ကွယ်သွားသည်။

“ တာ့ဟွမ် ….” မိုဝူကျိက တာ့ဟွမ်၏ စွမ်းအားများ လုံးဝ ပျောက်ပျက်သွားသည်ကို ခံစားမိလိုက်၏။ သူ့စိတ်နှလုံးသားထဲမှ တင်းကျပ်မှုကို မချိုးနှိမ်နိုင်ဘဲ မျက်ရည်များ စီးကျလာသည်။ ယခင်  စိတ်အခြေအနေကား  ဘေးသို့ ရောက်သွားလေပြီ။

တာ့ဟွမ်က သူ့နောက် လိုက်လာသည်မှာ မကြာမြင့်သေးသော်လည်း မည်သို့ပင် ဆိုစေကာမူ တာ့ဟွမ်က သူ့ဘေး၌ သစ္စာရှိရှိ နေပေးခဲ့သည်။ “ စွန့်ပစ်ခြင်း” ဆိုသည့် စကားလုံးမှာ တာ့ဟွမ် အဘိဓာန်၌ ဘယ်သောအခါမှ မရှိခဲ့ပေ။

သို့သော် ယခုတွင် တာ့ဟွမ်ကား အသတ်ခံလိုက်ရ၏။ ဤအင်မော်တယ် ဧကရာဇ် သုံးယောက်နှင့် ဧကရာဇ် တပိုင်းတို့ လက်ချက်ဖြင့် သေဆုံးသွားခြင်း ဖြစ်၏။

“ နတ်ဘုရားအဆင့်  ပစ္စည်းပဲ ….” ကျင်းယွီရှန်းက  မိုဝူကျိ ရင်ဘတ်မှ မှိန်ဖျဖျ အလင်းရောင်ကို မြင်သောအခါ အလန့်တကြား အော်ဟစ်လိုက်သည်။

ကျင်းယွီရှန်း သာမက  ယီမင်ရှုနှင့် လိန်ကူယွင်တို့၏ မျက်လုံးများမှာလည်း နီရဲလာကြသည်။ မိုဝူကျိက  ဤလက်နက်ကို  မည်သို့အသုံးပြုရမှန်း  မသိသည်မှာ သေချာလှသည်။ မဟုတ်လျှင် ဤနတ်ဘုရားပစ္စည်း၏  ကာကွယ်နိုင်စွမ်းမှာ  သူ့ကိုယ်သူ ဖောက်ခွဲတော့မည့်အချိန်မှ မည်သို့  အသက်ဝင်လာနိုင်မည်နည်း။

“ စိုးရိမ်ဖို့ မလိုဘူး … အဲဒါက ကာကွယ်ရေး ရတနာပဲ။ ငါတို့ကို ဘာမှ မလုပ်နိုင်ဘူး။ ငါတို့တွေ ပူးပေါင်းလိုက်ပြီးတော့ တစ်ပြိုင်နက်  တိုက်ရင်  အဲဒီရတနာရဲ့ အကာအကွယ်ကို မချိုးဖောက်နိုင်ရင်တောင် တန်ပြန်သက်ရောက်ချက်နဲ့ သတ်လို့ ရတယ် ” ယီမင်ရှုက အေးစက်စွာ ပြောလိုက်သည်။

လိန်ကူယွင်က ပြန်ပြောလိုက်၏ “ အဲဒီလူတိရစ္ဆာန်က သက်သာသွားတာပဲ။ ငါ အစက သူ့ဝိညာဉ်ကို နှိပ်စက်ဖို့ ကြံထားတာ  … ”

မိုဝူကျိက သူ့သောက ပူဆွေးမှုကို ထိန်းချုပ်ထားလိုက်၏။ သူက အင်မော်တယ် ဧကရာဇ်များကို အေးစက်စွာ ကြည့်လိုက်သည်။ သူတို့ပြောနေသည်မှာ အမှန် ဖြစ်ကြောင်း သိ၏။ သူ့ကြယ်တာရာဆွဲသီးဖြင့် သူက နောက်ထပ် တိုက်ခိုက်မှုများကို ကြာရှည် ခံနိုင်ရည် ရှိမည် မဟုတ်ပေ။

မျက်စိကျိန်းလုမတတ် အလင်းတန်းလေးချက်က ဆက်တိုက် ကျရောက်လာသည်။ ထို့နောက် မိုဝူကျိဆီ ရောက်ရှိလာပြီး သူတို့လမ်းကြောင်းတွင် ပိတ်ဆို့နေသမျှ အရာအားလုံးကို ရှင်းပစ်ချင်နေဟန် ပေါ်သည်။

မိုဝူကျိက အရိုးရှိနေသေးသည့် လက်ကို အသာ  မြောက်လိုက်ကာ တည်ငြိမ်စွာ ရေရွတ်လိုက်သည််  “ ကြယ်တာရာ လှည့်ပတ်ဖြတ်သန်းခြင်း ပညာရပ် … ”

ထိုအရာမှာ ကျင့်ကြံခြင်းလောက၌  မိုဝူကျိ ရရှိခဲ့သော ပထမဆုံး လျို့ဝှက်ပညာရပ် ဖြစ်ပေသည်။ ကံဆိုးစွာ သူက ပထမ အဆင့် သုံးဆင့်မြောက်သာ ရှိပြီး လေးခုမြောက်အဆင့်ကား ပျောက်ဆုံးနေလေ၏။ မိုဝူကျိက ကောင်းကင်အင်မော်တယ်အဆင့် ရောက်ရှိပြီးနောက် ထိုလျို့ဝှက်ပညာရပ်ကို ဆက်မလေ့လာ ဖြစ်တော့သောကြောင့်  ရှင်းအဆင့် အပြီးတွင် ဆက်၍ မလေ့ကျင့်ဖြစ်တော့ပေ။

သို့သော်လည်း ယနေ့၌  ဤလျို့ဝှက်ပညာရပ်အပြင် သူ့တခြားလျို့ဝှက်ပညာရပ်များမှာ အင်မော်တယ်ဧကရာဇ်များ ပူးပေါင်းထားခြင်းအောက်တွင် အသုံးမဝင်ချေ။ ယခု ဤကြယ်တာရာဆွဲသီးက သူ့အား ကာကွယ်ပေးနေလျက်ပင် ဤလျို့ဝှက်ပညာရပ်ဖြင့် အသက်ရှင်လျက် လွတ်မြောက်နိုင်ချေမှာ အလွန်နည်းပါးပေ၏။

“ မင်းက တကယ်သေချင်နေတာပဲ …” မိုဝူကျိက သူ့စွမ်းအားများကို စုစည်းပြီး လျို့ဝှက်ပညာရပ်ကို ထုတ်သုံးလိုက်သည့်အခါ ကျင်းယွီရှန်းက သရော်လိုက်သည်။

မိုဝူကျိ၏ လျို့ဝှက်ပညာရပ်က မည်မျှ အားကောင်းစေကာမူ ကိစ္စမရှိပေ။ မိုဝူကျိ၏ ကျင့်ကြံဆင့်မှာ အင်မော်တယ်ဘုရင်အဆင့်ပင် မရောက်သေးပေ။ သူတို့ကဲ့သို့ မဟာဧကရာဇ်များ ရှေ့မှောက်၌ သူက   ပါးမွှားအဆင့်ပင် မရှိချေ။

“ ဘုန်း ဘုန် ဘုန်း  ” မြောက်များစွာသော အင်မော်တယ် သဘာဝစွမ်းအားများက မိုဝူကျိ၏ ဆွဲသီးပေါ် ကျရောက်လာကာ  ကြယ်တာရာဆွဲသီး၏ အလင်းကို ဖြတ်၍ လှိုင်းတွန့်လေးများ ဖြစ်သွားစေသည်။

သို့သော် ထိုလှိုင်းတွန့်လေးများက မည်မျှပြင်းထန်စေကာမူ အလင်းရောင်က အနည်းငယ်မျှ ပျောက်ကွယ်မသွားပေ။

ထိုစဉ် မိုဝူကျိ၏ လျို့ဝှက်ပညာရပ် စွမ်းအားက အဆင့်မြင့်ကျင့်ကြံသူ လေးယောက်၏ အင်မော်တယ် သဘာဝစွမ်းအားများနှင့် ထိပ်တိုက် တွေ့ကုန်သည်။

ကြောက်မက်ဖွယ် ပြင်းထန်သော အားကြီးတစ်ခု ထွက်ပေါ်လာ၏။ မိုဝူကျိ၏ အင်မောတယ်ရုပ်ခန္ဓာအဆင့်မှာ  အဆင့် ၃ ရောက်ရှိကာ ကြယ်တာရာဆွဲသီးက သူ့အား  ကာကွယ်ပေးထားသော်လည်း  အင်မော်တယ်သဘာဝစွမ်းအားများကို မခုခံထားနိုင်ပေ။ ထို့အပြင်  ထိုမဟာဧကရာဇ်များက မိုဝူကျိအား ကြေမွမသွားစေလိုသောကြောင့်  အင်အားကို ထိန်းထားကြသေး၏။

သူတို့က မိုဝူကျိ၏ ပစ္စည်းများကို အလိုရှိရုံသာမက သူတို့ဂုဏ်တက်စေရန် သူ့ဦးခေါင်းအား  ချိတ်ဆွဲထားကြလိုသေး၏။

မိုဝူကျိက ဂိုဏ်းကြီးများကို ရန်စမိခဲ့သည်။

 ထိုဂိုဏ်းများက သူ့ကို သတ်ရုံဖြင့် ကျေနပ်လိမ့်မည်ဟု ထင်နေလား …. ထိုအရာမှာ တုံးအလွန်းနေပေသည်။

“ ဂျွတ် ဂျွတ် ….” မိုဝူကျိ၏ အရိုးများမှာ  အသေးအမွှားလေးအထိ ကျိုးပဲ့ကုန်ကာ ကြေမွကုန်သည်။

သူ့အသားများက ထိုပြင်းထန်လွန်းသော အားချက်ကြောင့် အစိတ်စိတ် အမြွှာမြွှာ ဖြစ်ကုန်လေသည်။ ထိုစဉ် မိုဝူကျိက မျက်လုံးနှစ်လုံး ရှိနေသည့် ရုပ်ပျက်ဆင်းပျက် အရိုးစုနှင့် ဘာမှ မခြားနားတော့ပေ။

မိုဝူကျိက မမေ့လဲသွားသေးပေ။ သူက အသိစိတ် ကပ်နေရန် လိုသေးကြောင်း သိထား၏။ အကယ်၍ သူ မေ့လဲသွားလျှင် ယခင် ကြယ်တာရာ လှည့်ပတ် ဖြတ်သန်းခြင်း လျို့ဝှက်ပညာရပ်မှာ အလကား ဖြစ်သွားပေလိမ့်မည်။ သူ့ခန္ဓာမှာ တစစီ ဖြစ်နေသော်လည်း သူ့တွင် အားကောင်းသော အသိစိတ်ပင်လယ် ရှိနေသေး၏။ သူ့အသိစိတ်ပင်လယ် ရှိနေသရွေ့  သူ တိုက်ခိုက်နိုင်သေး၏။

ပြင်းထန်သော  စွမ်းအားကို မိုဝူကျိက  သူ့ရှေ့ရှိ အာကာပြင်ဆီ လမ်းကြောင်းလွဲလိုက်သောကြောင့်  ၃၀ စင်တီမီတာ ကျယ်ဝန်းသော  တည်နေရာ အက်ကြောင်းတစ်ခု ပေါ်လာသည်။

ထိုအက်ကြောင်း ပေါ်လာသည်နှင့် မိုဝူကျိက တာ့ဟွမ်၏ လူလုပ်ပစ္စည်း စိတ်ဝိညာဉ်ကို ယူဆောင်ကာ အက်ကြောင်းထဲ ခုန်ဝင်လိုက်သည်။ ထို့နောက် အက်ကြောင်းက ချက်ချင်းဆိုသလို ပြန်ပိတ်သွား၏။

မိုဝူကျိ ပျောက်ကွယ်သွားသည့် အခိုက်အတန့်၌  ယီမင်ရှုနှင့် ကျန်လူများက ကြောင်အမ်းနေဆဲ ဖြစ်၏။ သူတို့မျက်နှာကား အမူအယာ  ပျက်ယွင်းနေကြသည်။ ယခု မိုဝူကျိကို သတ်ဖို့ရာ မဖြစ်နိုင်ကြောင်း သိလိုက်သည်။

သူတို့အင်အားဖြင့် ပူးပေါင်းလိုက်ပါက အက်ကြောင်းတစ်ခု ဖွင့်နိုင်သော်လည်း  မိုဝူကျိ ရောက်သွားသည့် ကမ္ဘာဆီ သွားနိုင်မည့် အက်ကြောင်းကိုတော့ ဖြစ်လာစေနိုင်မည် မဟုတ်ပေ။ အနည်းငယ် ခြားနားနေသော  အက်ကြောင်း ကပင် မတူညီသော နေရာများဆီ ခေါ်ဆောင်သွားနိုင်ပေ၏။

All Chapters