← Chapters

ဝိညာဉ်လက်နက်၏ အသွင်သဏ္ဍာန်

Vol. 22 Ch. 295

ဝိညာဉ်လက်နက်၏ အသွင်သဏ္ဍာန်

Vol. 22 Ch. 295

စက်မှုလက်မှုဝန်ကြီးဌာနက မော်ကျိုးပြည်နယ်၏ ကုန်ထုတ်စက်ရုံကို ပြုပြင်တည်ဆောက်မည်ဖြစ်၍ ချင်မူက အဓိကမီးဖိုကြီးကို မွမ်းမံသွန်းလုပ်ပေးလိုက်သည်။ ကုန်ထုတ်စက်ရုံမှာ ယခုမှ တည်ဆောက်ထားသည့်အတိုင်း သစ်လွင်သွားပြီး ပုံသွန်းယန္တရားရုပ်ကြီးများလည်း ရှိနေပြီဖြစ်သည်။ မီးဖိုကြီးကို စွမ်းအင်‌ကျောက်တုံးများဖြင့် မီးပူပေးလိုက်သောအခါ ယန္တရားရုပ်အားလုံး အသက်ဝင်လာကြပြီး ကုန်ထုတ်စက်ရုံတစ်ရုံလုံး တဒေါင်‌ဒေါင် တဒင်ဒင် ထုရိုက်သံများဖြင့် အလုပ်များသွားတော့၏။

ရှန်းယိုရှင်နှင့် အရာရှိမင်းများက ယန္တရားရုပ်များကို စမ်းသပ်၍ စက်သွားများ ထိန်းညှိနေကြသည့်အချိန်တွင် ချင်မူက လောကသခင်ခန္ဓာ အမြုတေသုံးသွယ်ကျင့်စဉ်အား လှည့်ပတ်နေသည်။

သမားရိုးကျနည်းလမ်းအရ အရပ်ခြောက်မျက်နှာအဆင့်ကို ပြီးပြည့်စုံသည်အထိ ကျင့်ကြံ၍ ဝိညာဉ်လက်နက်ကို ဦးစွာထုတ်လုပ်ပြီးနောက်မှ မူလဝိညာဉ် ဖွဲ့တည်ရခြင်းဖြစ်၏။ ထို့အပြင် အရပ်ခြောက်မျက်နှာအဆင့်၌ မူလဝိညာဉ်က အပြည့်အဝ ရုပ်လုံးပေါ်လာဦးမည်မဟုတ်ပေ။ ကောင်းကင်နတ်အသွင်အဆင့် ရောက်မှ မူလဝိညာဉ်သည် ရုပ်လုံးပေါ်လာကာ စကြဝဠာတစ်ခွင် လျှောက်သွားနိုင်လိမ့်မည်။ သို့ရာတွင် ချင်မူက ဝိညာဉ်လက်နက်မထုတ်လုပ်ဘဲ မူလဝိညာဉ် ဦးစွာဖွဲ့တည်ခဲ့၏။

ချင်မူ၏မူလဝိညာဉ်မှာ လွန်စွာအားနည်းနေသေး၍ ရုပ်လုံးမပေါ်သေးပေ။ သူ့အနောက်၌ မူလဝိညာဉ်၏အသွင်သဏ္ဍာန် ဖွဲ့တည်လာလျှင် ကောင်းကင်နတ်အသွင်အဆင့် ရောက်သွားလိမ့်မည်။

သို့သော် အရပ်ခြောက်မျက်နှာအဆင့်နှင့် ကောင်းကင်နတ်အသွင်အဆင့်ကြားတွင် ခုနစ်စဉ်ကြယ်အဆင့် ရှိသေးသည်။ သူက အရပ်ခြောက်မျက်နှာအဆင့်သို့ ဝင်ခါစ ရှိသေး၍ ခုနစ်စဉ်ကြယ်အဆင့်နှင့် ဝေးကွာနေသေး၏။

သူ၏မူလဝိညာဉ် ကမ္ဘာလောကတစ်ခွင် လျှောက်သွားနိုင်ခဲ့ခြင်းမှာလည်း ကံကောင်း၍ဖြစ်သည့်အပြင် လူငယ်သိုင်းပညာရှင် ရှုရှန်းဟွာနှင့် ဆုံတွေ့ခဲ့ခြင်းကြောင့်လည်း ပါ၏။ ထို့ကြောင့် သူ မြစ်ကမ်းဘေးတွင် ထူးဆန်းသော အခြေအနေသို့ ဝင်ရောက်နိုင်လိုက်ပြီး လင်ယွိရှု့ကို ခေါ်ကာ စိတ်ခရီးနှင်နိုင်ခဲ့လေသည်။

သမားရိုးကျနည်းလမ်းအရ အရပ်ခြောက်မျက်နှာ ကောင်းကင်ရတနာမှ ဝိညာဉ်လက်နက် ထုတ်လုပ်ဖို့ လိုသေးသည်။

ချင်မူ လောကသခင်ခန္ဓာ အမြုတေသုံးသွယ်ကျင့်စဉ်ကို လှည့်ပတ်လိုက်သည့်အခါ ချီစွမ်းအင်က ဝိညာဉ်သန္ဓေသား၊ ဓာတ်ကြီးငါးပါးနှင့် အရပ်ခြောက်မျက်နှာတို့အား အတူတကွ ဆက်သွယ်ပေးနေသည်ကို ခံစားလိုက်ရ၏။ ဝိညာဉ်နှင့် ဝိညာဉ်သန္ဓေသားက တစ်သားတည်းဖြစ်နေပြီး မူလအဆီအနှစ်က မူလဝိညာဉ်ကို အစပျိုးဖော်ဆောင်နေသည်။ အသက်ရှူသွင်း၊ ရှူထုတ်လိုက်တိုင်း သူ၏ကျင့်ကြံနှုန်းက မြန်လာသည်။

‘တခြားသူတွေလည်း ငါ့လိုပဲလား။ မင်းသားရဲ့ စကားအရတော့ အဲဒီလိုမဟုတ်သလိုပဲ....’

အရပ်ခြောက်မျက်နှာအဆင့်တွင် မူလဝိညာဉ်ကို ဖွဲ့တည်ရန် မဖြစ်နိုင်ကြောင်း လင်ယွိရှု ပြောခဲ့တုန်းက သူ စိတ်ရှုပ်ထွေးသွားခဲ့သည်။

မူလဝိညာဉ်ကို ဖွဲ့တည်ပြီးနောက် သူ၏ကျင့်ကြံနှုန်းက အလွန်မြန်လာသည်။ မူလဝိညာဉ်ကို မဖွဲ့တည်နိုင်လျှင် ပုံမှန်နှုန်းထားသာ ဖြစ်နေလိမ့်မည် မဟုတ်လော။

ချင်မူ သံသယများကို ခေတ္တဘေးချိတ်၍ လောကသခင်ခန္ဓာ အမြုတေသုံးသွယ်ကျင့်စဉ်ကို လှည့်လည်ရာတွင်သာ အာရုံစိုက်လိုက်သည်။ ချီစွမ်းအင်ကို ခန္ဓာကိုယ်အတွင်း ပို့လွှတ်၍ ချီနှင့် သွေးတို့အား လှုံ့ဆော်လိုက်ခြင်းဖြင့် သူ၏အရပ်ခြောက်မျက်နှာ ကောင်းကင်ရတနာထဲတွင် မူလအဆီအနှစ်များ စုဝေးလာ၏။ အဆီအနှစ်များက အလယ်ဗဟိုသို့ တဝေါဝေါ စီးဆင်းသွားပြီး ထိုသို့စီးဆင်းသွားသည်နှင့်အမျှ ဝိညာဉ်လက်နက်တစ်လက်၏ အသွင်သဏ္ဍာန်က တစတစ ရုပ်လုံးပေါ်လာနေသည်။

အရပ်ခြောက်မျက်နှာကောင်းကင်ရတနာမှ မွေးထုတ်ပေးလိုက်သော ဝိညာဉ်လက်နက်၏ အသွင်သဏ္ဍာန်သည် သိုင်းသမား၏ ကျင့်စဉ်နှင့် အကိုက်ညီဆုံးဖြစ်၏။ ယင်းကဲ့သို့ ဝိညာဉ်လက်နက်မျိုးက တခြားဝိညာဉ်လက်နက်များနှင့် မတူပေ။ အရပ်ခြောက်မျက်နှာကောင်းကင်ရတနာမှ ဝိညာဉ်လက်နက်သည် သခင်နှင့် သေအတူရှင်မကွာ ရှိ၍ သခင်နှင့် အတူကြီးပြင်းအရွယ်ရောက်လာသော ဝိညာဉ်လက်နက်တစ်လက် ဖြစ်ချေသည်။

ဝိညာဉ်လက်နက်၏ အသွင်သဏ္ဍာန်ကိုလည်း စိတ်ကူးပုံဖော်ကြည့်ရန်ပင် မလို။ သခင်၏ ကျင့်စဉ်စွမ်းအင်အတိုင်း သဘာဝအလျောက် ဖွဲ့တည်လာခြင်း ဖြစ်သည်။

ချင်မူ ဝိညာဉ်လက်နက်ကို ဖော်ဆောင်နေစဉ် မည်သည့်အသွင်သဏ္ဍာန် ဖွဲ့တည်လာနေသည်ကို မမြင်ရပေ။ အရပ်ခြောက်မျက်နှာမှ သူ၏မူလအဆီအနှစ်များ ပျံသန်းစီးဝင်နေသော အလင်းလုံးတစ်လုံးကိုသာ မြင်ရသည်။

လွန်စွာဆန်းပြားသော မှုန်မှုန်ဝါးဝါး မှော်သင်္ကေတများကိုတော့ မူလအဆီအနှစ်များအပေါ်တွင် တွေ့မြင်ရသည်။ သို့သော် မှော်သင်္ကေတအသွင်ဖွဲ့နေသော သူ၏ကျင့်စဉ်သိုင်းကွက်များနှင့် ပညာရပ်များသာဖြစ်ကြောင်း ချင်မူ သတိပြုမိလိုက်၏။

လင်ယွိရှို့၏ နဂါးကိုးကောင်လက်နက်ဆန်းနှင့် စစ်ယွင်ရှန်း၏ ပိုးချည်မျှင်တစ်ထောင်တွင်လည်း ယခုလို မှော်သင်္ကေတများ ရှိသည်။ သူတို့နှစ်ယောက်၏ လက်နက်များကို သွန်းလုပ်ခဲ့စဉ်က သခင်ဖြစ်သူနှင့် ကိုက်ညီမှုရှိ‌အောင် ဤကဲ့သို့မှော်သင်္ကေတများကို ခတ်နှိပ်ခဲ့ရသည်။

ယခု အလင်းလုံးဆီ ပျံသန်းဝင်ရောက်နေသည့် သူ၏မူလအဆီအနှစ်များက ဓားရာများအသွင်ရှိသည်။ ထို့ကြောင့် ဓားစက်လုံးတစ်လုံးထဲသို့ ဓားပျံများ အဆက်မပြတ် ဝင်ရောက်နေသည်နှင့် တူလေသည်။

သို့သော် ဤဓားစက်လုံးက စက်လုံးမဟုတ်၊ ဓားတစ်လက် ဖြစ်သည်။ တစ်ဒါဇင်၊ တစ်ရာမကသော ဓားပျံထောင်ချီကို ဓားတစ်လက်အဖြစ် စုစည်းနေခြင်း ဖြစ်၏။

ထို့အတွက်ကြောင့် ဤဓားစက်လုံး၏ သဘာဝက ဓားတစ်လက်၏ သဘာဝသာ ဖြစ်နေသေးသည်။

အရပ်ခြောက်မျက်နှာ ကောင်းကင်ရတနာမှ ဓားစက်လုံးဝိညာဉ်လက်နက်ကို မွေးထုတ်ပေးနေရခြင်းမှာ အလင်းလုံးထဲသို့ တသောသော ဝင်ရောက်နေသည့် မူလအဆီအနှစ်များက ဓားပျံအသွင်ရှိ၍ ဖြစ်သည်။

ဤဓားပျံအသွင်များကို မူလဓားများဟုလည်း ခေါ်ဆို၏။ မူလဓားတစ်လက်မကျန် စက်လုံးထဲ ဝင်သွားမှ သခင်တစ်ဦးတည်းနှင့်သာ သက်ဆိုင်သော ဓားစက်လုံးကို သွန်းလုပ်နိုင်သည်။ ထိုမျှသာမက ဓားစက်လုံးအတွင်းရှိ ဓားပျံပမာဏသည် မူလဓားပမာဏနှင့် ညီမျှရမည်။

ဓားစက်လုံးတစ်လုံး သွန်းလုပ်ခြင်းဆိုသည်မှာ ဓားတစ်လက်ကို အပ်တစ်ချောင်းထက်ပင်ပို၍ သေးမျှင်ကျစ်လျစ်သွားသည့်တိုင်အောင် သွန်းလုပ်ပြီး ဓားစက်လုံးအသွင် စုစည်းလိုက်ခြင်းဖြစ်သည်။ ဓားစက်လုံးသွန်းလုပ်ရာတွင် ‘ဓားအရွယ်အစားကို စိတ်တိုင်းကျ ပြောင်းလဲနိုင်ရမည်’ ဟူသည့် စံနှုန်းစံထားအတိုင်း ဓားတစ်လက်ချင်းစီအား ပုံသွင်းရန် လိုသည်။ ယင်းသို့လုပ်နိုင်ဖို့ကား မလွယ်လှပေ။

သို့အတွက်ကြောင့်လည်း ဓားစက်လုံးများ၏ တန်ဖိုးမှာ မြင့်မားနေခြင်း ဖြစ်သည်။ ကောင်းကင်နတ်သိုင်းပညာရှင်များက ပုံမှန်အားဖြင့် ဓားစက်လုံးအစား ဓားအိမ်များကို အသုံးပြုတတ်ကြသည်။ ဓားအိမ်များတွင် ဓားပျံသိပ်မဆံ့ပေ။ အထဲက နေရာကို ချဲ့ချင်လျှင် ထောင်ကျယ်သွေးပါသော သားရဲတစ်ကောင်၏ အရိုးကို လိုအပ်သည့်အတွက် စျေးလည်း မနည်းလှ။

နန်းတွင်းကောလိပ်က ကျောင်းသားတိုင်းကို ဓားအိမ်တစ်လက်ဆီ ထောက်ပံ့ပေးသဖြင့် နှစ်စဉ်နှစ်တိုင်း အင်ပါယာ၏ ဘဏ္ဍာတိုက်မှ ဘဏ္ဍာငွေများစွာ သုံးစွဲပေးရ၏။

လူကုံထံနန်းတွင်းကျောင်းသားများကတော့ နာမည်ကြီး ပန်းပဲဆရာသခင်များကို ပင့်၍ ဓားစက်လုံးများအား သူတို့အဆင့်အတန်း၏ အမှတ်သညာသဖွယ် သွန်းလုပ်စေတတ်သည်။

“ဒါဆို ငါ့ရဲ့ဝိညာဉ်လက်နက်က ဓားစက်လုံးပေါ့။ ဓားစက်လုံးသွန်းလုပ်ရတာ လက်ဝင်ပေမယ့် ငါ့အတွက်တော့ သိပ်မခက်ဘူး”

ဓားစက်လုံးများက မည်မျှတန်ဖိုးကြီးကြောင်း ချင်မူ မသိပေ။ ဒုက္ခိတဘိုးဘွားကျေးရွာတွင် ဓားစက်လုံးများက နေရာအနှံ့ ပြန့်ကြဲနေခဲ့လေသည်။ ဘွားဘွားစစ်၏ အိပ်ရာအောက်၊ အခန်းထောင့်နှင့် ဖိနပ်ထဲတွင် ဝှက်ထားသည်များကို သူ မြင်ဖူးခဲ့၏။ တချို့ကိုဆိုလျှင် ကြက်မကြီးများက ကောက်စားတတ်သည်။

ပို၍ပင် ကြောက်စရာကောင်းသည်က ရွှေအတွင် ဓားစက်လုံးအပြည့် သေတ္တာတစ်လုံးရှိခြင်းပင်။ သေတ္တာက ပြည့်သျှံနေ၍ တောင်တစ်လုံးတမျှ လေးလံသည်။

ဓားစက်လုံးသွန်းလုပ်နည်းက ခက်မည်ထင်ခဲ့သော်လည်း ဘိုးဘိုးရွှေအ သင်ကြားပေးပြီးကတည်းက ချင်မူ့အတွက် အပန်းမကြီးတော့ပေ။

သို့သော် သူ၏အရပ်ခြောက်မျက်နှာကောင်းကင်ရတနာတွင် မူလဓားများက အလင်းလုံးထဲ ဝင်နေဆဲဖြစ်သည်။ မူလဓားပမာဏကို တွက်ချက်ကြည့်ပြီးနောက်တွင်တော့ ချင်မူ့မျက်နှာတစ်ပြင်လုံး စိမ်းပုပ်လာတော့သည်။ အလင်းလုံးထဲ ဝင်ရောက်သွားခဲ့သော မူလဓားပမာဏကား ငါးထောင် ကျော်နေချေပြီ။

အဓိပ္ပါယ်က သူ၏ ကိုယ်ပိုင်ဓားစက်လုံးကို ရရှိဖို့ ဓားပျံငါးထောင်ကို သွန်းလုပ်ရမည်ဟု ဆိုလိုသည်။ သို့သော် ဤအခြေအနေက အဆိုးဆုံးပင် မဟုတ်သေး။ မူလဓားများက အလင်းလုံးထဲ ဝင်ရောက်နေဆဲဖြစ်၍ ပမာဏက တိုးလာဖို့သာ ရှိသည်။

ချင်မူ စိုးရိမ်နေသည်မှာ ဓားစက်လုံး ဝိညာဉ်လက်နက်ကို သွန်းလုပ်ရမည့် ကုန်ကျစရိတ်မဟုတ်။ ဓားစက်လုံးက မ,မနိုင်လောက်အောင် လေးလံနေမည်ကိုသာ စိုးရိမ်မိခြင်းဖြစ်၏။

ဓားပျံတစ်ထောင်ကို အသေးငယ်အကျစ်လျစ်ဆုံးအထိ သွန်းလုပ်လျှင်သော်မှ အလေးချိန်က ပြောင်းလဲမသွားပေ။ ဤဓားပျံပမာဏကိုသာ စက်လုံးသေးသေးတစ်လုံးအဖြစ် စုပေါင်းလိုက်လျှင် အတော်လေးသွားလိမ့်မည်။

ထာဝရငြိမ်းချမ်းရေးအင်ပါယာ၏ ဓားပျံများကို အဆင့်ကိုးဆင့် ခွဲထား၏။ အဆင့်ကိုးဓားပျံ၏ အလေးချိန်က နှစ်ပေါင် လေးပြီး သာမန်သတ္ထုဖြင့် သွန်းလုပ်ထား၍ အရည်အသွေးအနိမ့်ဆုံး ဖြစ်သည်။ အဆင့်ကိုးဓားပျံများကို သာမန်လူတန်းစားများ အသုံးပြုကြပြီး အဆင့်ကိုးဓားပျံချည်းသာ သွန်းလုပ်လျှင်ပင် အ‌ချောသတ်ပြီးဓားစက်လုံးက ပေါင်တစ်သောင်း လေးလိမ့်မည်။

သတင်းဆိုးက ဓားပျံအရည်အသွေးကောင်းသည်နှင့်အမျှ အလေးချိန် ပိုများလာ၏။ အဆင့်နှစ်ဓားပျံတစ်လက်သည် ပေါင်တစ်ထောင် လေးသည်။ ချင်မူ၏ အိမ်ရှေ့စံကိုယ်ရံတော်ဓားကဲ့သို့ ပထမအဆင့် အမြင့်စံ နန်းတွင်းအရာရှိများ၏ အဆင့်တစ် လက်စွဲတော်ဓားပျံများကသာ အလေးချိန်ပေါ့ခြင်း ဖြစ်သည်။

အိမ်ရှေ့စံကိုယ်ရံတော်ဓားက တစ်လောကလုံးတွင် အကောင်းဆုံးသတ္ထုများမှ ပြုလုပ်ထားပြီး နန်းတွင်း၏ အတော်ဆုံးပန်းပဲဆရာကိုယ်တိုင် သွန်းထုတ်ပေးထားခြင်း ဖြစ်သည်။ အဆင့်တစ်ဓားအရေအတွက် တစ်ဒါဇင်ကျော်ကိုသာ သွန်းလုပ်ခဲ့ပြီး ချင်မူအနေဖြင့် ထိုကဲ့သို့နန်းစဉ်ဓားများဖြင့် ဓားစက်လုံးတစ်လုံး သွန်းလုပ်ချင်လျှင်ပင် အရည်အသွေးမြင့်သတ္ထုများ လောက်ငှမည်မဟုတ်ပေ။

‘အဆင့်သုံးဓားကို ဆောင်းသံမဏိအမြုတေရယ် ဆောင်းသလင်းသံမဏိရယ်နဲ့ ပေါင်းစပ်သွန်းလုပ်ထားတာ။ အလေးချိန်နဲ့တင် မဟန်ဘူး။ ငါ ဓားစက်လုံးအဖြစ် သွန်းလုပ်နိုင်ရင်တောင် သုံးနိုင်မှာမဟုတ်ဘူး။ ဓားစက်လုံးတစ်လုံးတည်းနဲ့တင် လျှာထွက်ပြီး သေသွားလိမ့်မယ်’

ချင်မူ ဦးနှောက်ခြောက်နေစဉ် မူလဓားများက အလင်းလုံးထဲ ဝင်ရောက်ခြင်း ရပ်တန့်သွားသည်။ အစမှ အဆုံးအထိ ဓားပျံပမာဏ ရှစ်ထောင် ရှိခဲ့၏။

‘ဓားပျံရှစ်ထောင်တဲ့ သောက်ကျိုးတော့ နည်းပြီ။ ငါ ချမ်းသာရင်တောင် အဲဒီလောက်ဓားအများကြီး သွန်းလုပ်ရင် မွဲပြာကျသွားလိမ့်မယ်’

ချင်မူ ခပ်လန့်လန့် ဖြစ်လာသည်။ သို့သော် ထိုအခိုက်တွင် မူလအဆီအနှစ်နောက်တစ်မျိုး အလင်းလုံးထဲ ပျံဝင်သွားသည်ကို မြင်လိုက်ရ၏။ အရပ်ခြောက်မျက်နှာမှ ပျံသန်းလာနေသော ဗုဒ္ဓရုပ်ပွားများ ဖြစ်သည်။

“နေစမ်းပါဦး ဓားစက်လုံးမဟုတ်ဘူးလား”

ချင်မူ နားမလည်တော့ပေ။ သူ၏ဝိညာဉ်လက်နက်က ဓားစက်လုံးဖြစ်လျှင် ကောင်းကင်ရတနာမှ ဝိညာဉ်လက်နက်မွေးထုတ်ခြင်းက ပြီးဆုံးသွားသင့်ချေပြီ။ အဘယ်သို့ပြု၍ ဗုဒ္ဓရုပ်ပွားအသွင် မူလအဆီအနှစ်များ ပျံသန်းနေရသေးသနည်း။

ဗုဒ္ဓရုပ်ပွားများအပြင် ဓားမများလည်း ရှိနေသည်။ အလင်းလုံးထဲ ဝင်ရောက်သွားသည့် ဓားမများ အနောက်မှ ဝူကျိ၊ ထိုက်ကျိ၊ သင်္ကေတလေးပါး၊ ဓာတ်ကြီးငါးပါးနှင့် တြိသင်္ကေတရှစ်မျိုး (ပါ့ကွ)အစီအရင်အသွင် မူလတာအိုများ လိုက်ပါလာသည်။

ထို့နောက်မှ ‌မှော်သင်္ကေတအမျိုးမျိုး ပျံသန်းလာသည်။ ပိုးမွှားအမှတ်အသားများ၊ သားရဲအမှတ်အသားများနှင့် နဂါးအမှတ်အသားသင်္ကေတများအပြင် ဖုန့်ဟွမ်ငှက်အမှတ်အသားသင်္ကေတများပင် ပါဝင်နေ၏။ နတ်ဘုရားအမှတ်အသားများ၊ မိစ္ဆာအမှတ်အသားများနှင့် ယိုတုစာလုံးများပင် ရှိနေသည်။

ချင်မူ၏ စိမ်းပုပ်နေသောမျက်နှာက ညိုမည်းလာတော့သည်။ သူ၏ပေါင်းစည်းကျင့်စဉ်ထဲတွင် ပညာရပ်များစွာ ရောနှောနေခြင်းကြောင့် ဖြစ်လိမ့်မည်။ တထာဂတ၏ မဟာယနသုတ္တန်၊ မဟာဉာဏ်အလင်းဖွင့် ကောင်းကင်နတ်ဆိုးကျမ်းစာ၊ နဂါးကိုးကောင်ဧကရာဇ်ကျင့်စဉ်၊ ဝက်ခုတ်ဓားမသိုင်းနှင့် တခြားသိုင်းကွက်များ၊ ကျင့်စဉ်များနှင့် ကောင်းကင်နတ်သိုင်းများလည်း ပါဝင်နေ၏။ မဟာဉာဏ်အလင်းဖွင့် ကောင်းကင်နတ်ဆိုးကျမ်းစာသက်သက်ဖြင့်ပင် ကျင့်စဉ်သိုင်းကွက် များလွန်းနေပြီမဟုတ်ပါလော။

ထိုက်ရွှမ်သင်္ချာကျမ်းမှ တွက်ချက်နည်းစနစ်များပင် သူ၏မူလအဆီအနှစ်များအဖြစ် ပေါ်ထွက်လာကာ ဝိညာဉ်လက်နက်၏ တစ်စိတ်တစ်ပိုင်း ဖြစ်လာနေကြသည်။

‘အသွင်တွေ များလှချည်လားဟ။ ငါ့ဝိညာဉ်လက်နက်တော့ ဘာပုံစံထွက်လာမလဲ မသိဘူး’

ချင်မူ ရင်တုန်တုန်ဖြင့် စောင့်နေမိသည်။ ဓားစက်လုံးက လက်နက်မျိုးစုံဖြင့် ပေါင်းစည်းကာ လက်နက်ဆန်းကြီး ဖြစ်လာမည်လော။

လက်နက်ဆန်းဖြစ်လျှင် ကိစ္စမရှိသော်လည်း သွန်းလုပ်ပြီးပါက မည်မျှလေးလံသွားလိမ့်မည်နည်း။

သွန်းလုပ်ဖို့ မည်မျှကုန်ကျမည်နည်း။

ချင်မူ မျက်ခုံးလှုပ်လာသည်။

အချိန်အနည်းငယ်ကြာသော် မူလအဆီအနှစ်အားလုံး အလင်းလုံးထဲ ဝင်ရောက်ပြီးစီး၍ အလင်းရောင်က တစတစ မှေးမှိန်လာသည်။ ထိုအခါ အလယ်ဗဟိုရှိ ဝိညာဉ်လက်နက်၏အသွင်သဏ္ဍာန်က ဖြည်းဖြည်းချင်း ထင်ရှားလာ၏။

ချင်မူမှာ ရင်တုန်လွန်း၍ ကြည့်ပင်မကြည့်ရဲတော့ပေ။ သူ၏ဝိညာဉ်လက်နက်က ပေါက်ကရပုံစံကြီး ဖြစ်လာမည်ကို သူ စိုးရိမ်မိသည်။

အတန်ငယ်ကြာသည့်အခါမှ သတ္တိမွေးလိုက်နိုင်ပြီး အရပ်ခြောက်မျက်နှာ ကောင်းကင်ရတနာထဲရှိ ဝိညာဉ်လက်နက်အား လှမ်းကြည့်လိုက်သည်။ ချင်မူ မှင်သက်တောင့်တင်းသွား၏။ ဝိညာဉ်လက်နက်က ဓားစက်လုံးပုံစံသာ ရှိနေသေးပြီး ပေါက်ကရ ဖြစ်မသွားခဲ့ပေ။ သူ ထင်ထားသကဲ့သို့ ဓားပျံများ၊ ဓားမများ၊ ထူးထူးဆန်းဆန်းအရာမျိုးစုံ စိုက်ဝင်နေသော ဗုဒ္ဓရုပ်ပွားကြီး မဟုတ်ပေ။

ဓားစက်လုံးသည် အမှတ်အသားပေါင်းစုံရှိသော ဓားစက်လုံးသာ ဖြစ်၏။ မူလဗုဒ္ဓအမှတ်အသားများ၊ မူလတာအိုအမှတ်အသားများ၊ မူလဓားမအမှတ်အသားများ၊ ငှက်၊ သားရဲနှင့် ပိုးမွှားအမှတ်အသားများ၊ နဂါးနှင့် ဖုန့်ဟွမ်အမှတ်အသားများ၊ နတ်ဘုရားနှင့် မိစ္ဆာအမှတ်အသားများ၊ ယိုတုစာလုံးများ စုံလင်စွာ ရှိနေ၏။

ချင်မူ စိတ်သက်သာရာရသွားသည်။ “‌‌တော်သေးတာပေါ့ အလွန်ဆုံး လေးပဲလေးမှာ။ ငါတော့ ပိ,မသေလောက်ပါဘူး။ ဒါပေမဲ့ ဒီဓားစက်လုံးက တခြားဓားစက်လုံးတွေထက် ပိုကြီးနေသလိုပဲ။ ဘိုးဘိုးရွှေအလို ဓားစက်လုံးကို ရေအလျဉ်အသွင် သွန်းလုပ်နိုင်ရင် နည်းနည်းသေးသွားလောက်တယ်...’

ရှန်းယိုရှင်နှင့် အရာရှိများက နှစ်ရက်တိုင် မနားမနေ အလုပ်လုပ်ပြီးနောက်မှ ကိရိယာတန်ဆာပလာများကို ထိန်းညှိတပ်ဆင်ပြီးသွားသည်။ ထို့နောက် ကုန်ထုတ်စက်ရုံက စတင်လည်ပတ်သည်။

ချင်မူလည်း ဝိညာဉ်လက်နက်အသွင် ဖွဲ့တည်နေသဖြင့် တစ်ညလုံး မအိပ်ရသေးပေ။ သို့သော် သူက တက်ကြွနေဆဲဖြစ်ပြီး ရှန်းယိုရှင်ကို ခေါ်မေးလေသည်။ “ကျွန်တော့်ဝိညာဉ်လက်နက်က ရုပ်လုံးပေါ်လာပြီ စံအိမ်သခင်။ ဒါပေမဲ့ ဓားအလက်ရှစ်ထောင် လိုနေတာဆိုတော့ သွန်းလုပ်ဖို့ အခက်တွေ့နေတယ်”

“ဓားအလက် ရှစ်ထောင်တောင်လား”

ရှန်းယိုရှင်မှာ အထိတ်တလန့် အော်မိသွားသည်။ “ဂိုဏ်းသခင်၊ ဓားအလက်ရှစ်ထောင်က ဂိုဏ်းငယ်တစ်ဂိုဏ်းအတွက် အမွေအနှစ်ရတနာတစ်ပါး သွန်းလုပ်ဖို့တောင် လုံလောက်တယ်။ ဂိုဏ်းသခင် ဒီလောက်ဓားအများကြီး လိုတာ သေချာရဲ့လား”

ချင်မူက ခေါင်းညိတ်၍ စိတ်ပျက်လက်ပျက် ပြောလိုက်သည်။ “ဓားစက်လုံးအဖြစ် မစုစည်းခင် ဓားအလက်ရှစ်ထောင်ကို အရွယ်အစား စိတ်တိုင်းကျပြောင်းလဲနိုင်အောင် သွန်းလုပ်ဖို့ ကျွန်တော်လည်း ခေါင်းတော်တော်ကိုက်နေပြီ”

ရှန်းယိုရှင်က ချီတုံချတုံဖြင့် ပြောသည်။ “ဓားအလက်ရှစ်ထောင်က တပ်စိတ်တစ်စိတ်ကို လက်နက်တပ်ဆင်ပေးဖို့ လုံလောက်တယ်။ အဲဒီလောက် ဓားအများကြီး သွန်းလုပ်ဖို့ဆိုရင် အရည်အသွေးအမြင့်ဆုံး သတ္ထုတွေ လိုအပ်လိမ့်မယ်”

“အေးဗျာ ဆီးနှင်းကပ်ဘေးမကျခင်က ဆေးရောင်းပြီး ငွေစုထားတာတော့ ရှိတယ်” ချင်မူမှာ ငွေရေးကြေးရေး စီမံခန့်ခွဲပေးသော ဟူလင်းအာကို တွေးမိပြီး မြေခွေးဖြူလေးအား သတိရလာတော့သည်။ “လက်ထဲ တဖုန်းကြေးပြားတစ်သန်းလောက်တော့ ကျန်သေးတယ်။ လောက်ပါ့မလား”

ရှန်းယိုရှင်က ထိတ်လန့်သွားပြီး ပြုံးသည်။ “မလုပ်ပါနဲ့ ဂိုဏ်းသခင်လေးရဲ့ငွေကို ကျွန်တော်တို့ ဘယ်လိုလုပ်ဖြုန်းရမှာလဲ။ ကျွန်တော်တို့နတ်ဂိုဏ်းသားတွေက သဘာဝတွင်းထွက်သတ္ထုတွေနဲ့ ကျောက်မျက်ရတနာတွေကို စုတတ်ဆောင်းတတ်ပါတယ် ဂိုဏ်းသခင်ရဲ့။ ဥပမာ သတ္ထုတွင်းတွေမှာ အလုပ်လုပ်နေတဲ့ ကျွန်တော်တို့ ကောင်းကင်တန်ခိုးရှင်ဂိုဏ်းသားတွေဆို ရတနာတွေ တူးမိရင် အင်ပါယာကို ဆက်သမယ့်အစား တိုးတိုးတိတ်တိတ် ဖွက်ထားလိုက်ရော”

ဘေးဘီဝဲယာကို ကြည့်ပြီး မည်သူ့မျှမမြင်လျှင် သူက တိုးတိုးကပ်ပြောသည်။ “နတ်ဂိုဏ်းရဲ့ စည်းကမ်းချက်တွေက ‘အရည်အသွေးအလယ်အလတ် ရတနာများကို ဧကရာဇ်ဆီ ဆက်သ၍ အရည်အသွေးအမြင့်ဆုံး ကျောက်မျက်ရတနာများအား ကောင်းကင်တန်ခိုးရှင်ဂိုဏ်း၏ ရတနာတိုက်သို့ ပို့ဆောင်ရမည်’ လို့ ပြဌာန်းထားတာ”

ချင်မူ ရင်ထဲ လှုပ်ခတ်သွားသည်။

ရှန်းယိုရှင်က ပြုံးသည်။ “နတ်ဂိုဏ်းသခင်ရဲ့ ဝိညာဉ်လက်နက်သွန်းလုပ်တယ်ဆိုတာ ကြီးမြတ်တဲ့ကိစ္စတစ်ရပ်ပါပဲ။ ဒါကြောင့် ရတနာတိုက်ထဲက ရတနာတွေ၊ သဘာဝတွင်းထွက်သတ္ထုတွေကို အကုန်ထုတ်သုံးလို့ရပါတယ်။ ဂိုဏ်းသခင်သာ ရတနာတိုက်ဖွင့်ခွင့် ပေးလိုက်တာနဲ့ ကျွန်တော်တို့ စက်မှုစံအိမ်က ဂိုဏ်းသခင်အတွက် ရတနာတွေ ထုတ်ပြီး ဓားအလက်ရှစ်ထောင်ကို သွန်းလုပ်ပေးပါ့မယ်။ သတ္ထုတွေက ဘယ်လောက်အရည်အသွေးကောင်းမလဲ အပိုင်မပြောဝံ့ပေမယ့် ပထမအဆင့် အမြင့်စံအရာရှိမင်းတွေရဲ့ ဓားအတွက် သုံးတဲ့ သတ္ထုတွေအောက် သိပ်နိမ့်ကျမှာမဟုတ်ပါဘူး”

ချင်မူမှာ ယိုင်နွဲ့နွဲ့ အသက်ရှူထုတ်ပြီးနောက် ‌မေးလိုက်သည်။ “ရတနာတိုက်က ဘယ်မှာလဲ”

“ဂိုဏ်းသခင်က ရတနာတိုက် ဘယ်မှာလဲတောင် မသိဘူးလား” ရှန်းယိုရှင် ရယ်မလား၊ ငိုရမလား မသိတော့ပေ။ “တန်ခိုးရှင်သက်ဆင်းတောင်မှာ ရှိတာပေါ့”

All Chapters