နတ်ဓား
Vol. 22 Ch. 296
“တန်ခိုးရှင်သက်ဆင်းတောင်ပေါ်က ရတနာတိုက်ရဲ့ သော့ကိုတော့ ကျွန်တော်တို့နတ်ဂိုဏ်းရဲ့ ကောင်းကင်နတ်မယ်၊ စစ်မိသားစုရဲ့ သမီးကြီးက သိမ်းထားတယ်” ရှန်းယိုရှင်က ပြောလိုက်သည်။
“စစ်မိသားစုက ကျွန်တော်တို့နတ်ဂိုဏ်းရဲ့ ဘဏ္ဍာရေးကို စီမံခန့်ခွဲတာ။ ဂိုဏ်းရဲ့ပိုင်ဆိုင်မှုအားလုံး သူတို့လက်ထဲ အပ်ထားရတယ်။ ဂိုဏ်းသခင် ရတနာတိုက်ကို ဖွင့်ချင်ရင်တော့ ကောင်းကင်နတ်မယ်ဆီက သော့သွားတောင်းရလိမ့်မယ်။ သဘာဝသတ္ထုရတနာတွေကို ထုတ်နိုင်တာနဲ့ ဓားအလက်ရှစ်ထောင် သွန်းလုပ်ဖို့က သိပ်မခက်ပါဘူး။ ဒီကုန်ထုတ်စက်ရုံကို သုံးလိုက်ရင် ပိုလို့တောင် မြန်သွားဦးမယ်”
စစ်မိသားစုသည် ကောင်းကင်နတ်ဆိုးဂိုဏ်း၌ အရေးပါရောက်သော မိသားစုကြီးတစ်စု ဖြစ်ပြီး ကောင်းကင်နတ်မယ်တိုင်းက စစ်မိသားစုမှ ဆင်းသက်လာခြင်းဖြစ်သည်။ ဤမျိုးဆက်၏ ကောင်းကင်နတ်မယ်က စစ်ယွင်ရှန်းဖြစ်သည့်အတွက် ရတနာတိုက်၏သော့က သူ့လက်ထဲ၌ ရှိလေသည်။
ချင်မူ စစ်ယွင်ရှန်းဆီ သွားပြီး အကျိုးအကြောင်းပြောပြသောအခါ စစ်ယွင်ရှန်းမှာ အံ့အားသင့်သွားသည်။ “ဓားအလက်ရှစ်ထောင်ကနေ ဓားစက်လုံးကို သွန်းလုပ်မယ်။ ဂိုဏ်းသခင်က အဲဒီလောက်ဓားအများကြီးကို မ,နိုင်လို့လား”
ချင်မူ မျက်နှာမည်းမှောင်သွားသည်။ သူကိုယ်တိုင်လည်း ထိုမျှများပြားသော ဓားပျံများကို စုစည်းထားသည့် ဓားစက်လုံးအား မသယ်နိုင်မှာစိုးမိ၏။
စစ်ယွင်ရှန်းက သူ့မျက်နှာထားကို ကြည့်၍ ခိုးခိုးခစ်ခစ် ရယ်သည်။ “ဂိုဏ်းသခင်က အထွတ်အမြတ်ဆရာသခင်ဆိုတော့ ဂိုဏ်းရတနာတွေနဲ့ ဝိညာဉ်လက်နက် သွန်းလုပ်တာ ပုံမှန်ပါပဲ။ ဒါပေမဲ့ အဲဒီရတနာတွေကို နတ်ဂိုဏ်းသားတွေ အချိန်ပေးစုဆောင်းခဲ့ရတာ။ ဆီးနှင်းကပ်ဘေးတုန်းကလည်း အကုန်အကျအတော်များခဲ့လို့ ရတနာတိုက်မှာ ဘဏ္ဍာငွေ သိပ်မကျန်တော့ဘူး။ တစ်ခုခုဖြစ်ခဲ့ရင် ဘဏ္ဍာငွေမရှိဘဲ ဖြေရှင်းရမှာ ဒုက္ခများရချည်ရဲ့”
ချင်မူ ပြုံးလိုက်သည်။ “ကောင်းကင်နတ်မယ် ဒုက္ခများရတာကို သိပါတယ်။ ငါ့မှာ တဖုန်းကြေးပြားတစ်သန်း ကျန်သေးတယ်။ နတ်ဂိုဏ်း ကျပ်တည်းတဲ့အခါ သုံးနိုင်ပါတယ်”
စစ်ယွင်ရှန်းမှာ ပျော်ရွှင်သွားပြီး ပြုံးလိုက်၏။ “တဖုန်းကြေးပြားတစ်သန်းက ပမာဏများပေမယ့်လို့ ဂိုဏ်းသားတစ်သန်းဆို အလွန်ဆုံး တစ်ယောက်မှ တဖုန်းကြေးပြားတစ်ပြားပဲ ပေးနိုင်မှာ။ ဂိုဏ်းသခင်က ဓားအသစ်သွန်းလုပ်တော့မှာဆိုတော့ အိမ်ရှေ့စံကိုယ်ရံတော်ဓားကို မလိုလောက်တော့ပါဘူး....”
ချင်မူ့ မျက်နှာမည်းသွားပြီး အိမ်ရှေ့စံကိုယ်ရံတော်ဓားအား စစ်ယွင်ရှန်း လက်ထဲထည့်လိုက်သည်။
စစ်ယွင်ရှန်းကို သူ့ကို စေတနာနှင့် သတိပေးသည်။ “ဂိုဏ်းသခင်ရဲ့ ထောင်ကျယ်အိတ်ထဲမှာ ရတနာတွေ ရှိသေးတယ်မလား။ ဥပမာ တံခွန်ကုက္ကားတစ်ထောင်စေတီတို့၊ ဘာတို့ပေါ့”
ချင်မူလည်း ထောင်ကျယ်အိတ်ကို ယူ၍ တံခွန်ကုက္ကားတစ်ထောင်စေတီနှင့် မီးကျွမ်းနေသော ကုချင်းကို ထုတ်ပေးလိုက်သည်။ သို့သော် ရုတ်တရက် သတိဝင်သွား၍ ပြောလိုက်၏။ “မဟုတ်သေးပါဘူး။ ငါက အရပ်ခြောက်မျက်နှာအဆင့်အတွက် ဝိညာဉ်လက်နက်လေးတစ်လက် သွန်းလုပ်ရုံတင်ပါ။ ဘာကြောင့် ကောင်းကင်နတ်မယ်က ငါ့ရဲ့ ဂိုဏ်းသခင်အဆင့်ရတနာတွေကို လိုချင်နေတာလဲ။ တန်ကြေးကမှ မမျှတာ။ ကောင်းကင်နတ်မယ် ငါ့ကို လူလည်ကျနေတာလား”
စစ်ယွင်ရှန်းက သရော်တော်တော် ပြုံးလိုက်သည်။ “ဂိုဏ်းသခင်၊ ကျွန်မတို့ နတ်ဂိုဏ်းရဲ့ သဘာဝသတ္ထုတွေက ရတနာပေါင်းဒါဇင်ချီ သွန်းလုပ်ဖို့ လောက်ငှတယ်ရှင့်။ ဂိုဏ်းသခင်က ဒီရတနာတွေကို ဓားစက်လုံးလေးတစ်လုံး သွန်းလုပ်ဖို့ သုံးချင်မှတော့ ရတနာတိုက်တစ်တိုက်လုံး တက်တက်ပြောင်အောင် ထားဖို့ မသင့်တော်ဘူးမဟုတ်လား”
ချင်မူလည်း တွေးကြည့်လိုက်ရာ အမှန်တကယ် အကျိုးသင့်အကြောင်းသင့်၍ သူ့တွင်ရှိသော ဂိုဏ်းသခင်အဆင့်ရတနာများအား စစ်ယွင်ရှန်းလက်ထဲ ထည့်ပေးလိုက်ရတော့သည်။ အကုန်လုံးက လိုလန်ရွှေနန်းတော်မှ ခိုးရာပါပစ္စည်းများဖြစ်၍ ယခုလိုပေးလိုက်ရခြင်းအပေါ် ချင်မူ သိပ်နှမြောတသမဖြစ်မိပေ။
“ဂိုဏ်းသခင်မှာ အရှေ့ပင်လယ်ရဲ့ နတ်ဘုရားကျောင်းဆောင်ကနေ ခူးလာခဲ့တဲ့ ကြယ်ပုလဲတွေ ရှိသေးသလားလို့” စစ်ယွင်ရှန်း၏ မျက်ဝန်းများက တဖိတ်ဖိတ် တောက်ပနေသည်။ “ကြယ်ပုလဲ သုံးထောင်လောက်တောင် ရှိတာမဟုတ်လား”
ချင်မူ့မျက်နှာကြီး မည်းသွားပြီး ပြန်ပြောလိုက်သည်။ “ကောင်းကင်နတ်မယ် ငါ့မှာ ရှိတာ ဒါအကုန်ပဲ”
စစ်ယွင်ရှန်းက ပြုံးသည်။ “ဒီမှာ နတ်ဂိုဏ်းသခင်ချင်၊ ကျွန်မက အဲဒီရတနာတွေကို ကျွန်မကိုယ်ကျိုးအတွက် ယူနေတာမဟုတ်ဘူးနော်။ နတ်ဂိုဏ်းရဲ့ ရတနာတိုက်ကို ဟောင်းလောင်းမထားချင်လို့ ဆောင်ထားရုံသက်သက်ပဲ။ နတ်ဂိုဏ်းရဲ့ပစ္စည်းဆိုတာ ဂိုဏ်းသခင်ရဲ့ပစ္စည်းပဲ မဟုတ်ဘူးလား။ ဂိုဏ်းရဲ့ဘဏ္ဍာငွေကို ကျွန်မတို့စစ်မိသားစုက ပျော်လွန်းလို့ စီမံခန့်ခွဲပေးနေတယ်ထင်လား။ ရတနာဘယ်လောက်ပဲ စုထားစုထား မြင်သာမြင်၊ မကြင်ရဆိုတဲ့အတိုင်းပဲ။ အကုန်လုံးက ဂိုဏ်းသခင်ချင်ရဲ့အပိုင်တွေပဲ ဖြစ်နေဦးမှာလေ”
သူမစကားက အလွန်ယုတ္တိရှိကြောင်း ချင်မူ တွေးမိသော်လည်း တစ်ခုခုတော့ လွဲနေသလို ခံစားနေရသေးသည်။ သို့ရာတွင် နောက်ဆုံးတော့လည်း ညလင်းပုလဲသုံးထောင်ကို ထုတ်ပေးလိုက်ရ၏။
စစ်ယွင်ရှန်းက သူ့ထောင်ကျယ်အိတ်ထဲ ခိုးကြည့်ပြီး ပြောပြန်သည်။ “မျက်လုံးကြီးနှစ်လုံးလည်း ရှိသေးတာပဲ....”
“မပေးနိုင်ပါဘူး” ချင်မူမှာ မျက်နှာကြီးစိမ်းပုပ်သွားပြီး လူသတ်ချင်စိတ်များ တဖွားဖွား ဖြစ်ပေါ်လာသည်။
စစ်ယွင်ရှန်းက သွေးတိုးစိမ်းသည်။ “ဂိုဏ်းသခင်ရဲ့ နဂါးချီလင်က...”
ချင်မူမှာ စိတ်အေးသွားပြီး ပြုံးပြလိုက်၏။ “မွေးနိုင်ရင် ခေါ်သွားစမ်းပါ”
စစ်ယွင်ရှန်းက တခစ်ခစ် ရယ်သည်။ “နောက်တာပါ ဂိုဏ်းသခင်ရယ်။ အဲဒီအစားပုတ်က ဂိုဏ်းသခင်နဲ့ပဲ နေသင့်တယ်။ ဂိုဏ်းချုပ်တောင်မှ သူ့ကို အစားကြီးလွန်းလို့ အမြင်ကပ်ပြီး မမွေးခဲ့တာ။ ဒါဆို ဂိုဏ်းသခင် ဓားသွန်းဖို့အတွက် တန်ခိုးရှင်သက်ဆင်းတောင်က ရတနာတိုက်ကို ဖွင့်ပေးဖို့ စစ်မိသားစုအကြီးအကဲနဲ့ တွေ့လိုက်ပါဦးမယ်”
ချင်မူက ငေးငေးငိုင်ငိုင်ဖြင့် ထောင်ကျယ်အိတ်ဟောင်းလောင်းလေးကို သိမ်းလိုက်သည်။ သူ့မှာ ထိုမိန်းကလေး၏ ဓားပြတိုက်ခံရပြီးနောက် ကိုယ်လုံးတီးချွတ် ရပ်နေရသကဲ့သို့ ခံစားနေရသည်။
‘ကောင်းကင်နတ်မယ်က ငွေမက်လွန်းတယ်၊ ငါ သူ့ကို မနိုင်ဘူး။ ငွေကြေးစီမံပေးဖို့ လင်းအာကို ပြန်ခေါ်မှပဲ။ မဟုတ်ရင် ကောင်းကင်နတ်မယ်က ငါ့ကို ကိုယ်လုံးတီးချွတ်ပြီး ငါ့ရိုးတွင်းခြင်ဆီတွေကိုပါ စုပ်ထုတ်သွားလိမ့်မယ်’ အထွတ်အမြတ်ဆရာသခင် ဂိုဏ်းသခင်ချင်မှာ သူ့ဘာသာသူ တွေးနေမိ၏။
စစ်ယွင်ရှန်းက အပြေးထွက်သွားပြီး ကြေးမုံတစ်ချပ် ထုတ်သည်။ ကြေးမုံက လေထဲတွင် ပျံဝဲနေပြီး နှစ်ပတ်လည်သွား၏။ ထို့နောက် ကြေးမုံထဲတွင် နောက်ကြေးမုံတစ်ချပ် ပေါ်လာပြီး ၎င်းအနောက်တွင် ရှိသော အဘွားအိုတစ်ဦးက မေးသည်။ “ကောင်းကင်နတ်မယ်ရှန်းက ဘွားဘွားကို ဘာအတွက် ရှာနေတာလဲကွယ့်”
စစ်ယွင်ရှန်းက ချင်မူ ဓားသွန်းလုပ်မည့်အကြောင်းကို ပြောပြလိုက်သည်။ “ဂိုဏ်းသခင် သွန်းလုပ်မယ့် ဝိညာဉ်လက်နက်က ပေါ့သေးသေးတော့ မဟုတ်ဘူး။ ဘွားဘွားကြီး၊ ရတနာတိုက်ထဲက အရည်အသွေးအမြင့်ဆုံး ရတနာတွေကို ထုတ်ပြီး မော်ကျိုးပြည်နယ်က ကုန်ထုတ်စက်ရုံဆီ ပို့လိုက်ပါနော်”
အဘွားအိုက မျက်မှောင်ကြုတ်ကာ မေးသည်။ “စစ်မိသားစုက နစ်နာမယ့် စီးပွားရေးမျိုး ဘယ်တော့မှ မလုပ်ဘူး။ ဂိုဏ်းသခင်က ငယ်လည်းငယ်သေးတယ်၊ ကျင့်စဉ်လည်း နိမ့်သေးတယ်။ ဘာကြောင့် အရည်အသွေးအမြင့်ဆုံး ရတနာတွေကို လိုမှာလဲ...”
“မနစ်နာပါဘူး ဘွားဘွားကြီးရဲ့” စစ်ယွင်ရှန်းက ချင်မူ့ထံမှ ဓားပြတိုက်ခဲ့သော ရတနာများကို တက်တက်ကြွကြွ ထုတ်ပြလိုက်ရာ စစ်မိသားစု ဘွားဘွားကြီး၏ မျက်လုံးများ အရောင်တောက်လာတော့သည်။
“ဂိုဏ်းသခင်အဆင့် ရတနာတွေ များလှချည်လားကွယ့်။ ကောင်းကင်နတ်မယ်က တကယ် တွက်တတ်ချက်တတ်တာပဲ။ တော်တယ်၊ တော်တယ်။ ဘွားဘွား သင်ပေးထားတဲ့သူဆိုတဲ့အတိုင်း စိတ်မပျက်ရဘူး။ မင်းဒေါ်လေးနဲ့တော့ တခြားစီ ၊ မင်းဒေါ်လေးက ငွေကို ရေလို ဘယ်လိုဖြုန်းရမလဲပဲ သိတာ၊ မတွက်တတ်မချက်တတ်နဲ့ သုံးစားမရတဲ့ဟာမလေး”
စစ်ယွင်ရှန်း၏ ဒေါ်လေးက အဘွားစစ်ဖြစ်သည်။ အဘွားစစ်သည် စစ်မိသားစုဝင်များကဲ့သို့ ငွေကို စစ်စစ်စီစီ မသုံးတတ်၊ လက်ဖွာပြီး စျေးကြီးသောပစ္စည်းများကိုသာ အမြဲဝယ်၏။
စစ်မိသားစု၏ ဘွားဘွားကြီးက ပြောသည်။ “ဓားသွန်းဖို့ အရည်အသွေးအမြင့်ဆုံး သတ္ထုတွေက အင်မတန် လေးတယ်။ လက်မအရွယ် သံတုံးလေးတုံးကတောင် ဆယ်ပေါင်ရှိတယ်။ ပြီးတော့ ရတနာတိုက်မှာ ဓားအလက်ရှစ်ထောင် သွန်းလုပ်ဖို့ သတ္ထုအလုံအလောက်လည်း မရှိတော့ဘူး။ ဂိုဏ်းသခင်အဆင့် ရတနာအတွက်ဆို ပေါင်တစ်သောင်းစီလေးတဲ့ ဓားနှစ်ဆယ့်ခုနစ်လက် သွန်းလုပ်ဖို့ပဲ လောက်တယ်”
“တစ်ဆင့်နှိမ့်လိုက်ရင်ရော” စစ်ယွင်ရှန်းက မေးသည်။
စစ်မိသားစု၏ ဘွားဘွားကြီးက ဖြေ၏။ “တစ်ဆင့်နှိမ့်လည်း မလောက်သေးဘူး။ အလွန်ဆုံးမှ ဓားအလက်တစ်ရာအတွက်ပဲ လောက်မှာ”
စစ်ယွင်ရှန်းက မျက်မှောင်ကြုတ်သွားပြီး မေးလိုက်သည်။ “နောက်တစ်ဆင့် ထပ်နှိမ့်ရင်ရော”
“နောက်တစ်ဆင့်နှိမ့်လိုက်ရင် ဆောင်းသံမဏိအမြုတေ၊ မဟူရာရွှေအမြုတေနဲ့ မဟူရာကြေးနက်အမြုတေတွေ ကျန်လိမ့်မယ်။ အဲ့ဒါနဲ့ဆိုရင်တော့ ဓားအလက်ရှစ်ထောင်ကို ကောင်းကောင်းသွန်းလုပ်နိုင်မယ်”
စစ်ယွင်ရှန်းက ပြောလိုက်သည်။ “ဒါဆို အရည်အသွေးအမြင့်ဆုံးနဲ့ တစ်ဆင့်နိမ့်သတ္ထုအကုန်လုံး အရင်သုံးပြီးတော့မှ ကျန်တာတွေအတွက် မဟူရာရွှေအမြုတေ သုံးလိုက်မယ်။ ဘွားဘွားကြီး ပို့ပေးလိုက်ပါဦး။ အရည်အသွေးအမြင့်ဆုံးတွေက ဓားသွေးဖို့ လောက်,လောက်ပါတယ်”
စစ်မိသားစု၏ ဘွားဘွားကြီးက သိချင်စိတ်များဖြင့် မေးသည်။ “ဆောင်းသံမဏိအမြုတေက မဟူရာရွှေအမြုတေထက် သုံးဆပေါ့တာကို ဘာလို့ ဆောင်းသံမဏိအမြုတေကို မသုံးတာလဲကွယ့်”
စစ်ယွင်ရှန်းက ချစ်စဖွယ်လေးပြုံးလိုက်ရာ စစ်မိသားစု၏ ဘွားဘွားကြီးမှာ ‘မတတ်နိုင်ဘူး’ ဆိုသည့်ဟန်ဖြင့် မျက်လုံးလှန်လိုက်သည်။ “မိန်းမလည်လေး၊ လူလည်ကျဖို့ ကြိုးစားနေပြန်ပြီ။ ကြည့်ကျက်လုပ်နော် တော်ကြာ ဂိုဏ်းသခင်ချင် ဓားကို မ,မနိုင်ရင် တော်လေးရဲ့ တင်ပါးကို နာနာလေးချလိမ့်မယ်။ သဟဇာတပြည်နယ်ကို ကုန်ကြမ်းတွေ ဘွားဘွား ပို့ခိုင်းလိုက်မယ်၊ ဖန်မျိုးရိုးဓားပြကို အဲဒီလာယူခိုင်းလိုက်”
စစ်ယွင်ရှန်းက ခေါင်းညိတ်ပြီး ကြေးမုံကို ဆန့်ကျင်ဘက်သို့ နှစ်ပတ်လှည့်လိုက်သည်။ ကြေးမုံထဲရှိ နောက်ထပ်ကြေးမုံသည် ဖျတ်ခနဲ ပျောက်ကွယ်သွား၏။
နှစ်ရက်ကြာသောအခါ ဖန်းယွင်ရှောင်က သဟဇာတပြည်နယ်မှ သတ္ထုသံထည်များ သယ်လာကာ ချင်မူ ဓားသွန်းဖို့ လာပို့သည်။ မော်ကျိုးပြည်နယ်၏ ကုန်ထုတ်စက်ရုံမှာ တရုန်းရုန်း အလုပ်များသွားပြန်သည်။
ဓားသွန်းလုပ်ခြင်းက သတ္ထုကို ဓားတစ်လက်ပုံစံပေါ်အောင် ပုံသွင်းရခြင်းသာ ဖြစ်သည့်အတွက် လက်မဝင်ပေ။ သို့သော် ထပ်ခါတလဲလဲ တူဖြင့် ထု၍ မီးပြင်းပေးကာ အကြိမ်တစ်ထောင် ပုံသွင်းရန် လိုအပ်သည်။
ဓားကို ပုံသွင်းပြီးလျှင် ဓား၏ကိုယ်ထည်က ပြားကပ်နေလိမ့်မည်။ ထို့နောက် ချင်မူကိုယ်တိုင် ဓားပုံစံပေါ်လာအောင် သေသေချာချာ သွေးပေးရပြီး အကြိမ်အနည်းငယ် ပုံထပ်သွင်းရသေးသည်။
ချင်မူက ဓားတစ်လက်ကို ပင့်မြှောက်ကြည့်ပြီး မျက်နှာမသာယာပေ။ စစ်ယွင်ရှန်းက စိတ်ပူနေဟန်ဖမ်းရင်း လျှောက်လာသည်။ “ဂိုဏ်းသခင်၊ ဘာဖြစ်လို့လဲ”
“နည်းနည်းလေးနေတယ်” ချင်မူက စိတ်ညစ်စွာ ပြောလိုက်သည်။ “ငါ မျှော်လင့်ထားတာထက် ပိုပြီး နှစ်ဆ၊ သုံးဆလောက် လေးနေတယ်။ အခု ဓားတစ်လက်ကို ပေါင်သုံးရာလေးနေတာဆိုတော့ ဓားအလက်ရှစ်ထောင်ကိုသာ ဓားစက်လုံးအသွင် ဖွဲ့လိုက်ရင် ....”
စစ်ယွင်ရှန်းက တခစ်ခစ် ရယ်လိုက်သည်။ “ဂိုဏ်းသခင်က အရည်အသွေးအမြင့်ဆုံး သတ္ထုတွေပဲ လိုချင်ခဲ့တာဆိုတော့ လေးတာက မဆန်းပါဘူး။ သတ္ထုအရည်အသွေး ကောင်းလေလေ၊ ဓားက ပိုပိုလေးလာပြီး ထက်လာသလို၊ ပထမအဆင့် အမြင့်စံနန်းတွင်းအရာရှိတွေရဲ့ နန်းစဉ်ဓားတွေထက် ပုံသွန်းရတာလည်း ပိုခက်လာမှာမဟုတ်လား။ ဂိုဏ်းသခင် ဘာဓားသိုင်းမှတောင် သုံးစရာမလိုဘူး၊ ဓားစက်လုံးသာ ပစ်ပေါက်လိုက် ရန်သူအားလုံး ပိသေသွားလိမ့်မယ်”
ချင်မူက မှုန်သိုးသိုးဖြင့် ပြောလိုက်သည်။ “ဓားအလက်ရှစ်ထောင်ကို ပစ်ပေါက်နိုင်ဦးမှလေ”
စစ်ယွင်ရှန်းမှာ ပျော်ရွှင်မြူးထူးသွားပြီး ပြော၏။ “ဓားတစ်လက်ကို အကျစ်လျစ်ဆုံးအထိ ပုံသွင်းနိုင်ရင် အလေးချိန်က ပြောင်းလဲသွားလိမ့်မယ်တဲ့။ ဂိုဏ်းသခင်က ပန်းပဲပညာမှာ ဆရာတစ်ဆူဆိုတော့ ဓားစက်လုံးကို အဲဒီအဆင့်အထိ သေချာပေါက် သွန်းလုပ်နိုင်မှာပါ”
ချင်မူက ဓားကို မလျက် တစ်ဖက်လှည့်သွားပြီး ‘ဖန်ဆင်းခြင်းတစ်ရာ နတ်အသွင်တစ်ရာ ပန်းပဲကျင့်စဉ်’ နှင့် ‘တောင်ကို ရွှေ့နိုင်သော ခွန်အား’ ဟူ၍ တဖွဖွ ရွတ်နေသည်။
စစ်ယွင်ရှန်းက မျက်တောင်လေးပုတ်ခတ်ပုတ်ခတ်ဖြင့် ကျေနပ်ဝမ်းသာနေတော့သည်။
ရှန်းယိုရှင်သည် ချင်မူ ဓားသွန်းနေသည်ကို လေ့လာဖို့ စက်ရုံတွင် နေကျန်ခဲ့ချင်သော်လည်း အိမ်ရှေ့မင်းသားလင်ယွိရှုက တခြားပြည်နယ်များသို့ သွားရောက်ရန် ရှိသေး၍ စက်မှုစံအိမ်မှ ဂိုဏ်းသားများကိုသာ လာရောက်ကူညီခိုင်းရတော့သည်။ ရှန်းယိုရှင်နှင့် စက်မှုလက်မှုဝန်ကြီးဌာန၏ အရာရှိမင်းများက လင်ယွိရှုနှင့်အတူ တခြားပြည်နယ်သို့ လိုက်သွားရသည်။
စက်မှုစံအိမ်မှ ဂိုဏ်းသားများက လက်,မသွက်၍ အလုပ်မတွင်ပေ။ သို့သော် ချင်မူ့ဝိညာဉ်လက်နက်၏ အသွင်သဏ္ဍာန်နှင့် ချွတ်စွပ်တူသော ဓားအလက်ရှစ်ထောင်ကို သွန်းလုပ်ဖို့ကလည်း လုပ်ငန်းစဉ်ကြီးတစ်ရပ် ဖြစ်နေသေးချေသည်။
စစ်ယွင်ရှန်း ပို့ပေးခဲ့သည့် သဘာဝသတ္ထုရတနာများကလည်း အရည်အသွေးကောင်းမွန်လွန်းသည်။ အရွယ်အစား စိတ်တိုင်းကျ ပြောင်းလဲနိုင်အောင် အရည်အသွေးမြင့် သတ္ထုများကို ပုံသွင်းဖို့က အတော်လေး ပင်ပန်းရသည်။ ချင်မူမှာ ဝိညာဉ်လက်နက်ကိုလည်း မရပ်မနား အမှတ်အသားပြုနေရပြီး ဓားကိုယ်ထည်များအပေါ်တွင်လည်း သင်္ကေတမျိုးစုံ ရေးဆွဲခတ်နှိပ်ရသည်။ ဤအတိုင်း လအနည်းငယ်ကြာသောအခါ သူ့မှာ ပင်ပန်းမှုဒဏ်ကြောင့် များစွာပိန်ကျသွား၏။
လင်ယွိရှို့နှင့် စစ်ယွင်ရှန်းက ကူပေးဖို့ နေခဲ့၍ ချင်မူ့ဆီမှ ပန်းပဲစွမ်းရည်ကို သင်ယူခွင့်ရခဲ့လေသည်။ သူတို့၏ နဂါးကိုးကောင်လက်နက်နှင့် ပိုးချည်မျှင်တစ်ထောင်ကိုလည်း အရည်အသွေးမြင့်သတ္ထုများဖြင့် ထပ်မံမွမ်းမံကာ အဆင့်မြှင့်နိုင်ခဲ့သည်။
ချင်မူက ဓားအလက်ပေါင်း ၇၉၉၉ လက်ကို သွန်းလုပ်ပြီးသွားချေပြီ။ ဓားစက်လုံး၏ မိခင်ဓား နောက်ဆုံးဓားတစ်လက်သာ ကျန်တော့သည်။ မိခင်ဓားအား အကောင်းဆုံးသတ္ထုများဖြင့် သွန်းလုပ်ရမည်ဖြစ်သည်။ မဟုတ်လျှင် ကလေးဓားများကို စုစည်းနိုင်မည်မဟုတ်ပေ။
မိခင်ဓားကို သွန်းလုပ်ဖို့ ချင်မူမှာ များစွာတွေးတောရပြီး အားစိုက်ထုတ်ရ၏။ မိခင်ဓားအတွက် သူ တစ်ခါမှ မမြင်ခဲ့ဖူးသော အရည်အသွေးအမြင့်ဆုံး သတ္ထုတစ်တုံးကို သပ်သပ်ဖယ်ထားခဲ့သည်။ သတ္ထုတုံးက လက်သီးဆုပ်အရွယ်သာ ရှိသော်လည်း ပေါင်တစ်သောင်းလေးသည်။ စစ်ယွင်ရှန်းပြောပုံအရ ဤသတ္ထုသည် အပြင်အာကာသမှ အပိုင်းအစတစ်စ ဖြစ်၏။
သို့သော် ဤသတ္ထုက ဓားအသွားကိုသာ သွန်းပေးနိုင်၏။ မိခင်ဓားတစ်လက်လုံး သွန်းဖို့ မလောက်ပေ။
ချင်မူ လိုလန်ရွှေနန်းတော်မှ ဓားကျိုးကို ထုတ်လိုက်သည်။ စစ်ယွင်ရှန်းက ဓားကျိုးကို အကျိုးအပဲ့အဖြစ်သာ မြင်ခဲ့၍ သူ့ထံမှ ဓားပြမတိုက်ခဲ့ပေ။
ချင်မူက လက်တစ်ဖက်တွင် အမျိုးအမည်မသိ သတ္ထုကို ကိုင်၍ ကျန်တစ်ဖက်၌ ဓားကျိုးကို ကိုင်ကာ နှစ်ခုလုံးအား ဝှေ့ယမ်းလိုက်သည်။ ချွမ်ခနဲ ကြားလိုက်ရ၏။ ဓားကျိုးနှင့် အမျိုးအမည်မသိ သတ္ထုက တစ်ခုကို တစ်ခု ဆွဲငင်ကာ ထိတိုက်သွားသည်။
ဓားကျိုးက တောက်ပလာသည်။ လက်သီးဆုပ်အရွယ် သတ္ထုတုံးမှလည်း ရွှေရောင်အလင်းတန်းများ ဖြာထွက်လာသည်။ ဓားများက ချင်မူကို ဗဟိုပြုလျက် စက်ဝိုင်းသဏ္ဍာန် ဝိုင်းပတ်ပျံဝဲနေသည့်အလား ထင်ရပြီး ကုန်ထုတ်စက်ရုံ၏ ချောင်ကြိုချောင်ကြားမကျန် ဓားရောင်များ လင်းထိန်သွား၏။ အလင်းတန်းများက ပြတင်းပေါက်၊ တံခါးပေါက်တို့မှတစ်ဆင့် အပြင်အထိ ဖြာထွက်သွားကြသည်။
တချွမ်ချွမ် မြည်သံများက အဆက်မပြတ် ပေါ်ထွက်နေသည်။ သတ္ထုမှ အလင်းတန်းများက ဓားကျိုးမှ ဓားရောင်နှင့် ထိတိုက်နေသည်ကို ချင်မူ မြင်နေရသည်။ ထိတိုက်လိုက်တိုင်း သူ့လက်မောင်းမှာ ထုံကျင်သွားရ၏။
အကြိမ်ပေါင်းမရေမတွက်နိုင်အောင် ထိတိုက်သွားပြီးနောက်တွင် သတ္ထုတုံးက မြေကြီးပေါ် ဘုတ်ခနဲ ကျသွားပြီး မှုန့်မှုန့်ညက်ညက် ကြေသွားသည်။
ထိုစဉ် ချင်မူ့လက်ထဲရှိ ဓားကျိုးက တဖျတ်ဖျတ် တောက်ပလာသည်။
ဓားကျိုးသည် အကျိုးမဟုတ်တော့။ သတ္ထုတုံးမှ ရွှေချီစွမ်းအင်ကို စုပ်ယူ၍ အသွားပြန်ဖြည့်ကာ ဓားအသစ်အတိုင်း ဖြစ်လာ၏။
ဓား၏ကိုယ်ထည်တွင် မြွေ၊ နဂါးများသဖွယ် တွန့်လိမ်ကွေးကောက်နေသော ထူးထူးဆန်းဆန်း အမှတ်အသားများ ရှိသည်။ အမှတ်အသားများက လင်းလာပြီး တမုဟုတ်ချင်း မှိန်ကျသွားသော်လည်း ဖွဲ့တည်လာသည့် စာလုံးကိုတော့ ချင်မူ မြင်လိုက်ရသည်။
‘ရွှင်ပျော်ပျော်’