← Chapters

ရွှင်ပျော်ပျော်ဓား

Vol. 22 Ch. 297

ရွှင်ပျော်ပျော်ဓား

Vol. 22 Ch. 297

‘ရွှင်ပျော်ပျော်တဲ့လား’

ချင်မူ ရင်ထဲတွင် လှုပ်ခတ်သွားသော်လည်း ဓားပေါ်ရှိ အမှတ်အသားများကို ထပ်ကြည့်လိုက်သောအခါ ရွှင်ပျော်ပျော်ဆိုသော စာလုံးကို မမြင်ရတော့ပေ။ စောစောက ဖွဲ့တည်သွားသည့် စာလုံးက သူ၏ အမြင်မှားမှုသာ ဖြစ်သယောင်ပင်။ သို့ရာတွင် အမြင်မှားခြင်းမဟုတ်၊ ရွှင်ပျော်ပျော်ဆိုသော စာလုံးသည် အမှန်စင်စစ် ဖွဲ့တည်သွားခဲ့၏။

‘ဒီဓားက ရွှင်ပျော်ပျော်ဓားဆိုရင် ရွှင်ပျော်ပျော်ကျေးရွာနဲ့ ပတ်သက်နေမလား’

ချင်မူ အတွေးနက်သွားသည်။ ရွှင်ပျော်ပျော်ဓားက ရွှင်ပျော်ပျော်ကျေးရွာမှ ဓားလော။

သို့ဆိုလျှင် ဘာကြောင့်ကျိုးနေခဲ့သနည်း။

အမျိုးအမည်မသိ သတ္တုတုံးနှင့် ထိတွေ့ပြီးနောက် ဤဓားကျိုးက အဘယ်သို့ပြု၍ ပုံမှန်ပြန်ဖြစ်သွားသနည်း။

ယခုလိုဖြစ်ပျက်လာအောင်  ကံကြမ္မာက ဖန်တီးပေးထားသည့်အလား ထင်ရသည်။ ကံအကြောင်းဖန်၍ ဓားကျိုးက လိုလန်ရွှေနန်းတော်၏ လက်ထဲရောက်ခဲ့သည်။ ကံအကြောင်းဖန်၍ ကောင်းကင်နတ်ဆိုးဂိုဏ်းက အမျိုးအမည်မသိ သတ္ထုတုံးကို သိမ်းဆည်းထားခဲ့သည်။ ကံအကြောင်းဖန်၍ ချင်မူက လိုလန်ရွှေနန်းတော်မှ ဓားကျိုးကို ခိုးယူ၍ သတ္ထုအနား ထားခဲ့မိသည်။ ကံအကြောင်းဖန်၍ ရွှင်ပျော်ပျော်ဓားက ပုံမှန်အတိုင်း ပြန်ဖြစ်သွား၏။

တိုက်ဆိုင်လွန်း၍ တိုက်ဆိုင်သည်နှင့် မတူတော့ပေ။ ဤသို့တိုက်ဆိုင်အောင် ကူညီပေးနေသော စွမ်းအားတစ်ရပ် ရှိကိုရှိလိမ့်မည်။

“ညီမလေးရှန်း၊ ဒီသတ္ထုတုံးက အပြင်အာကာသက လာတာလား၊ ဘယ်အချိန်တုန်းက ငါတို့နတ်ဂိုဏ်းလက်ထဲ ရောက်လာခဲ့တာလဲ” ချင်မူက မေးလိုက်သည်။

စစ်ယွင်ရှန်းမှာ စောစောက အဖြစ်အပျက်ကြောင့် အံ့ဩလွန်း၍ ပါးစပ်အဟောင်းသား ဖြစ်နေသည်။ သူမက စိတ်ပြန်ထိန်းပြီး မနှစ်မြို့ဟန်ဖြင့် မျက်လုံးလှန်လိုက်သည်။

“အပြင်အာကာသက လာတာဟုတ်တယ်။ ဘယ်အချိန်ရောက်တာလဲကိုတော့ အတိအကျမသိဘူး။ ဘွားဘွားကြီးကို ကြည့်ခိုင်းလိုက်မယ်။ ငါ့ကို ညီမလေးရှန်းလို့ မခေါ်စမ်းနဲ့။ နင် အဲဒီလိုတရင်းတနှီး ခေါ်လိုက်တိုင်း ပျားသကာလို ချိုတဲ့ နင့်အပြောလေးနဲ့ ငါ့ကို ပထုတ်ဖို့ ကြိတ်တွေးနေသလို ငါ ခံစားရတယ်”

ချင်မူက ပြောလိုက်သည်။ “ဒါဆိုလည်း ဒီသတ္ထုရဲ့ မူလဇစ်မြစ်ကို ကောင်းကင်နတ်မယ်ရှန်း ရှာပေးလို့ရမလား”

စစ်ယွင်ရှန်းက ကြေးမုံကို ထုတ်၍ နှစ်ပတ်လှည့်သည်။ ကြေးမုံထဲတွင် နောက်ထပ်ကြေးမုံတစ်ချပ်ပေါ်လာပြီး စစ်မိသားစု၏ဘွားဘွားကြီးအား မြင်ရသည်။ စစ်ယွင်ရှန်း ဖြစ်ကြောင်းကုန်စင် ရှင်းပြ၍ မေးမြန်းသောအခါ စစ်မိသားစု၏ဘွားဘွားကြီးက အံ့အားသင့်သွား၏။ “အဲဒီလိုအဖြစ်မျိုး ရှိခဲ့တယ်လား။ ခဏစောင့် ဘွားဘွား မှတ်တမ်းထဲ ရှာကြည့်လိုက်ဦးမယ်။ အဲဒီနတ်သတ္ထုမျိုးဆို မှတ်တမ်းတင်ထားလောက်တယ်”

များစွာမကြာလိုက်ဘဲ စစ်မိသားစု၏ ဘွားဘွားကြီးက စာအုပ်တစ်အုပ်ဖြင့် ပြန်ရောက်လာပြီး ပြောသည်။ “အဲဒီနတ်သတ္ထုက အပြင်အာကာသက လာတာ။ ‘ဆောင်းရာသီတွင် နတ်အလင်းတန်းတစ်တန်းသည် အထက်ကောင်းကင်ကို ထိုးခွင်း၍ တစ္ဆေတောင်ကြားသို့ သက်ဆင်းသွားတော်မူ၏’ လို့ လွန်ခဲ့တဲ့ဆယ့်ခြောက်နှစ်တုန်းက မှတ်တမ်းတင်ထားတယ်။ နတ်ဂိုဏ်းသားတွေ သွားစစ်ဆေးကြည့်တော့ အပျက်အစီးအစအနတွေ တွေ့ခဲ့တယ်တဲ့။ အဲ့ဒါနဲ့ ဒီနတ်သတ္ထုကို ကောက်လာပြီး ရတနာတိုက်ကို ဆက်သခဲ့ကြတာလို့ဆိုတယ်”

“လွန်ခဲ့တဲ့ဆယ့်ခြောက်နှစ်”

ချင်မူ မှင်သက်သွားသည်။ လွန်ခဲ့သောဆယ့်ငါးနှစ်တုန်းက အဘွားစစ် သူ့ကို ကောက်ရခဲ့သည်။ ဤနတ်သတ္ထုက လွန်ခဲ့သောဆယ့်ခြောက်နှစ်၊ ဆောင်းတွင်းတွင် ပေါ်လာခဲ့သည်။ သူ့ကို ကောက်ရခဲ့သောအချိန်နှင့် သိပ်မကွာပေ။

“လိုလန်ရွှေနန်းတော်က လူတွေရော အနားပတ်ဝန်းကျင်မှာ ရှိခဲ့သေးလား” ချင်မူ အလျင်စလို မေးလိုက်မိသည်။

စစ်မိသားစု၏ ဘွားဘွားကြီးက အံ့အားသင့်သွားဟန်ဖြင့် သူ့ကို ကြည့်ကာ မေးသည်။ “ဂိုဏ်းသခင်က ဘယ်လိုလုပ်သိနေတာလဲ။ တစ္ဆေတောင်ကြားက ဘဲလျှာနောက်ကြောမှာ ရှိတာ။ ချင်းမန်တံခါးက ဘဲလျှာအရှေ့မှာ ရှိတယ်။ နတ်အလင်းတန်း သက်ဆင်းလာတဲ့အချိန်က ကျွန်မတို့နတ်ဂိုဏ်းသားတွေ ချင်းမန်တံခါးကို စောင့်နေတဲ့အချိန်ပဲ

(ဘဲလျှာရပ်ဝန်းသည် တပ်မှူးစစ်သည်များ မဟာမြို့ပျက်နယ်မြေကို ခေါ်သောအခေါ် ဖြစ်၏။)

“နတ်ဂိုဏ်းသားတွေက အလင်းရောင်ကို မြင်တာနဲ့ ဘဲလျှာဆီ အပြေးသွားခဲ့ကြတယ်။ ဘဲလျှာက မန်သီလူရိုင်းနယ်မြေနဲ့လည်း ကပ်နေတာမလို့ အဲဒီမှာစောင့်နေတဲ့ လိုလန်ရွှေနန်း‌တော်ရဲ့ မှော်ဆရာတွေလည်း ရောက်လာကြတယ်။ နတ်ဂိုဏ်းဘက်က စံအိမ်သခင်တစ်ယောက်နဲ့ ကောင်းကင်နတ်သိုင်းပညာရှင်တစ်ဒါဇင်လောက် ဆုံးရှုံးခဲ့ရတယ်။ လိုလန်ရွှေနန်းတော်ဘက်ကလူတွေလည်း အကျအဆုံးမနည်းခဲ့ဘူး

“လိုလန်ရွှေနန်းတော်ဘက်က အထိနာသွားတော့ တစ္ဆေတောင်ကြားကနေ ထွက်သွားကြပေမယ့် ဓားကျိုးတစ်လက်တော့ ပါအောင် ယူသွားကြပုံပဲ”

ချင်မူ ရင်ထဲလှုပ်ခတ်သွားသည်။

ဓားကျိုးနှင့် နတ်သတ္ထုနှစ်ခုလုံးက လွန်ခဲ့သောဆယ့်ခြောက်နှစ်မှ ဖြစ်သည်။ ကောင်းကင်နတ်ဆိုးဂိုဏ်းက နတ်သတ္ထုကို ရရှိပြီး လိုလန်ရွှေနန်းတော်က ဓားကျိုးကို ယူသွားခဲ့သည်။ နှစ်ခုလုံးက တစ်ခုတည်းဖြစ်ခဲ့၍ အချင်းချင်းထိတွေ့သောအခါ ပေါင်းစည်းသွားခြင်းဖြစ်၏။

မဟာမြို့ပျက်၏ တစ္ဆေတောင်ကြား

‘သေချာပေါက် သွားကြည့်ရမယ်’ ချင်မူ သူ့ဘာသာ တွေးလိုက်သည်။

စစ်မိသားစု၏ ဘွားဘွားကြီးက ပြောသည်။ “ဘဲလျှာရပ်ဝန်းထဲက တစ္ဆေတောင်ကြားက အင်မတန် မာယာများပါတယ်။ ကျွန်မတို့နတ်ဂိုဏ်းသားတွေ အဲဒီနေရာကို ထပ်သွားရှာပေမယ့် အန္တရာယ်တွေ ပြည့်နေလို့ ရှေ့ဆက်မတိုးနိုင်ဘဲ ပြန်လာခဲ့ရတယ်”

ချင်မူက အဘွားအိုကို ကျေးဇူးတင်လိုက်သည်။ စစ်ယွင်ရှန်းက စစ်မိသားစု၏ သခင်မ၊ ကောင်းကင်နတ်မယ်ဖြစ်သော်လည်း ဤအဘွားအိုက စစ်မိသားစုကို အမှန်တကယ် စီမံခန့်ခွဲသူဖြစ်သည်။ သူမသည် အဘွားစစ်မတိုင်ခင် ကောင်းကင်နတ်မယ်တစ်ဦးဖြစ်ခဲ့၍ ကောင်းကင်နတ်ဆိုးဂိုဏ်းတွင် အဆင့်အတန်းအလွန်မြင့်မား၏။

စစ်ယွင်ရှန်းက ကြေးမုံကို သိမ်းပြီး သူ့လက်ထဲရှိ ဓားကို လှမ်းကြည့်သည်။ “ဂိုဏ်းသခင် ရှင့်ဓားက...”

ချင်မူ ရွှင်ပျော်ပျော်ဓားကို မလွှတ်တမ်း ဆုပ်ကိုင်လိုက်ပြီး သတိပေးလိုက်သည်။ “ဒါက ဓားစက်လုံးရဲ့ မိခင်ဓား‌၊ မင်းကို မပေးနိုင်ဘူး”

စစ်ယွင်ရှန်းက သဘောကျစွာ ရယ်သည်။ “ကျွန်မလည်း လိုချင်တယ်မပြောမိပါဘူး။ ဒီဓားကို ဒီလောက်အချိန်ကုန်ခံ အားသွန်ခွန်စိုက် ပုံသွင်းပြီးတော့ ဓားစက်လုံးသွန်းနိုင်ဦးမလားပဲ သိချင်တာပါ”

“ဓားစက်လုံးက စက်လုံးဆိုတဲ့အတွက် စက်လုံးပုံသဏ္ဍာန်ရှိရတယ်။ ဓားအလက်ရှစ်‌ထောင်ကို စက်လုံးပုံသွင်းဖို့ဆိုရင် အတွက်အချက်စွမ်းရည် မြင့်မားဖို့ လိုတယ်။ လက်ကိုင်ရိုးရဲ့ အောက်အခုံးက အပိုင်းရှစ်‌ထောင် ခွဲထွက်နိုင်တဲ့ စက်လုံးတစ်လုံးဖြစ်နေရမယ်။ အပိုင်းတစ်ပိုင်းစီက မိုဟူဒသမကိန်းအထိ တသမတ်တည်း တိကျရလိမ့်မယ်” ချင်မူ ကြွားလိုက်သည်။ “ငါ့အတွက်အချက်စွမ်းရည်နဲ့ဆို အသာ‌လေးပါ”

လင်ယွိရှို့နှင့် စစ်ယွင်ရှန်း နှုတ်ခမ်းဆူသွားသည်။

ချင်မူက ရယ်မောကာဖြင့် ရွှင်ပျော်ပျော်ဓားထဲ ချီစွမ်းအင်များ ပို့လွှတ်ရင်း ဓားရိုးကို ဆုပ်ကိုင်လိုက်သည်။ မိခင်ဓားနှင့် ကလေးဓားများက တစ်လက်ကိုတစ်လက် ခံစားသိရှိသွားပြီး ဆက်သွယ်လိုက်ကြ၏။ ဓားပျံက တဝှီးဝှီး ပျံသန်းနေ၍ ကုန်ထုတ်စက်ရုံထဲ၌ ဓားရောင်များ လင်းထိန်နေတော့သည်။

ချင်မူ ဓားကို လှုပ်ခါလိုက်သည့်အခါ ဓားရောင်များက သူ့ဆီ ပြေးဝင်လာသည်။ ထို့နောက် ဓားရောင်များသည် မိခင်ဓားကို ဝင်တိုက်ကာ ဓားတစ်လက်ပြီးတစ်လက် ပျောက်ကွယ်သွားကြ၏။

ဓားရောင်များ ပျောက်ကွယ်နေသည်နှင့်အမျှ ချင်မူ မျက်နှာရဲသထက် ရဲလာပြီး ညည်းတွားလိုက်မိသည်။ သူ၏ပေါင်နှင့်လက်များ တဆတ်ဆတ် တုန်နေ၏။

ဝုန်းခနဲ သူ့ခြေဖဝါးအောက်ရှိ ကျောက်ပြားကြီး ကွဲထွက်သွားသည်။ သူ့ဖိနပ်များလည်း အလေးချိန်ကြောင့် အစိတ်စိတ်အမြွှာမြွှာ ဖြစ်သွားသည်။

ဓားရောင်များ မိခင်ဓားထဲ ဝင်ရောက်နေဆဲမှာပင် ဝုန်းခနဲအသံကြီးဖြင့် ချင်မူ ပျောက်သွားသည်။ အလေးချိန်များလွန်းခြင်းကြောင့် သူ မြေကြီးထဲ ကျွံကျသွားခြင်းဖြစ်သည်။

လင်ယွိရှို့နှင့် စစ်ယွင်ရှန်း ထိတ်လန့်သွားသည်။ နှစ်ယောက်သား အပြေးသွားပြီး အော်လိုက်ကြ၏။ “ဂိုဏ်းသခင်ကို မြန်မြန် လာကယ်ကြပါဦး”

ကုန်ထုတ်စက်ရုံထဲတွင် ရှိသော စက်မှုစံအိမ်မှ ဂိုဏ်းသားများလည်း ကရောသောပါး ပြေးလာကြကာ မြေကြီးအောက်ထဲမှ တဝုန်းဝုန်းမြည်သံများကို ကြားလိုက်ရသည်။ ဓားစက်လုံးက အလွန်လေးလှ၍ ချင်မူ့ကို မြေကြီးထဲ အဆက်မပြတ် ဖိချနေသည်။ အောက်မှအသံများအရ ချင်မူ ဆယ့်ငါးကိုက်နီးပါး နစ်ဝင်သွားလောက်ချေပြီ။

အကုန်လုံး ချင်မူ့ကို ကယ်ဖို့ တွင်းတူးရန် ပြင်နေကြစဉ် ချင်မူ၏ ယိုင်နွဲ့နွဲ့အသံက မြေကြီးအောက်မှ ထွက်လာသည်။ “ငါ ဘာမှမဖြစ်ဘူး။ ဒီဓားက လေးလွန်းတယ် အကုန်လမ်းဖယ်ထားကြ”

လမ်းဖယ်လိုက်ကြသောအခါ တွင်းပေါက်ကြီးထဲမှ ဓားပျံများက ရေပန်းသဖွယ် တဝှီးဝှီး ထွက်လာသည်ကို မြင်လိုက်ကြရ၏။ ဓားပျံရှစ်ထောင်က ကောင်းကင်ထက်တွင် ပျံသန်းပြီးနောက် မြေကြီးထဲ စိုက်သွားကြသည်။ အသွားများက မြေကို စိုက်နေသော်လည်း ဓားရိုးများက မရပ်မနား တုန်ခါလျက် ရှိနေ‌သေးသည်။

ချင်မူ တွင်းထဲမှ ခုန်ထွက်ကာ ခြေစုံရပ်လိုက်သည်။ သို့သော် သူ့ခြေထောက်များက တဆတ်ဆတ် တုန်နေဆဲဖြစ်ပြီး မျက်နှာလည်း ဖြူဖျော့နေ၏။

သူက ဓားကို နောက်တစ်ကြိမ် လှုပ်ခါလိုက်ရာ ဓားပျံများက တဝှီးဝှီး ပြေးဝင်လာကြသည်။ သို့သော် တစ်ခါသေဖူး၊ ပျဉ်ဖိုးနားလည်သွား၍ ချင်မူ ဓားထိပ်ကို အောက်စိုက်ရင်း စက်ရုံထဲရှိ မဟူရာသံတုံးအပုံတစ်ပုံအပေါ် သွားရပ်လိုက်သည်။ ဓားအလက်ရှစ်ထောင်က မိခင်ဓားထဲ ဝင်ရောက်ကာ ဓားစက်လုံးတစ်လုံးအဖြစ် စုစည်းသွားသည်။

ချင်မူပြောခဲ့သည့်အတိုင်း လက်ကိုင်ရိုး၏ အောက်အခုံးသည် ဓားများစွာ ခွဲထုတ်ပေးနိုင်သော စက်လုံးတစ်လုံးဖြစ်၏။ စက်လုံးက မိုဟူဒသမကိန်းအထိ အမှားအယွင်းမရှိ တိကျသည်။

သို့ရာတွင် ဤဓားစက်လုံးက မထင်ထားလောက်အောင် ကြီးမားနေသည်။ အချင်းဝက်က ခြောက်ကိုက်ရှိ၏။

“ဒီလောက်ကြီးတဲ့ ဓားစက်လုံးကို မမြင်ဖူးဘူး” လင်ယွိရှို့က ဓားစက်လုံးကို လှည့်ပတ်ကြည့်ရှုရင်း တအံတဩ မရေရွတ်မိဘဲမနေပေ။

“ကျုံ့စမ်း”

ချင်မူ မှော်စွမ်းအင်ကို ထုတ်သုံးလိုက်သည့်အခါ ဓားစက်လုံးကြီးက ကျုံ့ဝင်လာသည်။ နောက်ဆုံးအကန့်အသတ်အထိ ကျုံ့သွားသည့်တိုင် အချင်းဝက်က သုံးပေရှိနေသေးသည်။

ချင်မူမှာ ချီစွမ်းအင်အကုန် ထုတ်သုံးပြီး အသက်အောင့်ထားရ၍ မျက်နှာကြီးနီနေသည်။ သို့သော် သည့်ထက်ပို၍ မချုံ့နိုင်တော့ပေ။

ဓားအလက်ရှစ်ထောင်လုံးက တစ်လက်မစီ ကျုံ့နိုင်သော်လည်း ဓားပမာဏက များလွန်းသည့်အတွက် ဓားစက်လုံးသည် လွန်စွာကြီးနေသေး၏။

“ဒီဓားတွေကို ပုံသွင်းခဲ့တဲ့ အချိန်က နည်းလွန်းတော့ ထပ်ပြီး ပုံသွင်းပေးရဦးမယ်။ ပိုးချည်မျှင်လို သေးသွယ်ကျစ်လျစ်တဲ့အထိ ပုံသွင်းနိုင်ရင်တော့ ငုံးဥအရွယ် ဓားစက်လုံးကို သွန်းလုပ်နိုင်လိမ့်မယ်”

ချင်မူ ယိုင်နွဲ့နွဲ့ သက်ပြင်းချ၍ ရွှင်ပျော်ပျော်ဓား၏ လက်ကိုင်ရိုးကို လက်နှစ်ဖက်လုံးဖြင့် ဆုပ်လိုက်သည်။ ဓားကို တစ်ချက်ဝှေ့လိုက်သောအခါ ဓားပေါင်း ၇၉၉၉ လက်က အပြင်ဖြာထွက်သွား၏။ ဓားပျံများသည် ဓားထိပ်များဖြင့် ဓားစက်လုံး၏အလယ်ဗဟို ရွယ်လျက် ပျံဝဲနေကြ၏။

ရွှင်ပျော်ပျော်ဓားကို ထပ်လှုပ်လိုက်လျှင် ဓားပျံများက ပျံဝဲလာပြီး ဓားစက်လုံး၏ အလယ်ဗဟိုကို ဝှမ်ခနဲ ထိတိုက်ကာ အမေဓားအတွင်း ဝင်ရောက်ပျောက်ကွယ်သွား၏။

တဝှမ်ဝှမ်မြည်သံများ ကျယ်လောင်လာသည်နှင့်အမျှ ဓားပျံများ တစတစ ပျောက်ကွယ်သွားသည်။

လူတိုင်း အံ့ဩကြီးစွာ အော်ဟစ်မိကြ၏။ ချင်မူက ဓားစက်လုံးသွန်းလုပ်နည်း နောက်တစ်နည်းကို သုံးနေလေသည်။

ဓားစက်လုံးသွန်းလုပ်ရာတွင် နည်းလမ်းနှစ်သွယ်ရှိ၏။ ပထမနည်းက ဓားထိပ်ဖူးများကို စက်လုံး၏အလယ်ဗဟိုသို့ မျက်နှာမူစေလျက် စက်လုံးအဖြစ် စုစည်းခြင်းဖြစ်သည်။ ဤနည်းက သင်္ချာစွမ်းရည်မြင့်မားဖို့ လိုပြီး တာအိုဂိုဏ်းမှ ခွဲထွက်ထားသော ဓားဂိုဏ်းများက ဓားစက်လုံးများကို ဤနည်းအတိုင်း သွန်းလုပ်တတ်သည်။

ဒုတိယနည်းက မိခင်ဓားကို ကလေးဓားများအား ဝါးမြိုစေခြင်းဖြစ်သည်။ ကလေးဓားများကို အမေဓားထဲ ထည့်ထားသည့်နည်းလမ်းကိုတော့ တောင်ပိုင်းမှ ဓားဂိုဏ်းများ သုံးတတ်၏။

ဒုတိယနည်းအတွက် အမေဓားက လိုသလိုပြောင်းလဲနိုင်အောင် ပျော့ပျောင်းရလိမ့်မည်။ ကလေးဓားအကုန် ဝင်ရောက်လာပြီးနောက် မိခင်ဓားကိုယ်ကို လက်နှစ်ဖက်ဖြင့် ပွတ်လိုက်ပါက ဓားစက်လုံးအသွင် ပြောင်းသွားမည်။ ဤနည်းက သင်္ချာစွမ်းရည်မြင့်မားရန် မလိုပေ။

နည်းနှစ်နည်းလုံးက သူ့ကောင်းကွက်နှင့်သူ ရှိသည်။ ပထမနည်းဖြင့် သွန်းလုပ်သော ဓားစက်လုံးများက ဓားသိုင်းထုတ်သုံးရာတွင် လွယ်ကူစေပြီး ဓားကွက်များကို အချိန်မရွေး သွက်သွက်လက်လက် ပြောင်းလဲပေးနိုင်သည်။

ဒုတိယနည်းကမူ က‌လေးဓားများ၏ စွမ်းအင်ကို မိခင်ဓားထဲ ပို့လွှတ်ပေးနိုင်၍ သာမန်မဟုတ်သော ခွန်အားကို ထုတ်ဖော်ပေးနိုင်သည်။

ဤနည်းနှစ်နည်းအား ယှဉ်တွဲအသုံးပြုမရပေ။ တစ်နည်းသုံးမည်ဆိုလျှင် နောက်တစ်နည်းအား သုံးမရ။

သို့သော် ချင်မူက နည်းနှစ်နည်းလုံးကို ပေါင်းစပ်၍ အောင်မြင်စွာ အသုံးပြုနိုင်ခဲ့သည်။

“ပန်းပဲပညာမှာ တစ်လောကလုံးရဲ့ နံပါတ်နှစ် ဖြစ်ထိုက်ပါတယ်” စစ်ယွင်ရှန်းက သက်ပြင်းချသည်။ “တစ်လောကလုံးရဲ့ နံပါတ်တစ် ပန်းပဲပညာရှင် လက်နက်သွန်းတာကို မြင်ဖူးချင်လိုက်တာ။ သူ့နည်းစနစ်တွေက ဘယ်လောက်ထူးကဲလိုက်မလဲ...”

ချင်မူ ဓားနှစ်ထောင်ကို စုစည်းပြီးသောအခါ အလေးချိန်ကို မနိုင်တော့ကြောင်း ခံစားလာရသည်။ ဓားအစင်းပေါင်းများစွာကို ထပ်တလဲလဲ စေစားပြီးနောက်တွင် သူ၏ချီစွမ်းအင်တစ်စက်မှ မကျန်တော့ပေ။

သူက ဓားပျံများကို မကိုင်ထားတော့ဘဲ ထောင်ကျယ်အိတ်ထဲ ထည့်လိုက်သည်။ ဓားပျံများသည် ထောင်ကျယ်အိတ်ထဲသို့ ငါးပျံများသဖွယ် ပျံဝဲဝင်ရောက်သွား၏။

ဓားစက်လုံးကို သွန်းလုပ်ပြီးစီးသွားသည့်တိုင် ဓားအလေးချိန်က ကြီးမားလွန်း၍ ‌ထောင်ကျယ်အိတ်ကိုသာ ထည့်စရာအဖြစ် သုံးနိုင်လေသည်။ အချင်းဝက်သုံးမီတာ ရှိသော ဓားစက်လုံးဆိုသည်မှာ လန့်စရာကောင်းလွန်းသည်။ သူလည်း မ,နိုင်မည်မဟုတ်။

“စောစောကတော့ နွားကျောင်းသားရဲ့ ဓားစက်လုံးကို မနာလိုနေတာ။ အခုတော့ မနာလိုမဖြစ်တော့ဘူး” လင်ယွင်ရှို့က ရယ်ချင်စိတ်ကို အောင့်ထားရင်း ခပ်တိုးတိုး ပြောသည်။ “သူ့ဝိညာဉ်လက်နက်က ကောင်းပေမယ့် သုံးလို့မရဘူးလေ”

စစ်ယွင်ရှန်းက ခေါင်းညိတ်သည်။ “မ,နိုင်သွားရင်တောင် တစ်ခါနှစ်ခါလေး ဝှေ့လိုက်တာနဲ့ သူ့ချီစွမ်းအင်တွေ ကုန်သွားလိမ့်မယ်”

ချင်မူ ထောင်ကျယ်အိတ်ကို ခါးဝတ်တွင် ချိတ်လိုက်သည်။ ထောင်ကျယ်အိတ်များ မြေဆွဲအားကို လျှော့ချပေးနိုင်သော်လည်း သူ့ထောင်ကျယ်အိတ်က ထောင်ကျယ်အရေပြားအစစ်နှင့် လုပ်ထားခြင်းမဟုတ်ပေ။ ထို့ကြောင့် မြေဆွဲအားတချို့က ဓားပျံများအပေါ် သက်ရောက်မှုရှိသေး၏။ ထောင်ကျယ်အိတ်မှာ ပေါင်တစ်ရာလေးလာ၍ သူ့ခါးဝတ်အား လျှောကျသွားစေသည်။

မဟာဂိုဏ်းသခင်ချင်မှာ မှုန်သိုးသိုးဖြင့် ထောင်ကျယ်အိတ်ကို ဖြေ၍ ‌ရွှေကြိုးမျှင်များဖြင့် ရစ်ပတ်လိုက်ရာ ကျောပိုးအိတ်သဖွယ် လွယ်ရသွားသည်။

“ဖြန်း”

အသံက ရှင်းလင်းစွာ ထွက်လာပြီး စစ်ယွင်ရှန်းမှာ တင်ပါးကို ပွတ်ရင်း မျက်နှာလေးရဲနေသည်။ ချင်မူက မည်သူမှကြည့်မနေသည့်အချိန်တွင် သူမတင်ပါးကို ခပ်ဆတ်ဆတ် ချလိုက်၏။ ဓားပျံများလေးနေအောင် သူမ လူလည်ကျခဲ့သည်ကို မဟာဂိုဏ်းသခင်ကြီး သိသွားချေပြီ။

လင်ယွိရှို့က စိတ်ရှုပ်ထွေးစွာ လှမ်းကြည့်သော်လည်း မည်သည်ကိုမျှ မမေးဘဲ ပြောသည်။ “အစ်ကိုတော် ထွက်သွားတာ လပိုင်းလောက်ရှိပြီဆိုတော့ တောင်ဘက်နယ်စပ်တောင် ရောက်နေမှာစိုးမိတယ်။ ငါတို့ လိုက်သွားဦးမှာလား”

ချင်မူ ခေါင်းယမ်းလိုက်သည်။ “အိမ်ရှေ့မင်းသားနောက် မလိုက်တော့ဘူး။ ချင်းမန်တံခါးက မဟာမိုးခြိမ်းသံကျောင်းတော်ရဲ့ မြောက်ဘက်တန်းတန်းမှာ ရှိတယ်၊ ဒီနေရာနဲ့ သိပ်မဝေးဘူးဆိုတော့ ငါက တစ္ဆေတောင်ကြားကို သွားမှာ”

All Chapters