← Chapters

အမွှေးဖြူလင်းနို့များ

Vol. 22 Ch. 298

အမွှေးဖြူလင်းနို့များ

Vol. 22 Ch. 298

“တစ္ဆေတောင်ကြားကို သွားမယ်” လင်ယွိရှို့က တွန့်ဆုတ်နေဟန်ဖြင့် ပြောသည်။ “တစ္ဆေတောင်ကြားက မာယာများလွန်းလို့ ကောင်းကင်နတ်ဆိုးဂိုဏ်းရဲ့  ကောင်းကင်နတ်သိုင်းပညာရှင်တွေနဲ့ လိုလန်ရွှေနန်းတော်ရဲ့ အဆင့်မြင့်မှော်ဆရာတွေတောင် အဲဲဒီနေရာကို သွားရင်း ကျဆုံးခဲ့ရတယ်လို့ စစ်မိသားစုရဲ့ ဘွားဘွားကြီး ပြောခဲ့တယ်မဟုတ်လား။ ငါတို့က သွားပြီး ဘာလုပ်နိုင်မှာလဲ”

ချင်မူ စိတ်မပြောင်းပေ။ “အဲဒီနေရာက ငါနဲ့နောက်ကြောင်းနဲ့ ပတ်သက်နေလောက်တယ်။ ဒါကြောင့် ဘာတွေဘယ်လိုပဲဖြစ်ဖြစ် ငါ ရအောင် သွားမယ်။ ဒါက ငါ့ကိစ္စမလို့ နတ်ဂိုဏ်းနဲ့ရော၊ နင်တို့နှစ်ယောက်နဲ့ပါ မဆိုင်ဘူး။ ငါတစ်ယောက်တည်း သွားလည်းဖြစ်တယ်”

သူက စက်ရုံအပြင် ထွက်သွားပြီး နဂါးချီလင်ကို လှမ်းခေါ်သည်။ အပြင်၌ အိပ်ချက်သားကောင်းနေသော နဂါးချီလင်က ချင်မူ့ခေါ်သံကို ကြားလျှင် ငေါက်ခနဲ ထလာပြီး မေးသည်။ “နောက်နေ့တောင် ရောက်ပြီပေါ့။ စားရမယ့်အချိန် ရောက်ပြီလား ဂိုဏ်းသခင်”

ချင်မူ နဂါးချီလင်၏ကျောပေါ် ခုန်တက်လိုက်သည်။ “နောက်နေ့ မဟုတ်ဘူးကွ။ အိပ်တာနဲ့ စားတာအပြင် မင်း ဘာလုပ်တတ်သေးလဲ ဟမ်။ ချင်းမန်တံခါးကို သွားစို့”

နဂါးချီလင်က ဝှမ်းခနဲ သမ်းပြီး အားထုတ်ပြေးလိုက်ရာ သူ့ခြေထောက်အောက်မှ မီးတိမ်တိုက်များ ပေါက်ကွဲထွက်လာသည်။ “ဂိုဏ်းသခင်က ဝလာပြန်ပြီ။ အရင်ထက် ပေါင်နှစ်ရာလောက် ပိုလေးသွားသလိုပဲ”

ချင်မူ ဒေါပွသွားပြီး ကြိမ်းမောင်းလိုက်၏။ “မင့်ဘကြီးမို့ ဝလာရမှာလား။ ဓားသွန်းရလွန်းလို့ ပိန်တောင် သွားသေးတယ်။ ငါ့အိတ်ထဲက ဓားတွေကလည်း အလွန်ဆုံးမှ ပေါင်တစ်ရာကျော်ပဲ လေးမှာကွ။ မင်းသာ အဆီတစ်ပြီး ဝလာတာ”

လင်ယွိရှို့နှင့် စစ်ယွင်ရှန်းမှာ အပြေးထွက်လာသော်လည်း ဆယ်မိုင်ကျော် ရောာက်နေပြီဖြစ်သော နဂါးချီလင်ကိုသာ မြင်လိုက်ရသည်။

လင်ယွိရှို့က မျက်မှောင်ကြုတ်လိုက်သည်။ “သွားချင်ရင်လည်း နည်းနည်းပါးပါး ပြင်ဆင်ဦးမှာပေါ့။ နွားကျောင်းသားက အဆင်အခြင်မဲ့လွန်းတယ်။ တစ္ဆေတောင်ကြားရဲ့ အန္တရာယ်တွေကိုလည်း သတိထားမယ်မရှိဘူး”

စစ်ယွင်ရှန်းမှာ တင်ပါးကို ပွတ်နေ၏။ ချင်မူ့လက်သံက ပြောင်လွန်း၍ သူမတင်ပါးမှာ စပ်ဖျဉ်းနေသေးချေသည်။ “အဲဒီမှာ ကောင်းကင်တန်ခိုးရှင်ဂိုဏ်းရဲ့ သိုင်းပညာရှင်တွေ မရှိဘဲနေမယ် ထင်လား။ လုံကျောင်းနန် ငါတို့ကို ပြန်ပေးဆွဲပြီးကတည်းက ကောင်းကင်နတ်မင်းယွီနဲ့ ကောင်းကင်နတ်မင်းရှီက စိတ်မချဘဲဖြစ်နေတာ။ သေချာပေါက် အနီးနားမှာ ရှိနေလိမ့်မယ်။ မပူပါနဲ့ သူ အန္တရာယ်ဖြစ်ရင် သူတို့ လက်ပိုက်ကြည့်နေမှာမဟုတ်ဘူး။ နှမြောစရာပဲ...”

သူမက ငေးငေးငိုင်ငိုင်ဖြင့် ရုတ်တရက် ပြောသည်။ “နတ်ဂိုဏ်းသခင် တစ္ဆေတောင်ကြားမှာ သေသွားရင် ကောင်းကင်နတ်မယ်က သူ့နေရာကို ဆက်ခံရမှာ။ သူနဲ့ လိုက်မသွားမိတာ နှမြောစရာပဲ။ မဟုတ်ရင် နတ်ဂိုဏ်းသခင် တစ္ဆေတောင်ကြားမှာ သေကိုသေရလိမ့်မယ်...”

လင်ယွိရှို့က ရုတ်ခြည်း သတိအနေအထားဖြစ်သွားပြီး သရော်တော်တော် ပြုံးလိုက်သည်။ “ကဝေမလေး၊ နွားကျောင်းသားကို နင် ထိရဲရင် နင့်ခြေထောက်တွေကို ငါ ရိုက်ချိုးပစ်မယ်”

စစ်ယွင်ရှန်းက ခပ်တိုးတိုး ရယ်မောလိုက်၏။ “မိန်းမပျက်လေး၊ ငါ နင့်ကို ငါ့‌ဘေးက ဆူးညှောင့်အဖြစ် မြင်ထားခဲ့တာ ကြာပြီ။  နင်က နင့်ရဲ့ အဲ့ဒီရင်ဘတ်အကြီးကြီးတွေနဲ့ ဂိုဏ်းသခင်အနား တောက်တဲ့လို ကပ်နေပြီး ငါ လှုပ်ရှားဖို့ အခွင့်မသာအောင် ဟန့်တားနေခဲ့တာလေ”

မိန်းမပျိုလေးနှစ်ယောက်က တစ်ယောက်ကိုတစ်ယောက် စူးစိုက်ကြည့်ပြီး အမြင်ကပ်နေကြသည်။ ထို့နောက် နှစ်‌ယောက်သား တစ်ဖက်လှည့်သွားပြီး ကျောခိုင်းနေကြ၏။

ဤအခိုက်အတန့်တွင် လင်ယွိရှို့၏ကျောနောက်ရှိ နဂါးကိုးကောင်လက်နက်မှ နဂါးကိုးကောင်က ခန္ဓာကိုယ်များကို တိတ်တဆိတ် ဆန့်ထုတ်လိုက်ပြီး နဂါးကြေးခွံများ နေရာပြောင်းသွားကြသည်။ နဂါးလက်သည်းများမှ ဓားသွားများ ထွက်လာပြီး နဂါးကိုးကောင်လက်နက်က စစ်ယွင်ရှန်းဆီ တိတ်ဆိတ်စွာ ပြေးဝင်သွား၏။

“နင်က သိပ်အမြင်ကပ်စရာကောင်းတာပဲ”

မိန်းကလေးနှစ်ယောက်သား အားကုန်ထုတ်ပြေးသွားကြပြီး သိုင်းကွက်များအား အညှာတာကင်းမဲ့စွာ ထုတ်ဖော်လိုက်ကြသည်။ ပိုးချည်မျှင်တစ်ထောင်ကြောင့် လင်ယွိရှို့၏ အဝတ်စမှာ ကွဲထွက်သွား၏။ စစ်ယွင်ရှန်းက နဂါးကိုးကောင်၏ သိုင်းကွက်များကို လိပ်ပြာမလေးသဖွယ် ကွေ့ဝိုက်တိမ်းရှောင်နေသည်။

လင်ယွိရှို့က ခန္ဓာကိုယ်ကို သွက်လက်စွာ လှည့်ကာ မြေကြီးအား လက်ဝါးဖြင့် ရိုက်ချလိုက်သည်။ ကြောက်မက်ဖွယ် ကျင့်စဉ်စွမ်းအင်က အရှိန်ပြင်းပြင်း ပေါက်ကွဲလာ၍ မြေပြင်မှာ သိမ့်သိမ့်ခါ လှုပ်ရမ်းသွား၏။ ကျောက်တိုင်များက မြေကြီးကို ထိုးခွဲ၍ ထွက်လာရာ စစ်ယွင်ရှန်းအား လေပေါ်ပျံတက်လိုက်ရစေသည်။

လင်ယွိရှို့က လေပေါ်ပြေးတက်ပြီး နဂါးကိုးကောင်လက်နက်ကို ဆုပ်ကိုင်လိုက်သည်။ နဂါးကိုးကောင်တူပေါ်တွင် လျှပ်စီးမီးလျှံများ တမုဟုတ်ချင်း စုဝေးလာပြီး သူမက  စစ်ယွင်ရှန်းအား တူဖြင့် ထုချလိုက်၏။

“ငါ နင့်ခြေထောက်ကို ရအောင် ချိုးမှာ”

စစ်ယွင်ရှန်းက တခစ်ခစ် ရယ်လိုက်ပြီး ပိုးချည်မျှင်တစ်ထောင်က လင်ယွိရှို့၏ နောက်ကျောကို စိုက်ဝင်လာသည်။ ပိုးချည်မျှင်များသည် ငွေရောင်ဓားများသဖွယ် ရုတ်ခြည်း ပြန့်ကားလာကာ လင်ယွိရှို့၏ခေါင်းကို ခုတ်ပိုင်းလိုက်၏။ “နင့်အစွမ်းအစက ဖိုကျစ်နဲ့ ဘယ်လိုလုပ်ယှဉ်နိုင်မှာလဲ။ ငါ့ခြေထောက်ကို ချိုးမယ်ဟုတ်လား။ နင့်ခေါင်းကို ငါ အရင်ဖြတ်ပြမယ်”

စက်မှုစံအိမ်၏ ဂိုဏ်းသားများမှာ စက်ရုံအပြင် ထွက်လာကြပြီး အပေါ်မော့ကြည့်လိုက်ကြည့်သည့်အခါ ကောင်းကင်ထက်တွင် သူသေကိုယ်သေ တိုက်ခိုက်နေသော မိန်းကလေးနှစ်ယောက်ကို မြင်လိုက်ရ၏။ ထို့နောက် စစ်ယွင်ရှန်း တူဖြင့် ထုခံလိုက်ရသည်ကို မြင်လိုက်ရရာ စက်မှုစံအိမ်၏ ဂိုဏ်းသားများမှာ အထိတ်တလန့် ဖြစ်သွားကြသည်။ သွားကူညီပေးသင့်လား သူတို့ မသိတော့ပေ။

ထိုအချိန်မှာပဲ စစ်ယွင်ရှန်းက ဖျတ်ခနဲ ပျောက်ကွယ်ကာ မင်းသမီးယွိရှို့အနောက်၌ ပေါ်လာပြီး မင်းသမီးအား သွေးအန်လိုက်ရစေသည်ကို မြင်လိုက်ကြရသည်။

“ဒီကိစ္စက ငါတို့ ဝင်ပါလို့မရတဲ့ ကိစ္စပဲ” လက်ထောက်စံအိမ်သခင်တစ်ဦးက ပြောသည်။ “ဒီလောက် သဝန်တိုနေကြမှတော့ ငါတို့ ဘယ်ဘက်ကပဲ ရပ်တည်ရပ်တည်၊ ဂိုဏ်းသခင်ကို ရှင်းပြနိုင်မှာမဟုတ်ဘူး။ ဒီတော့ မမြင်ခဲ့ဘူးလို့ပဲ သဘောထားကြစို့”

အကုန်လုံး ခေါင်းညိတ်၍ ထွက်သွားကြသည်။

နဂါးချီလင်၏ပြေးနှုန်းက မနှေး၍ ညနေတွင် ချင်းမန်တံခါးသို့ ရောက်လာ၏။ ချင်းမန်တံခါး၏ အခြေအနေက သာသာယာယာ မရှိပေ။ ချင်းမန်တံခါး၏ တပ်မှူးပြန့်ကျန်းယွင်က ချင်မူ့မိတ်ဆွေဖြစ်၍ ကမန်းကတန်း လာကြိုသည်။ “နတ်ဆေးသမားတော်လေး ဘယ်ကနေဘယ်လို ဒီရောက်လာတာလဲ”

“ကျွန်တော် တစ္ဆတောင်ကြားဆီ သွားမလို့ပဲ” ချင်မူက ရှင်းပြသည်။ “မကြာခင် မှောင်တော့မှာဆိုတော့ မဟာမြို့ပျက်ထဲ ဝင်မရတာနဲ့ ချင်းမန်တံခါးမှာ တစ်ညလောက် နားချင်လို့ပါ။ ဒီက အခြေအနေ ဘယ်လိုရှိလဲ တပ်မှူး”

ပြန့်ကျန်းယွင်က မျက်နှာမသာမယာဖြင့် ခေါင်းယမ်းသည်။ “အခြေအနေက တင်းမာနေတယ် နတ်ဆေးသမားတော်လေးရေ။ မန်သီလူရိုင်းနယ်မြေက ဒီလပိုင်းတွေထဲ စစ်သည်အင်အားတိုးချဲ့နေတယ်။ လိုလန်ရွှေနန်းတော်က အဆင့်မြင့်သိုင်းသမားတွေလည်း ရောက်နေကြပြီ။ ကျွန်တော်ကြားတာတော့ မန်သီလူရိုင်းနယ်မြေရဲ့ သံတမန်တွေ မြက်ခင်းလွင်ပြင်ကို တိတ်တိတ်လေး ပြန်သွားကြပြီတဲ့၊ ကြည့်ရတာ မန်သီလူရိုင်းနယ်မြေက ကျွန်တော်တို့ ထာဝရငြိမ်းချမ်းရေးအင်ပါယာ အားနည်းနေတဲ့အချိန်ကို အချိန်ကောင်းယူပြီး စစ်ဝင်တိုက်ဖို့ ကြံစည်ထားပုံပဲ

“ပြီးခဲ့တဲ့ရက်ပိုင်းလောက်က နယ်စပ်ရဲ့ ဟိုဘက်ခြမ်းမှာ ဝံပုလွေအသိုက်နယ်မြေက လူတွေကို မြင်ခဲ့ရသေးတယ်။ လူရိုင်းမျိုးနွယ် သားရဲစီးကင်းထောက်တွေလည်း ကျွန်တော်နယ်စပ်နှစ်ခုကြားမှာ ရဲရဲတင်းတင်း သွားလာနေကြတယ်။ စစ်ကြီး တကယ်ဖြစ်လာမှာ စိုးရိမ်မိပါတယ်...”

ပြန့်ကျင်းယွင်မှာ ပူပန်နေ၏။ “ဧကရာဇ်ကို အချိန်မှီတင်ပြဖို့တော့ လူလွှတ်ထားပြီးပြီ။ လူရိုင်းမျိုးနွယ်သာ တိုက်ခိုက်လာရင် ချင်းမန်တံခါးရဲ့ အင်အားသက်သက်နဲ့ ခုခံနိုင်မှာမဟုတ်ဘူး။ နတ်ဆေးသမားတော်လေး၊ ကျွန်တော်အနေနဲ့ သိုင်းပညာရှင်တွေကို ထည့်ပေးလိုက်သင့်ပေမယ့် အခုအခြေအနေကြောင့် တစ်‌ယောက်မှ ထည့်မပေးနိုင်ဘူးဖြစ်နေတယ်”

ချင်မူက ပြုံးလိုက်သည်။ “တပ်မှူး အရေးကြီးဆုံးအခြေအနေကိုသာ ဂရုစိုက်ပါ။ ကျွန်တော့်ကို စိတ်ပူစရာမလိုပါဘူး။ ကျွန်တော် သွားမှာက မြက်ခင်းလွင်ပြင်မဟုတ်ဘူး၊ တစ္ဆေတောင်ကြားဆိုတော့ လူရိုင်းမျိုးနွယ်နဲ့ ဘာပြဿနာမှမဖြစ်ပါဘူး စိတ်ချပါ”

ညသို့ ရောက်လာခဲ့ပြီဖြစ်၍ အမှောင်ထုက မြေပြင်တစ်လျှောက် ဝါးမြိုအုပ်စိုးသွားသည်။ ချင်မူ အဝေးလှမ်းကြည့်လိုက်သည့်အခါ မိုင်တစ်ရာမျှ ကွာဝေးသော ရန်သူစခန်းမှ ဖြာထွက်လာသော အလင်းတန်းများကို မြင်လိုက်ရသည်။

မနက်ရောက်သော် ချင်မူ ထ၍ ဆေးကြောသန့်စင်ပြီးနောက် မနက်စာစားကာ နဂါးချီလင်ကို အစာကျွေးသည်။ ပြန့်ကျန်းယွင်က သူ့ကို တံခါးအပြင် လိုက်ပို့ရင်း ပြောသည်။ “နတ်ဆေးသမားတော်လေး ၊ ကျွန်တော် ဒီနေရာအထိပဲ လိုက်ပို့ပေးနိုင်ပါတယ်။ မဟုတ်ရင် ရန်သူက ဒီအခွင့်အရေးကို အသုံးချပြီး ဝင်စီးလိမ့်မယ်။ ကျွန်တော့်ရဲ့ သားရဲစီးကင်းထောက်တွေကိုပဲ တတ်နိုင်သမျှ ဝေးဝေးရောက်အောင် လိုက်ပို့ပေးခိုင်းထားပါတယ်။ လမ်းခရီးမှာ ဂရုစိုက်ပါ”

ချင်မူလည်း ကျေးဇူးတင်ကြောင်း ပြောပြီး နဂါးချီလင်၏ကျောပေါ် ထိုင်လိုက်သည်။ နဂါးချီလင်က မန်သီလူရိုင်းနယ်မြေနှင့် ထာဝရငြိမ်းချမ်းရေးအင်ပါယာအကြားရှိ ဘဲလျှာရပ်ဝန်းသို့ ပြေးသွားသည်။

သူ့အနောက်တွင် ချင်းမန်တံခါးမှ သားရဲစီးကင်းထောက်များက ဆန်းကြယ်သားရဲမျိုးစုံကို စီးနင်း၍ နယ်မြေနှစ်မြေ၏ အလယ်တည့်တည့်ရှိ ဘဲလျှာရပ်ဝန်းသို့ လိုက်ပို့ကြသည်။ ဘဲလျှာရပ်ဝန်း၏ အခြားတစ်ဖက်တွင်လည်း  ထူးဆန်းသောအဝတ်အစားများကို ဝတ်ထားသည့် လူများ၊ မြင်းများ ထွက်လာကြ၏။ သူတို့က တောင်ပံပါ ကုလားအုတ်ကြီးများနှင့် တူသော ဆန်းကြယ်သားရဲများကို စီးနင်းနေကြသည်။ မန်သီလူရိုင်းနယ်မြေ၏ သားရဲစီးစစ်သည်တို့ ဖြစ်ဖို့များသည်။

နှစ်ဖက်တွေ့သည်နှင့် တစ်ပြိုင်တည်းလိုလို တိုက်ခိုက်ကြသည်။ ဓားစက်လုံးများ၊ ဓားမစက်လုံးများ ကောင်းကင်တွင် ပြည့်သွားပြီး တချွမ်ချွမ် ဝင်တိုက်သွားကြ၏။

ချင်းမန်တံခါး၏ ကင်းထောက်များက ဘူးသီးခြောက်များ ဖွင့်လိုက်ကြရာ တိမ်များ ဝေါခနဲ ထွက်လာပြီး ဆယ်မိုင်ပတ်ဝန်းကျင်ကို ဖုံးသွားသည်။ သာမန်လူတစ်ယောက်၏ မျက်လုံးက သုံးကိုက်ကျော်ကိုသာ မြင်ရလေသည်။

နှစ်ဖက်လုံး တစ်ဖက်ကို တစ်ဖက် မမြင်ရတော့၍ တိတ်ဆိတ်သွားသည်။

ချင်မူ အစိမ်းရောင် ကောင်းကင်မျက်လုံးကို ဖွင့်လိုက်သည့်အခါ သူ့မျက်လုံးက တိမ်များကို ထိုးဖောက်၍ လမ်းကြောင်းရှာပေးလိုက်သည်။ နဂါးချီလင်က တိမ်များကြားမှ ဘဲလျှာရပ်ဝန်း၏ နောက်ကြောသို့ ဦးတည်သွား၏။

“ဧကရာဇ်က ငါ အကြံပြုတာကို သေချာနားထောင်တာပဲ။ တိမ်တွေ၊ မိုးကြိုးတွေကို လက်နက်အဖြစ် သုံးနိုင်အောင် သိမ်းထားခိုင်းတယ်။ မန်သီလူရိုင်းနယ်မြေရဲ့ စစ်သည်အင်အားက များရင်တောင် ချင်းမန်တံခါးကို ထိုးဖောက်နိုင်ဖို့ အတော်လေး ခက်လိမ့်မယ်”

ဘဲလျှာရပ်ဝန်းသည် အလွန်ရှည်လျား၏။ မဟာမြို့ပျက်အထိ မိုင်တစ်‌ထောင် ရှိပြီး ညရောက်လျှင် နယ်မြေနှစ်ခုအား တံတိုင်းပမာ ခြားပေးထားသည်။

မဟာမြို့ပျက်ထဲတွင် အမှောင်ထုက အကြီးမားဆုံးအန္တရာယ်ဖြစ်သည်။ ချင်မူက မဟာမြို့ပျက်၌ ကြီးပြင်းလာသော အစွန့်ပစ်ခံလူသားတစ်ယောက် ဖြစ်၍ မည်သည့်အရာများကို ရှာရမည်လဲ နားလည်သည်။ သူက ဖြတ်သွားနေရင်း မြို့ပျက်များ၊ ကျောက်ရုပ်တုများကို ရှာဖွေနေ၏။

မမှောင်ခင် ချင်းမန်တံခါးသို့ မပြန်နိုင်လျှင် မဟာမြို့ပျက်တွင် ညအိပ်ရမည်ဖြစ်ရာ ခိုလှုံရန် နေရာတစ်နေရာ ရှာရလိမ့်မည်။

ဘဲလျှာရပ်ဝန်းသည် အတော်လေး တိတ်ဆိတ်၏။ လမ်းတစ်လျှောက် ငှက်တစ်ကောင်ပင် မမြင်ရပေ။

ချင်မူ၏ အမူအရာ လေးနက်နေသည်။ ငှက်တစ်ကောင်ကိုပင် မမြင်ရလျှင် ဤနေရာတွင် လုံခြုံစိတ်ချရသည့်နေရာ မရှိဟု ဆိုလိုသည်။ မဟာမြို့ပျက်၏ ဆန်းကြယ်သားရဲများပင် ညရောက်ပါက ဤနေရာ၌ မနေကြပေ။

သူနှင့် နဂါးချီလင်က ပြာလဲ့နေသော ရေကန်တစ်ကန်ဘေးမှ ဖြတ်သွားကြသည်။ ကန်ရေပြင်က ထူးဆန်းစွာ ငြိမ်သက်နေပြီး လှိုင်းကြက်ခွပ်လည်း မရှိပေ။

ဤကန်ကား ရေသေကန်ဖြစ်၍ ငါးပုစွန်များ မနေကြပေ။

‘ကန်ထဲမှာလည်း အမှောင်ထုကို တိမ်းရှောင်စရာနေရာ မရှိဘူး’

ချင်မူ စိတ်တင်း၍ ရှေ့ဆက်သွားလိုက်သည်။ သူမသိလိုက်သည့်အချိန်တွင် နဂါးချီလင်က ဘဲလျှာရပ်ဝန်း၏ အပြင်ရောက်သွား၍ ပတ်ဝန်းကျင်ရှိ တောင်တန်းများက တစတစ မြင့်မားမတ်စောက်လာသည်။ သူတို့အရှေ့တွင် တောင်ကြားချိုင့်ဝှမ်းတစ်ခု ပေါ်လာ၏။

နဂါးချီလင်၏ကျောပေါ်မှ နေ၍ ချိုင့်ဝှမ်းထဲတွင် အလျားလိုက်သော်လည်းကောင်း၊ ဒေါင်လိုက်သော်လည်းကောင်း ပေါက်ရောက်နေသော သစ်ပင်များကို ချင်မူ မြင်လိုက်ရသည်။ တချို့က တောင်စောင်းနံရံများပေါ်တွင် အလျားလိုက်ပေါက်နေကြရာ ကမ္ဘာမြေဆွဲအားမရှိသ‌ယောင် ထင်ရ၏။ အလျားလိုက်သစ်ပင်များက ချိုင့်ဝှမ်းအပေါ်က ကောင်းကင်ကို အပြည့်အုပ်မိုးထားသည်။

တောင်စောင်းနံရံက မြေပြင်ဖြစ်နေသည့် ဇောက်ထိုးကမ္ဘာထဲသို့ ဝင်သွားမိသည့်အလား ထင်ရသည်။

ပင်စည်တုတ်တုတ် သစ်ပင်ကြီးများက အလွန်ရှေးကျအိုမင်းနေပြီး တချို့သစ်ပင်များကို လူဆယ်ယောက်ကျော် ဝိုင်းဖက်လျှင်ပင် မကာမိပေ။ သစ်မြစ်များက မြွေနဂါးများသဖွယ် ရစ်ပတ်လိမ်ယှက်နေပြီး သစ်မြစ်များအောက်၌ တစ္ဆေမီးရောင်များကို မြင်ရနိုင်သည်။ အကောင်ကြီးကြီးသားရဲအရိုးများ ပြန့်ကြဲနေသော်လည်း မည်သည့်သားရဲအရိုးများမှန်း ချင်မူ မသိပေ။

ထူးဆန်းသည်က ရုပ်ကြွင်းများနှင့် အရိုးများက ချိုင့်ဝှမ်းထဲတွင် ရှိခြင်းမဟုတ်၊ တောင်စောင်းနံရံပေါ်တွင် ရှိနေသည်။

သစ်ရွက်ကြွေများကလည်း ချိုင့်ဝှမ်းထဲ မကျသွား၊ တောင်စောင်းအပေါ်သာ ကျသည်။ ချိုင့်ဝှမ်းက သစ်ရွက်ကြွေများ၊ သစ်ကိုင်းခြောက်များ ရှင်းလင်းနေ၏။

ဒုန်း

နဂါးချီလင်က လေတွင် ပျံဝဲနေသော ကျောက်တုံးကြီးတစ်တုံးကို ကရော်ကမယ် ဝင်တိုက်လိုက်၍ ကျောက်တုံးက တစ်ဖက်လည်သွားသော်လည်း ပျံဝဲလျက်သာ ရှိသည်။

အရှေ့ချိုင့်ဝှမ်းထဲတွင် ကျောက်တုံးအရွယ်အစားမျိုးစုံ ပျံဝဲနေကြသည်။

“ဂိုဏ်းသခင်၊ ကျွန်တော်တို့ တစ္ဆေတောင်ကြားကို ဝင်သွားရမှာမဟုတ်လား” နဂါးချီလင်က တိုးတိုးမေးသည်။

ချင်မူ ခေါင်းညိတ်လိုက်တယ်။ “ဟုတ်တယ်။ ဒီနေရာမှာ သက်ရှိတွေ မမြင်ရတော့ စိတ်မသက်မသာဖြစ်မိတယ်....”

သူစကားပြောနေသည့်အချိန်မှာပင် အရှေ့မှ အသံတစ်သံ ကြားလိုက်ရသည်။ “... မင်းက အစိမ်းစားရတာ ကြိုက်ပေမယ့် ငါက မီးနဲ့ကင်ပြီး အတွင်းသားလေးတွေ နူးညံ့သွားမှ စားချင်တာ။ ဒီရက်ပိုင်း ရောက်လာတဲ့ လူတွေအကုန်လုံး စားကောင်းပေမယ့် မင်းက အစိမ်းလိုက်စားချင်နေတယ်။ မညစ်ပတ်ဘူးလားကွာ”

“မီးကင်စားတာ ကောင်းပေမယ့် လတ်ဆတ်တဲ့အရသာကို မခံစားရဘူးလေ။ အကောင်းဆုံးကတော့ ဆံပင်မီးကျွမ်းရုံလောက် မီးမြိုက်တာပဲ။ အဲဒီအချိန်စားရင် သိပ်အရသာရှိတာ...”

“မင့်ဘကြီး အတွင်းသားလေးတွေ နူးညံ့နေမှ စားကောင်းတာ.... ရှူး တိုးတိုး တစ်ယောက်ယောက် လာနေတယ်”

***

ချင်မူက အင်္ဂါဂြိုဟ်မီးလျှံအပိုင်စား အစစ်အမှန်ကျင့်စဉ်ကို လှည့်ပတ်၍ နွားခေါင်းနှင့် အင်္ဂါဂြိုဟ်အရှင်သခင်အသွင်သို့ ပြောင်းလဲသွား၏။ နဂါးချီလင်က အသံလာရာအရပ်သို့ သူ့ကို သယ်ဆောင်သွားသည်။ ချင်မူမှာ ပတ်ဝန်းကျင်ကို လှည့်ပတ်ကြည့်ပြီး မှင်သက်မိသွားသည်။

အသံများက ဤနေရာမှ လာခဲ့သော်လည်း မည်သူတစ်ဦးတစ်ယောက်ကိုမှ မတွေ့ရပေ။ တောင်စောင်းနံရံပေါ်တွင် လိုလန်ရွှေနန်းတော်မှ အဆင့်မြင့်မှော်ဆရာတစ်ဦး အကင်ခံနေရသော မီးဖိုကြီးသာ ရှိသည်။ အဆင့်မြင့်မှော်ဆရာက ကျင့်စဉ်စွမ်းအင် မြင့်မား၍ မသေသေးသော်လည်း မီးကင်ခံနေရသည့်အတွက် အားမရှိတော့ပေ။ သူက မျက်လုံးများကို ကြိုးစားပမ်းစား ဖွင့်၍ ချင်မူနှင့် နဂါးချီလင်ကို ကြည့်သည်။

ဝှစ်

သစ်ပင်များ လှုပ်သွားပြီး အဖြူရောင်အမွှေးဖားဖား လင်းနို့ကြီးနှစ်ကောင်က သစ်ပင်တစ်ပင်မှ ဇောက်ထိုးအနေအထားဖြင့် တွဲလွဲခိုကာ ချင်မူ့ကို ကြည့်ကြသည်။ အမွှေးဖြူလင်းနို့ကြီးနှစ်ကောင်သည် ကြွက်သားအပြိုင်းပြိုင်းဖြင့် အလွန်သန်မာ၏။ သူတို့က လက်ပိုက်ထားပြီး သူတို့၏မျက်လုံးများက အဖြူရောင်မီးတောက်များ ယိမ်းနွဲ့ကခုန်နေသကဲ့သို့ အဖြူရောင်တောက်လာသည်။

ချင်မူ ရင်ထဲ ထိတ်သွားသည်။ ဤလင်းနို့ကြီးနှစ်ကောင်က ကာလဗလအပြည့်ဖြင့် ကြောက်စရာကောင်းလေသည်။ သူတို့တွင် မကောင်းဆိုးဝါးအငွေ့အသက်မရှိ။ နတ်ဘုရားလိုလို၊ မိစ္ဆာလိုလို အငွေ့အသက်များသာ ရှိရာ နတ်ဘုရား မဟုတ်လျှင် မိစ္ဆာမျိုးဆက်များ ဖြစ်လိမ့်မည်။

“လူသားမဟုတ်ဘူးပဲ” လင်းနို့ကြီးတစ်ကောင်က သစ်ပင်ထဲ ပြန်ဝင်သွားသည်။ “လူသားတွေ ရောက်လာပြီမှတ်လို့ ဝမ်းသာနေတာ”

နောက်တစ်ကောင်လည်း ပြန်ဝင်သွားရာ ချင်မူက ကမန်းကတန်း မေးလိုက်သည်။ “နောင်တော်တို့၊ တွေ့ရတာ ဝမ်းသာပါတယ်”

သစ်ရွက်များ လှုပ်ခတ်သွားပြီး လင်းနို့ကြီးနှစ်ကောင် တွဲလျားကျလာပြန်သည်။ သူတို့က လက်ပိုက်ထားဆဲဖြစ်ပြီး တစ်ပြိုင်တည်း ပြော၏။ “တွေ့ရတာ ဝမ်းသာပါတယ်။ ဒါပေမဲ့ ဒီလူက မင်းအတွက် မဟုတ်ဘူးနော်။ ငါတို့ဘာသာ ဖမ်းထားတာ။ မင်းလည်း အစွမ်းအစရှိရင် ကိုယ့်ဘာသာကိုယ် သွားဖမ်း။ ချိုင့်ဝှမ်းထဲမှာ လူသားတွေ ရှိသေးတယ်”

ချင်မူက ကမန်းကတန်း ပြုံးပြလိုက်သည်။ “ဒီညီလေးက မွေးကတည်းက အရွက်ပဲ စားလာတာပါ”

လင်းနို့ကြီးနှစ်ကောင်မှာ စိတ်‌အေးသွား၏။ ချင်မူက ပြောလိုက်သည်။ “ညီလေးက အပြင်ကလာတာပါ။ နောင်တော်တို့၊ ဒီတောင်ကြားက ညပိုင်း အန္တရာယ်ကင်းပါရဲ့လား”

လင်းနို့ကြီးတစ်ကောင်က ပြုံးကာ ပြောသည်။ “ဒါကြောင့် မင်းကို မမြင်ဖူးတာကိုး။ ဒီတောင်ကြားက ဘာအန္တရာယ်မှ မရှိဘူး”

ချင်မူ သက်ပြင်းချပြီး လင်းနို့နှစ်‌ကောင်ကို ကျေးဇူးတင်လိုက်သည်။ သူတို့က ခန္ဓာကိုယ်အရွယ်အစားကို ပြန်ကျုံ့ပြီး မီးဖိုဘေးတွင် ပြန်ပေါ်လာကာ မှော်ဆရာကို ဆက်ကင်နေကြသည်။

“စော‌စောက နွားက အင်္ဂါဂြိုဟ်အရှင်သခင်ရဲ့ သွေးဆက်ဖြစ်လောက်တယ်။ နွားသားက လူသားလောက် စားမကောင်းတာ နှမြောစရာပဲ။ လူသားက အကောင်းဆုံး၊ အရည်ရွှမ်းရွှမ်းလေးနဲ့ အရသာရှိတယ်” လင်းနို့တစ်ကောင်က မီးဖို့ကို ကြည့်ရင်း ပြောသည်။

ကျန်တစ်ကောင်က သရော်တော်တော် ပြောလိုက်သည်။ “အဲ့ဒါဆိုလည်း ဘာလို့ဒုက္ခသွားပေးသေးလဲ။ တောင်ကြားက ဘယ်လောက်အန္တရာယ်များလဲ မင်း သိရက်သားနဲ့...”

All Chapters